AA နှင့် ဆက်သွယ်သည့် သတင်းသမားများကို ဖမ်းဆီးနေမှုအပေါ် သဘောထားအမြင်များ

ဧရာဝတီ
--
Want create site? Find Free WordPress Themes and plugins.

ရက္ခိုင်စစ်တပ် (AA) ကို အကြမ်းအဖက် အဖွဲ့အစည်းအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာပြီးနောက်တွင် ရဲတပ်ဖွဲ့က AA အဖွဲ့နှင့် ဆက်သွယ်သည့် သတင်းသမားများကို ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရန် ကြိုးပမ်းလာသည်။

မြန်မာနိုင်ငံ၌ COVID –19 ဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြည်သူများ စိုးရိမ်ပူပန်နေရသည့် ကာလ၌ သတင်းသမားများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူရန် ကြိုးပမ်းမှုသည် နည်းလမ်းကျပါသလားဟု မေး ခွန်း ထုတ်စရာလည်း ရှိလာသည်။

သတင်းသမားများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေမှုအပေါ် မည်သို့ သဘောထားများ ရှိကြသည်ကို သိရှိရန် နယ်ပယ် အသီးသီး က ကျွမ်းကျင်သူများ၏ အမြင်များကို ဧရာဝတီ သတင်းထောက်များ ဖြစ်ကြသည့် ဒီလှိုင်းဝင်း၊ နန်းလွင်နှင်းပွင့်နှင့် ဇင်လင်း ထက်တို့က ဆက်သွယ် မေးမြန်းထားပြီး ပြန်လည် ဖြေကြားချက်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ဦးသိန်းသန်းဦး
အတွင်းရေးမှူး
လွတ်လပ်သော ရှေ့နေများအသင်း

ဦးသိန်းသန်းဦး-အတွင်းရေးမှူး (လွတ်လပ်သော ရှေ့နေများအသင်း )

ကျနော်ကတော့ ဒီလို လုပ်တာကို နားမလည်ဘူး ဖြစ်နေတယ်။ ဒါကလေ သတင်းထောက်တွေက သတင်းရေးတာနဲ့ ပတ် သက်တာပေါ့နော်။ အဲဒါဆိုရင် သတင်းမီဒီယာ ဥပဒေနဲ့ အရင်ဆုံး အရေးယူရမယ်။ သတင်းမီဒီယာ ဥပဒေနဲ့ ဆောင်ရွက် ပြီး မလုံလောက်ဘူးလို့ ယူဆရတော့မှ၊ ကျန်တဲ့ ပြစ်မှု ငြိစွန်းတယ်လို့ ယူဆရတော့မှ အခြား ဥပဒေတွေနဲ့ တရားစွဲရမှာ ဖြစ်ပါတယ်။ အခုဟာက စ စချင်းကို မီဒီယာ ဥပဒေနဲ့ မဟုတ်ဘဲ ကောက်စွဲတဲ့ အပေါ်မှာတော့ ရှေ့နေတယောက် အနေနဲ့ သဘောမတူပါဘူး။

စွဲတာက သတင်းရဲတပ်ဖွဲ့က တရားလို ပြုလုပ်တာ ဆိုတော့ ပြည်ထဲရေးက စွဲတယ်လို့ပဲ ပြောရမှာပေါေ့နာ်။ ဘယ်လိုပဲ ဖြစ် ဖြစ်ပါ။ ဒီလိုအချိန်မှာတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်စေချင်ပါတယ်။ တိုင်းပြည်က ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ မရသေး ဘူး။ ရောဂါ ကပ်ဘေးအန္တရာယ်က တကမ္ဘာလုံး စိုးရိမ်သောကတွေနဲ့ နေနေရတဲ့ အချိန်မှာ ဒီလို ကိစ္စတွေကို ထိန်းထိန်း သိမ်းသိမ်း လုပ်ရင် ပိုကောင်းတယ်လို့ ပြောချင်ပါတယ်။

စာရေးဆရာ ညီပုလေး

စာရေးဆရာ ညီပုလေး

သတင်းသမားတွေကို အခုလိုမျိုးတွေ အရေးမယူစေချင်ဘူး။ ကျနော်ကတော့ လုံးဝကို မကြိုက်ဘူးဗျာ။ မီဒီယာသမားက မီဒီယာ အလုပ်ကို လုပ်ကြရမှာပဲလေ၊ ဒါကို အရေးယူတယ် ဆိုတာမျိုးက လုံးဝကို မဖြစ်သင့်ဘူးလို့ မြင်တယ်။ ပြည်ထဲရေး ရဲ့လုပ်ဆောင်ချက် ဆိုပေမယ့် ဒီအချိန်က ဒီလိုမျိုးတွေ လုပ်ရမယ့် အချိန်မဟုတ်ဘူးလို့ ကျနော်ကတော့ ခံယူထားတယ်။ ဒါကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တာပါပဲ။

ဦးကျော်စောဟန်
အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လုံခြုံရေး မူဝါဒ လေ့လာသူ

ဦးကျော်စောဟန် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လုံခြုံရေး မူဝါဒ လေ့လာသူ

ပြည်ထဲရေးက သတင်းထောက်တွေကို အကြမ်းဖက် ပုဒ်မတွေ တပ်ပြီး ဖမ်းဆီးတယ်ဆိုတာ AA ကို အကြမ်းဖက်အဖွဲ့ ကြေညာပြီး ဖြစ်လာတဲ့ နောက်ဆက်တွဲပါ။ အကြမ်းဖက်လို့ အစိုးရက သက်မှတ်တဲ့ AA ကို ဆက်သွယ်အင်တာဗျူးလို့ ဖမ်းဆီးတာလို့ သိရတယ်။

တကယ်တော့ နိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ဆိုတာ အမှုဖွင့် တရားစွဲလို့ အဖြေထွက်တာမျိုး မဟုတ်ပါဘူး။ နိုင်ငံ တကာ သတင်းမီဒီယာတွေလည်း ကမ္ဘာမှာ နာမည်ကြီး အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ အယ်လ်ကိုင်းဒါးတို့၊ တာလီ ဘန်တို့ ဌာနချုပ်ထိသွား၊ ဘင်လာဒင်နဲ့ နာရီပေါင်းများစွာ အင်တာဗျူး လုပ်ခဲ့တဲ့ Abel Bari Atwan တို့ ကမ္ဘာကျော် BBC သတင်းထောက် Peter Taylor တို့ ရှိတာပဲ။

အဓိကက AA ရဲ့ ပြည်သူ့ ဆက်ဆံရေး ယန္တရားကို ပျက်စေချင်တာပါ။ ဒီလို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လို့ အစိုးရအတွက် ထွေထွေထူးထူး အကျိုးမရှိနိုင်ဘူး။ အကြမ်းဖက်မှု တိုက်ဖျက်ရေး နည်းနာတွေအရ အကြမ်းဖက် အဖွဲ့ သတ်မှတ်တယ် ဆိုတာ Criminal Justice Model အရ လုပ်တာ။ ဒီဖြေရှင်းနည်းက တရားရုံးမှာ တရားစွဲဖို့ပဲ လုပ်ပေးနိုင် တာ ဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေကို ကြိုတင်ကာကွယ်နိုင်စွမ်း မရှိဘူး။ ဒီလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှု ကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အများကြီး ထိခိုက်စေပါတယ်။

ပြည်တွင်း စစ်တွေမှာ အကြမ်းဖက် တံဆိပ်ကပ်ရင် ဆက်ဆံရေး ပျက်ပြားတယ်။ ဆွေးနွေးဖို့ ပိုခက်ခဲစေတယ်။ မြန်မာနိုင်ငံ က လက်နက်ကိုင်တွေ၊ တပ်မတော်က အကြီးအကဲတွေ သွားလေ့လာနေတဲ့ နီပေါနိုင်ငံက လက်ရှိအစိုးရဆိုရင် အရင်က အကြမ်းဖက်အဖွဲ့ ကြေညာခံထားရတာပဲ။ နောက်ပိုင်း အစိုးရ ဖြစ်လာတယ်။ အစိုးရ ဖြစ်လာတော့ သူ့ကို အကြမ်းဖက် ကြေ ညာခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ ပြဿနာတွေ ရှိလာခဲ့တယ်။ အမေရိကန်ကလည်း သူတို့ အကြမ်းဖက် ကြေညာထားပြီး ဒီမိုက ရေစီနည်းအရ ရွေးကာက်ပွဲလုပ်တော့ အနိုင်ရပြီး အစိုးရဖြစ်သွားတဲ့ နီပေါနဲ့ ဟားမတ်တို့ကို ကြည့်ပြီး နောက်ပိုင်း အကြမ်း ဖက်အဖွဲ့ တံဆိပ်ကပ်တာကို အရမ်း သတိထားလာတယ်။

အကြမ်းဖက် တိုက်ဖျက်ရေး ပညာရှင်တွေ အမြဲ သတိပေးပြောလေ့ ရှိတဲ့ စကားတခုရှိတယ်။ Terrorism is most effective when Government overreacts ဆိုတာပါ။ အစိုးရက လိုအပ်တာထက်ပိုကဲ တုံ့ပြန်ချိန်မှာ အကြမ်းဖက်မှုဟာ အထိရောက်ဆုံး ဖြစ်ပါတယ်။

အစိုးရက လူမျိုးစုတခုရဲ့အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကို တရားစွဲမှုတွေ ပိုလုပ်၊ စစ်ဆင်ရေးတွေ ဖိလုပ်တဲ့အခါ အစိုးရနဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကို လူထုက စိတ်ကုန်လာတယ်။ ဒါက သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် စည်းရုံးရေးတောင် ပိုလွယ်ကူသွားစေပါတယ်။ ဒီလိုနည်းနဲ့ပဲ အိုင်ယာလန်က IRA တို့ကို ဗြိတိသျှ အစိုးရက အရှုံးပေး လိုက်ရတာကို သင်ခန်းစာ ယူသင့်တယ်။

Counter Insurgency ပညာရှင် တယောက်ဖြစ်တဲ့ David Killucen ကတော့ ဒီလိုအကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတယ် ဆိုတာ ကြွက်ကို ဆင်ဖြစ်အောင် လုပ်တာ။ ပြဿနာကို ပိုကြီးအောင် လုပ်တာလို့ မှတ်ချက် ပေးဖူးပါတယ်။ အကောင်းဆုံး Counterterrorism Strategy ဆိုတာတော့ ငြိမ်းချမ်ရေး ဆွေးနွေးမှုပါပဲ။ အတတ်နိုင်ဆုံး နောက်ဆုံး အခြေအနေထိ ဆွေး နွေးမှုတွေ ဆက်လုပ်ဖို့ လိုပါတယ်။

ဦးကျော်မင်းဆွေ
The Voice Journal အယ်ဒီတာချုပ်

ဦးကျော်မင်းဆွေ The Voice Journal အယ်ဒီတာချုပ်

အဓိကတော့ သူတို့ မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ဥပဒေပေါ့။ ဥပဒေ ပုဒ်မက မကြာသေးခင်က ဆုံးသွားတဲ့ သတင်းစာ ဆရာကြီး ဖိုးသောကြာတောင် အရင်ခေတ်က မတရားအသင်း ဆက်သွယ်မှု ပုဒ်မနဲ့ ထောင်ထဲ ဝင်ခဲ့ရတာ ရှိတယ်။ ဒီပုဒ်မ ကြီးက တကယ်တမ်းပြောရရင် ခေတ်နဲ့ မလျော်ညီတော့ဘူးပေါ့။ ဒါကို စနစ်တကျ သေချာ ပြန်သုံးသပ်ဖို့ သင့်နေပြီပေါ့။ မတရားအသင်း ဆက်သွယ်တယ် ဆိုတာ အခု AA ကို မတရားအသင်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာလိုက် တာပေါ့။ ဥပဒေနဲ့ဆိုရင် ပြည်တွင်းမှာ ဒီအဖွဲ့နဲ့ ဆက်သွယ်လို့ မရတော့ဘူးပေါ့။

သို့သော် တဖက်မှာ သတင်းမီဒီယာတွေက သူ့ရဲ့ အလုပ်၊ တာဝန်၊ ကျင့်ဝတ်ဆိုတာ ရှိတယ်။ သတင်းအတတ်ပညာနဲ့ ကျင့်ဝတ်အရ သူက ဘက်မျှတဲ့ သတင်းတွေကို ဖော်ပြ ရေးသားဖို့ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့အတွက် ဆက်သွယ်ရ တယ်။ မေးမြန်းရတယ်။

ဒီဥပဒေကို သေချာ ရှင်းလင်းအောင် ပြင်ဆင်ပြီးတော့ Case by Case စဉ်းစားဖို့ သင့်တာပေါ့။ တကယ်ပဲ သတင်းထောက် က အကြမ်းဖက် အဖွဲ့အစည်းတခုကို အားပေး ထောက်ခံနေတယ်။ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း ကြံစဉ်နေတယ် ဆိုရင်တော့ ဖမ်းမှာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ သတင်း တာဝန်ကို ထမ်းနေတယ်။ သတင်းသမား အလုပ်ကို လုပ်နေတယ် ဆိုရင်တော့ ဒီဥပဒေ ပုဒ်မနဲ့ ဖမ်းတာက ဘယ်လိုမှ မမျှတဘူး၊ မဖြစ်သင့်ဘူးလို့ ပြောချင်တယ်။

ဒီဟာက ပြောမယ်ဆိုရင် ဒီဥပဒေ ပုဒ်မကိုက ဝါးလုံးရှည်နဲ့ သိမ်းရမ်းတဲ့ပုံ ဖြစ်နေတယ်။ ဒီ ဥပဒေပုဒ်မနဲ့ အကုန်လုံးကို သိမ်း ပြီး ရမ်းချတဲ့ သဘောဖြစ်နေတာပေါ့။ တကယ်တမ်း ပြောရရင် သတင်းမီဒီယာတွေရဲ့လုပ်ငန်းနဲ့ ကျင့်ဝတ် သဘောသဘာ ဝ ကို သေချာသိဖို့ လိုတယ်။ အဲဒါကြောင့် အကျိုးဆက်က ဘာဖြစ်လာနိုင်သလဲဆိုတော့ သတင်းသမားတွေကို ဘယ်လို ပြဿနာ ကြုံကြုံ ဖမ်းဆီးတယ်၊ အပြစ်ပေးတယ်၊ တရားစွဲဆိုတယ် ဆိုတဲ့ ဖြေရှင်းနည်းတွေက အောင်မြင်ခဲ့တဲ့ သာဓက မရှိဘူး။

ဘာပဲ ဖြစ်သွားလဲဆိုတော့ တဖက်နဲ့ တဖက်ကြားထဲမှာ မယုံကြည်မှုတွေ သံသယတွေ၊ အထင်လွဲမှုတွေ ဖြစ်လာတယ်။ ပိုဆိုးတာက တချို့နေရာတွေမှာ ရန်ဘက်အသွင် ဆောင်သွားတာမျိုးပေါ့။ အမှန်တကယ် ပြစ်မှုကျူးလွန်လို့ ဖမ်းတယ် ဆိုရင် ထား။ မဟုတ်ဘဲနဲ့ သတင်းတာဝန်ကို ထမ်းဆောင်နေတာကို ဖမ်းတာက ရန်လိုတဲ့ သဘောပါတာပေါ့။ ရန်ဘက် အသွင်ဆောင်သွားရင် Positive လုပ်တဲ့ ကိစ္စတွေထက် ၊ Negative ဖြစ်တဲ့ ကိစ္စတွေကိုပဲ ပိုပြီး Highlight လုပ်လာ နိုင်စရာ ရှိတယ်။

ဦးအောင်သူငြိမ်း
ပြင်ပဆက်ဆံ၊ ဆက်သွယ်ရေး ဌာန ဒါရိုက်တာ
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)

ဦးအောင်သူငြိမ်း ပြင်ပဆက်ဆံ၊ ဆက်သွယ်ရေး ဌာန ဒါရိုက်တာ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)

ကျနော် မြင်တာကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ၂ ချက်ပေါ့။ တဖက်က အကြမ်းဖက် အဖွဲ့အစည်း ကြေညာတယ်။ ဒါက ရည်ရွယ်ချက်က ဒီအဖွဲ့အစည်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာ တပိုင်းပေါ့ဗျာ။ ဒါပေမယ့် ဒီကိစ္စက ဒါကို သတင်းယူပြီး ရေးတဲ့ သတင်းထောက်ကို ဖိနှိပ်တာကျတော့ အဲဒါက သတင်း လွတ်လပ်ခွင့်နဲ့ပါ ပြဿနာ ရှိသွားတယ်လို့ ထင်တယ်။

ဒုတိယ တချက်က အခုအချိန်မှာ COVID -19 ကိစ္စက တကယ့် အရေးပေါ် ဖြစ်နေတယ်လေ။ အဲဒီကြားထဲမှာမှ ကိစ္စတော် တော်များများလည်း အဖုအထစ်တွေ ရှိတာပေါ့။ ဥပမာ- တရားရုံးသွားတာက စလို့ တရားရုံးချိန်းက အဆုံးပေါ့။ ဒီလို အခြေ အနေတွေမှာ ထပ်ပြီးတော့ သတင်းထောက်တွေကို လုပ်တယ်ဆိုတဲ့ အနေအထားက ပိုအခက်အခဲတွေ ရှိလိမ့်မယ် ထင် တယ်။

ကျနော်ထင်တယ် နိုင်ငံတကာမှာတော့ အကြမ်းဖက်အဖွဲ့ ကြေညာထားတဲ့ အဖွဲ့တွေနဲ့တွေ့လို့ သတင်းထောက်တွေကို ဖမ်းတာက နိုင်ငံအပေါ်လည်း မူတည်ပါတယ်။ မွတ်စလင် အကြမ်းဖက် အဖွဲ့အစည်းတွေလေ။ ဒါတွေနဲ့လည်း သွားတွေ့ပြီး သတင်းရေးတဲ့သူတွေ အများကြီး ရှိတာပဲ။ ဒါပေမယ့် သူတို့နိုင်ငံတွေကျတော့ Freedom of Speech ပေါ့။ လွတ်လပ်စွာ ပြောဆိုခွင့်ကို အာမခံတာလည်း ရှိပါတယ်။ ယေဘုယျ ပြောရရင်တော့ အခုကိစ္စက သတင်းစာ လွတ်လပ်ခွင့် ထိန်းချုပ်ခံရ တဲ့ သဘော ဖြစ်သွားတာပေါ့။

ဦးဇေယျာလှိုင်
မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ

ဦးဇေယျာလှိုင် မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ

မည်သူမဆိုကတော့ ဥပဒေချိုးဖောက်ရင် ဥပဒေအရတော့ စီရင်ခံရမှာပေါ့။ ဒါပေမယ့် အခုကတော့ သတင်းစာဆရာရဲ့ သတင်း ရေးသားဖော်ပြမှုကြောင့်လား။ ဘာကြောင့်လဲတော့ မသိသေးဘူးပေါ့။ သတင်းစာဆရာရဲ့ သတင်းရေးသား ဖော်ပြမှုကြောင့် ဆိုရင်တော့ သတင်းမီဒီယာ ဥပဒေအရ သတင်းမီဒီယာ ကောင်စီကို အရင်ဆုံး လာပြီး ညှိနှိုင်းဖြေရှင်းတာ ကတော့ နည်းလမ်း ပိုကျတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့ ရေးထားတဲ့ အထဲမှာ လှုံ့ဆော်တာပါသလား၊ သတင်း မှားတာ ပါသလား၊ ဒါမှမဟုတ် အများပြည်သူကို အထိတ်တလန့် ဖြစ်စေတာ ပါသလား။

အဲဒီလို ပါတယ်ဆိုရင်တော့ ကျင့်ဝတ်နဲ့ မညီလို့ သတင်း မီဒီယာ ဥပဒေအရ ဆောင်ရွက်ပြီးကာမှ ဒီကိစ္စမှာ ဒီလို ထင်ရှားပါ တယ်ဆိုပြီး တည်ဆဲဥပဒေနဲ့ ဆက်သွားမယ်ဆိုရင် နည်းလမ်းကျတာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ ဖမ်းတယ်ဆီးတယ်ပေါ့။ ဖမ်းဆီးတဲ့ နေရာမှာလည်း မန္တလေးက ကိုနေလင်း ဆိုရင်လည်း ညဘက် လာစစ်တယ်ပေါ့။ ဒါက အရင်စစ် အစိုးရရဲ့ လုပ် ရပ် ပုံစံမျိုး ဖြစ်တဲ့ အခါကျတော့ နည်းနည်း ရုပ်ပျက်ဆင်းပျက် ဖြစ်တာပေါ့။

နိုင်ငံတကာမှာတော့ သတင်းသမားက သတင်းကိစ္စနဲ့ အကြမ်းဖက်လို့ ကြေညာထားတဲ့ အဖွဲ့တွေကို ဆက်သွယ်ရင် ဖမ်း တယ်၊ မဖမ်းဘူး ဆိုတာက နိုင်ငံကို မူတည်ပြီး ကွဲပြားတာရှိပါတယ်။ တချို့မီဒီယာကို နှိပ်ကွပ်တဲ့ အစိုးရတွေကတော့ ဖမ်း တာပဲ။ တချို့မီဒီယာ လွတ်လပ်ခွင့်ရှိတဲ့ အစိုးရတွေကတော့ လွှတ်ပေးနေတာပါပဲ။ အယ်ကိုင်းဒါ အဖွဲ့နဲ့ အင်တာဗျူးပြီး ရေး နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ရှိနေတာပဲ။

တခုတော့ ရှိတာပေါ့။ သူတို့ရဲ့ Content က လူ့အဖွဲ့အစည်းကို ထိခိုက်တယ်။ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်တယ်။ သတင်း အမှားတွေကို ရေးတာဆိုရင် တည်ဆဲ ဥပဒေအရ အရေးယူတာကို လက်ခံလို့ ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ သတင်းစာဆရာက ဘက်မျှအောင်၊ အသံစုံအောင်လို့ ကြိုးစားတာကို တဖက်သတ် ဖမ်းတာကတော့ မဖြစ်သင့်တဲ့ ကိစ္စ ပေါ့။
အခုလို ဖမ်းတဲ့အတွက် သတင်းစာဆရာတွေက ငါ ဒါနဲ့ ပတ်သက်လို့ ရေးရင်ကောင်းမလား။ မရေးရင်ကောင်းမလား မေးခွန်းတွေ ကျနော်တို့ သတင်းစာဆရာတွေ တဦးချင်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လာနိုင်ပါတယ်။ ရေးရင်ရော ဘယ် လိုရေးမှာလဲ။ ဒါမျိုးမေးခွန်းတွေက ကိုယ့်ကိုယ်ကို ပြန်ပြီး Self Censorship လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို စိစစ်ရတဲ့ ကိစ္စတွေကို ပိုပြီး မြင့်တက်စေတာပေါ့။

ဦးသီဟ
သတင်းစာပညာ သင်တန်းဆရာ

ဦးသီဟ သတင်းစာပညာ သင်တန်းဆရာ

လက်ရှိ အခြေအနေမှာတော့ ဥပဒေကို ချိုးဖောက်ရင်တော့ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် ဖမ်းဆီးရမှာပေါ့။ ဒီပုဂ္ဂိုလ်တွေက ဥပဒေကို ဘယ်လိုနည်းနဲ့ ချိုးဖောက်တာလဲ ဆိုတာ မူတည်ပါတယ်။ သူတို့က ချိုးဖောက်တာ မဟုတ်ဘူး။ သူတို့လုပ်ရမယ့် အလုပ်ကို သူတို့ လုပ်တာလေ။ သူတို့ သတင်းတင်ဆက်တယ်။ သူတို့ သတင်းတင်ဆက်တာက သူတို့ မတရား အသင်း ကြေညာထားတဲ့ သူတွေလည်း ဟုတ်ချင် ဟုတ်မယ်။ အတွင်းထဲက လူတွေလည်း ဖြစ်ချင် ဖြစ်မယ်။ သတင်းသမားကိုက နယ်စည်းထားလို့ မရတော့ အင်တာဗျူး လုပ်မှာပဲ။ သတင်း တင်ဆက်မှာပဲ။ အဲဒီအပေါ်မှာ အနာလုပ်ပြီးတော့ လိုက်အမှုဖွင့် နေတာက မလုပ်သင့်ဘူးလို့ ယူဆတယ်။

သတင်းစာ လွတ်လပ်ခွင့် ကတော့ အရင် ၂၀၁၅ ခုနှစ် ပြီးတည်းက မျှော်လင့်ခဲ့တာကတော့ ဒီထက် များတယ်။ လက်ရှိ အခြေအနေမှာကျတော့ ထင်ထားတာထက်တောင် နည်းနေသေးတယ်။ နည်းနေသေးတယ် ဆိုတာက အစပိုင်းကတည်း က ကိုလဝီတို့ ဖမ်းခံရတဲ့ အချိန်တည်းက သတင်းသမားကို တခါတခါကျရင် တိုင်းပြည် တခုခုနဲ့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေ တဲ့ အချိန်ဆိုရင် သူတို့က သတင်းသမားတွေကို လိုက်လိုက်မဲတဲ့ အခြေအနေတွေ လုပ်တာ တွေ့ရတယ်။

မင်းတို့ကို ရေးချင်တာ ရေးခွင့်ပေးထားတာပဲ ဆိုတာကတော့ ပြောလို့ မရဘူး။ ရေးချင်တာ ရေးခွင့်ပေးထားတယ် ပြောပြီး သတင်းသမားကို လိုက်ဖမ်းတယ်။ သတင်းသမားကို လိုက်ဖမ်းခြင်းကလည်း သတင်းစာလွတ်လပ်ခွင့်ကို တနည်းအားဖြင့် ထိန်းချုပ်ထားခြင်း တမျိုးပါပဲ။ မျှော်လင့်တာထက် အများကြီးနည်းတဲ့ အခြေအနေကို ရှိနေတယ်။

နောက်တနှစ်ပဲ ကျန်တော့တဲ့ သက်တမ်းအတွင်းမှာကို လုပ်နေတယ်။ တပ်က ဖွင့်တာ၊ ပြည်ထဲရေးက ဖွင့်တာ ဆိုတာတွေ ကတော့ အစိုးရရဲ့အလုပ်လေ။ ကျနော်တို့ မြင်တာကတော့ အစိုးရက ဖမ်းတယ်ပဲပေါ့။ အစိုးရ အတွင်းထဲမှာတော့ တပ်က ဖမ်းတာ ပြည်ထဲရေးက ဖမ်းတာပေါ့။ ဒါပေမယ့် အစိုးရအဖွဲ့တွေ ဖြစ်တဲ့အတွက်ကြောင့် အတူတူလို့ပဲ သတ်မှတ်ပြီး ပြောရင် တော့ အစိုးရ လက်ထက်မှာ သတင်းစာ လွတ်လပ်ခွင့်ကတော့ ထင်ထားတာထက်ကို အများကြီး နည်းပါတယ်။

ဦးသန်းဇော်အောင်
တရား လွှတ်တော်ရှေ့နေ

ဦးသန်းဇော်အောင် တရား လွှတ်တော်ရှေ့နေ

အရင်တုန်းက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်သွယ်တဲ့ သတင်းသမားတွေကို ၁၇ (၁) တို့ ၁၇(၂) တို့နဲ့ စွဲလေ့ စွဲထ ရှိတယ်။ နောက်ပိုင်းမှာ အကြမ်းဖက် ဥပဒေနဲ့ ပြောင်းပြီး တရားစွဲ လာတာက ပြစ်ဒဏ်ပိုပြီး ကြီးလေးစေတဲ့ သဘော သက်ရောက်တယ်။ နောက်တခါ ဒီလိုလုပ်တာက ပြည်သူရဲ့သတင်း သိပိုင်ခွင့်ရော သတင်းမီဒီယာရဲ့ လွတ်လပ်စွာ ထုတ် ဖော်ခွင့်တွေကိုရော ထိခိုက်စေတယ်။ သတင်းမီဒီယာ ဥပဒေမှာက သေချာပြောပြီးသား။ သတင်းသမားတွေက အုပ်ချုပ် ရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေကို ဥပဒေနဲ့ အညီ ရေးသားခွင့် ရှိတယ်။

ရေးသားခွင့်ရှိတဲ့ ကိစ္စတွေမှာ အဲဒီလို မဟုတ်ဘဲ ကိုယ်မကြိုက်တဲ့ အဖွ့ဲနဲ့ သွားဆက်သွယ်ရင် ပုဒ်မတွေ တပ်ပြီး တရားစွဲ တာက ငါပြောမယ်၊ ငါ့အကြောင်းပဲ ရေးဆိုတာမျိုး သက်ရောက်တယ်။ သတင်းသမားက သတင်း တိကျမှု ၊ မှန်ကန်မှု ၊ ဘက်လိုက်မှု မရှိဖို့ နှစ်ဖက်ကို ဆက်သွယ်ရတယ်။ ဆက်သွယ် ဖော်ပြတဲ့အခါမှာ အငြှိုးတွေနဲ့ ငါပြောတဲ့ တဖက်ပဲ ရေး ဆိုတာက သတင်းသမား အတွက်ကျတော့ မဟုတ်ပြန်ဘူး။ သတင်းမီဒီယာ ဥပဒေမှာက ပြောပြီးသား။ သတင်းသမား တွေရဲ့ ရပိုင်ခွင့်တွေမှာ သေချာဖော်ပြထားတယ်။ သတင်းမီဒီယာ ဥပဒေနဲ့ မစွဲဘဲ ပုဒ်မ အကြီးကြီးတွေနဲ့ တရားစွဲတာက သတင်းသမားတွေတင် မကဘူး။ အများပြည်သူရဲ့ သိရှိပိုင်ခွင့်ကိုပါ တားဆီးရာ ရောက်ပါတယ်။

ဥပဒေရုံးက ဘယ်လို အကြံပေးမလဲဆိုတာ မူတည်တယ်။ အရင်တုန်းကလည်း သတင်းသမားတွေကို ၆၆ (ဃ)နဲ့ စွဲဖို့ ဆိုပြီး အကြံပေးတာတွေ ရှိတယ်။ တချို့အမှုတွေမှာဆိုရင် စာရွက်စာတမ်း မစုံလင်ဘဲနဲ့ ဥပဒေရုံးက အကြံပေးတာ ရှိတယ်။ အဲဒီတော့ ရဲတပ်ဖွဲ့ တရားစွဲ အဖွဲ့အစည်းက စွဲဆိုလာတဲ့ အပေါ်မှာ ဥပဒေရုံးတွေက ဘယ်လို အကြံပေးမလဲ ဆိုတာကို စောင့်ကြည့်ရမှာပေါ့။

ဥပဒေမှာ ကတော့ မည်သူမဆို ဆိုတဲ့ ကိစ္စတွေ ရှိတယ်။ ဟိုး သူတောင်းစားကနေ သမ္မတကြီး အထိ လိုက်နာရမှာပဲ။ သို့သော် သတင်းမီဒီယာနဲ့ ပတ်သက်ရင် သတင်းမီဒီယာ ကောင်စီက တပ်မတော်နဲ့ရော အကြိမ်ကြိမ် တွေ့ဆုံပြီးပြီ။ အဲဒီမှာ ဘယ်လိုတွေ ဆွေးနွေးထားလဲ။ အမှန်တကယ်ဆိုရင် အဲဒီမှာ သေချာ ဆွေးနွေးခဲ့သင့်တယ်။ မဏ္ဍိုင် ၄ ရပ် တွေ့ဆုံမှုတွေ အကြိမ်ကြိမ် လုပ်တယ်။ ရေးပိုင်ခွင့် ရှိတယ် မရှိဘူး ဆိုတာကတော့ နှစ်ဖက် ဆွေးနွေးညှိနှိုင်းပြီး ဖော်ပြရမယ့် ကိစ္စတွေ။

ကျနော် ၁ မှု ကြုံဖူးတာ ဆိုရင် ရှေ့တန်း တပ်မတော်သားတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာသမားတွေ စည်းကမ်း လိုက်နာဖို့ ဆိုတာက သတင်းမီဒီယာသမားတွေ သိတောင် မသိဘူး။ သူတို့ တပ်ထဲမှာပဲ ထုတ်ပြန်ထားတဲ့ အမိန့်တွေက သတင်းသမားတွေ ဘယ်လို သိနိုင်မလဲ။ တကယ့် တကယ် အမှုဖြစ်မှ ငါတို့မှာ ဒါတွေ ထုတ်ပြန်ထားတာ ရှိတယ်။ မင်းတို့ မလိုက်နာဘူး ဆိုပြီး ဖြစ်တယ်။ တကယ်ဆိုရင် ပွင့်ပွင့်လင်းလင်းနဲ့ အစိုးရအဖွဲ့တွေ သတင်းမီဒီယာကောင်စီတွေ အကြိမ် ကြိမ် တွေ့တယ်။ အဲဒီ ဆွေးနွေးချက်တွေကို တကယ်ရော အကောင်အထည်ဖော်ရဲ့လား ဆိုတာ နှစ်ဖက်က အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။

ဦးရဲနိုင်မိုး
ရန်ကုန်သတင်းစာ ပညာသင်ကျောင်း တည်ထောင်သူ

ဦးရဲနိုင်မိုး ရန်ကုန်သတင်းစာ ပညာသင်ကျောင်း တည်ထောင်သူ

သတင်းစာ ဆရာတွေကို အကြမ်းဖက် ဥပဒေနဲ့ အရေးယူတယ်ဆိုတာ အဲဒီ အဖွဲ့အစည်းတွေက လူ့အဖွဲ့အစည်းကို ဘယ်လို တန်ဖိုးထားတယ် ဆိုတာ ပေါ်လွင်တာပါပဲ။ သူတို့ရဲ့ ဒီမိုကရေစီအပေါ်မှာ သဘောထားက သုညပါ။ ရန်ကုန် သတင်းစာကျောင်းကတော့ လူ့အဖွဲ့အစည်းတွင်းက လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းသမားတွေရဲ့ အခန်းကဏ္ဍကို ပြတ်ပြတ်သားသား ယုံကြည်ပါတယ်။

သူတို့တွေ လွတ်လွတ်လပ်လပ် အလုပ် လုပ်ခွင့်မရဘဲနဲ့ နိုင်ငံဟာ လမ်းမှန်ပေါ်ကို မရောက်ပါဘူး။ အခု အရေးယူမှုတွေက မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်ဟာ အဆိုးဆုံး အခြေအနေကို ရောက်နေပြီလို့ ညွှန်ပြနေပါတယ်။ ဘာလို့လဲဆိုတော့ သတင်းသမားတွေ အလုပ်လုပ်ဖို့ အလိုအပ်ဆုံး အခြေအနေမှာ တိုက်ခိုက်ခံရတာမို့ပါ။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေမျိုးနဲ့ တရားစွဲတာဟာ အစကတည်းက ဥပဒေကို လွဲမှားစွာ အသုံးချတယ်။ ပြီးတော့ သတင်းစာလောက အပေါ်မှာ သူတို့ ဘယ်လို သဘောထားတယ် ဆိုတာ ပေါ်တာပါပဲ။ သမိုင်းက မှတ်တမ်း တင်ပါလိမ့် မယ်။ သတင်းစာဆရာတွေကို နှိပ်ကွပ်တဲ့သူတွေ ဘယ်တုန်းကမှ သမိုင်း စာအုပ်ထဲမှာ နေရာကောင်း မရပါဘူး။

ဆက်စပ်ဖတ်ရှုရန်-

အကြမ်းဖက်ဥပဒေဖြင့် သတင်းသမားများကို တရားစွဲနေခြင်းအား ပြန်သုံးသပ်ရန် EPRN တောင်းဆို

VOM သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

Did you find apk for android? You can find new Free Android Games and apps.
Loading