လူတယောက်ဟာ ကိုယ်ခန္ဓာ ကျန်းမာရုံ တင်မက စိတ်ကျန်းမာဖို့ကလည်း အရေးကြီးတယ်လို့ ဆိုကြပါတယ်။ ဒီတော့ စိတ်ကျန်းမာရေး အတွက် ဘာတွေ လိုအပ်မလဲ။ အခုလို ကမ္ဘာ့ကပ်ရောဂါ COVID-19 နဲ့ ကြုံတွေ့ရချိန်မှာ လူတွေအား လုံး နေ့စဉ်နဲ့အမျှ စိုးရိမ်သောက ရောက်နေကြရပါတယ်။
ဒါကရော စိတ်ကျန်းမာရေးကို ထိခိုက်စေပါသလား၊ ဘယ်လို ကုစားဖြေဖျောက်နိုင်မလဲ၊ စိတ်ကျန်းမာရေးဟာ လူ တယောက်အတွက် ဘယ်လောက်ထိ အရေးပါလဲ ဆိုတာတွေကို UNLEASH Innovation Lab ကနေပြီး ဒိန်းမတ်နိုင် ငံမှာ ဦးဆောင်ပြုလုပ်တဲ့ ၂၀၁၇ အလုပ်ရုံ ဆွေးနွေးပွဲမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေ့လာဆွေးနွေး ပါဝင်ခဲ့ သူဖြစ်တဲ့ ဒေါက်တာ ဆိုင်းဘူ (Dr.Seng Bu) ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
Dr.Seng Bu ဟာ နိုင်ငံတကာ ကျန်းမာရေး စီမံခန့်ခွဲမှု၊ စီးပွားရေး၊ မူဝါဒရေးရာ အထူးပြုဘွဲ့လွန် (Master of International Health Care Management, Economics and Policy) ကို၂၀၁၈ မှာ Bocconi University, SDA Bocconi School of Management ကနေ ရခဲ့ပါတယ်။ ၂၀၁၁ က စလို့ သူဟာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)ကနေ မြန်မာပြည်နဲ့ တခြား စိတ်ဖိစီးမှု အလွန်များတဲ့ နိုင်ငံတကာ ပဋိပက္ခ ဒေသတွေမှာ တာဝန်ထမ်းဆောင် ခဲ့ပြီး အခု လက်ရှိမှာတော့ Regional Medical Referent အနေနဲ့ ရန်ကုန် MSF ရုံးမှာ တာဝန် ထမ်းဆောင်နေပါ တယ်။
မေး။ ။ စိတ်ကျန်းမာရေးက လူတယောက်အတွက် ဘယ်လောက်ထိ အရေးပါပါသလဲ။
ဖြေ။ ။ ကျန်းမာခြင်း ဆိုတာဟာ ကိုယ်ခန္ဓာတခုတည်း ကျန်းမာတာနဲ့ မဖြစ်ဘူး။ စိတ်ရောကိုယ်ရော ကျန်းမာမှသာ ကျန်းမာခြင်းလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာရေး အတွက် လိုအပ်တဲ့ အစာအာဟာရ ကောင်းမွန်တဲ့ အစားအသောက်တွေ ရွေးချယ်စားသောက်ဖို့ အရေးကြီးသလို စိတ်ကျန်းမာရေး အတွက်လည်း ကိုယ့်ရဲ့ အတွေးတွေ ခံစားချက်တွေကို အမြဲတမ်း ဆန်းစစ်နေဖို့၊ သင့်လျော်တဲ့ စိတ်အပန်းဖြေနည်းတွေ လိုက်နာ ဆောင်ရွက်ဖို့ကလည်း အရေးကြီးလှပါတယ်။
မေး။ ။ စိတ်ကျန်းမာရေး မကောင်းဘူးဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို ထိခိုက်နိုင်လဲ။
ဖြေ။ ။ စိတ်နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေက အများကြီးရှိတယ်။ အဲဒီလို ဝေဒနာတွေ ခံစားနေရပြီဆိုရင် အများစု မှာ ပထမဆုံး စိတ်ကနေ ဖြစ်တာ မှန်ပေမယ့် သူတို့က ကျန်းမာတဲ့ လူတယောက်လိုမျိုး ပုံမှန် မစဉ်းစား၊ မတွေးတော တော့ဘူး။ ပုံမှန် ကျမတို့ နေ့စဉ် လုပ်နေကျဖြစ်တဲ့ ဥပမာ တကိုယ်ရည် သန့်ရှင်းရေး၊ အစားအသောက် ပုံမှန်စားတာ။ လူမှုဆက်ဆံရေးထဲမှာ ပုံမှန်လှုပ်ရှားသွားလာနေတာ။ တချို့တွေက အဲဒါတွေတောင် မရှိတော့ဘူး။
ဒါတွေကလည်း ကိုယ်ခန္ဓာ ကျန်းမာရေးကို ကြာလာရင် ထိခိုက်လာနိုင်တယ်။ တကိုယ်ရည် သန့်ရှင်းရေး ပုံမှန်မရှိတာ ကြာလာတော့ ရောဂါပိုးတွေ ဝင်လွယ်တယ်။ အစားအသောက်ကို ပုံမှန် မစားသောက်ခြင်းကလည်း ကိုယ်ခန္ဓာကြံ့ ခိုင်မှုကို လျော့နည်းစေတယ်။ အဲဒီလိုနည်းတွေနဲ့ ကြာလာတဲ့အခါ ကိုယ်ခန္ဓာ ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်။
မေး။ ။ စိတ်ကျန်းမာရေးအတွက် ဘာတွေ လုပ်ဖို့ လိုမလဲ။
ဖြေ။ ။ အဓိကကတော့ ကိုယ်ခန္ဓာ ကျန်းမာဖို့ ကျန်းမာစေတဲ့ အစားအသောက်ကို ရွေးချယ် စားသောက်သလိုပဲ စိတ်ချမ်းသာဖို့ အတွက်လည်း လိုအပ်တာက ကိုယ့်ရဲ့ခံစားနေရတဲ့ ဒေါသထွက်တယ် ဒါမှမဟုတ် အလိုမကျ ဖြစ်နေ တာတွေ။ အဲဒီလိုမျိုး ခံစားချက်တွေကို ပုံမှန် ဆန်းစစ်ပေးဖို့ လိုတယ်။ နောက်တချက် လုပ်လို့ရသေးတာက ကိုယ့် ကိုယ်ကိုယ် အလေးထား ဂရုစိုက်မယ်။ အဲဒါက အရမ်းအရေးကြီးတဲ့ အချက်ပေါ့။
ဂရုစိုက်တယ်ဆိုတဲ့နေရာမှာ ကိုယ် နေ့ဓဒူဝ လုပ်တဲ့အရာတွေလည်း ပါဝင်နိုင်တယ်။ ဒါမှမဟုတ် ကိုယ့်စိတ်အပန်း ပြေစေနိုင်တဲ့ အရာတွေလည်း ပါဝင်နိုင် တယ်။ နေ့ဓဒူဝ လုပ်တဲ့ဟာဆို ဥပမာ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ အိပ် ရာဝင်/ထချိန် ပုံမှန်ထားတာ၊ တခြား ကိုယ့်ကို စိတ်အပန်းပြေစေတဲ့ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ၊ တရား ထိုင်တာတွေ အကုန်လုံးပါပါတယ်။
မေး။ ။ စိတ်ကျန်းမာရေး ကုထုံးဆိုတာကရော ဘယ်လိုဟာမျိုးတွေကို ပြောတာပါလဲ။
ဖြေ။ ။ စိတ်ကျန်းမာရေး ကုထုံးက အများကြီး ရှိတယ်။ အဲဒီမှာမှ ကျမ လေ့လာထားတဲ့ သိတဲ့ဟာကို မျှဝေပေးမယ်။ အဲဒါက Art Therapy အနုပညာနဲ့ ကုတဲ့ကုထုံး။ Art Therapy ထဲမှာ အများကြီး ပါနိုင်တယ်။ ပန်းချီနဲ့ ခံစားချက်ကို ပုံ ဖော်တာမျိုး ရှိမယ်။ တေးဂီတတွေ ဖန်တီးပြီး သူတို့ခံစားချက်ကို ပုံဖော်တယ်။ Art Therapy က အဓိက အသုံးများတာ က စစ်ဘေးရှောင် စခန်းတွေ၊ ဒုက္ခသည်စခန်းတွေမှာ အဖွဲ့အစည်း တော်တော်များများက စစ်ဘေးရှောင်တွေ၊ ဒုက္ခ သည်တွေရဲ့ စိတ်ကျန်းမာရေးကို ကူညီပေးဖို့ နည်းလမ်း တခုအနေနဲ့ သုံးကြတယ်။
ဒါကို သုံးလာတာလည်း ဆယ်စုနှစ် တခုနီးပါး ရှိနေပြီ။ သုတေသန လုပ်ထားတာတွေလည်း အများကြီး တွေ့ရှိရတယ်။ ဒီ Art Therapy ကို သုံးခြင်းဖြင့် ကိုယ်ခန္ဓာမှာ ခံစားနေရတဲ့ စိတ်ဖိစီးမှုကို ၇၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်။ ဒါက တော့ ကျမသိတဲ့ ကုထုံးနည်း တမျိုးပါ။
မေး။ ။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာဟာ စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေတယ်ဆိုတာ ဟုတ်ပါသလား။ ဘယ်လိုမျိုး ဆက်စပ်နေတာလဲ။
ဖြေ။ ။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု (Suicide) က ကမ္ဘာပေါ်မှာ စက္ကန့် ၄၀ တိုင်း လူတယောက်က ကိုယ့် အသက်ကိုယ် နုတ်ယူနေတယ်။ စက္ကန့် ၄၀ ဆိုတာ ကျမစကားပြောလိုက်တဲ့ ဝါကျအရှည်ကြီး တကြောင်းဆို စက္ကန့် ၄၀ လောက် ရှိမယ်။ အဲဒီအတောအတွင်း တနေရာမှာ လူတယောက်က Suicide လုပ်နေတယ်။ WHO (ကမ္ဘာ့ကျန်း မာရေးအဖွဲ့)က အချက်အလက်ပေါ့နော်။ တနှစ်တနှစ်ကို လူအယောက်ပေါင်း ၈၀၀၀၀၀ နီးပါးက ကိုယ့်အသက် ကိုယ် နုတ်ယူနေတယ်။
အဲဒီလိုမျိုးကြောင့် ဒါဟာ စိတ်ကျန်းမာရေးကဏ္ဍမှာ အရမ်းကို အလေးထား ဆောင်ရွက်ရမယ့် ရောဂါဝေဒနာတခုပေါ့။ စိတ်ကျန်းမာရေးနဲ့ ဘယ်လို ဆက်စပ်နေလဲဆို Suicide လုပ်တာက အကြောင်းအမျိုးမျိုး ရှိနိုင်တယ်။ တချို့ကျ စိတ် ကျ ဝေဒနာရောဂါ ဒါမှမဟုတ် စိုးရိမ်မှုတွေ လွန်ကဲပြီး အဲဒါတွေက သေချာမကုသဘဲ တအား ဆိုးလာတဲ့အခါမှာ နောက်ဆုံး ကိုယ့်အသက်ကိုယ် နုတ်ယူသွားတာပေါ့။ တချို့ကျ Cyber Bullying တွေနဲ့ ဆိုင်တာတွေလည်း တွေ့ရ တယ်။
မေး။ ။ ဒီတော့ သေကြောင်းကြံတာနဲ့ စိတ်ကျန်းမာရေးနဲ့က ဆက်စပ်နေတယ်ပေါ့နော်။
ဖြေ။ ။ ဟုတ်တယ်။ အဓိက Suicide က စိတ်ရောဂါဝေဒနာ (Mental Disorder) တွေထဲက တခုအပါအဝင်ပေါ့။ Mental Disorder ထဲမှာ အများကြီးရှိမယ်။ Suicide ရှိမယ်။ Depression & Anxiety၊ Bipolar Disorder၊ Schizophrenia အဲဒါတွေ အများကြီး ရှိနိုင်တယ်။ အဲဒါတွေထဲမှာမှ Suicide က တခု အပါအဝင်။ WHO အချက် အလက်ရ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ်ကြား သေဆုံးနှုန်းမှာ ဆိုရင် Sicide က အဓိက ဒုတိယ အကြောင်းရင်း ဖြစ်တယ်။
မေး။ ။ အခု COVID-19 နဲ့ ပတ်သက်လို့ရော ဘယ်လို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံနိုင်လဲ။
ဖြေ။ ။ စိတ်ပိုင်းဆိုင်အရာရ အခု နေ့တိုင်းပေါ့။ ကျမ အပါအဝင် အားလုံး ခံစားနေရတယ်။ စိုးရိမ်တာ။ ကြောက် တာပေါ့။ ကိုယ့်ဆီ ပိုးကူးခံရမှာ ကြောက်တယ်။ ဒါမှမဟုတ် ကိုယ့်မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ပိုးကူးခံရမှာ စိုးရိမ် တယ်။ အဲဒါတွေ အဓိက ကြုံနေရတာလို့ ထင်တယ်။
မေး။ ။ ဒီလို စိုးရိမ်ကြောက်လန့်မှုတွေက စိတ်ကျန်းမာရေးကို ဘယ်လောက်ထိ ထိခိုက်စေနိုင်ပါသလဲ။
ဖြေ။ ။ လောလောဆယ် ပြောလို့ရတာတော့ အတိုင်းအတာတခုထိ အကုန်လုံးက COVID-19 ကပ်ကာလထဲမှာ ကိုယ့်ရဲ့ စိတ်ဒုက္ခ စိတ်မသက်မသာ ဖြစ်တာတွေ ခံစားနေရတာပေါ့။ လူကြီးဆိုလည်း လူကြီးပိုင်းအလိုက် လူငယ်ဆို လည်း လူငယ်ပိုင်းအလိုက်။ ကျောင်းသွားနေတဲ့ ကလေးငယ်တွေဆို သူတို့ ကျောင်းတွေ ပိတ်သွားတယ်။ ခါတိုင်း သူ တို့ ကစားချိန်မှာ သွားကစားလို့ မရဘူး။ သူတို့ မြင်နေကျ သူငယ်ချင်းတွေကို အပြင်မှာ မမြင်ရတော့ဘူး။ သူတို့နဲ့ အတူ မကစားရတော့ဘူး။ အဲဒါတွေ အကုန်လုံးကလည်း ကိုယ့်ရဲ့ စိတ်အခြေအနေကို ထိခိုက်နိုင်တာပေါ့။
မေး။ ။ ဒီလို စိတ်မသက်မသာ အခြေအနေတွေကနေ ကုစားနိုင်ဖို့ ဘာတွေ အကြံပြုချင်ပါသလဲ။
ဖြေ။ ။ အဓိက က ဒီအခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခံစားနေရလဲဆိုတာ နားလည်ဖို့ အရေးကြီးတယ်။ ကိုယ် က ပြဿနာကို ရှာမှသာ အဖြေရှိမှာပေါ့။ ပထမဆုံးက ဒါကို ကိုယ် စိတ်မသက်မသာ ဖြစ်ရတယ်ဆိုတာကို လက်ခံ ပေးရမယ်။ တချို့တွေမှာကျတော့ ဒီရောဂါပိုး အကြောင်းကိုပဲ အမြဲတွေးနေတာ။ ဒါမှမဟုတ် သတင်းတွေ အချိန်ပြည့် ကြည့်ပြီး ကြောက်နေတာ။
ဘယ်နိုင်ငံမှာတော့ ဘယ်လိုဖြစ်သွားပြန်ပြီ။ Positive ကတော့ ဘယ်နှစ်ယောက်ဖြစ်သွားပြီ။ အဲဒီလို အချိန်ပြည့် တွေးပြီး ဘာကိုမှ သူတို့ အာရုံစူးစိုက်လို့ မရတော့ဘူး။ ဒီဟာအကြောင်းပဲ တွေးနေတယ်။ အဲဒီလိုမျိုးဆို ဖြစ်နိုင်ရင် ကျမ အကြံပေးချင်တာတော့ ကိုယ်ယုံကြည် စိတ်ချရတဲ့သူ တယောက်ယောက် မိသားစုဝင်၊ သူငယ်ချင်း။ သူတို့နဲ့ စကားပြောနိုင်တယ်။ ဒါမှမဟုတ် စိတ်ကျန်းမာရေး ဝန်ထမ်းတွေဆီ အကူညီတောင်းမယ်။ အဲဒါကတော့ အသင့် လျော်ဆုံး နည်းလမ်းပေါ့။
Myanmar Professional Counselors’ and Therapists’ Network က စိတ်ကျန်းမာရေး ပညာရှင်တွေကလည်း ကျန်းမာရေး ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ စိတ်ပူပန်မှု စိုးရိမ်မှု စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ဖို့ အခမဲ့ မေတ္တာနဲ့ ဝန်ဆောင်မှုပေးဖို့ မျှဝေထားတာတွေလည်း တွေ့ရတယ်။
မေး။ ။ ဒီလို ရင်ဖွင့်လိုက်ခြင်းအားဖြင့် ဘယ်လောက်ထိ စိတ်သက်သာရာ ရနိုင်မလဲ။
ဖြေ။ ။ အဓိက ဒီလို ရင်ဖွင့်တယ်ဆိုတာ ကိုယ်ယုံကြည်စိတ်ချရတဲ့ သူဖြစ်မှပဲ အဆင်ပြေမှာ။ ဘယ်လောက်ထိ သက် သာရာ ရမယ်ဆိုတာ ရာခိုင်နှုန်းနဲ့ အတိအကျတော့ မပြောတတ်ဘူး။ ဒါပေမယ့် ကိုယ်ခံစားနေရတဲ့ဟာ ဘယ်လိုမှ နေ လို့မရတော့ဘူး။ ဒီဟာကြီးကို တွေးမိနေတယ်။ အဲဒီလိုမျိုးဆိုရင်တော့ ကိုယ်က ဖွင့်ပြောလိုက်တဲ့အခါမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရင်ထဲမှာ ပေါ့သွားတယ်လို့ ခံစားချက်ကိုတော့ ခံစားရတယ်။
ဒါပေမယ့် ဒါက ရေရှည်ဖြေရှင်းနည်းတော့ မဟုတ်ဘူး။ အဲဒီလိုပဲ ကိုယ်က ထပ်ခါထပ်ခါ ထပ်ဖြစ်နေတယ်။ ဒါမှမဟုတ် ဘာမှကို လုပ်လို့မရတော့ဘဲ ဒါကြီးကိုပဲ တွေးနေတယ်ဆိုရင်တော့ ရေရှည်ဖြေရှင်းနည်း ရှာရတော့မယ်။ စိတ်ကျန်းမာ ရေး ဝန်ထမ်းတွေ ဆက်သွယ်မယ်။ သင့်တော်တဲ့ ဆရာဝန်နဲ့ ဆေးကုသမှု ခံယူမယ်။ အဲဒါတွေက အကောင်းဆုံးဖြစ် မှာပေါ့။
မေး။ ။ COVID-19 နဲ့ ပတ်သက်လို့ အစိုးရိမ်လွန်နေကြတာမျိုး ရှိတယ်။ ဆရာဝန်တဦးအနေနဲ့ ဘာများ အကြံပြု ချင်ပါလဲ။
ဖြေ။ ။ COVID-19 နဲ့ ပတ်သက်ပြီး စိုးရိမ်ရမှာတော့ ဟုတ်တယ်။ ဒီရောဂါပိုးဟာ ကူးစက်နိုင်နှုန်း အရမ်းမြန်တဲ့ အ တွက်ကြောင့် စိုးရိမ်ကြတာ။ ဒါပေမယ့် အခု ကျန်းမာရေး ဝန်ကြီးဌာနက ရောဂါကာကွယ်ရေး နည်းလမ်းတွေနဲ့ ပတ် သက်လို့ ထုတ်ပြန်ထားတာတွေ အကုန်လုံးကို သေချာ လိုက်နာတယ်ဆိုရင်တော့ မလိုအပ်ဘဲ စိုးရိမ်မှုတွေ တအား များနေတာမျိုး လျှော့ချနိုင်မယ်လို့ မြင်တယ်။ လက်တွေ့ကျကျ လိုက်နာဖို့ အရေးကြီးတာပေါ့။
မေး။ ။ COVID-19 ဖြစ်ပြီးနောက်ပိုင်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိလာတယ်ပေါ့။ ဒီလို ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ။ ။ ကျမ အမြင်ကတော့ ခွဲခြားဆက်ဆံမှုက မကောင်းဘူးဆိုတာ အကုန်လုံး သိပြီးသား။ ဒါပေမယ့် တကယ့် လက်တွေ့မှာ COVID-19 ရောဂါကြီးက အရှိန်အဟုန်နဲ့ တကမ္ဘာလုံးမှာ ကပ်ရောဂါကြီးအသွင် ဖြစ်စေတဲ့အတွက် ကြောင့် အားလုံးက ကြောက်ကြတယ်။ ပြီးတော့ အဲဒီရောဂါပိုးရှိတဲ့သူဆို သူတို့ အရမ်းအကြောက်လွန်သွားတော့ ကိုယ့်ဆီကူးခံရမှာ ကြောက်ပြီး ခွဲခြားဆက်ဆံမိတာ ဖြစ်သွားတယ်။
အကြောက်တရား ဖြစ်တဲ့အတွက်ကြောင့် ကောင်းတဲ့အချက်ရှိသလို မကောင်းတဲ့ အချက်လည်း ရှိတယ်။ ကောင်းတဲ့ အချက်က ပိုးကူးခံရမှာ ကြောက်တဲ့အခါ ရောဂါကာကွယ်ရေး နည်းလမ်းတွေ လက်တွေ့ကျကျ လိုက်နာတယ်။ ကြောက်တဲ့စိတ်ကြောင့် မကောင်းတာကတော့ အစောက ပြောသလို သူများကို ခွဲခြား ဆက်ဆံလိုက်တယ်။ ဒါက မကောင်းဘူး။ အကြောက်လွန်သွားတာ၊ အရမ်း အစိုးရိမ်လွန်သွားတာပေါ့။
ခွဲခြားဆက်ဆံခံရသူတွေကလည်း သူတို့အတွက် ဒီဟာက စိတ်သောက ရောက်စရာ၊ စိတ်မသက်သာစရာ တခု။ အဲဒီ လိုမျိုးတွေ ကိုယ့်မိသားစုထဲမှာ ရှိနေမယ် ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်လည်း ဖြစ်နေမယ်ဆိုရင်တော့ သင့်လျော်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့ ထိရောက်တဲ့ ဆွေးနွေးမှုတွေ ယူရင်တော့ ပိုပြီး အဆင်ပြေလိမ့် မယ်။
နောက်တခု လုပ်လို့ရတာက ကိုယ်ကိုယ်တိုင်ကလည်း ကနဦး စိတ်ကျန်းမာရေး ပညာပေး တက်ထားတဲ့သူဆို ရင်တော့ ခွဲခြားဆက်ဆံခံရသူနဲ့ ကြုံတဲ့အခါ သူတို့ကို ဒီနည်းလမ်း အသုံးပြုပြီး ကူညီပေးနိုင်တယ်။
မေး ။ ။ COVID-19 နဲ့ ပတ်သက်ပြီး ဘယ်တော့ ကူးစက်ခံရမလဲ။ ဘယ်နှစ်ယောက် ထပ်တွေ့ဦးမလဲ စသဖြင့် ကျန်း မာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်စောင့်၊ အိပ်မရတာမျိုးတွေ စိတ်ထောင်းကိုယ်ကြေ ဖြစ်ကြတယ်ပေါ့။ ဒီအတွက် ဘယ်လို စိတ်ခွန်အားပေးချင်ပါသလဲ။
ဖြေ။ ။ အဓိကက ဒီလိုမျိုး အခြေအနေမှာ ကိုယ်အမြဲ သိထားရမှာက ဟုတ်တယ် ဒီကာလက အရေးပေါ် ကာလ အခြေအနေ။ အကုန်လုံး ကြုံနေရတယ်။ ကိုယ်တယောက်တည်းလည်း မဟုတ်ဘူး။ အဲဒီလို အခြေအနေမျိုးမှာ စိုးရိမ် စရာတွေ ရှိတယ်၊ ပူပန်မှုတွေ များတယ်ဆိုပေမယ့် ကိုယ့်ဘေးနားမှာ အမြဲတမ်း ကိုယ့်မိသားစုဝင်တွေ ရှိနေတယ်။ ဒါမှ မဟုတ် ကိုယ်ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတွေ ရှိနေတယ်ဆိုတာ အမြဲတမ်း မှတ်ထားဖို့ လိုတယ်။
ဒီကြုံလာရတဲ့ အခက်အခဲတွေကိုလည်း အကုန်လုံးက ကျော်ဖြတ်နေကြတယ်ပေါ့။ ကိုယ်တယောက်တည်း သွားရမှာ မဟုတ်ဘူး။ တကယ်လို့ ဒီလိုမျိုး အခြေအနေကို အဆိုးရွားဆုံး ဖြစ်လာခဲ့သည်တိုင်အောင် အကုန်လုံးက အကောင်း ဆုံး အတူ လုပ်ဆောင်မယ်ဆိုပြီး အမြဲတမ်း အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်လို့ ခွန်အား ပေးချင်တယ်။
မေး။ ။ COVID-19 ကြောင့် အိမ်တွင်း အောင်းနေရသူတွေ အတွက် စိတ်ချမ်းသာဖို့ ဘယ်လိုအရာမျိုးတွေ လုပ်ဖို့ အကြံပြုချင်ပါသလဲ။
ဖြေ။ ။ တယောက်နဲ့ တယောက်ပေါ် မူတည်ပြီး ကိုယ့်ကို စိတ်ချမ်းသာစေတဲ့ နည်းလမ်းတွေကတော့ ကွာမှာပေါ့။ အိမ်မှာနေရင်းဆို ကိုယ့်ကို စိတ်အပန်းပြေစေမယ့်ဟာ ကိုယ်ဝါသနာပါတဲ့ဟာ အများကြီး လုပ်လို့ရတယ်။ အချိန်ပိုတွေ အများကြီး ထွက်လာတယ်ပေါ့။ ပြီးရင် မိသားစုနဲ့ ပိုပြီး နီးကပ်လာတယ်။
မိသားစု ဆိုတာမှာ ကိုယ်နဲ့ အနီးမှာရှိတဲ့ မိ သားစုဖြစ်စေ အဝေးမှာရှိတဲ့ မိသားစုဖြစ်စေ သူတို့နဲ့ အမြဲတမ်း ဆက်သွယ် ပြီး တယောက်နဲ့တယောက် အားပေးတယ် ဆိုတော့ ပိုပြီး စိတ်ချင်းနီးစပ်လာတယ်။ ပိုပြီး နားလည်မှု ရှိလာတယ်လို့ ခံစားရတယ်။ အဲဒါတွေက စိတ်ချမ်းသာစေတဲ့ အရာတွေလို့ မြင်တယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ပထမဆုံးက ပြောသလိုပေါ့။ ကိုယ်ခန္ဓာ ကျန်းမာရုံနဲ့ မပြီးဘူး။ စိတ်ကျန်းမာဖို့လည်း အရေးကြီးတယ်။ အဲဒီ နှစ်ခုစလုံး ညီညီမျှမျှ ကျန်းမာနေမှသာ ကျန်းမာတဲ့ သက်ရှိတဦး အဖြစ် ရပ်တည်နိုင်မယ်။ အကုန်လုံး စိတ်ကျန်းမာရေး အတွက်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဖို့။ ကိုယ်စိတ်ချမ်းသာ နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆောင်ရွက်ကြဖို့ အားပေးချင်တယ်။ ပြီးတော့ ဒီကပ်ရောဂါအတွက် ကျမတို့အသီးသီး ကျရာနေရာကနေ အချင်းချင်း ကူညီပေးနေတာ တွေ့ရတယ်။ ဒီလို တယောက်နဲ့တယောက် စာနာရိုင်းပင်းစိတ်တွေက အဆိုးထဲက အကောင်းတွေပေါ့။
WHO (ကမ္ဘာ့ ကျန်းမာရေးအဖွဲ့)က Director General Dr.Tedros မျှဝေထားသလိုပဲ “Compassion is a medicine” တယောက်နဲ့ တယောက် ရိုင်းပင်းကူညီတာ၊ စာနာ နားလည်ပေးတာဟာ ဒီကပ်ကာလမှာ ကျမတို့ လိုနေတဲ့ ဆေး တခွက်ပါပဲ လို့ မျှေ၀ ချင်ပါတယ်။
(ယခု အင်တာဗျူးမှာ မျှဝေထားတာဟာ ဒေါက်တာဆိုင်းဘူ တဦးတည်းရဲ့ အမြင်ဖြစ်ပြီး ၎င်း အလုပ်လုပ်နေတဲ့ အဖွဲ့ အစည်းနဲ့ သက်ဆိုင်ခြင်း မရှိပါ။)
You may also like these stories:
Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်
ဧရာဝတီတိုင်းအစိုးရက သင်္ကြန်ဘတ်ဂျက်ငွေကို COVID-19 ကာကွယ်ရေး၌ ပြောင်းသုံးမည်