ချင်းပြည်နယ် တောင်ပိုင်း ပလက်၀မြို့နယ်အတွင်း၂၀၁၅ ခုနှစ် မတ်လမှ စတင်၍ မြန်မာ့တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် ဒေသခံ ပြည်သူ ၆ သောင်းကျော် စစ်ဘေးဒဏ် ခံစားနေကြရသည်။
တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများ ပိုမို ပြင်းထန်လာမှုကြောင့် မတ်လ ၁၄ ရက်မှ ၁၅ ရက်အထိ ၂ ရက်အတွင်း အရပ် သား ၂၁ ဦး သေဆုံးကာ၊၂၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ထိုသို့ အရပ်သားများ သေဆုံးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အတွင်း လူ့အခွင့် အရေး ချိူးဖောက်ခံရမှုများကို ထဲထဲဝင်ဝင် လေ့လာပြုစုနေသည့် ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ကို ဧရာဝတီသတင်းထောက် လဲ့လဲ့က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ တပ်မတော်နဲ့ AA တို့ တိုက်ပွဲကြောင့် လူ့အခွင့်အရေးချိူး ဖောက်ခံရမှုတွေ ဘယ်လောက်ရှိသွားပြီလဲ။
ဖြေ။ ။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမှာ AA နဲ့ တပ်မတော်ကြားမှာ တိုက်ပွဲဖြစ်တာက၂၀၁၅ မတ်လ ၂၈ ရက် ကနေ စပြီး ဒီနှစ် အထိဆိုရင်တော့ ၅ နှစ် တိတိပြည့်ပြီပေါ့။ ချင်း လူ့အခွင့်အရေးရဲ့စာရင်းအရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တိုက်ပွဲကြောင့် ပြည်သူ ၃၆ ယောက် သေသွားပြီ။
တိုက်ပွဲကြောင့် ပျောက်နေတဲ့သူ အနည်းဆုံး ၁၂ ယောက် ရှိ တယ်။ တိုက်ပွဲကြားထဲမှာ AA ကဖြစ်ဖြစ်၊ တပ်မတော်က ဖြစ်ဖြစ် ဖမ်းခေါ်သွားခံရတဲ့ သူ အနည်းဆုံး ၆၈ ယောက် ရှိတယ်။ ဒါပေမယ့် အဲဒီ ၆၈ ယောက်ထဲက AA ဖမ်းသွားတဲ့ ကင်းသလင်း ရွာသား ၅၂ ဦးကတော့ ပြန်လွတ်လာတယ်။ အဲဒီအထဲမှာ ပညာရေး ဝန်ထမ်းတဦးလည်း ပါတယ်။
လောလောဆယ် မတ်လ ၁၄ ရက်နဲ့ ၁၅ ရက်မှာ တပ်မတော်က လေယာဉ်နဲ့ AA တွေ ပုန်းတဲ့နေရာကို လိုက်ပစ်လို့ အဲဒီ ၂ ရက်ထဲမှာပဲ လူ၂၁ ဦး သေတယ်။ ပြီးတော့ ၂၈ ယောက် ဒဏ်ရာရတယ်။ ဒီနေ့ ဆိုရင်တော့ ဆမီးမြို့မှာ ဒုက္ခသည် အနည်း ဆုံး ၁၄၀၀ လောက် ရောက်နေတယ်။ နောက် ပလက်ဝမှာ ရေလမ်း ကုန်လမ်း ပိတ်ထားတာကြောင့် တိုက်ပွဲ မဖြစ်တဲ့ ပလက်ဝမြို့ပေါ်က လူတွေ အစာငတ်ပြီး ဒုက္ခရောက်နေကြတယ်။ ပလက်ဝမှာ စစ်ရှောင် ၆၀၀၀ လောက်ရှိပြီး စစ်ဘေး သင့်သူက အနည်းဆုံး ၆၀၀၀၀ လောက် ရှိတယ်။
မေး။ ။ တပ်တွေက ဘယ်လို လူ့အခွင့်အရေးတွေ ချိုးဖောက်တာ များလဲ။
ဖြေ။ ။ တပ်မတော်ကနေ ပလက်၀ ဒေသခံတွေကို ဆန်ကို အကန့်အသတ်နဲ့ ဝယ်ယူခိုင်းတာ ဒါက အင်မတန် ဆိုးတယ်၊ ပြီးတော့ ဒေသခံ ရွာသားတွေကို တပ်ရိက္ခာ ထမ်းခိုင်းတာ၊ ခြိမ်းခြောက်တာ၊ လမ်းပြအဖြစ် ရှေ့တန်းကို ခေါ်တာ၊ မြေမြှုပ် မိုင်းနင်းမိပြီး သေဆုံးနေတာတွေ ဒါတွေကို ကျူးလွန်းတယ်။
AA ကလည်း ဒေသခံရွာသားအပေါ်မှာ တပ်ကို သတင်းပေး ဆိုပြီး ခေါ်စစ်ဆေးတာ၊ ရိုက်နှက်တာ၊ ခြိမ်းခြောက်တာတွေ အပြင် စားနပ်ရိက္ခာတွေ အတင်းလုယူတာ။ ပျောက်သွားတဲ့အထဲမှာ ကလေးတွေလည်း ပါတယ်။ အစိုးရ ဝန်ထမ်းတွေလည်း ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတော့ အခုထိ မတွေ့ရှိသေးပါဘူး။ ဒါက အခုလက်ရှိ ပလက်ဝမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ပြောတာပါ။
မေး။ ။ တပ်မတော်၊ AA တပ်တွေနဲ့ ပတ်သက်ပြီး ချင်းပြည်သူတွေရဲ့ သဘောထားက ဘယ်လိုရှိသလဲ။
ဖြေ။ ။ ကျနော်တို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ရှိပါတယ်။ တိုက်ပွဲဖြစ်ကာစ ၂၀၁၅၊ ၁၆ ဇွန်လလောက်မှာ ဒေသခံ ချင်းပြည်သူတွေက သူတို့မှာ AA နဲ့ ပြဿနာ မရှိဘူးတဲ့။ ဒါပေမယ့် တိုက်ပွဲတွေ ပြင်းထန်ပြီး နှစ်ကာလ ကြာလာတော့ သူတို့ စားသောက်မှု ခက်ခဲလာတယ်။ အဲဒီတော့ သူတို့ ဆက်ဆံရေးကလည်း တင်းမာလာတယ်။
တပ်၂ ခုလုံးက လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတော့ တပ်ကလည်း ပြည်သူတွေ ရှိတဲ့နေရာကို မညှာဘဲနဲ့ ပစ်နေတယ်။ အဲဒီတော့ ပြည်သူတွေက AA ကိုပဲဖြစ်ဖြစ်၊ တပ်ကိုပဲဖြစ်ဖြစ် သဘောမကျဘူးပေါ့။ အခုလက်ရှိ အခြေအနေမှာဆိုရင်တော့ နှစ်ဖက်စလုံးကို ကြောက်နေရတဲ့ အခြေအနေ ဖြစ်နေတယ်။
မေး။ ။ AA က ချင်းပြည်နယ် အတွင်း စစ်ရေးလှုပ်ရှားမှု လုပ်နေတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ချင်းပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ချင်းအမျိုးသား တပ်ဦး (CNF)က အစိုးရနဲ့ အပစ် ရပ် လက်မှတ်ထိုးပြီး နောက်ပိုင်း တခြား တိုင်းနဲ့ ပြည်နယ်တွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ အငြိမ်းချမ်းဆုံးလို့ ပြောလို့ရမယ် ထင်တယ်။
ဒါပေမယ့် အခု AA ဝင်လာတာနဲ့ ချင်းပြည်သူတွေ ဒုက္ခ ခံရတယ်။ ပလက်ဝ တခုတည်းမှာတင် မဟုတ်ဘူး မတူပီ၊ မင်း တပ်လည်း ထိခိုက်လာတယ်။ AA က ဘာလို့ ကျနော်တို့ ချင်းပြည်နယ်ကို အခြေလာချလဲ ဆိုတာ ကျနော်တို့ ကောင်း ကောင်း မသိဘူး။ ဒါပေမယ့် တိုက်ပွဲကြောင့် ပြည်သူတွေ ထိခိုက်အောင် မလုပ်သင့်ဘူးလို့ မြင်ပါတယ်။
မေး။ ။ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဘယ်တပ်က ကျူးလွန်တာများလဲ။
ဖြေ။ ။ လူ့အခွင့်အရေး ချိုးဖောက်တာက တပ်၂ ခုလုံးက ချိုးဖောက်တာပဲ။ ဘာလို့လဲဆို ဥပမာ-တပ်မတော်သားတွေ ဝင် လာတဲ့ ၂၀၁၉ ဖေဖော်ဝါရီလကနေ မေလအထိ ပြည်သူတွေကို သူတို့ရဲ့ ရိက္ခာတွေ တင်ခိုင်းတာ၊ ထမ်းခိုင်းတာတွေ လုပ် တယ်။ ဒါပေမယ့် တချို့ တပ်မတော်သားတွေကတော့ ထမ်းပိုးခ ငွေကြေးပေးတယ်တဲ့။ ဒါပေမယ့် ဒီလိုမျိုး ဘယ်သူက သွားထမ်းရဲမှာလဲ။ ဒါကလည်း လူ့အခွင့်အရေး ချိုးဖောက်တာပဲ။
AA ကလည်း ပြည်သူတွေကို တပ်မတော်ကို သတင်းပေးတယ် ဆိုပြီး ဖမ်းတယ်။ ရိုက်နှက်တယ်။ သူတို့ အလုပ်တွေကို လည်း လုပ်ခိုင်းတယ်။ နောက် နှစ်ဖက်စလုံး မြေမြှုပ်မိုင်းထားတယ် ဆိုတော့ အဲဒါကြောင့် သေတဲ့သူတွေကလည်း မနည်း တော့ဘူး။ အဲဒါကြောင့်၂၀၁၅ ကနေ အခုအထိ မြေမြှုပ်မိုင်းကြောင့် လူတွေ။ တိရစာ္ဆန်တွေ သေတာ အများကြီးပဲ။
ဒီလိုမျိုး တိုက်ပွဲဖြစ်လာရင်တော့ နှစ်ဖက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တယ်။ အဲဒါကြောင့် နှစ်ဖက်တပ်တွေက ပြည်သူတွေ ရှိတဲ့နေရာ ရွာထဲ၊ မြို့ထဲမှာ အတတ်နိုင်ဆုံး ရှောင်ပြီးတော့ ပြည်သူတွေ ဒုက္ခမရောက်အောင် လုပ်ရမှာပါ။
မေး။ ။ ချင်းပြည်မှာ တိုက်ပွဲတွေ ဖြစ်ရင် အင်တာနက်လိုင်း ပိတ်တာ၊ ဖုန်းလိုင်းပိတ်တာတွေ ခဏခဏ ဖြစ်တယ်။
ဖြေ။ ။ ပထမ ကျနော်တို့ ချင်းပြည်နယ်ကို အင်တာနက်လိုင်း ပိတ်တာနဲ့ ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေ ပေါင်းပြီး လုပ်ခဲ့တာ အောင်မြင်ခဲ့တယ်။ အခု ဒုတိယအကြိမ် ပိတ်လိုက်တယ်။ ဒါကို လူ့အခွင့်အရေး ရှု ထောင့်က ကြည့်လိုက်မယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်တာပဲ ဖြစ်တယ်။ အဓိကက တပ်မတော်ရဲ့ လုပ်ရပ်တွေ အပြင်မရောက်အောင် ထိန်းထားတာပဲ ဖြစ်တယ်။
တပ်မတော်က လေယာဉ်တွေနဲ့ ပစ်နေတာတွေကို ပြင်ပကမာ္ဘက မသိနိုင်အောင် ထိန်းချုပ်ချင်လို့ပဲ၊ ဒါတွေကို လုပ်နေတာ ဖြစ်တယ်။ ဆိုတော့ စစ်ဗျူဟာအရ သူတို့ လုပ်နေတာ ဖြစ်တယ်။ အဲဒါကြောင့် တိုက်ပွဲမှာ သတင်းအမှန် ရနိုင်ဖို့ လူ့အခွင့်အရေး မှတ်တမ်းတင်နိုင်ဖို့ တိုက်ပွဲမှာ ဒုက္ခခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားပြီး လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးဖို့ ပြောချင်တယ်။
မေး။ ။ ချင်းပြည်နယ်အတွင်းမှာ လူ့အခွင့်အရေး ချိူးဖောက်မှုတွေ၊ ပဋိပက္ခတွေ အတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ။ နောက် ပြီး လူ့အခွင့်အရေး အဖွဲ့တခု အနေနဲ့ ဒီအတိုင်း ထုတ်ပြန်ချက်တွေ အစီရင်ခံစာတွေ ထုတ်ရုံနဲ့ ဒါတွေက လျော့ကျသွား နိုင်လား။
ဖြေ။ ။ အခု ပလက်ဝမှာ ဖြစ်နေတဲ့ တိုက်ပွဲကတော့ နှစ်ဖွဲ့စလုံးမှာ တာဝန်ရှိပါတယ်။ ကျနော်တို့ ထုတ်ပြန်ကြေညာချက်တွေ၊ သတင်း မှတ်တမ်းတွေ၊ အစီရင်ခံစာတွေ ထုတ်နေတယ် ဆိုတာက ဒီတိုက်ပွဲကြောင့် ပြည်သူတွေ ဒုက္ခခံနေရတယ် ဆိုတာ ပြည်သူတွေကို သိစေချင်လို့ပါ။ မြန်မာနိုင်ငံတင်မက တမာ္ဘလုံးမှာ ရှိနေတဲ့ သူတွေ ဒီအရေးကိစ္စကို လုပ်နေတာ ဖြစ်တယ်။ စိတ်ဝင်စားတဲ့သူတွေ သိအောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်နိုင်ဖို့ ကျနော်တို့ လုပ်နေတာ ဖြစ်တယ်။ ဒါပေမယ့် ဒီဟာလုပ်လို့ တိုက်ပွဲ ပြီးသွားမယ်၊ ငြိမ်းချမ်းသွားမယ် ဆိုတာကတော့ မဟုတ်ဘူး။
ချင်းပြည်သူ တယောက်အနေနဲ့ အလိုအပ်ဆုံး၊ အဖြစ်ချင်ဆုံးကတော့ တိုက်ပွဲ မဖြစ်ဖို့၊ ပြန်ပြီး ငြိမ်းချမ်းဖို့ ဒါကို လိုအပ်တယ်။ ဒါကိုတော့ တပ်မတော်နဲ့ AA ကပဲ လုပ်ပေးနိုင်မှာပါ။ ကျနော်တို့ လုပ်ပေးနိုင်တာကတော့ တောင်းဆိုတာပဲ လုပ်ပေး နိုင်ပါတယ်။
မေး။ ။ ပဋိပက္ခကို အဆုံးသတ်ဖို့ ချင်းအသိုင်းအဝိုင်းက ဘာလုပ်နိုင်မလဲ။
ဖြေ။ ။ AA အဖွဲ့ဟာ ရခိုင်လူမျိုးအတွက် တိုက်ပွဲဝင်နေတယ်ဆိုတာ လူတိုင်း အသိပါ။ ဒါပေမယ့် ဆီမဆိုင် ချင်းပြည်နယ် တောင်ပိုင်း ပလက်၀မြို့နယ်အတွင်းမှာ စစ်မျက်နှာ လာဖွင့်တာဟာ ချင်းအမျိုးသားကို အနိုင်ကျင့်ရာ ရောက်သလို အထင်အမြင်သေးရာလည်း ရောက်တယ်။ ဒါကြောင့် AA အနေနဲ့ ဒီကိစ္စအတွက် ရေရှည် အကျိုးကို မျှော်ကိုးပြီး လေးလေးနက်နက် စဉ်းစားစေချင်တယ်။ ဒီကိစ္စကြောင့် ရခိုင်နဲ့ ချင်း လူမျိုးများကြား လူမျိုးရေးအရ ပြဿနာ မဖြစ်စေချင်လို့ ပြောတာပါ။
မေး။ ။ ချင်းတွေက လက်နက် တပ်ဆင်ပေးဖို့ တပ်မတော်နဲ့ ပြောတာ ရှိတယ်။ ဒါကရော ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ။ ။ ပြည်သူတယောက် အနေနဲ့ မဖြစ်စေချင်တာကတော့ ချင်းနဲ့ ရခိုင်နဲ့ လူမျိုးရေး ပြဿနာ ဖြစ်မှာကို ကျနော်တို့ စိုးရိမ်တယ်။ လက်ရှိမှာ ပလက်ဝ တိုက်ပွဲနဲ့ ပတ်သက်ပြီး တချို့တွေက ပြန် တုံ့ပြန်ချင်တာတွေ ရှိတယ်။ ဒါကို ကျနော်တို့ တပ်က ချင်းတွေကို ဒီလိုမျိုး ကိစ္စတွေအတွက် အသုံးချမယ် ဆိုရင်တော့ ပိုပြီး ဆိုးဝါးတဲ့ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာမယ်။ ဒီလိုမျိုး ကျနော်တို့က မဖြစ်စေချင်ဘူး။ ဒီလို မဖြစ်လာဖို့ကိုလည်း ချင်းပြည်သူတယောက်အနေနဲ့ အမြဲ ကြိုးစားနေတာ ဖြစ်တယ်။
ပလက်ဝမှာ ရှိတဲ့ ချင်းလူငယ်တွေက ပြောတဲ့ လက်နက်တပ်ဆင် ပြုလုပ်နေတယ် ဆိုတာ ဒါကလည်း ဖြစ်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး မဖြစ်လာဖို့ကို အမြဲတမ်း ထိန်းဖို့ လိုတယ်။ လူမျိုးကို အခြေခံပြီးတော့ တိုက်ပွဲဖြစ်လာမယ်ဆိုရင် ပြန်ပြီး ငြှိမ်းဖို့ ခက်တဲ့အခြေအနေကို ရောက်လာလိမ့်မယ်။ ဒီလိုလူမျိုး အခြေခံတိုက်ပွဲတွေ ဖြစ်လာမယ်ဆိုရင်၊ တပ်မတော်က ဒါကို အသုံးချရင် ကျနော်တို့ လူမျိုးအချင်းချင်းကြားမှာ အမုန်းပွားပြီး တော့ ဒုက္ခတော်တော် ရောက်မှာ ဖြစ်တယ်။ ဒါကြောင့် ဒီလို မဖြစ်လာဖို့ကို ချင်းပဲဖြစ်ဖြစ်၊ ရခိုင်ပဲဖြစ်ဖြစ် အရေးကြီးပါတယ်။
မေး။ ။ တကယ်လို့ အနာဂတ်မှာ ချင်းပြည်သူ့စစ် ပေါ်လာနိုင်လား။ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့မှာ ချင်းအမျိုးသား တပ်ဦး(CNF) ရှိပါတယ်။ သူတို့လည်း ညီလာခံရဲ့ ထုတ်ပြန်ချက်မှာ ချင်းပြည်နယ် ပလက်ဝရဲ့အခြေအနေက အရေးပေါ် ဖြစ်နေတယ် ဆိုတာ ထုတ်ပြန်ထားတယ်။ CNF အနေနဲ့ တပ်မတော်နဲ့ AA ကြားမှာ ကြားထဲ ဝင်ပါပြီး တိုက်ပွဲတွေ ပိုဆိုးသွားမှာကိုလည်း သူတို့ စိုးရိမ်တယ်။ အခုလက်ရှိ တပ်နဲ့ AA တိုက်ပွဲကြောင့် ပြည်သူတွေ ဘယ်လောက် ခံစားနေရလဲ။ ထိခိုက် ဒဏ်ရာရမှု ဘယ်လောက် ကြုံနေရတယ်ဆိုတာ မျက်မြင်သက်သေ တွေ့နေရတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ နောက်ထပ် ဒီလိုမျိုး ထပ်ဖြစ်မှာကို မလိုလားဘူး။
မေး။ ။ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ CNF အနေနဲ့ ချင်းလူမျိုး အတွက် ပြန်ပြီး လက်နက်ကိုင်မယ်ဆိုရင် ချင်းပြည်သူ တယောက် အနေနဲ့ ဘယ်လို မြင်သလဲ။
ဖြေ။ ။ ကျနော်တို့ ငြိမ်းချမ်းရေးကို လိုလားတဲ့၊ လူ့အခွင့်အရေး လိုချင်တဲ့ လူတယောက် အနေနဲ့ တိုက်ပွဲတွေ ဆိုးဝါးစွာ ပြန်မဖြစ်ဖို့ကို လိုချင်တယ်။
မေး။ ။ တပ်မတော်နဲ့ AA ဖြစ်တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်ကို ဘာများ ပြောချင်တာရှိပါသလဲ။
ဖြေ။ ။ တပ်တွေအနေနဲ့ မဖြစ်မနေ တိုက်ပွဲဖြစ်မယ် ဆိုရင် အတတ်နိုင်ဆုံး ပြည်သူတွေရှိတဲ့ နေရာကနေ ရှောင်ရှား စေချင်တယ်။ တိုက်ပွဲကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုချင်တယ်။ နောက် တပ်မတော်ကို တောင်းဆိုချင်တာက တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ အင်တာနက်လိုင်းတွေ ပိတ်တာ၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ပစ်တာ၊ သွားလာမှု ပိတ်ပင်တာတွေ အတွက်လည်း အမြန်ဆုံး ဖွင့်ပေးဖို့ တောင်းဆိုချင်တယ်။
You may also like these stories:
ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၁)
ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၂)
ဒုက္ခသည်များကို ကူမည့် ဆန်အိတ်များ AA လုယူဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ပြော
ပလက်ဝက ဆန်ကားနှင့် လူ ၃ ဦး AA ပြန်လွှတ်ပေး