မြန်မာနိုင်ငံတွင် ဧပြီလ ၁၉ ရက်နေ့ အထိ အခြေအနေအရ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၀၇ ဦးရှိလာပြီး စောင့်ကြပ်ကြည့်ရှူ စစ်ဆေးနေရသူ ရာပေါင်းများစွာ ရှိနေသည့်တိုင် ဧပြီလ ၂၀ ရက်နေ့တွင် ပိတ်ရက်ရှည်ကာလ ပြီးဆုံးသွားပြီဖြစ်သဖြင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားထောင်ပေါင်းများစွာမှာ အလုပ်ပြန်ဆင်းရတော့မည်ဖြစ်သည်။
အလုပ်သမား အဖွဲ့အစည်းအချို့က လက်ရှိအခြေအနေအရ စက်ရုံ၊ အလုပ်ရုံများ ယာယီပိတ်ပေးရန် တောင်းဆို ထားသော်လည်း မဖြစ်မနေ အလုပ်ဆင်းရမည့် စက်ရုံ၊ အလုပ်ရုံများစွာ ရှိနေသည့် အခြေအနေဖြစ်သည်။
ထို့ကြောင့် မဖြစ်မနေ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရမည့် အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲ များနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိရန်အတွက် မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ဒီ ဧပြီ ၂၀ ရက်နေ့မှာဆိုရင် စက်ရုံ၊ အလုပ်ရုံတချို့ ပြန်ဖွင့်တော့မယ်ဆိုတော့ အလုပ်ဆင်းရမယ့် အလုပ်သမားတွေ အနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံရနိုင်လဲရှင့်။
ဖြေ ။ ။ လက်ရှိ စက်ရုံအလုပ်ရုံတွေမှာက အလုပ်ပြန်ဆင်းကြရမယ့် အခက်အခဲတွေက ဘာဖြစ်လဲဆိုတော့ အလုပ်တွေ ကိုတော့ ဖွင့်ခိုင်းလိုက်တယ် ပြဿနာက ကားတွေကို အခုချိန်အထိ ထွက်ခွင့် မပေးသေးဘူးပါ့။ ပြည်နယ်နဲ့ တိုင်းအစိုးရတွေ ဆိုရင် ၃၀ ရက်နေ့ မှ ထွက်ရမယ်ဆိုတာတွေ တွေ့နေရတယ်။ ဥပမာ မကွေးဆိုရင်လည်း ၃၀ ရက်နေ့မှ ထွက်ရမယ်၊ ဧရာဝတီတိုင်းဆိုရင်လည်း ၃၀ ရက်နေ့မှ ထွက်ရမယ်ပေါ့။ နယ်ရောက်သွားတဲ့ အလုပ်သမားတွေအတွက် ပြန်လာဖို့ ကားမရှိတော့တဲ့ ပြဿနာက နံပါတ် ၁ တချက်ပေါ့။
ဒုတိယ တချက်ကတော့ တကယ်လို့ ဒီအလုပ်သမားတွေက ကားတွေရှိလို့ပဲဖြစ်ဖြစ် ကားတွေစုငှားပြီး လာလိုက်တယ် ဒုတိယ တက်လာမယ့် ပြဿနာက ကျနော်တို့ရဲ့ အဆောင်တွေက လက်ခံပါ့မလား ဆိုတာ ဖြစ်လာတယ်။ အခုပဲ ကြားနေရတာက တချို့အဆောင်တွေက လက်မခံတော့ဘူး။ တချို့တွေက စက်ရုံအလုပ်သမားတွေဆို လက်မခံတော့ဘူး ဆိုတာမျိုးပေါ့။ အဆောင်ပိုင်ရှင်တွေကို ရပ်ကွက်သူ ရပ်ကွက်သားတွေက ဖိအားပေးနေတာမျိုးတွေ လှိုင်သာယာ ဘက်မှာ ကြားနေရတယ်။
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ကတော့ ဘာပြောလဲဆိုတော့ နယ်ကပြန်လာတဲ့ အလုပ်သမားတွေကို လက်ခံဖို့ သူ့အနေနဲ့ ညှိနှိုင်းနေပါတယ်လို့ ပြောတာပေါ့။ ညှိနှိုင်းနေပါတယ်လို့သာ ပြောတာ တကယ်တမ်း လက်တွေ့ ကျနော်တို့ဆီကို တက်လာတဲ့ သတင်းတွေ အရက တချို့အဆောင်ပိုင်ရှင်တွေက လက်မခံတော့ဘူး ဆိုတာတွေ ဖြစ်နေတယ်ပေါ့။ ကျနော်တို့ အလုပ်သမားတွေက ရန်ကုန်ရောက်လာရင်လည်း နေစရာ အခက်အခဲ ဖြစ်မှာကို တွေ့နေရတယ်။
တတိယ အခက်အခဲကတော့ ကျနော်တို့ အလုပ်သမားတွေသည် စက်ရုံ အလုပ်ရုံမှာ အလုပ်ဆင်းကြပြီပေါ့။ မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို စက်ရုံအလုပ်ရုံတွေရဲ့ လေးစားလိုက်နာမှုကို ဘယ်သူက စစ်ဆေးမှာလဲ ဘယ်သူက ကြီးကြပ်မှာလဲ ဆိုတဲ့ ပြဿနာ ဖြစ်လာပြီ။ ဆိုပါစို့ နှာခေါင်းစည်း ပေးရမယ်လို့ ပြောထားတယ်။ ဖယ်ရီကားတွေ၊ လက်သန့်ဆေးရည်တွေ၊ လုပ်ငန်းခွင်အတွင်းမှာ တယောက်နဲ့ တယောက် ၃ ပေအကွာ နေရမယ်လို့ ညွှန်ကြားထားတာတွေ ရှိတယ်။
အလုပ်ရှင်များ လိုက်နာပေးရမယ့် အချက် ၉ ချက်တောင် ရှိတယ်။ ဒီအချက်တွေက တကယ်တမ်းကျတော့ လိုက်နာဖို့ရာ ခဲယဉ်းနေသေးသော အချက်များလို့ ကျနော်တို့ ယူဆလို့ရတယ်။ ဒါတွေကိုရော အလုပ်ရှင်တွေက တကယ် လိုက်နာ ပါ့မလား မလိုက်နာနိုင်ရင် အလုပ်ရှင်၊ အလုပ်သမားကြား ပြဿနာတွေတက်ရင် ဘယ်လိုလုပ်ကြမလဲပေါ့။ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ကတော့ မနေ့ကတုန်းက စက်ရုံ အလုပ်ရုံတွေမှာ အလုပ်သမား တောင်းဆိုမှုတွေ ဖြစ်လာရင် စက်ရုံ အလုပ်ရုံတွေ ပိတ်မယ်လို့ ပြောတယ်ပေါ့။ ဒါက ဖြေရှင်းနည်း အမှန်တော့ မဟုတ်ဘူး။
မေး ။ ။ အစ်ကိုတို့ အလုပ်သမား အဖွဲ့တွေကတော့ စက်ရုံ၊ အလုပ်ရုံတွေကို ဧပြီ ၃၀ ရက်နေ့အထိ ပိတ်ပေးဖို့ တိုက်တွန်းထားတာကို တွေ့ရတယ်နော်။
ဖြေ ။ ။ ကျနော်တို့က ရှိသမျှ စက်ရုံတွေ အကုန်လုံးကို ပိတ်ပေးပါလို့ ပြောတာ မဟုတ်ပါဘူး။ မရှိမဖြစ် ဝန်ဆောင်မှု လုပ်ငန်းရယ် နောက်ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရယ်။ ပြည်သူလူထုအတွက် အခြေခံ စားသောက်ကုန် လုပ်ငန်းရယ် ဒီ လုပ်ငန်း ၃ မျိုးကလွဲပြီး ကျန်တဲ့ စက်ရုံ အလုပ်ရုံတွေ ပိတ်ထားပေးပါလို့ ကျနော်တို့က ပြောတာဖြစ်တယ်။
ပြဿနာက ဘာဖြစ်လာလဲဆိုတော့ စားသောက်ကုန် လုပ်ငန်းများဆိုပြီး မန္တလေးက လုပ်လိုက်တယ်။ အချိုရည် စက်ရုံလေးတွေ ကော်ဖီစက်ရုံတွေကိုပေါ့။ ဒါတွေက ကျနော်တို့ လူမျိုးတွေ မဖြစ်မနေ စားသောက်တဲ့ လုပ်ငန်းမှ မဟုတ်တာ ဒီစက်ရုံတွေကပါ မပိတ်တော့ဘူး ဆိုတာမျိုး ဖြစ်လာတာပေါ့။ ကျနော်တို့က စက်ရုံ အလုပ်ရုံတွေကို ဒီကာလအတွင်းမှာ ပိတ်ထားဖို့ သင့်တယ်။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအနေနဲ့ COVID-19 ကူးစက်မှုက ထိန်းမနိုင်သိမ်းမရ ကူးစက်လာတဲ့ အနေအထားကို ဦးတည်သွားမှာကို ကျနော်တို့က အရမ်းစိုးရိမ်တယ်။ နောက်တခုက ပြည်ပက ပြန်လာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကိုတောင် Quarantine ကောင်းကောင်း မလုပ်ပေးနိုင်ခဲ့တဲ့ နိုင်ငံဖြစ်နေတယ်။ အဲဒီတော့ တကယ်လို့ အထည်ချုပ် စက်ရုံ တရုံရုံမှာ ကူးလိုက်ရင် ကျနော်တို့နိုင်ငံက သွားပြီ။ လုံးဝထိန်းလို့ မရတော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ အထည်ချုပ်စက်ရုံတွေက လူပေါင်းထောင်ချီပြီးတော့ လည်ပတ်နေတဲ့ စက်ရုံတွေဖြစ်တယ်။ ဒီကာလအတွင်းမှာ စက်ရုံ အလုပ်ရုံတွေ ပိတ်ထားခြင်းက ပိုပြီးတော့ ကောာင်းမွန်မယ်လို့ ယူဆတယ်။ တကယ်လို့ ဒီရောဂါ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီဆိုမှ Quarantine လုပ်လိုက်တယ်တို့ Home Stay လုပ်လိုက်တယ်ဆိုရင် အများကြီးပဲ ပြဿနာ ပိုတက်လာနိုင်တယ်။
နယ်ရောက်နေတဲ့ အလုပ်သမားတွေက ရန်ကုန်ကို စုပြုံပြီးတော့ ရောက်လာတဲ့ အချိန်ကျမှ Home Stay လုပ်ပါဆိုရင် ရန်ကုန်က အဆောင်တွေမှာက စားစရာမှ မရှိတာ နယ်က သူတို့အိမ်မှာကမှ စားစရာ ရှိသေးတယ်လေ။ ဒါကို ဘယ်သူက ကျွေးမှာလဲဆိုတဲ့ ပြဿနာတွေ တက်လာမယ် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက အများကြီး ဖြစ်ပါတယ်။ ဒါကြောင့် ဧပြီ ၃၀ ရက်ထိတော့ အခြေအနေ စောင့်ကြည့်တဲ့ အနေနဲ့ ပိတ်ထားဖို့သင့်တယ်။
ပိတ်တဲ့ ကာလအတွင်းမှာလည်း အလုပ်သမားတွေကို အနည်းဆုံး လုပ်ခလစာကို ပေးဖို့ လိုတယ်ပေါ့။ ဧပြီလမှာ ၁၇ ရက်က အလုပ်ပိတ်ရက် ဖြစ်တယ်။ အလုပ်ရှင်က ပေးရမှာဖြစ်တယ်။ ကျန်တဲ့ ၁၃ ရက်စာကို ဒီလကုန်မှာ အလုပ်ရှင်က ပေးပြီးတော့ ပိတ်လိုက်တယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေက လုပ်ခလစာ အပြည့်နဲ့ ၁ လ လုံး စိတ်အေးအေးနဲ့ နားလို့ရတဲ့ အနေအထား ဖြစ်သွားတာပေါ့။ ဧပြီ လကုန် အထိကတော့ ကျန်းမာရေး ရှု့ထောင့်ကပဲ စဉ်းစားစဉ်းစား၊ စီးပွားရေး ရှု့ထောင့်ကပဲ စဉ်းစားစဉ်းစား၊ နိုင်ငံတည်ငြိမ်ရေးဘက်ကပဲ စဉ်းစားစဉ်းစား၊ ဘယ်ဘက်က စဉ်းစားစဉ်းစား ပိတ်ဖို့ သင့်တဲ့ ကာလလို့ မြင်ပါတယ်။
မေး ။ ။ အစိုးရအနေနဲ့ကတော့ ဒီစက်ရုံပိတ်သိမ်းမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပြောတာမျိုးရှိလဲ။
ဖြေ ။ ။ မပိတ်လောက်ဘူးခင်ဗျ။ မပိတ်လို့ နောက်ဆက်တွဲ ဖြစ်လာရင်တော့လည်း သမိုင်းတရားခံကတော့ လက်ရှိအစိုးရ ဖြစ်မှာပေါ့။ NLD အစိုးရ တာဝန်ခံရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေက ဒါတွေ မဖြစ်ခင် မတ်လ ၂၅ ရက်နေ့ အမျိုးသား အဆင့် ၃ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကတည်းက တင်ပြတယ်။ မတ် ၃၀ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ တွေ့ဆုံတဲ့ ပွဲမှာလည်း တင်ပြခဲ့တယ်။ စက်ရုံအလုပ်ရုံတွေ ဖွင်လို့ ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်ကတော့ အစိုးရ အနေနဲ့ နိုင်ငံရေး အရ တာဝန်ခံရမှာ ဖြစ်ပါတယ်။
မေး ။ ။ အခုလက်ရှိ အခြေအနေအရ မဖြစ်မနေ အလုပ်ဆင်းရမယ့် အလုပ်သမားတွေအတွက် ဘာတွေ အကြံပြုချင်လဲ။
ဖြေ ။ ။ နယ်ကိုရောက်နေတဲ့ အလုပ်သမားတွေ ပြန်လာဖို့ အခက်အခဲရှိတယ်ဆိုရင် သူတို့မှာရှိတဲ့ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့် ခွင့်တမျိုးမျိုးနဲ့ ယူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီခွင့်တွေ ယူဖို့ကိုမှ အဆင်မပြေဘူး ဆိုရင်တော့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် အသင်းက ဘာလုပ်ထားလဲဆိုရင် သူတို့ရဲ့ အဖွဲ့ဝင်တွေကို လစာမဲ့ ခွင့်ပေးဖို့ ဆိုပြီးတော့ ပြောထားတယ်။ အဲဒီတော့ ပြန်လာဖို့အတွက် အခက်အခဲ ဖြစ်နေသော အလုပ်သမားတွေသည် အလုပ်မပြုတ်အောင် လစာမဲ့ ခွင့် ရအောင်လို့ သူတို့ အနေနဲ့ ခွင့်လှမ်းတိုင်ပြီး ခွင့်ယူတာမျိုးကို လုပ်သင့်တယ်။ ဒါက အလုပ်မပြုတ်ရေး အတွက်ကို လုပ်တာပေါ့။
တကယ်လို့ အလုပ်သမားတွေ အနေနဲ့က စက်ရုံ အလုပ်ရုံထဲကို ပြန်ဝင်ရတယ်ဆိုရင် မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကျန်းမာရေး အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့ အလုပ်ရှင်တွေ တာဝန်ယူရမယ့် အပိုင်းကို အပြည့်အဝ တာဝန်ယူမှုတွေ ပေးဖို့ စက်ရုံတွေကို ဆွေးနွေးတာတွေ စောင့်ကြည့်တာတွေ တင်ပြတာတွေ လုပ်ဖို့ လိုတယ်။ စက်ရုံတွေက မလုပ်ပေးဘူးဆိုရင် သက်ဆိုင်ရာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ၊ အလုပ်သမား ဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဒီ ၃ ခုကို လှမ်းပြီးတော့ တိုင်ကြားတာမျိုး လုပ်ဖို့ လိုတယ်။
မတ်လ ၃၀ ရက်နေ့ ထုတ်တဲ့ထဲမှာပဲ ကျနော်တို့ အလုပ်သမားတွေ လိုက်နာရမှာတွေ ရှိတယ်။ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကိုလည်း အလုပ်သမားတွေက လေးလေးစားစား လိုက်နာဖို့ လိုတယ်။ ဒါဆိုရင်တော့ အဆင်ပြေနိုင်တယ်။ COVID-19 သည်ကူးစက်မြန်ရောဂါ ဖြစ်တဲ့အတွက် စက်ရုံ အလုပ်ရုံတွေ ပိတ်ထားတာကတော့ အသင့်တော်ဆုံးပဲ။ သို့သော် စက်ရုံ အလုပ်ရုံတွေ ပြန်ဝင်ရတော့မယ် ဆိုရင် အလုပ်ရှင်တွေ အနေနဲ့ကတော့ ကူးစက်မှုတွေ ဖြစ်မလာအောင်လို့ သူတို့တွေ အနေနဲ့ အကာအကွယ် အစီအမံတွေ လုပ်ပေးသင့်တယ်။ ဒီအချိန်မှာ ပိုက်ဆံကုန်မှာ ကြောက်ရင် စက်ရုံမဖွင့်နဲ့ပေါ့။
အစိုးရအနေနဲ့ကလည်း မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို လိုက်နာမှု ရှိရဲ့လားဆိုတာကို တိုင်းဒေသကြီး အစိုးရ အနေနဲ့ ကြပ်မတ်စစ်ဆေးဖို့ လိုတယ်။ အလုပ်သမား ဝန်ကြီးဌာနကတော့ အလုပ်သမားတွေ ကူးစက်မှ Quarantine ဝင်တာတို့ ဆေးကုပေးတာတို့က နိုင်ငံတော် အနေနဲ့ အင်မတန်မှ နစ်နာတယ်။ ဒါကြောင့်မို့လို့ လူမှုဖူလုံရေး အဖွဲ့အနေနဲ့က လူမှုဖူလုံရေး ရန်ပုံငွေကို ထိထိရောက်ရောက် အသုံးချပေးဖို့ လိုပါတယ်။
ဆက်စပ်လင့်
လုပ်သားများကို လကုန်အထိ လစာမဲ့ ခွင့်ပေးရန် အထည်ချုပ်လုပ်ငန်းရှင်အသင်း တိုက်တွန်း