အမေရိကန် နိုင်ငံရှိ မြန်မာ ၁ ဦး၏ COVID-19 ကပ်ရောဂါဘေး အတွေ့အကြုံ

လဲ့လဲ့
အမေရိကန်နိုင်ငံ New York City တွင် အနှစ် ၂၀ ကျော် နေထိုင်လျက်ရှိသော ဦးငြိမ်းနိုင် / ဦးငြိမ်းနိုင် / Facebook
Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံတွင် ဧပြီ ၂၃ ရက်အထိ COVID-19 ရောဂါပိုးရှိသူ ၈ သိန်းကျော်ရှိပြီး ၄ သောင်းကျော် အသက် ဆုံးရှုံးမှု ရှိနေကြောင်း ကမ္ဘ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။

အလုပ်လက်မဲ့ ၂၆ သန်းကျော် ရှိနေကြောင်းလည်း သိရပါသည်။

ယခုကဲ့သို့ ကူးစက်ရောဂါ ပြန့်ပွားမှု အမြင့်ဆုံးဖြစ်နေသည့် အချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် အမေရိကန် နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှု အပေါ် စိုးရိမ် နေကြရ သည်။

လက်ရှိ အမေရိကန်နိုင်ငံ New York City တွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ မြန်မာနိုင်ငံသား ၁၅ ဦးထက် မနည်း ရှိနေ သည် ဟု သိရသည်။

ထို့ပြင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် COVID-19 ကြောင့် လူမျိုးရေးပြဿနာ ဖြစ်လာနိုင်မည့် အရေး၊ ကျန်းမာရေး၊ နေထိုင် စားသောက်ရေးများနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသည်မှာ အနှစ် ၂၀ ကျော်ရှိ ပြီး New York City ရှိ Electronic စက်ရုံ တခုတွင် အလုပ် လုပ်ကိုင်နေသည့် ဦးငြိမ်းနိုင်ကို ဧရာဝတီ သတင်းထောက် လဲ့လဲ့ က ဆက်သွယ် မေးမြန်း ထားပါသည်။

မေး။ ။ COVID-19 ကာလအတွင်း ဦးငြိမ်းနိုင်တို့အလုပ်က ပိတ်ထားလား။ အိမ်မှာနေတော့ ဘယ်လိုစိုးရိမ်မှုတွေ ရှိသလဲ။

ဖြေ။ ။ ကျနော်က အမေရိကန်ကို ရောက်တာ ၂၃ နှစ်ရှိပြီ။ မိသားစုနဲ့ New York City မှာ နေပါတယ်။ အလုပ်ကတော့ Electronic စက်ရုံတခုမှာ အလုပ်လုပ်ပါတယ်။ ကျနော်တို့အလုပ်က တပတ်ပဲ ပိတ်တာပါ။ အလုပ်က မဖြစ်မနေ လုပ်ရမယ့် အလုပ်ပေမယ့် ကျနော်က ကြောက်လို့ စိုးရိမ် ဝန်ထမ်း လုပ်သက်ခွင့်နဲ့ နေနေတာပါ။ လုပ်သက်ခွင့် ကုန်ရင်တော့ ဒီလိုပဲ ဆက်ပြီး ရောဂါပိုးဆိုးနေမယ်ဆိုရင် တမျိုးတော့ စဉ်းစားရမှာပေါ့။ ဒီမှာက အလုပ်လုပ်မှ ပိုက်ဆံရတာ။ ကျနော်က ရန်ကုန် သန်လျင်ကပါ။

မေး။ ။ အမေရိကန်နိုင်ငံက အခုဆိုရင် COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ များလာသလို ကူးစက်မှုနှုန်း ကလည်း အရမ်းမြန်တယ်ဆိုတော့ ဒါရဲ့အကျိုးဆက် ဘာတွေဖြစ်လာနိုင်လဲ။ အထူးသဖြင့် မြန်မာနိုင်ငံသားတွေ အတွက် ဘာတွေ ရိုက်ခတ်မှု ဖြစ်လာနိုင်လဲ။

ဖြေ ။ ။ ဒီမှာက သွားလာတဲ့အခါကျရင် ကြောက်ရတာ ၂ ခုရှိပါတယ်။ တခုက ဗိုင်းရပ်စ်ပိုးကို ကြောက်ရသလို လူမျိုးရေး အရ ပြဿနာ ရှာတာတွေလည်း ရှိတယ်။ သတင်းတွေမှာလည်း ကြားမိလားမသိဘူး။ အခု ကိုဗစ်ပိုး စဖြစ်တာက တရုတ် နိုင်ငံက စဖြစ်တယ်။

တရုတ်ကနေ စဖြစ်တယ်ဆိုတော့ ကျနော်တို့ အာရှသားတွေရဲ့ မျက်နှာပေါက်တွေကို ဒီကလူတွေက မခွဲခြား တတ်ဘူး။ ကျနော်တို့ ဗမာမျက်နှာပေါက်နဲ့ တရုတ်နဲ့ သွားဆင်နေတာကိုး။ အဲ့ဒီတော့ သူတို့တွေက လူ မြင်ရင် တရုတ်လို့ ထင်တာ။ အဲ့ဒီတော့ သူတို့က ရောဂါပိုးကို မင်းတို့က သယ်လာတာမလား ဆိုပြီးတော့ တိုက်ခိုက် တာပေါ့။ ဆဲဆိုတယ်။ အခန့်မသင့် ရင် တိုက်ခိုက်ခံရနိုင်တယ် ဆိုတော့ ကျနော်တို့လည်း အပြင်ထွက်ရမှာ ကြောက် နေတယ်။ နောက် ကျနော်တို့ မြန်မာထဲ ကပဲ ကရင်တယောက်နဲ့ ချင်းတယောက်လည်း အဲ့ဒီလိုပဲ တိုက်ခိုက်ခံရတာ။ သေလုမြောပါးလောက်ဖြစ်သွားတယ်။ အသက် အန္တရာယ် စိုးရိမ်လောက်တဲ့ အထိ ဖြစ်သွားတယ်။ အဲဒါက မတ်လလောက်က ဖြစ်တာပေါ့။ အဲဒီအချိန်မှာ ကိုဗစ် ရောဂါက ခံစားနေရပြီလေ။

မေး။ ။ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာတွေက COVID-19 နဲ့ပတ်သက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ဘာတွေ လုပ်ပေးတာ ရှိသလဲ။

ဖြေ။ ။ သူတို့က မြန်မာနိုင်ငံသားရယ်၊ အမေရိကန် နိုင်ငံသားရယ်လို့ မခွဲခြားဘူး။ ကုသရေး အပိုင်းမှာဆိုရင် ဆေးရုံတွေမှာ အခမဲ့ကုတယ်။ အပြင်ဆေးခန်းတွေမှာ ပြရင်တော့ စမ်းသပ်ခနဲ့ ဆေးကုသမှု အတွက် တယောက်ကို အမေရိကန် ဒေါ်လာ ၂၀၀ ယူတယ်လို့ သွားပြဖူးတဲ့သူတွေက ပြောတာပါ။

နောက် ဒီမှာက လုပ်ငန်းပိုင်းဆိုင်ရာ တော်တော်များများ ရပ်တန့်သွားတယ်။ အလုပ်တွေက ပိတ်တဲ့အတွက် အိမ်မှာပဲ နေကြ ရတယ်။ တချို့ အိမ်မှာပဲ အလုပ်လုပ်လို့ရတဲ့ လုပ်ငန်းတွေကျတော့ အိမ်ကနေ ကွန်ပျူတာတွေနဲ့ အွန်လိုင်းကနေ အလုပ်လုပ်တာပေါ့။ အွန်လိုင်းကနေ အလုပ်လုပ်လို့မရတဲ့သူတွေကျတော့ ယာယီ အလုပ်လက်မဲ့ ဖြစ်သွားတယ်ပေါ့။

အဲ့ဒီလိုဖြစ်သွားတဲ့ အချိန်ကျရင် အလုပ်လက်မဲ့ဖြစ်သွားတဲ့သူကို အမေရိကန်အစိုးရက ထောက်ပံ့ကြေး အနေနဲ့ ကိုယ်ရ နေတဲ့ လစာရဲ့ တဝက်နဲ့ ဒေါ်လာ ၆၀၀ ကို ရက်ပေါင်း ၉၀ (၃လ) သူူက ဆက်တိုက်ပေးတယ်။ ဒါက အနည်းဆုံး ပေးတာ နော်။ တခုနဲ့တခုတော့ မတူဘူးပေါ့။

နောက် အမေရိကန်သမ္မတရဲ့ အစီအစဉ်နဲ့ ပေးတာက အမေရိကန်နိုင်ငံမှာနေတဲ့ ဘာလူမျိုးပဲဖြစ်ဖြစ်၊ အခွန် ဆောင်ထား ရင် အခွန်ဆောင်ထားတဲ့စာရင်း သူတို့ဆီမှာရှိလို့ ရှိရင် အွန်လိုင်းကနေ ဘဏ်ထဲကို ထည့်ပေးတာက အသက်ပြည့်တဲ့ သူကို အမေရိကန်ဒေါ်လာ ၁၂၀၀ ထောက်ပံ့တယ်။

အဲဒီထောက်ပံ့မှုက ကျနော်တို့ တခါတုန်းက အမေရိကန်မှာ စီးပွားရေးကပ်ပျက်တခု ကြုံလိုက်ရတယ်။ အဲဒီ တုန်းက အဲ့ဒီ လိုမျိုး တခါပေးဖူးတယ်။ အဲ့ဒီလိုမျိုးဘေးအန္တရာယ် အရေးပေါ်ကျရောက်တဲ့အခါဆိုရင် သမ္မတကနေ လွှတ်တော်ကို ခွင့်ပြု ချက် တောင်းပြီးပေးတာပါ။ အခွန်ဆောင်တဲ့သူတိုင်း ရတယ်။

မေး။ ။ အခွန်ဆောင်တာက ဘယ်လိုလူမျိုးတွေက ဆောင်ရတာလဲ။ မြန်မာပြည်ကနေ အမေရိကားကို ၆ လ၊ ၁ နှစ် သွား နေတဲ့သူတွေ ရှိတယ်။ သူတို့တွေက အချိန်ပိုင်း အလုပ်လုပ်ကြတာပေါ့။ အဲ့ဒီလို လူမျိုးတွေလည်း ထောက်ပံ့ကြေး ရကြ လား။ သူတို့တွေမှာရော ဘာတွေ အခက်အခဲရှိလဲ။

ဖြေ။ ။ ဒီမှာကတော့ တရားဝင်နေလို့ သူတို့ဆီမှာ စာရင်းပေါက်တယ်ဆိုရင် ထောက်ပံ့ကြေးရတယ်။ ဒါပေမယ့် တခါမှ အခွန် မဆောင်ရင်တော့ အခွန်ဆောင်ထားပါတယ်ဆိုတဲ့ မှတ်တမ်းက ရှိမှာမဟုတ်ဘူး။ အဲ့ဒီတော့ သူတို့အနေနဲ့ ပေးလို့ ရမှာ မဟုတ်ဘူး။

အမေရိကန်နိုင်ငံ New York City တွင် အနှစ် ၂၀ ကျော် နေထိုင်လျက်ရှိသော ဦးငြိမ်းနိုင် (ဓာတ်ပုံ – ဦးငြိမ်းနိုင် ဖေ့စ်ဘုတ်)

မေး။ ။ မြန်မာနိုင်ငံကနေ အမေရိကန်ကို အလုပ်လာလုပ်တဲ့သူတွေ အခုလို ကိုဗစ်ရောဂါ ဖြစ်ပွားနေချိန်မှာ ဘာတွေ အခက် အခဲ ရှိနိုင်လဲ။

ဖြေ။ ။ ဒီမှာက အလုပ်တွေရပ်သွားပေမယ့် ဒီမှာနေတာကြာတဲ့သူတွေ အဖို့က သိပ်ပြီး အခက်အခဲ မရှိနိုင်ဘူး။ လုပ်တာ ကြာတဲ့သူတွေကတော့ အလုပ်လုပ်ထားတဲ့အတွက် လတ်တလောမှာ လက်ထဲမှာ ငွေရှိတယ်ပေါ့။ အနည်းဆုံး ၃ လစာ ကတော့ လက်ထဲ ရှိနိုင်ပါတယ်။ မစုဆောင်းတဲ့သူတွေကတော့ အခက်အခဲ ရှိနိုင်ပါတယ်။

နောက်တခုက ပြီးခဲ့တဲ့နှစ် (၂၀၁၉) က Green card မဲပေါက်ပြီးရောက်လာတဲ့ သူတွေရှိတယ်။ သူတို့ကျတော့ ဒီမှာ အခွန် တခါမှ မဆောင်ရသေးဘူး။ ရောက်တာကလည်း ၃၊ ၄ လလောက်ပဲ ရှိသေးတယ်ဆိုတော့။ အခုမှ စအလုပ်လုပ်နေတာ ဆိုတော့ အခွန်ဆောင်ဖို့ သူတို့မှာ အခွင့်အရေး မရသေးဘူး။

အခွန်ဆောင်တယ်ဆိုတာက ကုမ္ပဏီတွေမှာဖြစ်ဖြစ်၊ လုပ်ငန်းရှင်တွေမှာဖြစ်ဖြစ် ချက်လက်မှတ်နဲ့ အလုပ်လုပ်တဲ့ သူတွေပဲ အခွန်ဆောင်တယ်။ ချက်လက်မှတ်တော့ မဟုတ်ဘူး။ ငွေသားနဲ့ယူတဲ့သူတွေ အဖို့ကျတော့ အခွန် မဆောင်ဘဲ နေလို့ရ တယ်။ ဘာလို့ဆို သူတို့သတ်မှတ်ထားတဲ့ ပမာဏထက် မပိုရင် အခွန်ဆောင်စရာ မလိုတဲ့ အတွက် များသောအားဖြင့်က အခွန်မဆောင်ကြဘူး။ အဲ့ဒီလို မဆောင်တဲ့သူတွေကျတော့ အခုအချိန်မှာ အခက်အခဲ ဖြစ်သွားပြီ။ သူတို့က စာရင်း မပေါက် တဲ့ အတွက် သူတို့ရမယ့်အခွင့်အရေးတွေကို လက်လွတ် ဆုံးရှုံး သွားရတဲ့ သဘောတွေ ရှိကြတယ်။ အဲဒါကြောင့် အမေရိကားကို ရောက်ခါစလူတွေဆို နည်းနည်း အခက်အခဲ ဖြစ်တယ်။

မေး။ ။ COVID-19 နဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ လုပ်ဆောင်မှုက ဘယ်လိုရှိပါသလဲ။ စိတ်ကျေနပ်မှု ရှိလား။ ဘာတွေ လိုအပ်ချက် ရှိနေလဲ။

ဖြေ။ ။ ကျနော်ကတော့ သိပ်ပြီးအားမရဘူး။ New York City က အမေရိကားမှာဆိုရင် ဗဟိုချက်လို ဖြစ်သွားတယ်။ အရမ်း ဆိုးဝါးတဲ့ အခြေအနေရောက်သွားတယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ သမ္မတရယ်၊ ပြည်နယ် အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန် ရယ်က တယောက်နဲ့တယောက် အချင်းချင်း လှည့်ရန်ဖြစ်နေကြတယ်။

အဲ့ဒီလိုဖြစ်နေကြတော့ ဒီ Case တွေကလည်း အရမ်းကို ကြီးထွားလာတယ်။ ကျနော်တို့ မြန်မာပြည်နဲ့ ယှဉ်ကြည့်မယ် ဆိုရင် ကျနော်တု့ိ မြန်မာပြည်က အများကြီး ထောက်ပံ့ပေးတာ။ ကျနော်တို့လည်း သတင်းတွေမှာ ကြားနေရတယ်။ ဒီမှာက ဘာမှ မရဘူး။

မြန်မာပြည်မှာဆိုရင် Mask တို့၊ ဘာတို့ဆိုရင် လိုက်ပြီး ဝေငှတဲ့သူ ရှိတယ်။ ဒီမှာ ဘယ်သူမှ ဘာမှ မလုပ်ပေးဘူး။ ကိုယ့် ဘာသာ ရှာဝယ်။ ပစ္စည်းပြတ်လပ်တယ်။ ဝယ်လို့မရဘူး။ အဲ့ဒီလောက်အထိ အခက်အခဲဖြစ်တယ်။ ဒါကို ဘယ်သူမှ ဖြေရှင်း မပေးဘူး။ ကိုယ့်ဘာသာ ဖြေရှင်းရတယ်။

Quarantine ဝင်ပြီဆိုရင်လည်း ကျနော်တို့ မြန်မာပြည်မှာဆိုရင် ထဲထဲဝင်ဝင်လိုက်ပို့တယ်။ လာခေါ်တယ်။ ဒီမှာ အဲ့ဒီလို မရှိ ဘူး။ ရောဂါဖြစ်တယ်။ နေထိုင်မကောင်းဖြစ်တယ်ဆိုရင် ဆိုးဆိုးဝါးဝါးရှိမှ အရေးပေါ်ကို ခေါ်ပေါ့။ မဖြစ်ရင်တော့ အိမ်မှာပဲ နေ၊ ဘာဆေး၊ ဘာဆေး သောက်ဆိုပြီးတော့ ဖုန်းကနေပဲ ပြောတယ်။

လာကြည့်မပေးဘူး။ ကိုယ်နည်းကိုယ်ဟန်နဲ့ပဲ ကုရတယ်။ အဲ့ဒါကြောင့်မို့ အခုဘာဖြစ်လဲဆိုတော့ ကျနော်တို့ မြန်မာ အသိုင်း အဝိုင်းထဲမှာဆိုရင် ကိုဗစ်နဲ့ ပတ်သက်ပြီး သေဆုံးမှုက နယူးယောက် တခုတည်းမှာပဲ ၁၅ ယောက်ထက် မနည်း ရှိသွားပြီ။

ကျနော်တို့ မြန်မာအသိုင်းအဝိုင်းက ကူးစက် ပျံ့နှံ့သလိုဖြစ်သွားတယ်။ ဒီနေ့ပဲ တယောက်ထပ်ဆုံးတယ်။ မနေ့ကဆို မြန်မာ ၂ ယောက် ဆုံးတယ်လေ။ ဆက်တိုက်ဆိုသလို သေဆုံးကြတာ။ အဲ့ဒီအထဲမှာ အသက်အရွယ် အရမ်းကြီးတဲ့ လူတွေ ပါသလို လူငယ်ပိုင်းတွေလည်း ပါတယ်။

လူငယ်ပိုင်းတွေက ကျန်းကျန်းမာမာတွေပဲ။ အဲဒါက ဘာကြောင့်လဲဆိုတော့ နေမကောင်းလို့ အကြောင်း ကြားရင် သူတို့က ဖုန်းနဲ့ ဟိုဆေးသောက်၊ ဒီဆေးသောက်ဆိုတဲ့ ညွန်ကြားချက်တွေပဲ ပေးတယ်။ အဲ့ဒီလိုနဲ့ ဒီနေ့ နေမကောင်းလို့ အသက်မရှု နိုင်တော့ဘူးဆိုမှ ဆေးရုံကား လာခေါ်တော့ ညနေလောက်ဆို အဲ့ဒီလူသေပြီဆိုတာ သိရတယ်။ ဒီမှာက စောင့်ရှောက်မှုက တော်တော်လေးကို အားနည်းတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့အစိုးရဘက်ကလည်း ဆေးရုံတွေမှာကိုက မနိုင်မနင်းကို ဖြစ်နေတာ။ အဲ့ဒီလို မနိုင်မနင်းတွေ ဖြစ်နေလို့ သူတို့က ဆေးရုံကို အလာမခံတာ။ ဆေးရုံခေါ်ဖို့ မလုပ်တာပေါ့။ အိမ်မှာပဲကု၊ အိမ်မှာပဲ ကုဆိုတော့ သာမန် ဖျား နာရင်း၊ ဖျားနာရင်းနဲ့ပဲ နောက်ဆုံးတော့ အခြေအနေက ပြန်လမ်းမရှိ ဖြစ်ဖြစ် သွားတယ်။

မေး။ ။ နေမကောင်းရင် ဖုန်းနဲ့ပဲ ညွန်ကြားတယ်ဆိုတော့ အဲ့ဒီလူ ကိုဗစ်ပိုးရှိတယ်၊ မရှိဘူးဆိုတာ ဘယ်လို သိနိုင်မလဲ။ နောက်သူကနေ တခြားသူကို ကူးစက်မှုမရှိအောင် ဘာတွေ လုပ်ပေးသေးလဲ။ အမေရိကန်နိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံး နှုန်းတွေ ဘာကြောင့်များနေတယ်လို့ သုံးသပ်မိလဲရှင့်။

ဖြေ။ ။ အဲဒါက ပြောရနည်းနည်းခက်တယ်။ သူတို့က ဖုန်းဆက်ပြီး နေမကောင်းဘူးလို့ ပြောတဲ့အခါကျရင် လက္ခဏာတွေ မေးတယ်။ ဒီကိုဗစ်နဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်နေသလား။ လက္ခဏာပြလားလို့ မေးတယ်။ ပိုးရှိတဲ့ လက္ခဏာ ပြတယ် ဆိုရင်တော့ သူတို့က မစစ်ဘဲနဲ့ ကိုဗစ်ရောဂါခံစားရတဲ့သူလို့တော့ သတ်မှတ်တယ်။ လာမခေါ်ဘူး။ မကုပေးဘူး။ ဘာဆေးသောက်ပါလို့ပဲ ညွန်ကြားတယ်။ ဆေးမရှိရင် ကိုယ်ဘာသာ ထွက်ဝယ်ပေါ့။

ဆေးရုံကတော့ လုံးဝမခေါ်ဘူး။ ဆေးရုံခေါ်တယ်ဆိုတာက ကိုယ့်အိမ်မှာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့အချိန်၊ မရှူနိုင် မကယ် နိုင်ဖြစ်နေတဲ့ အချိန်လောက်မှ ၉၁၁ ကို လှမ်းခေါ်ရင် ကားရောက်လာပြီး လာခေါ်တယ်။ အဲ့ဒီလို လာခေါ်တဲ့ အချိန် ကျရင် တော်တော်လေးကို နောက်ကျသွားတယ်။ အဲဒါကြောင့် သေဆုံးနှုန်းက ပိုများလာတာ။

ကျနော်တို့နေတဲ့ ၆ ထပ်တိုက်မှာ အခန်းပေါင်းက ၅၀ လောက်ရှိတယ်။ ဘယ်အခန်းက ဘာဖြစ်နေမှန်း ဘယ်သူမှ မသိကြ ဘူး။ မြန်မာပြည်မှာဆိုရင် သိရတယ်။ ဘယ်နေရာမှာ ဘယ်လိုဆိုတာ။ ကျနော့်အောက်ထပ်က အခန်း တခန်းဆိုရင် မနက် အစောကြီး ဆေးရုံကားလာခေါ်သွားတယ် ပြောတယ်။ နောက် ၂ ရက်လောက်နေတော့ အဲ့ဒီလူဆုံးသွားပြီတဲ့။ ဘာကြောင့် ဆုံးတာလဲမေးတော့ မသိဘူး။

နောက် မြန်မာပြည်မှာဆိုရင် ရပ်ကွက်တွေမှာ ဆေးတွေ လိုက်ဖျန်းတယ်။ ကျနော်တို့ဆီမှာ အဲ့ဒီလို လုပ်ပေးတာ မရှိဘူး။ ဘာပိုးသတ်ဆေးမှ မဖျန်းဘူး။ အခုရောဂါက ဖြစ်လိုက်ရင် သေဆုံးတာ အရမ်းမြန်တယ်။ သန်သန်မာမာ လူကောင်းတွေ တောင် အဲဒါထိတာနဲ့ သေတာပဲ။

မေး။ ။ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်ပြန့်ပွားတာတွေ မဖြစ်ရအောင် Mask မတပ်ရင် ဒဏ်ရိုက်တာမျိုး၊ ဒေသန္တရ အမိန့် တွေ ထုတ်ပြီး တားမြစ်တာတွေရှိတယ်။ အမေရိကန်မှာ ဘယ်လိုတင်းကျပ်မှုတွေ လုပ်ထားတာရှိလဲ။

ဖြေ။ ။ အဲဒါကလည်း ပြည်နယ်တခုနဲ့ တခုတော့မတူဘူး။ ဒီမှာကလည်း ဗဟိုကနေ ထိန်းချုပ်တာ မဟုတ်တဲ့ အတွက် သူ့ဒေသနဲ့ သူပေါ့။ မြို့မှာဆိုရင် Mask တပ်ချင်တဲ့သူ တပ်တယ်။ အမိန့်ထုတ်ထားတယ်။ အမိန့်ဆိုတာကလည်း တချက်လွှတ် မဟုတ်ဘူး။ အကြံပေးတဲ့ သဘောပဲ ရှိတယ်။

မလုပ်မနေရ၊ မလုပ်ရင် ဘာလုပ်မယ်ဆိုတာမျိုး မရှိဘူး။ အဲ့ဒီတော့ Mask က တပ်တဲ့သူတပ်တယ်။ မတပ်တဲ့သူ မတပ်ဘူး။ ကျနော်တို့ ဈေးထွက်ဝယ်ရင် တွေ့နေရတယ်။ တင်းတင်းကျပ်ကျပ် လုပ်ထားတာတော့ မရှိဘူး။ ဒီမှာက Lockdown လုံးဝ ကို မလုပ်သေးဘူး။

မေး။ ။ မိသားစုတခုမှာ လူတယောက်က ကိုဗစ်နဲ့ သေဆုံးသွားရင် အစိုးရက မိသားစုဝင်တွေရဲ့ ကျန်းမာရေး အခြေအနေ ကစပြီး ဘာတွေများ ဆောင်ရွက်ပေးတာ ရှိလဲ။

ဖြေ။ ။ အဲဒါက ကျနော်တို့ဆီမှာ ဘာမှ မသိရဘူး။ ဘယ်မိသားစုဝင်က ဘာရောဂါကြောင့် ဆုံးတယ်။ ဘယ်အိမ်ကတော့ ကိုဗစ်ရောဂါ လူနာရှိနေပြီ။ ဘယ်ကလူကတော့ ဆုံးသွားပြီ စတာတွေ ဘာတခုမှ ကျနော်တို့ မသိရဘူး။ တခုခု အရေးပေါ် ဖြစ်တယ် ဆိုရင် အရေးပေါ်ကား လာတော့မှပဲ သိရတယ်။

အဲဒါကြောင့် ကျနော်တို့လည်း အရမ်းကြောက်နေရတာ။ အဆက်အသွယ် မရှိတဲ့သူဆိုရင် သေသာသေသွားတယ်။ ဘာကြောင့် ဆိုတာ သိရမှာမဟုတ်ဘူး။ ကျနော်တို့ဆို ဟိုဘက်အခန်းနဲ့ ဒီဘက်ခန်းကို မကူးကြဘူး။ ပြောစရာရှိရင် ဖုန်းနဲ့ပဲပြောတယ်။ တော်တော်လေးကို စိုးရိမ်ရတယ်။

အခုဒီရောဂါက ရုပ်ပိုင်းဆိုင်ရာကိုပဲ ထိခိုက်တာ မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာတယ်။ ဘာလို့လဲ ဆိုတော့ အိမ်ထဲမှာပဲ သီးသန့်နေရတယ်။ ကြာလာတော့ လူက နည်းနည်း ချောင်းဆိုးရင်ဖြစ်ဖြစ်၊ နှာခေါင်းမွှန်လို့ နှာလေးချီမိတာနဲ့ပဲ ငါ့များရောဂါကူးပြီလား ဆိုပြီး အဲ့ဒီလိုမျိုး ရင်တမမနဲ့ နေရတာ။

မေး။ ။ အပြင်ထွက်ဈေးဝယ်တာ၊ အလုပ်သွားတာရှိလား။ အပြင်ထွက်ရင်ရော ဘယ်လို အကာအကွယ်လုပ်သွားလဲ။

ဖြေ။ ။ အဲ့ဒါတော့ရှိတယ်။ဈေးကတော့ တပတ်တခါသွားဝယ်တယ်။ အိမ်ကနေ စထွက်ကတည်းက နှာခေါင်းတွေ သေချာ အုပ်ရတယ်။ ပိုးသတ်တဲ့ စပရေးဘူး ဆောင်ထားရတယ်။ နောက် လက်ဆေးရည်တွေ၊ ပိုးသတ်ဆေးရည်တွေဆိုရင် ခါးပတ် မှာ ချိတ်ထားတယ်။

နောက် ကားတံခါးတို့၊ အိမ်တံခါးတို့ကအစ သုံးပြီးတာနဲ့ ချက်ခြင်း ဆေးဖျန်းတာပဲ။ တော်တော်လေးကို သတိထားရတယ်။ မမြင်ရတဲ့အရာဆိုတော့ ဘယ်လိုကိုင်တွယ်ရမှန်း မသိဘူးလေ။ ဒါကြောင့်လည်း ကူးစက်မှုက အရမ်းများတယ်။

တခြားသူတွေလည်း တော်တော်များများ အဲ့ဒီလိုလုပ်ကြပါတယ်။ တချို့ကန့်လန့်တိုက်ချင်တဲ့သူတွေသာ မတပ်ကြတာ။ အဲ့ဒီလိုလူတွေလည်းရှိတယ်။ ဘာအကာအကွယ်မှ မလုပ်ထားတဲ့သူတွေပေါ့။ ဝယ်လာတဲ့ ပစ္စည်းတွေလည်း သန့်စင် ဆေးကြော တာတွေ သေချာလုပ်တယ်။

နောက် အရေးကြီးတာတခုက စာတိုက်ပုံးကနေ စာအိတ်သွားယူတဲ့ အလုပ်ပေါ့။ ဟိုတလောက အမျိုးသမီးကြီး တယောက် ဆို အိမ်မှာ သူတယောက်တည်းနေတာ၊ ဘယ်မှလည်း မသွားဘူး။ သူ့အိမ်အဝင်အထွက် ဘယ်သူမှလည်း မရှိဘူး။ ဒါပေ မယ့် ကိုဗစ်ပိုး အကူးခံလိုက်ရပြီး သေသွားတယ်။ သူတို့ သုံးသပ်လိုက်တာက သူသည် စာအိတ် သွားယူတာကနေ ကူးစက် ခံရတယ်။ စာအိတ်ကနေ ပိုးကပ်ပါလာတယ်လို့ သုံးသပ်ကြတယ်။ အဲဒါကြောင့် ကျနော်တို့လည်း စာအိတ်သွားယူရင် စာအိတ်ကို ပိုးသတ်ဆေးဖျန်းတယ်။ နေလှမ်းတယ်။ ခြောက်မှ သွားယူတယ်။ အခုဆိုရင် စာတိုက်လုပ်ငန်းတို့၊ ပါဆယ် လုပ်ငန်းတို့ စတဲ့သူတွေက အများကြီးကို ကူးစက်ပျံ့နှံ့တာတွေ ဖြစ်နေတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ ကိုဗစ်လုပ်ဆောင်မှုနဲ့ အမေရိကန်နိုင်ငံရဲ့လုပ်ဆောင်မှုက ဘာတွေကွာခြားလဲ။ ဘာတွေ လိုအပ်ချက် ရှိနေလဲ။

ဖြေ။ ။ မြန်မာပြည်ရဲ့လုပ်ဆောင်မှုတွေကို ပိုပြီးအားရတယ်။ မြန်မာပြည်က အထောက်အကူပေးကြတယ်။ ဒီမှာဆိုရင် Quarantine အတွက်ကို ဘာ Facility မှ မရဘူး။ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေရတယ်။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေရတော့ ရောဂါက သက်သာလာလား၊ မသက်သာဘူးလား ဆိုတာ ဘာမှ မသိရဘူး။

ဒါပေမယ့် မြန်မာပြည်ရဲ့အားနည်းချက်က အမိန့်ကြေညာချက်တွေ ထုတ်တာပဲ။ အမိန့်တွေက ထုတ်ပြီးရင် ကလေး ကစား သလို ဖြစ်နေတယ်။ လိုက်နာတဲ့သူ ရှိသလို မလိုက်နာတဲ့သူတွေက များနေတယ်။ နောက် တချို့အမိန့်တွေက အခု ချက်ချင်း ထုတ်လိုက်တာမျိုး။

နောက် ရှေ့နောက် လွဲနေတာလေးတွေကတော့ အားမရဘူး။ ရှေ့နောက်လွဲတယ် ဆိုတာက အပေါ်ကနေ ညွန်ကြား လိုက် တာက လူစုလူဝေး မလုပ်ရဆိုတာမျိုးကို ပြည်နယ်အစိုးရတွေက လူစုလူဝေးနဲ့ ဟန်ရေး ပြနေတာတွေ အဲဒါတွေက တော့ ပြင်နိုင်ရင် အကောင်းဆုံးပေါ့။

မြန်မာပြည်က ကံကောင်းတဲ့ အချက်ကလည်း ရာသီဥတုပူတာတို့၊ နောက် ဖက်ပြီး နုတ်ဆက်တာမျိုးလည်း မလုပ်ကြဘူး။ နောက် အစားအသောက်ဆိုရင်လည်း များသောအားဖြင့်က ဟင်းသီးဟင်းရွက် လတ်လတ် ဆတ်ဆတ်စားရတယ်။ အဲဒါ တွေ ကလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။

အမေရိကန်ကိုကျတော့ ကျနော်တို့က ဖြစ်စေချင်တာက Lockdown လုပ်ပြီးတော့ ကာဖျူးလိုမျိုး ထုတ်စေချင်တာ။ ကျနော် တို့ ဆီမှာ အလုပ်တွေဆိုလည်း မပိတ်ဘူး။ ပိတ်တဲ့အလုပ်ကတော့ ပိတ်တယ်။ မပိတ်တဲ့ အလုပ်က မပိတ်တော့ လူတွေက အများသုံးတဲ့ သယ်ယူပို့ဆောင်ရေးကို အသုံးပြုကြတယ်။ အဲဒီမှာ ရောဂါတွေ ပျံ့နှံ့နေ သလိုခံစားနေရတယ်။ မြန်မာပြည် လိုမျိုး လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့ဆို အခုဆိုရင် ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းနေရတာ။ ဘာမှ အထောက်အကူ မရဘူး။

မေး။ ။ ဘယ်လို အလုပ်မျိုးတွေက ပိတ်တာလဲ။ အစိုးရဌာနတွေက ဖွင့်လား။

ဖြေ။ ။ အစိုးရကတော့ ဘယ်လိုအလုပ်မျိုးတွေက မရှိမဖြစ် အလုပ်တွေ၊ ဘယ်လိုမျိုးအလုပ်တွေက ပိတ်ဖို့ လိုအပ်တဲ့ အလုပ် ဆိုတာ သူက ခွဲထားပေးတယ်။ အစိုးရ ဌာနတွေကလည်း ဖွင့်ဖို့လိုအပ်တာတွေ ဖွင့်ပါတယ်။ တော်တော်များများ တော့ ရုံးဖွင့်ကြတယ်။ ဈေးဆိုင်တို့၊ စူပါမားကက်တို့လို ဟာတွေကျတော့ တောက်လျှောက်ဖွင့်ပေးနေရတယ်။ ဒီမှာက မရှိ မဖြစ် အလုပ်သမားနဲ့ အလုပ်လုပ်ဖို့ မလိုတဲ့ အလုပ်သမားဆိုတာ ခွဲထားတယ်။ မရှိမဖြစ်တဲ့ လုပ်ငန်းတွေဆိုရင် မပိတ်ဘူး။ ဘဏ်တို့၊ ဈေးတို့ဆို မပိတ်ဘူး။ စားသောက်ဆိုင်တို့ ဘာတို့ကတော့ ပိတ်တယ်။ ဒါကလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ ပိတ်ကြတာ။

ဒါတွေက ဆင့်ကဲဆင့်ကဲ အကျိုးသက်ရောက်မှု ရှိတယ်။ စူပါမားကက် ဆိုရင် ကုန်စည်သွင်းတဲ့ ဒိုင်တွေက ပစ္စည်း မလာ တော့ဘူး ဆိုရင် တချို့ဆိုင်မှာကလည်း ရောင်းစရာကလည်း မရှိတော့ ပိတ်ထားရတယ်။ တချို့က ပိတ်ထားပြီး ၃ ရက် လောက်ကြာမှ ပြန်ဖွင့်တာလည်း ရှိတယ်။ ဒီမှာဆိုရင် ဆံပင်ညှပ်ဆိုင်တွေ မဖွင့်ဘူး။ စားသောက်ဆိုင်တွေ မဖွင့်ဘူး။ ထိုင်တာကတော့ လက်မခံဘူး။ ပါဆယ်ထုတ်ပြီး လိုက်ပို့တာရှိတယ်။

နောက်တခု အရေးကြီးတာက ဆရာဝန်ပေါ့။ ကိုယ့်ကို သီးသန့်ကုသပေးတဲ့ဆရာဝန်တွေ အခုဆိုသူတို့က သူတို့ ကိုယ်ပိုင် ဆေးခန်းတွေ မဖွင့်ကြတော့ဘူး။ ကိုယ်ကနေ ဖုန်းဆက်ပြီး သူတို့နဲ့ ဆက်သွယ်ရတယ်။ တချို့ အဲ့ဒီလို ကိုယ်ပိုင်ဆရာဝန် တွေ က မလာချင်တော့လို့ ဖုန်းတောင် မကိုင်ကြတော့ဘူးလို့ ပြောနေတာတွေ ကြားရတယ်။ မြန်မာပြည်နဲ့တော့ကွာတယ်။ မြန်မာပြည်မှာဆို ဆရာဝန်တွေက ကိုယ်ဖိရင်ဖိ ပြုစုကြတာ။ ဒီမှာက မနိုင်မနင်း ဖြစ်တယ်သာ ပြောတာ ဆရာဝန်တွေကမှ မကုချင် ကြတာ။ ဆေးရုံကြီးကလွဲရင် ဘာဆေးခန်းမှ မရှိတော့ဘူး။ အရေးပေါ်ဖြစ်ရင် ၉၁၁ ကို ခေါ်။ မြန်မာပြည်ကတော့ ရှားပါးတယ်။ ဒါပေမယ့် မေတ္တာရှေ့ထားတယ်။ ဒီမှာက မေတ္တာခေါင်းပါးကြတယ်။

အခုသတင်းမှာ New York City မှာ သေသွားတဲ့ ၃ ပုံ ၁ ပုံလောက်က ကိုဗစ်ရောဂါနဲ့ သေတယ်လို့ ပြောထားပေမယ့် အဲဒီ ၃ ပုံ ၁ ပုံလောက် လူတွေကို ဓာတ်ခွဲစစ်ဆေးခြင်း မပြုခဲ့ဘူးလို့ ပြောထားတယ်။ ဒီတော့ အခုက ဒီမှာ မြို့တော်ဝန်နဲ့ အုပ်ချုပ် ရေးမှူးတွေက ရောဂါသိပ်မဖြစ်တဲ့ ပြည်နယ်တွေက ဆေးဝန်ထမ်းတွေကို လာပြီး ကူညီဖို့ ဖိတ်ခေါ်နေရတယ်။ မနေ့ကတော့ သူနာပြု ၁၀၀ ကျော် ရောက်လာကြတယ်။

နောက်မြို့တော်ဝန်က ကျောင်းတွေကို ဒီနှစ်ပညာသင်နှစ် ကုန်တဲ့အထိပိတ်မယ်လို့ ကြေညာလိုက်ပေမယ့် ပြည်နယ် အုပ်ချုပ် ရေးမှူးက ပိတ်ရကောင်းလား ဆိုပြီး ပြဿနာဖြစ်ကြတယ်။ ဇွန်ဆိုရင် ပညာသင်နှစ်က ကုန်ပါပြီ။ အခုကတော့ ကျောင်းဖွင့်ထားပေမယ့် ကျောင်းလာတက်စရာမလိုဘဲ အွန်လိုင်းကနေပဲ စာသင်တယ်။

မေး။ ။  အိမ် အပြင်ထွက်မှု အနေအထားက ပုံမှန်ပဲလား။ ဘယ်လောက်လောက် လျော့ကျသွားလဲ။

ဖြေ။ ။ လျော့တာက သိသိသာသာ လျော့တယ်။ ဒါပေမယ့် သွားလာမှုကတော့ ရှိနေတာပဲ။ ကာဖျူး ထုတ်ထားသလို လုံးဝ ခြောက်ကပ် သွားတာမျိုးတော့ မဟုတ်ဘူး။ ထွက်သင့်သလောက်တော့ ထွက်နေကြတာပဲ။ ထွက်တဲ့ သူအများစုကတော့ အကာအကွယ် လုပ်ကြတယ်။ တချို့ကတော့ မလုပ်ကြဘူး။

မေး။ ။ နောက်ဆုံး အနေနဲ့ ထပ်ဖြည့် ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ။ ။ မြန်မာပြည်မှာ ပိုးစမတွေ့ခင်က ကျနော်က Live လွှင့်ပြီး ဆင်ခြင်ဖို့ တိုက်တွန်းသေးတယ်။ အဲဒီအချိန်မှာ မြန်မာပြည် က မဖြစ်သေးတော့ ပေါ့နေသလိုမျိုး မြင်ရတယ်။

ဟိုနေ့ကလေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာစ့်မလေး ပြောသွားသလိုမျိုး ဆေးရုံက လူနာတွေက မိုက်က၏ခရိုဝေ့ မီးဖိုတို့ ရေခဲသေတ္တာတို့ လိုချင်တယ်ပြောတာ။ ကျနော်တို့ဆီမှာတောင် မရဘူး။

အမေရိကန်က ဘာပဲဖြစ်ဖြစ် နံပါတ် ၁ နေရာကိုပဲ လိုချင်တာ၊ အခုကပ်ရောဂါကိုပဲ ကြည့်။ အဆုံးကို ရောက်သွားတာ။ ထိန်းမနိုင်သိမ်းမရတာဘဲ ကြည့်တော့။ အဲ့ဒီတော့ မြန်မာပြည်က သိပ်ပြီးတာ့ ဆန္ဒမစောပါနဲ့။ အစိုးရကိုလည်း အပြစ် မတင် ပါနဲ့။ လုပ်နိုင်သလောက် လုပ်ပေးနေတာ။  ။

You may also like these stories:

COVID-19 ထပ်တိုး ဓာတ်ခွဲခန်းတခု စမ်းသပ် စစ်ဆေးနေ

အစိုးရညွှန်ကြားချက် မလိုက်နာသည့် စက်ရုံများကို ချက်ချင်း စစ်ဆေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပြော

မြန်မာနိုင်ငံရဲ့ တလတာ COVID-19 မှတ်စု

Did you find apk for android? You can find new Free Android Games and apps.
Loading