လက္ခဏာမပြတဲ့ ပိုးသယ်ဆောင်သူကတော့ ရှိနိုင်တယ်

လဲ့လဲ့
တီးတိန်မြို့နယ်၊ ကပ်တဲလ်ရွာတွင် ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာ ဖြိုးကျော် / Phyokyaw / FB
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့သူ ၃၈ ဦး ရှိသည့်အနက် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ လူနာ ၃ ဦး ပါဝင်သည်။  အဆိုပါ လူနာ ၃ ဦး အနက် ၂ ဦးသည် ရောဂါလက္ခဏာပြခြင်း မရှိသလို Quarantine ၁၄ ရက်ပြည့် နေထိုင်သူများ ဖြစ်သော်လည်း ဆေးစစ်ကြည့်မှ ပိုးရှိကြောင်း တွေ့ရှိခဲ့ရသည်။

တီးတိန်မြို့နယ်တွင် နံပါတ် ၁ လူနာနှင့် ဆက်စပ်သူများမှ ရောဂါလက္ခဏာရှိသူ ၂ ဦး ထပ်မံပေါက်လာခဲ့သဖြင့် ထို လူနာ ၃ ဦး၏ ဆေးကုသမှု အခြေအနေနှင့် လိုအပ်ချက်များကို တီးတိန်မြို့နယ်၊ ကပ်တဲလ်ရွာတွင် ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၁ နှစ်ခွဲကျော်ရှိပြီဖြစ်သည့် (UHC provider) ဆရာဝန် ဒေါက်တာ ဖြိုးကျော်ကို ဧရာဝတီ သတင်းထောက် လဲ့လဲ့ က ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ တီးတိန်က နောက်ထပ် ၁၃ ယောက်စစ်တယ်လု့ိ ကြားတယ်။ အဲဒီလူတွေထဲမှာမှ သူ့မိခင်တဦးပဲ တွေ့တာလား။ ကျန်တဲ့သူတွေက မစစ်ရသေးတာလား။ ပိုးမတွေ့တာလား ဆရာ။ အဲဒါလေး ရှင်းပြပေးပါဦး။

ဖြေ ။ ။ မနေ့က တွေ့တဲ့ ၃၁ ဦးကိုလည်း သူနဲ့ ဆက်စပ်တွေကို ဆက်လိုက်ရဦးမယ်။ အဲဒါလည်း များလာဦးမယ် ထင်တယ်။ အဲဒါတွေက မစစ်ရသေးဘူး ထင်တယ်။ အဲဒါတွေကို စစ်ဖို့ အစီအစဉ်တော့ရှိတယ်။ ၁၃ ယောက်က တော့ ကပ်တဲလ်ရွာက လူတွေ။ အခုတွေ့တဲ့ ၃၁ ဦးက တီးတိန်မြို့ပေါ်ကလူပါ။

ပထမ ကျနော်စာရေးတင်လိုက်တဲ့ ၃၆ ယောက်မှာ ၁၃ ယောက်စစ်တယ်။ အဲဒါက ကပ်တဲလ်ရွာက လူတွေ ချည်းပဲ။ အခုတီးတိန်မှာ အသွားအလာ ကန့်သတ်ထားတဲ့ သူတွေလည်း ရှိတယ်ဆိုတော့ ဘယ်နှယောက် စစ်လဲဆိုတာ ကျနော်အတိအကျ မသိဘူး။ ဒါပေမယ့် ၁ ယောက်တော့ ထွက်လာတယ်ပေါ့။

မေး ။ ။ နောက်စစ်ဖို့ စောင့်နေတဲ့သူတွေ၊ ကိုဗစ်လက္ခဏာ ပြနေတဲ့သူတွေရော ရှိသေးလား။

ဖြေ ။ ။ ကျနော်တို့ စောင့်ကြည့်တဲ့သူတွေ ထဲမှာတော့ လက္ခဏာပြတာ မရှိဘူး။ ဒါပေမယ့် နောက်ပိုင်း စောင့်ကြည့်မှု ပြီးသွားသူတွေကတော့ လက္ခဏာပြလား မပြလား မသိဘူး။ အခု (Quarantine)တွေ ထပ်လိုက်တာကလည်း ရှိဦးမယ်ဆိုတော့ အဲဒါတွေကလည်း ထပ်စစ်စရာရှိသေးတယ်။

နံပါတ် ၁ လူနာ တောက်လျှောက် သွားခဲ့တာ။ ကလေး၊ တီးတိန်ဖြတ်သွားတာဆိုတော့ မနေ့က သူဖြတ်သွားခဲ့တဲ့ တီးတိန်က လူတွေကို စစ်တာဖြစ်တယ်။ ကလေးကိုလည်း ဒီနေ့စစ်မယ်။ ကလေးမှာက ဟိုတနေ့က စာရင်းအရ ၁၃ ယောက်ရှိမယ်။ အဖြေကတော့ မနက်ဖန်လောက်မှ သိရမယ် ထင်တယ်။

မေး ။ ။ အခု တီးတိန်မှာပဲ ပိုးတွေ့လူနာ ၃ ဦး တွေ့တယ်ဆိုတော့ ဆရာဝန်အင်အား လုံလောက်မှုရှိရဲ့လား။

ဖြေ ။ ။ ကျနော့် ဘေးအမြင်ကဆိုရင် ဆရာဝန်အင်အားက လောလောဆယ်အထိကတော့ ရသေးတယ်လို့ ယူဆတယ်။ လောလောဆယ် တီးတိန် ဆေးရုံမှာ ၃ ယောက် ဖြစ်သွားပြီဆိုတော့ သူတို့စောင့်ရှောက်မယ့် ဆရာဝန် နည်းတော့ နည်းသွားပြီ။ ဒါပေမယ့် အခုတော့ စောင့်ရှောက်လို့ရသေးတယ်။

ဒါပေမယ့် နောက်ပိုင်း ဆိုးလာရင်တော့ ဆရာဝန် မလောက်တော့ဘူး။ နောက်ပြီး ဆေးစစ်မယ့် လူနာတွေ များလာရင်တော့ ဆရာဝန်တွေ ထပ်လိုဦးမှာပါ။

မေး ။ ။ ကပ်တဲလ်ရွာမှာက လူနာထပ်တိုးတယ်။ တီးတိန်မှာလည်း လူနာရှိလာပြီဆိုတော့ ဒေသခံတွေ အနေနဲ့က စိုးရိမ်မှုရှိနေလား။

ဖြေ ။ ။ ရွာမှာ စိုးရိမ်တဲ့အုပ်စုရှိသလို မရှိတဲ့သူတွေလည်းရှိတယ်။ အုပ်စု ၂ ခု ကွဲနေတယ်ပေါ့။ စိုးရိမ်တဲ့အဖွဲ့က ဒီသတင်းတွေကို အမြဲစောင့်ကြည့်နေတဲ့သူတွေပေါ့။ ကျနော်က ဒီလူနာတွေ့ကတည်းက ရွာသားတွေကို ခေါ်ပြီး ရှင်းပြတယ်။ ဘာတွေလုပ်သင့်တယ်ဆိုတာပေါ့။ ကျန်းမာရေးပညာပေးလုပ်ခဲ့တယ်။

အဲဒါတွေကို နားထောင်တဲ့သူ ရှိသလို နားမထောင်တဲ့သူတွေလည်းရှိတယ်။ အခုကတော့ လူနာတွေ ထပ်ထွက်လာပြီဆိုတော့ သူတို့ကတော့ အခုတော့ နည်းနည်းကြောက်စိတ်ဝင်လာပါပြီ။ အခုတော့ လက်ခံလာပြီး လိုက်နာတဲ့အထဲ ပါလာပြီ။ စစချင်းတုန်းက သူတို့က မယုံနိုင်ဘူးလေ။

မေး ။ ။ သူတို့မှာ ကြောက်စိတ်တွေရှိလာပြီဆိုတော့ အခုလိုလူနာတိုးလာတဲ့အခါ သူတို့အနေနဲ့ လူနာကို လက်ခံနိုင်ဘူးဆိုတာမျိုးတွေ ကန့်ကွက်တာမျိုးရှိလား။ လက်မခံချင်ဘူး။ မထားချင်ဘူးဆိုတာမျိုး။

ဖြေ ။ ။ တီးတိန်မှာဖြစ်ရင် တီးတိန်မှာ ကုရမယ်။ ရွာမှာဖြစ်ရင်လည်း တီးတိန်မှာပဲ ကုရမယ်။ အဲဒါကတော့ သူတို့်လက်မခံလို့လည်း ရမှ မရတာ။ ဒါက ကမ္ဘာ့ကပ်ရောဂါဆိုတော့ သူတို့လည်း ငြင်းလို့မှ မရတာ။ ငြင်းတာကတော့ ငြင်းလို့ရတယ်။ ဒါပေမယ့် အစိုးရကလည်း အကောင်းဆုံးတော့ လုပ်မှာပဲလေ။

ရွာမှာ ပိုးတွေ့တယ်ဆိုရင်လည်း သွားခေါ်တဲ့ ကားတွေကအစ အကုန်လုံး အကာအကွယ်တွေနဲ့ သွားခေါ်မယ်။ လူနာကိုလည်း အကာအကွယ်တွေ ဝတ်ပေးပြီးတော့ ပြန်ခေါ်လာမယ်။ တီးတိန်ဆေးရုံမှာ တက်ပြီး စောင့်ရှောက်မှ ရမယ်။ ရွာမှာက ကျေးလက်ကျန်းမာရေးဌာနတွေပဲရှိတာ။

မေး ။ ။ နံပတ် ၁ လူနာကို အပြစ်တင်တာမျိုးတွေ ရှိလားဆရာ။

ဖြေ ။ ။ မြန်မာနိုင်ငံထဲကို ဝင်တဲ့သူတွေကို (Quarantine) ချတဲ့ရက်  သူက ၂ ရက်စောသွားတယ်။ ဒါကတော့ ဘယ်သူမှ အပြစ်တင်လို့ မရဘူး။ ဘာလို့လည်းဆိုတော့ ကာယကံရှင် လူနာနံပါတ် ၁ ကို တော်တော်များများ အပြစ်နေတာ ကျနော် တွေ့ရတယ်။

သူလည်း သူ့နယ်ကို ပြန်ချင်မှာပေါ့။ သူပြန်လာတဲ့အချိန်မှာ အမေရိကန်မှာက အဲဒီလောက် ဆိုးဆိုးဝါးဝါး မဖြစ် သေးတော့ ကျနော်တို့နိုင်ငံကလည်း နိုင်ငံခြားပြန်တွေကို (Quarantine) မထားလိုက်ဘူးပေါ့။ အကယ်၍ သူ ၂ ရက်လောက် နောက်ကျမယ်ဆိုရင်တော့ သူရန်ကုန်မှာပဲ (Quarantine) ဝင်ရမှာပေါ့။ အခုတော့ သူက လွတ်သွားတယ်ဆိုတော့ ဒါကဘယ်သူမှ ပေါ့ဆလို့ မဟုတ်ဘူးပေါ့။

လူနာနံပါတ် ၁ လည်း တွေ့တယ်။ အခုဆို ၃ယောက်ရှိပြီဆိုတော့ ရွာဆိုရင်  ပိုဆိုးတယ်။ အပြင်မထွက်နဲ့ ဆိုရင် မထွက်တာ အကောင်းဆုံးပဲ။ အရင်က ဘယ်သူမှ မသိသေးတော့ မလိုက်နာကြဘူး။ အခုသိသွားပြီဆိုတော့ သေချာ လိုက်နာကြပါ။ သေချာလိုက်နာရင်တော့ အဆင်ပြေမယ်ထင်တယ်။

မေး ။ ။ လူနာနံပါတ် ၁ ရဲ့အမေကို စစ်တာက မသကာၤလို့ စစ်ဆေးတာလား။ ဘာကြောင့်လဲ။

ဖြေ ။ ။ အခုမှ စစ်တာပါ။ ကျနော်ပို့စ်တင်ပြီးတော့မှ။ နံပါတ် ၃၁ က တီးတိန်လမ်းမှာ သူ ညအိပ်တည်းခိုခဲ့တဲ့ အိမ်က လူကို စစ်တာပါ။ ကားအတူတူ စီးလာတဲ့သူပါ။

မေး ။ ။ လက္ခဏာမပြဘဲ ပိုးတွေ့လူနာဖြစ်ရတဲ့ အကြောင်းအရင်းကို ရှင်းပြပေးပါ ဆရာ။

ဖြေ ။ ။ အခုက တပြည်လုံး ဘယ်သူ ဘာမှန်းမသိတဲ့ လက္ခဏာမပြတဲ့ ပိုးသယ်ဆောင်သူကတော့ ရှိနိုင်တယ်။ ကျနော်ခြိမ်းခြောက်တာ မဟုတ်ဘူး။ သတိထားမိအောင်လို့ ကျနော်ပြောပြတာပါ။ ပိုးရှိလူနာဆိုတာက အရောင်ပြောင်းသွားတာ မဟုတ်ဘူးဆိုတော့ အဲဒီတော့ နေရာတကာမှာ လက္ခဏာမပြတဲ့ ပိုးသယ်ဆောင်သူ ဆိုတာက လူတွေက ရပ်တည်နေရင် ရပ်တည်နေမယ်။

တချို့က လက္ခဏာပြတယ်။ နှာစေးရင် စေးမယ်။ ချောင်းဆိုးရင် ဆိုးမယ်။ ဝမ်းလျောရင် လျောနေမယ်။ အပြင်မှာ သူလျှောက်သွားနေမယ်။ ပြီးရင် သူ့မှာ ဘာလက္ခဏာ ရှိနေတယ်ဆိုတာကို မဖြေဘူး။ တချို့ကျတော့ သူ စောင့်ကြည့်လူနာ အဖြစ်သွားနေလိုက်ရင် သူအိမ် စားဝတ်နေရေးအတွက် ဘယ်လိုလုပ်မလဲဆိုပြီး  စိုးရိမ်စိတ်တွေရှိတယ်။ တချို့ကျတော့လည်း ဆေးရုံကိုကြောက်တယ်။

ပြောရရင်တော့ သူက ဗဟုသုတ မရှိတာပေါ့။ ကျန်းမာရေးကို သေချာနားမလည်တဲ့သူတွေပါ။ ဆေးသောက် လိုက်ရင် ပျောက်မှာလို့ တွေးတဲ့သူတွေပေါ့။ သူတို့ရောဂါလက္ခဏာကို မပြပဲ ကြိတ်မှိတ်ပြီး နေနေတာ အဲဒါမျိုးတွေလည်း ရှိနိုင်တယ်။

ကျနော်ပြောတာက ရှိလာမယ်လို့ ပြောတာမဟုတ်ဘူး။ ရှိလာနိုင်တယ်လို့ ပြောတာပါ။ လူတိုင်းက ကြောက်နေ တာ မဟုတ်ဘူးလေ။ ရန်ကုန်၊ မန္တလေးကတော့ ကြောက်ကြမှာပေါ့။ နယ်ကလူတွေကတော့ ရောဂါရဲ့ ဆိုးဝါးမှု တွေကို လက်တွေ့မတွေ့ရသေးတော့ မကြောက်ကြသေးတာပါ။

တချို့ဆို ဖျားတယ်ပေါ့။ အဲဒါကို အရက်လေးသောက်လိုက်၊ ဆေးလေး ဝယ်သောက်လိုက်နဲ့ နေနေတာတွေ လည်း ရှိနေသေးတယ်။ သူခံစားနေရတာကို သူက မပြောတာမျိုးတွေလည်း ရှိနေနိုင်သေးတယ်။

မေး ။ ။ အခုလိုစစ်တာတွေက ဘယ်လိုလူတွေကို စစ်တာလဲ။

ဖြေ ။ ။ နံပါတ် ၁ လူနာရဲ့ မိသားစုနဲ့ သူနဲ့မင်္ဂလာဆောင်တဲ့ ကောင်မလေးနဲ့ သူ့အမေကို စစ်တာပါ။ သူက ဘာသာရေးပွဲမှာ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့သူတွေ၊ တွေ့ဆုံခဲ့တဲ့ လူ၊ သူနဲ့အတူတူ ဘုရားဆုတောင်းခဲ့တဲ့သူတို့ အဲဒီလူတွေ မပါလောက်သေးဘူး။

အရင် ၁၃ ယောက်ဆိုတာက သူ့မိသားစုနဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ သူ့မိသားစုဝင်အရင်းတွေရယ် နောက် သူ့သတို့သမီးရယ်ကိုပဲ စစ်သေးတာ။ အဲဒီအထဲမှာက သူ့အမေ ၁ ယောက်ပဲ တွေ့သေးတာ။ နောက်စစ်ဖို့ကတော့ ရှိသေးတယ်လို့ ကြားပါတယ်။

ကျနော်တို့ တီးတိန်ဆေးရုံအနေနဲ့က လူအင်အားမနိုင်ဘူးလို ဖြစ်နေတော့ အဲဒါတွေကို စဖို့က နည်းနည်း စောင့်နေတယ်။

မေး ။ ။  လူအင်အားမနိုင်ဘူးဆိုတာ ဘယ်လိုမျိုးကို ပြောပါသလဲ ဆရာ။

ဖြေ ။ ။ အဲဒီဟာတွေ စစ်တာက အရမ်းခက်ခဲတယ်။ လူအင်အားတော်တော်လိုတယ်။ စစ်တာကလည်း ကျွမ်းကျင်ဆရာဝန် ၁ ယောက်လိုတယ်။ တယောက်ထဲတောင်မဟုတ်ဘူး။ လူ ၁ ယောက်ကို စစ်မယ်ဆိုရင် အနည်းဆုံး ဝန်ထမ်း ၂ ယောက်လိုတယ်။

အဲဒီ ၂ ယောက်က PPE ဝတ်စုံဝတ်ပြီးတော့ နှာခေါင်းစည်း၊ လက်အိတ်တွေအပြင် ပိုးသတ်ထားတဲ့ အခန်း ၁ ခန်းလည်း လိုတယ်။ အဲဒီအခန်းမှာ ပိုးသတ်ထားတဲ့ပစ္စည်းတွေ လူတွေကလည်း ပိုးကာကွယ်တာတွေ ဝတ်ထားပြီးတော့ လူ ၁ ယောက်ကို ဝန်ထမ်း ၂ ယောက်က လုပ်ပေးရတယ်ဆိုတော့ ။ ဒါပေမယ့် ဝန်ထမ်း အင်အား မရှိဘူးဆိုရင် PPE တွေ လဲပြီးတော့ လုပ်ရတယ်။ တကယ်တော့ စစ်ဆေးတာက အရမ်း မခက်ခဲပေမယ့် လွယ်တော့ မလွယ်ပါဘူး။ အဲဒါကြောင့် လူအင်အားတော့ နောက်ပိုင်းလိုမယ်။

အခု ၁၃ ယောက်လောက်ကတော့ ဆရာဝန် ၂ ယောက်လောက်နဲ့ လောက်အောင် စစ်ခဲ့ကြတယ်။ သူတို့လည်း ဒါတော်လွန်းလို့ပေါ့။ တကယ့်တကယ်ဆိုရင် အဲဒီလောက်အထိ မလိုဘူး။ နေရာတွေလည်း လိုအပ်မယ်။ လူအင်အားလည်း လိုအပ်မယ်။ ပစ္စည်းအင်အားလည်း လိုအပ်မယ်။

You may also like these stories:

ရန်ကုန်တွင် ကိုဗစ် သံသယနှင့် စောင့်ကြည့်လူနာ ၄၀၀ ကျော်ရှိ

ရွှေပြည်သာက COVID-19 ပိုးတွေ့လူနာနှင့် ထိစပ်သူများကို အသွားအလာပိတ်

Covid-19 ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် နယ်စပ်ဂိတ်က လုပ်သားများ

Did you find apk for android? You can find new Free Android Games and apps.
Loading