ကမ္ဘာ့ကပ်ရောဂါ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ဂယက်ကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ဖေဖော်ဝါရီ လလယ်လောက်မှ စတင်ကာ ခရီးသွား ဧည့်သည် လာရောက်မှု နည်းသွားခဲ့ပြီး ယခုအခါ ပုဂံဒေသ၏ ခရီးသွားလုပ်ငန်းသည် ရပ်တန့်သွားပြီ ဖြစ်သည်။
ထို့အတွက်ကြောင့် ပုဂံဒေသ ခရီးသွားလုပ်ငန်းကို အမှီသဟဲပြု လုပ်ကိုင်နေသော ဟိုတယ်လုပ်ငန်းမှအစ မြင်းလှည်း မောင်းသူများအဆုံး အလွှာအသီးသီးကို ရိုက်ခတ်မှု ဖြစ်သွားလေသည်။ ထိုသူတို့၏ အခြေအနေများကို သိရှိရန် ဧရာဝတီ က မတ်လ ၂၅၊ ၂၆၊ ၂၇ ရက်တွင် ပုဂံဒေသသို့ သွားရောက် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိသူကို မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး ဧပြီ ၅ ရက် ည ၈ နာရီအချိန်ထိ ပိုးတွေ့သူ ၂၁ ဦး၊ သေဆုံးသူ ၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထား သည်။
ကိုမင်းချမ်းဦး
ပုဂံ ဒေသခံ
E-bike ၊ တုတ်တုတ်(Touk Touk) ငှားရမ်းသူ
ကိုဗစ်ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက လုပ်ငန်းတွေက တဖြည်းဖြည်း ရပ်တန့်သွားပြီ။ အခု မတ်လထဲမှာ ဆို လုံးလုံး ဇီးရိုး။ E-bike၊ တုတ်တုတ်တွေ ငှားရမ်းစီးသူ မရှိတော့ဘူး။ ကိုဗစ် ဖြစ်လိုက်တာနဲ့ ဒေသခံ စီးပွားရေး လုပ် ငန်းတွေ ရပ်တန့်သွားတာပေါ့။ တချို့ E-bike၊ တုတ်တုတ်တွေဆိုတာ တကယ်တမ်း ပိုက်ဆံရှိလို့ လုပ်ကြတဲ့ လုပ်ငန်း တွေ မဟုတ်ကြဘူး။ ချေးငွေသဘောမျိုး ရယူပြီး စီးပွားရေး ထူထောင်ကြတာ။ တုတ်တုတ်တွေဆိုလည်း လပေးတွေနဲ့ ယူပြီး ငှားရမ်းမှု လုပ်ကြတာ။ အခု ဒီချေးငွေတွေ ယူထားပြီးတော့မှ လုပ်ငန်းတွေ ရပ်တန့်သွားတဲ့အတွက် ချေးငွေပြန် ဆပ်ဖို့ တော်တော်လေး ခက်ခဲတဲ့ဘဝ ရောက်သွားကြပြီ။
ကမ္ဘာ့ အမွေအနှစ်ဝင်ပြီးတော့ ပုဂံဒေသခံတွေ တော်တော်ပျော်ကြတာ။ ခရီးသွားလာမှု မြင့်တက်လာမယ် များလာမယ် ဆိုပြီး စားသောက်ဆိုင်၊ ဟိုတယ် အသေးစား လုပ်ငန်းလေးတွေ လုပ်ကြတယ်။ ဒီနှစ်ပိုင်း ကိုဗစ်မတိုင်ခင်ကလည်း ကျနော်တို့ ခရီးသွားလုပ်ငန်းက အထနှေးခဲ့ပါတယ်။ အစပိုင်းက ရခိုင်ကိစ္စနဲ့ ဧည့်သည် မကျခဲ့ဘူး။
အဲဒီ အခြေအနေ လေး ကောင်းလာလို့ ဧည့်သည်တွေ ဝင်လာပြီဆိုပြီး ပုံမှန်အတိုင်းဆို နောက် ဆွဲကောင်းမယ်ပေါ့။ အဲဒီလို မျှော်လင့် လာရင်း ဧပြီထိ လုပ်နိုင်မယ်လို့ ထင်ခဲ့တာ မမျှော်လင့်ဘဲ ကမ္ဘာ့ကပ်ရောဂါကြောင့် အရာရာ ထပ်ပြီး ရပ်တန့်သွားရ တယ်။ ဒီလို ချက်ချင်း ရပ်တန့်သွားတဲ့အချိန်မှာ ကျနော်တို့ တကယ်တမ်း စုဆောင်းချိန် မရလိုက်ပါဘူး။ သေချာတာ ကတော့ ရေရှည်တောင့်ခံဖို့ အင်အား လက်ထဲမှာ မရှိနိုင်လောက်ဘူး။
အခုဆို စိုးရိမ်ပူပန်မှုတွေ စဖြစ်လာပြီ။ မိသားစု စားဝတ်နေရေး၊ ချေးငွေတွေ ပြန်သွင်းဖို့ အရေးတွေ။ ကျနော်တို့လို အသေးစား လုပ်ငန်းတွေအတွက် ထောက်ပံ့မှုတွေ မရနိုင်သော်ငြား ဒီချေးငွေတွေ ခတ္တရပ်ပေးတာမျိုး၊ အခြေအနေ ကောင်းမှ ပြန်သွင်းတာမျိုးလောက် လုပ်ပေးစေချင်တယ်။ ဟိုတယ်၊ စားသောက်ဆိုင်တွေမှာရှိတဲ့ ဝန်ထမ်းတွေ အလုပ် လက်မဲ့ ဖြစ်သွားတာမျိုး။
ဝန်ထမ်းတယောက်ဆီတိုင်းရဲ့ နောက်ကွယ်မှာ မိသားစုဆိုတာ ရှိတယ်။ သူတို့ကို ရပ်တန့် လိုက်တဲ့အတွက် ဒီမိသားစုတွေမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်သွားနိုင်တယ်။ အဲဒါလေးကို တတ်နိုင်တဲ့ဘက်က စဉ်းစဉ်း စားစားလေး လုပ်ပေးစေချင်တယ်။ ဒီကပ်ရောဂါကြီးပြီးလို့ ပြန်ကောင်းလာတဲ့ တနေ့ကျရင် ကျနော်တို့ စီးပွားရေးတွေ ပြန်ကောင်းလာပါစေလို့ပဲ ဆုတောင်းပါတယ်။
ဦးဝင်းအောင်
ဒုတိယ ညွှန်ကြားရေးမှူး
ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ပုဂံ ဌာနခွဲ) တာဝန်ခံ
လက်ရှိ ပုဂံက တော်တော်လေးကို ဧည့်သည်က နည်းသွားတဲ့အခါ ခြောက်ကပ်သွားတာပေါ့။ အရင်ဆို ပြည်တွင်း ဘုရားဖူးတွေ အများကြီး လာကြတယ်။ ကိုဗစ်ကြောင့် လာရောက်မှု တော်တော်လေး နည်းသွားတယ်။ စာမေးပွဲ ပြီးတဲ့ ရာသီဆိုရင် ဘတ်စ်ကားတွေ၊ ကိုယ်ပိုင်ကားတွေနဲ့လာတာ အများကြီး ရှိပါတယ်။ ဘုရားပုထိုး စေတီကြီးတွေ ဖြစ်တဲ့ အာနန္ဒာ၊ ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်၊ လောကနန္ဒာ စတာတွေမှာ ကားတွေ ပြည့်နေတာပေါ့။
ဒီအတွက် ခရီးသွားလုပ်ငန်းက အလွှာပေါင်းစုံ ရိုက်ခတ်မှု ရှိပါတယ်။ ဟိုတယ်တွေလည်း အခန်းငှားရမှု နည်းတာပေါ့။ စားသောက်ဆိုင်တွေလည်း ဒီလိုပဲ။ အလုပ်သမား၊ မြင်းလှည်းသမားတွေကအစ ဒေသခံတွေရဲ့ Souvenir shop (အမှတ်တရ ပစ္စည်း အရောင်းဆိုင်) တွေ အထိပါ ရိုက်ခတ်တယ်။ အလွှာပေါင်းစုံ ခံစားရတာပါပဲ။
တချို့ဟိုတယ်တွေ စပိတ်တာတော့ ရှိပါတယ်။ ကျနော်တို့လည်း အလုပ်ရှင်နဲ့ အလုပ်သမားကြား ပဋိပက္ခမဖြစ်အောင် အမြဲ စုံစမ်းထောက်လှမ်းနေပါတယ်။ ကျနော်တို့အနေနဲ့ ဒေသခံတွေ အဆင်ပြေဖို့ ပြည်ထောင်စု အစိုးရ၊ တိုင်းအစိုးရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်း ညှိနှိုင်းပြီးတော့မှ လိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းရမလဲ အမြဲ ကြည့်ပြီး လုပ်ပေးချင်တဲ့ ဆန္ဒရှိပါတယ်။
ဒီကာလက ကြာရှည်မယ်ဆိုရင် ဒေသခံပြည်သူတွေရော၊ လုပ်ငန်းရှင်တွေ ရော အားလုံး ထိခိုက်မှာ။ အခုလည်း ထိခိုက်နေကြတာပါပဲ။ ကျနော်တို့ ပုဂံဒေသက ခရီးသွားလုပ်ငန်းကို မှီပြီးတော့မှ ရပ်တည် နေရတာဖြစ်လို့ COVID-19 ကို အမြန်ဆုံး ပြီးမြောက်စေချင်ပါတယ်။
ဒေါ်တင်တင်ဌေး
မြင်းကပါရွာ မြို့ရှေ့ရပ်
တာမဏီ ဆုတောင်းပြည့် ဘုရားတွင် ဧည့်သည်များအား အမှတ်တရ သနပ်ခါး လိမ်းပေးသူ
သနပ်ခါး လိမ်းတာ မကြာသေးပါဘူး။ ကိုယ့်မှာ စားဝတ်နေရေးအရ လုပ်ရတာ။ ရောဂါတွေကြားတော့ ဘုရားဖူးတွေ ရှဲသွားတာပေါ့။ ကိုယ်က အိမ်မှာ စားဝတ်နေရေးအတွက် ရှာဖွေသူဆိုတော့ ဒီနေ့ ဘယ်လောက်ရမှ ဖြစ်မယ်ဆိုပြီး စွန့် ပြီးတော့ ဒီနေရာကို ရောက်လာရတာပါ။ အရင်တုန်းက သူများအိမ်မှာ လုပ်ရတာ။ နေ့စား ၅၀၀၀။ မနက် ၇ နာရီခွဲ ကနေ ည ၈ နာရီလောက်မှ ပြန်ရတာ။ တာဝန်ကျေအောင် လုပ်ရတာပေါ့။
အခု သနပ်ခါးလိမ်းတာကတော့ စေတနာ ရှိသလောက်။ ဟိုလူက ၅၀၀၊ ၁၀၀၀၊ ၂၀၀၀။ စုလိုက်တော့ အနည်းဆုံး တနေ့ ၁၀၀၀၀/၁၅၀၀၀ လောက် ရတာပေါ့။ ဧည့်သည်များရင် များသလိုရတယ်။ လိမ်းတဲ့အဖွဲ့ကလည်း ကိုယ်တယောက်တည်း မဟုတ်ဘူးလေ။ အများဆိုတော့ ခွဲ ယူရတာပေါ့။
ဘုရားဖူးကားလေးတွေ များများစားစား လာတယ်ဆိုရင် ဝမ်းသာ ပီတိဖြစ်နေတာ။ ရောဂါဝေဒနာတွေကြောင့် ဘုရားဖူး ဧည့်သည်တွေ ရပ်တန့်သွားမယ်။ မလာတော့ဘူးဆိုရင် ဘယ်လိုရှာဖွေစားရမလဲ စိုးရိမ်စိတ် ရှိတယ်။ စိတ်တွေ အရမ်း ညစ်ရတာပေါ့။ ကုန်ဈေးနှုန်းတွေ တက်သွားမှာလည်း ကြောက်တယ်။ စားဝတ်နေရေးကို ဘယ်လိုတွေ ရှာဖွေရမတုန်း။
ဒီသနပ်ခါးလေးမှ မလိမ်းရတော့ရင် ဘုရားဖူးဧည့်သည်တွေမှ မလာတော့ဘူးဆိုရင် တော်တော်ကို ခွကျပါတယ်။ ဒီရောဂါ မြန်မြန်ပျောက်စေချင်ပါတယ်။ အားလုံးကလည်း စိုးရိမ်စိတ်တွေများပြီး မျက်ရည်ကျမလိုလို ဖြစ်နေပြီ။
ကိုဇော်ဦး
Food & Beverage Manager
Thazin Garden Hotel
ပုဂံမှာက ခရီးသွားလုပ်ငန်းကိုပဲ အမှီသဟဲပြုပြီး အသက်မွေးဝမ်းကျောင်း ပြုကြတာ။ ကိုယ်တတ်တဲ့ ပညာကလည်း ဟိုတယ် လုပ်ငန်းပိုင်း အသက်မွေးဝမ်းကျောင်း ပညာဖြစ်နေတော့ ဒီဟိုတယ်တွေက ဧည့်သည်မရှိ ပိတ်မယ်ဆို အဆင်မပြေဘူး။ ဘယ်လောက်ကြာလို့ ကြာမှန်းလည်း မသိဘူး။ ဟိုတယ်တွေက အခုကိုပဲ စပြီးရပ်တည်ဖို့ မလွယ် တော့ ဘူး။ ဧည့်သည်မှ မရှိဘဲနဲ့။
ကျနော်တို့ ဟိုတယ်မှာ ဧည့်သည်တယောက်မှ မရှိတဲ့အတွက် ဝန်ထမ်းတွေကို အခု ဒီလ(မတ်လ)ကုန် ဆိုရင် မန်နေဂျာကြီး ပြောကြားချက်အရ ကျနော်တို့ ဝန်ထမ်းတွေ ၁၅ ရက်ဆင်း ၁၅ ရက်နား လုပ်မယ် ပြောတယ်။ ၁၅ ရက်ပဲဆင်းရင် ၁၅ ရက်စာပဲ အကျိုးခံစားခွင့်ရှိမယ် ပြောထားတယ်။
ဝန်ထမ်းတယောက်အနေနဲ့ ဧည့်သည်မျှော်ပြီး လုပ်ရတာဆိုတော့ ဧည့်သည်မရှိလို့ စိတ်ညစ်တာက တကြောင်း။ ရပိုင်ခွင့်ကလည်း ပုံမှန်အားဖြင့်ကို တဝက်ပဲ ရမှာ ဆိုတော့ ကျနော်တို့ ရပ်တည်ဖို့ရာ လွယ်တော့ မလွယ်ဘူး။ ဧည့်သည်ပြန်ကျလာတဲ့ အထိဆိုတဲ့ ပုံစံမျိုးနဲ့။ ဒီအပေါ်မှာ သဘောတူကြပါတယ်။ ဘာလို့ဆို တခြားကို လှမ်းမယ်ဆို တော့လည်း အကုန်လုံး ဒုက္ခရောက်နေတာဆိုတော့ ကိုယ့် ဆီမှာပဲ ပိုနေမြဲ ကျားနေမြဲနေပြီး အကုန်လုံးမျှမျှတလေး ဝေစားမျှစားလေးဖြစ်ရင် ကောင်းတာပေါ့။ မဟုတ်ရင် မိသားစု အတွက် အခက်အခဲဖြစ်မှာ။
တချို့ဟိုတယ်တွေကတော့ ဝန်ထမ်းတွေကို ဆန်အိတ်ပေးတာ၊ ဆီပုံးပေးတာမျိုးရှိတယ်။ တချို့က ၆ လကို ၃ လ ခံစားခွင့် အပြည့်ပေးပြီး ၃ လကို ပေးနားခိုင်းတယ်။ အခုက ကျနော်တို့ အလုပ်သမားတွေ ဒုက္ခရောက်သလို အလုပ် ရှင် လည်း ဒုက္ခရောက်ပါတယ်။ သို့သော် မျှမျှတတလေး ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆို ကျနော်တို့ ဝန်ထမ်းတွေ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အခုကတော့ လုပ်ငန်းရှင်က ကိုယ့်ဝန်ထမ်းတွေကို ပြန်ကြည့်မှသာလျှင် အဆင်ပြေ မှာ။ ပြန်မကြည့်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့။
ကျနော် ကျွမ်းကျင်တာကလည်း ဟိုတယ်ပိုင်း။ ဒါပဲ တစိုက်မတ်မတ် လုပ်လာတော့ အခု ဒီလိုမျိုး ဖြစ်တဲ့အခါ တခြား ဟာကို စဉ်းစားလုပ်ဖို့ရာ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ ဝန်ထမ်းတွေ ကိုယ်စားပြောချင်တာက ဟိုတယ်ခရီးနဲ့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ပုဂံဇုန်)ကနေ ဝန်ထမ်းတွေအတွက် တန်းတူရည်တူ အခွင့်အရေးမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းမှာပဲ။ ဆောင်ရွက်ပေးဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။
ကိုမြင့်နိုင်
ပုဂံ ဧည့်လမ်းညွှန် အသင်း အမှုဆောင်
ခရီးသွားလုပ်ငန်း (Tourism)ဟာ နိုင်ငံအတွက် အရေးကြီးတယ်။ ပုဂံအတွက်လည်း အလွန်အရေးကြီးတယ်။ ပုဂံမှာ Tourism က အဓိကပဲ။ လူ ၁၀ ယောက်မှာ ၈ ယောက်လောက်က Tourism နဲ့ ဆက်စပ်နေတယ်လို့ ပြောကြပါတယ်။ အခုနှစ်က အဆိုးဆုံးပဲ။ Tourism ရာသီ စတာ နည်းနည်းနောက်ကျသလို နည်းနည်းစောပြီး ပြီးသွားတယ်။ ဖေဖော်ဝါ ရီ လောက်ကတည်းက နိုင်ငံခြားသားဧည့်သည်တွေ ပါးသွားတယ်။ ပုဂံဒေသ စီးပွားရေးက Tourism ကို မှီခိုတော့ ဧည့် လမ်းညွှန်၊ ဟိုတယ်၊ စားသောက်ဆိုင် ဝန်ထမ်းကအစ မြင်းလှည်းဆရာ၊ ဘုရားတွေမှာ အမှတ်တရပစ္စည်း ရောင်း တဲ့သူ အဆုံး အကုန်လုံး ထိခိုက်မယ်။ သူတို့နဲ့ ဆက်စပ်တဲ့ ကုန်ရောင်းကုန်ဝယ် လုပ်ငန်းတွေလည်း ထိခိုက်မှာပဲ။
ကျနော် စိုးရိမ်တာက COVID-19 ကာလ ရှည်ကြာလေ Tourism ကဏ္ဍက ကျွမ်းကျင်ဝန်ထမ်းတွေ ပျောက်ဆုံးသွား မှာ စိုးရိမ်ရပါတယ်။ Tourism နယ်ပယ်က သိမ်မွေ့ပါတယ်။ ကျွမ်းကျင်ဝန်ထမ်း မွေးထုတ်ဖို့ရာ ခက်ခဲပါတယ်။ ဒီကာလ ကြီး ရှည်ကြာသွားလို့ ကျွမ်းကျင်ဝန်ထမ်းတွေ လျော့ပါးသွားမယ်ဆိုရင် Tourism ပြန်ပြီးကောင်းလာတဲ့အခါမှာ ထပ်ပြီး အခက်အခဲတွေ့မှာကို စိုးရိမ်ပါတယ်။ ဒီအတွက် ထည့်စဉ်းစားကြဖို့ လိုမယ်လို့ ထင်ပါတယ်။ Tourism နဲ့ ပတ်သက် တာတွေကိုလည်း ထိထိရောက် ကူညီပေးစေချင်ပါတယ်။
ကိုဗစ်က တနိုင်ငံလုံး ထိတာပေါ့။ ကျနော်က Tourism နယ်ပယ်က ဖြစ်တဲ့အတွက် Tourism ကဏ္ဍ ဘယ်လိုဖြစ်သင့် တယ်ဆိုတာ အကြံပေးချင်တယ်။ Tourism ကို မမေ့စေချင်ဘူး။ Tourism နယ်ပယ်မှာ ကျွမ်းကျင်ပြီးသား သူတွေကို ဒီလောကမှာ ရှင်သန်စေချင်တယ်။
ဒီဟာနဲ့ ဆက်စပ်နေတဲ့ လေကြောင်းလိုင်း၊ ဟိုတယ်၊ စားသောက်ဆိုင် စတာတွေ ကို နိုင်ငံတော်အနေနဲ့ ထောက်ပံ့ ပေးဖို့။ ထောက်ပံ့ပေးသင့်တယ်လို့လည်း ယူဆတယ်။ အတိုးနှုန်းသက်သာတဲ့ Zero Percent အတိုးနှုန်းလောက်နဲ့ ရှိသင့်တယ် ထင်ပါတယ်။ အခွန်လိုဟာမျိုး သေချာပေါက် လျှော့ပေးသင့်ပါတယ်။ အများကြီး ထိခိုက်နေတာ ကျနော်တို့က နားလည်ပါတယ်။ ကဏ္ဍတိုင်း ထိခိုက်ကြတယ်။
ကျနော်တို့ ခရီးသွားလုပ်ငန်း ကိုလည်း တကယ့်အရေးကြီးတဲ့ ကဏ္ဍဖြစ်လို့ ရှိသမျှ အင်အားလေးနဲ့ ကူညီစေ့ချင်၊ ကယ်တင်စေ့ချင်တယ်။ တတ်နိုင် တဲ့ နည်းနဲ့ ထောက်ပံ့ပေးစေချင်တယ်။ ထောက်ပံ့မှုရှိမှ လုပ်ငန်းရှင်သန်နေမှ ကျွမ်းကျင်ဝန်ထမ်းတွေ ဒေသခံတွေ အသက် ဆက်နိုင်မယ်။
ဦးမျိုးမင်းဦး
ဥက္ကဋ္ဌ
ပုဂံမြန်မာ ကုမ္ပဏီ
COVID-19 မဖြစ်ခင်ကတည်းက Europe Tour တွေ အရမ်းကျတယ်။ ကျတဲ့အချိန်မှာ တရုတ်က ကယ်သွားတယ်။ ဒါ ပေမယ့် တရုတ်မှာ ဒီဇင်ဘာ ပထမပတ်လောက်ကနေ ဒီရောဂါ စတယ်ဆိုတော့ အဲဒီကတည်းက စပြန်ကျတာပေါ့။ Tourism ဘက်ကို မှန်လာပြီ။ တရုတ်ကော Europe ရော ဝင်မယ်ဆို ပုဂံတမြို့လုံးမှာရှိတဲ့ ဟိုတယ်တွေက အဆင်ပြေ ပြီ။ နောက်ထပ်ဆောက်နေတဲ့ ဟိုတယ်တွေ ပြီးရင်တောင် မလောက်ဘူးလို့ ယူဆထားတာ။ အခု ဒီကပ်ရောဂါ ဖြစ် လာတော့ အခြေအနေက လုံးဝ ဇီးရိုးလောက်ထိ ရပ်သွားတဲ့သဘော ဖြစ်သွားတယ်။ ပြည်တွင်း ဧည့်သည်တောင် မလာတော့ဘူး။
ကျနော့်ကို မှီခိုနေတဲ့ ဝန်ထမ်း အကုန်လုံးဆို ၁၀၀၀ ထောင်ကျော်ရှိမယ်။ ကျနော့်ကို မှီတဲ့ဝန်ထမ်း အဲဒီဝန်ထမ်းကိုမှီတဲ့ မိသားစု ဒါတွေ ဂယက်ထမှာပဲ။ လူတယောက်က ဆန်တအိတ်ဆို ၃ လလောက် စားလို့ရတယ်။ အခု ရှိသမျှ ဝန်ထမ်း ကို ဆန် တယောက် ၁ အိတ် အလကား စပေးမယ်။ အဲဒီ Plan တွေ ဆွဲထားလိုက်တယ်။ ဆန် ၁ အိတ် ကျနော့် ဝန် ထမ်းကို ပေးထားလိုက်ရင် သူ့ကိုမှီနေတဲ့ မိသားစု စားလို့ရတယ်။ အချိန်တခုအနေနဲ့ ဆွဲထားလို့ ရတာပေါ့။ ရိက္ခာ အတွက် မပူရတော့ဘူး။ ဒီတရက် နှစ်ရက်အတွင်းမှာပဲ ဝေမယ်။ ဒါက ၃ လစာ Plan ပေါ့။
အခုလိုအချိန်မှာ ဟိုတယ်လုပ်ငန်းရှင်များ အသင်းအနေနဲ့ ပိုင်ရှင်တွေ လုပ်ငန်းရှင်တွေ အားလုံးကိုခေါ်ပြီး စည်းဝေး လုပ်သင့်တယ်။ နောက်တခုက ဟိုတယ်တခုတည်းရဲ့ မူကို မယူစေချင်ဘူး။ အများနဲ့ ဆိုင်သွားပြီ။ ကိုယ် စီးပွားပျက်လို့ ရပ်ရတဲ့ အလုပ်မဟုတ်ဘူး။
ဒါက နိုင်ငံနဲ့လည်း ဆိုင်တယ်။ plan တခုက တညီတညွတ်တည်း လုပ်ရတော့မယ့် အနေ အထား ဖြစ်နေတယ်။ သူက ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်ဆိုရင် နောက်ပိုင်း မငြိမ်သက်မှုတွေ ဖြစ်လာနိုင်တယ်။ ဝန် ထမ်းတွေရဲ့ ဂယက်ထမှုတွေ အများကြီး ဖြစ်လာနိုင်တယ်။
ဒီလိုမျိုး မဖြစ်အောင် အကြံပေးချင်တာက ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်နေပြီ အခုအချိန်မှာ။ ဘယ်ဟိုတယ်က ဘယ်လောက်ထိ ခံနိုင်မလဲ။ ပိုင်ရှင်တွေ တစုတစည်းတည်း ပုဂံဇုန်ဆို ပုဂံနဲ့ပတ်သက်တဲ့ ညှိနှိုင်းစည်းဝေး လုပ်သင့်နေ ပြီ။ မန္တလေးဆိုလည်း မန္တလေး၊ ရန်ကုန် စသဖြင့်။ အဲဒီလို မလုပ်ထားဘဲ တတ်နိုင်တဲ့သူက ပေးမယ်။ မတတ်နိုင်တဲ့သူ က ဖြုတ်မယ်ဆို မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်။ တညီတညွတ်တည်း လုပ်တာကောင်း တယ်။ ဒါအတွက် ကြိုလုပ်သင့်တယ်။
ဦးတင်အောင်မိုး
အတွင်းရေးမှူး
ပုဂံ-ညောင်ဦး မြင်းလှည်ယာဉ် အသင်း
၂၀၁၉ ထဲမှာ တရုတ်တွေ ဒီဘက်ကို အဝင်များလာတဲ့အခါ လုပ်ငန်းလေး ဖြိုင်လာတော့ အဆင်ပြေတယ်။ ၂၀၁၉ ဒီဇင်ဘာထဲ ရောက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ် ပေါ်လာတော့ ဧည့်သည်လည်းပါး။ လုပ်ငန်းတွေလည်း တော်တော် ပါး သွားတယ်။ ဧည့်သည်ကျချိန်မှာ တနေ့ကို လေးငါးခေါက် ပုံမှန်မောင်းရတယ်။ အခု ကိုဗစ်ဝင်တော့ ဇန်နဝါရီ လကုန် ကနေ အခုထိ တနေ့တခေါက်တောင် မသွားကြရတော့ဘူး။ လုံးလုံးကို ပါးသွားတာ။
ဒီမှာလာတဲ့ မြန်မာဘုရားဖူးတွေ ကလေးလေးတွေ စီးချင်ရင် ဂိတ်ကနေ သဗ္ဗေညုဘက်ကို စီးကြတာ အပြန်အသွား သုံးလေးထောင် ရပါတယ်။ သတ်မှတ်ထားတာတော့ သဗ္ဗေညု၊ ရွှေဂူကြီး ဂိတ်ပြန်ရောက်ကို ၅၀၀၀ သတ်မှတ်တယ်။ အခုအနေအထားက မြင်းစာဖိုးလောက်ပဲ ရရဆိုပြီး လျှော့ပြီး လိုက်နေကြတာ။ အိမ်မှာထိုင်နေလည်း ဘာမှမဟုတ်ဘူး။ ဒီတိုင်း ကျွေးထားရမှာ အတူတူတော့ မြင်း အညောင်းပြေပုံစံမျိုး မောင်းလာရင်း ဒီမှာနေကြတယ်။ ရရင်လည်းရ မရ တော့လည်း မိုးချုပ်ရင် အိမ်ပြန်ကြပေါ့။
ဧည့်သည်ကျချိန်ဆို လက်ပန်းချီဆိုင်ကစ တွန်းလှည်းလေးတွေနဲ့ ရောင်းတဲ့ဆိုင်တွေအဆုံး စည်ကားနေကြတော့ ဝင်ငွေ တော်တော်လေး စိုစိုပြည်ပြည် ရကြတယ်။ အခုလို ဖြစ်သွားတဲ့အပေါ် တော်တော်လေး စိတ်မကောင်းဖြစ်ရ တယ်။ မိသားစု စားဝတ်နေရေးကမှ အစ။ မြင်းကျွေးစရိတ်ကပဲ တနေ့ကို လေးငါးခြောက်ထောင် ရှိတယ်။ အလုပ် က တော့ မရှိဘူး။ ဒါပေမယ့် မြင်းကျွေးရတဲ့ စရိတ်တော့ နေ့စဉ် ပုံမှန်ထည့်နေရတယ်။ ကိုယ်စားဖို့လည်း ရှာရ၊ မြင်းကျွေးဖို့ လည်း ရှာရတယ်။
ဟိုတယ်တွေ စားသောက်ဆိုင်တွေ ဧည့်သည်မကျလို့ရှိရင် ကျနော်တို့ဒေသက ဘာမှ လုပ်လို့မရတော့ဘူး။ ဧည့်သည် မကျတော့ဘူးဆိုတာနဲ့ ယွန်းထည် လက်လုပ်လက်စားသမား ဈေးသည်တွေ ရှိမယ်။ ဟိုတယ်ဝန်ထမ်းကလည်း လစာ လေး တခုကိုပဲ မှီပြီးစားကြရတာ။ ဧည့်သည်ကျမှသာ မုန့်ဖိုးတွေဘာတွေရ အဆင်ပြေတာ။ နောက်ဆုံး အသီးအရွက် ဈေးသည်မှအစ။ ဧည့်သည်မကျရင် ကန်စွန်းရွက်မှအစ ရောင်းဖို့ အဆင်မပြေတော့ဘူး။ စားသောက်ဆိုင်တွေက အများဆုံး သိမ်းတာကိုး။ ဧည့်သည်မကျလိုက်တာနဲ့ ပုဂံတမြို့လုံး ထိတာပဲ။
ဦးသန်းဌေး
သဗ္ဗေညု ဘုရားတွင် အမှတ်တရ အင်္ကျီ အရောင်းဆိုင် ဖွင့်ထားသူ
ဒီရက်ပိုင်းတွေမှာ ဈေးဦးပေါက်ရုံလောက်ပဲ ရှိတယ်။ ဧည့်သည် အလာနည်းသွားတော့။ ကျနော်တို့ ပုဂံညောင်ဦး မြို့ နယ်က ဧည့်သည်မျှော်ပြီး နေရတဲ့ မြို့ဖြစ်တယ်။ ဒါကိုပဲ မှီခိုရတယ်။ ဧည့်သည်မလာဘူးဆိုရင် ဒီဒေသခံလူထုအတွက် စားဝတ်နေရေး အခက်အခဲ ရှိနိုင်တယ်။ ကျနော်ဆိုလည်း တခြားလုပ်ငန်းမရှိဘူး။ ဘိုးဘွားတွေကတည်းက ဒီအပေါ် မှာပဲ မှီခိုနေရတာ။
WHO က ပြောတာတော့ ကမ္ဘာ့ကပ်လို့ ပြောတာပေါ့။ ကျနော်တို့ကတော့ ရတနာ့သုတ်တွေ ရွတ်ပြီး ဒါနဲ့ ကျော်ဖြတ် ချင်တာပေါ့။ ရောဂါရတဲ့သူလည်း သက်သာစေချင်တယ်။ ကူးစက်မယ့်သူလည်း မကူးစက်အောင် ရတနာ့သုတ်ရွတ်ပြီး ညတိုင်း မေတ္တာပို့တယ်။ ဒါပဲ ကျနော်တို့ တတ်နိုင်ပါတယ်။
၁၉၈၈ က ဒီလိုအဖြစ်မျိုး ကြုံတာတွေ ရှိတယ်။ ဒါပေမယ့် ဒီလောက်ထိ မဆိုးဘူးလို့ ကျနော်တို့ ဒေသခံတွေ ယူဆ ကြ တယ်။ ၈၈ အရေးအခင်းဖြစ်တော့ တနိုင်ငံလုံး ဂယက်ရိုက်သွားပြီး စားဝတ်နေရေး ကျပ်တည်းကြတယ်။ ဒီနယ်မှာဆို ကိုယ့်ဒေသမှာရှိတဲ့ မြေကို တူးဖော်ပြီး ရွှေကျင်ရတဲ့ အနေအထားအထိ ရောက်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း မြန်မာ့ ခရီးသွားနှစ်အဖြစ် ပြန်လည်သတ်မှတ်ပြီးတဲ့အခါ ဒီကလူတွေ စီးပွားရေး ပြန်ချောင်လည်လာတာပေါ့။ အခုက လပိုင်း ပဲ ရှိသေးတယ်ဆိုတော့ ဘယ်လိုဖြစ်မယ်ဆိုတာ ကြိုတင် မပြောနိုင်ဘူး။
ဧည့်သည်ကျချိန်ဆို ဗမာရော နိုင်ငံခြားသားရော တော်တော်ကို လာကြတယ်။ ဒီသဗ္ဗေညုဘုရားက ပုဂံမှာ အမြင့်ဆုံး ဘုရားလေ။ ၂၀၁ ပေမြင့်တယ်။ အများကြီး လာရောက်ကြတော့ ဒေသခံ ဆိုင်လေးတွေလည်း အကုန်ရောင်းကောင်း စိုစိုပြည်ပြည် စားရသောက်ရတာပေါ့။ အခုတော့ ခြောက်ခမ်းသွားတာပေါ့။ ကျနော်တို့လည်း အားလျော့သွားတယ်။
ဆယ်တန်း စာမေးပွဲ ဖြေပြီးပြီဆို ရွှေစက်တော် အသွားအပြန်နဲ့ ဒီပုဂံညောင်ဦးက တော်တော်စည်းကားတဲ့ မြို့တမြို့။ ဘုရားတွေမှာ ကြိတ်ကြိတ်တိုးပဲ။ ကြက်ပျံမကျစည်တာက တနိုင်ငံလုံး ကျောင်းပိတ်ချိန် တန်ခူး။ ဒုတိယ အစည်ကား ဆုံးက သီတင်းကျွတ် ကျောင်းပိတ်ချိန်။ ဒီနှစ် တန်ခူးအတွက်ကတော့ မျှော်လင့်ချက် မရှိတော့ဘူး။
ဦးမောင်မောင်
ပစ်တိုင်းထောင် ယွန်းထည် လုပ်ငန်း
မြန်မာ့ ယွန်းထည် အသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ
ပုံမှန် ခရီးသွားရာသီက ဧပြီလကုန်အထိ ဒီမှာ ဧည့်သည်ရှိတယ်။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး အခြေအနေ COVID-19 နဲ့ ပတ်သက်ပြီး Tourists တွေ လုံးဝ အဝင်မရှိတော့သလို ပြည်တွင်းဧည့်သည်တွေလည်း မလာကြတော့ ဘူး။ ပါးသွားပြီ။ ယွန်းထည်လုပ်ငန်း လက်မှုပစ္စည်းက အဓိက ကမ္ဘာလှည့်ခရီးသွား အပေါ်မှာ ရပ်တည် မှီခိုရတာ။ ကမ္ဘာလှည့် ခရီးသွား မလာတော့ဘူးဆိုတာနဲ့ တပြိုင်နက် ယွန်းထည်လုပ်ငန်း အရောင်းအဝယ်က အလိုအလျောက် ကျဆင်းသွားတာပဲ။ ပြည်တွင်းက ဝယ်ပေမယ့် ယွန်းထည်လုပ်ငန်းကြီး တခုလုံး မှီခိုဖို့ ဖြစ်နိုင်တဲ့ အနေအထားမရှိဘူး။
ယွန်းထည်လုပ်ငန်း အသီးသီးမှာ လုပ်နေတဲ့ ယွန်း Artist (အနုပညာရှင်)တွေ အကုန်လုံးက ဒီလုပ်ငန်းရှင်ဆီမှာ ငယ် စဉ်ကတည်းက ပညာသင်ပြီး လုပ်လာတဲ့သူတွေ။ မိသားစုလို ဖြစ်နေတော့ မိသားစု စိတ်ဓာတ်နဲ့ ပြန်ကြည့်ရတဲ့အခါ တော်တော် ဘေးကျပ်နံကျပ် ဖြစ်တယ်။ ဝယ်မယ့်သူ မရှိလို့ ဈေးမရောင်းရတော့ဘူး။ ပိုက်ဆံမရတော့ဘူး။ လုပ်ငန်းကို ဘယ်လိုဆက်သွားမလဲ။ ဒီ Artist တွေကို ဆက်ခိုင်းနေမယ်ဆို ကျနော့်အိတ်ထဲက ပိုက်ဆံတွေထုတ်။ သူတို့ကို လုပ် အားခ ပေးရုံတင် မဟုတ်ဘူး။ အလုပ်လုပ်ဖို့ ကုန်ကြမ်းပစ္စည်းတွေကအစ ဖြည့်ရတာ။ အဲဒီတာဝန်က အရမ်းကြီးတယ်။
ဒီနေ့အထိ ဘယ်လို စဉ်းစားထားလဲဆို သင်္ကြန်မတိုင်ခင်ထိ ဆက်သွားကြည့်မယ်။ သူတို့နဲ့ ညှိမယ်။ ရုန်းနိုင်သလောက် ရုန်းမယ်။ သို့သော် လစာ အကုန်လုံး ရက်ပြည့်ကြီးပဲတော့ မသွားနိုင်ဘူး။ ဒါက တလနဲ့ ပြတ်မလား။ နှစ်လနဲ့ ပြတ်မ လား။ ပြဿနာမရှိဘူး။ ရှိတာနဲ့ အကုန်ထုတ်ပြီး ရင်းပစ်လိုက်လို့ရတယ်။ သို့သော် ဒါကြီးက ဘယ်လောက် အတိုင်းအ တာထိ သွားမယ်ဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရဘူး။ ရှည်ကြာလာမယ်ဆိုရင်တော့ မခံနိုင်လောက်ဘူးလို့ ထင်တယ်။
ယူနက်စကို ဝင်သွားတယ်။ ဒါက ကျနော်တို့အတွက် တကယ့် မျှော်လင့်ချက်ကြီးပဲ။ နိုင်ငံတကာ ဧည့်သည်တွေ ပိုပြီး လာကြမယ်လို့ ယုံကြည်ထားတယ်။ အဲဒီအတွက် ပြင်ဆင်ကြတာပေါ့။ ပစ္စည်းတွေ တိုးလုပ်တယ်။ အဲဒီမှာ လက်ရှိ ကျန်းမာရေးပြဿနာ ထဖြစ်တော့ နည်းနည်း အခက်အခဲကြုံသွားတာပေါ့။ တိုးလုပ်ထားတဲ့ဟာတွေက ငွေငုတ်သွား တာပေါ့။ ကျန်းမာရေးလို့သာ ပြောတာ ဒါ စီးပွားရေးကပ်လည်း ဆိုက်တာပဲ။ လူတိုင်း အကုန်လုံးက ညည်းကြတာပဲ။ တလ နှစ်လနဲ့ ပြတ်သွား ကိစ္စမရှိဘူး။ ဘယ်လောက် ရေရှည်သွားမလဲဆိုတာကို စိုးရိမ်နေကြတာ။ ဘယ်လို ဆက်သွား ရမလဲနဲ့ အားလုံးက သောကတွေနဲ့ချည်းပဲ။
ဦးဇော်ဝိတ်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း (ပုဂံ ဇုန်)
ကိုဗစ်သာ ဆက်ပြီး ကြာကြာဖြစ်သွားမယ်ဆို ဘာလုပ်ငန်းမှလည်း လုပ်လို့ရမှာ မဟုတ်ဘူး။ အခုက Tourism Industry တခုတည်းတင် မဟုတ်ဘူး။ Industry အားလုံးမှာ ဖြစ်လာတာဆိုတော့ နိုင်ငံတော်ကနေပဲ ပံ့ပိုးဆောင် ရွက်ပေးရလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့လည်း ဒီလောက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းဖို့ဆိုတာ တော်တော်လေး ခက်ခဲလိမ့်မယ် ထင်တယ်။ သူတို့ ကုစားတာတောင် သုံးလေးလပဲ ကုစားလို့ရလောက်မယ်။
တတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ အားလုံးကတော့ ကိုယ့်ဝန်ထမ်းကိုယ် ပစ်မထားပါဘူး။ သူတို့အတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား ဒါမျိုးလေးတွေ ပံ့ပိုးကူညီပြီး ဝေပေးကြမှာ။ အခုလည်း လုပ်နေကြပါတယ်။ ဒီတိုင်း ပစ်ထားလို့တော့ ဘယ်ရ မလဲ။ တချို့ကလည်း လုပ်ငန်းရှင်လို့သာ ပြောတာ။ ယဲ့ယဲ့လေးပဲ ကျန်တယ်။ ဒီလုပ်ငန်းကို လုပ်ရာမှာ ချေးငွေတွေနဲ့ လုပ်နေကြတာ။ အင်မတန်မှ ကျောထောက်နောက်ခံ အားကောင်းနေတဲ့သူတွေက လုပ်ချင်တဲ့ မူဝါဒနဲ့ ချေးငွေတွေ တပုံကြီးနဲ့ ဆောက်ထားတဲ့ ဟိုတယ်လေးတွေရဲ့ မူဝါဒ ဘယ်လိုမှ တူမှာမဟုတ်ဘူး။ ဒါကို စလုတ်တိုက်လို့လည်း မျှတ မယ် မထင်ဘူး။
လုံးဝ စိတ်မကောင်းဘူး။ ကိုယ့်ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီး ဖွံ့ဖြိုးတိုးတက်လာမယ့်အချိန်။ မဲခေါင် ၆ နိုင်ငံရဲ့ Sub Region အစည်းအဝေးလည်း အမှန် ဒီလထဲမှာ စလုပ်မှာ။ ဒါဆို ပုဂံအတွက် ယဉ်ကျေးမှု အမွေအနှစ် ဖြစ် လာတဲ့အချိန် ဒီလို အစည်းအဝေးကြီး ပေါ်လာတယ်ဆိုရင် အခွင့်အရေး အကြီးကြီးပါ။ အန်ကယ်တို့ Marketing လုပ်ရ မှာ။ ဒါ အကုန်လုံး ဆုံးရှုံးသွားတယ်။ ပုဂံဒေသ အခြေခံလည်းရှိပြီး ဖွံ့ဖြိုးတိုးတက်ရမယ့်အချိန်မှာ ဒီကပ်ရောဂါကြီး ဝင် လာတဲ့အချိန်မှာ။ အင်မတန်မှ စိတ်ထဲမှာ မကောင်းပါဘူး။ သို့သော် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့အတွက် ဘာသာရေး အရ ဖြစ်လာတဲ့ဟာကိုပဲ ဝိုင်းဝန်း အကောင်းဆုံး ကြိုးစားရမှာပဲ။ ။
You may also like these stories:
“ပြည်သူတွေ ကျန်းမာရေးအသိပြည့်ဝဖို့လိုသေးတယ် “
အလုပ်သမားတွေက အလုပ်လက်မဲ့တွေ ဖြစ်လာတယ်
စည်းလုံး ညီညွှတ်ဖို့ အရေးကြီးနေပါပြီ