COVID-19 ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်အတူ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း အဖွဲ့များ ဖွဲ့ကာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်က ထုတ် ပြန်ထားသည်။
အဆိုပါ စက်ရုံ အလုပ်ရုံများကို မည်သို့ စစ်ဆေးမည်နှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက မည်သည့် နည်းလမ်းများဖြင့် အရေးယူမည်တို့ကို သိရှိနိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ဝန်ကြီးဌာန အနေနဲ့ စက်ရုံတွေ စစ်ဆေးတာနဲ့ ပတ်သက်ပြီး လက်ရှိ ဘာတွေ လုပ်ဆောင်နေလဲရှင့်။
ဖြေ။ ။ ရန်ကုန်မှာဆိုရင် ကျန်မာရေး ဝန်ကြီးဌာနဲ့ ပေါင်းပြီးတော့၊ ကျန်းမာရေး ဝန်ကြီးဌာနက ဖွဲ့ချင်တဲ့ အဖွဲ့အရေအတွက် အတိုင်း စီစဉ်ထားတယ်ပေါ့။ လိုတဲ့ ဝန်ထမ်း ၁၀၀ ဆိုလည်း ၁၀၀ ပေးနိုင်အောင် စီစဉ်ထားတယ်ပေါ့။ ဒါက နံပါတ် ၁ ပေါ့။ နံပါတ်၂ ကတော့ အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးရေး ဦးစီးဌာနက ဦးညွန့်ဝင်း ကိုယ်တိုင် သွားတယ်။ သူ့အောက်မှာ ဒု ညွှန်ချုပ် ၂ ယောက် ပါသွားတယ်။
တခြား အားဖြည့်တဲ့ ဝန်ထမ်းတွေရော ပါပြီးတော့ ရန်ကုန်မှာ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတာပေါ့။ တိုင်းဒေသကြီး အစိုး ရရယ်၊ ကျန်းမာရေး ဝန်ကြီးဌာနရယ်၊ တို့ဝန်ကြီး ဌာနရယ်ပေါ့။ မနေ့ကတော့ ရုံ ၂၀ လောက် ပြီးတယ်လို့ သိရတယ်။ ဒီနေ့ တော့ လှိုင်သာယာ မနက် ၁၀ နာရီကတည်းက စ စစ်နေတယ် ပြောတယ်။
နောက် ပဲခူးမှာဆိုရင် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း သူ့ကို တာ ဝန်ပေးပြီးတော့ သက်ဆိုင်ရာ တိုင်းဒေကြီး အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ မန္တလေးမှာ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနိုင်က in charge လုပ်ပြီးတော့ ပေါင်းစပ် လုပ်နေတယ် ပေါ့။ ဌာနဆိုင်ရာ အကြီးအကဲတွေလည်း မြေပြင်ကို ဆင်းပြီးတော့ လုပ်နေကြပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဒါဆိုရင် စတင် စစ်ဆေးနေပြီပေါ့နော်။ မနေ့ကလည်း ရန်ကုန်မှာ စက်ရုံ ၂၀ ပြီးထားတယ် ဆိုတော့။
ဖြေ။ ။ စက်ရုံ ၂၀ ပြီးတယ်လို့ သိရတယ်။ ဖုန်းသတင်း တက်လာတာပေါ့၊ တရားဝင်တော့ မဟုတ်ဘူး။ မနေ့ကမှ စတာ ပေါ့။ ကျန်းမာရေး ဝန်ကြီးဌာနက စံသတ်မှတ်ချက်တွေ အမှတ်ပေး စနစ်လုပ်တာတို့က မနက်ပိုင်းပြီးတော့ နေ့လယ်ပိုင်းမှ စ စစ်ရတော့ အဲဒီလောက်ပဲ ပြီးတယ် ပြောတယ်။ ဒီနေ့တော့ တော်တော်များများ စစ်နိုင်လိမ့်မယ်လို့ ထင်တယ်။
မေး။ ။ မြေမြင်မှာက စက်ရုံတွေ ဖွင့်ထားတဲ့ အနေအထား ဆိုတော့ ဒါကို ဘယ်လို ကိုင်တွယ်ဖို့ ရှိလဲ။
ဖြေ။ ။ စက်ရုံတွေကတောာ့ အခုကြေညာချက်အရ မဖွင့်နဲ့လို့ ပြောချင်တာပေါ့။ အခု မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) ကိုလည်း စာပို့ထားတယ်။ တို့ ကြေညာချက်ကတော့ ဒါ၊ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ချက်တွေက ဒါ။ အဲဒီတော့ စက်ရုံ အလုပ်ရုံတွေက ဒါတွေကိုပြီးမှ ဖွင့်ရမှာ ဖြစ်တယ်။
ဖွင့်ချင်ရင် တိုင်းဒေသကြီး အစိုးရသော်လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနသော်လည်းကောင်း၊ အလုပ်ရုံနဲ့ အလုပ်သ မား ဥပဒေ စစ်ဆေးမှု ဌာနကို သော်လည်းကောင်း အကြောင်းကြားပါ။ အမြန်ဆုံး လာစစ်ပြီးတော့ အမြန်ဆုံး ဖွင့်နိုင်ရေး ဆောင်ရွက်မယ်။ အလုပ်ရှင်တွေကို အကြောင်းကြားထားပြီးသားပေါ့။
မေး။ ။ အရေးယူမှု အပိုင်းကိုရော လုပ်ဖို့ရှိလား။
ဖြေ။ ။ အမိန့်ကြေညာကို မလိုက်နာရင်တော့ အရေးယူရမှာပဲ။ သို့သော် သူတို့ မသိလို့တို့ ဘာတို့ ပြောနေတာပေါ့။ အမှန် က မသိစရာ အကြောင်းမရှိဘူး။ အမိန့်ကြေညာစာ ထွက်သွားပြီ။ သတင်းစာမှာ ပါသွားပြီ၊ နေ့စဉ် တီဗွီမှာ သတင်းပြီးတဲ့ အချိန် တောက်လျှောက် ကြေညာပေးနေတာလေ။ အောက်ခြေမှာ လုပ်နေတဲ့ ညွှန်ချုပ်တို့က တင်ပြလာမယ့် တွေ့ရှိချက် တွေက ဘယ်လိုလာမလဲတော့ မပြောတတ်သေးဘူး။ ပြောရတာတော့ စောနေသေးတာပေါ့။
မေး။ ။ ဒီလိုဆို ဘယ်လို အရေးယူမယ် ဆိုတာကို ပြောလို့မရသေးတဲ့ အနေအထားလားရှင့်။
ဖြေ။ ။ အရေးယူစရာ ဥပဒေတော့ ရှိတယ်။ သို့သော် စက်ရုံတွေ ဖြစ်ရတဲ့ ဖြစ်စဉ်အပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်ရ မှာဆိုတော့ မြေပြင်လုပ်နေတဲ့ လူတွေ တင်ပြလာတဲ့ အပေါ်မှာ မူတည်ပြီးတော့ လုပ်မှာ။ သဘာဝ ဥပဒေ ဖြစ်မလား ကူး စက် ဥပဒေ ဖြစ်မလား တခုခုပဲ။
မေး။ ။ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၁၉ ရက်က ထုတ်ပြန်ချက်ကို လက်တွေ့ လုပ်ဆောင်ရမယ့် ဦးစီးမှူးတွေက မသိတဲ့ အခြေအနေ ဖြစ်နေတယ်ပေါ့။ အဲဒီလို ဖြစ်တာ ဘာကြောင့်လဲ။
ဖြေ။ ။ ဦးစီးမှူးတွေ မသိဘူး ဆိုတာက ဝန်ကြီးဌာနမှာ ဦးစီးဌာန ၄ ခု ရှိတယ်။ ဒါကို အဓိက လုပ်မှာက အလုပ်ရုံနဲ့ အလုပ် သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနက လုပ်မှာလေ။ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနဆို မသိစရာ အကြောင်း မရှိဘူး။ သူတို့ ပေါင်းလုပ်မှာပေါ့။
တခြားဌာနတွေက သီးခြားဖြစ်နေတဲ့ ဦးစီးအရာရှိ တချို့ကတော့ မသိကောင်းမသိ ဖြစ် မယ်။ ဒါပေမယ့် သက်ဆိုင်ရာ ဦးစီး ဌာနနဲ့ ဝန်ကြီးဌာနတွေကိုတော့ ဒီစာတွေကို ဖြန့်ဝေပေးထားပြီး ဦးစီးမှူးတွေရော ပြည် နယ်နဲ့ တိုင်း အစိုးရအဖွဲ့တွေကို ဖြန့် ဝေပေးထားပြီ။ ဘယ်လိုမျိုး နားလည်လဲတော့ မသိဘူး။ အကုန်လုံးကို စာတွေ ထုတ် ပေးထားပြီးပြီ။
မေး။ ။ စစ်ဆေးမှု ပြုလုပ်မယ့် ကာလက ၁၀ ရက်ပေါ့နော်။ ဒါပေမယ့် မြေပြင်မှာကလည်း အငြင်းပွားမှုတွေ ဖြစ်နေတော့ စစ်ဆေးမှုကိုရော ထိထိရောက်ရောက် လုပ်နိုင်ပါ့မလား။
ဖြေ။ ။ အချက်တွေက တကယ်တမ်း အများကြီး မပါဘူး။ နဂိုကတည်းကလည်း ဒီရောဂါ ကာကွယ်ဖို့ လက်ဆေးဖို့ ပြင်ဆင် ထားပါ ဆိုတာတွေက အရင်ကတည်းက ပါပြီးသား။ ဒီမှာ အခက်အခဲ ဖြစ်နိုင်တာက နည်းနည်းပဲ ရှိတယ်။ ဖယ်ရီတွေ အလုံအလောက် စီစဉ်ပေးဆိုတဲ့ ကိစ္စရပ်မျိုးက ဘယ်လိုလုပ်မလဲ ဆိုတာမျိုး။ နောက် ၆ ပေခွာရမယ်လို့ ပြောလိုက်တာ ဖြစ် တဲ့အတွက် စက်တန်းတွေ ဘာတွေက အနည်းဆုံး ၃၊ ၄ ပေပဲ ကွာမယ် ထင်တယ်။ သေချာတော့ မတိုင်းကြည့်ဖူးဘူး၊ မှန်း ကြည့်သလောက်ပေါ့။
နဂိုကတည်းက အသေ လုပ်ထားပြီးသား ဆိုတာကို အခုမှလုပ်မယ် ဆိုတော့ ခက်မယ်။ အဲဒါကြောင့် ကာကွယ်ရေး နည်း လမ်းတွေကို အကြံပြုမယ်လို့ ပြောတာပေါ့။ ဥပမာ- Mask တွေ တပ်ဖို့ ပြောမယ်။ လက်အိတ်တွေ နောက် အရှေ့မှာ အကာအကွယ် တပ်ဖို့ ဒါတွေကို အကြံပြုမယ်လို့ ပြောတယ်။ ဒါတွေက အလုပ်ရှင်တွေအတွက် နည်းနည်း အခက်အခဲ ဖြစ်မယ်။ ကျန်တာတွေ လက်ဆေးဖို့တို့၊ အစားအသောက်ခန်းထဲမှာ စနစ်တကျ ထားဖို့ ဒါတွေက မဖြစ်မနေ လိုက်နာရမယ့် ထဲမှာ ပါပြီးသားလေ။ သူတို့အနေနဲ့ နည်းနည်းလေး အားထည့်လိုက်ရုံနဲ့ ရပြီ။ အခက်အခဲ ကြီးကြီးမားမား မရှိနိုင်ဘူး။
မေး။ ။ တကယ်တော့ စက်ရုံတွေ ပြန်ဖွင့်ရမယ့် ရက်က၂၀ ရက်နေ့ပေါ့နော်။ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ၁၉ ရက် ညပိုင်းမှ ထုတ်ပြန်တာကို သိရတော့ အချိန်ကပ်ပြီးမှ သိရတာဖြစ်တဲ့ အတွက် အလုပ်သမား၊ အလုပ်ရှင်ကြားမှာ အခုလို အငြင်းပွား မှုတွေ ဖြစ်တယ်ဆိုပြီး သုံးသပ်မှုတွေလည်း ရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုပြောချင်လဲရှင့်။
ဖြေ။ ။ တခါတလေ ကျတော့လည်း အခြေအနေက ကောင်းအောင်အတွက် လုပ်နေရင်းနဲ့ ဖြစ်သွားတာ။ ကျန်းမာရေး ဝန် ကြီးဌာနအနေနဲ့ သတ်မှတ်ချက်တွေက အများကြီးဆိုတော့ တချို့ဟာတွေက ဆွေးနွေးရတာပေါ့။ အပြန်အလှန် ဆွေးနွေး တော့ အချိန်တခု ရောက်သွားတာပေါ့။ ပထမဆုံး ကြေညာခိုင်းတယ်။ ပြီးတာနဲ့ တာဝန်ရှိတဲ့သူတွေကို မက်ဆေ့တွေ ရောက်အောင်တော့ ပို့ပေးခဲ့တာပေါ့။ တချို့မှာတော့ ဟာ သွားတာ ရှိပါတယ်။ ဒါကိုလည်း ကြားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် ကောင်းအောင် လုပ်ရင်း ဖြစ်သွားတာလို့ပဲ အဲဒီလို သတ်မှတ်ပေးပါလို့။
ဆက်စပ်ဖတ်ရှုရန်
စက်ရုံအလုပ်ရုံလုပ်သား အချို့ကို ထောက်ပံ့ကြေးပေးရန် စီစဉ်နေ
လုပ်သားများကို လကုန်အထိ လစာမဲ့ ခွင့်ပေးရန် အထည်ချုပ်လုပ်ငန်းရှင်အသင်း တိုက်တွန်း