ကျောက်မဲ မြို့နယ်အတွင်း၌ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ လူနာတဦး တွေ့ရှိထားကြောင်းကို မတ် ၃၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို သတင်းထုတ်ပြန်ချက်အရ အဆိုပါ လူနာကို လူနာအမှတ် ၁၄ ဟု သတ်မှတ်ထားပြီး ၎င်းမှာ မတ် ၂၅ ရက်တွင် ထိုင်းနိုင်ငံမှ တာချီလိတ်မြို့၊ မန္တလေးမြို့မှ တဆင့် ကျောက်မဲမြို့နေအိမ်သို့ ပြန်လာသူ ဖြစ်သည်။
နေအိမ်သို့ ရောက်ပြီး မတ် ၂၈ ရက်တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ပေါ်သဖြင့် ဆေးရုံတင်ရကာ ဓာတ်ခွဲဆေးစစ်ပြီးနောက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကျန်းမာရေး ဝန်ကြီးဌာနသည် ရောဂါပိုး ကူးစက်ခံထားရသူများ တွေ့ရှိပါက ၎င်းတို့နှင့် အနီးကပ် နေထိုင်ခဲ့သူများ အားလုံးကို ကူးစက်ခံထားရခြင်း ရှိမရှိ ဆေးစစ်ပေးခြင်း၊ ရောဂါခြေချုပ်ထားကာ စောင့်ကြည့်ခြင်းများ ပြုလုပ်လျက် ရှိသည်။
မတ် ၃၁ ရက်တွင် ဖွဲ့စည်းလိုက်သည့် ဒုသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ရောဂါကူးစက်ခံထားရသူများနှင့် အနီးကပ်နေသူများကို လက္ခဏာပေါ်သည်အထိ မစောင့်ဆိုင်းဘဲ ရှာဖွေဖော်ထုတ်ကာ အမြန်ဆုံး စစ်ဆေးရေးများ လုပ်မည်ဟု ကြေညာထားသည်။
သို့သော် လူနာအမှတ် ၁၄ ၏ မိသားစုဝင်များမှာ ရောဂါခြေချုပ်ဖြင့် နေနေရသော်လည်း ဆေးစစ်ဆေးမှု ခံယူရခြင်း မရှိသေးပါ။
အထက်ပါ အခြေအနေနှင့် ပတ်သတ်၍ ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က လူနာအမှတ် ၁၄ ၏ ဖခင် ဦးဒစ်ဘဟာဒူး ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အန်ကယ်တို့ မိသားစု အခြေအနေ ဘယ်လိုများ ရှိပါသလဲ။ အန်ကယ်တို့ မိသားစုက ဆေးမစစ် ရသေးဘူး လို့လဲ သတင်းကြားလို့ပါ။ ပြောပြပါဦး။
ဖြေ။ ။ ဆေးတော့ ကျနော်တို့က အစစ်မခံရသေးဘူးခင်ဗျ။ အခုတော့ ကျန်းကျန်းမာမာပဲ ရှိပါတယ်။ အိမ်မှာပဲ ရှိနေကြ ပါတယ်။
မေး။ ။ ဆေးက လာမစစ်ပေးတာလား။ ဘယ်လို အခြေအနေလဲရှင့်။
ဖြေ။ ။ မစစ်ပေးတာလား ဆိုတော့ ဒီလိုပါ။ သီးသန့်စီ နေခိုင်းထားပါတယ်။ လူတွေကို ထိတွေ့မှု မရှိအောင် တယောက်နဲ့ တယောက်ပေါ့။ အိမ်မှာက အခု မိသားစုက ၄ ယောက်ကိုး။ အဲဒီလိုနေပြီးရင် တကယ်တမ်း ၁၄ ရက် အတွင်း တခုခု ထူးခြားတယ်။ ဖျားတယ်၊ နာတယ်၊ ချောင်းဆိုးတယ် ဆိုရင် ပြောပါ။ လာခေါ်မယ်လို့ ပြောထားပါတယ်။
မေး။ ။ အန်ကယ်တို့ စိတ်ဆန္ဒကရော ဘယ်လိုရှိပါသလဲ။ ဒီလိုပဲ စောင့်နေမလား။ ဆေးစစ်ဖို့ရော ဆန္ဒ ရှိလား။
ဖြေ။ ။ အဲဒါကတော့ စောစောစီးစီး စစ်ချင်တာပေါ့။ ဒီလောက် ဒုက္ခရောက်နေတာ စောစောစီးစီး စစ်ရရင်လည်း စောစောစီးစီး စစ်ချင်တယ်။
မေး။ ။ ဘယ်သူတွေနဲ့ ဆက်သွယ်ထားလဲ။ မြို့နယ် ထွေအုပ်တွေ ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ရော ဆက်သွယ် ထားလား။
ဖြေ။ ။ ကျနော်ကတော့ မြို့နယ် ဆရာဝန်ကြီး ထင်ပါတယ်။ ဆရာဝန်ကြီးနဲ့ ဆက်သွယ်ထားပါတယ်။ ဆရာဝန်ကိုတော့ တချက် မေးပါတယ်။ ကျနော်လည်း လူနာနဲ့ အနီးကပ်ဆုံး ထိတွေ့ပြီးတော့မှ ၃ ရက်လောက် နေလိုက်တော့ ကျနော်ကရော စစ်လို့ မရသေးဘူးလား ဆိုတော့ အခု သီးခြားနေလိုက်ပါတဲ့။ ၁၄ ရက်လောက်ပေါ့နော်။ တခုခု လက္ခ ဏာ ပြရင် ချက်ချင်း ဖုန်းဆက်ပါတဲ့။ ကျနော် လာခေါ်မယ်၊ စစ်ပေးမယ်လို့ ပြောထားတယ်ဗျ။
မေး။ ။ အခု အိမ်မှာက ၄ ယောက်ပေါ့နော်။ အိမ်ထဲမှာရော ဘယ်လို နေထိုင်နေကြပါသလဲ။ စားသောက်ရေးရော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ အိမ်ကတော့ ၄ ယောက်ပေါ့ဗျာ။ ကျနော့်သား (ရောဂါပိုးကူးစက်ခံထားရသူ) နဲ့ ဆိုရင်တော့ ၅ ယောက်ပေါ့။ ကျနော်တို့ အိမ်က ၄ ဦးကတော့ နေတာကတော့ တအိမ်တည်း နေကြပါတယ်။ အိပ်ယာခင်းတွေက တော့ သီးသန့်စီပေါ့။ တယောက်နဲ့ တယောက်လည်း အနည်းဆုံး ၄ ပေ၊ ၅ ပေ၊ ၆ ပေ ခွဲပြီး နေရတာပေါ့။
စားသောက်ရေးကတော့ ပို့ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဦးလေးတို့ကတော့ ကိုယ့်ဘာသာ ချက်စားလို့ ရလား ဆိုတော့ ရတယ်တဲ့။ အဲဒီတော့ တယောက်ကတော့ ချက်တယ်။ ချက်ပြီးရင် ကိုယ့်ပန်းကန်နဲ့ ကိုယ်ထည့်ကြပြီး ဝေး ဝေး ထိုင်စားကြတာပေါ့။
မေး။ ။ မိသားစုတွင်း စိတ်ပိုင်း ခံစားချက်ကရော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ဒီလို ဖြစ်တယ်ဆိုတော့ တုန်လှုပ်ခြောက်ခြားမိတယ်။ စိတ်တွေ ညစ်သွားတာ၊ စိတ်လေတာ ဖြစ်သွားတာပေါ့။ ခဏတော့လေ။ နောက်ပိုင်းမှာ ပြန်စဉ်းစားကြည့်တော့ ဖြစ်ပြီးမှတော့ ဘာထူးတော့မလဲ ဆိုပြီး အကောင်းဆုံး ဖြစ် အောင် ပြန်ကြိုးစားရတော့မယ် ဆိုပြီး ပြန်ကြိုးစားလိုက်တယ်။
မေး။ ။ အန်ကယ့်ရဲ့သားအခြေအနေကရော ဘာကြားသေးလဲ။
ဖြေ။ ။ သားနဲ့ နေ့တိုင်း စကားပြောဖြစ်တယ်။ အခုလည်း Messenger Video Call နဲ့ ကောင်းကောင်း စကားပြော ဖြစ်တယ်။ သားက မဖျားတာ ၂ ရက်၊ ၃ ရက် ရှိပြီ။ ခေါင်းလည်း မကိုက်ဘူး။ ချောင်းလည်း မဆိုးဘူး။ အခြေအနေ ကောင်းနေတယ်။ ဒီနေ့ကနေ စပြီး မနက်တည်းက သူက စားတာလည်း မအန်သေးဘူးလို့ ပြောတယ်။ အခြေအနေ ကောင်းပြီတဲ့။
မေး။ ။ အန်ကယ်တို့ အိမ်ထဲမှာ နေနေကြတာ ဘယ်နှရက် ရှိပြီလဲ။
ဖြေ။ ။ အိမ်ထဲမှာ နေနေရတာက မတ်၂၈ ရက်ကနေ ကန့်သတ်နယ်မြေ ဆိုပြီး လုံးဝ လုပ်ထားတယ်။ အပြင် မထွက်ရ ဘူး။ ဒီနေ့နဲ့ဆို ၆ ရက် ရှိပါပြီ။
မေး။ ။ အန်ကယ်တို့ မိသားစု ကြုံတွေ့နေရတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာကနေ တဆင့်ရော ဘာပြောချင်တာ ရှိပါသလဲ။
ဖြေ။ ။ အခု ကျနော်တို့ မိသားစုက ကျန်းကျန်းမာမာ ရှိပါတယ်။ တကယ်တမ်း စစ်လို့ ရရင်တော့ စောစောစီးစီး စစ်ချင် တယ်။ ရောဂါ ရှိမရှိ စောစောစီးစီး သိရရင် ပိုကောင်းမယ်။ ဒါလေး မစစ်ရသရွေ့ကတော့ စိတ်ထဲမှာလည်း စိတ်မချမ်း မသာတွေ ဖြစ်နေတာပေါ့။
ကျန်းမာရေး ဌာနမှာ အဆင်ပြေတယ်၊ ရောဂါ ရှိမရှိကို လာစစ်ပေးမယ် ဆိုရင် ပိုကောင်းပါမယ်။ အခုဖြစ်နေတဲ့ သား ကလည်း အခြေအနေ လုံးဝ ကောင်းပါတယ်။ ဆရာဝန်တွေနဲ့လည်း အဆက်အသွယ် ဖြစ်ပါတယ်။ ကျနော်တို့က ဘယ်သူ့ကိုမှ အပြစ်တင်တာလည်း မရှိပါဘူး။ ကိုယ့်ကံတရားနဲ့ကိုယ် ဖြစ်လာတယ်လို့ပဲ သဘောထားပါတယ်။
လုပ်ကိုင်ပေးတဲ့ ဆရာဝန်တွေ ဆရာမတွေ၊ ဝိုင်းကူပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးကိုလည်း ကျေးဇူး တင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဦးလေးတို့ကို စောစောစီးစီး ဆေးစစ်ပေးရင်တော့ ပိုကောင်းတယ် လို့ မြင်မိပါတယ်။ တယောက်နဲ့ တယောက် ဘာတွေ ဖြစ်နေတယ်ဆိုတာ အဲဒီအချိန်ကျမှ သိရမှာလေ။ စောစောစီးစီး သိရရင်တော့ ပိုကောင်းတယ်လို့ ပြောချင်ပါတယ်။
You may also like these stories:
ကျောက်မဲက Covid-19 လူနာကို လားရှိုးဆေးရုံသို့ ပို့ဆောင်
COVID-19 ကပ်ရောဂါကြီး အသွင်ဖြစ်ရန် အလားအလာများနေဟု အစိုးရ သတိပေး