ကိုဗစ်ကာလ တိုခြင်း၊ ရှည်ခြင်းက စည်းကမ်းလိုက်နာခြင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်

ဆလိုင်းသန့်စင်
ဧရာဝတီတိုင်း ပုသိမ်မြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် / ဧရာဝတီ

မြန်မာနိုင်ငံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ COVID – 19 ပိုးတွေ့သူကို မတ်လ ၂၃ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့အထိ စာရင်းများအရ လူပေါင်း ၈၅ ဦးအထိ ရောဂါကူးစက်ခဲ့ပြီ ဖြစ်ပါသည်။

ကုစရာ ဆေးမရှိသေးသော ကမ္ဘာကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ် (COVID – 19) မှာ ရက်ပေါင်း ၂၀ ကျော်ကာလမှာပင် မြန်မာနိုင်ငံရှိ လူပေါင်း ၈၅ ဦးထံ ကူးစက်ဖြစ်ပွားခဲ့သည့် အတွက် မြန်မာပြည်အတွင်း နေထိုင်သည့် ပြည်သူ အများစုမှာ စိုးရိမ်မှုများ တိုးပွားလာခဲ့သည်။

ကမ္ဘာပေါ်ရှိ ထိပ်တန်းနိုင်ငံများ ဖြစ်သည့် အမေရိကန်၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ် အစရှိသည့် နိုင်ငံကြီးများမှာပင် လူပေါင်း သိန်းနှင့်ချီ ကူးစက်ပြီး လူပေါင်း သောင်းနှင့်ချီ သေဆုံးခဲ့သော ကမ္ဘာ့ကပ်ရောဂါဆိုးကြီးမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံ၌ တစထက်တစ ပိုမိုကျယ်ပြန့်လာပြီး ထိန်းမနိုင် လောက်အောင် ကြီးထွားလာမည်ကို မြန်မာပြည်သူအများစုက စိုးရိမ်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အလားအလာ၊ ကာကွယ်ရေးနှင့် ကုသရေးများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ COVID – 19 ကပ်ရောဂါကို ကျော်လွှားနိုင်မည့် အခြေအနေနှင့် ဧရာဝတီတိုင်း၌ ပိုး တွေ့သူ ပေါ်ပေါက်လာပါက ကုသရန် ပြင်ဆင်ထားသည့် အခြေအနေများကို ပုသိမ်မြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဆလိုင်းသန့်စင်က ဆက်သွယ် မေးမြန်း ထားပါသည်။

ဒေါက်တာ သန်းမင်းထဋ်သည် ဆေးလည်းကုရင်း ဒေသဖွံ့ဖြိုးရေး ပရဟိတလုပ်ငန်းများ ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ပင်းတယ မီးအိမ်ရှင် အဖြစ် လူသိထင်ရှားသူ တဦးလည်း ဖြစ်ပါသည်။

မေး။ ။ ဧရာဝတီတိုင်းဒေသကြီးမှာ လက်ရှိအချိန်အထိ COVID – 19 ပိုးတွေ့လူနာ မရှိသေးဘူး။ ဒါက ကြိုတင်ပြင်ဆင်မှုတွေ ကောင်းခဲ့လို့လား၊ ဒါမှမဟုတ် ဧရာဝတီတိုင်းကပဲ ကံကောင်းနေတာလား။ ဘယ်လို ထင်မြင်မိပါသလဲ။

ဖြေ။ ။ အခု လောလာဆယ် အနေအထားအရတော့ ဧရာဝတီတိုင်းဒေသကြီးမှာ COVID – 19 အတည်ပြုလူနာ တယောက်မှ မရှိသေးဘူးပေါ့လေ။ မေးခွန်းအရဆိုရင် အဲဒီ ၂ ခုစလုံးကြောင့်လို့ပဲ ဖြေပါရစေ။ ဘာလို့လဲ ဆိုတော့ ကြိုတင် ပြင်ဆင်မှုက ကျနော်တို့ဘက်က လုပ်စရာရှိတာတွေ ကြိုလုပ်ထားပါတယ်။ စီစဉ်သင့်တာတွေလည်း ကြိုတင် ပြင်ဆင်ထားပါတယ်။

ဒါပေမယ့် တချိန်မဟုတ် တချိန်တော့ ကိုဗစ်က ကျနော်တို့ဆီ ရောက်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တကမ္ဘာလုံးက နေရာတိုင်းမှာလည်း ရောက်နေတာဆိုတော့ အဲဒီအတွက်လည်း ကျနော်တို့က Prevention (ကြိုတင် ကာကွယ်ရေး) လုပ်ဖို့ လိုသလို ကာကွယ်လို့မရတဲ့ အချိန်ကျရင်လည်း ကုသဖို့အတွက် ကြိုတင် ပြင်ဆင်ထားတာတွေ ရှိပါတယ်။

မေး။ ။ ဧရာဝတီတိုင်းမှာ တကယ်လို့များ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ရှိလာခဲ့ရင် ဘယ်နှဦးလောက်များ ကုသ စောင့်ရှောက် ပေးနိုင်တဲ့ အနေအထား ရှိပါသလဲ။

ဖြေ။ ။ အဲဒါကတော့ Positive (ပိုးတွေ့လူနာ) အနေအထားက တချိန်နဲ့တချိန် မတူနိုင်ပါဘူး။ လောလောဆယ် Positive (ပိုးတွေ့လူနာ) တယောက်မှ မရှိသေးဘူး။ ဒါပေမယ့် ရှိလာခဲ့ရင် ပုသိမ်ဆေးရုံမှာတော့ လူနာ ၂၀ လောက်အထိ ထားနိုင်အောင် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ဟိုဘက်က ဟင်္သာတ ဆေးရုံမှာလည်း ပြင်ဆင်ထားတာ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ Positive ဖြစ်တဲ့နှုန်းက ဘယ်လောက်အထိ ရှိမယ်ဆိုတာ မသိနိုင်သေးဘူး။ Positive ဖြစ်တဲ့နှုန်း မြန်လာမယ် ဆိုရင်တော့ နောက်ထပ် စဉ်းစားထားတဲ့နည်းလမ်းတွေ ရှိပါတယ်။

မေး။ ။ လက်ရှိ COVID – 19 ကာလမှာပဲ သံသယ လူနာတချို့ဟာ ဆရာဝန်တွေ၊ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကို ကျန်းမာရေး ဆိုင်ရာ အချက်အလက်တွေ ပေးရာမှာ လိမ်ညာတာတွေ ရှိတယ်လို့ ကြားပါတယ်။ အဲဒီ အခြေအနေတွေ ရှိရင် ပြောပြပေးပါ။

ဖြေ။ ။ သံသယလူနာတွေက အချက်အလက်တွေ လိမ်ပြီးတော့ ပြောတဲ့အခါကျတော့ ကျနော်တို့အတွက် ပိုအလုပ်ရှုပ်တာပေါ့။ ပိုပြီးတော့ ပင်ပန်းတာပေါ့။ နောက်ပြီးတော့ ပိုပြီးတော့လည်း အန္တရာယ်များတာပေါ့။ သူတို့က မှန်မှန်ကန်ကန်နဲ့ ကျနော် ကတော့ဖြင့် ဘယ်နိုင်ငံက ပြန်လာတာပါဆိုပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောမယ်ဆိုရင် ကျနော်တို့က သတိထား ကိုင်တွယ်လို့ ရတာပေါ့။ အဲ့ဒီလိုမှ မဟုတ်ဘဲ လိမ်ပြောတဲ့ အခါကျတော့ ကျနော်တို့ စမ်းသပ်တဲ့အခါမှာ အရမ်းအန္တရာယ် များပါတယ်။

နောက်ပြီးတော့ သူက လိမ်ပြီးတော့ပြောတဲ့အခါ ကျနော်တို့က ရောဂါနာမည်တပ်တာ မှားသွားမယ်။ မှားသွားတဲ့အခါ အဲဒီ ကာယကံရှင် ကိုယ်တိုင် ဒုက္ခရောက်မယ့်အပြင် သူ့မိသားစုတွေ သူ့အသိုင်းအဝိုင်းတွေပါ ပြန်ပြီးတော့ ဒုက္ခရောက်နိုင်ပါ တယ်။

ဟိုတနေ့က ဖြစ်သွားတဲ့ကိစ္စဆိုရင် သံသယလူနာက သူနေတဲ့လိပ်စာကို အမှန်မပြောဘဲ ငပုတောမြို့နယ်လို့ ပြောတယ်။ ကျနော်တို့ကကျတော့ သံသယလူနာလို့ သတ်မှတ်ရင် သူနဲ့ထိတွေ့ခဲ့တဲ့ လူတွေလမ်းကြောင်းကို လိုက်ရတာကိုး။ လိုက်တဲ့ အခါကျတော့ သူက ငပုတောဆိုလို့ ငပုတောမြို့နယ်က အဖွဲ့တွေက ဆင်းသွားကြတာ။ ရွာလည်းရောက်ရော အဲဒီမှာ အဲဒီ နာမည်လည်း မရှိဘူးဆိုတာတွေ ဖြစ်လာတယ်။ အဲဒီကျတော့ ကျနော်တို့ သေချာပြန်မေးတော့ ငပုတောမဟုတ်ဘူး၊ ပုသိမ်ကပါလို့ ပြန်ပြောတယ်။ အဲဒါမျိုးကျတော့ ကျနော်တို့ကို ပိုပြီးအလုပ်ရှုပ်အောင် လုပ်သလို ဖြစ်တယ်။ ကျနော်တို့မှာ ကိုဗစ် ကိစ္စ Prevention (ကာကွယ်ရေး)၊ ကုသရေးတွေ အလုပ်ရှုပ်ရတဲ့ကြားထဲမှာ အပိုအလုပ်တွေ လုပ်ရတာပေါ့နော်။ အဲ့ဒီလို ကျတော့ မကောင်းဘူးပေါ့နော်။

မေး။ ။ လက်ရှိ ၂၀၂၀ သင်္ကြန်ကာလမှာ ပြည်သူအများစုက သင်္ကြန်ရေမပက်၊ အိမ်အပြင်မထွက်ဘဲ နေကြတာတွေ တွေ့ရပါတယ်။ ကိုရိုနာ ဗ်ိုင်းရပ်စ် ကာကွယ်ရေးမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအပေါ် အားရကျေနပ်မှုရှိလား။

ဖြေ။ ။ သင်္ကြန်နဲ့ပတ်သက်လို့ ရေမပက်တာကတော့ တော်တော်လေး ကျေနပ်ပါတယ်။ တကယ်လို့သာ ရေပက်မယ် ဆိုလို့ရှိရင် ကိုဗစ် ဗိုင်းရပ်စ်က ရေပက်တဲ့လူကို ကူးဖို့ ပိုများတာပေါ့နော်။ အိမ်အပြင်ထွက်တာ ကျတော့ တချို့မြို့တွေမှာ နည်းနည်းတော့ များနေသေးတယ်။ တော်တော်များများကတော့ အပြင်မထွက်ဘဲ လိုက်နာကြတာ တွေ့ရပါတယ်။ ဒီအပေါ်မှာတော့ ကျေနပ်မိပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာက ၈၅ ဦး အထိ ဖြစ်လာတယ်။ ဒီအခြေအနေက ဆိုးရွားတဲ့ အခြေအနေလို့ ပြောလို့ ရမလား။

ဖြေ။ ။ ကျနော် အင်တာဗျူးတခုမှာ ပြောဖူးပါတယ်။ ဧပြီလ ၈ ရက်နေ့ကျော်ရင် သတိထားလို့ ပြောဖူးပါတယ်။ အခု ကျနော် ပြောတဲ့ ၈ ရက်နေ့ကျော်တဲ့ အချိန်မှာ စပြီး လူနာစာရင်း တက်လာတာပေါ့နော်။ တက်တယ်ဆိုတာ ကူးတဲ့လူလည်း တကယ်ရှိလို့ တက်တာပါသလို စစ်တာများလို့ တက်တာလည်း ပါတယ်။

ဒါပေမယ့် အခုလောလောဆယ် အနေအထားအရ တက်နေတဲ့နှုန်းက လျော့မှာတော့ မဟုတ်ဘူး။ ဆက်ပြီးတော့ တက်နေဦးမှာပဲ။ အခုမှ မြန်မာနိုင်ငံမှာ အစပြုတာ ရက် ၂၀ ကျော်ပဲ ရှိသေးတယ်။ သူများတိုင်းပြည်က ၃ လတွေ ၄ လတွေ ရောက်နေပြီဆိုတော့ နောက်ပိုင်းက ထပ်ထပ်ပြီးတော့ များလာဖို့ရှိပါသေးတယ်။ ဒီထက်ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။

မေး။ ။ အခုလက်ရှိမှာ ပြည်သူအများစုကတော့ အပြင်မထွက်ကြတော့ပေမယ့် ပုသိမ်မြို့မှာတောင် ဈေးတွေ ဆက်ဖွင့်ပြီးတော့ လူတွေသွားလာ ရောင်းချနေတာတွေ ရှိနေပါတယ်။ ဈေးသည်တွေဘက်ကျတော့လည်း ဝမ်းရေးအရ ရောင်းရတယ်၊ တဖက်ကလည်း ရောဂါဘေးကလည်း ရှိနေတယ်။ ဒီအခြေအနေမှာ ဈေးတွေ ဆက်ဖွင့် ရောင်းချနေတဲ့အပေါ်ကိုရော ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ဈေးတွေက ပိတ်လို့တော့ မဖြစ်ဘူးဗျ။ ဈေးပိတ်လိုက်ရင် ကျနော်တို့ပြည်သူတွေ အပြင်ထွက် ဝယ်စားဖို့ အခက်အခဲတွေ အများကြီးဖြစ်လာနိုင်တယ်။ ဈေးတွေမှန်သမျှ အကုန်ပိတ်ပြီး ၁၅ ရက်လောက် အိမ်ထဲက အပြင်မထွက်နဲ့ဆိုရင် ပိုက်ဆံ ရှိတဲ့လူကတော့ ၁၅ ရက်စာ ကြိုဝယ်ထားမှာပေါ့၊ တနေ့လုပ်မှ တနေ့စားသမားတွေကတော့ ဘယ်ဝယ်နိုင်မလဲ။ မဝယ်နိုင်တဲ့အချိန်မှာ ဈေးပိတ်ထားလို့ရှိရင် သူတို့အတွက် လုပ်စရာ နောက်တနည်းက မကောင်းမှုတခုပဲ ရှိတော့တယ်။

အဲဒီတော့ ဈေးနဲ့ စားသောက်ကုန်တွေကတော့ သူများ တိုင်းပြည်လည်း မပိတ်ပါဘူး။ ဖွင့်ပါတယ်။ ဘာလုပ်ဖို့ လိုသလဲ ဆိုတော့ Social Distancing ဖြစ်ဖို့အတွက် ဆိုင်တွေ တဆိုင်နဲ့တဆိုင် ၁၀ ပေလောက် ခြားပေး၊ ထုံးနဲ့ သတ်မှတ်ထားပေး လိုက်မယ်ဆိုရင် ဝယ်တဲ့လူ တယောက်နဲ့တယောက် ဝေးသွားမယ်။ ဈေးဆိုင်တိုင်းမှာလည်း လက်ဆေးရည် (Hand Gel) တွေရှိရမယ်၊ လက်ဆေးဖို့နေရာတွေ စီစဉ်ပေးထားမယ်၊ လူတိုင်းကို နှာခေါင်းစည်း (Mask) တပ်ခိုင်းမယ်။ အဲ့ဒီလိုတွေ လုပ်ဖို့ လိုမယ်ထင်ပါတယ်။

မေး။ ။ အခုက ပိုးတွေ့လူနာ အရေအတွက် ပိုတိုးလာနေတော့ ပြည်သူတွေကလည်း စိုးရိမ်မှုတွေ ပိုတိုးလာနေ ကြပါတယ်။ ဒီအခြေအနေ အဆိုးထဲကနေ အကောင်းဘက်ကို ဘာတွေများ မျှော်လင့်လို့ရပါမလဲ။

ဖြေ။ ။ ဘာတွေကောင်းလာသလဲဆိုတော့ အရင်ထက်စာရင် စစ်နိုင်တဲ့ပမာဏ ပိုများလာတယ်။ အရင်တုန်းက ကျနော်တို့ စစ်နိုင်တာ နည်းနည်းလေးပါ။ လူ ဆယ်ဂဏန်းလောက်ပဲ စစ်နိုင်တာ။ ဆယ်ယောက်စစ်လို့ ၁ ယောက် တွေ့ရင် ၁ ယောက်ပဲ ကြေညာနိုင်တယ်။ နောက်ကျ လူ ၅၀ လောက် စစ်နိုင်လာတဲ့အခါ ၂ ယောက်လောက် တွေ့လာတယ်။ အခုကတော့ ရာနဲ့ချီ စစ်တဲ့ အခါကျတော့ တွေ့တဲ့နှုန်းကလည်း များလာတာပေါ့။ စစ်တာများရင် တွေ့တာလည်း များလာတာက သဘာဝပါ။ ဒါကို အစကတည်းက ကျနော်တို့ မျှော်လင့်ထားပြီးသားပါ။

နောက်တခုက ဒီရောဂါက သူ့သဘာဝကိုက ကူးလွယ်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ဆေးမှု များလာတာရယ်၊ ကူးလွယ်တဲ့ ရောဂါဖြစ်တာရယ် ဒီအကြောင်း ၂ ချက်က ပေါင်းဆုံပြီး ဖြစ်နေတာပါ။ ပြည်သူတွေအနေနဲ့က သူများတိုင်းပြည်တွေ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေကို သင်ခဏ်းစာယူဖို့ လိုတယ်။

အရေးအကြီးဆုံးကတော့ ကျန်းမာအောင်နေဖို့ ဖြစ်ပါတယ်။ အိပ်ရေး၀အောင် အိပ်မယ်။ အစာကို ဂရုစိုက်ပြီးတော့ စားမယ်။ ပြီးတော့ ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကြောင့် ကိုယ့်မိသားစု စုစုဝေးဝေး နေရတယ်၊ သိုက်သိုက်ဝန်းဝန်း နေရတယ်။ ဒီလိုမျိုး တဖက်က လှည့်တွေးမယ်ဆိုရင် စိတ်ချမ်းသာလိမ့်မယ် ထင်ပါတယ်။ မဟုတ်လို့ရှိရင် COVID – 19 ကိုပဲ တွေးနေပြီးတော့ ဒီရောဂါကြီးနဲ့တော့ ဒုက္ခပဲ၊ ဒုက္ခပဲဆိုရင် စိတ်ရောဂါ ဖြစ်လာနိုင်ပါတယ်။

မေး။ ။ အခုလက်ရှိ COVID – 19 ရောဂါက မြန်မာနိုင်ငံမှာ ကူးစက်သူ အရေအတွက်တွေ တဖြည်းဖြည်း တိုးလာနေတယ်။ ဘယ်အချိန်လောက်ကျမှ မြန်မာနိုင်ငံက ဒီရောဂါကပ်ဆိုးဖြစ်ပွားမှု လျော့ကျပြီး တည်ငြိမ်မှုတွေ ပြန်ရနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ တရုတ်နိုင်ငံ ဝူဟန်မြို့အကြောင်း စဉ်းစားကြည့်ရအောင်။ ဝန်ဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကနေ စဖြစ်တယ်။ ဧပြီ ၁၃ ရက်အထိ တရုတ်နိုင်ငံမှာ Positive (ပိုးတွေ့သူ) ၈ ယောက် ထွက်ပါသေးတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က ဝူဟန်မှာ ကူးစက်သူသာ လျော့သွားတာပါ။ Positive (ပိုးတွေ့သူ)က ဆက်ရှိနေပါသေးတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာကနေ အခု ဧပြီအထိ တွက်ကြည့်ရင် အချိန် ၄ လလောက် ရှိသွားပြီ။ အခုအချိန်အထိ Positive (ပိုးတွေ့သူ) က ဆက်လက် တွေ့ရှိနေပါတယ်။ အဲဒီတော့ ကျနော်တို့က ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ Prepare (ပြင်ဆင်မှု) လုပ်ရမယ့်အချိန်က အဲ့ဒီလောက်ကာလ အထိတော့ မျှော်လင့်ထားဖို့ လိုမယ် ထင်ပါတယ်။ အခု လောလောဆယ်မှာ ကျနော်တို့က ရက် ၂၀ ကျော်ပဲ ရှိသေးတယ်။ ၁ လ၊ ၂ လ လောက်က Struggle (ရုန်းကန်ကြိုးစား) လုပ်ရဦးမယ် ထင်ပါတယ်။ COVID – 19 ကာလ တိုခြင်း၊ ရှည်ခြင်းဟာ စည်းကမ်းလိုက်နာခြင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်။

မေး။ ။ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနား တခုကြောင့် ပိုးတွေ့သူ ပိုများလာခဲ့တယ် ဆိုပြီးတော့ ပြည်သူတွေ ကြားထဲမှာလည်း စိတ်ဝမ်းကွဲတာ၊ တဖက်နဲ့တဖက် အပြစ်တင်တာတွေလည်း ရှိနေကြပါတယ်။ ဒီလို အခြေအနေ အပေါ်မှာ ဘာများ မှတ်ချက်ပြုချင်တာ ရှိပါသလဲ။

ဖြေ။ ။ တကယ်တော့ ဘာသာရေးဆိုင်ရာပွဲ ဆိုတာထက် Gathering (လူစုလူဝေး) လုပ်ရာကနေ ဖြစ်လာတာပါ။ အဲဒီ Gathering က ခရစ်ယာန် Gathering ဖြစ်နေလို့သာ တမျိုးဖြစ်နေတာပါ။ တကယ်တော့ ရက်လည် ဆွမ်းသွပ်၊ ရေစက်ချ တရားနာတွေ၊ ပရိတ်ရွတ်တာတွေကလည်း ကျနော်တို့ မဖြစ်သေးလို့ပါ။ ဖြစ်ရင် သူလည်း အန္တရာယ်ရှိတဲ့အထဲမှာ ပါဝင်ပါတယ်။ အဓိကတော့ ဘာသာနဲ့ မဆိုင်ပါဘူး။ Gathering လုပ်တာနဲ့ပဲ ဆိုင်ပါတယ်။ လူက စုလိုက်တာနဲ့ အဲဒီလူစုထဲ မှာ နိုင်ငံခြားက ပြန်လာသူ ပိုးရှိသူ တယောက်လောက်ပါတာနဲ့ ကျန်တဲ့လူ အားလုံး ကူးနိုင်တာပေါ့။

မေး။ ။ လက်ရှိ နိုင်ငံတော်အစိုးရရော၊ တိုင်းဒေသကြီး အစိုးရရော COVID – 19 ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ အကြံပြုချင်တာများ ရှိပါသလား။

ဖြေ။ ။ အဓိကတော့ ကျနော်တို့ ညွှန်ကြားချက်တွေ ထုတ်ပေးနေတယ်။ ပြည်သူတွေဘက်က လိုက်နာဖို့ လိုပါတယ်။ တချို့တွေက Lockdown (အဝင်အထွက် ပိတ်ဆို့ခြင်း) လုပ်ဖို့သာ တောင်းဆိုနေတာ။ Lockdown က တော်တော် ပြင်းထန် ပါတယ်။ အခု လောလောဆယ် Lockdown မဟုတ်တဲ့ ညွှန်ကြားချက်တောင်မှ ပြည်သူတွေက အတိအကျ လိုက်နာတာ မရှိသေးဘူး။ ဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကရော၊ ဗဟို အစိုးရအဖွဲ့ကရော ညွှန်ကြားချက်အားလုံး အတိအကျလိုက်နာဖို့ မေတ္တာရပ်ခံချင်ပါတယ်။

မေး။ ။ ပြည်သူတွေအနေနဲ့ နေ့စဉ်ဘဝမှာ ဘာတွေ လိုက်နာမယ်ဆိုရင် COVID – 19 ကူးစက်မှုကနေ ကာကွယ်နိုင်ပါမလဲ။

ဖြေ။ ။ အခုလောလောဆယ် ကျနော်တို့ ခဏခဏ ထပ်ကာထပ်ကာ ပြောနေတဲ့ကိစ္စက လက်ဆေးခြင်း ဖြစ်ပါတယ်။ လက်ကို မကြာခဏ ဆေးဖို့ရယ်၊ Social Distancing ဆိုတာ တယောက်နဲ့တယောက် ခပ်ဝေးဝေး နေဖို့ရယ်၊ Stay at home အိမ်မှာနေဖို့ရယ် အဲဒီ ၃ ခုက လောလောဆယ်မှာ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။

နောက်ပြီးတော့ ဖျားတယ်နာတယ် ဆိုလို့ရှိရင်လည်း ထိန်ချန်မထားဘဲနဲ့ ဆေးရုံဆေးခန်းကို အချိန်မီ ပြကြပါ။ အဲ့ဒီလို ပြတဲ့ အခါမှာလည်း ကြိုတင်ပြီးတော့ ဖုန်းဆက်ရပါမယ်။ History (သမိုင်းကြောင်း) ကိုလည်း မလိမ်မညာဘဲနဲ့ မှန်မှန်ကန်ကန် ပြောဖို့ လိုပါတယ်။

You may also like these stories:

ပုသိမ်ဆေးရုံ၌ အထည်ချုပ်စက်ရုံဝန်ထမ်း ၃ ဦးကို သံသယလူနာအဖြစ် စောင့်ကြည့်ကုသနေ

ရှမ်းပြည်နယ်တွင် Mask မတပ်သူများအား အပြစ်ပေးမှုများလုပ်နေ

တရုတ်က မြန်မာနိုင်ငံသား ၁၈၀၀၀ ခန့် ပြန်လွှတ်

Loading