စစ်ရေး ပဋိပက္ခ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲမှ အိမ်ခြေ ၇၀၀ ကျော်ရှိသော တင်းမ ကျေးရွာ ဒေသခံများမှာ မတ်လ ၂၂ ရက် နေ့လည်ပိုင်းက မီးရှို့ခြင်းကို ခံခဲ့ရကာ ပျက်စီးသွားသည့် ရွာအခြေအနေကိုပင် သွား ရောက် မကြည့်ရဲဘဲ အသက်လု ထွက်ပြေး နေကြရသည်။
နေအိမ်များ မီးရှို့ မခံရမီ ကတည်းက ရွာအနီးရှိ တောင်ရှည်တောင်တန်းပေါ်တွင် စခန်းချနေသည့် တပ်မတော်သား များက ရွာထဲသို့ ဝင်ရောက်ပြီး ကျေးရွာသားများကို ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ စစ်ဆေးခြင်းများ ရှိသည့်အတွက် ကျေးရွာ သားများမှာ ရွာတွင် ဆက်မနေရဲတော့ဘဲ ထွက်ပြေးကြပြီးနောက် ရွာမှာ မီးရှို့ခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများ က ပြောကြသည်။
ယင်းအပြင် တပ်မတော် စစ်ကြောင်းများ ဖမ်းဆီးခေါ်ဆောင်သွားသော တင်းမကျေးရွာသား စုစုပေါင်း ၁၈ ဦးမှာလည်း လက်ရှိ အချိန်အထိ ပြန်လွတ်လာခြင်း မရှိသလို လက်ရှိအချိန်တွင် အိမ်ခြေ ၇၀၀ ကျော် လူဦးရေ ၄၀၀၀ နီးပါးရှိသည့် တင်းမကျေးရွာသားများမှာ ကျောက်တော်မြို့နယ် အတွင်း နေရာအနှံ့တွင် စစ်ဘေး ဒုက္ခသည် အဖြစ် ထွက်ပြေး ခိုလှုံံ နေကြရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ မီးလောင်သွားတဲ့ တင်းမကျေးရွာရဲ့ လက်ရှိ အခြေအနေက ဘယ်လို ရှိလဲ ။
ဖြေ။ ။ ကျေးရွာ အခြေအနေကို သွားကြည့်ဖို့ မလွယ်ဘူး။ အနီးအနားက ရွာသားတွေကလည်း ကြောက်လှန့်ပြီးတော့ တရွာနဲ့ တရွာ ကူးလူး သွားလာဖို့ မလွယ်ဘူး။ တအိမ်နဲ့ တအိမ်ကိုတောင် သွားလာဖို့ မလွယ်တဲ့ အခြေအနေမှာ အဲဒီရွာမှာ ဘယ်နှစ်အိမ်ကျန်တယ်။ ဘယ်အခြေအနေ ဖြစ်သွားတယ်ဆိုတာ သွားကြည့်ဖို့ မလွယ်ဘူး။ ရွာမီးလောင်တယ်ဆိုတာ သေချာတယ်။ နေအိမ်တွေ ဘယ်လို ဖြစ်သွားတယ်ဆိုတာ တိတိကျကျ သွားကြည့်လို့ ရတဲ့ အခြေအနေမရှိဘူူး။
အခု အခြေအနေက ရွာကို လုံးဝ သွားလို့ မရဘူး။ ဒီနေ့ (မတ်လ ၂၉)မှာ ရွာသားတချို့နဲ့ ကျနော် တွေ့ပြီး စကား ပြောဖြစ်တယ်။ သူတို့ကိုယ်တိုင် သွားမကြည့်ရဲဘူး။ ကျနော် ကိုယ်တိုင်လိုက်မယ်။ သွားကြည့်လို့ မရဘူးလားဆိုတော့ သွားရင်တော့ တခုခု ဖြစ်ဖို့ များတယ်။ တပ်က ရွာနားက တောင်ထိပ်မှာ ရှိတာကိုး။ ရွာသားတွေ ပြောတာကတော့ အနည်းဆုံး အိမ် ၅၀၀ ကျော်လောက် မီးလောင်သွားတယ်လို့ ခန့်မှန်းကြတယ်။ သူတို့က ယေဘုယျ ခန့်မှန်းကြတယ်။ အိမ်ခြေ အားလုံး ၇၀၀ ကျော်ရှိတယ်။ အဝေးက လှမ်းကြည့်တော့ အကွက်လိုက် လောင်နေတာကို တွေ့တယ်လို့ ပြောတယ်။ တချို့အိမ် တွေကလည်း ကျန်ခဲ့တယ်။ ပျက်စီးမှုတွေ ဘာတွေနဲ့ဆို တရွာလုံး နီးပါး လောင်ကျွမ်း သွားတယ်လို့ ကောက်ချ ချကြတယ်။
မေး။ ။ တင်းမရွာ မီးလောင်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လို ပုံစံမျိုး မီးလောင်သွား တယ်ဆိုတာလည်း တချက် ရှင်းပြပေးပါ။
ဖြေ။ ။ ကျနော်တို့ကို ရွာသားတွေက ဒီလ ၂၀ ရက်နေ့ကတည်း ဖုန်းဆက်ပြီး ကျနော်ကို အဆက်အသွယ်လုပ် ပြီးတော့ အကြောင်းကြားလာတယ်။ ရွာထဲကို စစ်ကြောင်းတွေ ဝင်လာတယ်။ ကျေးရွာတွေမှာ နေလို့မရတော့ဘူး။ ရွာသားတွေကို ဖမ်းတာ ဆီးတာတွေ လုပ်နေတယ်။ စစ်ဆေးတာတွေရှိလာတယ်။ ရွာသားတချို့ကိုလည်း ဖမ်းထားတာ ရှိတယ်။
အဲဒီ အပြင် ဒီလ ၁၄ ရက် ဝန်းကျင်လောက်မှာ ရွာထဲက နေအိမ် ၁၀ အိမ်ကျော် မီးလောင်သွားတာရှိတယ်။ ရွာသားတွေက စိုးရိမ်စိတ်တွေနဲ့ ရွာကနေ ထွက်ပြေးဖို့ ကြိုးစားကြတယ်။ အဲဒီအချိန်မှာ ဒီလ ၁၆ ရက်လောက်မှာ သူတို့ ( တပ်မတော်စစ် ကြောင်း) ဘက်က ကျေးရွာသား ၄၀ လောက်ကို ခေါ်ယူပြီးတော့ ပြောတယ်။
မင်းတို့ ရွာကနေ ထွက်ပြေးရင် လှမ်းပစ်မယ်။ သူတို့ မသိဘဲ ထွက်ပြေးသွားရင် မင်းတို့ ရွာကို မီးရှို့ပစ်မယ်ဆိုပြီး ပြောတယ် လို့ ပြောတယ်။ ရွာသားတွေက အစတုန်းကတော့ ရွာကို မီးရှို့မှာကြောက်လို့ မပြေးရဲပေါ့။ နောက်ပိုင်းမှာ ရွာသားတွေ လက်နက်ကြီး ကျည်ထိတာတွေ ဖြစ်လာတယ်။ သွားနေရင်းနဲ့ ကျည်ထိမှန်တာတွေ ဖြစ်လာတယ်။ အဲဒီအခါမှာ ဒီလ ၂၀ ရက်နေ့က စပြီး ရွာသားတွေက ထွက်ပြေးကြတယ်။
ဆိုတော့ ကျနော်တို့ သိရသလောက် ရွာသားတွေက ၂၀ ရက်ကတည်း ထွက်ပြေးကြတယ်။ ရွာမှာ ကျန်ခဲ့တဲ့ လူတွေ ကလည်း ၂၁ ရက်နေ့မှာ ထပ်ပြေးတယ်။ တင်းမရွာမီးလောင်တယ်လို့ ကျနော်တို့ သတင်းကြားတော့ ကျနော် ရွာသား တွေကို ဖုန်းလှမ်းဆက်ပြီး မေးတော့ ရွာသားတွေက ရွာမှာ မရှိတော့ဘူး။ ရွာသားတွေကလည်း ရွာမီးလောင်တယ်ဆိုတာ အတည်ပြုဖို့ အနီးအနားက ရွာတွေကို ဖုန်းဆက်ပြီး မေးကြတယ်။ အနီးအနားက လှမ်းမြင်ရတဲ့ ရွာသားတွေက မီးလောင် နေတာ ဟုတ်တယ်။ ရွာထဲမှာ ၃ နေရာ၊ ၄ နေရာလောက် မီးလောင်နေတာကို မြင်ရတယ်လို့ မြင်တယ်။
တချို့ လှမ်းမြင်ရတဲ့ လူတွေ ပြောတာက လက်နက်ကြီးနဲ့ အရင် ပစ်တယ်လို့ ပြောပါတယ်။ လက်နက်ကြီးနဲ့ ပစ်တဲ့ အခါ ကျကွဲပြီးတော့ လောင်တယ်ပေါ့။ တရစပ် ပစ်ခတ်မှုတွေ ဖြစ်တယ်။ နောက်ပြီး ရွာထဲမှာလည်း တပ်မတော်သား တချို့ကို တွေ့တယ်လို့ ပြောတယ်။ ဆိုတဲ့အခါ ရွာသားတွေ မပြေးခင် တပ်က ခေါ်ပြီးတော့ ပြောတဲ့ ပုံစံအတိုင်းပေါ့။
မင်းတို့ ရွာကနေ ထွက်ပြေးရင် မင်းတို့ ရွာကို မီးရှို့မယ်ဆိုတဲ့ ပုံစံအတိုင်းပဲ စစ်သားတွေက လုပ်တယ်ဆိုပြီး ကျနော်တို့ကို ရွာသားတွေက ရင်ဖွင့်ကြတယ်။ အခြေအနေကတော့ ၂၂ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ မီးလောင်တယ်လို့ ပြောတယ်။
မေး။ ။ ရွာသား ၂၀ နီးပါးလည်း အဖမ်းခံထားရတာ ရှိတယ်လို့ ကြားတယ်။ အဲဒီရွာသားတွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ အဖမ်းခံထားရတဲ့ မိသားစုနဲ့ ကျနော်နဲ့ ဒီနေ့ မနက်မှာ တွေ့ပါတယ်။ သူတို့ကလည်း ဘယ်လို အခြေအနေ ရှိလဲဆိုတာ သတင်းမရဘူး။ မိသားစုဝင်တွေကတော့ အသက်ရှင်လျှက် ရှိနေသေးတယ်လို့ ယုံကြည်နေကြသေးတယ်။ လောလောဆယ်ထိ သက်ရှိထင်ရှား ရှိနေသေးတယ်။ သူတို့ကို ပေါ်တာ ပုံစံမျိုး ဝန်တင်၊ ဝန်ချ ခိုင်းထားတယ်ဆိုပြီး ကြားရတယ်လို့ ပြောတယ်။ ဘယ်က ကြားရတယ် ဆိုတာတော့ ကျနော်လည်း မသိဘူး။
မေး။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလားတန် မြစ်ကြောင်းမှာ အလောင်းတွေ့လို့ ရွာသားတွေက သွားကြည့်တဲ့အခါ အဖမ်းခံထားရတဲ့ထဲက ဦးမောင်ဝင်းဆိုသူ ဖြစ်တယ် ဆိုပြီးတော့လည်း ကြားရပါတယ်။ အဲဒီ ဖြစ်စဉ်ကရော အတည်ပြုလို့ ရပါသလား။
ဖြေ။ ။ ဦးမောင်ဝင်း ကိစ္စက ကျနော် ဒီနေ့ (မတ် ၂၉ ရက်) မိသားစုဝင် ၁ ယောက်နဲ့ တွေ့တဲ့အခါ သူတို့ကိုယ်တိုင် မြင်ခဲ့တာ ဖြစ်တယ်။ သူ့အစ်ကိုလည်း မြစ်ထဲမှာ မျောနေတဲ့ အလောင်းကို သွားကြည့်တဲ့အခါ သူ့ညီ အလောင်း ဖြစ်တယ် ဆိုပြီးတော့ အတည်ပြုတယ်။ တချို့ကလည်း ရွာသားတွေ ရှိနေသေးတယ် လို့လည်း ပြောကြတယ်။ ဆိုတော့ ဒီဟာက ထင်ယောင်ထင်မှားလည်း ဖြစ်နိုင်တယ်။ အမျိုးမျိုး သို့လော၊ သု့ိလော ပြောကြတာ ရှိတယ်။
သူ့မိသားစုဝင်တွေကလည်း သေဆုံးတယ်လို့တော့ အတည်ပြုတယ်။ ကျနော်တို့ကတော့ အဲဒါကို အတည်ပြုပြောဖို့ နည်းနည်း ခက်ခဲတယ်။ ကျနော်တို့က လူ့အခွင့်အရေး ကော်မရှင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ စာပို့တဲ့အခါမှာတော့ အဲဒီတင်းမကြီးက ဖမ်းထားတဲ့ ၁၀ ယောက်နဲ့ တခြားအနီးဝန်းကျင်က ဖမ်းထားတဲ့ လူတွေပေါ့။ ဒီလ ၁၆ ရက် ၊ ၁၇ ရက်နေ့လောက်မှာ ဖမ်းထားတဲ့ လူ ၂၀ စာရင်းကိုတော့ ကျနော်တို့ သေချာ စာရင်းလုပ်ပြီး သက်ဆိုင်ရာကို ပို့ထားတာ ရှိတယ်။ သေဆုံးတယ် ဆိုရင်တော့ သူတို့ (သက်ဆိုင်ရာ) က အကြောင်းပြန်လာတဲ့အခါမှာ တာဝန်ခံမှု၊ တာဝန်ယူမှု အနေနဲ့ အဲဒီ ဖြစ်စဉ်အပေါ် တခုခုတော့ ပါကောင်း ပါလာနိုင်တယ်။ အဲဒီ အဖြေ မရမချင်းတော့ ကျနော်တို့ အနေနဲ့ အတည်ပြုဖို့ ခက်ပါတယ်။
မေး။ ။ ကုလားတန်မြစ်ကြောင်း အနီးဝန်းကျင်မှာ တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ဖြစ်စဉ် ကာလတလျှောက်မှာ တင်းမ ကျေးရွာသားတွေ အပါအဝင် အဖမ်းခံထားရတဲ့ ရွာသား စုစုပေါင်း ဘယ်လောက်ရှိလဲ။ ဆရာတို့ ရရှိထားတဲ့ စာရင်း အရပေါ့။
ဖြေ။ ။ အဲဒီမှာ တင်းမ (ကြီး) နဲ့ တင်းမ (သစ်)ဆိုတာ ရှိပါတယ်။ တရွာနဲ့ တရွာဆို ၂ ဖာလုံလောက် ဝေးပါတယ်။ တင်းမသစ်ရွာက ရွာသား ၈ ယောက် ဖမ်းထားတာ ရှိတယ်။ တင်းမကြီးကတော့ လူ ၅၀ ဖမ်းဆီးခဲ့တာ ၄၀ လွတ်လာပြီး တော့ ၁၀ ယောက်ကတော့ အခုအထိ ပြန်လွတ်လာတာ မရှိသေးဘူး။ အားလုံး ကျနော်တို့ ကျောက်တော်မြို့နယ်မှာ လတ်တလောမှာ တပ်က ဖမ်းထားတာ လူ ၂၀ ကျော်ရှိတယ်။ အားလုံး သူတို့(တပ်)က ဖမ်းသွားတာ။ တင်းမကြီးက ၁၀ ဦး ရှိတယ်။ တင်းမသစ်က ၈ ဦး ရှိမယ်။
ပြီးရင် ဖေဖော်ဝါရီ ဒုတိယ အပတ်လောက်မှာ ကျောက်တော်ကနေ ပလက်ဝဘက်ကို သွားတဲ့ စက်လှေကနေ ဖမ်းသွားတဲ့ လူ ၆ ယောက်ရှိတယ် အဲဒီ ၆ ယောက်မှာ ၄ ယောက်ကတော့ ရဲစခန်းကို ရောက်နေတယ်လို့ သတင်းကြားတယ်။ အဲဒီ စက်လှေပေါ်က ဖမ်းသွားတဲ့အထဲမှာ အသက်ကြီးပိုင်း ၁ ယောက် သေတယ်။
ကျောက်တော်ကို ရောက်တဲ့အခါ အသက်က မျော့မျော့ပဲ ပါလာတယ်လို့ ပြောတယ်။ ကျနော်တို့က ဖုန်းနဲ့ တဆင့် လှမ်း မေးတော့ မိသားစုဝင်တွေက ဒီလိုပဲ ပြောကြတယ်။ နောက်ပြီး ဒီနေ့ သတင်းရတာက မီးဝအုပ်ချုပ်ရေးမှူး သား ၁ ယောက် လည်း ချောင်းမှာ ငါးမျှားနေရင်းနဲ့ အနီးအနားမှာ မိုင်းကွဲတော့ စစ်ကြောင်းနဲ့တွေ့ပြီး တပ်က ဖမ်းသွားတယ် လို့ပြောတယ်။ အဲဒီ ၁ ယောက်လည်း ရှိနေတယ်။ သေချာတာကတော့ တပ်က ဖမ်းသွားတယ်ဆိုတာ အတည်ပြုလို့ ရတယ်။ ကျနော်တို့ စာရင်းအရ ဆိုရင် လောလောဆယ် မှာ တပ်က ဖမ်းထားတာ လူ ၂၁ ယောက်ရှိတယ်။
နောက်ထပ် အဖမ်းခံထားရသူတွေလည်း ရှိတယ်။ မာလာကျေးရွာနဲ့ ဒက်ဖြူရွာက အဖမ်းခံ ထားရသူတွေလည်း ရှိတယ်။ နောက်ပြီးတော့ စပါးဆိပ်က လင်မယား ၂ ယောက်လည်း အဖမ်းခံရတာ ရှိတယ်။ ကျနော် သိသလောက်ကတော့ အဲဒီ လင်မယား ၂ ယောက်က ပြန်လွတ်လာတယ်လို့ ကြားတယ်။ အထု အထောင်းတော့ နည်းနည်းခံခဲ့ရတယ်လို့ ကြားတယ်။ မာလာရွာနဲ့ ဒက်ဖြူရွာက အဖမ်းခံရတဲ့ ၃ ယောက်မှာ ၂ ယောက်ကတော့ ကျောက်တော်ရဲစခန်းကို လွှဲပေး လာတယ်။ ဒက်ဖြူရွာက တယောက်ကတော့ တပ်က ပို့လာ ကတည်းက အသက် ပါမလာလို့ ပြောတယ်။ သူတို့ ( တပ် )လက်ထဲမှာ လောလော ရှိနေတာက အားလုံး ၂၁ ယောက် ရှိမယ်။
မေး။ ။ အဖမ်းခံထားရတဲ့ တင်းမရွာသားတွေ အပါအဝင် အနီးအနားက အဖမ်းခံထားရတဲ့ ရွာသားတွေ ကိစ္စနဲ့ ပတ် သက်ပြီး ဘာကြောင့်ဖမ်းတယ်။ သူတို့ကို ဘယ်လို ပုံစံမျိုး ဆောင်ရွက်ထားရှိလဲဆိုတာ ဘာတွေများ စုံစမ်းသိရှိထားတာ ရှိလဲ။
ဖြေ။ ။ ကျနော်တို့က လောလောဆယ် ဖမ်းသွားတဲ့ လူတွေနဲ့ တိုက်ရိုက် ဆက်သွယ်ဖို့တော့ မလွယ်ဘူး။ ကျနော်တို့ကို တင်းမရွာက မိသားစုဝင် ၁ ယောက်က ဖမ်းသွားတဲ့ တပ်က ဗိုလ်ကြီး ၁ ယောက် ဖုန်းကို ကျနော်ဆီ ပို့ပေးလို့ ကျနော်က ဆက်သွယ်ပြီးတော့ မေးမြန်းကြည့်တဲ့အခါ အဲဒီ ဗိုလ်ကြီးနဲ့ ကျနော် အဆက်အသွယ်ရလို့ မေးကြည့်တော့ သူကတော့ အဲဒီ နေရာမှာ မရှိတော့ဘူး။ အဲဒီအခြေအနေကိုလည်း မသိတော့ဘူးဆိုပြီး ဘူးခံပြီး ငြင်းတယ်။
ဆိုတော့ ကျနော်တို့ သူတို့နဲ့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်ဖို့ မလွယ်ဘူး။ ကျနော်တို့ လုပ်နိုင်တာ တခုက ဘယ်နေ့၊ ဘယ်ရက် ဖမ်းသွားတယ်။ ဒီလူတွေ ဘယ်ရွာက ဖြစ်တယ်။ မိဘတွေက ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုပြီးတော့ သေချာ စာရင်း ပြုစုပြီးတော့ သက်ဆိုင်တဲ့ ကျနော်တို့ နိုင်ငံတော် ထိပ်ပိုင်း ပုဂ္ဂိုလ်တွေကို လိပ်မူပြီးတော့ စာပို့ထားတာ ရှိပါတယ်။ ဥပမာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပို့ထားတယ်။ နောက်ပြီးတော့ ကျောက်တော်နဲ့ ပတ်သက်ပြီး လောလော ဆယ် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့အစည်းတချို့၊ သံရုံး တချို့ကိုလည်း ချိတ်ဆက်ပြီးတော့ ပေးပို့ ခဲ့တာတွေ ရှိတယ်။
မေး။ ။ ကျေးရွာသားတွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ဘာကြောင့် ဖမ်းတယ်ဆိုတာရော ဘယ်လို သုံးသပ်မိလဲ။
ဖြေ။ ။ ဒါကတော့ ကျနော်တို့ သုံးသပ်လို့ ရလောက်ကတော့ အခုဖြစ်တဲ့ အထဲမှာ တိုက်ပွဲနဲ့ တိုက်ရိုက် ဆက်စပ်တဲ့ ကျေးရွာတွေလည်း မဟုတ်ဘူး။ ကျနော်တို့ သိရသလောက်ဆိုရင် တင်းမရွာနားမှာ တောင်ရှည်တောင်ရှိတယ်။ တောင်ရှည် အထက်မှာ နေပြီးတော့ တပ်က နေရာယူထားတာရှိတယ်။ ဆိုတော့ တင်းမရွာသားတွေ အခြေအနေကို အများကြီး လေ့လာကြည့်ရင်လည်း သိနိုင်တယ်ပေါ့။
ကျနော်ကိုယ်တိုင်လည်း အဲဒီရွာမှာ ကျောင်းဆရာ လုပ်ပြီး နှစ်နှစ်လောက် နေခဲ့တယ်။ တင်းမရွာသားတွေဟာ အမှန် တကယ် နိစ္စဓူဝ တနေ့တာ တနေ့ ၊ တဝမ်းတခါး အတွက် ရုန်းကန် လူပ်ရှားနေတဲ့ လူတွေပ ဲများပါတယ်။ ပြီးရင် ဒီရွာသား တွေက များသောအားဖြင့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး အရောင်အဆင်း နည်းပါးတယ်လို့ ပြောလို့ရတယ်။
ပြောမယ်ဆိုရင် တိုက်ပွဲနဲ့လည်း တိုက်ရိုက် ဆက်စပ်မှု မရှိ။ အမှန်တကယ်လည်း ရိုးရိုးသားသားနဲ့ လုပ်ကိုင် စားသောက် နေကြတဲ့ ကျေးရွာသားတွေ ဖြစ်တယ်ဆိုတာ လေ့လာကြည့်ရင်လည်း သိနိုင်ပါတယ်။
သို့သော် ဒီလို ဖမ်းဆီးမှုတွေ လုပ်တယ်ဆိုတာတွေက ဒီလူတွေ ဟိုလူတွေနဲ့ ဆက်စပ်လိမ့်မယ်ဆိုပြီး သံသယ စိတ်ကို အခြေအခံပြီး ဖမ်းတာဖြစ်မယ်လို့ ကျနော်တို့ နားလည်တယ်။ ပြီးတော့ အဲဒီလို ဆက်စပ်မှုတွေ နောက် မလုပ်ရဲအောင် ။ တခါတည်း နောင်ကျဉ်သွားအောင် သင်ခန်းစာ ပေးတဲ့ သဘောနဲ့များ လုပ်သလားဆိုပြီး ကျနော်တို့ စဉ်းစားစရာတွေ ဖြစ်လာတယ်။
အမှန်က ဒီရွာသားတွေ ဆက်စပ်မှု ရှိလိမ့်မယ် မဟုတ်ဆိုတာကို ကျနော်လည်း အဲဒီရွာမှာ နေခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အဲဒီရွာသားတွေရဲ့ စရိုက် ၊ အဲဒီရွာသား သဘာဝ ကိုလေ့လာကြည့်ခြင်း အားဖြင့် ကျနော်အနေနဲ့ အတိုင်းအတာ တခုထိ ပြောလို့ ရတာရှိတယ်။
ပြီးရင် အဲဒီအထဲမှာ ဖမ်းသွားတဲ့ လူတွေထဲမှာ ကျနော်တို့နဲ့ Personal အရ ရင်းနှီးမှုရှိတဲ့ လူတွေပါတယ်။ သူတို့တွေက မိသားစုစားဝတ်နေရေးက လွဲပြီး တခြား မည်သည့် ကဏ္ဍကိုမှ သူတို့ခေါင်းထဲမှာ မထည့်နိုင်တဲ့ လူတွေများတယ်။ ဒီလူတွေကို ဒီလို လုပ်တာတွေကတော့ ကျနော်တို့ လုံးဝကို လက်ခံလို့ မရတဲ့ ကိစ္စတွေ။ ပြီးရင် ကျနော်တို့ လူ့တန်ဖိုး၊ လူ့ယဉ်ကျေးမှုနဲ့ သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံချိန်စံညွန်းတွေနဲ့လည်း လုံးဝ ကိုက်ညီတဲ့ ကိစ္စတွေလည်း မဟုတ်ဘူး။
အဲဒါတွေက ပြည်သူလူထုကို ပိုပြီးတော့ နာကျည်းမှုတွေ ပူလောင်မှုတွေ ပေးရုံက လွဲပြီး တခြား မည်သည့် အပြု သဘောထား လက္ခဏာမှလည်း ဆောင်လာလိမ့်မယ် မဟုတ်လို့ ကျနော်တို့က ယုံကြည်တယ်။
မေး။ ။ အိမ်တွေ မီးလောင်သွားပြီးဆိုတော့ တင်းမရွာသားတွေက လက်ရှိ ဘယ်မှာ ဝင်ရောက် ခိုလှုံနေကြလဲ။
ဖြေ။ ။ ကျနော် သိသလောက်ကတော့ တင်းမရွာမှာ အိမ်ခြေ ၇၀၀ ကျော်၊ လူဦးရေ ၄၀၀၀ ကျော်လောက်ရှိတယ်လို့ ပြောတယ်။ ဆိုတော့ အခုကတော့ သူတို့တွေ ၂၀ ရက်နေ့ကတည်း ထွက်ပြေးပြီး မြို့နယ်အနှံ့ ပြန့်ကဲျသွားတယ်လို့ ပြောတယ်။ တချို့ကလည်း ဆွေမျိုးရှိရာ နေရာတွေကို ဝင်ရောက်ခိုလှုံတယ်။ တချို့ကလည်း ကျောက်တော် စစ်ဘေး ရှောင်စခန်းတွေမှာ ခိုလှုံနေရတဲ့ လူတွေလည်း ရှိတယ်။ တမြို့နယ်လုံး ပြန့်ကဲျပြီးတော့ ကစဉ့်ကလျား ဖြစ်သွားတဲ့ အခြေအနေ ရှိတယ်။
မေး။ ။ ရွာသားတွေ အဖမ်းခံရမှု အပါအဝင် ရွာမီးရှို့ခံရမှု အပေါ် ဒေသခံ လွှတ်တော်ကိုယ်စားလှယ် တယောက် အနေနဲ့ ဘာတွေ လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ဒီကိစ္စဟာ ခုနက ပြောသလို လူ့အခွင့်အရေး စံချိန်စံညွန်းနဲ့ ကိုက်ညီတဲ့ ကိစ္စတွေ မဟုတ်ဘူး။ ဥပမာ ကျနော်တို့ လက်နက်ကိုင် အချင်းချင်း ဖြစ်ကြတဲ့ ကိစ္စတွေမှာတောင် မတော်တဆ ဖမ်းဆီးရမိလို့ ရှိရင် သုံ့ပန်း တွေကို ဘယ်လို ထားရမယ်။ ဘယ်လို ဆက်ဆံရမယ်။ လူ့တန်ဖိုး၊ လူ့ယဉ်ကျေးမှုနဲ့ အတူ ပြုမှုဆောင်ရွက်ရမယ့် ကျင့်ဝတ် သိက္ခာတွေ ရှိတယ်။
ဆိုတော့ နှစ်ဖက်လုံး ၁ ဦးကို ၁ ဦး အသက်ရည်စူးပြီး တိုက်ခိုက်ကြတာတောင် လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်း ရှိတယ် ဆိုလို့ ရှိရင် ပြည်သူတွေ အပေါ်မှာ ပြုမူဆောင်ရွက်တဲ့ အခါမှာ ဘာပဲ ဖြစ်ဖြစ် ဒီဟာတွေကို ဥပက္ခာပြုပြီးတော့ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့လာရတာက အလွန်တရာ စိတ်မကောင်း ဖြစ်စရာ ဖြစ်တယ်။
အဲဒါတွေကို ကျနော်တို့ မှတ်တမ်း၊ မှတ်ရာတွေ ပြုစုပြီးတော့ သက်ဆိုင်ရာ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေ၊ အောက်ခြေမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေကို သိတာလည်း ရှိမယ်။ မသိတာလည်း ရှိမယ်။ သိအောင်တော့ ကျနော်တို့ လုပ်ရမယ်။ သိအောင်လည်း ကျနော်တို့ ပြည်သူ့ ကိုယ်စား ပြောရမယ်။ ဆိုရမယ်။ အဲဒီလို ပြောဆိုဖို့လည်း ကျနော်တို့မှာ တာဝန်ရှိတယ်။
ကျနော်တို့မှာ ဥပဒေက ပေးထားတဲ့ အခွင့်အရေးလည်း ရှိတော့ အဲဒီ အခွင့်အရေးနဲ့ အညီ အဲဒီ တာဝန်နဲ့အညီ ကျနော်တို့က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဒီအချက်အလက် သတင်းတွေကို ပေးတယ်။ နောက်ပြီးတော့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာလည်း ပေးထားတဲ့ အခွင့်အာဏာတွေ ရှိတယ်။
မြေပြင် အခြေအနေမှာ ဖြစ်ပျက်မှုတွေကို ကွင်းဆင်း လေ့လာပြီးတော့ နစ်နာတဲ့ စစ်ဘေးကိစ္စတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့လူတွေ၊ စစ်ဘေးဒုက္ခ ခံစားနေရတဲ့လူတွေ အပေါ်မှာ အတိုင်းအတာ တခုအထိ လုပ်ပေးရမယ်ဆိုတဲ့ ဥပဒေ အရ သူတို့ကို ပေးထားတဲ့ အခွင့်အရေးရှိတဲ့ ဆိုတဲ့အခါမှာ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ပြန်လည်ဖွဲ့စည်းတဲ့ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မြေပြင် အခြေအနေကို သေချာ ကွင်းဆင်း လေ့လာပြီးတော့ ဒီအခြေအနေတွေကို မှန်မှန်ကန်ကန် တရားမျှတမှု ရှိအောင် ဖော်ထုတ်နိုင်ရေးကို ကျနော်တို့ လုပ်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး တွန်းအား ပေးသွားမယ်။ တွန်းအားပေးဖို့လည်း ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို စာပို့ထားပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာ ရှိရင်လည်း ပြောပေးပါအုံး။
ဖြေ။ ။ နှစ်ဖက်လက်နက်ကိုင် ဖြစ်ကြတာမှာ အခုလို အရပ်သား ပြည်သူဘက်ကို ဦးတည်ပြီး လုပ်လာတဲ့ ကိစ္စတွေဟာ ကျနော်တို့ နိုင်ငံအတွက်၊ ပြည်သူအတွက်ပါ တခုမှ ကောင်းလာတဲ့ လက္ခဏာ မဟုတ်ဘူး။ တနည်းအားဖြင့် စစ်ကို အဆုံးသတ်မယ့် နည်းမှန် လမ်းမှန် လုပ်ရပ်တွေ မဟုတ်ဆိုတာတော့ ကျနော်အနေနဲ့ ယုံကြည်တယ်။ ဒီဟာတွေက အခု ဖြစ်နေတဲ့ စစ်ကို အရှိန်မြှင့် ပေးလိုက်တာနဲ့တူတယ်။ အရောင်အဆင်း ကင်းမဲ့တဲ့ လူထု တရပ်လုံးကို မခံချင်စိတ်တွေ ၊ နာကျည်းမှုတွေကို ထည့်ပြီးတော့ နှလုံးသားတွေကို မီးရှို့နေတာနဲ့တူတယ်။
ဒီကိစ္စတွေက အနာဂတ်အတွက် အလွန်တရာ ရင်လေးစရာကောင်းတဲ့ စိုးရိမ်ရတဲ့ လက္ခဏာရပ်တွေသာ ဖြစ်ပါတယ်။ ဒီကိစ္စတွေကို သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေက အမြော်အမြင်ရှိရှိနဲ့ ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ဥပဒေပါ အခွင့်အရေးနဲ့ အညီ အားလုံးကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီးတော့ ကျနော်တို့ ရသင့်ရထိုက်တဲ့ နိုင်ငံရေး ရပိုင်ခွင့်တွေကို အပြန် အလှန် ဆွေးနွေး ညှိနှိုင်းရင်းနဲ့ ငြိမ်းချမ်းတဲ့ အဖြေရှာမှု တခုကို ဦးတည်ပြီးတော့ ရှေ့ဆက်သွားပါလို့ ကျနော် အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် –
ကျောက်တော်တွင် လက်နက်ကြီးကျ၍ ၅ ဦးဒဏ်ရာရ
ကုလားတန်မြစ်တလျှောက်မှ ရွာ ၂၀ကျော် တိုက်ပွဲကြောင့် နေရပ်စွန့် ထွက်ပြေး