“ပြည်သူတွေ ကျန်းမာရေးအသိပြည့်ဝဖို့လိုသေးတယ် “

အောင်သီဟ
မြောက်ဥက္ကလာဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာဝင်းသန္တာဖြူ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် COVID -19 ကူးစက်ခံရသည့် လူအရေအတွက် များပြားလာသည်နှင့်အမျှ အဆောင်၊ အိမ်ငှားများ တွင် နေထိုင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများထံမှ ဗိုင်းရပ်စ်ကူးစက်မည်ကို ကြောက်ရွံ့ထိတ်လန့် မှုများ ရှိခြင်း ကြောင့် နေအိမ်ပိုင်ရှင်များက ပြောင်းရွှေ့နေထိုင်ရန် ပြောဆိုနှင်ချမှုများ ရှိလာနေသည်။

ယခုတွင် အလှူရှင်များရှိ၍ ဆေးရုံ နှင့် နီးသော နေရာတွင် ကျန်းမာရေးဝန်ထမ်းများ စုပေါင်း နေထိုင်မည့် နေအိမ်ကိုပါ ဘေးပတ်ဝန်းကျင်မှာ ရပ်ကွက်နေသူများ မနေကြရန် ကန့်ကွက်မှုများ ရှိလာနေပြီဖြစ်သည်။

ဧပြီလ ၄ ရက်နေ့ ညပိုင်းအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ ၂၁ ဦးထိ ရှိလာပြီဖြစ်သော်လည်း ကျန်းမာရေးဝန်ထမ်းတဦးမျှ ပါဝင်ခြင်းမရှိသေးပါ။

ထိုပြင် လူအများ စိုးရိမ်မှုရှိခဲ့သည့် ခရီးသွားရာဇဝင်ကို အမှန်မပြောကြားခဲ့သော လူနာအမှတ် ၁၆ ကို ဆေးကုသမှု လုပ်ဆောင်ပေးခဲ့ကြသည့် ဆေးဝန်ထမ်း အားလုံးသည် COVID- 19 ရောဂါပိုး ကူးစက်ခဲ့ရခြင်း မရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြောဆိုထားသည်။

လက်ထောက်ဆရာဝန်များ စုပေါင်းနေထိုင်ရန် လုပ်ဆောင်နေသည့် နေအိမ်ကို ဘေးပတ်ဝန်းကျင်က ကန့်ကွက်ခဲ့ ကြောင်းနှင့် ကျန်းမာရေး ဝန်ထမ်းများကို အမှန်တကယ်ပဲ စိုးရိမ်ရန် လိုအပ်လာပြီလားဆိုသည့် အကြောင်း အရာများကို ရန်ကုန်မြို့ မြောက်ဥက္ကလာဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာဝင်းသန္တာဖြူကို ဧရာဝတီ သတင်းထောက် အောင်သီဟ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မြောက်ဥက္ကလာဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဆရာဝန် အယောက် ၃၀ နီးပါး အဆောင်တွေက နှင်ချတာတွေ၊ ရပ်ကွက်ထဲမှာ နေတာကို ကန့်ကွက်ခံနေရတာတွေရှိတယ်လို့ သိရတယ်။ ဒီအခြေအနေလေး အရင်ဆုံးရှင်းပြပါ ဆရာမ။

ဖြေ။ ။ အယောက် ၃၀ လောက် နှင်ချခံရတာတော့ မဟုတ်ဘူး။ အဲဒီအယောက် ၃၀ ထဲက တချို့က အဝေးကနေ လာတက်ရတယ်။ အဲဒါကြောင့် နီးနီးနားနားမှာ လာနေချင်ကြတယ်။ အဲဒီတော့ လက်ထောက်ဆရာဝန်(AS)တွေ နေဖို့ အတွက်ဆိုပြီး အလှူရှင်တယောက်က ရှိတော့ အားလုံးစုပြီး နေကြမယ်ဆိုပြီး လုပ်ကြတာကို ပတ်ဝန်းကျင်က ဝိုင်းကန့်ကွက်ကြတာပါ။

ဒါပေမယ့် အချို့အချို့တွေနဲ့ ဆေးရုံက အခြေခံဝန်ထမ်းတွေကို ရပ်ကွက်ထဲမှာ ဆိုရင် ယူနီဖောင်းနဲ့ ဝင်လာရင်ကိုပဲ အဆင်မပြေကြတော့လို တချို့ဆိုရင် မနက်လာရင် ယူနီဖောင်း မဝတ်လာဘူး အပြင်အဝတ်နဲ့ လာတယ်။ အိမ်ပြန် လည်း အပြင်အဝတ်နဲ့ ပြန်နေရတယ်။

တချို့ကျတော့လည်း ဒီလိုမျိုး လုပ်တယ်ဆိုရင် အိမ်ငှားတွေဆိုရင် မနေနဲ့တော့ ဆိုပြီး ဖြစ်လာတာတွေရှိတယ်။ အဓိက ပြဿနာက အခြေခံဝန်ထမ်းတွေမှာပါ လိုက်ဖြစ်လာတာ။ ဆရာဝန်တွေကျတော့ တချို့ဆိုရင် နယ်ကနေလာပြီး ရန်ကုန်မှာ အိမ်ငှားနေပြီး အလုပ်လုပ်နေကြတာ ရှိတယ်။ ကျမတို့ တချို့ ကျွမ်းကျင်ဝန်ထမ်း ၅ယောက်လောက်ဆိုရင် အဆောင်ကနေ နှင်ချခံခဲ့ရတဲ့ အဲဒီနေ့ ညတွင်းချင်းပဲ အထုတ်တွေ အပိုးတွေ နဲ့ ဆေးရုံကို ရောက်လာတာတွေ ရှိတယ်။

မေး။ ။ ကျန်းမာရေး ဝန်ထမ်းတွေအပေါ် တကယ်ပဲ ဒီလောက်အထိ စိုးရိမ်ဖို့ လိုလား။

ဖြေ။ ။ ကျမတို့သည် လူသာမန်တွေထက်စာရင် ဒီရောဂါအကြောင်းကို အသိဆုံးဖြစ်တယ်။ ကျမတို့ ကာကွယ်ဖို့ အလုပ်နိုင်ဆုံးဖြစ်တယ်။ ကျန်းမာရေးဝန်ထမ်းတွေ အဲဒီလို အကာအကွယ် လုပ်နိုင်ဆုံး လူတွေကို သူနေရာမှာ လက်ရှိ သူ့ဘာသာသူနေတဲ့ သူတွေကို မနှင်ထုတ်သင့်ဘူး။ ပြည်သူက ကျန်းမာရေးဝန်ထမ်းတွေထက် စာရင် ကျန်းမာရေး အသိပညာ ပြည့်ဝဖို့ လိုသေးတယ်။ ပြည်သူတွေတောင် ကိုယ့်အိမ်မှာ နေခွင့်ရှိရင် ဘာဖြစ်လို့ ကျန်းမာရေး ဝန်ထမ်း တွေက သူတို့လက်ရှိ နေနေတဲ့ နေရာလေးတွေမှာ ဘာလို့ နေခွင့်မရှိရမှာလဲ။

ဒါတွေက ဒီတခုမှ မဟုတ်ဘူး H1N1 တုန်းကလည်း အဲဒီလိုပဲ။ H1N1 တုန်းကဆိုရင် ကျမတို့ ကာကွယ်ဆေးရှိတယ်။ ကာကွယ်ဆေးရှိတော့ ကျန်းမာရေးဝန်ထမ်းအားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်တယ်။ နောက်ပြီး ကုသရမယ့် ဆေးရှိတယ်။ အခုဒီဟာကျတော့ ကာကွယ်ဆေးလည်း မရှိသေးဘူး၊ ကုသဆေးလည်း ကျမတို့နိုင်ငံမှာ မရသေးဘူး။

အဲ့ဒီအခါမှာ ကျမတို့သည် ပြည်သူရဲ့ ကျန်းမာရေးအသိပညာနဲ့ ပဲရှောင်ကျဉ်ရမယ့် ကိစ္စတွေကို ရှောင်ကျဉ်ဖို့ပဲ လိုတယ်။ ဒီဟာက ရောဂါကူးစက်တာ များတယ်ဆိုပေမယ့် သေဆုံးမှုနှုန်းက သိပ်ပြီးမရှိဘူး သိပ်ပြီးတော့ အများကြီး အမြင့်ကြီး မဟုတ်ဘူး။

အဲဒီတော့ ဘာလုပ်ရမလဲဆိုရင် အဓိက ကိုယ်ခံအားကောင်းအောင် နေဖို့ပါပဲ။ အခုက ကျန်းမာရေးဝန်ထမ်းတွေထဲမှာ သူတို့မိဘတွေ အိမ်မှာ အသက် ၇၀ ကျော် အဘိုးတေအဘွားတွေဘာတွေ ရှိတဲ့အတွက် သူတို့တွေ မပြန်ကြတော့ဘူး။ ဒါက မှန်တယ်လေ ဒီရောဂါက အသက်အရွယ်ကြီးရင့်သူတွေ၊ ရောဂါ ကြီးကြီးမားမား ရှိသူတွေကို ပိုပြီး ထိခိုက်နိုင် တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး လူတွေရှိတဲ့ အိမ်က ကျန်းမာရေးဝန်ထမ်းတွေက သူတို့ မပြန်ချင်ကြတော့ဘူး။

သူတို့က တဆင့် ပါလာခဲ့ရင် ထိမှာဆိုးလို့ ဒါက အိမ်တအိမ်ထဲမှာ နေတဲ့ကိစ္စကို ပြောတာ။ သူ့အိမ် ကိုယ့်အိမ် သီးခြား နေတဲ့ ကိစ္စတွေမှာ သိပ်ပြီး စိုးရိမ်စရာမလိုဘူး။ အခု ဒီလိုမျိုးကိစ္စတွေ ဖြစ်လာတာတော့ ကျမတို့ စိတ်မကောင်း ဖြစ်မိတယ်။

မေး။ ။ ဒီလိုမျိုးကိစ္စတွေက ကျန်းမာရေးဝန်ထမ်းတွေ အပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ရှိလာမလဲ။

ဖြေ။ ။ အခုကလည်း လူမှုကွန်ရက်တွေမှာ ရေးနေပြောနေကြတာတွေ လူတွေက အများကြီး တွေ့နေ မြင်နေရတော့ လူတွေက ကပ်ဆိုတာနဲ့ ကြောက်နေကြတာပေါ့။ ဒါပေမယ့် ကြောက်နေတယ်ဆိုပြီး လိုက်နာလားဆိုတော့ အတိအကျ မလိုက်နာဘူး။

အဓိကက အခြေခံဝန်ထမ်းတွေ အရမ်းကို ထိခိုက်လာမယ်။ ဒီမှာ မနေရတော့ဘူးဆိုရင် သူတို့ ဘယ်မှာသွားနေရမလဲ။

ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ ကျွမ်းကျင်အလုပ်သမားတွေထက် အခြေခံ အလုပ်သမားတွေက ဒီလို အိမ်တအိမ်ရဖို့ ပိုဆိုးမယ်လေ။ ဒီအိမ်ရဖို့တောင် သူတို့ မနည်းငှားနေရတာဖြစ်တဲ့အတွက် သူတို့ကို မှီခိုနေရတဲ့ ဝန်ထမ်းမိသားစု၊ သားသမီးတွေ ဘယ်လိုဆက်နေကြရမလဲ။

ဝန်ကြီးဌာနတွေက ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဝန်ကြီး ဒေါ်နီလာကျော်တို့ ၊ ဝန်ကြီး ဦးနိုင်ငံလင်းတို့ကိုက ကျမတို့ကို ကူညီမယ်ပြောပါတယ်။ ကျမကို စာရင်းတွေစုထားပေးပါ သူတို့ကူညီပါမယ်ဆိုပြီးပြောထားပြီးသားပါ။

ကျမဆိုလိုချင်တာက ကျန်းမာရေးဝန်ထမ်းတွေက အများကြီး ရှိနေတာဆိုတော့ အစိုးရအနေနဲ့ ဘယ်လောက် အထိ ကူညီသွားရမလဲ။ နောက်တခုက ကျန်းမာရေးဝန်ထမ်းတွေနဲ့ပဲ ပြီးမလားဆိုတော့ မပြီးဘူးလေ အခု မိသားစုအလိုက် နေတဲ့ ဝန်ထမ်းတွေဆိုရင် သူတို့တွေကို ကျမတို့ ဘယ်လိုလုပ်မှာလဲ။ သူတို့ပဲ ခေါ်ထုတ်သွားရင် သူ့မိသားစုကရော ဆက်နေလို့ ရမှာလား။

သူ့ကို ခေါ်ထုတ်သွားရင် ကျန်ခဲ့တဲ့ သူ့မိသားစုရဲ့စားဝတ်နေရေးကတော့ ဘယ်သူက ဆက်လုပ်ပေးမှာလဲ။ ဒီဝန်ထမ်း က ကလေးအမေပဲ ထားပါတော့ နို့တိုက်တဲ့ ကလေးအရွယ်ဆိုရင် ဒီကလေးကိုရော သူထားခဲ့လို့ အဆင်ပြေပါ့မလား။

ဒီကလေးလေးကို ခေါ်ပြီးတော့ ဟိုဘက်ကမှာ ဝန်ထမ်းနေဖို့ နေစရာပေးထားတဲ့ နေရာမှာ ခေါ်သွားပြီး ဒီကလေးကို ဘယ်သူက စောင့်ရှောက်မှာလဲ။ အစိုးရက စီစဉ်ပေးတဲ့ နေရာကတော့ သူ့မိသားစုအလိုက်သွားရင်ရော အဆင်ပြေပါ့ မလား။ ဒါတွေ အများကြီးတွေးစရာရှိပါတယ်။

အဲဒီတော့ အဓိက အဖြေသည် အရေးပေါ် အခြေအနေမှာ နေစရာပေးတာ မှန်ပေမယ့် ဒါက အဖြေမဟုတ်ဘူး။ ပြည်သူက အဲဒီလို မဖြစ်ရဘူးဆိုတဲ့ အသိတရားရှိကို ရှိနေရမယ်။ နောက်တခုက တအိမ်ထဲမှာ တူတူနေပေမယ့် လူတိုင်းကူးစက်ခံနေရတာမဟုတ်ပါဘူး။

အဓိကက ဘယ်လိုဖြစ်သွားလဲဆိုရင် ပဲခူးပေါက်ခေါင်းက မိသားစုတွေ အကုန်ကူးစက်ခံရပြီ ဆိုကတည်းက လူတွေက အဲဒီလို ဖြစ်သွားတာ။ အခုဆိုရင် အခြေခံဝန်ထမ်းထဲမှာဆိုရင် အလုပ်မလာတော့တာ ၃ ယောက် လောက်ရှိနေပြီ။ အဲဒီတော့ ကျမတို့ ဘာဖြစ်လာမလဲဆိုရင် ခက်ခဲမှာက ဆေးရုံခက်ခဲမယ်။ ဆေးရုံခက်ခဲမယ်ဆိုရင် နောက်ဆုံး ပြည်သူပဲ ပြန်ခက်ခဲမှာ ဝန်ထမ်းအင်အား မလုံလောက်တော့ဘူးဆိုရင် ရလာမယ့် ဝန်ဆောင်မှု(Service) က နောက်ကျမယ် နှောင့်နှေးမယ်။

မေး ။ ။ လူတိုင်းက သူများတွေအပေါ်မှာ လိုက်စိုးရိမ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ့် ဆင်ခြင်နေထိုင်ဖို့ကပဲ အရေးကြီးဆုံးဖြစ်မှာလား။

ဖြေ ။ ။ အဓိကက ဒါက ဗိုင်းရပ်စ်လေ။ ဗိုင်းရပ်စ် ဖြစ်တဲ့အတွက် ကိုယ်ခံအားနဲ့ တိုက်ရမှာ။ ကိုယ်ခံအား ကောင်းနေဖို့ ပဲ လိုတယ်။ လူနာ ၁၆ ကိစ္စကိုပဲ ကြည့်လေ နိုင်ငံခြားက ပြန်လာတဲ့ သားမှာ ပိုးမတွေ့ဘူး။ ပိုးမရှိဘူးဆိုတာက နံပါတ် ၁ သူက ပိုးမရှိတာဖြစ်နိုင်တယ် နောက်တခုက သူသည် ပိုးရှိခဲ့လျက်နဲ့ ဘာလက္ခဏာမှ မပြဘဲနဲ့ သူ Anti Body ထွက်သွားတာလည်း ဖြစ်နိုင်တယ်။ သူရောက်နေတာ ကြာလှပြီလေ။ သူ့ကို ကျမတို့ Anti Body စစ်ကြည့်လို့ Anti Body positive ဆိုရင် သူသည် ရှိခဲ့ပြီးသား လူတယောက် ဖြစ်ခဲ့ပြီး အခု သူဘာမှ မဖြစ်ဘူးဆိုတော့ ကျမတို့ စိတ်အေးရမယ်။

လူနာ ၁၆ ကကျတော့ ရောဂါအခံ အကြီးကြီးရှိတယ်။ အဲဒီတော့ သူသည် ဒီရောဂါကို မခံနိုင်ဘူး။ အဲဒါကြောင့် ကျမတို့ က ဘာတွေပြောနေလဲဆိုရင် အသက်ကြီးရွယ်အိုတွေနဲ့ ရောဂါ ကြီးကြီးမားမားရှိတဲ့သူတွေကို စိုးရိမ်တယ်လို့ပဲ ပြောထားတာ ထိခိုက်ရင်လည်း သူတို့ဘဲ ပိုထိခိုက်မယ်။

ကျမဆိုလိုချင်တာက ဒါကို အကြောက်တရားတခုတည်းနဲ့ ငြင်းကန်လို့ မရဘူး။ အဓိကက ကိုယ့်တယောက်ချင်းစီရဲ့ ဆင်ခြင်ရမယ့်ဟာတွေ၊ လိုက်နာရမယ့်ဟာတွေ လိုက်နာလိုက်ရင် ဖြစ်နိုင်ပါတယ်။

လိုအပ်မှ အပြင်ထွက်ရမယ်ဆိုရင် လိုအပ်မှအပြင်ထွက်၊ အပြင်ထွက်ရင် Mask တပ်ဆိုရင် တပ်လိုက်။ ပြန်လာပြီဆိုရင် လက်ဆေး၊ ကိုယ်လက်သန့်ရှင်းရေး၊ အဝတ်အစားတွေ သီးသန့်ထားလျှော်ပါဆိုတာမျိုးတွေပေါ့။ ဒါတွေလိုက်နာ လိုက်ရင် ရပါပြီ။

အဲဒီလိုဆိုရင် ဒီလိုမျိုး ကြောက်လန့်တကြားတွေ ဖြစ်နေစရာမလို မရှိဘူးလို့ ကျမမြင်တယ်။ ကျမတို့ဆိုရင် ဘယ်လို လုပ်မလဲ ဆေးရုံမှာ မိုးလင်းကနေ မိုးချုပ်အထိ ရောက်နေကြတာ ကျမတို့ ဝန်ထမ်းတွေထဲမှာ ကြောက်နေတဲ့လူ တယောက်မှ မပါဘူး။ စိုးရိမ်လားဆိုတော့ စိုးရိမ်တယ်။ ကိုယ့်အတွက်ကိုယ်တော့ မဟုတ် ကိုယ့်မိသားစုအတွက်ပဲ စိုးရိမ်တာ။

မေး။ ။ အခု နေစရာအခက်အခဲ ဖြစ်နေတဲ့ ဝန်ထမ်းတွေက ဘယ်နှယောက်လောက်ရှိနေတာလဲ။

ဖြေ။ ။ ကျမအဲဒါကတော့ စာရင်းလုပ်နေတုန်းပဲ အဲဒါတွေ ပြောဖို့တော့ စောနေသေးတယ်။ အခုကတော့ ဝန်ကြီး ဒေါ်နီလာကျော်နဲ့ အဖွဲ့က ကျမတို့ဆီလာပြီး နေစရာတွေ စီစဉ်ထားတဲ့ နေရာတွေကို လိုက်ပြထားတယ်။ ကျမတို့ဘက် က ဝန်ထမ်းစာရင်းပေးရုံပဲ သူတို့ဘက်ကတော့ အဆင်သင့်ဖြစ်နေပြီ။

You may also like these stories:

အလုပ်သမားတွေက အလုပ်လက်မဲ့တွေ ဖြစ်လာတယ်

စည်းလုံး ညီညွှတ်ဖို့ အရေးကြီးနေပါပြီ

အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်

Did you find apk for android? You can find new Free Android Games and apps.
Loading