COVID-19 အတွက် အစိုးရဘတ်ဂျက် ခွဲဝေပေးတာ မရှိပါဘူး

နန်းလွင်နှင်းပွင့်
မိုးမောက်မြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးနေဝင်း
Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံဘက်မှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀၀၀ ခန့်မှာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်နယ်စပ်ဂိတ်မှ တဆင့် ပြန်လာရန် မြန်မာအစိုးရဘက်သို့ စာရင်းပေးပို့ထားသည်။

လူဦးရေ ၁၈၀၀၀ ခန့်ကို COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် အစုအပြုံလိုက် လက်ခံရန် အဆင်မပြေသဖြင့် လွယ်ဂျယ်မြို့မှ အာဏာပိုင်များက မနက် ၇ နာရီမှ နေ့လည် ၂ နာရီ အတွင်းသာ ကိုယ်အပူချိန် စစ်ဆေးပြီး ဧပြီ ၁၆ ရက်မှစ၍ ဝင်ခွင့်ပြုနေသည်။

တရုတ်နိုင်ငံဘက်မှ ပြန်လာသူများကို မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ပေးနေသည့် အခြေ အနေများနှင့် ပတ်သတ်၍ ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးနေဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မိုးမောက်မြို့နယ်သည် လွယ်ဂျယ်နယ်စပ်ဂိတ်မှ ပြန်ဝင်လာသူများကို ကျန်းမာရေးစစ်ဆေးကာ လက်ခံပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ပြန်ရန် စီစဉ်ပေးနေသည့် နေရာတခု ဖြစ်သည်။

မေး။ ။ တရုတ်ဘက်က ပြန်လာတာ ဒီနေ့ထိဆို ဘယ်လောက်များ ရှိပါပြီလဲ။

ဖြေ ။ ။ ကျနော်တို့က တရက်ကို တသုတ် လက်ခံတယ်။ လွယ်ဂျယ်ကနေဆိုရင် ရွှေကူကို ပြန်မယ့်သူဆိုရင် ဘယ်နှယောက်ဆိုပြီး ကားနဲ့ စုပြီး ပြန်လွှတ်တယ်။ ကားတစီးကို ၆ ယောက်၊ ၇ ယောက်ပေါ့။ မန်စီကို ပြန်မယ့် သူဆိုရင် ပြန်မယ့် တစုပေါ့။ ဆန့်တဲ့ ကားနဲ့ လွှတ်တာ။ ဒီနေ့က ၅ ရက် မြောက်နေ့ပါ။ ၅ သုတ် ရှိပါပြီ။ လူဦးရေက ဒီနေ့ညနေထိ စာရင်းအရဆို ၁၃၀၀ လောက် ရှိပါပြီ။

ကျနော်တို့ မြို့နယ်မှာ ရွာ ၅၀ ကျော်လောက် ရှိတယ်။ ပြန်လာတဲ့ထဲမှာ သူ့ရွာအလိုက်၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ကားနဲ့သော်လည်းကောင်း ခေါ်သွားပြီး သူ့ရွာ အဝင်မှာ Quarantine လုပ်တယ်။

မေး။ ။ လက်ခံပေးနေတာက လူဦးရေကို တရက်ဘယ်လောက်ဆိုပြီး ကန့်သတ်ထားသလား။ ဒါမှမဟုတ် ဝင်လာသမျှကို လက်ခံပေးနေတာလား။

ဖြေ ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲ့ဒီ့သဘောပါ။ ဝင်သမျှကို လက်ခံပေးတယ် ဆိုတာက တရုတ်ကနေ ဒီနေ့ ဘယ်လောက်လာမယ်ဆိုတာ ကျနော်တို့က မသိရဘူး။ တရုတ်က သူ့ဘာသာ စီစဉ် ပြီးတော့ ဗမာပြည်ထဲ ဝင်နိုင်သလောက် လူကို ဝင်ဖို့ နယ်စပ်ကနေ လွှဲပြောင်းလုပ်ပေးနေတာပါ။

ဒီနေ့ထိတော့ ကျနော်တို့ လုပ်ငန်းသဘောအရ ပြောရင် တရုတ်ဘက်က ကိုယ်ပူချိန် တိုင်းတာ စစ်ဆေးပြီးမှ လွှတ်တယ်။ ဒီဘက်ကို မြန်မာနိုင်ငံထဲ ရောက်တော့လည်း ကျန်းမာရေးအဖွဲ့တွေနဲ့ ကိုယ်ပူချိန် တိုင်းတာ စစ်ဆေးတာ တခုလုပ်တယ်။

ပြီးတော့ ကျနော်တို့ မိုးမောက်မြို့နယ် ထဲက ကျောက်စခန်းကို ရောက်လာရင် အဲ့မှာလည်း တခါ ကိုယ်ပူချိန် တိုင်းတာ၊ ကျန်းမာရေး စစ်တာ တခါ ပြန်လုပ်တယ်။ အဲ့လို ၃ ဆင့် လုပ်ပါတယ်။ အဲ့ဒီ့ ၃ ဆင့်မှာ ဒီနေ့ဒီအချိန်ထိတော့ ကျောက်စခန်းဂိတ်မှာရော လွယ်ဂျယ်မှာရော စောင့်ကြည့်ရတဲ့ အနေအထားတို့ ရောဂါ သံသယရှိတာတို့ မတွေ့သေးဘူးခင်ဗျ။

မေး ။ ။ တရုတ်ဘက်က ပြန်ဝင်လာသူတွေကို သူတို့ နေရပ်တွေကို ပြန်ဖို့ ဘယ်လို စီစဉ်ပေးလဲ။ ကားတွေ အဆင်သင့် စောင့်ပေးနေတာလား။

ဖြေ ။ ။ အဲ့တာတွေက ကျနော်တို့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်တည်းက စီစဉ်ထားတာ။ စီစဉ်ထားတာက မနက်ဖြန် ပြန်မယ့် လူဦးရေ စာရင်းနဲ့ ရွာစာရင်းတွေ ဒေသစာရင်းတွေကို ကျနော်တို့က ဒီနေ့လို ညပိုင်းဆိုရင် သိရပြီ။ ဒီည သိပြီဆိုရင် မနက်ဖြန်ခါ လာမယ့် ကားက ၁၀ စီး ရှိတယ်။ မိုးညှင်းက ၂စီး၊ မိုးကောင်းက ၁စီး၊ မြစ်ကြီးနားပြန်မယ့် သူက ၁ စီးနဲ့ ကား ၁၀ စီး လောက်က မိုးမောက်ကနေ အသွားအပြန် လုပ်တာပေါ့။ ပြီးတော့ ကားတွေမှာ စာကပ်ပြီး မြစ်ကြီးနားဆို မြစ်ကြီးနားကို ပြန်မယ့် လူက အဲ့ကားပေါ် တတ်၊ စစ်ဆေးပြီး ပြန်ပေါ့။ အခြားမြို့နယ် တွေလည်း အဲ့လိုမျိုး စီစဉ်ပြီး ကားတွေ လွှတ်တာပါ။ လွယ်ဂျယ်ကနေလည်း အဲ့လိုမျိုး လုပ်ပေးနေတာပါ။

မေး ။ ။ ဒါဆို လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ ဝင်လာသူမှန်သမျှက မိုးမောက်မှာ ညမအိပ်ဘဲ သူ့သက်ဆိုင်ရာ ဒေသကို တန်းပြန်ရတာပေါ့နော်။

ဖြေ ။ ။ ဟုတ်ကဲ့ခဗျ။ မိုးမောက်၊ ကျောက်စခန်းမှာက လက်ခံတဲ့ ဂိတ်ဆိုတော့ ညမအိပ်ဘူး ခင်ဗျ။ ပြန်မယ့် ရွာတွေ မြို့တွေ ခွဲပြီး စီစဉ်ပြီး လွှတ်တာပါ။ ကျနော်တို့ မြို့ပေါ်က ဆိုရင်လည်း မြို့ပေါ်မှာ စီစဉ်ထားတဲ့ Quarantine နေရာတွေ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့ပေါ့။ ကျနော်တို့မြို့မှာ ရပ်ကွက် ၃ ခု ရှိတော့ အဲ့ဒီ့ ရပ်ကွက် ၃ ခုနဲ့ သက်ဆိုင်သူတွေ အတွက် မိုးမောက် အ.ထ.က ကျောင်းမှာ Quarantine လုပ်တယ်။ အဲ့ကို တန်းပို့တယ်။

မေး။ ။ ကားခတွေ စားသောက်စရိတ်တွေက သူတို့ ဘာသာ ကျခံရတာလား။

ဖြေ ။ ။ ဒါကတော့ အမှန်ပါပဲ။ သူတို့ဘာသာ သူတို့ ရှင်းရတာပါ။ နောက်ပြီး တချို့ကား ကျတော့ ဥပမာ ရွှေကူက ခရီးသည် ၁၀ ယောက် ရှိတယ်။ ဒါပေမယ့် ကားသမားက ရွှေကူထိ လိုက်မပို့ဘူးဆိုရင် လွယ်ဂျယ်ကနေ ခေါ်လာပြီး မိုးမောက်၊ ကျောက်စခန်းမှာ နေရာချတယ်။ မိုးမောက် ၊ ကျောက်စခန်းကနေ သူက လွယ်ဂျယ်ကို ကားက ပြန်တယ် ဆိုရင် မိုးမောက် ရောက်လာတဲ့ လူတွေကို ကျနောတို့က ၁၀ ယောက်ဆို ၁၀ ယောက်အတွက် ညနေစာကို ကျွေးတယ်။ တခြားနီးစပ်ရာကနေ ကားငှားပေးပြီး ရွှေကူမှာ Quarantine လုပ်မယ့် နေရာကို ချိတ်ဆက်ပြီး ကားဆရာကို တာဝန်ယူခိုင်းပြီး ချက်ချင်း သွားခိုင်းတာပါခဗျ။

မေး။ ။ တရုတ်က ပြန်လာသူတွေကို လက်ခံနေတဲ့ ထဲမှာ Quarantine Center မှာ လူတွေကျပ်လာတာ လူတွေပြည့်သွားတာတို့ရော ကြုံနေရပြီလား။

ဖြေ ။ ။ မရှိပါဘူးခဗျ။ ဘာ့ကြောင့် မရှိလဲဆိုတော့ သက်ဆိုင်တဲ့ ရွာတိုင်းကို ပြန်တဲ့ လူ ရှိတယ်။ ကျနော်တို့ မိုးမောက်မြို့နယ်ဆိုရင် ၄၈ ယောက်လောက်ပဲရှိသေးတယ်။ တချို့ရွာတွေ ဆိုရင်တော့ တရုတ်ကို ရောက်နေတဲ့ ဒေသခံ ၃၀၀ လောက် ရှိတာမျိုးရှိတယ်။ မန်နောင် ဆိုတဲ့ ရွာ။ အိမ်ခြေ ၁၀၀၀ မှာ လူဦးရေ ၃၀၀ လောက်က တရုတ်မှာ အလုပ်သွားလုပ်နေတာ။ ဒါပေမယ့် အခု သူတို့ထဲက ပြန်လာတာက လူဦးရေ ၈၀ ကျော်နဲ့ ၁၀၀ ကြားမှာပဲ ရှိသေးတယ်။ ဘယ်နေ့မှာ ထပ်ပါလာမလဲတော့ မသိသေးဘူးပေါ့။ အခုထိတော့ အဆင်ပြေနေပါသေးတယ်။

မေး။ ။ လွယ်ဂျယ်ဂိတ်ကနေ ပြန်ဝင်လာတဲ့ထဲမှာ ရခိုင်၊ တောင်ကြီးတို့ ဝေးတဲ့ မြို့နယ်တွေကို ပြန်မယ့် လူတွေစာရင်းလည်း တွေ့တယ်နော်။ သူတို့ရော ဘယ်လို ပြန်ကြပါသလဲ။

ဖြေ ။ ။ အဲ့တာကျတော့ မနေ့က ဖြစ်စဉ်ကို ပြောရမယ်ဆိုရင် စစ်ကိုင်းတို့ ကသာတို့ ပါတယ်။ အယောက် ၁၅၀ လောက်ပါတယ်။ သူတို့ကို တပ်မတော်က ဗန်းမော်သင်္ဘောဆိပ်ကို ခေါ်သွားပေးတယ်။ သင်္ဘောမှာ သူတို့ကို နေရာချပေးတယ်။ ဒီမနက် သင်္ဘောထွက်သွားပါပြီ။ ဗန်းမော်က အုပ်စုတွေကလည်း ကြီးကြပ်ပေးတော့ သူတို့က သင်္ဘောနဲ့ ပါသွားပါပြီ ။ ဥပမာ အဲ့သင်္ဘောပေါ်က ကသာမြို့မှာ ၅ ယောက် ဆင်းဖို့ ပါတယ်ဆိုရင် ကျနော်တို့က ကသာကို လှမ်းပြီး ထွေအုပ်ကို ချိတ်ဆက်ပြီး မှာထားရတာပေါ့။ ကသာမှာ ဘယ်နှယောက် ဆင်းမယ်။ ဘယ်သူတွေ ဆိုတာကိုပေါ့။ နောက် ထီးချိုင့်မှာတော့ ဘယ်သူတွေ ဆင်းမယ်ဆိုတာ သက်ဆိုင်ရာ အဖွဲ့တွေကို လှမ်းချိတ်ဆက်ထားတာပေါ့။ အဲ့လိုနည်းတွေနဲ့ပဲ ကျနော်တို့ ပို့ပေးနေပါတယ်ခဗျ။

မေး။ ။ အဓိက ကတော့ ဗန်းမော်ခရိုင်ဘက်က မိုးမောက်ကနေ ပြန်မယ့် သူတွေကို လိုက်ချိတ်ဆက်ပြီး ပြန်ပို့ နေကြရတာပေါ့နော်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲ့လိုပါပဲ။

မေး။ ။ တောင်ကြီးတို့ ရခိုင်တို့ကျ ဘယ်လို ပြန်ကြလဲ။ သူတို့ကို ဘယ်လိုပုံနဲ့ ပြန်လွှတ်လဲ။

ဖြေ ။ ။ အဲ့လူတွေလည်း ခုနလို နည်းနဲ့ပဲ သွားရမှာပါ။ သိပ်တိုင်းကျော် ပြည်ကျော်တွေလည်း ဖြစ်နေတာဆိုတော့ ရခိုင်တို့ ရန်ကုန်တို့ ဝေးလည်း မပြန်နဲ့ လုပ်လို့ မရတော့ ခုနနည်းအတိုင်းပဲ ချိတ်ဆက်ပြီး ပို့နေရတာပါ။

မေး။ ။ ပြန်လာကြသူတွေက ရွှေ့ပြောင်းလုပ်သားတွေဆိုတော့ ပြန်လာကြသူတွေကို ကြည့်ရတာ ငွေကြေးပိုင်းရော ပြေလည်ကြလား။ ဘယ်လို တွေ့ရပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ဒေသအခြေအနေအရဆိုရင်တော့ ပြေလည်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့က ဒီဇင်ဘာလောက်မှာမှ အလုပ်သွားလုပ်ကြတဲ့ အသုတ်တွေ အများစုလို့ တွေ့ရတယ်။ ဒီဇင်ဘာဆိုရင် တရုတ်ပြည်မှာက ကြံခုတ်တဲ့ လုပ်ငန်းတို့ ကန်စွန်းဥ တူးတဲ့ အာလူးသီးတူးတဲ့ လုပ်ငန်းတို့ ရှိတယ်။

ပြောမယ်ဆိုရင် တရုတ်ပြည် ၊ ဝူဟန်မှာ အကြီးအကျယ် ဖြစ်တယ်။ သူတို့ အလုပ်လုပ်တဲ့ နေရာနဲ့ကတော့ ခရိုင်တွေ မြို့တွေ ၁၀ မြို့လောက်ခြားတယ်။ ကျနော်တို့ နယ်စပ်မှာကလည်း ရောဂါက မဖြစ်ဘူး။ မိုးမောက်မြို့နယ်နဲ့ ဆိုရင် ဆက်စပ်နေတဲ့ လုံချွမ်ခရိုင်မှာလည်း ရောဂါနဲ့ ဖြစ်ပြီး သေတာ တယောက်မှ မရှိဘူး။ တရုတ်အစိုးရကလည်း မဖြစ်ဘူးဆိုတာ အာမခံထားတယ်။

အခု သူတို့ပြန်လာကြတာက သင်္ကြန်မတိုင်ခင်ကတည်းက ပြန်ချင်နေကြတဲ့ သူတွေ။ ပြန်ချင်ကြပေမယ့် ဟိုမှာက အလုပ်တွေက မပြီးဘူး။ ကြံဆိုလည်း ခုတ်မပြီးသေး၊ အသီးနှံတွေ ရိတ်သိမ်း တာကလည်း မပြီးသေးချိန်၊ တရုတ်အစိုးရကလည်း ဘယ်မှမထွက်နဲ့ ဆိုတာမျိုး လုပ်ထားပြီး Lockdown တွေ ချထားတော့ သူတို့က အလုပ်ပြီးအောင် လုပ်ပြီး အခု အလုပ်ပြီး တော့ ပြန်မယ်ဆိုတော့ စာရင်းကောက်ပြီး လွယ်ဂျယ်က အာဏာပိုင်အဖွဲ့တွေကို လှမ်း ချိတ်ဆက်လာတာ။ ပြည်နယ်အစိုးရအဖွဲ့ကို ထပ်လှမ်းချိတ်ဆက်ပြီး ဒါဆိုရင် မြန်မာနိုင်ငံကို ပြန်မယ့် သူက ဧပြီ ၁၆ ရက်က စပြန်မယ့် သူတွေက ၁၈၀၀၀ လောက် ရှိပါတယ်ဆိုပြီး လုံချွမ်ခရိုင် ၊ တာဝန်ရှိသူတွေက လှမ်းချိတ်ဆက်တာပေါ့။ ဒါကတော့ နှစ်စဉ် နှစ်တိုင်းလည်း ဒီပုံစံပဲ ပြန်ကြတာ ရှိပါတယ်ခဗျ ။

မေး ။ ။ တကယ်လို့ သူတို့ အလုပ်ပြန်သွားလုပ်မယ်ဆိုရင်ရော တရုတ်က ပြန်လက်ခံမှာလား။ အဲ့အပိုင်းကျတော့ရော ဘယ်လို သိထားပါသလဲ။

ဖြေ ။ ။ အဲ့တာတော့ ကျနော်တို့ မသိဘူး။ တရုတ်က အခုချိန်ကတော့ အဝင်မခံသေးဘူးခဗျ။ ခါတိုင်းနှစ်တွေကတော့ ဘယ်အချိန်ဝင်ဝင် ၇ ရက် စာအုပ်လုပ်ရတယ်။ ဟိုမှာ အလုပ်လုပ်မယ်ဆို လုပ်ငန်းရှင်က ၃ လ စာအုပ်၊ စာအုပ်အစိမ်းကို ပြန်လုပ်ပေးတယ်။ အဲ့တာနဲ့ ၃ လ တိတိ အလုပ်လုပ် ပြီး သက်တမ်းတိုးပြီး လုပ်ကြတာပေါ့။ နှစ်တိုင်း ဒီလိုပါပဲ။

မေး။ ။ နောက်တခုက မိုးမောက်ကနေ တဆင့် ဒေသ အသီးသီးကို ပြန်ကြသူတွေကို ဘာတွေ ထောက်ပံ့ပေးတာ ရှိပါသလဲ။ လမ်းတလျှောက် သူတို့ သုံးဖို့ Mask တွေရော အလုံအလောက် ပေးလိုက်နိုင်တာ ရှိပါသလား။

ဖြေ ။ ။အဲ့တာတွေကတော့ ကျနော်တို့ ကြိုတင် ပြင်ဆင်ထားပါတယ်။ ပြန်မယ့် သူတွေကို Mask က ၁ ခု၊ ၂ ခု ဝေပေးပါတယ်။ ကျောက်စခန်းမှာ ရောက်တော့ မနက်စာ မစားရသေးရင်လည်း မိုးမောက်မြို့နယ် ထွေအုပ်က စီစဉ်ပေးပါတယ်။ ကျနော်တို့ ဒီမှာ အလှူခံထားတာ၊ မိုးမောက်မြို့နယ်က လုပ်ငန်းရှင်တွေက လှူထားတာတဲ့ ရံပုံငွေတွေနဲ့ ထမင်းတနပ်တော့ ကျွေးပါတယ်။ လမ်းမှာလည်း အသုံးပြုဖို့ Mask တော့ ပေးလိုက်ပါတယ်။

မေး။ ။ အခုလို ကပ်ရောဂါဖြစ်နေတဲ့ ကာလမှာ တရုတ်နယ်စပ်ကနေ ရာနဲ့ ချီတဲ့ မြန်မာ လုပ်သားတွေပြန်လာတော့ လွယ်ဂျယ်တို့ မိုးမောက်တို့က ဒေသခံတွေကရော ဘယ်လို သဘောထား ရှိကြပါသလဲ။

ဖြေ ။ ။ ပြောမယ်ဆိုရင် လူကတော့ အမျိုးမျိုးပဲ။ တချို့ကလည်း ကြောက်တယ်။ တချို့ ကတော့ အစိုးရနဲ့ ကျနော်တို့ လုပ်တာကို ရယ်တောင် ရယ်နေကြတယ်။ သူတို့နေတဲ့ တရုတ်ဘက် မှာလည်း ဘာမှမဖြစ်ဘူး။ သေတယ်လည်း မကြားဘူး။ အခု မြန်မာထဲ ဝင်လာတော့ ၃ ဆင့်လောက် စစ်တယ်ပေါ့။ ဒါတောင် ကိုယ့်အိမ်ကိုယ် မပြန်ရဘဲ Quarantine Center မှာ နေရတယ် ဆိုတော့ မြန်မာပြည်က လူကြီးတွေက သက်သက်ကို ကြောက်ပြီး ချုပ်ထားတယ်။ အရူးတွေပဲလို့လည်း ပြောခံရပါတယ်။ တချို့ကတော့ ရောဂါပါလာမှာ ကြောက်တဲ့ သူလည်း ရှိပါတယ်။ လူကတော့အမျိုးမျိုးပါပဲ။

မေး။ ။ ပြန်လာတဲ့ သူတွေက စည်ကမ်းရော လိုက်နာကြသလား။

ဖြေ ။ ။ လိုက်နာပါတယ်။ မလိုက်နာရင် ကျနော်တို့လည်း နည်းနည်းတော့ ပွဲကြမ်းထား ရပါတယ်။ ပထမနေ့ကဆိုရင် ကျနော်တို့ မြို့နယ်က နည်းနည်း ဂဂျီဂချောင် လုပ်ပါတယ်။ ခင်ဗျားတို့ မြို့နယ်က ထွေအုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်ကို တွေ့ချင်တယ်တဲ့။ ခင်ဗျားတို့ ၁၄ ရက် ကျနော်တို့ကို ကျောင်းမှာထားမှာ ဆိုတော့ ထမင်းကျွေးမှာလားဆိုပြီး စိန်ခေါ်တာတွေ ရှိပါတယ်။

ကျနော်တို့ကလည်း ပြန်ပြောတယ်။ မင်းတို့ကို တရုတ်ပြည်ကို ပိုက်ဆံသွားရှာခိုင်းတာ ငါတို့လည်း မဟုတ်ဘူး။ ဒါက ပိုးရှိရင် မင်းတယောက်တည်း သေမယ့် ကိစ္စလည်း မဟုတ်ဘူး။ တနိုင်ငံ လုံး၊ တမြို့လုံး၊ တရွာလုံး၊ မင်းမိသားစုပါ သေမယ့် အရေးဖြစ်လို့ ငါတို့ အခုလို ထားရတာလို့ ။ ဒီမှာ ၂၁ ရက် မနေချင်ရင် ထောင်ထဲမှာ ၆ လနေမလား။ တို့တွေ ပြတ်ပြတ်သားသား လုပ်မှာလို့ ပြန်ပြောမှ အားလုံးက စည်းကမ်းလိုက်နာကြပါတယ်ခဗျ။

မေး။ ။ COVID-19 ရောဂါပိုး စတွေ့တော့ အစိုးရက Quarantine Center တွေမှာ ထားသူတွေကို ပိုက်ဆံ ထုတ်ပေးပြီး အခမဲ့ ထားတယ်နော်။ အခုတော့ ကိုယ့်စရိတ်နဲ့ ကိုယ်ဆိုတာတွေ တွေ့လာရတယ်။ အခု ကချင်မှာက ဘယ်လို အခြေအနေ ရှိလဲ။

ဖြေ ။ ။ငွေကြေးပိုင်းကတော့ ကျနော်တို့ သိရသလောက်က ကချင်ပြည်နယ်အစိုးရအဖွဲ့က COVID-19 အတွက် ဒီမှာ သက်ဆိုင်ရာကနေ အစိုးရဘတ်ဂျတ် ခွဲဝေပေးတာ မရှိပါဘူး။ ကျနော်တို့ မြို့နယ်မှာပဲ ထွေအုပ်ကနေ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ လုပ်ငန်းရှင်တွေ လွှတ်တော် ကိုယ်စားလှယ်ကအစ ဝိုင်းဝန်းထည့်ဝင်တဲ့ အလှူငွေတွေနဲ့ပဲ သူတို့ရဲ့ အိပ်ယာခင်းတွေ စောင်တွေ ခြင်ထောင်တွေ ခေါင်းအုန်းတွေ PPE ဝတ်စုံတွေ နောက် ဆေးဖြန်းမယ့် ဆေးပုံးတွေ အလှူခံတာတွေ ခံ၊ ဝယ်တာတွေ ဝယ်ပြီး မိုးမောက်မှာတော့ အဲ့လိုပဲ လှုပ်ရှားနေကြတာပါ။

ကျနော်တို့ မြို့နယ်မှာ လူ ၂၀၀ စာ စောင်၊ ခြင်ထောင်နဲ့ ခေါင်းအုန်းတွေ စီစဉ်ပေးထားတယ်။ သောက်ဖို့ သုံးဖို့ ရေတွေ Mask တွေက အစ ကျနော်တို့ ပြင်ဆင်ပေးတယ်။ ထမင်းတခုပဲ ကျနော်တို့ မကျွေးနိုင်တာ။ ဒါကလည်း ရန်ကုန်က ၂ ယောက် အခုမိုးမောက်မှာရှိနေပါတယ်။ သူတို့ကို ဆိုရင် ကျနော်တို့ မိုးမောက်ကပဲ ကျွေးပေးနေပါတယ်။ သူ့အိမ်ကိုယ့်အိမ်က မိသားစုတွေ ရှိရင်တော့ ပို့ပြီး ကျွေးကြတာပေါ့။ အစပိုင်းကတော့ သွားတိုက်ဆေး၊ ဆပ်ပြာကအစ လူ ၂၀၀ စာတော့ ပြင်ပေးထားတာပေါ့။ လွယ်ဂျယ်မှာလည်း လူ ၂၀၀ စာ ပြင်ဆင်ထားပေး ပါတယ်။

မေး။ ။ တရုတ်က ပြန်လာမယ့် လူရာချီကို နေ့တိုင်းလက်ခံနေရတော့ စိန်ခေါ်မှုရော ဘာတွေ ရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ မြို့နဲ့ လွယ်ဂျယ်နယ်စပ်နဲ့က ၄၇ မိုင် ရှိတယ်။ ဒီက တတ်တဲ့ လမ်းက မူဆယ်လမ်းလို ကားကြီးတွေက တရက်ကို ဖရဲရာသီဖြစ်လို့ ကားအစီး ၃၀၀ ဝန်းကျင်လောက် တတ်တယ်။ လမ်းက တောင်ပေါ်လမ်းဆိုတော့ လမ်းချ့ဲတာတွေ ပြင်တာတွေ ကျောက်မိုင်းခွဲတာ တွေနဲ့ဆိုတော့ အချိန်မှန် မိုးမောက်ကို ကားက မဝင်လာဘူး။ နေ့တိုင်းကြုံရတယ်။ ရွှေကူ ကားဆို ည ၁ နာရီထိုးထိ မလာတော့ ဒီက တာဝန်ရှိသူတွေကတော့ ငုတ်တုတ် ထိုင်စောင့်နေရတာပေါ့ ။ ည ၁ နာရီ ထိုးသွားတဲ့ ရက်လည်း ရှိတယ်။ ည ၁၀ နာရီလောက်မှ ရောက်လာတဲ့ ကားတွေလည်း ရှိပါတယ်။ လမ်းကြောပိတ်တော့ ကြန့်ကြာတဲ့ အခက်အခဲတခုတော့ရှိပါတယ်။

မေး။ ။ အခုလို ရွှေ့ပြောင်းလုပ်သားတွေ အများကြီးပြန်လာတယ်။ ဒီမှာလည်း အလုပ်အကိုင်က ရှားတယ်ဆိုတော့ လာမယ့်လတွေမှာ စားဝတ်နေရေး ကြပ်တည်းတာတွေ အခြားလူမှုရေးပြဿနာတွေ ကြုံလာရမယ်လို့ရော မှန်းထားပါသလား။

ဖြေ ။ ။ ၂ ပိုင်းခွဲပြီး ပြောချင်ပါတယ်။ အဝေးကို ပြန်ရမယ့် မန္တလေး၊ စစ်ကိုင်းတို့က လူတွေက ဒီမှာ ဆက်နေရင်တော့ အခက်အခဲရှိမှာပေါ့။ ကျနော်တို့ပြည်နယ်က လူတွေကတော့ စပါးရိတ် သိမ်းပြီးချိန်ဆိုရင် တရုတ်ဘက်မှာ ဆောင်းသီးနှံတွေရိတ်သိမ်းဖို့ သွားတယ်။ ပြီးရင် ကိုယ့်ဒေသကိုယ် ပြန်လာပြီး လယ်ထဲပြန်ဆင်းမယ်ဆိုတော့ ကျနော်တို့ ကချင်ပြည်နယ်က လူတွေက ဒီအခက်အခဲတော့ မရှိနိုင်ဘူး။

ရွှေ့ပြောင်းအလုပ်သမားလို့ ပြောတဲ့ မန္တလေးတိုင်းတို့ စစ်ကိုင်းတိုင်းတို့ မုံရွာ၊ ရေဦး၊ ကျောက်ဆည်တို့က ပုဂ္ဂိုလ်တွေ တော်တော်များများကတော့ ကချင်ပြည်နယ်မှာ နေနေမယ်ဆိုရင်တော့ သူတို့အတွက် စားဝတ်နေရေးတွေ နေထိုင်ရေးတွေ ကတော့ အခက်အခဲတော့ရှိမယ်လို့ မြင်ပါတယ်။

You may also like these stories:

 

Did you find apk for android? You can find new Free Android Games and apps.
Loading