COVID-19 သည် ပြည်တွင်း၌ ကပ်ရောဂါကြီး အသွင် (Big Outbreak) ဖြစ်နိုင်သည့် အလားအလာ များပြားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားရာ ပြည်တွင်းရှိ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည့် အရေးနှင့် ခြိမ်းခြောက်ခံနေရသည်။ တဖက်တွင်လည်း အလုပ်သမားများသည် လစာငွေ မရရှိ၊ မဖူလုံပါက စားဝတ်နေရေး ကျပ်တည်းမှုကို ရင်ဆိုင်ရဖွယ်ရှိရာ ကျဉ်းထဲကျပ်ထဲသို့ ရောက်နေသည့် အနေအထား ဖြစ်နေသည်။
လက်ရှိအခြေအနေအရ အလုပ်ရုံများသည် လူစုလူဝေးအသွင် ဖြစ်နေရာ လုပ်ငန်းများကို ယာယီပိတ်သိမ်းရေး၊ ပိတ်သိမ်း ပြီးနောက် အလုပ်သမားများကို လစာ ထောက်ပံ့နိုင်ရေး၊ နေရပ် ပြန်နိုင်ရေး ကိစ္စများကို မတ်လ ၃၀ ရက်ကလည်း ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ၊ အလုပ်သမားအရေး လှုပ်ရှားသူများ သွားရောက် တွေ့ ဆုံ၍ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်။
သို့ဖြစ်ရာ ယခုဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး စက်ရုံများ အနေနှင့် ယခုလို အချိန်မျိုးတွင် မည်သို့ ပြုလုပ်သင့်ကြောင်းနှင့် Outbreak ကြောင့် စက်ရုံများ ပိတ်သိမ်းရပါက ကြုံလာနိုင်သော အခက်အခဲများကို အလုပ်ရှင်များ၊ အလုပ်သမား အရေး ဆောင်ရွက်သူများနှင့် လုပ်ငန်းခွင်တွင် ရှိနေသော လုပ်သားများကို ဧရာဝတီသတင်းထောက် မျိုးပပစန်းနှင့် သဇင်လှိုင် က မေးမြန်းထားသည်။
ဦးမျိုးအောင် (အမြဲတမ်း အတွင်းဝန်-အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)
စက်ရုံအလုပ်ရုံ ပိတ်တာကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ကြေညာထားတယ်။ ပိတ်တယ်၊ ဖွင့်တယ်ဆို တာမှာ အလုပ်သမား အဖွဲ့ချုပ်တွေကတော့ ပိတ်ဖို့ကို တင်ပြနေကြတာပေါ့နော်။ အလုပ်ရှင်တွေ တော်တော်များများက ဖွင့်ဖို့ကို တင်ပြနေကြတယ်။ အဲဒီကြားထဲမှာ ဒွိဟတွေပေါ့။
အဓိက ဒါကို ညှိနှိုင်းပါဆိုပြီး ပြောထားတယ်။ နှစ်ခုလုံးက အကျိုးအပြစ်ကြီး ရှိနေတာလေ။ ပိတ်လိုက်ရင်လည်း ဒီဘက်က စက်ရုံလည်ပတ်ဖို့ ရယ်ဒီဖြစ်နေတဲ့ စက်ရုံတွေလည်း ရှိနေတယ်။ စားသောက်ကုန်တို့၊ ဆေးဝါးစက်ရုံတို့ လုပ်ကို လုပ်ရမယ့် စက်ရုံတွေက ရှိနေတာ။
တဖက်ကလည်း လူစုလူဝေးနဲ့ လုပ်နေတဲ့အတွက် ၁ ယောက်ဝင်သွားရင် အများကြီး ကူးနိုင်တဲ့ဟာကလည်း ရှိနေတာ။ အဓိက အလုပ်ရှင်နဲ့ အလုပ်သမား ညှိပါ။ ကျနော်တို့ကတော့ ဥပဒေနဲ့အညီ ပူးပေါင်း ဆောင်ရွက်ပေးမယ်လို့ ဒီမှာ ညှိနှိုင်း တုန်း ကလည်း အဖြေပေးထားတယ်။
စက်ရုံပိတ်မယ်လို့ ဆုံးဖြတ်ချက် မရှိဘူး။ သူတို့ကိုပဲ အဓိက ညှိနှိုင်းခိုင်းထားတာ အလုပ်ရှင်နဲ့ အလုပ်သမားနဲ့။ အလုပ် သမား အဖွဲ့ချုပ်တွေက စိုးရိမ်ပြီး ပြောနေကြတာ။ စက်ရုံ ၁ ရုံမှာ ဖြစ်သွားရင် ပျံ့သွားရင်ပေါ့။ ဒါလည်း မမှန်ဘူးလား ဆိုတော့ မှန်နေတာ။ တဖက်ကလည်း အလုပ်ရှင်က သူတို့ တာဝန်ယူတယ်။ စားသောက်ကုန်တွေဆို ပိတ်ဖို့ မသင့်ဘူး။ ဆေးဝါးစက်ရုံတွေဆိုလည်း လုပ်ကို လုပ်ရမယ်။ ဘာပဲပြောပြော အလုပ်သမားနဲ့ ညှိပြီး လုပ်မယ်ဆိုတော့ နှစ်ဖက် ဖြစ်နေတုန်းပဲ။
ဦးအောင်စိုးသာ (တွဲဖက် အထွေထွေအတွင်းရေးမှူး -မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)
ဒီအချ်ိန်မှာ နိုင်ငံတော်နဲ့ လုပ်ငန်းပိုင်ရှင်တွေ ကြားထဲမှာ ဘယ်လို ဆက်ပြီးတော့ ပံ့ပိုးကြမလည်း၊ ဘယ်လို ရပ်တည် ကြမ လည်း ဆိုတာ မနေ့ကတော့ အကုန်လုံးရဲ့ အသံကို တိုင်းဒေသကြီး ဝန်ကြီးချုပ် က တိုက်ရိုက်နားထောင်ပါတယ်။ ကျနော် တိုု့ UMFCCI အနေနဲ့ကတော့ ကုန်သည်တွေကို ကိုယ်စားပြုတာရော၊ စက်မှုဇုန်တွေရဲ့ နောက်မှာရှိတဲ့ ဇုန်ဥက္ကဋ္ဌ တွေကို လည်း တိုက်ရိုက်ခေါ်ပါတယ်။ ခေါ်ပြီးတော့ သူတို့ရဲ့ အသံကိုလည်း တိုက်ရိုက် နားထောင်ပါတယ်။
ဝန်ကြီးချုပ် မနေ့က ဖြေသွားတာကတော့ လောလောဆယ်မှာ ပိတ်ဖို့ အတွက် သူတို့ ကြေညာဆုံးဖြတ်ထားတာ ဘာမှ မရှိပါဘူး။ အကယ်၍ ပိတ်ရင်လည်း လိုအပ်လို့ ဖွင့်ရမယ် ဆိုတဲ့ဟာမျိုး ဥပမာ စားသောက်ကုန် ထုတ်လုပ်ရေး၊ ဆန်စပါး ထုတ်လုပ်ရေး အဓိက အခြေခံတွေက စည်းစနစ်နဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်ကို လိုက်နာပြီးတော့ ဖွင့််န်ိုင် တဲ့ ကုမ္ပဏီ လုပ်ငန်း တွေဆိုရင် တခုချင်း စဉ်းစားပြီးတော့ ဖွင့်ခွင့်ပေးသွားမယ်။
အဲဒီတော့ ကျနော်တို့ဘက်ကတော့ စီးပွားရေး တခုလုံးလည်း ရပ်တန့် မသွားအောင် ကူးစက် ပြန့်ပွားမှုကိုလည်း ထိန်းချုပ် အောင် မျှခြေဖြစ်အောင်တော့ ဝန်ကြီးချုပ်က သူ့တိုင်းအလိုက် ဆောင်ရွက်မယ်လို့ နားလည်ထားပါတယ်။
စက်ရုံတွေ ပိတ်ရင် ဆိုတာထက် ပြောင်းပြန် ပြန်ပြောရင် ကျနော်တို့က စက်ရုံ ပိတ်ခြင်း၊ မပိတ်ခြင်းထက် လူအများစု ကူးလူးသွားလာ ဆက်ဆံနေတဲ့ဟာကို လျှော့ချနေခြင်းကို ထိန်းတာလေ။ မြို့ကြီးတမြို့ကနေ လူတွေ အများကြီးကူးလူး သွားလာတဲ့ဟာ နောက်တခုက ဘတ်စ်ကားတွေ ပုံမှန်သွားလာနေတဲ့ လမ်းပေါ်မှာ စားသောက်ဆိုင်တွေမှာ လူတွေ အများ ကြီး သွားလာပြီးတော့ COVID-19 ချက်ချင်း လက်ငင်း ပျံ့သွားစေတဲ့ဟာမျိုး ကျနော်တို့က မဖြစ်စေဖို့ အကြံပေးတာပါ။
အဲဒီနောက်မှာ ဝန်ကြီးချုပ်က ပြန်ပြောတာက မဖြစ်ဖို့ ဆိုရင် စက်ရုံတွေက ဘယ်လိုလုပ်မလည်း ဒီသွားလာရေး ထုတ် လုပ်မှု လုပ်ငန်းတွေ ဘယ်လိုလုပ်မလည်း ပြောတယ်။ အဲဒီတော့ ထုတ်လုပ်မှု လုပ်ငန်းလို့ ပြောတဲ့နေရာမှာ တချို့လည်း အထည်ချုပ်တွေက အော်ဒါ ရပြီးသားမို့ ဆက်လုပ်ချင်တဲ့ သူတွေ ရှိသလို အများစုရဲ့ စိတ်ထဲမှာတော့ ယာယီအားဖြင့် နှေးကွေးစွာ သွားခြင်း၊ စက်ရုံကို လည်ပတ်မှု ခဏရပ်ပြီးတော့ ထိုက်သင့်တဲ့ လစာညိုနှိုင်းမှုတွေနဲ့ ထိန်းသိမ်းပြီးတော့ COVID-19 ပြီးသွားတဲ့အချိန်မှ ပြန်လုပ်ရအောင် ဆိုတဲ့ဟာလည်း ကြားရပါတယ်။
လောလောဆယ်မှာ ရိုက်ခတ်မှုလို့ ပြောတာကတော့ ပထမအချက်က ဒီရောဂါကူးမှုဆိုတဲ့ ရိုက်ခတ်မှုပါ။ ဒုတိယ အချက် ကတော့ လုပ်ငန်းတွေ လည်ပတ်နိုင်မှုပါ။ အဲဒီနောက်မှာတော့ လုပ်ငန်းတွေ မလည်ပတ်နိုင်ချေ ရှိတဲ့ လစာပေးမှု ပေါ့နော်။ ဒါတွေ သုံးခုစလုံးကို မျှအောင် ဆောင်ရွက်နိုင်မှသာ အဆင်ပြေမှာပါ။ နားလိုက်ရင်လည်း ဖြစ်လာမယ့် ရိုက်ခတ်မှုက ဝန်ထမ်းတွေကို ဘယ်လို တာဝန်ယူမှု ရှိမလည်း ဆိုတဲ့ဟာလည်း ဆွေးနွေးဖို့ လိုပါမယ်။
ဦးခင်မောင်အေး (ဥက္ကဋ္ဌ-လှိုင်သာယာ အခြေခံ အထည်ချုပ် လုပ်ငန်းရှင်အသင်း )
နိုင်ငံတော်အနေနဲ့ ပိတ်ဆိုရင် ကျနော်တို့ အနေနဲ့ ဘာမှ ငြင်းစရာ မရှိဘူး။ နိုင်ငံတော်က ပိတ်ဆိုရင် ဒါက လိုက်နာရမယ့် ညွှန်ကြားချက် ဖြစ်တယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါကို တိုက်ဖျက်နေတဲ့ စနစ်ကို ကျနော်တို့က အထွန့်တက်လို့ မရဘူး။ အထွန့်လည်း မတက်သင့်ဘူး။ သူတို့ ခိုင်းတဲ့ အတိုင်းကို လိုက်ပါဆောင်ရွက်ဖို့ တာဝန်ရှိတယ်။
တကယ်လို့ Outbreak ဖြစ်လို့ နိုင်ငံတော်က သတ်မှတ်တယ်ဆိုရင် ပစ္စည်းဝယ်ယူသူတွေက ကျနော်တို့ကို ဘာမှ ပြောလို့ မရဘူး။ ကိုယ့်ဘာသာ ငါ့စက်ရုံ ငါကြောက်လို့ ပိတ်တယ် ဆိုတာကတော့ လုပ်လို့ မရဘူး။ တကယ်ဖြစ်လာခဲ့ရင်တော့ ကျနော်တို့ ကိုယ်တိုင်လည်း Risk မလုပ်ချင်ပါဘူး။
အတတ်နိုင်ဆုံး ထိန်းလုပ်ဖို့ပဲ စဉ်းစားပါတယ်။ ဝန်ထမ်းတွေက တချို့ဆိုရင် ၁၅ နှစ်၊ အနှစ် ၂၀ ရှိနေတဲ့ သူတွေရှိတယ်။ ဒါတွေကို ကျနော်တို့က ဖြစ်ကတတ်ဆန်း လုပ်လို့မရဘူး။ အတတ်နိုင်ဆုံးတော့ နည်းမျိုးစုံ စဉ်းစားပြီးတော့ cover လုပ်ပေး ရမှာပေါ့။ လုပ်ငန်းရှင် အနေနဲ့ အတိုင်းအတာ ရာခိုင်နှုန်း တခုကို ပေးပါလို့ ပြောရင်လည်း စဉ်းစားရမှာပေါ့။
ဘယ်လို လုပ်ပေး နိုင်ကြသလဲ၊ ပေးနိုင်တဲ့ အတိုင်းအတာ ဘယ်လောက်ရှိလဲ၊ ပေးချင်တာ မပေးချင်တာ ထက်စာရင် ကျနော်တို့ ပေးနိုင်သလားဆိုတာကို အဓိက ဖြစ်လာတာပေါ့။ ပေးနိုင်တယ်ဆိုတဲ့ နေရာမှာလည်း ကျနော်တို့က အချိန် ဘယ်လောက်ကို ပေးရမှာလဲ ဒါက ပြဿနာ ကြီးသွားပြန်ရော။
ဦးနော်အောင် (ဒုဥက္ကဋ္ဌ-မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်)
သုံးပိုင်းခွဲ ပြောရမှာပေါ့နော်။ ပထမဦးဆုံး COVID-19 ကမာ္ဘကို ဘယ်လိုသက်ရောက်မှု ရှိနေသလဲ။ ကျနော်တို့နိုင်ငံက ကမာ္ဘထဲမှာ ရှိတဲ့အတွက် မလွဲမသွေ ရိုက်ခတ်မှု ရှိမှာပဲ အခုလည်း ရိုက်ခတ်နေပြီ ဆိုတာ အကုန်လုံးလည်း အမြင်ပဲ။ ရိုက်ခတ်လာရင်တော့ ကျန်းမာရေးပေါ့ဗျာ။
အဲဒီရဲ့ နောက်ဆက်တွဲက ဘာတွေ ဖြစ်လာနိုင်လည်း ဆိုရင် စီးပွားရေးထိခိုက် လာနိုင်တယ်။ အထူးသဖြင့် ကျနော်တို့ အလုပ်သမားတွေက အလုပ်လက်မဲ့ နှုန်းတွေ များလာနိုင်တယ်။ ဆိုလိုချင်တာက အခု သွင်းကုန်၊ ပို့ကုန် အကုန်လုံးက တော်တော်များများ ထိခိုက်နေတာ အဲဒီအတွက်ကြောင့်မို့ အလုပ်ရှင်ကတော့ သူ့အတွက် ထုတ်လုပ်မှု မရှိတဲ့ အတွက် အလုပ်သမား အများကြီး ခန့်ထားမှာ မဟုတ်တော့ဘူး။
သူများ နိုင်ငံမှာ ဆိုရင် အစိုးရကနေပြီးတော့မှ အလုပ်ရှင်တွေကို ငွေကြေးထောက်ပံ့မှုနဲ့ အလုပ်သမားတွေကို ထိန်းသိမ်းဖို့ အတွက် ပြင်ဆင် နေတာကို တွေ့ရတယ်။ ကျနော်တို့ ဆီမှာက လုပ်နေတယ်လို့ ကြားတယ်။ ဒါပေမယ့် ဘယ်လောက် အတိုင်းအတာထိ လုပ်လည်း ဆိုတာ ကျနော်တို့ မသိရသေးဘူး။
ကျနော်တို့ အလုပ်သမားတွေက လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝလေ။ ဒါကြောင့် အလုပ်ရပ်နားသွားရင် အလုပ်သမားတွေ အခက်အခဲ အကြပ်အတည်း တော်တော်လေး ရင်ဆိုင် ရလိမ့်မယ်လို့ ခန့်မှန်းလို့ ရတယ်။ ဒီကာလမှာ ကျနော်တို့ ဘယ်လို ဖြတ်ကျော်သွားမလည်း ဆိုတာ ဆုံးဖြတ်ချက် ချတဲ့ အစိုးရပိုင်း တာဝန်ရှိသူတွေ အမျှော်အမြင် ရှိဖို့ လိုလာပြီ။ ကျနော်တို့ အလုပ်ရှင်တွေကလည်း ဒီတိုင်းပြည် အခက်အခဲမှာ ဘယ်လို ဖြတ်ကျော်မလည်း ဆိုတာ ပါဝင် ပူးပေါင်းဖို့ လိုတာပေါ့။
အစိုးရတခုထဲ အားကိုးလို့ မရဘူးလေ။ ထိုနည်းလည်းကောင်းပဲ ပြည်သူရော အလုပ်သမားတွေရော ဒီကပ်ကို ဘယ်လို ကျော်မလည်း ဆိုတာ အားလုံး ဝိုင်းဝန်းလုပ်ဆောင်ဖို့ စည်းလုံးဖို့ လိုလာပြီ။ တကယ်လို့ အလုပ်သမားတွေကို ကျနော် ပြောခွင့််ရှိမယ်ဆိုရင် အလုပ်သမားတွေ အနေနဲ့ ဒီလိုကာလမှာ တိုင်းပြည်ကို အခက်အခဲ ကြုံစေမယ့် အလုပ်မျိုးတွေ မလုပ်ဖို့ လိုအပ်ပါတယ် ဆိုတဲ့ အကြောင်း ပြောချင်ပါတယ်။
ဒေါ်ခခ (အငြင်းပွားမှု ဖြေရှင်းရေးတာဝန်ခံ- အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ – LHEO)
အခုရောဂါပိုးတွေ့ရှိတဲ့ သူတွေ တွေ့လာရပြီ။ စက်ရုံတွေက လုပ်သား ၃၀၀၊ ၄၀၀ ကနေမှ လုပ်သား ထောင်နဲ့ ချီပြီး လုပ် နေတာ။ အဲဒါက တချက်၊ နောက်တချက်ကတော့ စက်ရုံတွေက နိုင်ငံတကာမှာ ၆ ပေအကွာလို့ ပြောနေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ ၃ ပေ အကွာဆိုတာ ထူးဆန်းစွာ တွေ့ရတာပေါ့လေ။ အဲဒီလိုမျိုး ၃ ပေအကွာ မပြောနဲ့ စက်ရုံ တွေမှာ ၁ ပေခွဲ ခွာဖို့တောင် အနိုင်နိုင် လုပ်နေရတာ။ နောက်တခုက ဘတ်(စ်) ကားတွေ၊ ဖယ်ရီတွေ ဆိုလည်း တိုးဝှေ့ စီးရတယ်။ ထမင်းစားချိန်ဆိုလည်း ကြပ်ပိတ်နေတယ်။ အထည်တွေ ဆိုလည်း ချုပ်ပြီးသွားရင်လည်း တယောက်ကနေ တယောက်ကို လက်ဆင့်ကမ်းရတယ်။ လက်ဗွေတွေ နှိပ်ရတယ် ဆိုတဲ့အခါကျတော့ အဝတ်အစားတွေ ကနေ တဆင့် နောက်တခုက ကျတော့ ဒီထိတွေ့ကိုင်တွယ်မှု များတဲ့ အိမ်သာတို့ ဘာတို့ကနေ တဆင့် အများကြီး စိုးရိမ်စရာ ရှိတယ်။
ပြီးတော့ လုပ်သားတွေက လူနေထူထပ်တဲ့ နေရာတွေကို ပြန်ရတယ်။ အဆောင်မှာ ဆိုရင် ၈ ပေပတ်လည်ကို လူလေး ယောက်၊ ငါးယောက်လောက် နေရတယ်။ သူတို့ မိသားစုဝင်ရှိတဲ့ နေရာကလည်း ကျူးကျော်တဲတွေ အများဆုံး ဖြစ်တယ်။ ဒါမှ မဟုတ်ရင် အခြေခံလူတန်းစားတွေ နေထိုင်တဲ့ နေရာ အခန်းကျဉ်းလေးတွေဆီကို ပြန်ကြရတယ်။ အဲဒီလိုဆိုတော့ အလုပ်သမားတွေ ရှိနေတဲ့ မင်္ဂလာဒုံ၊ လိူင်သာယာ ဒီနေရာမျိုးတွေကနေ တွေ့ရှိနေပြီလေ။ ဒါကြောင့် ကျမတို့ အရမ်းစိုးရိမ် စရာကောင်းနေပြီ။
ဒါကြောင့် အစိုးရအနေနဲ့ လူ့စွမ်းအား အရင်းမြစ် ပြုန်းတီးသွားနိုင်တဲ့ အခြေအနေကို ထည့်သွင်းမစဉ်းစားဘူးလား မေးချင် တယ်။ သူတို့ စဉ်းစားနေတာက ပိုက်ဆံပေးခြင်း၊ မပေးခြင်း ပေါ့။ အစိုးရရဲ့ ဘတ်ဂျက်ကို သုံးခြင်း၊ မသုံးခြင်းကို ပဲ စဉ်းစား နေတာ ကျမတို့ ဝမ်းနည်းစွာ တွေ့ရတယ်။ အခုအခြေအနေအရ အလုပ်သမားတွေ အတွက်ကလည်း လစာတွေ လိုတယ်။
ဒါပေမယ့် လစာရခြင်း၊ မရခြင်း ဆိုတာက အမှန်တကယ် တွေးကြည့်ရင် ဒုတိယကို ပြန်လိုက်သွားတဲ့ အနေအထား ဖြစ် တယ်။ ဒီရောဂါ ကူးစက်မှုနှုန်းကြောင့် လူတွေ ဒုက္ခရောက်သွားနိုင်တယ်။ အဲဒီလိုမျိုးဆိုတော့ အခုခက်တာက လူမှု ဖူလုံရေး ဌာနကရော အစိုးရကရော အသံတိတ်နေတယ် ဆိုတော့ စက်မှုဇုန်တွေထဲမှာ လုံးဝ မတည်ငြိမ်မှု တွေ အများကြီး ဖြစ်လာ နေပြီ။
ကျမတို့လည်း ထိန်းနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အစိုးရအနေနဲ့ အစီအမံကို အများကြီးချပြဖို့ လိုအပ်နေပြီ။ လိုအပ်ရင် တခြားနိုင်ငံရဲ့ မော်ဒယ်ကို ယူသုံးဖို့ လိုနေပြီ။ ကျမတို့ အနေနဲ့ ဖြစ်စေချင်တာကတော့ စက်ရုံတွေ အားလုံးကို ပိတ်ပေးပါ။
အရေးကြီးတဲ့ ကဏ္ဍပေါ့နော် အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းတွေက လွဲလို့ အထည်ချုပ်လုပ်ငန်းတွေကို ပိတ်ပေးပါ။ အဲဒီအချိန်မှာ အစိုးရကနေ အလုပ်သမားတွေ ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေး ရန်ပုံငွေကို အခြားသုံးစွဲနိုင်တဲ့ ခေါင်းစဉ် အောက်ကို ပြောင်းပြီးတော့ သုံးစွဲပေးပါ။
ကိုကျော်သူ (အလုပ်သမား-CSG အထည်ချုပ်စက်ရုံ )
စက်ရုံတွေ ပိတ်ရင် ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ အတိုင်း ဆောင်ရွက်ဖို့ အသင့်ပါပဲ။ ကျနော်တို့ CSG အထည်ချုပ် စက်ရုံမှာ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ ဆောင်ရွက် မပေးထားဘူး။ ကျန်တဲ့စက်ရုံတွေမှာ ဆောင်ရွက်ပေးထားတယ်။ ကျန်းမာ ရေးနဲ့ ပတ်သက်လို့ စီစဉ်ထားမှု လျော့နည်းနေတဲ့ အတွက် ကျနော်တို့ အလုပ်သမားတွေကလည်း ခေတ္တယာယီ ပိတ်သိမ်း ဖို့ စိတ်ဆန္ဒပြင်းပြနေတာပါ။
တကယ်လို့ စက်ရုံက လရှည်လများ ဆင်းရမယ်ဆိုရင် ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပတ်သက် ပြီးတော့ အလုပ်ရှင်ဘက်ကို တောင်းဆိုရတော့မှာလေ။ ကိုရိုနာက ပြင်းထန်နေတော့ ရေကို လုံလုံ လောက်လောက် ပေးရမယ်။ ကျနော်တို့ စက်ရုံမှာက ရေတောင် လုံလောက်မှု မရှိဘူး။ ထမင်းစားပြီးတော့ လက်ဆေးဖို့ ရေတောင် အခက်အခဲရှိတယ်။
မသက်မာစိုး(အလုပ်သမား- AMG 1 အထည်ချုပ်စက်ရုံ )
COVID-19 ရောဂါပိုး မြန်မာပြည်မှာ ကူးစက်ပြန့်ပွားမှု မရှိခင်ကတည်းက လုပ်ငန်းရှင်ကို ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီးတော့ အလုပ်သမားတွေကို လုပ်ငန်းခွင်ထဲမှာ အသိပညာပေးမှု လုပ်ဖို့ ကျမတို့ ဆွေးနွေးခဲ့ပါတယ်။
ဒါပေမယ့် လုပ်ငန်းရှင်ဘက်က လုပ်ပေးမယ်ဆိုတာမျိုး လုံးဝမပြောတဲ့ အတွက် ကျမတို့ တွေက အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန အထိကို ကျမတို့ တိုင်ရတဲ့ အဆင့်ထိကို ရောက်ခဲ့ပါတယ်။ အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးရေး ဦးစီးဌာနကလည်း စစ်ဆေးမှု မပြုခဲ့ဘူးပေါ့။
AMG 1 အထည်ချုပ်စက်ရုံကို ၂၀၁၇ ကတည်းက ဝင်တဲ့ အနေအထားမှာ ရေကလည်း လုံလောက်မှု မရှိဘူး။ COVID-19 ဖြစ်ပွားတဲ့ အချိန်ကျတော့ သန့်ရှင်းဖို့ အတွက် လက်ဆေးဆပ်ပြာကို အဆင်ပြေအောင် ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ကျမ တို့ စက်ရုံမှာ လူဦးရေ ၁၅၀၀ ကျော်ရှိပါတယ်။ အဲဒီမှာ Hand Gel ၃ ဘူးပဲ ပေးထားပါတယ်။
သူများနိုင်ငံမှာ ကာကွယ်ရေး ပစ္စည်းတွေကစပြီးတော့ အစုံအလင်ရှိတာတောင်မှ လူရာနဲ့ချီပြီး သေဆုံးနေတယ်။ မြန်မာ နိုင်ငံ အနေအထားနဲ့က လုပ်ငန်းခွင်အတွင်းမှာ နှာခေါင်းစည်း (Mask) ကို အလျင်မီအောင်တောင် မပေးနိုင်ပါဘူး။ ကျမတို့ က ဖယ်ရီကား စီးချိန်ဆိုလည်း လူစုလူဝေးနဲ့ အလုပ်လုပ်ချိန်လည်း အစုလိုက် ထမင်းစားချိန်လိုက် အစုလိုက် ဖြစ်နေတယ်။ တကယ်လို့ ကူးခဲ့မယ်ဆိုရင် အမြန်နှုန်း ဖြစ်နေတဲ့အတွက် ကျမတို့ လူစုလူဝေးနဲ့ အလုပ်လုပ်ကိုင်ဖို့ အဆင်မပြေပါဘူး။
ဆက်စပ်ဖတ်ရှုရန်
တကမ္ဘာလုံး ဖြစ်နေတဲ့ အကျပ်အတည်း ဒီအချိန်မှာ အစိုးရကို အားကိုးချင်တယ်
COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ