မန္တလေးအခြေစိုက် ဆယ်စုနှစ်၂ စုမက ကြာမြင့်ပြီ ဖြစ်သော စက်မှုဇုန်ကားများ အပါအဝင် မော်တော်ယာဉ်နှင့် မီးစက် ထုတ်လုပ်သော UD Group ကုမ္ပဏီသည် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ရောဂါဝေဒနာရှင်များအတွက် လိုအပ်သော အသက်ရှူကူစက် (Ventilator) ကို တီထွင် ဖန်တီးလျက် ရှိသည်။
လူ့ခန္ဓာကိုယ်ရှိ အဆုတ်ကို အဓိက တိုက်ခိုက်သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုဗစ်ပြင်းထန် လူနာများသည် အသက် မရှူနိုင်တော့ဘဲ အသက်ရှုစက် Ventilator အကူအညီနှင့် ဆေးရုံပေါ်မှာ အရေးပေါ် အသက်ဆက်ရကြသည်။
ကိုဗစ် အရေးပေါ် လူနာများအတွက် လိုအပ်သည့် Ventilator ခေါ် အသက်ရှူကူစက်ကို မြန်မာနိုင်ငံတွင် ပထဆုံးအနေဖြင့် တီထွင် စမ်းသပ်ပြီး ထုတ်လုပ်ရန် ကြိုးပမ်းနေသည့် UD Group ကုမ္ပဏီ ပဲ့ကိုင်ရှင် ဦးခင်မောင်ဝင်းကို ဧရာဝတီ သတင်း ဌာန သတင်းထောက် မြတ်ပြည့်ဖြိုးက အခုလို တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ အသက်ရှူကူစက် (Ventilator) ဘယ်လို စိတ်ကူးနဲ့ စထုတ်ဖြစ်တာပါလဲ။
ဖြေ။ ။ တရုတ်ပြည်မှာ ဒီရောဂါ စဖြစ်ပြီဆိုကတည်းက ဒီရောဂါနဲ့ ပတ်သက်ပြီး စလေ့လာဖြစ်တယ်။ ဒီရောဂါနဲ့ ပတ်သက် တဲ့ ကုသနေတဲ့ ဆေးတွေ ဘာတွေလဲ လေ့လာတယ်။ နောက်ကျတော့ ဒီစက်ကိုလည်း လေ့လာမိရင်း ဒါက အဓိကကျ တယ်ဆိုတာ သွားတွေ့ရတယ်။ ပြီးတော့ သတင်းတွေထဲမှာ အမေရိကန်က ကားထုတ်တဲ့ ကုမ္ပဏီတွေ တချို့လည်း အသက်ရှူစက်တွေ ထုတ်ဖို့ စီစဉ်နေကြတယ် ဆိုတာမျိုး ဖတ်ရတယ်။ အင်တာနက် အကြိမ်ပေါင်းများစွာ လေ့လာပြီး အကောင်အထည်ဖော် ဖြစ်သွားတယ်။
ဒါ့ပြင် တကမ္ဘာလုံး ဒီရောဂါဖြစ်လာပြီ ဆိုတော့ ရောဂါအခြေခံကို ကြည့်လိုက်တော့ အသက်ရှူကူတဲ့စက် လိုအပ်တယ်ဆို တာ သွားတွေ့တယ်။ ကိုယ့်တိုင်းပြည်မှာလည်း လိုမယ်ဆိုပြီး မန္တလေးမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နေရာတွေကိုလှူဖို့ ပထမ စိတ်ကူးတယ်။ စက်တွေ ရောင်းတဲ့ ကုမ္ပဏီတွေကို လှမ်းချိတ်တယ်။ ဒီစက်တွေ အများဆုံး ထုတ်တာကလဲ တရုတ် ပြည်က ဆိုတော့ တရုတ်ပြည်ကို စက်တွေနဲ့ ပတ်သက်ပြီး လှမ်းချိတ်မေးတယ်။ အဲဒါ ဒီနေ့ မေးတော့ ရှိသေးတယ်။ ခဏ နေ မေးလိုက်ရင် မရှိတော့ဘူး။ ဘယ်နိုင်ငံအလုံး ဘယ်လောက် ယူသွားတယ်။ ရောင်းလိုက်ရတယ် ဆိုတာမျိုး ဖြစ်တယ်။
ဒါဆိုရင် ဝယ်လှူဖို့ အခက်အခဲ ရှိပြီ။ ပြည်တွင်းကပဲ ဝယ်လှူမယ် ဆိုတော့လဲ ဈေးက တလုံး ကျပ်သိန်း ၁၄၀၊ ၁၅၀ လောက် ရှိတယ်။ ပြည်တွင်းက ရောင်းတဲ့ဆီကပဲ ဝယ်လှူဖို့ စုံစမ်းတော့လဲ ဒီနေ့ ရှိတယ်။ မနက်ဖြန်မေးတော့ မရှိတော့ဘူး ဖြစ်ပြန်ရော။ ဒါဆိုရင် ဒီပစ္စည်းဘယ်မှာ ဝယ်လှူလို့ ရနိုင်မလဲပေါ့။ မရရင်၊ ရှားရှားပါးပါးတွေ ဖြစ်လာရင် အခက်အခဲဖြစ်မယ် ဆိုတာ တွေးမိရင်း တိုင်းပြည်အတွက် လိုအပ်မယ်ထင်လို့ ကျနော့်ရဲ့မိတ်ဆွေ ဆရာဝန်နဲ့ တိုင်ပင်ပြီး စထုတ်ဖို့ ပြင်ဆင် ဖြစ်ခဲ့ကြတာပါ။
မေး။ ။ အခု စက် တီထွင်နေတာက လက်ရှိ ဘယ်အဆင့်အထိ ရောက်သွားပြီလဲ။
ဖြေ။ ။ အခု ဒီပုံစံကတော့ စိတ်ကူးထဲကအတိုင်း လုပ်နေတဲ့ ရှေ့ပြေး နမူနာ ပုံစံပေါ့။ အခု ရှေ့ပြေးအဆင့်အနေနဲ့ ရနိုင် မယ့်ဟာက ၉၅ ရာနှုန်းလောက် ပြီးပြီလို့ ပြောလို့ရတာပေါ့။ ဒါကို လုပ်တဲ့အခါမှာ အပိုင်း သုံးပိုင်း ခွဲပြီး ကျနော်ကတော့ ဒီစက်နဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ အချက်အလက်တွေ လေ့လာတာတွေ ဘာတွေ လုပ်တယ်။ ကျန်တဲ့၂ ပိုင်းကတော့ ဒီဇိုင်းဆွဲတာ၊ လိုအပ်တဲ့ ကုန်ကြမ်းဖြစ်တဲ့ စက်ကိရိယာပစ္စည်းတွေ ရှာတာမျိုးတွေကို ကုမ္ပဏီက ကလေးတွေ လုပ်တယ်။
လက်တွေ့ လုပ်ကြည့်တဲ့အခါကျတော့ ဒီပုံစံမျိုးဆိုရင် ကုန်ကျစရိတ် သက်သာမယ်။ ကုန်ကြမ်းလည်း များများစားစား ရနိုင် မယ်။ အများကြီးလည်း ထုတ်လို့ ရနိုင်မယ်။ သိန်းတရာ့ငါးဆယ်လောက် ကုန်မယ့်ဟာမျိုးနဲ့ စာရင်တော့ အဲဒီလို အရည် အသွေးမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ခုလို ယာယီ သုံးလို့ရမယ့် အနေအထားမျိုးဆိုရင် ဆယ်သိန်း၊ ဆယ်ငါးသိန်းပတ် ဝန်းကျင်လောက်နဲ့ ထုတ်လို့ ရနိုင်မယ်။ ဒီထဲမှာ ထည့်တဲ့ ပစ္စည်းအမျိုးအစားနဲ့ အရည်အသွေးပေါ်မူတည်ပြီးတော့ပေါ့။
မေး။ ။ ဦးပြောသလိုဆို စက်ကို ဖန်တီးနေတာ ရာနှုန်းပြည့်နီးပါး ပြီးပြီ ဆိုတော့ တကယ် သုံးလို့ရတဲ့ အခြေအနေကို ရောက်ပြီလား။
ဖြေ။ ။ အရေးပေါ် ယာယီအနေနဲ့ အကြမ်း ပံ့ပိုးပေးလို့ ရနိုင်တဲ့ အနေအထား ဖြစ်သွားပြီပေါ့။ စောစောကလည်း လုပ်ငန်း တွေကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ လာကြည့်တာကတော့ မဆိုးဘူး။ တော်တော်တော့ သုံးလို့ ရနိုင်ခြေရှိတဲ့ အနေ အထား တခုတော့ ရှိနေတယ်လို့ မှတ်ချက် ပေးသွားတယ်။ ဒီနေ့တော့ စက်နဲ့ ဒီပုံစံအတိုင်းကို နာရီပေါင်း ၈၀-၁၀၀ လောက် ဆက်တိုက်စမ်းပြီး မောင်းထားကြည့်မယ်။ အဲဒီလောက် ကြာကြာသုံးမယ်ဆိုရင် ဘာဆက်ဖြစ်နိုင်မလဲဆိုတဲ့ အဖြေကို စောင့်ကြည့်ဖို့ပါ။
မေး။ ။ Power Supply ကျ ဘယ်လို ပုံစံမျိုး လုပ်ထားပါသလဲ။
ဖြေ။ ။ ဒီထဲမှာကျ 220 AC ကော DC ကော သုံးထားတယ်။ လျှပ်စစ်မီးပျက်ရင်လည်း သူ့မှာပါတဲ့ ဘတ္ထရီနဲ့ ၅ နာရီ လောက် ဆက်တိုက်သုံးလို့ ရမယ်။
မေး။ ။ ဒီစက်တလုံးရဲ့ကုန်ကျစရိတ် ခန့်မှန်းခြေ ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ ခန့်မှန်းခြေ ၁၅ သိန်းပတ်ဝန်းကျင်မှာ ရှိပါတယ်။
မေး။ ။ ဒီစက်တလုံးကို ဖန်တီးဖို့ကျ အချိန် ဘယ်လောက်ကြာခဲ့ပါသလဲ။
ဖြေ။ ။ ၃-၄ ရက်ပေါ့။ ကျနော်တို့လည်း ဒီရက်ပိုင်းမှ စပြီး ပြင်တာဆင်တာတွေနဲ့ လုပ်လိုက်ကြတာပါပဲ။
မေး။ ။ လက်တွေ့ ထုတ်တာကျတော့ကော ဘယ်တော့လောက် ဖြစ်နိုင်မလဲ။
ဖြေ။ ။ လက်တွေ့ထုတ်ဖို့ကတော့ တကယ်ကျွမ်းကျင်တဲ့ သက်ဆိုင်ရာဌာနတွေကို ပို့ပြီး အရည်အသွေး စစ်ဆေးမှုတွေ ဘာ တွေ ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုးတွေ ရဖို့ လိုသေးတာပေါ့လေ။ အခုကလဲ ဒါကို အကောင်အထည် စဖော်နေတာ ၃-၄ ရက်ပဲ ရှိသေးတာ ဆိုတော့ အရည်အသွေးပိုင်း စစ်ဆေး၊ အသိအမှတ်အပြုခံတာက ဘယ်လိုဆက်လုပ်ရမယ်ဆိုတာတော့ အသေးစိတ် မလေ့လာရသေးဘူးပေါ့နော်။
မေး။ ။ ဒီစက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာရော ဘာတွေ အခက်အခဲ ရှိပါသလဲ။
ဖြေ။ ။ အခုထိတော့ အခက်အခဲ ကြီးကြီးမားမား မရှိသေးပါဘူး။ လက်တွေ့ ထုတ်ဖြစ်ရင်တော့ ကျွမ်းကျင် ပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ ဘာတွေ ထပ်ဖြည့်ရမယ်၊ လုပ်ရမယ် ဆိုတာမျိုးတွေ ရနိုင်သလို အခက်အခဲဖြစ်မလား၊ မဖြစ်မလား တော့ အဲဒီအခါကျမှ သိမှာပေါ့။
မေး။ ။ Mass Production အပိုင်းကော လုပ်ဖို့ အစီအစဉ် ရှိပါသလား။
ဖြေ။ ။ ဒါကို စီးပွားဖြစ်အနေနဲ့ အင်တိုက်အားတိုက် သွားဖို့ လောလောဆယ်တော့ ရည်ရွယ်ချက် မရှိသေးဘူး။ ဒီစက်ကို စတင်တီထွင်ရခြင်းရဲ့ ပထမ ရည်ရွယ်ချက်က တတိုင်းပြည်လုံးကို ချပြတဲ့ ပုံစံပါပဲ။ ဒုတိယကတော့ လူငယ်တွေ၊ ပညာရှင် တွေ စုပေါင်းပြီး ဒါမျိုး လုပ်လို့ရနိုင်မယ်ဆိုတာကို အားပေးတဲ့ သဘောမျိုးပါ။ ဒါပေမယ့် ကိုယ့်နိုင်ငံထဲမှာ တကယ် လုပ်မယ့် သူ မရှိရင်တော့ စီးပွားရေးအတွက် မဟုတ်တောင် အများအကျိုးအတွက်တော့ လုပ်ရမှာပေါ့။
မေး။ ။ စက်မှာ ပါဝင်တဲ့ ပစ္စည်းကိရိယာတွေကရော လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ အနေအထားမှာ ရှိပါသလား။
ဖြေ။ ။ အခုလောလောဆယ် သုံးထားတဲ့ ကုန်ကြမ်းတွေက ရှားရှားပါးပါးတော့ မပါသေးပါဘူး။ ပြည်တွင်းမှာ ရှိတဲ့ဟာတွေနဲ့ အရင် လုပ်ထားတယ်။ ကျနော်တို့ စက်ရုံထဲက ပစ္စည်းတချို့လည်း ပါတယ်။ ဆေးပစ္စည်းရောင်းတဲ့ ဆိုင်ကပစ္စည်းတချို့၊ လျှပ်စစ်ဆိုင်က ပစ္စည်းတွေနဲ့ ပေါင်းပြီး လုပ်ထားတာပါ။ အဓိက ကလည်း လွယ်လွယ်ကူကူ လုပ်လို့ ရတဲ့ နည်းစနစ်တွေ ကို သုံးနိုင်အောင် သုံးထားတာပါ။ ဒါမှ လူတိုင်း လိုက်လုပ်လို့ ရအောင်ပါ။
မေး။ ။ အဲဒါဆို ဒီစက်လည်ပတ်ပုံ၊ တည်ဆောက်ပုံ အားလုံးက အင်တာနက်ကနေပဲ မှီငြမ်း ရယူထားတာလို့ ပြောလို့ ရမလား။
ဖြေ။ ။ ဟုတ်ပါတယ်။ အင်တာနက်ပေါ်ကနေ ဒီစက်နဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေကို အကြိမ်ပေါင်းများစွာ ကြည့်ပြီး မှီငြမ်းပြု လုပ်ထားတာပါ။
မေး။ ။ ဦးရဲ့ပင်မစီးပွားရေးက ကားထုတ်လုပ်ရေး ဖြစ်တယ်။ အခု တီထွင်နေတဲ့ အရာကကျ ကျန်းမာရေးဆိုင်ရာ စက် ပစ္စည်းတခု ဖြစ်သလို တနိုင်ငံလုံး အနေအထားအရ ကိုယ်က ပထမဆုံး စတင် စမ်းသပ် ထုတ်လုပ်တာဖြစ်တော့ ဒီအပေါ် မှာရော ဘယ်လို စိန်ခေါ်မှုမျိုး ရှိပါသလဲ။
ဖြေ။ ။ ဒီစက်နဲ့ ပတ်သက်ပြီး အကြီးအကျယ်တော့ အန္တရာယ်မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ အလွန့် အလွန် အသက်ငင်နေတဲ့ လူတယောက် အသက်မရှူနိုင်တော့ဘူးဆိုရင် ဒီလိုစက်တွေ သုံးဖို့လိုလာပြီ။ ကျနော်တို့ သွားရင်းလာရင်းနဲ့လဲ အဲဒီလို လူမျိုးတွေကို ခဏခဏ ကြုံခဲ့ဖူးတယ်။ ဒါမျိုးတွေကို ရှေးဦးပြုစုနည်းသုံးပြီး ပါးစပ်ချင်းတောင် ကုန်းမှုတ်တာတောင် လုပ်ပေးခဲ့ရတာပဲလေ။ အခုက ပါးစပ်နဲ့ စာရင် ဒီစက်နဲ့ ကုန်းမှုတ်ပေးတာက အန္တရာယ် အများကြီး မရှိနိုင် ဘူးလို့ မြင်ပါတယ်။
မေး။ ။ ရှေ့ပြေးနမူနာ စက် စမ်းသပ်တာ အောင်မြင်ပြီးသွားရင်ကော သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ တင်ပြဖို့၊ အရည် အသွေး စစ်ဆေးမှု ခံယူဖို့ ရှိပါသလား။
ဖြေ။ ။ လက်ရှိ အနေအထားအရ ဘယ်ကိုလိုက်ပြီး ဘယ်တင်ပြရမယ်ဆိုတာ အသေးစိတ် မသိသေးဘူးပေါ့။ ပြီးတော့ အခု အခြေအနေအရလည်း ဘယ်မှ မသွားရဲဘူးရယ် ဒီရောဂါကြောင့်။ ဒါပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနက ဒီအပေါ်မှာ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အနာဂတ်က ဘယ်လိုဖြစ်မယ်ဆိုတာ ပြောရခက်တဲ့ အခြေ အနေဖြစ်တော့ ကိုယ့်တိုင်းပြည်အတွက် အရန်သင့်တော့ ပြင်ထားတာပေါ့။
မေး။ ။ ဟုတ်ကဲ့ အဲဒါဆိုရင် တခြားဖြည့်စွက် ပြောချင်တာရှိရင်လဲ ပြောပေးပါဦး။
ဖြေ။ ။ ဒီစက်ကို လုပ်ရတာ အလွန်ပဲလွယ်ကူပါတယ်။ တစိတ်တပိုင်းချင်း ဆီကို တနိုင်လုပ်နိုင်သလို Home Made ပုံစံ ထက်သာတဲ့ အသက်ရှူစက် ဖြစ်တဲ့အတွက် အရေးအကြောင်း ဖြစ်လာရင် တနိုင်ငံလုံးက ထုတ်နိုင်ဖို့အတွက် တိုက်တွန်း ချင်ပါတယ်။
ကျနော်တို့လည်း ကျွမ်းကျင်ပညာရှင် မဟုတ်ပေမယ့် လုပ်ငန်း အတွေ့အကြုံလောက်နဲ့ မီးစက်တွေ အလုံးပေါင်း ၈၀၀၀ ကျော်လောက် ထုတ်လာခဲ့တယ်။ အဲဒီအခြေခံနဲ့ သဘောတရားတော့ တူတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံ အရေးကြုံလာရင် အကျိုးစီးပွားအတွက် မဟုတ်ဘဲ ဝိုင်းကူဖို့ လိုပါတယ်လို့ အကြံပြုချင်တာပေါ့။
ဆက်စပ်ဖတ်ရှုရန်-
COVID-19 ပိုးတွေ့လူနာ ပေါက်ခေါင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူး သေဆုံး
COVID-19 စိုးရိမ်မှုကြောင့် သွေးလှူရှင် လျော့ကျ
COVID-19 အတွက် တပ်ချုပ် အပါအဝင် တပ်မတော်သားများက ကျပ်၂ ဘီလီယံကျော်လှူဒါန်း