မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ရန် လူစုလူဝေးမလုပ်ဘဲ မိမိအိမ်၌သာ နေရန် အစိုးရက ပြည် သူ များကို တိုက်တွန်းထားရာ မြို့ပြ လမ်းမများတွင် ယခင်ကထက် လူသွားလူလာနည်းပါးသွားသည်။
လူအများ မိမိအိမ်၌သာ နေလာရသည့် နောက်ပိုင်းတွင် အွန်လိုင်းမှ တဆင့် အစားအစာ မှာယူစားသောက်မှု ပိုမို များပြားလာပြီး ယင်းလုပ်ငန်းလုပ်ကိုင်သူများ ယခင်ကထက်ပိုမို အစားအစာ ပေးပို့ရမှု များလာသည်။
ပိုခအခမဲ့ ဖြင့် အစားအစာများ၊ စားသောက်ကုန်များ ဝယ်ယူကာ အိမ်တိုင်ရာရောက်ပို့ပေးသည့် ပရဟိတ အဖွဲ့များလည်း ရန်ကုန်၊ မန္တလေး နှင့် ပဲခူး စသည့် မြို့ကြီးများတွင်ပေါ် ပေါက်လာသည်။
ထိုသို့သော အခြေအနေတွင် အွန်လိုင်းက တဆင့်သော်လည်းကောင်း ၊ ဖုန်းဖြင့်သော်လည်းကောင်း အစားအစာမှာယူမှုကို ပေးပို့ ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းများ၊ ပရဟိတအဖွဲ့များ အနေနှင့် ဝန်ဆောင်မှုပေးရာတွင် ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မည်သို့ ဆောင်ရွက်သင့်သည်ကို အများပြည်သူ သိရှိရန် မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ (Myanmar Consumers Union) ၏ အတွင်းရေးမှူးလည်းဖြစ် ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ အဖွဲ့ဝင်လည်း ဖြစ်သည့် ဦးမောင်မောင်ကို ဧရာဝတီသတင်းဌာနမှ သတင်းထောက်ဇင်လင်းထက်က ဆက်သွယ်မေးမြန်း ထားပါသည်။
မေး။ ။ COVID – 19 ကြောင့် Home Stay နေသင့်တယ်ဆိုတဲ့ ညွှန်ကြားချက်တွေကြောင့် လူတွေက အိမ်မှာ ပိုပြီး နေရ မယ့် သဘော ဖြစ်လာတယ်။ ဒီအတွက် အွန်လိုင်းကနေ အစားအသောက်မှာ ယူမှုတွေ ပိုပြီးများလာနိုင်သလား။
ဖြေ။ ။ အစားအသောက် ဘေးကင်း လုံခြုံရေးနဲ့ ပတ်သက်ရင် အွန်လိုင်း အစားအသောက်စနစ်ကို ကျနော်တို့ ကောင်း ကောင်း မထိန်းသိမ်းထားနိုင်သေးဘူး။ ဒါတွေကို မှတ်ပုံတင်ပြီး စနစ်တကျ စီစဉ်စစ်ဆေးထားတာ မရှိသေးဘူး။ နာမည် ရှိပြီးသား ဆိုင်တွေကနေမှာ စားနေတဲ့ ကိစ္စတွေသာ နဲနဲ ထိန်းထိန်းသိမ်းသိမ်း ရှိသေးတာပေါ့။
ဒီလိုမှ မဟုတ်ဘဲ ဆိုင်တွေက မိသားစုတွေ အိမ်ကနေဘဲ တနိုင်တပိုင်လုပ်နေတာတွေ ၊ ဆိုင်ကြီးတွေမဟုတ်ဘဲ တမင် သက်သက် ဒီဝန်ဆောင်မှုကိုပဲ။ အထူးလုပ်တဲ့ နေရာတွေလည်း ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီအစားအသောက်ကို ပြည်သူ တွေအတွက် ထုတ်လုပ်တယ်ဆိုကတည်းက ပြည်သူတွေအတွက် ရှိသင့်ရှိထိုက်တဲ့ လုံခြုံရေးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ ပြည့်စုံအောင်လုပ်ဖို့တော့ လိုအပ်တယ်။
ပြောချင်တာက ဒါတွေက ကြီးကြပ်မှုအောက်မှာ ရှိဖို့လိုတယ်။ ကျနော်တို့နိုင်ငံမှာ ဒါကို ကြီးကြပ်ဖို့ အတွက် အသစ်ဖြစ် မနေသေးတယ်။ ဒီအွန်လိုင်းနဲ့ ပတ်သက်တာကို ကျနော်တို့က ရှောင်လို့မရဘူး။ သို့သော်လည်း အထူးသဖြင့် အစား အသောက်မှာက လွယ်လွယ်ကူကူနဲ့ မြန်မြန်ပျံ့တယ်ပေါ့။
အလုပ်အရမ်းများတဲ့ သူတွေက စားသလို အခုကျတော့ အိမ်မှာနေတဲ့ သူတွေက စားရမှာတွေ ဖြစ်လာတော့ ဒါတွေကို သေသေချာချာ တာဝန်ယူမှု ၊ တာဝန်ခံမှုနဲ့ ပတ်သက်ရင် ထိန်းထားတဲ့ စနစ်ကောင်း ကျနော်တို့မှာ မရှိသေးဘူး။ ဒါကြောင့် တအားကြီး စိတ်ချလက်ချနဲ့ သုံးစွဲလို့ စားသုံးလို့ရတဲ့ အစီအစဉ်တခုလို့တော့ ကျနော်တို့ လောလောဆယ်မှာ ပြောဖို့ ခက်နေပါသေးတယ်။
မေး။ ။ အွန်လိုင်းကနေတဆင့် အစားအသောက် မှာယူစားသောက်တဲ့ အလေ့အထက လာမယ့် တလ၊ နှစ်လအတွင်းမှာ ပိုများလာမယ်လို့များ မြင်ပါသလား။
ဖြေ။ ။ ဟုတ်တယ်။ ပိုများလာမယ်။ နောက်တခုက ပိုလည်း ခက်ခဲလာမယ်။ ကျနော်တို့ကလည်း ပိုများလာတာ အတွက်ကို စနစ်တကျနဲ့ ၊ အန္တရာယ်ကင်းစွာနဲ့ ထိထိရောက်ရောက်ဖြစ်ဖို့ အတွက်ကို အဖွဲ့အစည်းအနေနဲ့လည်း လက်ရှိအခြေအနေက တောင်းဆိုလာတဲ့ အတွက် စဉ်းစားနေတာတွေ၊ တိုင်ပင်နေတာတွေရှိတယ်။ ပိုလည်း များလာလိမ့်မယ်။
ဒါပေမယ့် များလာတိုင်းတော့ ကောင်းတာမဟုတ်ဘူး။ လိုအပ်လို့များလာပေမယ့် ဒါတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စနစ် တကျလုပ်ဖို့လိုတယ်။ နောက်ပြီးတော့ ကျနော်တို့ အခု ကြောက်ရမှာက ရုတ်တရက် ကုန်ဈေးနှုန်းတွေ တက်လာတဲ့ အတွက်ကြောင့် ဝန်ဆောင်မှုပေးရတဲ့ သူတွေက သူတို့အတွက် အကျိုးအမြတ်တွေ နည်းလာမယ်။
အဲဒီတော့ နည်းလာမယ်ဆိုတဲ့ အတွက်ကြောင့် ဘာပဲပြောပြော တခြားမသမာမှုတွေ ပါလာနိုင်တယ်ပေါ့။ အဲဒါကို ကျနော်တို့ စိုးရိမ်တယ်။ အဲဒါကြောင့် ဒီကိစ္စကို မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ ကိုင်တွယ်ဖို့ လုပ်သင့်တယ်လို့ ကျနော်တို့ မြင်တယ်။
မေး။ ။ အွန်လိုင်းကနေ အစားအသောက်ပို့ပြီး ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေက ကိုရိုနာဗိုင်းရပ်စ်လို ရောဂါကူး စက်တာ လည်းမဖြစ်အောင် ၊ အစားအသောက်ဘေးကင်းလုံခြုံအောင် ဘယ်အချက်တွေကို မဖြစ်မနေဂရုစိုက်သင့်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ အစားအသောက်တွေ အန္တရာယ်ကင်းရှင်းရေးအတွက် ဝန်ဆောင်မှုတွေ အန္တရာယ်ကင်းရှင်းရေး အတွက် အမြဲတမ်းဂရုစိုက်ရတာ တခုရှိတယ်။ အဲဒါက ဘာလဲဆိုရင် ပင်ရင်းကို ထိလွယ်၊ သိလွယ်တဲ့ စနစ်တခုရှိရမယ်။ နောက်ကြောင်းပြန်ခြေရာကောက်တဲ့ စနစ်တွေ ကောင်းရမယ်။ ဒါက အမြဲတမ်းပြောနေရတဲ့ စကားဖြစ်တယ်။
ကျနော်တို့နိုင်ငံမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အတွက် ပင်ရင်းကို ဘယ်လိုမြန်မြန်ထိလွယ်လို့ရမလဲဆိုတဲ့ စနစ် ကျနော်တို့ တိုင်းပြည်မှာမရှိဘူး။ အထူးသဖြင့် ဒီလိုမျိုး အစား အသောက်တွေမှာ လိုက်တယ်ဆိုရင် ဘယ်က အစားအသောက်ကို ဘယ်ကိုယူလာသလဲဆိုတာ သိဖို့ လိုသလို အစားအသောက်ကို ကိုင်တွယ်တဲ့သူက ကျန်းမာရေးအသိပညာရှိသလား။ သူတို့ ကိုယ်၌က ကျန်းမာနေသလား။ ထုတ်လုပ်တဲ့ နေရာမှာလည်း တကယ်အဆင့်အတန်းမီစွာနဲ့ ကျန်းမာသန့်ရှင်း ဘေးကင်းစွာနဲ့ ထုတ်လုပ်နေတာလားဆိုတာ သိနေဖို့ အရေးကြီးတယ်။
အချိန်မရွေး စစ်ဆေးနိုင်ဖို့ လိုတယ်။ အခုချိန်က ကူးစက်တဲ့ ရောဂါဖြစ်နေတော့ ဘယ်သူ့ကို ရောဂါကူးစက်ထားသလဲ ဆိုတာ မသိနိုင်ဘူး။ ချက်ပြုတ်နေတဲ့သူမှာ ရှိနိုင်သလို သယ်ယူပို့ဆောင်တဲ့ သူမှာလည်း ရှိနိုင်တယ်။ ဒါကို ချပြီးတော့ ခင်းကျင်းကျွေးမွေးတဲ့ သူတွေမှာလည်း ရှိနိုင်တယ်ဆိုတော့ ဒီဥစ္စာကို အသိတရားကောင်းကောင်းနဲ့ ကျနော်တို့ ထိန်းသိမ်း ဖို့ လိုနေတယ်။ ကျနော်တို့က ဒါကို ထိန်းသိမ်းဖို့ အဆင်သင့်ရှိမနေဘူး။
ရှိမနေပေမယ့် ဒါကို အားလုံးက စီးပွားရေးအတွက်လည်း လုပ်ချင်တယ်။ အန္တရာယ်လည်း ကင်းချင်တယ်။ စားသုံးသူကို မထိခိုက်စေချင်ဘူးဆိုရင် ဒီစနစ်ကို ဒီထဲမှာ ပါဝင်နေတဲ့ သူအားလုံးက အမြန်ဆုံးအကောင်အထည်ဖော်ဖို့လိုတယ်။
ကျနော်တို့လည်း စဉ်းစားထားတာရှိတယ်။ ဒါကြောင့်မို့ ဒီအစားအသောက်တွေ ရောက်လာဖို့အတွက် ပြောမယ်ဆိုရင် Firm to Table ပေါ့။ အခုက Table to Firm စားသောက်နေတဲ့သူ၊ စားသုံးသူ ရဲ့ ပါးစပ်နားကနေ ပင်ရင်းဘယ်ကလာသလဲ ဆိုတဲ့ အထိ မြန်မြန်စစ်ဆေးနိုင်တဲ့ စနစ်ရှိပြီလား။
အဲဒါကို Service Providers ဖြစ်တဲ့ ဝန်ဆောင်မှုကို ပေးနေတဲ့ လုပ်ငန်းရှင်တွေကရော သူတို့ ပြင်ဆင်ထားသလား။ သူတို့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းကို ကျနော်တို့က ဘယ်လောက်အထိ အာမခံနိုင်ပါတယ်။ ဘယ်လို စစ်ဆေးနိုင်ပါတယ်။ ဘယ်သူတွေ လာစစ်ဆေးရင် ကျနော်တို့က အချိန်မရွေး လက်ခံပါတယ်ဆိုတာမျိုး သူတို့ဘက်က အဆင်သင့်ဖြစ်သလား ပေါ့။
အဲလိုမျိုး စစ်ဆေးတာက တကယ်ကျတော့ စားသုံးသူ အကျိုးအတွက် စစ်ဆေးတာဖြစ်တယ်။ အဲဒီဥစ္စာမှာမှ သူရဲ့ အကျိုး ထိခိုက်မှာ စိုးတဲ့အတွက် အစစ်အဆေးမခံနိုင်ပါဘူးဆိုရင်တော့ အဲဒီလူတွေက ကျနော်တို့ရဲ့ စားသုံးသူတွေကို ဝန်ဆောင်မှု ပေးဖို့အတွက် အဆင့်အတန်းမမီတဲ့ လူတွေလို့ ကျနော်တို့ သတ်မှတ်မယ်။
အဆင့်အတန်းမီချင်တဲ့ လူတွေကတော့ ဒီစနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့အတွက် သူတို့ အမြန်ဆုံးကြိုးစား ကြလိမ့်မယ်။ နောက်တခုက ကျနော်တို့နိုင်ငံမှာ အစားအသောက်ထုတ်လုပ်တာနဲ့ ပတ်သက်ပြီး အစားအသောက် ထုတ် လုပ်တဲ့ အသင်းတွေရှိတယ်။ စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေရှိတယ်ဆိုရင် ဒီအသင်းအဖွဲ့တွေက ထုတ်လုပ်သူတွေကို သေချာစနစ်တကျ ကြီးကြပ်နိုင်သလား။ ဒါမှမဟုတ်စောင့်ကြည့်နိုင်သလား။ အဲဒါတွေ ကျနော်တို့ စဉ်းစားဖို့ လိုတယ်။
နောက် ကျနော်တို့မှာ အထူးပြဿနာရှိတာက ကျနော်တို့က လုပ်ငန်းတခုလုပ်ရင် စနစ်တကျ မှတ်ပုံတင်ထားတဲ့ စနစ်မရှိ ဘူး။ ဘယ်သူက တာဝန်ယူထားပြီး ဘယ်သူက ကြီးကြပ်နေသလဲဆိုတာ သူ့တာဝန်၊ ကိုယ့်တာဝန်မကွဲပြားဘူး။ ဒါကြောင့် မို့လည်း စစ်ဆေးနေတဲ့သူတွေရှိဖို့ ဆိုတာထက်ကို ထုတ်လုပ်သူတွေက ကိုယ့်ကိုယ်ကို သေချာ စနစ်တကျ ထုတ်လုပ် နေတဲ့ အဆင့်အတန်းတွေ မီအောင်လုပ်ထား။ ပြီးရင် အစစ်ခံရမယ်။
ကျနော်တို့ကတော့ ဒီလိုမျိုး ထုတ်လုပ်နေတာဖြစ်တယ်။ အချိန်မရွေးလာစစ်ပါ။ ထုတ်လုပ်နေတာကိုလည်း အခုခေတ်မှာ ဒစ်ဂျစ်တယ်နည်းတွေအရ မှတ်တမ်းတင်ထားလို့ရတယ်။ ကျနော်တို့က ထုတ်လုပ်နေတဲ့ လုပ်ငန်းစဉ်တလျှောက်လုံးကို မှတ်တမ်းမှတ်ရာနဲ့ ဒီလိုထုတ်နေတာပါဆိုပြီး သူတို့အာမခံရင်တော့ ကျနော်တို့ရဲ့ စိတ်ချမှုက ပိုကောင်းလာမယ်။
ဒါတွေကိုလည်း ကျနော်တို့က လုပ်စေချင်တယ်။ စားရိတ်တက်မှာ ကြောက်လို့ ဒါတွေကို အခုချိန်မှာ ကုန်ဈေးနှုန်း တက် နေတဲ့အတွက်ကြောင့် အကျိုးအမြတ်နဲမှာ အပြင် ရှုံးမှာလည်းပူရတယ်။ အဲဒီတော့ အဆုံးအရှုံးတွေကို ကာကွယ်နိုင်ဖို့ အတွက် ခုနက ဒီလိုမျိုး စနစ်တကျနဲ့ ကုန်သင့်ကုန်ထိုက်တာတွေကို အကုန်မခံချင်ဘူးဆိုရင်တော့ ဒီလုပ်ငန်းက လုပ်လို့မအောင်မြင်နိုင်ဘူး။
ဒါကို ကျနော်တို့ စားသုံးသူက မရှိသုံး သုံးနေရတာ ဖြစ်တယ်ဆိုရင်လည်း ရေရှည်အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ စနစ်တကျလုပ်တဲ့ သူက သာလျှင် အနိုင်ရသွားမယ်။ အားလုံးကို ကျော်တက်သွားပြီးတော့ သူ့စီးပွားရေးအောင်မြင်လိမ့် မယ်။ ဒါကြောင့်မို့ ကျနော်တို့က တနိုင်တပိုင်ပဲ လုပ်သည်ဖြစ်စေ၊ အသေးစား၊ အလတ်စား နိုင်သလောက်လုပ်ကြတဲ့ အခါ စနစ်ကတော့ တခုတည်း ဖြစ်စေချင်တယ်။ စားသုံးသူရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဂရုစိုက်တဲ့ စနစ်ကောင်းတွေ ရှိနေ ဖို့လိုတယ်။
Good Manufacturing Practice ပေါ့။ ဒီလိုမျိုး အကျင့်သိက္ခာကောင်း ကောင်းနဲ့လုပ်တာကိုတော့ ဘယ်လုပ်ငန်းရှင်ပဲ ဖြစ်ဖြစ်မျှော်လင့်တယ်။ ဒါကြောင့် ဒါတွေကို စစ်ဆေးဖို့ကျတော့လည်း ကျနော်တို့လို အရပ်ဘက်အဖွဲ့တွေကတော့ စစ်ဆေးခွင့်မရှိဘူး။ သို့သော် စစ်ဆေးတဲ့ ဌာနဆိုင်ရာတွေကို ဘေးက ဝိုင်းကူပေးနိုင်တယ်။ သက်သေအဖြစ် ဘေးကနေ လိုက်ပေးနိုင်တယ်။
စစ်ဆေးခွင့်ရှိတဲ့ ဌာနဆိုင်ရာကလည်း သူတို့ရဲ့ အလုပ်တွေ တအားများနေပြီ။ သူတို့မှာလည်း အင်အားမရှိဘူး။ ကျနော် တို့ကတော့ ဒီဥစ္စာကို ထင်သာမြင်သာ ရှိတဲ့ စနစ်ဖြစ်စေချင်တယ်။ အစစ်ခံနိုင်တဲ့ စနစ်ဖြစ်စေချင်တယ်။
မေး။ ။ ကောင်းမွန်တဲ့ စနစ်တခုလိုတယ်ဆိုတော့ အဲဒီကောင်းမွန်တဲ့ စနစ်တခုဖြစ်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ တာဝန်ရှိသူတွေက ဘာလုပ်ဖို့လိုသလဲ။
ဖြေ။ ။ တာဝန်ကတော့ ဒီထဲမှာ ပတ်သက်တဲ့ သူတွေအားလုံး တာဝန်ရှိတယ်။ အစိုးရ၊ အရပ်ဘက်အဖွဲ့တွေ၊ လုပ်ငန်းရှင် တွေ၊ စားသုံးသူတွေရောပေါ့။ ဒီလေးဦး လေးဖလှယ်က ကိုယ်နဲ့ ဆိုင်ရာ၊ ဆိုင်ရာ တာဝန်ရှိကြတယ်။ ကိုယ်ဆိုင်တဲ့ တာဝန် ကို ကိုယ်ကျေပွန်ရမယ်။
အစိုးရပိုင်းကကျတော့ သူတို့မှာရှိတဲ့ စံချိန်စံညွှန်းတွေအရ သူတို့ကြီးကြပ်နိုင်တာတွေရှိတယ်။ သူတို့ကြီးကြပ်တဲ့ စနစ်တွေ ကို လိုက်နာနိုင်ဖို့ သူတို့ အသိပေးရမယ်။ လွယ်လွယ်ကူကူနဲ့ သိနိုင်တဲ့ စနစ်တွေရှိရမယ်။ မလျှိုထားရဘူးပေါ့။
ဌာနဆိုင်ရာအနေနဲ့တော့ ဒီစံချိန်စံညွှန်းအတိုင်း လုပ်တာလိုချင်တယ်လို့ ပြော။ လုပ်ငန်းရှင်ကကျတော့ ဒီလုပ်ငန်းရဲ့ လိုအပ်ချက်တွေကို ခုနက ကြီးကြပ်တဲ့ စံချိန်စံညွှန်းအရ လုပ်နိုင်ပါတယ်။ မလုပ်နိုင်ပါဘူးဆိုတာကို သူတို့ဘက်က သေချာပြင်ဆင်။
ဒါတွေကို ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ နေရာတကာရောက်ပြီး စုံစမ်းထောက်လှမ်းနေတာဖြစ်တဲ့ အတွက် ကျနော်တို့ဆီမှာ သတင်းအချက်အလက်တွေရှိတယ်။ ရှိတဲ့အတွက် အဲဒါတွေကို သူတို့နားထောင်ပေး။ ကျနော် တို့က တွေ့တာတွေကို နှစ်ဖက်လုံးကို သတင်းပို့တယ်။
လုပ်ငန်းရှင်ကိုလည်း သတင်းပို့တယ်။ လုပ်ငန်းကြီးကြပ်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း အသိပေးတယ်။ အဲဒီလို သတင်းပို့တာတို့ အသိပေးတာတို့လုပ်ထားရင် အဲဒီအပေါ်မှာ သူတို့အရေးယူဖို့လိုတယ်။ အဲဒီလိုအရေးယူတာကိုလည်း သူတို့ ထင်သာမြင်သာနဲ့ ပြောနိုင်ရမယ်။
ဒီစနစ်ကို မလုပ်ခဲ့တာအတွက် အခုအချိန်မှာ အဆင်သင့်မဖြစ်ခဲ့ဘူး။ ဒါပေမယ့် မလုပ်ရင်လည်းမရဘူး။ အဲဒါကြောင့်လုပ် မယ်ဆိုရင်လည်း ဒီအလုပ်သည် စိတ်ပါရင် စေတနာပါရင် အရမ်းခက်တဲ့ အလုပ်မဟုတ်ဘူး။ အားလုံးဝိုင်းဝန်းပြီး လုပ်ဖို့ လိုတယ်။
အခုခေတ်မှာက ဆိုရှယ်မီဒီယာအားကောင်းတယ်။ ဘယ်သူက လုပ်နေတယ်။ မလုပ်ဘူးဆိုတာ လိုင်းပေါ်မှာတက် လာမှာပဲ။ တခုရှိတာက လုပ်ငန်းရှင်တွေက သူတို့နစ်နာရင် ၆၆ (ဃ) တို့ဘာတို့နဲ့ ပြန်ကာကွယ်တာတွေရှိတယ်။ အဲဒီအခါကျတော့ ကျနော်တို့စားသုံးသူတွေက မလိုအပ်ဘဲနဲ့ အမှန်ပြောရင်တောင်မှ အမှုဖြစ်တယ်။ အမှန်ပြောတဲ့သူ အမှုဖြစ်တဲ့ ကိစ္စမျိုးတွေတော့ ကျနော်တို့ ရှေ့ဆက်ပြီး မမြင်ချင်ဘူး။ ဒါက မဖြစ်သင့်ဘူးပေါ့။ ဒါက အားလုံးအတွက် မကောင်းဘူး။
စားသုံးသူတွေပဲ ထိခိုက်တာမဟုတ်ဘဲနဲ့ အုပ်ချုပ်သူတွေရော၊ ထုတ်လုပ်သူတွေရော တချိန်ချိန်မှာ အခက်အခဲဖြစ်လာမှာ။ ဒါကြောင့်မို့ ကျနော်တို့ကတော့ ကိုယ့်ဘက် သစ္စာရှိစွာနဲ့လုပ်၊ စေတနာသေချာထား အချင်းချင်းတယောက်နဲ့ တယောက် ရှိရမယ့် ရပိုင်ခွင့်တွေကို သေချာစွာလေးစားလိုက်နာပေး။ လူတိုင်းမှာ လိုက်နာရမယ့်ဟာတွေရှိတယ်။ စာသုံးသူမှာ လည်း ရှိတယ်။ လုပ်ငန်းရှင်မှာလည်းရှိတယ်။ အစိုးရမှာလည်းရှိတယ်။
ကျနော်တို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မလစ်ဟင်းစေနဲ့ပေါ့။ ကျနော်တို့ စားသုံးသူမှာလည်း တာဝန်ရှိတယ်။ အဲဒီ တာဝန်တွေကို သိထားဖို့လိုတယ်။ အဲဒီတာဝန်တွေအတိုင်း လိုက်နာဖို့လိုတယ်။ အဲဒီတော့ စနစ်ကောင်းက မြန်မြန် တည်ဆောက်ရင် အကောင်အထည်ပေါ်နိုင်တယ်။
ဘယ်လို တည်ဆောက်ရမလဲဆိုရင် ကျနော်တို့ စားပွဲဝိုင်းမှာ တမနက်လောက်ထိုင် စဉ်းစားရင်ပေါ်တယ်။ လုပ်ချင်တဲ့ ဆန္ဒရှိတဲ့သူတွေကို ပြောတာနော်။ ဒီထဲမှာမှ ရှောင်ဖယ်ပြီးလုပ်နေရင် တနှစ်ဆွေးနွေးလည်းမရဘူး။ နှစ် နှစ်ဆွေးနွေး လည်းရမှာမဟုတ်ဘူး။ တကယ်လုပ်ချင်လို့ စေတနာပါရင် တမနက်ဆွေးနွေးရင် ဖြစ်ပါတယ်။
မေး။ ။ ဆရာပြောသွားတဲ့ထဲမှာ လုပ်ငန်းရှင်တွေဘက်က လုပ်သင့်တဲ့ဟာမျိုးတွေလဲ ပြောသွားတယ်။ နောက်တခုက စားသုံးသူတွေမှာလဲ ဒါနဲ့ပတ်သက်ရင် တာဝန်ရှိတယ်ဆိုတာပြောသွားတော့ စာသုံးသူတွေနဲ့ ပတ်သက်တဲ့ တာဝန်တွေ ပြောပြပေးလို့ရမလား။
ဖြေ။ ။ စားသုံးသူတွေရဲ့ တာဝန်ကတော့ ဒီလို ဥပဒေထဲမှာလည်း ရှိထားတယ်။ ဒါပေမယ့် သူက ဝယ်တာရောင်းတာတွေနဲ့ ပတ်သက်တဲ့ကိစ္စ အဓိကများတယ်။ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ညွှန်ကြားချက် တွေအရ ပြောရင် စားသုံးသူတွေ လိုက်နာရမယ့် အချက်ငါးချက်ရှိတယ်။
နံပါတ် ၁ က Critical Awareness ပေါ့ ။ ဖြစ်နေတဲ့ကိစ္စတွေ အားလုံးကို ဂရုတစိုက်နဲ့ အရေးယူမှူလုပ်ရမယ်။ အဲ့ဒါက လက်ရှိဆိုရင် ကြည့်လိုက်ရင် ဘယ်ဟာ အန္တရာယ်ရှိသလဲ ဖြစ်လာနိုင်မယ့် အန္တရာယ်တွေရဲ့နောက်ဆက်တွဲကို သတိ၊ ဝီရိယရှိစွာနဲ့ သတင်းအချက်အလက်တွေကို လိုက်ကြည့်နေမယ်။ မမှန်သတင်းဆိုလည်း မမှန်တဲ့ကြောင်း အဲဒီလိုမျိုး Awareness ကောင်းကောင်းရှိဖို့လိုတယ်။ နောက်တစ်ခုက Social Awareness ရှိရမယ်။ Social မှာတော့ ဘာလဲဆိုတော့ တယောက်နဲ့တယောက်ကို တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်။ နစ်နာသွားမယ့် ကိစ္စတွေကို မဖန်တီးဖို့ အဲ့ဒါ ကျနော်တို့ ဘက်ကလည်း တာဝန်ယူရမယ်။ ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေလိုတဲ့ဆန္ဒ စားသုံးသူဘက်က ဖန်တီးနေတာတွေလည်း ပါတာပေါ့။ ဒါမျိုးတွေကိုမလုပ်သင့်ဘူး။
နောက်တခုက ပတ်ဝန်းကျင် Environmental နဲ့ပတ်သက်တဲ့ ကိစ္စမှာလည်း သေသေချာချာ သဘောပေါက်နေဖို့ လိုတယ်။ လိုက်နာပေးဖို့လိုတယ်။ နောက်တချက်က ကျွန်တော်တို့အချင်းချင်း စည်းလုံးညီညွတ်ရမယ်။
သတင်းအချက်အလက်တွေကို ဂရုစိုက်ရမယ်။ သတင်းအချက်အလက်တွေကို ကောင်းကောင်း ဖလှယ်နိုင်ရမယ်။ ကျနော်တို့ ကိုယ်တိုင်ပါဝင်ရမယ်။ စည်းလုံးညီညွတ်မှု ရှိရမယ်။ အဲ့ဒါအရေးကြီးတယ်။ ငါးချက်လောက်ကိုတော့ လိုက်နာနိုင်ရမယ်။
ခက်ခဲတာတော့မဟုတ်ဘူး လိုက်နာနိုင်မယ်ဆိုရင် စားသုံးသူက ကောင်းတယ်ဖြစ်မယ် ။ စားသုံးသူဘက်က တာဝန် ဝတ္တရားတွေကို လိုက်နာနိုင်ရမယ်။ လုပ်ငန်းရှင်နဲ့ ဝန်ဆောင်မှု ပေးတဲ့သူတွေ ထုတ်လုပ်သူဘက်နဲ့ အစိုးရနဲ့ အစိုးရ ဆိုတာကလဲ ဝန်ဆောင်မှု ပေးရတဲ့ အထဲပါတယ်။
ကျနာ်တို့ စားသုံးသူတွေရဲ့ ရသင့်ရထိုက်တာတွေကို သူတို့ကလည်း သိထားရမယ်။ သိပြီးတော့မှ ဒါတွေကို ဘယ်လို ဖြည့်ဆည်းလဲဆိုတာ အားထုတ်နေဖို့လိုတယ်။ ဒါဆိုရင် ကျွန်တော်တို့ လက်ရှိဖြစ်နေတဲ့ အခြေအနေကိုလဲ ဖြေရှင်းနိုင်မယ်။ နောင်လာမဲ့ အခြေအနေအားလုံးမှာလဲ ပိုကောင်းတဲ့ လူနေမှု ဘဝကိုရမယ်။
မေး။ ။ အခုဆိုရင် COVID – 19 ကြုံလာတော့ အစားအသောက်မှာချင်တယ်ဆိုရင် ဖုန်းဆက်လိုက် လာပို့ပေးမယ်။ ပိုက်ဆံ ကတော့ ကုန်ကျစရိတ်တိုင်းပဲ သယ်ယူပို့ဆောင်မှုကို ပေးစရာမလိုဘူးဆိုပြီး ပရဟိတလုပ်တဲ့ အဖွဲ့ပေါ်လာတယ်။ တဖက် မှာလည်း စီးပွားရေးအရ အစားအသောက်ကို ဖုန်းဆက်ပြီး မှာလိုက်တယ်ဆိုရင် ဝန်ဆောင်မှု လုပ်ငန်းတွေရှိလာတယ်။ ဒါက ဘယ်လိုခင်းကျင်းမှူမျိုးဖြစ်လာတာလဲ။ သုံးသပ်ပေးပါဦး။
ဖြေ။ ။ ပရဟိတဘက်က စဉ်းစားတာဆိုတော့ လက်ရှိအခြေအနေမှာတော့ ရုတ်တရက် ကြီးထွားလာမယ့် အနေအထားဖြစ် နေတယ်။ လုပ်အားအင်အားလိုတယ်။ လုပ်ငန်းရှင်လောက်နဲ့လည်း မပြည့်စုံဘူး၊ ပရဟိတဘက်ကလည်း သေသေချာချာ ညွှန်ကြားထားတဲ့ လိုက်နာတဲ့အချက်ဆိုတာ အားလုံးမှာ တညီတညွတ်တည်း ရှိဖို့လိုတယ်၊ အဲ့ဒီအခါကျတော့ အဲ့ဒီဟာနဲ့ ပတ်သက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ့် ပြသနာအချို့ ရှိနေတယ်။
ဒါဆိုရင် လုပ်ငန်းရှင်တွေ ဘက်ကရော သူတို့ လေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေနဲ့ လုပ်တာကရော အဆင်ပြေလားဆိုတော့ မပြေဘူး။ မပြေတဲ့ကိစ္စမို့ Complain တွေအများကြီးရှိတယ်။ မကျေမနပ်တော့ ခံစားနေရတာတွေရှိတယ်။ အဲဒီဥစ္စာကို ပရဟိတ Volunteer ကဝင်ပြီးဖြည့်တဲ့ အခါမှာတော့ စနစ်တကျမဖြစ်မှာ စိုးရိမ်တယ်။
တိတိကျကျ သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေ မရှိဘူး။ စံချိန်အတိအကျမရှိဘူး။ ကျွန်တော်တို့က စံချိန်တယောက် တမျိုး တရွာ တပုဒ်ဆန်းလုပ်လို့မရဘူး။ အန္တရာယ်တွေ အားလုံးကို ကာကွယ်နိုင်တဲ့အခြေအနေ တခုတော့လိုတာပေါ့။
အခုနကပြောသလို နှစ်ဖွဲ့သည်လည်း နားလည်မှု လွဲနိုင်တယ်။ တယောက်နဲ့ တယောက်။ ဖြစ်နိုင်ရင် သူ့စည်းကိုယ့်စည်း ထားဖို့လိုတယ်ပေါ့။ ကျနော်တို့ရဲ့ Consumer ရွေးချယ်မှုပေါ့ ။ ပရဟိတကိုယုံပြီး ရွေးချယ်မယ်။ ဒါမှမဟုတ် လုပ်ငန်းရှင်က ဝန်ဆောင်မှု တခါထဲ ပါတယ်ဆိုတဲ့ အပေါ်မှာလည်း လက်ခံလို့ရတယ်ဆိုတဲ့ တယောက်နဲ့ တယောက်နားလည်မှူလိုတယ်။
ကျနော်တို့က စနစ်တကျ သေချာတည်ဆောက်ထားတဲ့ အပေါ်မှာ ရွေးတာမဟုတ်ဘူး။ အဲဒီပေါ်မှာ အများကြီး အခက်အခဲ ရှိနိုင်တယ်။ စနတစ်တကျထားထားတဲ့ လုပ်ထုံးလုပ်နည်း အတိုင်းသွားတဲ့ ဟာတွေတောင်မှ အဆင်မပြေနေတာတွေ အများကြီးရှိတယ်။
မေး။ ။ ဘယ်လိုအခက်အခဲဖြစ်နိုင်မလဲ။ စနစ်တကျမရှိဘဲ လုပ်နေကြတော့ ကသောင်ကနင်းတွေ ဖြစ်မှာလား မြင်သာမယ့် ဥပမာလေးတစ်ခုလောက်ပြောပြပါ။
ဖြေ။ ။ Online နဲ့ ပို့နေတာတွေကတော့ လောလောဆယ်မှာတော့ သိပ်အသံမထွက်သေးဘူး။ လုပ်ငန်းရှင် အနေနဲ့ သူတို့ Service ကို ဂရုစိုက်ပြီးတော့ နာမည်တခု တည်ဆောက်ချင်တဲ့ အတွက်ကြောင့် အမှားအယွင်းမခံဘူး။ ဒီလိုက်ပို့နေတဲ့ လူတွေကပဲ ဒီပေါ်မှာလိုက်နာရမယ့် အတိုင်းလိုက်နာနေတယ်။
ဒါပေမဲ့ Volunteer ဝင်လုပ်နေတဲ့ လူတွေကျတော့ ဒါတွေက လေ့ကျင့်ထားတာမရှိဘူး။ ဘာသင်တန်းမှမပေးထားဘူး။ ကိုယ့်ရဲ့ စေတနာစိတ် တခုနဲ့ အခြေခံပြီး ဝင်လုပ်နေတာဆိုတော့ တခါတလေမှာ ခက်တာက ပိုက်ဆံလိုချင်လို့ လုပ်တာ မဟုတ်ဘူးနော်ဆိုတဲ့ တခုကြောင့် အဲ့ဒီပေါ်မှာ ပရဟိတသမားတွေရဲ့ စိတ်နေသဘောထားက တခါတလေမှာ မှားတယ်။
လုပ်လည်း လုပ်ပေးရသေးတယ် အဲဒါတော့မဖြစ်သင့်ဘူး။ အရေးကြီးတာက Professional တော့ဆန်ရမယ်။ ဆောင်ရန် ရှောင်ရန်တွေကို အတိအကျလိုက်နာမယ်။ အကောင်းဆုံးစနစ်တွေကို လုပ်ကြမယ်ဆိုတဲ့ စိတ်ထားကတော့ လုပ်တဲ့သူတွေ ပေါ်မှာ ရှိနေဖို့ လိုတယ်။ ဒီ အခြေအနေလေးပေါ်မှာ စေတနာလေးနဲ့ ပုံပြီး လုပ်လိုက်မယ်ဆိုရင် ဒီကနေရွေ့သွားမယ့် နောက်အရွေ့ရလဒ်ကောင်းတွေ အများကြီးရ လာနိုင်တယ်ပေါ့။ ဒါကိုလည်းပဲ ကျနော်တို့ကမျှော်လင့်ထားတယ်။
ကျနော်တို့မှာရှိတဲ့ ယာဉ်နဲ့ အစားအသောက်တွေကို ဘယ်လိုဖြန့်ဖြူးအောင်လုပ်မလဲ ။ အလုပ်လက်မဲ့ ဖြစ်သွားတာတွေ ငွေကြေးမရှာနိုင်တာတွေ နောက်ပြီး လမ်းပေါ်ထွက်လာလို့ မရတော့တဲ့ အခြေအနေမျိုးတွေ ဖြစ်သွားရင် သူတို့ဆီကို အသင့်စားလို့ရတဲ့ အစားအသောက်လောက်ကတော့ ရောက်သွားအောင် အဲ့ဒီတွက်ကို ခုလောလောဆယ် တိုင်ပင်နေတယ်။
တခုတော့ ရှိတာပေါ့ ဒါကြီးက ကြီးကျယ်တဲ့ အလုပ်ဖြစ်နေတယ်။ လောလောဆယ် Model တစ်ခုအနေနဲ့ Pilot ပေါ့၊ ရှေ့ ပြေး အစီအစဉ်တခု အနေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်။ ဒီ အစီအစဉ်အောင်မြင်သွားရင် အားနည်းချက် အားသာချက် တွေကို ပြင်ပြီးတော့ ကောင်းတဲ့ စနစ်တစ်ခုထွက်လာရင် အားလုံးကို ဖြန့်လိုက်ပြီးတော့ ဒါကို ရှိသမျှ တနိုင်ငံလုံး အတိုင်းအတာ မှာ ဒီစနစ်ကိုကျင့်သုံးသွားဖို့တွက် ကျနော်တို့ကြိုးစားနေတယ်။
ကျနော့်အနေနဲ့ပြောရရင် ပရဟိတ လုပ်ငန်းတွေမှာ တော်တော်များများအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ တိုင်ပင်တာ ဆွေးနွေးတာ သူတို့လုပ်ရပ်တွေနဲ့ပတ်သက်ပြီးတော့ သင်ခန်းစာတွေရှိတယ်။ ကျနော် တို့က စားသုံးသူအရေးကို လုပ်ရ တော့ တော်တော်များများဘက်စုံကိုတွေးရတယ်။ ကျနော်တို့နဲ့ လွတ်သွားတဲ့ ကဏ္ဍဆိုတာမရှိဘူးပေါ့။
သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ရတယ်။ ဆိုင်ရာဆိုင်ရာတွေနဲ့ဆွေးနွေးနေတယ်။ ဒီအစီအစဉ်အောင်မြင်သွားဖို့ကြိုး စား နေတယ်ပေါ့။ ဒါလေးက လောလောဆယ် လုပ်နေတဲ့ လုပ်ရပ်လေးကို ပြောပြလိုက်တာပါ။
မေး။ ။ ဘယ်ကာလလောက်များ ဆရာတို့ အစီအစဉ်က စမှာလဲ။
ဖြေ။ ။ အမြန်ဆုံးဖြစ်အောင် လုပ်နေတယ်။ လမ်းပေါ်မတက်ရဘူးဆိုတဲ့ အမိန့် သည် ဘယ်ချိန်မှာ ထွက်လာမလဲလို့ မပြော နိုင်ဘူး။ ဘာလို့ဆို ဒီအခြေအနေသည် ခုကျွန်တော်တို့ တဖြေးဖြေးနီးလာပြီပေါ့၊ ကျနော်တို့ပတ်ဝန်းကျင်မှာ အိန္ဒိယကလုပ် လိုက်ပြီဆိုတော့ ဒီအခြေအနေကို ရှောင်ရှားလို့မရဘူး။ ရှောင်လို့မရကြောင်း ပြည်သူလူထုကိုပြောတာသည် အကြောက် တရားဝင်သွားအောင် ပြောတာမဟုတ်ဘူး။ ကျနော်တို့က အဓိပ္ပါယ်ပြန်တာလွဲလို့မရဘူး။
ပြည်သူလူထုကတော့ စီမံတဲ့သူတွေအောက်မှာ သွားရမှာလေ။ အဲ့ဒီတော့ စီမံတဲ့သူတွေက အပြည့်အစုံသတိထားပြီး စီမံဖို့ လိုတယ်။ တဖွဲ့တအုပ်စုတွေ အသီးသီးလှုပ်ရှားနေတာရှိတယ်။ အားလုံးကို ထင်သာမြင်သာ ရိုးသားစွာနဲ့ ဒါတွေကို စုစည်း နိုင်ဖို့လိုတယ်။ ကျနော်တို့နိုင်ငံက တော်တော်လေး ချို့တဲ့နိုင်ငံဖြစ်တယ်။ မပြည့်စုံဘူး။ မပြည့်စုံတဲ့နေရာမှာ ပစ္စည်းတင် မဟုတ်ဘူး ငွေကြေးတင် မဟုတ်ဘူး အသိပညာလည်း တော်တော်လေး လျော့နေတဲ့ခါ ကိုင်တွယ်ရ တအားခက်လိမ့်မယ်။
ဒါကိုကျနော်တို့ တော်တော်လေးပူကြတယ်။ ကိုယ့်အပူကို စဉ်းစားပြီး အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ နားလည်မှုရှိဖို့တွက် ကျနော်တို့စုနေပြီ။ လုပ်နိုင်မယ့်သူတွေကို စုစည်းထားတယ်။ ကျနော်တို့နှေးလို့မရဘူး။ နေ့ချင်းညချင်း ဖြစ်နိုင်တယ်။
မေး။ ။ Homestay နေရမှာတို့ Work from Home နေရမှာတို့ ရှိလာပြီ၊ အပြင်ထွက်ပြီး အစားအသောက်ဝယ်ဖို့က ရေရှည်မှာ နည်းလာနိုင်ချေရှိတယ်။ Online ကနေမှာတာတို့။ လုပ်လာနိုင်ချေပိုများတယ်။ နိဂုံးချုပ်အနေနဲ့ အဲဒီလို Online ကနေ အစားအစာမှာ ယူစားသောက်တဲ့ အလေ့အထရဲ့ လားရာက ဘယ်လိုဖြစ်နိုင်မလဲ။ လိုအပ်တာရှိလည်း ဖြည့်စွက် ဆွေးနွေးပေးပါ။
ဖြေ။ ။ကျနော်တို့ရဲ့ အဖွဲ့အစည်းက စားသုံးသူတွေကို ကာကွယ်ရမယ့်အလုပ်၊ ရပိုင်ခွင့် အခွင့်အရေးတွေကို ပြည့်မှီအောင် လုပ်ရတဲ့အလုပ်ဖြစ်တယ်။ ကျနော်တို့မှာ အမြဲတမ်း ရင်ဆိုင်ပြီး လုပ်နေရတာက ကျနော်တို့ရဲ့ စားသုံးသူ ရပိုင်ခွင့် အခွင့်အရေးတွေဟာ သေချာရ မနေဘူး။
ရမနေတာကလည်း အခြေအနေကြောင့် ဖြစ်သလို တချို့က လွယ်လွယ်နဲ့ ရနိုင်ပါလျက်နဲ့ အသိပညာမရှိတဲ့ အတွက် ကြောင့် မပေးနိုင်ဘူး။ ဒါတွေက ဘာမှကုန်ကျစရိတ် မရှိသော်လည်း လူတစ်ယောက်ရဲ့ရပိုင်ခွင့် အခွင့်အရေးတွေကိုပေးကို ပေးရမယ်။
တပြားတစ်ချပ်မှ မကုန်ဘဲ။ ဒါတွေကို သိမနေနဲ့ အခါကျတော့ အဲဒီဟာကိုသိအောင် ဆက်ပြီးလုပ်မယ်။ စာသုံးသူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ စားသုံးသူနဲ့ ဆိုင်တဲ့ ပညာရေးတွေ ဒါတွေကို ခုချိန်မှာ ထိထိရောက်ရောက်နဲ့ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဖို့လိုတယ်။
ဝန်ဆောင်မှု ပေးတာ အဆင့်ဆင့်ရှိတယ်။ အစိုးရဆိုလည်း အဆင့်ဆင့်။ ကိုယ့်နိုင်ငံတော်အကြီးအကဲထိ စားသုံးသူတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးကို သိထားသဘောပေါက်နားလည်ပြီးတော့ တပြိုင်နက် ဖော်ဆောင်ရင်တော့ ကျွန်တော်တို့ရဲ့ လူနေမှူ ဘဝတွေ တက်လာမယ်လို့ ကျနော် ယုံကြည်တယ်။ ယုံကြည်စွာနဲ့လုပ်နေတယ်။အဲဒီအပေါ်မှာ ပိုပြီးညီညွတ်စေချင်တယ်။ စားသုံးသူအချင်းချင်းဆိုတဲ့ ကိုယ်ချင်းစာတရားသည် တော်တော်ထိရောက်တယ်ပေါ့။