ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 (ကိုရိုနာ ဗိုင်းရပ်စ်) ဂယက်ကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဖေဖော်ဝါရီ လလယ်လောက်မှ စတင်ကာ ခရီးသွား ဧည့်သည် လာရောက်မှု နည်းသွားခဲ့ပြီး ယခုအခါ ပုဂံဒေသ၏ ခရီးသွားလုပ်ငန်းသည် ရပ်တန့်လု နီးပါး ဖြစ်သွားလေပြီ။
ထိုအတွက်ကြောင့် ပုဂံဒေသ ခရီးသွားလုပ်ငန်းကို အမှီသဟဲပြု လုပ်ကိုင်နေသော စားသောက်ဆိုင် လုပ်ငန်းနှင့် ပတ် သက်သည့် ရိုက်ခတ်မှုများ၊ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအလုပ်သမားတို့ကြား အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)၏ အတွင်းရေးမှူး ဦးခင်မောင်ထွေးကို ဧရာဝတီက မတ် ၂၆ ရက် တွင် သွားရောက်တွေ့ဆုံ မေးမြန်းထားပါသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိသူကို မတ်၂၃ ရက်တွင် စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မတ် ၃၀ ရက်အထိ ပိုးရှိသူ ၁၄ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
မေး။ ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုဂံရဲ့ ခရီးသွားလုပ်ငန်း အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အကျိုးဆက်ကြောင့် ခရီးသွားလုပ်ငန်းကတော့ ရပ်လုနီးပါး ဖြစ်သွားပါပြီ။ ပြည်တွင်းက ဘုရားဖူး ကားလေးတွေ ကြိုကြားလာတာ တွေ့ရပေမယ့် နိုင်ငံတကာ ခရီးသွားကတော့ ရပ်သလောက်ကို ရှိသွားပါပြီ။
မေး။ ။ ခရီးသွား လုပ်ငန်း ရပ်တန့်သွားမှုကြောင့် နောက်ဆက်တွဲ ဘာတွေ ရိုက်ခတ်မှုရှိလဲ။
ဖြေ။ ။ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေနဲ့ စားသောက်ဆိုင် လုပ်ငန်းဆိုရင်တော့ ဆိုင်တဆိုင်ရဲ့ လည်ပတ်နေတဲ့ ယန္တရားပေါ့။ ဆိုင်လုပ်ငန်း ရင်းနှီးမြှုပ်နှံတဲ့ သူတွေရော၊ ဒီဆိုင်မှာ ဝန်ဆောင်မှု ပေးနေကြတဲ့ ဝန်ထမ်းတွေရော၊ သူတို့ နောက်က မိသားစုတွေရော အကျိုးစီးပွားကတော့ ရိုက်ခတ်မှုတွေ အများကြီး ဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေလည်း အများ ကြီး ဖြစ်ပါတယ်။
မေး။ ။ ပုဂံကို ဧည့်သည်တွေ လာရောက်လည်ပတ်မှု နည်းသွားတာ ဘယ်အချိန်လောက်က စတာလဲ။
ဖြေ။ ။ မှတ်မှတ်ရရ အလုံးအရင်းနဲ့ ဝင်လာတာ နည်းသွားတာက နှစ်လပိုင်း အလယ်လောက်မှာ တော်တော်များများ Reservation (ကြိုတင် မှာကြားထားခြင်း) တွေ ပြုတ်သွားပြီး ပိတ်သွားတယ်။ ထူးထူးခြားခြားကလည်း ပြီးတဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ အနောက်နိုင်ငံကလာတဲ့ ခရီးသွားတွေက ပုဂံခရီးသွားရော မြန်မာနိုင်ငံကို ဝင်တာတွေက သိသိသာ သာ နည်းသွားတဲ့အခါ အဲဒီကတည်းက ဒီနှစ်က ခရီးသွားနည်းတယ်လို့ သတ်မှတ်ထားကြတယ်။
ဒါပေမယ့် တရုတ်ခရီးသွားတွေ ရှိနေတယ်။ သူတို့တွေက ၂၀၂၀ ဖေဖော်ရီလပိုင်း အလယ်လောက်မှာ တော်တော် များများ ဒီဒေသထဲမှာ Cancellation (ပယ်ဖျက်) ဖြစ်သွားတယ်။ Reservation တွေ ပျက်သွားတယ်။ အဲဒီကစပြီး တော့မှ သိသိသာသာ ရပ်သွားတယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ မြန်မာ ခရီးသွားတွေတော့ အနည်းအကျဉ်း ရှိနေသေးတယ်။ ကိုယ်ပိုင်မိသားစု ခရီးစဉ် လေးတွေ ရှိနေတယ်။ ဒါပေမယ့် အခုလည်း အဲဒီဟာလေးတွေက တော်တော်လေး နည်းသွားပါပြီ။ ရာခိုင်နှုန်းအားဖြင့် တော်တော်နည်းနည်းပဲ ကျန်ပါတော့တယ်။
မေး။ ။ ဦးတို့ဆိုင်ကို ဘယ်တုန်းက စပိတ်တာလဲ။ ဆိုင်က ဝန်ထမ်းတွေကိုရော ဘယ်လိုပုံစံမျိုး စီမံဆောင်ရွက်ပေး ထားလဲ။
ဖြေ။ ။ ကျနော်တို့ ဆိုင်က မတ် ၂၀ ရက်လောက်မှာ စပြီး အရောင်းရပ်လိုက်တယ်။ ဒါက ကမ္ဘာ့ကပ်ရောဂါကြီးလည်း ဖြစ်တဲ့အခါ ကလေးတွေကို ရာခိုင်နှုန်းပြည့် ထောက်ပံ့မှု ဆိုတာတော့ မလုပ်ပေးနိုင်ပါဘူး။ တချို့အဝေးက ကလေး တွေကတော့ ပြန်လွှတ်တယ်။ သူတို့ ပြန်သွားကြတယ်။
ဒီမှာရှိနေတဲ့ ကလေးတွေက ဆက်ရှိနေ။ ဒီမှာပဲ စားသောက်နေထိုင် လုံလုံခြုံခြုံနေ။ လစာနှုန်းထားတရပ် ပေးထား တယ်။ သူတို့ကလည်း သဘောကျတယ်။ ဒီမှာပဲ ဆက်နေကြတယ်။ သူတို့ ရပ်/ရွာကို ပြန်တယ်ဆိုတာထက် ရှိပြီးသား နေရာမှာ သူတို့ အဆင်ပြေပြေ နေနိုင်တာက ဒါကလည်း ကာကွယ်နည်း တမျိုး ဖြစ်တယ်လို့ ယူဆပြီးမှ ကလေးတွေနဲ့ ညှိနှိုင်းပြီး နေကြပါတယ်။
မေး။ ။ ပုဂံမှာ စားသောက်ဆိုင် စုစုပေါင်း ဘယ်လောက်ရှိလဲ။ အခု ဘယ်နှစ်ဆိုင်လောက် ပိတ်သွားပြီလဲ။
ဖြေ။ ။ စားသောက်ဆိုင် အသင်းဝင် ဆိုင်အနေနဲ့ ပုဂံ-ညောင်ဦး ဒေသမှာ ဆိုင် ၈၀ ကျော်လောက် ရှိတယ်။ ဒါပေမယ့် တကယ့် တကယ်က ပုဂံ-ညောင်ဦးမှာ စားသောက်ဆိုင် ၃၀၀ လောက် ရှိမယ်လို့ ခန့်မှန်းတယ်။ စားသောက်ဆိုင် အသင်းဝင်က မိမိဆန္ဒရှိမှ ဝင်ရတာဖြစ်တဲ့ အတွက် စားသောက်ဆိုင် အကုန်လုံးကတော့ အသင်းဝင် မဟုတ်ဘူး။
ဒါပေမယ့် စားသောက်ဆိုင် အသင်းဝင်ဆိုင်တွေ အကုန်လုံးကတော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်ပြီးတော့မှ အထောက်အပံ့ပြုနေတဲ့ ဆိုင်တွေပဲ များပါတယ်။ ကျန်တာတွေကတော့ နောက်မှပေါ်လာတဲ့ဆိုင်တွေ ရှိမယ်။ လမ်းဘေးဆိုင်တွေ တော်တော်များများ ပေါ်လာတာ တွေ့ရတယ်။
အသင်းဝင် ဆိုင်တွေထဲက ရာခိုင်နှုန်း ၉၀ ကျော်ကတော့ ပိတ်ထားပြီလို့ ယူဆတယ်။ အချိန်နဲ့တပြေးညီတော့ သတင်း ယူနေတုန်းပါ။ အိမ်တိုင်ရာ ရောက်ပိ့ုပေးခြင်း(Delivery) လိုဟာမျိုးတွေကို ဝန်ဆောင်မှုပေးဖို့။ နောက် မိသားစုဆိုင် လေးတွေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာကိုယ်လည်း ချက်ပြုတ်စားပြီးတော့မှ နေကြတဲ့ ဆိုတာမျိုးလေးတွေပဲ ရှိမယ် ထင် တယ်။ ကျနော်တို့ ဆိုင်အသင်းဝင်ဆို ရာခိုင်နှုန်း ၉၀ ကျော် ပိတ်ထားပါပြီ။
မေး။ ။ ဒီတော့ ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေကြား ဘယ်လိုမျိုး သဘောတူညီမှု ယူထားလဲ။ တဆိုင်နဲ့တဆိုင် တူမှာ မဟုတ် ပေမယ့် အကြမ်းဖျင်းအားဖြင့်ပေါ့။
ဖြေ။ ။ တချို့ဆိုင်တွေကျ လုံးဝ ပိတ်လိုက်တယ်။ ပိတ်လိုက်တဲ့အခါ ရာခိုင်နှုန်းတခု သတ်မှတ်ပြီးတော့ Percentage Pay leave လုပ်တာ ရှိတယ်။ No Pay leave ခွင့်မဲ့ လစာမျိုးနဲ့ လုပ်လိုက်တာလည်း ရှိတယ်။ ဒါပေမယ့် အားလုံးမှာ တူ ညီတဲ့အချက်က ဒီလုပ်ငန်းတွေ ပြန်လည်ပတ်တယ်ဆိုရင် ကိုယ့်ဆီမှာ လုပ်တဲ့ ဝန်ထမ်းတွေကပဲ ဦးစားပေးလို့ သတ် မှတ်ထားတယ်။ ဖြုတ်လိုက်တယ် ဆိုတာမျိုး မရှိဘူး။ လတ်တလောမှာ ဘယ်လိုမှ အဆင်မပြေလို့ နှစ်ဦးနှစ်ဖက် အကုန်လုံး ရပ်နားထားတယ်ဆိုတဲ့ အနေအထားပဲ ရှိတယ်။
မေး။ ။ အသင်းအနေနဲ့ရော အလုပ်ရှင် အလုပ်သမားကြား မပြေလည်မှုတွေ ပြဿနာတွေ ဖြစ်မလာအောင် တိုင်ပင်ပြီး စီမံဆောင်ရွက်ထားတာမျိုး ရှိလား။
ဖြေ။ ။ ကျနော်တို့ စားသောက်ဆိုင်လောက အထူးသဖြင့် ပုဂံဒေသလိုမျိုးမှာ စားသောက်ဆိုင် လုပ်ငန်း လုပ်တဲ့သူ တွေရယ် ဝန်ထမ်းတွေရယ်က မိသားစု ပုံစံတွေ များတယ်။ နဂိုကတည်းက မိသားစုပုံစံမျိုး ညှိနှိုင်းတိုင်ပင် နေကြတာ ဖြစ်လို့ အလုပ်ရှင် အလုပ်သမားပြဿနာက တော်တော်များများမှာ မရှိဘူး။ ရှိတော့ ရှိမယ်။ ဒါပေမယ့် ရာခိုင်နှုန်း တော်တော်များများမှာ နဂိုကတည်းက မရှိဘူး ပြဿနာက။ တဆိုင် နှစ်ဆိုင်လောက်ပဲ ရှိမယ်။
ဒါကလည်း တခြားအရပ် ဒေသကနေ လာပြီးတော့ ရင်းနှီးမြှုပ်နှံပြီး လာလုပ်တဲ့ ဆိုင်မျိုးတွေမှာပဲ ဒေသခံ ဝန်ထမ်းတွေ နဲ့ မကျေလည်တာမျိုး ဖြစ်တာရှိမယ်။ မိသားစုပုံသဏ္ဍာန်နဲ့ သွားတဲ့ပုံစံမှာတော့ နဂိုကတည်းက ပြဿနာ မရှိတဲ့ အတွက် အခုချိန်မှာလည်း ပြဿနာ မရှိဘူး။ ဒီဆိုင်လုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်။ အကျိုးစီပွားတွေလည်း ပျက် သုဉ်းသွားတယ် ဆိုတဲ့ အခါမှာ အားလုံး ဝန်ထမ်းတွေကလည်း မိသားစု စိတ်ဓာတ်နဲ့ပဲ ဒီအပေါ်မှာ ဘာမှ Complain (မကျေမနပ်) မတက်ဘဲ ဒီလိုပဲ နေကြတယ်။ ဘာမှ တောင်းဆိုတာတွေ မရှိပါဘူး။
မေး။ ။ ဘယ်လောက် ကြာရှည်ဦးမယ်မှန်း မသိတဲ့ ဒီကာလကြီးကို လုပ်ငန်းရှင်တွေအနေနဲ့ တောင့်ခံနိုင်မယ်လို့ ထင် ပါသလား။
ဖြေ။ ။ ကျနော်တို့ဆိုင်တွေ တော်တော်များများက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SME) အဆင့်ရယ်၊ SME ထက်ကို နိမ့်တဲ့ Level တွေပဲ များပါတယ်။ SME ထက် မြင့်တဲ့ ဆိုင်ကြီးတွေဆိုတာ မရှိသလောက် ရှားပါတယ်။ အဲဒီတော့ ရင်းနှီးမြှုပ်နှံမှု ပိုင်းမှာလည်း အားနည်းတဲ့ ဒေသခံတွေကပဲ ဖွင့်ထားတဲ့ဆိုင်တွေ ဖြစ်လို့ တောင့်ခံနိုင်ဖို့ဆို တာ မလွယ်ဘူး။ ဘယ်သူမှလည်း မခန့်မှန်းနိုင်ဘူး။
ဒါက ၂၀၂၀ တနှစ်လုံး သွားမှာလား။ ၂၀၂၀ ကနေ ဟိုဘက်ထိကိုမှ အကျိုးသက်ရောက်မှုတွေ ဆင့်ကဲဆင့်ကဲ ဖြစ် နေမှာလား ဆိုတာတော့ ဒီအချိန်မှာ ဘယ်သူမှ မမျှော်မှန်းနိုင်ပါဘူး။ မမျှော်မှန်းနိုင်တဲ့အတွက် တောင့်ခံနိုင်မလား ဆို တဲ့ကိစ္စက ကံတရားပေါ် လုံးလုံးလျားလျား မူတည်နေတယ်။ တောင့်ခံနိုင်မယ် လို့တော့ မထင်ဘူး။
မေး။ ။ အဲဒီအတွက် အစိုးရအနေနဲ့ ဘာတွေ ဆောင်ရွက်ပေးစေချင်တာမျိုး ရှိလဲ။ COVID-19 ကြောင့် စီးပွားရေး ထိ ခိုက်မှု ကုစားဖို့ အစိုးရက ကျပ် ၁၀၀ ဘီလီယံ မတည် အသုံးပြုပြီး ထုတ်ချေးပေးမှာကရော ထိရောက်မှု ရှိမယ်ထင် လား။
ဖြေ။ ။ ကျနော့်အမြင်ကို ပြောချင်ပါတယ်။ နိုင်ငံတော်ကနေ အစီအမံချတယ်။ ကြားပါတယ်။ ကျနော်တို့ရဲ့ ဆင့်ကဲ အသင်းတွေကနေလည်း လိုအပ်ရင် စီစဉ်ဆောင်ရွက်ပေးမယ် ကူညီပေးမယ်ဆိုပြီးမှ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ် ငန်းရှင်များအသင်း ဗဟိုကနေ ဇုန်အလိုက်ကို အချိန်နဲ့ တပြေးညီ စာတွေ ဖြန့်နေတာ ရှိတယ်။
ဒီ ဆုံးရှုံးသွားတဲ့ ဆိုင်တွေ ရပ်နားသွားတဲ့ ဝန်ထမ်းတွေ ဝန်ထမ်းလစာကိစ္စတွေနဲ့ အခက်အခဲတွေ ဖြစ်ကြမယ့်အခါမှာ ဝန်ထမ်းတွေလည်း ထိခိုက်နစ်နာမှု မရှိစေရေးပေါ့။ အဓိက ခေါင်းစဉ်ကတော့ ဝန်ထမ်းတွေ ထိခိုက်နစ်နာမှု အနည်း ဆုံး အခြေအနေကို ထိန်းသိမ်းပေးနိုင်ဖို့ ဆိုပြီး ကာဗာဖြစ်အောင် ထုတ်ချေးပေးတယ်လို့ ကြားသိရတယ်။
ကျနော်တို့ စားသောက်ဆိုင်တွေအနေနဲ့ ထုတ်ချေးပေးတာကို အရမ်းဝမ်းသာပါတယ်။ တကယ်လိုအပ်တဲ့သူတွေ လက်ထဲ ရောက်သွားတာမျိုးလည်း ဖြစ်သင့်ပါတယ်။ ဒီကိစ္စကြီးမှာ ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပြီး ဝန် ထမ်းတွေ အခက်အခဲ မဖြစ်အောင် ထုတ်ပေးတယ် ဆိုတာမျိုး ရာခိုင်နှုန်းပြည့် အကျိုးသက်ရောက်မှု ရှိစေချင်တယ်။ ဘာကြောင့်လဲဆို အဲဒီကိစ္စမှာ ထုတ်ပြီးတော့မှ တာဝန်ခံပြီး ချေးရမယ့်သူက SME လုပ်ငန်းရှင်တွေ ဖြစ်တယ်။ နောက် ပြီး ရတဲ့ ငွေကြေးပမာဏက ဝန်ထမ်းလစာတွေကိုပဲ ကာဗာလုပ်လို့ရမှာ။
အဲဒီတော့ အခက်အခဲ ဖြစ်နေတာက နိုင်ငံတော် အစိုးရကနေ ငွေပမာဏကို ကူညီတာပဲ ဖြစ်တယ်။ ငွေကို တာဝန် ယူတာ မဟုတ်ဘူး။ တာဝန်ယူတာက လုပ်ငန်းရှင်တွေကို တာဝန်ယူခိုင်းတာ။ နိုင်ငံတော်ရဲ့ နိုင်ငံသား ဝန်ထမ်းတွေကို နိုင်ငံတော်အစိုးရကနေ တိုက်ရိုက်တာဝန် ယူပေးတယ်ဆိုရင်တော့ ဒီ SME လုပ်ငန်းရှင်တွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ် ဘူး။
မေး။ ။ ဒါဆိုဘယ်လို ပုံစံမျိုး ဖြစ်စေချင်တာလဲ။ အစိုးရရဲ့ ဒီအစီစဉ်ဟာ COVID-19 အလွန် ခရီးသွား လုပ်ငန်း ပြန်လည် ဦးမော့လာနိုင်ဖို့အတွက် အထောက်အကူ ဖြစ်မယ်လို့ရော ထင်ပါသလား။
ဖြေ။ ။ အခု ကြိုတင် ချေးငွေတွေ ထုတ်ပေးတယ်။ အဲဒီ Loan တွေ ထုတ်ပေးတဲ့အခါမှာ ဝန်ထမ်းတွေကို အကျိုးရှိစေ ချင်တယ်ဆိုရင် နိုင်ငံတော်ကပဲ တာဝန်ယူပြီးတော့မှ ကြားမှာရှိတဲ့ SME လုပ်ငန်းရှင်တွေကို တာဝန်ခံခိုင်းတာမျိုး မဟုတ်ဘဲ နိုင်ငံတော်ကပဲ နိုင်ငံသား ဝန်ထမ်းတွေကို တာဝန်ယူပေးတဲ့ ပုံစံမျိုးကိုပဲ လုပ်စေချင်တယ်။ သူတို့ကပဲ တိုက် ရိုက် နိုင်ငံတော်ကပဲ ထုတ်ချေး။ လိုအပ်လို့ ပြန်ဆပ်ရတာဆိုရင်လည်း ဝန်ထမ်းမှာပဲ တာဝန်ရှိပြီး ဝန်ထမ်းကပဲ နိုင်ငံ တော်ကို ပြန်ဆပ်ဆိုတဲ့ နည်းလမ်းကိုပဲ သွားစေချင်တယ်။
နောင်တချိန်မှာ ဒီငွေတွေက ပြန်ဆပ်ရတဲ့အခါမှာ လုပ်ငန်း နလန်မထူနိုင်တော့တဲ့ လုပ်ငန်းရှင်တွေလည်း ရှိမယ်။ ဘုန်း ဘုန်းလဲသွားတဲ့ လုပ်ငန်းရှင်တွေလည်း ရှိမယ်။ အဲဒီလုပ်ငန်းရှင်တွေမှာ နောင်တချိန်မှာ အကြွေးဆိုတဲ့ ဟာကြီး တခု ကျန်ခဲ့မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လုပ်ငန်းရှင်တွေအနေနဲ့ ရပ်တည်နိုင်မှာ မဟုတ်ဘူး။
အဲဒီအတွက် ဖြစ်နိုင်ရင် နိုင်ငံတော်ကနေပဲ တိုက်ရိုက် တတ်နိုင်သမျှ လူမှုဖူလုံရေး အကာအကွယ်တွေလည်း ရှိတဲ့ စနစ်ကျတဲ့ ဝန်ထမ်းတွေကို သူတို့မှာလည်း စာရင်းတွေ ရှိပြီးသားပါ လူမှုဖူလုံရေးမှာ။ နိုင်ငံတော်ကနေပဲ တိုက်ရိုက် ထုတ်ချေးပေးတာမျိုး ကျနော်တို့ က ပိုပြီး လိုလားတောင့်တမိတယ်။
လုပ်ငန်းရှင်ကို ထောက်ပံ့တယ်ဆိုတဲ့ ကိစ္စကတော့ ဒီ COVID-19 အလွန်ကျမှ အားလုံး ငြိမ်းချမ်းသွားပါပြီ ဆိုတဲ့အခါ မျိုးကျမှသာ ဘယ်လောက် ထိခိုက်နစ်နာသွားကြသလဲ ဆိုတဲ့ပေါ် မူတည်ပြီး ပြန်လည်ထူထောင်ရေး ကိစ္စကို စဉ်းစား စေချင်တယ်။ အခုလက်ရှိ ပေးနေတာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီပေးနေတဲ့ လုပ်ငန်းစဉ်ကြီးရဲ့ နောက်ကွယ်မှာ လုပ်ငန်းရှင်တွေရဲ့ ခေါင်းပေါ်မှာ ကျန်ခဲ့တဲ့ အထုပ်ကြီးက မြင်နေရပြီ။ လုပ်ငန်းရှင်တွေကို ထောက်ပံ့ချင်တယ်ဆိုရင် ပြန်ပြီး နလန်ထူရမယ့် အချိန်မျိုးမှာ ထောက်ပံ့စေချင်ပါတယ်။
မေး။ ။ COVID-19 ရဲ့ ရိုက်ခတ်မှု ကာလ အရမ်းရှည်ကြာနေမယ်ဆိုရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။ ဘာတွေ ကြိုတင် ပြင်ဆင်ထားဖို့ လိုမယ်ထင်လဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရင် လုပ်ငန်းတွေ ရပ်လိုက်တဲ့အခါမှာ လုပ်ငန်းရှင်တွေရယ် ဝန်ထမ်းတွေရယ် အား လုံးက တန်းတူနိုင်ငံသားတွေ ဖြစ်သွားတယ်။ ကြုံရတဲ့ပြဿနာက တန်းတူကြုံရမှာပဲ။ ဒါ နိုင်ငံတော်ရဲ့ ကံကြမ္မာပဲ။ အဲဒီ အတွက်ကို ကြိုတင်ပြင်ဆင်ထားတယ် ကြိုတင်မျှော်တွေးထားတယ်ဆိုတာတော့ မရှိဘူး။ အခြေအနေကို ကြည့်ပြီး နိုင်ငံတော်က ထုတ်ပြန်တဲ့ သတင်းပေါ် မူတည်ပြီး ကျနော်တို့လည်း လှုပ်ရှားသွားလာရမှာပဲ။ ဒီအနေအ ထားပဲ ရှိပါတယ်။
မေး။ ။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ပြီးနောက် ဒီအပေါ်မှာ တစုံတရာ မျှော်လင့်ထားတာမျိုး ရှိခဲ့လား။
ဖြေ။ ။ နဂိုကလည်း ခရီးသွားလုပ်ငန်း နယ်ပယ်ကြီး ဖြစ်တဲ့အတွက် အရင်ထက်ပိုတဲ့ ခရီးသွားတွေ လာမယ်လို့ မျှော် လင့်ထားကြတာပေါ့။ ဒီအတွက်လည်း အားလုံးမှာ တူညီတဲ့ စိတ်ရှိကြတာက ခရီးသွားတွေနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု ပိုင်းတွေမှာလည်း ညှိနှိုင်းပြီး ကြိုတင်ဆောင်ရွက်တဲ့ အပိုင်းလေးတွေ ရှိတယ်။ အခုလို ဖြစ်သွားတဲ့ အပေါ်မှာတော့ အတော်လေး စိတ်မကောင်း ဖြစ်မိတယ်။
ဒါပေမယ့် တဖက်က ပြန်တွေးရင်လည်း ဟိုတနေ့ကပဲ မိတ်ဆွေ တယောက်က ပြောတယ်။ အခု ဧည့်သည်တွေ ခြောက်သွားတော့ အရင်တုန်းက တကယ့် မူလ ပုဂံကို မြင်လိုက်ရသလိုပဲတဲ့။ တိတ်ဆိတ်ပြီးမှ လေလည်း ရှူလို့ ကောင်းလိုက်တာ။ ညှော်တွေလည်း သိပ်မရှိတော့ဘူး။ ဆူညံတာတွေလည်း မရှိတော့ဘူး။ ငယ်ငယ်တုန်းက နေခဲ့ ရတဲ့ ပုဂံအရသာကို ပြန်ရတယ်လို့ ပြောတယ်။ ကျနော် ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ပုဂံ ဖြစ်ပါ လိမ့်မယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ အခုလတ်တလော ကျနော်တို့ ရင်ဆိုင် ဖြေရှင်းနေတဲ့ ကိစ္စက စောင့်ကြည့်ကိစ္စ (Quarantine)။ သဘောထား အမျိုးမျိုးနဲ့ စီမံခန့်ခွဲနေကြသလို အမျိုးမျိုးလည်း ဆုံးဖြတ်နေကြတယ်။ ကျနော်တို့ အယူအဆကတော့ တတ်နိုင်သမျှ ဘယ်အရပ်ဒေသကပဲဖြစ်ဖြစ် ကိုယ့်အိမ်ကို ပြန်လာကြတဲ့လူတွေက နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် တွေကို လိုက်နာသင့်ပါတယ်။
ငါ့ရပ်/ရွာ ပြန်လာတာပဲ။ ဒီလို နေလို့ရပါတယ် ဆိုတဲ့ဟာမျိုး မလုပ်ကြဘဲ နှစ်ပတ်လောက် ဒါမှမဟုတ် နှစ်ပတ်ကျော် လောက် ကိုယ့်ရပ်ရွာ၊ အိမ်မှာပဲ အောင့်အီးသည်းခံပြီးတော့မှ ငါ့ကြောင့် သူတပါး အနှောင့်အယှက် မဖြစ်စေရေးဆိုတဲ့ စိတ်ကလေးနဲ့ အသိကလေးနဲ့ အေးအေးဆေးဆေးလေး ပူးပေါင်းဆောင် ရွက်ပြီး နေကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းချင် တယ်။ ဒါဆိုရင် မဖြစ်သင့်တဲ့ကိစ္စတွေ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။
ဆက်စပ်ဖတ်ရှုရန်
မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေအတွက် စည်းကမ်းများ တင်းကြပ်စွာ ထုတ်ပြန်
ဧရာဝတီတိုင်းရှိ ကမ်းခြေနှင့်တန်ခိုးကြီးဘုရားများသို့ လည်ပတ်ခွင့်ပိတ်မည်
မြန်မာသို့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု ထက်ဝက်ခန့် ကျဆင်းနိုင် ဟု ခန့်မှန်းထား
ပြည်ပလေကြောင်းလိုင်း အားလုံး မြန်မာ ဆင်းသက်ခွင့် ယာယီပိတ်
ပုဂံ ယဉ်ကျေးမှုနယ်မြေအတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြား