ဘယ်လောက် ဖြစ်လာဦးမလဲ ကျနော်တို့ မှန်းဆလို့ မရပါဘူး

ငြိမ်းငြိမ်း
ရန်ကုန်ဆေးရုံကြီးအား ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာအဖြစ်သို့ ပြောင်းလဲထားသည် / မျိုးမင်းစိုး
Want create site? Find Free WordPress Themes and plugins.

ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး လတ်တလော အခြေအနေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်အား ဧပြီလ ၇ ရက်နေ့တွင် ဧရာဝတီ အင်္ဂလိပ်ပိုင်း လက်ထောက်အယ်ဒီတာ ငြိမ်းငြိမ်းက မေးမြန်းထားသည်။

မေး။ COVID-19 ပိုးရှိမရှိ စစ်တဲ့လူဦးရေနဲ့ ပိုးမတွေ့ (negative) အဖြေထွက်တဲ့လူဦးရေ စုစုပေါင်း အပ်ဒိတ် သိချင်လို့ပါ။

ဖြေ။ ဧပြီ ၆ ရက် ည ၈ နာရီအထိ test စစ်ခဲ့တဲ့ အရေအတွက် အားလုံး ၁၃၄၀ ပါ ခင်ဗျ။ အဲဒီအထဲမှာ ၂၂ ဦးကတော့ ပိုးတွေ့တာပါခင်ဗျ။

မေး။ (ကိုဗစ်) ပိုးတွေ့တယ်ဆိုပီး စောင့်ကြည့်ထားတဲ့လူတွေထဲ နှစ်ပတ်ကျော်အတွင်း လက်ရှိမှာ လုံး၀ ပြန်ကောင်းသွားပီဆိုတဲ့လူ ဘယ်နှယောက်ရှိလဲ။ recover ရှိသွားပီလို့ ပြောလို့ရလား။

ဖြေ။ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က ပိုးတွေ့တဲ့လူနာတွေကို ဆေးဝါးကုသမှု ပြုလုပ်ပြီးတော့ သတ်မှတ်တဲ့အချိန်ကို ရောက်လာလို့ရှိရင် ကျနော်တို့က တခါ ဓါတ်ခွဲနမူနာတွေယူပြီး စစ်ဆေးလေ့ရှိပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တဲ့ လူနာက မန္တလေးက လူနာဖြစ်ပါတယ်။ နံပါတ် ၄ လူနာပါ။ မန္တလေးမှာရှိနေတဲ့လူနာက နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ဘူးဆိုတဲ့အဖြေကို ရထားတာ ဖြစ်ပါတယ်။

အဲဒီတော့ အဲဒီလူနာကို ကျနော်တို့က ခုနပြောတဲ့ recover ပေါ့နော်။ ကုသမှု ပျောက်ကင်းသွားတဲ့ လူနာလို့ ကျနော်တို့ သတ်မှတ်လို့ရပါတယ်။ WHO ရဲ့ သတ်မှတ်ချက်ကလည်း အဲဒီလို ဓါတ်ခွဲနမူနာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တဲ့လူနာမျိုးကို ဆေးရုံကဆင်းဖို့အတွက် criteria နဲ့ ပြည့်စုံတဲ့လူနာလို့ သတ်မှတ်ပါတယ်။

နောက်တယောက်ကတော့ နေပြည်တော်မှာ ရှိနေတဲ့ ဆွစ်ဇာလန်နိုင်ငံက ပြန်လာတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ သူ့ကိုတော့ ကျနော်တို့ တကြိမ်စစ်တာ နဂ္ဂတစ်ဖြစ်နေပြီ ဖြစ်ပါတယ်။ (မနေ့ည ဒုတိယအကြိမ် အဖြေတွင်လည်း ပိုးကင်းစင်ကြောင်း တွေ့ရသည်။)

ခုနကလို ကျနော်တို့ ကုသမှု ပြီးဆုံးပြီးလို့ ပိုးတွေ့ထားတဲ့လူနာတွေထဲက နဂ္ဂတစ်ဖြစ်တဲ့လူနာကတော့ အခု ကျနော်တို့ ပြောရရင် ၂ ယောက်ရှိပြီလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။

မေး။ သူတို့ အိမ်မှာပဲ quarantine ပြန်နေရဦးမှာလား။

ဖြေ။ မှန်ပါတယ်ခင်ဗျ။ ဒါတော့လည်း ကျနော်တို့ကလေ ဒီဗိုင်းရပ်က အခုမှ ကျနော်တို့ ကမာ္ဘကို ပထမဆုံးရောက်လာတဲ့ ကျနော်တို့ ဒီဗိုင်းရပ်အကြောင်းကို လေ့လာဆဲပဲ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဆေးကုသမှု ပျောက်ကင်းသွားပေမယ့် ပိုပြီးတော့ စိတ်ချရအောင် သူတို့ကို ဆေးရုံဆင်းပေမယ့် home quarantine နှစ်ပတ်ကြာ ဆက်လက် နေထိုင်ဖို့အတွက် ညွှန်ကြားသွားမှာ ဖြစ်ပါတယ်။

ဆေးရုံက ဆင်းသွားပေမယ့်လည်း တခြား လူထုတွေနဲ့ ထိတွေ့မှုကို ရှောင်ရှားပြီးတော့ home quarantine အနေနဲ့ ဆက်ပြီး နှစ်ပတ် ကျနော်တို့ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

မေး။ ကျန်တဲ့ ပိုးတွေ့လူနာတွေရဲ့ အခြေအနေကရော ဘယ်လို ရှိပါလဲ။

ဖြေ။ ICU ထဲက နှစ်ယောက်ကလွဲရင် ကျန်တဲ့ ပိုးတွေ့ထားတဲ့ လူနာတွေရဲ့ ကျန်းမာရေး အခြေအနေက ကောင်းတယ်လို့ ပြောနိုင်ပါတယ်။

မေး။ ဆရာ အရင်ရက်က ပြောခဲ့သလို မန္တလေးမှာ Lab (ဓါတ်ခွဲစစ်ဆေးခန်း) ဖွင့်မယ်ဆိုတာ ဘယ်လောက် နီးစပ်ပြီလဲ။

ဖြေ။ အဲဒါက ကျနော်တို့ အခု အခန်းပြင်နေပါပီခင်ဗျ။ အဲဒီမှာ ကျနော်တို့ လိုအပ်ချက်တွေ က ဇီဝလုံခြုံမှုအဆင့် ၃၊ နဂ္ဂတစ် ပရက်ရှာ ရှိတဲ့ ဓါတ်ခွဲခန်းဖြစ်ဖို့ အရေးကြီးတဲ့ကိစ္စတွေကို ကျနော်တို့ ဝန်ကြီးဌာနနဲ့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ အခန်းကို ပြင်ဆင်နေပါတယ်။

စက်ပစ္စည်းက ရန်ကုန်မှာရှိတဲ့ အမျိုးသားဓါတ်ခွဲခန်းမှာ အဆင်သင့်ရှိပါတယ်။ ကျနော်တို့ မှန်းထားတာတော့ ဒီအဆောက်အဦးရဲ့ အခန်းပြင်ဆင်မှု အနေအထား ပြီးခဲ့ရင် ဧပြီလထဲမှာ ကျနော်တို့ ဒီဓါတ်ခွဲခန်းကို ဖွင့်လှစ်ပြီးတော့ ဓါတ်ခွဲ စစ်ဆေးမှုတွေ ပြုလုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ရပါတယ်။

မေး။ အခုလောလောဆယ် ဆရာတို့က တနေ့ကို ၈၀ ဝန်းကျင် စစ်တယ် ပြောတယ်။ တကယ်လို့ မနေ့က အလှူရှင်တွေလှူတဲ့ စစ်မယ့်စက်အသစ် ရောက်လာတာလည်း ရှိမယ်။ မန္တလေးမှာလည်း ဓါတ်ခွဲခန်းဖွင့်မယ်ဆိုရင် ပိုပြီးတော့ စစ်ဆေးမှုတွေ လုပ်နိုင်မယ်ဆိုရင် ကိုဗစ် အတည်ပြုလူနာတွေ ပိုများလာမလား။

ဖြေ။ အဲဒီလိုတော့ ပြောလို့မရပါဘူးခင်ဗျ။ ကျနော်တို့က အခုက ကျနော်တို့ သတ်မှတ်ချက်တွေ ရှိပါတယ်။ လူနာတွေနဲ့ပတ်သက်လို့ ကျနော်တို့ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့လူတွေကို ရွေးချယ်ပြီးတော့ ဓါတ်ခွဲနမူနာ ယူပြီးတော့ စစ်ဆေးနေတာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ များများ စစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ခုနကပြောသလို များများ ပိုးတွေ့အောင် စစ်ခြင်း မဟုတ်ပါဘူး ခင်ဗျ။ လူများများ စစ်လိုက်လို့ များများ ပိုးတွေ့လာလိမ့်မယ်လို့ ကျနော်တို့ အဲဒီလိုမျိုး မယူဆပါဘူး။

ကျနော်တို့ရဲ့ လူထုတွေထဲမှာ ပိုးတွေ့တဲ့ လူနာတွေ မြန်မြန်ဆန်ဆန် detect (ရှာဖွေ) လုပ်နိုင်ဖို့ အတွက် ကျနော်တို့ ရည်ရွယ်ပြီးတော့ မန္တလေးမှာ ဖွင့်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အထက်မြန်မာပြည်က ဓါတ်ခွဲနမူနာတွေက ရန်ကုန်ထိအောင် ပို့ရပါတယ်။ ပို့ပြီးတော့ ရန်ကုန်မှာ ဓါတ်ခွဲ စစ်ဆေးပြီး အဖြေကို ကျနော်တို့ ထုတ်ယူတာဖြစ်ပါတယ်။ အကယ်၍ မန္တလေးမှာ ဖွင့်ဖြစ်ခဲ့လို့ရှိရင် အထက်မြန်မာပြည်က ဓါတ်ခွဲနမူနာတွေက ရန်ကုန်ပို့စရာ မလိုတော့ပါဘူး။ မန္တလေးကိုပဲ ပို့ပြီးတော့ မြန်မြန်ဆန်ဆန် ကျနော်တို့ အဖြေ ထုတ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

မေး။ တီးတိန်က နံပါတ် ၁ လူနာ တွေ့ပီးနောက်ပိုင်း ကပ်တဲလ်ရွာကို ပိတ်ထားတာ ပိတ်ထားတုန်းပဲလား။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နံပါတ် ၁ လူနာနဲ့ ထိတွေ့ခဲ့တဲ့ ဆရာဝန်ကို ဆေးစစ်ပေးတာတွေရော ဘယ်အခြေအနေရှိပါလဲ။

ဖြေ။ မနေ့ကတည်းက အဲဒီ ဆရာဝန်ရဲ့ ဓါတ်ခွဲနမူနာကို ရန်ကုန်ကို ပို့လိုက်ပြီး ဖြစ်ပါတယ်။ ကပ်တဲလ် ရွာကတော့ ကျနော်တို့က အခု လက်ရှိအနေအထားမှာ ကျနော်တို့ တိုင်ပင် ညှိနှိုင်းနေတာတွေ ရှိပါတယ်။ ကပ်တဲလ်ရွာထဲမှာ ဒီလူနာနဲ့ close contact လို့ခေါ်တဲ့ – လူတိုင်းမဟုတ်ဘူးပေါ့နော်။ တရွာလုံးကို ကျနော်တို့ စစ်ဖို့မဟုတ်ပါဘူး။ –– လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့လူတွေကို ရွေးထုတ်ပြီးတော့ ကျနော်တို့ ဓါတ်ခွဲနမူနာယူပြီး စစ်ဆေးဖို့အတွက် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကျနော်တို့ စီစဉ်နေပါတယ်။

အဲဒီတော့ သူတို့က ၁၄ ရက်ပြည့်ဖို့ နီးနေပြီ။ အဲဒါဆို ကျနော်တို့က ဒီဓါတ်ခွဲနမူနာရဲ့ အဖြေကို စောင့်ပြီးတော့မှ ဒီ ကပ်တဲလ်ရွာနဲ့ပတ်သက်ပြီး ပိတ်ဆို့ထားတဲ့ အနေအထားလေးတွေကို ပြန်ဖွင့်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ခင်ဗျ။ လောလောဆယ်တော့ ဒီဓါတ်ခွဲနမူနာတွေရဲ့ အဖြေကို ကျနော်တို့ စောင့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခု ရှိပါတယ်။

မေး။ မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်ပိုးတွေ့လူနာများလာရင် ကုသမှုပေးနိုင်ဖို့ နိုင်ငံ့အနှံ့ ဆေးရုံတွေမှာ ပြင်ဆင်ထားတယ်လို့ ဆရာပြောထားတာလည်း ရှိပါတယ်။ လုံလောက်မှု ရှိမယ် ထင်ပါသလား။

ဖြေ။ ဝန်ကြီးဌာနအနေနဲ့ကတော့ ပြင်ဆင်လို့ရတဲ့ကိစ္စအ၀၀ ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ဒီရောဂါရဲ့ အနေအထားက တခြားနိုင်ငံတွေမှာ အားလုံးသိကြတဲ့အတိုင်းပေါ့။ ရောဂါက အများကြီး ဖြစ်လာတယ်။ ပြင်းထန်တဲ့လူနာတွေလည်း အများကြီးတွေ့ရတယ်။ တကယ့်ကို ဆေးရုံတွေမှာ မနိုင်မနင်း ကုသနေရတဲ့အနေအထားလေးတွေကို ကျနော်တို့က တခြားနိုင်ငံရဲ့ သင်ခန်းစာတွေကို ယူပြီးတော့ ကျနော်တို့ဘက်က ဝန်ကြီးဌာနရဲ့ အင်နဲ့အားနဲ့ ကျနော်တို့ ပြင်ဆင်ထားတာ ရှိပါတယ်။

သို့သော်လည်း လုံလောက်မှုအနေအထားကတော့ လူနာအရေအတွက် ဘယ်လောက်များမလဲ ဆိုတဲ့ အပေါ်မှာပဲ မှီနေတယ်လို့ ကျနော် ပြောပါရစေ။ ကျနော်တို့ဆီမှာ ပိုးတွေ့တဲ့လူနာ နောက်ထပ် တလလောက်ကြာတဲ့အခါမှာတော့ ဘယ်လောက်လောက် ဖြစ်လာဦးမလဲဆိုတဲ့ ကိစ္စကို ကျနော်တို့ မှန်းဆလို့ မရပါဘူး။

ဒါကြောင့်မို့ ကျနော်တို့ ဝန်ကြီးဌာန အနေနဲ့တော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ အင်နဲ့အားနဲ့ ကျနော်တို့ဘက်က ပြင်ဆင်ရမယ့် ကိစ္စ အ၀၀ ကို ကျနော်တို့အနေနဲ့ ပြင်ဆင်ထားပါတယ်။

သို့သော်လည်း လူနာ အရေအတွက်အပေါ်မှာ မှီတည်ပြီးတော့ ကျနော်တို့ရဲ့ ပြင်ဆင်ထားတဲ့ အတိုင်းအတာဟာ လုံလောက်မှု ရှိမလား မရှိဘူးလားဆိုတဲ့ အဖြေကို ပြောနိုင်မှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကျနော်တို့ ပြောဖို့အတွက် တော်တော်လေး စောပါတယ်ခင်ဗျ။

မေး။ ကိုဗစ်၁၉ ပိုးတွေ့လူနာတွေသာ အစုလိုက်အပြုံလိုက် ဖြစ်လာမယ်ဆိုရင် ဝန်ကြီးဌာနဘက်က ဘယ်လို ပြင်ဆင်ထားတယ်ပြောပြော တချို့ မေးခွန်းထုတ်နေတာတွေ ရှိတယ်။ တကယ်လို့သာ အမေရိကန်မှာလိုသာ ဖြစ်လာရင် မြန်မာပြည်ကရော ထိန်းနိုင်မှာလား။

ဖြေ။ ဒါကြောင့်မို့ သမီးကို ဆရာက ပြောတာလေ။ ရောဂါက ဘယ်လောက်အရေအတွက်အထိ များလာမလဲ ဆိုတာ သမီးလည်းမသိဘူး။ ဆရာလည်း မသိပါဘူး။ အဲဒါကြောင့်မို့ ဆရာတို့ ဘက်ကတော့ အင်နဲ့အားနဲ့ ပြင်ဆင်ထားတယ်။ သို့သော် လူနာ အရေအတွက် ပေါ်မှာ ကြည့်ပြီးတော့မှ ဆရာတို့ ပြင်ဆင်ထားတာဟာ လုံလောက်မှု ရှိမရှိဆိုတဲ့အဖြေကို ပြောနိုင်မှာ ဖြစ်လို့ အခုချိန်မှာ ပြောဖို့ တော်တော်လေး စောတယ်လို့ ဖြေခြင်းဖြစ်ပါတယ်။

မေး။ ကွာရင်တင်းစင်တာတွေမှာ community quarantine မှာ ကုတင်လေးတွေကို ၃ ပေ ၆ ပေ လောက်ထားပြီး ဟာလာဟင်းလင်းထားတာ၊ ကုတင်တခုနဲ့တခု အခန်းလို မှန်တွေ ကန့်ထားမပေးတာတွေကြောင့် ကွာရင်တင်းစင်တာမှာ နေရချိန် ပိုးရှိသူတယောက်ယောက်ပဲ ရှိခဲ့ရင် ရောဂါပိုးကူးစက်နိုင်ခြေ ပိုများမလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဖြေ။ မှန်ပါတယ်။ ဒါကတော့ တကယ့် ideal ကွာရင်တင်း စင်တာလိုမျိုး ဖြစ်သင့်တာပေါ့။ ဒါပေမယ့် ကျနော်တို့ရဲ့ နိုင်ငံရဲ့ အတိုင်းအတာအရ ရှိတဲ့ facility ကို ရှိသလို အဆင်ပြေသလို ကျနော်တို့ သုံးရတဲ့အနေအထားမျိုးလေး ဖြစ်ပါတယ်။ စာသင်ကျောင်းမှာသွားပြီးတော့ အခန်းကန့်လို့လည်း ဘယ်လိုမှ အဆင်မပြေပါဘူး။ ကျနော်တို့တွေရဲ့ နယ်တွေ မြို့နယ်တွေရဲ့ အတိုင်းအတာအရ စာသင်ကျောင်းတွေကိုပဲ facility ကွာရင်တင်း အနေနဲ့ သုံးရတာတွေ အများကြီး ရှိပါတယ်။ တချို့ဆို ဘုန်းကြီးကျောင်းတွေမှာလည်း လုပ်ကြရတယ်။ နေရာ ဒေသ အခြေအနေအပေါ် မူတည်ပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။

သို့သော်လည်း ကျနော်တို့ရဲ့ ရည်ရွယ်ချက်ပေါ့နော်။ ဒါ facility quarantine အနေနဲ့ ideal မဖြစ်ဘူးဆိုတာ သိပါတယ်။ သို့သော်လည်း လတ်တလော ဘယ်လိုမှ ပြင်ဆင်လို့ မရနိုင်တဲ့အနေအထားမှာ ကျနော်တို့ ပြင်ပမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ ဒေသခံလူထုနဲ့ သူတို့နဲ့ မထိတွေ့ဖို့အတွက် ကျနော်တို့ ဦးစားပေးပြီး ဆောင်ရွက်ရတဲ့ ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ဒီ facility quarantine သည် ideal မဟုတ်မှန်း ကျနော်တို့လည်း သိပါတယ်။ သို့သော်လည်း အခြေအနေအရ ကျနော်တို့ လိုချင်တဲ့ ဒီ နိုင်ငံရပ်ခြားက ပြန်လာတဲ့သူတွေလည်း ဒေသခံတွေနဲ့ ၁၄ ရက် မထိတွေ့ရအောင် ခွဲခြားပြီးတော့ ထားထားတဲ့အနေအထား ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

မေး။ ၁၄ ရက် ကွာရင်တင်းနေရမယ့်သူက ကိုယ်စဝင်တုန်းကတော့ လူကောင်း၊ ရက်ပြည့်လို့ ပြန်သွားမှ ပိုးကူးလာဖို့ အလားအလာ များတယ်ဆိုပြီး ယူဆချက်တွေလည်း ရှိတော့ ဝန်ကြီးဌာနက safety ကို စိတ်ပူလား။ ဘယ်လောက်အထိ စိတ်ပူလဲ။ ဘယ်လို ဆက်လုပ်သွားမလဲ။

ဖြေ။ ကျနော်တို့ကတော့ ကွာရင်တင်း ၁၄ ရက်ပြည့်လို့ ထွက်လာတဲ့ လက္ခဏာ မပြတဲ့လူတွေကို ကျနော်တို့ ကျန်းမာရေးဌာနက ပြန်သွားတဲ့အခါ မှာကြားထားတာတွေ ရှိပါတယ်။ အဲဒါလည်း home quarantine အနေနဲ့ ၁၄ ရက် ဆက်လက်ပြီးနေထိုင်ကြပါလို့ တိုက်တွန်းပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။

မေး။ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ quarantine လုပ်ထားတာ ၇၀ ရှိတယ်ဆိုတဲ့အရေအတွက် အပြောင်းအလဲ ရှိပါလား။ တိုးလာတာ၊ လျော့သွားတာ ရှိပါလားရှင့်။

ဖြေ။ တိုးမလာပါဘူး ခင်ဗျ။ ကျန်းမာရေးဝန်ထမ်းတွေ အရင်အတိုင်းပါပဲ။ ၁၄ ရက်ပြည့်ဖို့ အတွက်တော့ ဆက်ပြီးတော့ ရက်ပိုင်းလေး နေကြရမယ့်သူတွေတော့ ကျနော်တို့ဆီမှာ ရှိပါတယ်။ အရေအတွက်က ထပ်ပြီးတော့ တိုးလာတာ မရှိပါဘူး။

You may also like these stories:

COVID-19 ပိုးတွေ့လူနာ ပေါက်ခေါင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူး သေဆုံး

ပုံမှန် ဝင်ငွေမရှိသူများစာရင်း ကောက်ရာတွင် အဂတိ ကင်းရှင်းရန် တိုက်တွန်း

COVID-19 စိုးရိမ်မှုကြောင့် သွေးလှူရှင် လျော့ကျ

Did you find apk for android? You can find new Free Android Games and apps.
Loading