မတ်လ ၂၃ ရက်တွင် န်ိုင်ငံတော်သမ္မတနှင့် အကြမ်းဖက်မှု တ်ိုက်ဖျက်ရေး ဗဟိုအဖွဲ့က ရက္ခိုင်စစ်တပ် (AA) ကို မတရား အသင်းနှင့် အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာလိုက်သည်။
AAသည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် အတွင်း တပ်မတော်နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော်ပြီ ဖြစ်သည်။
သို့သော်တဖက်တွင် အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမအပစ်ရပ်စာချုပ်(Bilateral) တစောင် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆဲ အဖွဲ့လည်း ဖြစ်သည်။
မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာသတ်မှတ်ခံရခြင်းကြောင့် တိုက်ပွဲများ အခြေအနေ၊ ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများ မည်သို့ ပြောင်းလဲသွားနိုင်သည်ဆိုသည်မှာလည်း မေးခွန်းထုတ်နေမှုများရှိသည်။
အထက်ပါအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က Myanmar Institute For Peace and Security မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးကို ဆက်သွယ် မေးမြန်းထားပါ သည်။
မေး။ ။ AA ကို မတရားအသင်းရော အကြမ်းဖက်အဖွဲ့ရော အဖြစ် ကြေညာလိုက်တဲ့ အပေါ် တပ်မတော်နဲ့ အစိုးရ ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုများ ရှုမြင်သုံးသပ်ပါသလဲ။
ဖြေ။ ။ တပ်မတော်က ကြေညာသင့်တယ်လို့ ထင်တာက အခုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက စဉ်းစားထားပုံ ဖြစ်နိုင်တယ်။ အခုလက်ရှိမှာတော့ အစိုးရကလည်း လက်ခံလိုက်တဲ့ အနေအထား ရှိတယ်။ အခု အနေအထားအတိုင်း ဆိုရင်တော့ စစ်ရေးအရ အရေးယူမှုတွေတင် မကဘူး။ ပတ်သက်ဆက်နွယ်တဲ့ တဦးချင်းဖြစ်ဖြစ် အစုအဖွဲ့ ဖြစ်ဖြစ်ကို အရေးယူဆောင်ရွက်မှုတွေ လုပ်လာနိုင်တဲ့ အနေအထား ပိုများသွားပြီ။ ဒါကိုတော့ ကျနော်တို့ တွက်လို့ ရတယ်။ နောက်တခုကလည်း တိုက်ပွဲအခြေအနေရော တိုက်ခိုက်တဲ့ နည်းစနစ်တွေရောက ပိုပြင်းထန်လာနိုင်တဲ့ အနေအထားတွေ တွေ့ရတယ်။ အရင်တုန်းကဆိုရင် ပေါင် ၅၀၀ ဗုံးတွေ တော်ရုံတန်ရုံ ချတာ မဟုတ်ဘူး။ မီးဝဖြစ်ပြီး နောက်ပိုင်း အထူးသဖြင့် ခမရ (၇) ဖြစ်ပြီးနောက်ပိုင်းမှာ ပေါင် ၅၀၀ ဗုံးတွေ ဒီ့ထက်ကြီးတဲ့ ဗုံးတွေချတဲ့ အနေအထားမျိုး ကျနော်တို့ မြေပြင်သတင်းတွေအရ ကြားရတယ်။
တပ်မတော်ဘက်ကလည်း စစ်ရေးအရ ပိုပြီး မြှင့်တင်လုပ်ဆောင်မှာ တွေ့ရပါတယ်။ နောက်ပြီးတော့ သံချပ်ကာယာဉ်တွေလိုမျိုးပါ အလုံးအရင်းနဲ့ ရခိုင်ပြည် မြောက်ပိုင်းကို ပို့မယ်ဆိုတော့ စစ်ဆင်ရေးအနေအထားက ပိုပြီးတော့ ပြင်းထန် လာနိုင်တဲ့ အနေအထားလည်း ကျနော်တို့ တွေ့ရပါတယ်။
မေး။ ။ တခြား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ဆိုရင်လည်း ကာလရှည် တိုက်ပွဲတွေ တပ်မတော်နဲ့ ဖြစ်တာ ရှိတယ်။ အခုနောက်ပိုင်း AA ကိုမှ မတရားအသင်းရော အကြမ်းဖက်ရော ကြေညာတယ်။ တခြားအဖွဲ့တွေနဲ့ ဘယ်လို ကွာခြားချက်တွေများ မြင်ပါသလဲ။
ဖြေ။ ။ ကွာခြားတာတော့ ရှိတယ်။ ဥပမာ KNU တို့နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ် ဆိုတာက ပြီးခဲ့တဲ့ နှစ် ၂၀၊ တပ်မတော် အစိုးရလက်ထက်မှာ ပြန်ကြည့်မယ်ဆိုရင် အများစုက တောထဲမှာ ဖြစ်တယ်။ ဒါမှမဟုတ်ရင် စခန်းတွေမှာ ဖြစ်ကြတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စခန်းကြီးတွေမှာ ဖြစ်ကြတယ်ဆိုတော့ သူ့ရဲ့ စစ်ဒေသက လူနေထူထပ်တဲ့ ဒေသတွေမှာ မဟုတ်ဘူး။ အခုကျတော့ လူနေထူထပ်တဲ့ ဒေသတွေမှာ တိုက်ပွဲတွေ အများကြီး ဖြစ်လာတာကို တွေ့ရတယ်။ နောက်တခုကျတော့ ကျောက်တော်မြို့လို မြောက်ဦးမြို့လိုမှာတောင် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားက ပျက်လုနီးပါး ဖြစ်တာ တွေ့ရတယ်။ တခြားဒေသတွေနဲ့ ယှဉ်လိုက်ရင် ကွာတာမျိုးပေါ့။ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကြီးထွားတဲ့ပုံစံက သဘောကတော့ လက်နက်ကိုင် အဖွဲ့အစည်းတခုဆိုတာ မြန်မြန်ကြီး ဝုန်းဒိုင်းကြီးလာတာ မဟုတ်ဘူး။
KNU တဆိုရင် ဟိုးတချိန်တည်းက သူတို့ ကိုယ်တိုင် မြန်မာ့တပ်မတော်ရဲ့ အစိတ်အပိုင်းတခုကနေ တောခိုသွားကြတာမျိုး။ အခု AA ကျတော့ နှစ်အနည်းငယ်အတွင်းမှာ အင်အား ထောင်နဲ့သောင်းနဲ့ချီပြီး ဖြစ်လာတာတော့ ဒီအပေါ်မှာ တခြား ဘာပယောဂတွေပါလဲ ဆိုတာကို အစိုးရဘက်က စဉ်းစားကောင်း စဉ်းစားမယ်။ အမျိုးသားလုံခြုံရေးရှုထောင့်က ကြည့်မယ်ဆိုရင် တခြားဖြစ်စဉ်တွေကိုကြည့်ရင် ကိုယ့်ရဲ့တိုင်းပြည်တွင်းမှာရှိတဲ့ လူမျိုးစုတွေရဲ့ မကျေနပ်မှုကြောင့် ဖြစ်လာတာပေါ့။ AA လိုမျိုးကျတော့ ကိုယ့်တိုင်းပြည်တွင်းမှာရှိတဲ့ လူမျိုးစုတွေရဲ့ မကျေနပ်ချက်အပေါ်မှာ တခြား ပယောဂတွေက ဝင်ပြီးတော့ အသုံးချပြီးတော့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုတဲ့ အမြင်မျိုးလည်း ရှိကောင်းရှိမယ်။ တရားဝင်တော့ ပြောတာမရှိဘူးပေါ့။ ကျနော်တို့ကတော့ ယှဉ်ကြည့်လိုက်တဲ့အခါမှာ အခုလို ထူးခြားချက်မျိုး တွေ့ရပါတယ်။
မေး။ ။ တခြားပယောဂဆိုတာက လေ့လာသုံးသပ်ချက်တွေ အရဆိုရင် ဘယ်လို အချက်တွေများ ရှာဖွေတွေ့ရှိတာ ရှိပါသလဲရှင့်။
ဖြေ။ ။ လုံးဝကြီး အတိအကျကြီး ပြောလို့ ရတာတော့ မရှိပါဘူး။ ခက်ပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း တရုတ်အရေး ကျွမ်းကျင်သူတွေရေးတဲ့ဟာမှာ တရုတ်ပြည်ရဲ့ လွှမ်းမိုးမှုလိုမျိုး ရေးကြတာတွေရှိမယ်။ နောက်ပြီး ဝနဲ့ ပတ်သက်ပြီး ဝ က AA ကို လက်နက် ထောက်ပံ့တယ် ဆိုတာမျိုးတွေ ရှိတယ်။ တရုတ်ဘက်ကလည်း လွှမ်းမိုးမှုရှိတယ် ဆိုတာတွေပြောကြတာ ရှိတယ်။ ဒါတခုတည်းလားဆိုတော့ တခုတည်း မဟုတ်ဘူး။ ကျနော်တို့ သိသလောက် ဘင်္ဂလားဒေ့ရှ်ထဲမှာလည်း ဆက်နွယ်နေတာတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်ထဲမှာ AA စခန်းတွေ ရှိတယ်ဆိုတာကတော့ ကျနော်တို့ အရင်းအမြစ် ၄ ခု ၅ ခုကနေ ကြားရတာမျိုးတွေ ရှိတယ်။ နောက်ပြီး ဧရာဝတီရဲ့ အင်တာဗျူးတွေမှာ ကျနော်တို့ ကြည့်လိုက်တော့ အဲ့ဒီကို ဖမ်းခေါ်သွားတဲ့ သူတွေပါလာတာ တွေ့ရတယ်။ အဲ့ဒီတော့ ဘင်္ဂလားဒေ့ရှ်က သူ့နယ်ထဲမှာ AA က အလုံးအရင်းနဲ့ လာပြီး စခန်းလုပ်တာကို ဘာလို့ လက်ခံထားရလဲဆိုတာ စဉ်းစားစရာ အများကြီး ရှိတာပေါ့ဗျာ။ အခုလက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခက ဟိုးအရင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နည်းနည်း ကွာကောင်းကွာနိုင်တာကတော့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ မကျေနပ်ချက် တခုတည်း သီးသန့်နဲ့ ဖြစ်လာတာမျိုး မဟုတ်ဘဲနဲ့ ဘေးပတ်ဝန်းကျင်တွေရဲ့ ပယောဂတွေလည်း ပါလာသလားဆိုတာမျိုး စဉ်းစားကောင်း စဉ်းစားမှာပေါ့။
မေး။ ။ အခု တရားဝင် အကြမ်းဖက်အဖွဲ့အဖြစ် AA က ဖြစ်သွားပြီဆိုတော့ အစိုးရနဲ့က ငြိမ်းချမ်းရေးဆွေးနွေးမှု လုံးဝ မလုပ်တော့ဘူးလို့ အဓိပ္ဗာယ် သက်ရောက်ပါသလား။
ဖြေ။ ။ ဒါကတော့ တိုက်ရိုက်ယူဖို့တော့ ခက်ပါမယ်။ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် အရင်တုန်းက KNU ကိုလည်း သတ်မှတ်ခဲ့တာပဲလေ။ ဒါပေမယ့် နောက်ပိုင်းမှာ ဆွေးနွေးမှုတွေ ရှိတယ်။ ဒါပေမယ့် တခု ရှိတာက အဲ့ဒီလို သတ်မှတ် လိုက်ခြင်း အားဖြင့် အစိုးရအနေနဲ့ အင်အားသုံးရတဲ့ အခါမှာ ဥပဒေကြောင်းအရ အရေးယူရတဲ့ အခါမှာ ပိုပြီးတော့ လွယ်ကူသွားတာမျိုးတွေ ရှိတာပေါ့ဗျာ။ ဥပမာ ဆိုပါစို့။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့် အစိုးရမှာ လုပ်ပိုင်ခွင့် ပိုများလာတယ်။ လုံခြုံရေးအဖွဲ့အစည်းမှာ လုပ်ပိုင်ခွင့်တွေ ပိုများလာတယ်။ ရိုးရိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုနဲ့ ဆိုရင် အင်တာပိုလိုမျိုးကို သွားပြောလို့မရဘူး။ နိုင်ငံတကာ ရဲအဖွဲ့တွေကို ပြောမရဘူး။ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ပြီဆိုရင် နိုင်ငံတကာ ရဲတပ်ဖွဲ့တွေကနေ သူတို့နဲ့ သက်ဆိုင်သူတွေ အားလုံးကို လိုက်ဖမ်းလို့ ရပြီ။ လိုက်ဖမ်းပေးဖို့လည်း ပြောလို့ ရပြီ။ ဘယ်သူတွေကတော့ ပိုက်ဆံထောက်ပံ့နေတယ်။ ဘယ်သူတွေကတော့ ပိုက်ဆံကောက်ပေးနေတယ်။ ဘယ်သူတွေကတော့ ဘယ်လိုဆက်နွယ်နေလဲ ဆိုတာ အကြမ်းဖက် အဖွဲ့ အစည်း ဖြစ်တယ်ဆိုရင် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရတဲ့ ဥပဒေတွေလည်း ရှိတာကိုး။ ရှိကြတော့ အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်လိုက်တာနဲ့ နိုင်ငံတကာမှာ ရှိနေတဲ့ AA နဲ့ ဆက်နွယ်နေသူတွေလည်း ဥပမာ အမေရိကန် တို့ ဘာတို့မှာ ရှိနေသူတွေဆိုရင်လည်း ဥပဒေကြောင်းအရ အရေးယူရတာ ပိုပြီး လွယ်ကူသွားတာပေါ့။
မေး။ ။ နိုင်ငံတကာမှာ ရှိတဲ့သူတွေကို အရေးယူမယ်ဆိုရင်ရော ရှေ့မှာ စင်ကာပူမှာ ဖြစ်ခဲ့သလိုမျိုး ပုံစံဖြစ်မှာပေါ့နော်။
ဖြေ။ ။ အဲ့ဒါထက်ပိုပြီး ပြင်းထန်နိုင်မှာပေါ့ဗျာ။ ဥပမာ စင်ကာပူမှာ ဖြစ်ခဲ့တာဆိုတာက တကယ်တမ်းတော့ စင်ကာပူက သူ့နိုင်ငံထဲမှာ ဒီလိုမျိုးတွေ လာလုပ်တာကို လက်မခံနိုင်လို့ ထိန်းချုပ်လ်ိုက်တဲ့ သဘောပေါ့ဗျာ။ အခုပြောတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ သတ်မှတ်လိုက်ပြီဆိုရင် အမေရိကန်မှာဆိုရင် အကြမ်းဖက်ဥပဒေ ရှိတယ်။ အကြမ်းဖက် ဥပဒေ ရှိတဲ့ အတွက်ကြောင့် တချိန်တုန်းကဆိုရင်တောင် အကြမ်းဖက်ဥပဒေရဲ့ ဖွင့်ဆိုချက်အရ လက်နက်ကိုင် ပုန်ကန်သူအားလုံးကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်တာကိုး။ အဲ့ဒီအဖွဲ့နဲ့ပါဝင် ပတ်သက်မှုရှိတဲ့သူတွေဆိုရင် သူက Citizenship တွေ မပေးတော့ဘူးဗျာ။ အဲ့ဒီလို လုပ်တာရှိတယ်။
မြန်မာပြည်မှာ သတ်မှတ်လိုက်ပြီဆိုရင်လည်း အမေရိကန် ထောက်လှမ်းရေးက ကြည့်နေတော့ သူ့ရဲ့ Database ထဲမှာ ဒီအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့လူတွေ အကုန်လုံးကို လိုက်ကြည့်တော့မယ်။ ဒီအဖွဲ့အစည်းနဲ့ ပတ်သက်သူတွေ ဥပမာ AA ကို ထောက်ခံတဲ့သူက အမေရိကန်မှာ နေတယ်။ နေပြီးတော့ Green Card ကိုင်ထားတယ်။ အဲ့ဒီလူက နိုင်ငံသားလျှောက်ပြီဆိုရင် သူက AA အတွက် ဒါတွေ လုပ်ပေးထားတယ် ဆိုတာတွေက အမေရိကန်ရဲ့ Database ထဲ ရောက်သွားတာနဲ့ သူပတ်သက်တယ် ဆိုတာနဲ့ သူ့ရဲ့ နိုင်ငံသား ရဖို့တွေက ခက်သွားပြီ။ ဆိုလိုတာက Physically ဖမ်းတာတွေတင် မကဘူး။ ဒါမျိုးတွေ နောက်ဆက်တွဲ ပြဿနာ တွေကပါ နိုင်ငံတကာမှာ ရှိတဲ့ အကြမ်းဖက်ဥပဒေ အရပါ ငြိစွန်းလာတဲ့အခါ သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ရမယ့် အခွင့်အရေးတွေ အလုပ်အကိုင်တွေပါ သွားထိခိုက်နိုင်ပါတယ်။
မေး။ ။ မြောက်ပိုင်းမဟာမိတ် နဲ့ အပစ်ရပ်စာချုပ် ဆွေးနွေးမှုမှာရော အကျိုးသက်ရောက်မှု ဘယ်လိုရှိနိုင်မလဲ။
ဖြေ။ ။ ဒီလိုဖြစ်တဲ့အတွက်ကြောင့် ဆွေးနွေးပွဲကို လုံးဝ မလုပ်တော့ဘူးလားဆိုတာက ကျနော်တို့ မသိဘူး။ တပ်မတော် ဘက်က ပြောတဲ့ ပုံစံကတော့ သူတို့ မဆွေးနွေးတော့ဘူး ဆိုတာမျိုး ပြောတယ်။ ဒါပေမယ့် အစိုးရဘက် ကတော့ ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်မလဲပေါ့။ ၄ ဖွဲ့နဲ့ဆက်သွယ်တာမှာ AA ပါလား မပါဘူးလားဆိုတာကလည်း ကျနော် တို့ ရှင်းရှင်းလင်းလင်း မသိဘူး။ ဒါပေမယ့် အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်လိုက်ခြင်းက ဆွေးနွေးမယ်၊ မဆွေးနွေး မယ်ဆိုတာကို ယတိပြတ် အဓိပ္ဗာယ် ပေါက်သွားတာတော့ မဟုတ်ဘူး။ အရင်တုန်းကလည်း ဒါမျိုးတွေ သတ်မှတ်ခဲ့တာ ရှိတယ်။ သတ်မှတ်ပြီးတော့ ဆွေးနွေးခဲ့တာတွေလည်း ရှိတယ်။ ဆွေးနွေးပြီး အဆင်ပြေသွားတာတွေလည်း ရှိ တယ်။ ဒါပေမယ့် အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်လိုက်ခြင်းအားဖြင့် အစိုးရဘက်က အရေးယူဆောင်ရွက်မှုတွေ ကတော့ ပိုပြီး အရှိန်အဟုန် မြှင့်လို့ရပြီ။ ဥပဒေအရပေါ့။ အဲ့ဒီဘက်က သုံးသပ်တယ်ဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် လုံးဝ မဆွေးနွေးတော့ဘူးလား ဆိုတာကတော့ တိတိကျကျ ပြောတာ မရှိပါဘူး။
မေး။ ။ ဥပဒေကြောင်းအရ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားရင် အစိုးရက အကြမ်းဖက်လို့ ဆိုသူတွေနဲ့ ညှိနှိုင်းတာ လုပ်ပါ့မလား။
ဖြေ။ ။ KNU တုန်းကလည်း သတ်မှတ်ခဲ့တာပဲ။ KNU ကို သတ်မှတ်ခဲ့တဲ့ အတွက်ကြောင့် NCA ထိုးတဲ့အချိန်မှာ KNU ကို ပြန်ဖြုတ်ပေးခဲ့ရတယ်။ ပြန်ကြည့်ရင် KNU ကိုသတ်မှတ်ထားပေမယ့် KNU နဲ့က ဆွေးနွေးပွဲတွေ တောက်လျှောက် လုပ်ခဲ့တယ်။ အဲ့ဒါက ဥပဒေအရတော့ အတိအကျကြီးတော့ ပြောတာ မဟုတ်ဘူး။ ဒါပေမယ့် တဖွဲ့နဲ့တဖွဲ့တော့ တူချင်မှ တူမယ်။ KNU ကို တချိန်က ပြောခဲ့ပေမယ့် KNU ကို မြင်တဲ့အမြင်နဲ့ AA ကို မြင်တဲ့အမြင်က တူချင်မှတူမယ်။
မေး။ ။ ဒေါက်တာ မင်းဇော်ဦး ပြောပုံအရဆိုရင် တခြားတိုင်းရင်းသား တပ်ဖွဲ့တွေကို နိုင်ငံရေးအရ အသိအမှတ်ပြုမှုနဲ့ AA အပေါ် အသိအမှတ်ပြုမှုက မတူဘူးလို့ ဆိုလိုချင်တာပါလား။
ဖြေ။ ။ နိုင်ငံရေးအရ ဆိုရင် အခုပြဿနာက နိုင်ငံရေးပြဿနာ ဘာမှမဟုတ်သေးဘူး။ ဆိုလိုတာက အခုရခိုင်လူမျိုးတွေ ရသင့်ရထိုက်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို လက်မခံလို့ ဖြစ်တဲ့ ပြဿနာ မဟုတ်ဘူး။ နိုင်ငံရေးအရ ရခိုင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို တခြားလူမျိုးတွေလိုပဲ လုပ်မယ်ဆိုတာ မူက ကျပြီးသား။ အဲ့တာနဲ့ ပတ်သက်လို့ ဘာမှပြဿနာ မရှိဘူး။ အခုပြဿနာက နိုင်ငံရေးပြဿနာထက် AA ဆိုတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းက ရခိုင်ပြည်နယ်ထဲမှာ ဝင်ရောက်အခြေချမယ်။ အခုကတော့ အခြေချရုံတင် မကဘူး။ နယ်မြေတခုကိုပါ ထိန်းချုပ်ဖို့ ကြိုးစားတယ်။ ဒီအပေါ်မှာ လက်ခံ၊ မခံဆိုတာ ဖြစ်လာတဲ့ ပြဿနာပါ။
အခုက နိုင်ငံရေးအရ ဆွေးနွေးမှုတွေ အဆင်မပြေလို့ ဒီပြဿနာတွေ ဖြစ်နေတာ မဟုတ်ဘူး။ နိုင်ငံရေးအရ ဆွေးနွေးဖို့က တံခါးပေါက်က ဖွင့်ပြီးသား ကျနော်တို့ နားလည်တာပါ။ ဆွေးနွေးလို့ ရလဒ် မထွက်တာဘဲ ရှိတယ်ဗျာ။ မဆွေးနွေးဘူးဆိုတဲ့ မူဝါဒ မရှိဘူး။
အခုဖြစ်နေတာက အဓိကက လက်နက်ကိုင်အဖွဲ့အစည်းတခု အခြေချတာရယ် လက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့ စစ်ရေးအရ နယ်မြေထိန်းချုပ်ဖို့ လုပ်လာတာကို လက်ခံလား၊ လက်မခံလား ဆိုတဲ့ အပေါ် ဖြစ်တဲ့ ပြဿနာပါ။
မေး။ ။ AA က ရခိုင်အမျိုးသားရေး ရပိုင်ခွင့်တွေအတွက် ကြွေးကြော်တိုက်ခိုက်နေတယ်။ တပ်မတော်နဲ့ အစိုးရဘက်က အမြင်ကရော တော်လှန်ရေး တပ်ဖွဲ့တခုလို့ အသိအမှတ်ပြုသလား။ ဒီကဏ္ဍပေါ်မှာရော ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ အစိုးရဘက်က ရခိုင်လူမျိုးတွေအနေနဲ့ တခြားလူမျိုးတွေလိုပဲ အခွင့်အရေးတွေရဖို့ ဖက်ဒရယ် ဆိုတာကို လက်ခံထားပြီးသား။ ဘယ်လို ဖက်ဒရယ်လဲ ဆိုတာကိုတော့ ဆွေးနွေးရမှာ အများကြီး ရှိတယ်ပေါ့ဗျာ။ အစိုးရဘက်ကမြင်တဲ့ ဖက်ဒရယ်၊ တပ်မတော်ဘက်က မြင်တဲ့ ဖက်ဒရယ်၊ တိုင်းရင်းသားဘက်က မြင်တဲ့ ဖက်ဒရယ် ပေါ့။ မတူကြဘူးပေါ့။ မတူကြတဲ့အတွက် ဒီကိစ္စက ဆွေးနွေးရမယ်ဆိုတာ ရှိပြီးသား။ ဒါပေမယ့် AA နဲ့ ပတ်သက်လို့ အဓိက တစ်ဆို့တဲ့ ပြဿနာက ရှိပြီးသားပြဿနာက သူ့ရဲ့နိုင်ငံရေး ရပ်တည်ချက် ပြဿနာ မဟုတ်ဘူး။ အဓိကက သူ့ရဲ့ ရခိုင်ပြည်နယ်ထဲမှာ အခြေချခြင်းဆိုတဲ့ ပြဿနာပဲ။ ဒါမှမဟုတ် AA က လိုင်ဇာမှာနေမယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လာမယ်။ ခုနပြောတာတွေ တောင်းဆိုမယ် ဆိုရင် ပြဿနာမရှိဘူး။ အဓိက ပြဿနာ ဖြစ်ရခြင်းက ရခိုင်ပြည်နယ်ထဲ အခြေချခြင်းကို လက်ခံခြင်း လက်မခံခြင်းပေါ်မှာ ဒီပြဿနာတွေ ဖြစ်လာတာ။ နိုင်ငံရေးကြောင့် စခဲ့တာ မဟုတ်ဘူး။
အခု လက်ရှိအစိုးရဘက်က အမြင်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲလာတာကိုတော့ တံခါးဖွင့်ထားတယ်။ ရခိုင်ပြည်နယ်ထဲ အခြေချတာကိုတော့ လက်မခံဘူးဆိုတဲ့ အနေအထားနဲ့ ချဉ်းကပ်တာပေါ့။ AA ဘက်ကလည်း လက်မခံတော့ ပြဿနာတွေက ဖြစ်တာပေါ့။ ကျနော့်အမြင်ကတော့ တိုက်ပွဲတွေက အများကြီး ပြင်းထန်လာပါလိမ့်မယ်။ အခုကလည်း ကိုရိုနာဗိုင်းရပ်စ်ကလည်း ရောက်လာပြီဆိုတော့ မြန်မာပြည်မှာ ရွှေ့ပြောင်းလုပ်သား အများဆုံးနေရာထဲမှာ ရခိုင်ပါတယ်။
ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေက ပြန်လာကြမယ်။ AA မှာလည်း တရုတ်ပြည်က လာတဲ့လူတွေ ရှိတယ်။ အကူးအသန်းရှိတယ် ဆိုတော့ ရခိုင်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ပြဿနာက အကြီးအကျယ် ဖြစ်လာမှာပဲ။ ဖြစ်လာရင် တဖက်က စစ်ပွဲတွေနဲ့ဆိုရင် လူထုရော တိုက်နေတဲ့လူတွေ ကြားမှာရော တော်တော်လေးတော့ ဒုက္ခ ရောက်ကြမှာ။
မေး။ ။ အကြမ်းဖက်အဖွဲ့လို့ ကြေညာပြီး တပ်မတော်ကလည်း လုံးဝချေမှုန်းမယ်လို့ ပြောထားတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ပလက်ဝက အရပ်သားတွေက နောက်ဆက်တွဲအနေနဲ့ ဒုက္ခတွေ ပိုကြုံလာရမယ့် အခြေအနေပေါ့နော်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး တပ်မတော်၊ အစိုးရတို့ဘက်က ပြင်ဆင်မှုပိုင်းကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ လောလောဆယ်တော့ ပြည်နယ်အစိုးရဘက်ကတော့ လူကယ်ပြန်တို့ဘက်က ဒုက္ခသည်တွေ အတွက်ဆိုပြီး ထောက်ပံ့ဖို့ အကူအညီပေးဖို့ လုပ်နေတာ ရှိပါတယ်။ ကျနော့်အမြင်ကတော့ ကျနော်တို့သိရသလောက် အစီအမံတွေ က သိပ်မလုံလောက်ဘူးလို့ ထင်တယ်။ ဒီနှစ်ထဲမှာ အခု မတ်လကနေစပြီး ဖြစ်လာတဲ့ တိုက်ပွဲတွေကိုကြည့်တော့ ရွာတွေထဲမှာနေပြီး ပစ်ခတ်တာတွေ ဖြစ်တယ်ဆိုရင် တပ်မတော်ဘက်ကလည်း အရင်ကထက်စာရင် လက်နက်ငယ် လောက်နဲ့ ပစ်ရင်ပစ်မယ်။ လက်နက်ကြီးဆိုလည်း ထိန်းထိန်းသိမ်းသိမ်း ပစ်ရင်ပစ်မယ်။ အခုနောက်ပိုင်းကျတော့ အဲ့ဒီ လိုနေရာမျိုးတွေမှာ လိုအပ်ရင်လိုအပ်သလို ပစ်အားသုံးတာတွေ တွေ့ရတယ်။ ပြီးတော့ဗုံးချတာတွေ အပေါ်ကနေပေါ့။
ရွာကနေ ပစ်လာတယ်။ ဒါမှမဟုတ် ရွာမှာရှိတယ်ဆိုရင် ပြင်းအားမြင့်တဲ့ ဗုံးတွေချတာရှိတယ်။ အဲ့ဒီဗုံးတွေရဲ့ ပြင်းအား က အရမ်းကြီးတော့ အရပ်သားထိခိုက်မှုက ပိုပြီးတော့များလာတာ တွေ့ရတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် အရပ်သား ထိ ခိုက်မှုက ဒီနှစ်ထဲမှာ ပိုများလာတာကို တွေ့ရတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရွာတွေကို ပိုပြီးလုံခြုံတဲ့ သတ် သတ်မှတ်မှတ် Safe Zone လို ဖန်တီးပြီး အဲ့ဒီနေရာမှာ လူတွေအားလုံး လာရောက်ခိုလှုံနိုင်အောင် လုပ်ပေးဖို့ကတော့ လိုလိမ့်မယ်။ မဟုတ်ဘူးဆိုရင် ကျနော်မြင်တာက အရပ်သားထိခိုက်မှုက ပိုတိုးလာလိမ့်မယ်။
ဘာလို့လဲဆိုတော့ AA လှုပ်ရှားတာကို ကြည့်ရင် တိုက်ပွဲဖြစ်တာကို ကြည့်လိုက်ရင် တော်တော်များများက ရွာနဲ့ တော်တော်နီးတယ်။ နောက် KIA တို့ ဘာတို့ဆို စခန်းကြီးတွေမှာ စခန်းချည်းပဲ နေတယ်။ အဲ့ဒီမှာပဲ ရိက္ခာတွေ အကုန် သိုလှောင်ထားပြီးတော့ တပ်မတော်လာရင် သူတို့အဲ့ဒီကနေ ခံတိုက်တယ်ပေါ့။ အခု AA လုပ်တာကျတော့ အခိုင်အမာ အခြေစိုက်စခန်းမျိုး လုပ်တာမဟုတ်ဘဲ စခန်းရှိမယ်။ ပစ်ကျင်းရှိမယ်။ ဒါပေမယ့် စားရေရိက္ခာ ကျတော့ ရွာတွေကနေ လုပ်တာတွေ ကျနော်တို့ အများကြီး တွေ့ရတယ်။ မီးဝစခန်းဆိုရင် ရွာတွေကနေ အထောက်အပံ့ ပို့ဆောင်ရေးတွေ လုပ်တာ ကျနော်တို့ တွေ့ရတယ်။ ထမင်းချက်ပြီး ပို့ပေးရတာတို့ တွေ့ရတယ်။ အဲ့ဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ရွာတွေနဲ့ ဆက်စပ်လှုပ်ရှားတယ်။ ရွာနီးစပ် ဒါမှမဟုတ် ရွာထဲမှာ လှုပ်ရှားမှုတွေဖြစ်လာရင် တဖက်ကလည်း ပစ်အားရှိတဲ့ အဖွဲ့အစည်းက ဒါကို တုံ့ပြန်တယ်ဆိုရင် အရပ်သားထိခိုက်မှုက ပိုများလာတယ်။
အီရတ်၊ အာဖဂန်၊ ဆီးရီးယားမှာ အရပ်သားထိခိုက်မှုက ဘာ့ကြောင့် အရပ်သားထိခိုက်မှုများလဲ။ ဥပမာ ဆီးရီးယားမှာ ဆိုရင် တချို့နှစ်တွေမှာ အရပ်သားထိခိုက်မှုက တသိန်းလောက်ရှိတယ်။ သေတာမဟုတ်ဘဲ နာတာချည်းပဲ။ ဘာကြောင့် ရှိလာလဲလို့ ကျနော်တို့ လေ့လာကြည့်လိုက်တော့ အဓိကက တိုက်ပွဲဖြစ်တဲ့နေရာတွေက လူနေထူထပ်တဲ့ နေရာတွေမှာ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေက ပိုများလာတာ။ အခုပြဿနာကလည်း တိုက်ပွဲရဲ့စစ်အရှိန်အဟုန် ကလည်း မြှင့်တော့မယ်။ မြှင့်တော့မယ်ဆိုတဲ့ အနေအထားမှာ လက်ရှိ ရှိနေတဲ့ ရွာတွေအနေအထားနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေက အရမ်းနီးစပ်တယ်ဆိုတော့ ဒီရွာတွေမှာ လူထု ထိခိုက်မှုကတော့ ပိုပြီးများလာမယ်။
ဖြစ်သင့်တာကတော့ အစိုးရအနေနဲ့ Safe Zone ဆိုပြီး သတ်သတ်မှတ်မှတ်လုပ်မှ။ ICRC လိုမျိုးကနေ တခါတည်း သေချာကြီးကြပ်ကွပ်ကဲပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ မလာဘူး။ ဗုံးလည်း ချလို့မရဘူး။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှလည်း မလာနဲ့ပေါ့။ အရပ်သားတွေချည်းပဲ လာခိုလှုံ။ လက်နက်တွေလည်း မယူလာနဲ့ဆိုတာမျိုး သီးသန့် လုပ်ပေးနိုင်တယ် ဆိုရင်တော့ အရပ်သားထိခိုက်မှုကို လျှော့ချနိုင်လိမ့်မယ်။ မဟုတ်ရင်တော့ လက်ရှိပုံနဲ့ ဆက်သွားရင်တော့ ရှိတဲ့ရွာတွေမှာလည်း အများကြီး အပျက်အစီး အဆုံးအရှုံး အသေအကြေတွေ အများကြီး ဆက်ရှိဦးမယ်။ တင်းမရွာဆိုရင် တရွာလုံးမီးလောင်သွားတာကို တွေ့ရတော့ ဒါမျိုးတွေအများကြီး ဆက်ပြီးဖြစ်လာလိမ့်မယ်။
မေး။ ။ မတ် ၂၁ ရက်က တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အရပ်သားတွေက လက်နက်မပါပေမယ့် တိုက်ပွဲထဲမှာ ညာသံပေးပြီး ဝင်တိုက်တာ။ လူစုကွဲတဲ့ တပ်မတော်သားတွေကို ဝိုင်းဖမ်းပေးတာ လုပ်တယ်လို့ ထည့်ပြောသွားတယ်။ အရပ်သားတွေဘက်ကလည်း ဒီလိုပြောဆိုချက်ကို လက်မခံတာ ရှိတယ်။ ရခိုင်လူမျိုးဆိုလည်း သံသယနဲ့ စွပ်စွဲခံရတယ် ဆိုတာမျိုးပေါ့။ တကယ့် ပဋိပက္ခဖြစ်နေတဲ့ နေရာမှာ အရပ်သားတွေအတွက် သံသယက တော်တော် အန္တရာယ်ကြီးတယ်ဆိုတော့ အရပ်သားတွေနဲ့ ပတ်သက်ရင် ဘယ်လို ဖြစ်သင့်တယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ ၂ ခုပေါ့ဗျာ။ လက်ရှိမြေပြင်မှာ ဖြစ်တဲ့ အနေအထားက မီးဝဘက်တွေမှာ၊ မတ်လက မြောက်ဦးမှာ တ်ိုက်တာတွေ ပြီးခဲ့တဲ့ တပ်မတော်ရဲ့ မင်းပြားက လေ့ကျင့်ရေးကျောင်းတွေကို တိုက်ခ်ိုက်တာဆိုရင် ကြည့်တော့ လက်နက်မပါ တဲ့ သူတွေပါတယ်ဗျ။ လာပြီးတော့ တိုက်ခိုက်တာတွေထဲမှာ လက်နက်မပါတာတွေ ပါတယ်။ အဲ့ဒီလူတွေက ဘာလုပ်လဲဆိုတော့ ဒဏ်ရာရတဲ့ လူတွေကို ဆွဲတယ်။ ပြီးတော့ ဒဏ်ရာရတဲ့ လူတွေနေရာမှာ သူတို့ ဝင်ပစ်တယ်။ နောက်ပြီး စခန်းတွေ စီးမိတယ်ဆိုရင် လက်နက်တွေ ဘာတွေ ကောက်တာ လုပ်တယ်။
နောက်တခုကလည်း အဲ့ဒီမှာ လာတဲ့လူ အများစုကလည်း ယူနီဖောင်း မဝတ်ဘူး။ ယူနီဖောင်း မဝတ်တော့ အရပ်သားနဲ့ စစ်သားက ကွဲဖို့ခက်တာ အမှန်ပဲ။ အထူးသဖြင့် တိုက်ပွဲဖြစ်နေတဲ့ အချိန်ဆိုရင်ပေါ့။ ကျနော်တို့ ကြားသလောက်ကတော့ အုံနဲ့ကျင်းနဲ့ တိုက်ခိုက်မှုတွေ လုပ်ရင် အဲ့ဒီထဲမှာ သေနတ်မပါတဲ့ လူတွေက ၃၀ ရာခိုင်နှုန်းလောက် ပါကြတယ်။ သူတို့က အရပ်ဝတ်နဲ့ လာတယ်။ ပစ်နေတဲ့ လူက ထိသွားရင် အဲ့ဒီနေရာမှာ ဝင်ပစ်ပေးတယ်။ ပြီးရင် ဒဏ်ရာရတဲ့ လူဆိုရင် ဆွဲတယ်။ ထမ်းတယ်။ အဲ့ဒီလို အထောက်အကူ ယူပေးတာတွေ တွေ့ရတယ်။ ဒါမျိုးတွေက မြေပြင်က တက်တဲ့ သတင်းတွေအရ သိရပါတယ်။ အဲ့ဒီ အနေအထားမှာတော့ တိုက်ပွဲဖြစ်တဲ့ အချိန်မှာတော့ ခွဲခြားလို့ မလွယ်ဘူး။
တိုက်ပွဲမဖြစ်တဲ့ နေရာဆိုရင်လည်း ကျောက်တော်မှာလို ဓားနဲ့ ဝိုင်းထိုးတာလို ဖြစ်တာဆိုရင် ဓားနဲ့ ဝိုင်းထိုးတာက အရပ်သားတွေက ထိုးတာလား။ AA တပ်ဖွဲ့ဝင်တွေက ထိုးတာလား။ ဒါတွေက မကွဲပြားဘူး။ မကွဲပြားတော့ လုံခြုံရေး အဖွဲ့အစည်းတွေမှာလည်း ဘယ်လိုမျိုး ဒီကိစ္စကို ကိုင်တွယ်မလဲ ဆိုတာမှာ အခက်အခဲတွေ ရှိလ်ိ့မ်မယ်။ အကောင်းဆုံးကတော့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ သတ်သတ်မှတ်မှတ် ယူနီဖောင်းဝတ်ပြီး စစ်တိုက်၊ တဖက်နဲ့ တဖက် ဂျနီဗာကွန်ဗန်းရှင်းအရဆိုရင် စစ်တိုက်တဲ့ သူတွေက တဖက်နဲ့ တဖက် ခွဲခြားပြီးတော့ သတ်မှတ်လို့ ရတဲ့ ဝတ်စားဆင်ယင်မှုမျိုးတွေ ရှိဖို့ လိုတယ် သင်္ကေတတွေရှိဖို့ လိုတယ်လို့ သတ်မှတ်ထားတာ ရှိတယ်။ ဂျနီဗာ ကွန်ဗန်းရှင်းကို လိုက်နာပြီးတော့ တဖက်နဲ့တဖက် ခွဲခြားလို့ရတဲ့ ဝတ်စားဆင်ယင်မှုမျိုး၊ ယူနီဖောင်းမျိုး ဝတ်ပြီး တိုက်မယ် ဆိုရင်တော့ အရပ်သား ထိခိုက်မှုကို အများကြီး ကာကွယ်ဖို့ အဆင်ပြေလိမ့်မယ်။
နောက်ပြီးတော့ ရွာတွေကိုလည်း လုံးဝ ရှောင်ဖို့ လိုတယ်။ ရွာတွေကို Admin (ရွာတွင် ယာယီ အထိုင်ပြု၍ စစ်ရေး ညွှန်ကြားချက် ပြုလုပ်မှု) အရလည်း မသုံးနဲ့။ တဖက်တည်း မဟုတ်ပါဘူး။ နှစ်ဖက်လုံးက ရွာတွေကို အတတ်နိုင်ဆုံး မဝင်နဲ့ပေါ့။ ဒါမျိုးတွေ လုပ်နိုင်ဖို့ လိုပါတယ်။ တဖက်ဖက်က လုပ်ပြီဆိုရင် ကျန်တဖက်ကလည်း လုပ်တာပါပဲ။ နှစ်ဖက် လုံး က မလုပ်ဘူး။ လက်ခံတယ်။ သဘောတူတယ် ဆိုရင် တော့ ပြည်သူလူထုက ပိုပြီး သက်သာမှာပေါ့ဗျာ။
You may also like these stories:
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၂)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၃)