မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်တွေ့ရှိခဲ့သည့် မတ်လ ၂၃ ရက် ညပိုင်းမှ စတင် တွေ့ရှိရပြီး ယခုအခါ ပိုးတွေ့သူ ၁၄၀ ကျော် အထိ ရှိနေပြီ ဖြစ်သည်။
ထိုကြောင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ယခင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကို ကာလတိုးမြင့်၍ လိုက်နာရန် ညွှန်ကြားထားသည်။
လက်ရှိတွင် ရောဂါဖြစ်ပွားမှုမှာ ဆက်လက်၍ ကူးစက်ပျံ့နှံနေပြီး အစိုးရ အနေနှင့် ဒေသအလိုက် Community Quarantine လုပ်ခြင်းကို မေလလယ်အထိ ကာလ ထပ်မံတိုးမြင့်ထားခြင်းတို့ကြောင့် အခြေခံ စားသောက်ကုန်များကို ဝယ် ယူစုဆောင်းမှုများ ရှိနေသလို ပြည်တွင်း၌ စားနပ်ရိက္ခာ လိုအပ်ချက်လည်း ရှိနေသည်။
အစိုးရအနေနှင့် ပြည်သူများအတွက် အခြေခံ စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်စေရန်နှင့် ဖူလုံမှုရှိစေရန် အတွက် နိုင်ငံတော် အခြေခံ စားနပ်ရိက္ခာ ဝယ်ယူမည့် အခြေအနေများ၊ ပြည်ပနိုင်ငံများက ကုန်အမှာစာများ ရှိနေသော် လည်း ပြည်တွင်း လိုအပ်ချက်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် စီစဉ်ထားမှု အခြေအနေများ၊ ယခုအချိန်တွင် စီးပွားရေး လုပ်ငန်းရှင်များ ခုသာခံသာ လုပ်ကိုင်နိုင်မှု ရှိစေရန် ဆောင်ရွက်နေသည့် အခြေအနေများကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင် ကို ဧရာဝတီ သတင်းထောက် မျိုးပပစန်းက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ COVID-19 နဲ့ ပတ်သက်ပြီး စားနပ်ရိက္ခာ ဖူလုံဖို့အတွက် နိုင်ငံတော် အရန်ဆန်နဲ့ ဆီ ဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိ ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်တော့လောက် ဝယ်ယူပြီး တိုင်းနဲ့ ပြည်နယ်တွေကို ဘယ်လိုမျိုး ခွဲခြားထားပါသလဲရှင့်။
ဖြေ။ ။ အရန်ဆန်နဲ့ ပတ်သက်ပြီးတော့ ဧပြီလထဲမှာ ဆန်ပို့ကုန် လိုင်စင်ကို ခဏ ဆိုင်းငံ့ ထားခဲ့တယ်။ ဘာကြောင့်လည်း ဆိုတော့ အဓိကတော့ COVID-19 ကြောင့် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံဖို့အတွက် တွက်ချက်ဖို့ ကိစ္စရယ်။ ဒါကို ခဏဆိုင်း ငံ့ ခဲ့တယ်။ မတ်လထဲမှာတော့ လိုင်စင်တွေ ခွင့်ပြုပေးခဲ့တာ ရှိတယ်။ နိုင်ငံတော်ကလည်း စနစ်တခုနဲ့ ဆန်ဖြန့်ဝေဖို့ ကိစ္စ တွေ ရှိတယ်။ အဲဒီအတွက် ဘတ်ဂျက်ကို တင်ပြခိုင်းတယ်။
ဒါကြောင့် နိုင်ငံတော် အနေနဲ့ အရန် ရိက္ခာဖြည့် ဆန်တန်ချိန် ၅ သောင်းရယ်၊ ဆီ တန်ချိန် ၁ သောင်း၂ ထောင်ရယ်ကို ဝယ် သင့်တယ်လို့ ကျနော်တို့ တင်ပြခဲ့တယ်။ တင်ပြခဲ့တဲ့ အပေါ်မှာ လည်း နိုင်ငံတော်က ခွင့်ပြုခဲ့လို့ ကျပ် ၃၈ ဘီလီယံ ခွင့်ပြု ရန်ပုံငွေ ရရှိပြီး ဖြစ်တယ်။
နိုင်ငံတော်ကို မတင်ပြခင်က မတ်လမှာ ဆွေးနွေးပြီးနောက်ပိုင်း လိုင်စင် ထုတ်ပေးတာ ရှိတယ်။ ဆန်ပို့ကုန် လိုင်စင် တန် ချိန် ၁ သိန်း လောက်ရှိ တယ်။ အဲဒီအပေါ်မှာ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော် အရန်ဆန်အတွက် ရောင်းပေးရမှာ ဖြစ်တယ်။ ရောင်းပေးတဲ့ နေရာမှာ နိုင်ငံတော်အနေနဲ့ ငွေပေးပြီး ဝယ်ယူသွားမှာ ဖြစ်တယ်။ ဒါက ပထမအဆင့် စတယ်။ ဒုတိယပိုင်း အနေနဲ့က ဧပြီလမှာ ဆန်ပို့ကုန် လိုင်စင်ကို ခေတ္တ ဆိုင်းငံ့ထားတာပေါ့။ မေလမှာ ပြန်ဖွင့်ပေးဖို့ ရည်ရွယ်တယ်။
တန်ချိန် ၁ သိန်းခွဲလောက် ဆန်ပြည်ပ တင်ပို့ခွင့် လိုင်စင် ခွင့်ပြုပေးဖို့ လုပ်ထားတယ်။ အဲဒီလို လုပ်တဲ့နေရာမှာလည်း ပို့ ကုန် လိုင်စင် မလျှောက်ခင် နိုင်ငံတော်ဘက်ကို ၁၀ ရာခိုင်နှုန်း အရန်ဆန် ရောင်းပေးရမယ်။ ဥပမာ ဆန်တန်ချိန် ၁၀၀၀ ပို့ မယ်ဆိုရင် တန်ချိန် ၁၀၀ နိုင်ငံတော်ကို လာရောင်းပေးရမယ်။ ရောင်းပြီးရင် သူတို့ကို ပို့ကုန်လိုင်စင် ခွင့်ပြုမယ် ဆိုတဲ့ ဟာနဲ့ ကျနော်တို့ဘက်က အသေးစိတ် ညိုနှိုင်းခဲ့တယ်။
ပထမအဆင့် အနေနဲ့ ၂၇ ရက်မှာ မတ်လက ခွင့်ပြုထားတဲ့ ဆန်တန်ချိန် ၁ သိန်းက နိုင်ငံတော် အပ်ရမယ့် အရန်ဆန် ၁၀ ရာခိုင်နှုန်းကို စ လက်ခံဖို့ လုပ်နေပြီ။ လုပ်တဲ့အခါမှာလည်း အကြမ်းဖျင်းက တော့ ရန်ကုန်နဲ့ မန္တလေးမှာ လက်ခံဖို့ ဆောင် ရွက်မယ်။ ရန်ကုန်ကတော့ ပင်လယ်ရေကြောင်းက တင်ပို့တဲ့ ဆန်တွေ အားလုံးကို လက်ခံမယ်။
နယ်စပ်က တင်ပို့တဲ့ ဆန်တွေ အားလုံးသည် မန္တလေးမှာ ပေးသွင်းရမယ်ဆိုပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ဒါကတော့ လို အပ်လို့ရှိရင် လိုအပ်တဲ့ နေရာတွေကို ထောက်ပံ့နိုင်အောင်လို့ ဆောင်ရွက်ခဲ့တာ။ ဒုတိယ အဆင့်အနေနဲ့ မေလအတွက် လိုင်စင်တွေ ခွင့်ပြုဖို့ ဖြစ်တယ်။ ဘာဆန်ပဲ ပို့ပို့ နိုင်ငံတော်ကို ဧည့်မထဆန် ၁၀ ရာခိုင်နှုန်း ရောင်းပေးရမယ်။ ပြည်ပ တင်ပို့ မှုက အရန်ဆန် ဘာလို့ဝယ်လဲဆိုရင် ပြည်တွင်း ရိက္ခာ ဖူလုံဖို့ကိုလည်း စဉ်းစားတယ်။ တောင်သူလယ်သမား အကျိုးစီးပွား ကို စဉ်းစားတယ်။
ပြီးခဲ့တဲ့နှစ်ကလို မိုးစပါးထွက်တဲ့ အချိန်လို စပါးဈေးနှုန်းတွေကျရင် အကျိုးကျေးဇူး သိပ်မရဘူးပေါ့။ ဒါကြောင့်မို့ တောင်သူ အတွက်လည်း အကျိုးရှိဖို့ ရည်ရွယ်တယ်။ နောက်တချက်က နိုင်ငံ စီးပွားရေးရဲ့ အဓိကက လယ်ယာထွက်ကုန်တွေ ဖြစ် တယ်။ အခုလိုအချိန်ခါမှာ နိုင်ငံစီးပွားရေး ပြန်လည် နိုးထဖို့အတွက်ကို ပို့ကုန်လိုင်စင် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ဆန် ပြည်ပ တင်ပို့ခွင့် ပေးမယ်။ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော် အရန်ဆန် ပေးရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆောင်ရွက်တာပေါ့။ ဒါနဲ့ ပတ် သက်ပြီး အသေးစိတ်ကတော့ မန္တလေးမှာရှိတဲ့ ကုန်သည် လုပ်ငန်းရှင်တွေ၊ ရန်ကုန်မှာရှိတဲ့ ကုန်သည်လုပ်ငန်းရှင်တွေ အား လုံးပေါင်း လုပ်နိုင်ဖို့ စီစဉ်ပြီးသွားပြီ။
မေး။ ။ နိုင်ငံတော် အရန်ဆီ အနေနဲ့ကရော ဘယ်လို တင်သွင်း ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ မြန်မာ တနိုင်ငံလုံးအတွက် စားအုန်းဆီကတော့ ၁ လ လိုအပ်ချက်က ပုံမှန် တန်ချိန် ၆ သောင်းလောက် ရှိတယ်။ ဆန်ကတော့ ပြည်တွင်းက ထွက်တာပေါ့။ ဆီကတော့ နိုင်ငံခြားကနေ လိုအပ်ချက်အရ သွင်းနေရတာ ဖြစ်တယ်။ ဒါကို ချိန် ဆ ကြည့်တဲ့အခါမှာ တလကို တန်ချိန် ၆ သောင်းလောက် သွင်းရတဲ့ အနေအထား ဖြစ်တယ်။ လက်ရှိမှာလည်း မေလ အတွင်းမှာဆိုရင် သင်္ကြန်မတိုင်ခင် တန်ချိန် ၃ သောင်းခွဲလောက် သွင်းထားပြီး သွားပြီ။ သင်္ကြန်အပြီးမှာလည်း တန်ချိန် ၅ သောင်းလောက် ရောက်ဖို့ ရှိတယ်။
အဲဒီတော့ တန်ချိန် ၈ သောင်းလောက် ရောက်မယ်ဆိုတဲ့ အနေအထားကို တွေ့ရတယ်။ လာမည့် မေလမှာလည်း ထပ်ပြီး ရောက်ဖို့က တန်ချိန် ၆ သောင်းလောက် ရှိနေတယ်။ ဒါကြောင့်မို့ အခြေအနေ အရ ဧပြီ၊ မေ အထိက ပူဖို့မလိုတဲ့ အနေအ ထားတော့ ရှိတယ်။ အသေးစိတ် ကုန်သည်တွေနဲ့ ညိုနှိုင်းချက်အရ သူတို့ဆီမှာ စားအုန်းဆီ သိုလှောင်ကန်တွေ ရှိတယ်။ သိုလှောင်ကန်တွေမှာ နိုင်ငံတော်က လိုအပ်ရင် ချက်ချင်းယူလို့ ရအောင် ဆီတန်ချိန် ၁ သောင်း ၂ ထောင်ကို အမြဲတမ်း ချန်ပေးထား ခိုင်းတယ်။
ဘယ်လောက်ပဲ တင်သွင်းလာပါစေ၊ စားအုန်းဆီကန်တွေမှာတော့ တန်ချိန် ၁ သောင်း ၂ ထောင် ကျန်နေရမယ်။ အဲဒါကို လည်း ကြီးကြပ်ရေး အဖွဲ့တွေနဲ့ နေ့စဉ် စစ်ဆေးပြီးတော့ ဆီကန်တွေရဲ့ လက်ကျန် အခြေအနေကို စစ်ဆေး ဆောင်ရွက် နေတယ်။ ဒါက ပုဂ္ဂလိက လုပ်ငန်းရှင်တွေဘက်က ဆီချန်ပေးတဲ့ အနေအထားပေါ့။ နိုင်ငံတော်ဘက်ကလည်း ဆီတန်ချိန် ၁ သောင်း ၂ ထောင် ဝယ်ယူဖို့ ကျန်ရှိနေသေးတယ်။ ဒါကိုလည်း ပြင်ဆင်ထားတယ်။ ဘယ်လို ဝယ်မလဲဆိုတော့ ဆီကန် တွေ အခက်အခဲအရ ၁၀ ဘီးကားဝင်တဲ့ ကားတွေနဲ့ ဝယ်ဖို့ ရှိတယ်။ ပလပ်စတစ်ပုံး အထူတွေနဲ့ပေါ့။
ဝယ်ဖို့ လက်ရှိမှာတော့ အသင်းနဲ့ ညိုနှိုင်း ဆောင်ရွက်နေတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ အသင်းနဲ့ ညိုနှိုင်း ဆောင်ရွက်နေ တဲ့ အနေအထား ရှိပါတယ်။ ဒါက အရန်ဆန်နဲ့ ဆီ၂ ခုကိုတော့ အရန် ရိက္ခာအဖြစ် နိုင်ငံတော်က ဝယ်ယူထားဖို့ ဆောင် ရွက်တာ ဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ဧပြီမှာ ဘယ်လောက်ပေးနိုင်လဲ၊ မေမှာ ဘယ်လောက် ပေးနိုင်လည်းဆို တာ ညိုနှိုင်းနေတယ်။ အမြန်ဆုံး ဆောင်ရွက်သွားမှာပါ။
မေး။ ။ ဈေးနှုန်းတွေ ကျတော့ရော အပြင် ကာလပေါက်ဈေးနဲ့လား ဘယ်လိုမျိုး ညိုနှိုင်းထားပါသလဲ။
ဖြေ။ ။ ဆန်တအိတ်ကို လက်ရှိမှာ၂၁၆၀၀ နဲ့ပေါ့ အကြမ်းဖျင်း ညိုနှိုင်းထားပါတယ်။ ဆန်ကုန်သည်အသင်း၊ ဆန်စက်ပိုင်ရှင် အသင်း၊ ဆန်စပါး အသင်းချုပ်တွေနဲ့ ညိုနှိုင်းထားတယ်။ လက်ရှိမှာလည်း လယ်ယာထွက်ကုန်ဘက်က ဝယ်ထားတဲ့ ဆန် တွေ ရှိတယ်။ ကျပ် ၁၅ ဘီလီယံနဲ့ အခြေခံ စပါးဈေးကျလို့ ဆိုပြီး စပါးတင်း ၁၀၀ လျှင် ကျပ် ၅ သိန်းနဲ့ ဝယ်ထားတဲ့ ဆန် တွေ ရှိတယ်။ အဲဒီ ဆန်တွေထဲကလည်း လိုအပ်လို့ရှိရင် အရန်ဆန်ဘက်က ဝယ်ယူဖို့ ဆောင်ရွက်သွားမှာပေါ့။ လယ်ယာ ထွက်ကုန်ဘက်က ကိစ္စတခု၊ အရန်ဆန်က ကိစ္စတခုပေါ့။
အကြမ်းဖျင်းကတော့ တအိတ် ကျပ် ၂၁၆၀၀ နဲ့ ဝယ်ဖို့အတွက် အားလုံး အသေးစိတ် ညိုနှိုင်း ဆောင်ရွက်ပြီးသွားပြီ။ ဒါက လက်ရှိ ပေါက်ဈေးထက်စာရင် ဈေးနည်းတယ်။ လက်ရှိဈေးက တအိတ်ကျပ် ၂၄၀၀၀ လောက် ရှိတယ်။ ပြည်ပဈေးကွက် မှာလည်း ဆန်ဝယ်လိုအားက များနေတယ်။ ဆန်ဈေးနှုန်း ပြည်ပတင်ပို့တဲ့ ဆန်ဈေးနှုန်းကလည်း မြင့်တက်နေတယ်။ ဒါ ကြောင့် သူတို့ဘက်လည်း နိုင်ငံတော်အတွက် အရှုံးခံရောင်းသလို တဖက်ကလည်း ပြည်ပတင်ပို့တဲ့ ဆန်မှာ အကျိုး အမြတ်ရမယ်။ ဒါကြောင့်မို့ နိုင်ငံတော် အတွက်ကိုလည်း လက်ရှိ ပေါက်ဈေးထက်လျှော့ပြီး ရောင်းဖို့ အားလုံးက လက်ခံတဲ့ အနေအထားပါ။
မေး။ ။ ဆရာတို့ အခု ဝယ်မယ့် ဆန်တန်ချိန် ၅ သောင်း ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် တွက်ချက်ထားတာ လား။ လုံလောက်မှု ရှိပါသလား။
ဖြေ။ ။ ပြည်တွင်း ရိက္ခာအတွက်က ပုံမှန်အရဆိုရင် နှစ်စဉ် ပိုလျှံမှု ရှိတယ်။ နှစ်စဉ် ဆန်တင်ပို့မှုက တန်ချိန်၂ သန်း ကျော် လောက် တင်ပို့တယ်။ လက်ရှိမှာတော့ တန်ချိန် ၁ ဒသမ ၇ သန်းလောက် တင်ပို့ ရသေးတယ်။ ပုံမှန်၂ သန်းကျော် ပို့တော့ ပိုလျှံမှု က အများကြီး ရှိတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ရိက္ခာဖူလုံရေး အတွက်ကို အဓိက ကြည့်တာပေါ့။ ပုံမှန်စီးဆင်းမှု အရ ပြည်တွင်းမှာ နယ်တွေကနေ ရန်ကုန်ဝင်လာမယ် ဘုရင့်နောင် ဝင်လာမယ်။ ဝါးတန်းတို့ ဝင်လာမယ်။ ကုန်စည် စီး ဆင်းမှုနဲ့ ဖြန့်ကျက် သွားမယ်ပေါ့။
ဒါပေမယ့် COVID-19 တွေ့ရှိမှု ရှိတယ်။ ပုံမှန်ကျတော့ နေ့စဉ် ရန်ကုန်ကို ဆန်အိတ်ရေ ၅ သောင်းနဲ့ ၇ သောင်းကြား လောက် ဝင်နေတယ်။ COVID-19 တွေ့တဲ့ အခါကျတော့ လူတွေက အတင်းဝယ်တဲ့ ဟာတွေ ရှိတယ်။ အဲဒီတော့ လိုအပ် ချက် ဖြစ်တာထက် ပိုဝယ်တဲ့ဟာဖြစ်သွားပြီ ပုံမှန် ဆန်အိတ် ၅ သောင်းက စီးဆင်းနေတာက ဆန်အိတ် ၁ သိန်းလောက် ဖြစ်သွားတဲ့ အခါကျတော့ ဒီဈေးကွက်မှာ ပြတ်လပ်မှုနဲ့ ဈေးနှုန်း မတည်ငြိမ်မှုတွေ ဖြစ်လာတာပေါ့။ ဒါကြောင့်မို့ နိုင်ငံတော် ရဲ့ အရန်ဆန် ဆိုတာက ဒီလို ကိစ္စတွေမှာ ထောက်ပံ့ပေးနိုင်အောင် ရည်ရွယ်တာ။
ဒါနဲ့ ပတ်သက်ပြီး တွက်ကြည့်မယ်ဆိုရင် ဆန်ရဲ့ တလ လိုအပ်ချက်က တန်ချိန် ၆ သိန်းလောက် ရှိတယ်။ ဒါကြောင့် ၁ လ လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို နိုင်ငံတော် အရန်ဆန် အနေနဲ့ ထားတယ်။ ဆီကျတော့ ၁ လ လိုအပ်ချက်က တန်ချိန် ၆ သောင်းလောက် ဖြစ်တယ်။ ထားမှာက၂ သောင်း ၄ ထောင်လောက် ထားမှာ ဖြစ်တဲ့အတွက် ဒါက ၄၀ ရာခိုင် နှုန်းလောက် အရန်ထားဖို့ အတွက် ပြင်ဆင်တာ ဖြစ်တယ်။
ဆန်နဲ့ဆီ ကတော့ ကွဲပြားတာပေါ့။ ဆန်က ပြည်တွင်းထွက် ဖြစ်တယ်။ ဆီက ပြည်ပက တင်သွင်းတာ ဖြစ်တဲ့အတွက် ရာခိုင်နှုန်း များများထားဖို့လိုတယ်။ ဒါကြောင့် ၄၀ ရာခိုင်နှုန်း လောက်ကို အရန်ထားဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။
မေး။ ။ အခုလို နိုင်ငံတော် စားနပ်ရိက္ခာအတွက် အရန်ဆန်တို့ ဆီတို့ ထားရှိတာက ကုန်ဈေးနှုန်း တည်ငြိမ်ရေး အတွက် အကျိုး ဘယ်လောက်ထိ သက်ရောက်နိုင်လဲ။
ဖြေ။ ။ ကုန်ဈေးနှုန်း ဆိုတာကတော့ ဈေးကွက်ရဲ့ လိုအပ်ပေါ့။ ဒါကို ဝယ်တဲ့အတွက်ကြောင့် ဝယ်တဲ့ ဈေးနှုန်းသည် ဈေး ကွက်မှာ ကုန်ဈေးနှုန်း အပေါ်မှာလည်း အများကြီး သက်ရောက်မှု ရှိတာပေါ့။ အိတ်စပို့ ပို့တဲ့ထဲက အရန်ဆန် ဝယ်တယ် ဆိုတာ တောင်သူတွေအတွက်လည်း သူတို့ရဲ့ အကျိုးစီးပွားမှာ စပါးဈေးနှုန်းမှာလည်း ထိုက်သင့်တဲ့နှုန်း ဖြစ်ပေါ်လာမယ်။ ဆီဝယ်ထားမယ်ဆိုရင်လည်း ဆီဈေးတွေ အရမ်းတက်လို့ မရတော့ဘူး။ လိုအပ်ရင် လိုအပ်တဲ့နေရာမှာ နိုင်ငံတော်က ဖြည့် ဆည်းပေးဖို့ အရန်သင့်ထားထားတယ်။ ကုန်ဈေးနှုန်း တည်ငြိမ်ရေးမှာလည်း အများကြီး အချက်တချက်အနေနဲ့ ပါဝင် တယ်။
မေး။ ။ လက်ရှိ ကုန်စည် စီးဆင်းမှုကရော ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ။ ။ အခြေခံ ကုန်ဈေးနှုန်းတွေကတော့ ရိက္ခာက ပြည်တွင်းမှာ ထွက်ရှိတာ များပါတယ်။ သား၊ ငါး၊ ဆိုရင်လည်း ပြည် တွင်းမှာ ထွက်တာ များတယ်။ ကုန်စည် စီးဆင်းမှုကတော့ ချောမွေ့ဖို့ အရေးကြီးတယ်။ နေရာတိုင်းမှာတော့ ကန့်သတ်ချက် တွေရှိလိမ့်မယ်။ ကန့်သတ်ချက်တွေကို လိုက်နာ ဆောင်ရွက်သွားရမယ်။ အပြင်ထွက်ရင် Mask တပ်ရမယ်တို့ ဘာတို့ရှိ တယ်။ အဲဒီအတိုင်းပဲ လိုက်နာ ဆောင်ရွက်ရမယ်။ အလုပ်ရုံတွေမှာလည်း သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်ရမှာပေါ့။
လက်ရှိလည်း ကုန်စည်က ပုံမှန်အတိုင်း စီးဆင်းနေတာပေါ့။ ပြည်ပ ပို့ကုန်ဆိုရင်လည်း မူဆယ်ဘက်က တဆင့် ဖရဲ၊ သခွား တွေ တောက်လျှောက် တင်ပို့နေတယ်။ ဆန်ဆိုလည်း တင်ပို့နေတယ်။ မြဝတီဘက်ဆိုရင် ပြောင်းက တန်ချိန် ခြောက် သောင်းထိ တင်ပို့ပြီးသွားပြီ။ ကုန်စည် စီးဆင်းမှုက ပုံမှန်သွားနေတဲ့ အနေအထားကို တွေ့ရတာပေါ့။ ဒါကြောင့်မို့ ပြည်ပ တင်ပို့တဲ့ ကိစ္စတွေလည်း ပုံမှန် ဆောင်ရွက်နေတယ်။
ဒါပေမယ့် အနည်းငယ်တော့ အခက်အခဲ ရှိတယ်။ မူဆယ်ဘက် ဆိုရင်လည်း ကားတွေက ခါတိုင်း တရုတ်နိုင်ငံဘက်ကို ဝင်ပြီးတော့ ကုန်ချလို့ မရဘူး။ နှစ်နိုင်ငံ နယ်စပ်ဂိတ် အဝင်၊ အဝမှာပဲ ကိုယ့်ဘက်က ယာဉ်မောင်းတွေက ဖယ်ပေးပြီးတော့ တဖက်က ယာဉ်မောင်းက ဝင်မယ်။ ယာဉ်မောင်းချင်း ချိန်းပြီးတော့ သယ်ယူတဲ့ ကုန်သွယ်တဲ့ အနေအထားကို ဆောင်ရွက် နေရတယ်။ ဒါကလည်း ကျန်းမာရေးကြောင့် အကန့်အသတ် ရှိတဲ့အနေအထား ဖြစ်တယ်။ ကုန်စည် စီးဆင်းမှုကတော့ ပုံ မှန် ဆောင်ရွက်နေတယ်။
မေး။ ။ လက်ရှိ ပို့ကုန်၊ သွင်းကုန်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။ အဲဒါက ဘယ်လိုမျိုး အခြေအနေ ရှိပါသလဲ။ သွင်းကုန် လိုင်စင်ကြေး ဖြေလျှော့ပေးတာတွေကလည်း စီးပွားရေးလုပ်ငန်း တွေအတွက် ဘယ်လောက် အထောက်အကူ ပြုပါသလဲ။ ထပ်မံ ဖြေလျှော့သွားဖို့တွေ ရှိပါသလား။
ဖြေ။ ။ အဓိက လုပ်ပေးတာတော့ အခု ဖြစ်နေတဲ့ COVID-19 ကြောင့် ဖြစ်ပါတယ်။ အွန်လိုင်းလိုင်စင်စနစ်ကို အစော ကြီးထဲက ကြိုးစားနေတာပါ။ ဒါပေမယ့် လက်ရှိလုပ်နေတဲ့ ဆော့ဝဲလ်က အပြီးမသတ်သေးဘူး။ ဇွန်၊ ဇူလိုင် လလောက်မှ ပြီးမယ့် အနေအထား ဖြစ်တယ်။ အခု ရှိနေတဲ့ အနေအထားမှာပဲ အွန်လိုင်းလိုင်စင်ကို ဖြစ်အောင် ကြိုးစားခဲ့တာ။ အခက် အခဲတွေ ကန့်သတ်ချက်လေးတွေတော့ ရှိနိုင်တာပေါ့။
လိုင်စင်လာလျှောက်တဲ့ အချိန်မှာ လူတွေအများကြီးလာရင် ရောဂါ ကူးစက်မှု ပိုများမယ်။ အရင်ထဲကလည်း ဒီစနစ်ကို ကူး ပြောင်းဖို့ စီစဉ်ပြီးသား ဆိုတော့ ဆောင်ရွက်ခဲ့တာ။ လိုင်စင်က အွန်လိုင်းက လျှောက်ရင် လူမတွေ့ရဘူး ဒါဆိုရင် လာဘ် ပေးလာဘ်ယူ ကိစ္စတွေ မရှိတော့ဘူး။ အထောက်အထားဆိုရင် ဖြေလျှော့တဲ့ ကိစ္စတွေ အများကြီး လုပ်တယ်။ လိုင်စင် ကြေးတွေကိုလည်း ကျပ် ၉ သောင်း ပေးရမယ့်ဟာကို ကျပ် ၃ သောင်းပဲ ပေးရတော့တယ်။ ကျပ် ၅ သောင်းလောက် လျှော့ချလိုက်တယ်။ ဆေးဝါးနဲ့ ဆေးဝါး ကုန်ကြမ်း တင်သွင်းတာတွေကို သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့်ပေးလိုက်တယ်။ ဒါတွေက ဘာလဲဆိုရင် အများနဲ့ ဆိုင်တဲ့ဟာတွေ ဖြေလျှော့လိုက်တာ ဖြစ်တယ်။
မေး။ ။ ကုန်သွယ်မှု အခြေအနေကရော လက်ရှိမှာ ဘယ်လိုမျိုး အခြေအနေ ရှိပါသလဲ။
ဖြေ။ ။ ကုန်သွယ်မှုကတော့ လက်ရှိမှာ တိုးတက်နေတာ တွေ့ရတယ်။ ပို့ကုန်မှာဆိုရင် အမေရိကန် ဒေါ်လာ သန်း ၇၈၀ လောက်ပိုတယ်။ သွင်းကုန်မှာဆိုရင် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံလောက် ပိုတယ်။ တိုးတက်တာ တွေ့ရတယ်။ ဒါပေမယ့် COVID-19 ကြောင့်တော့ ကုန်သွယ်မှုမှာ ထိခိုက်သွားတာလည်း ရှိတယ်။
ဒါသာ မဖြစ်ရင် အခုထက် ပိုပြီး တိုးတက်မယ့် အနေအထားမှာ ရှိတယ်။ ဥပမာ ဆိုရင် လက်ခစား စနစ် (CMP) လိုဟာမျိုး တွေက ပို့ကုန်က အဓိက ဥရောပကို ပို့တာ ဖြစ် တယ်။ အခု ဥရောပက အော်ဒါတွေ လျော့ကျသွားတဲ့ အတွက် ကြောင့်မို့ ထိခိုက်သွားတာပဲ ဖြစ်တယ်။ လက်ရှိ ဘဏ္ဍာနှစ် ဧပြီလ ၄ ရက်အထိ ဆိုရင် ဒေါ်လာ ဘီလီယံ ၂၀ လောက်အထိ ကုန် သွယ်မှု ဆောင်ရွက်ပြီးသွားပြီ။
မေး။ ။ ဆန်ဆိုလည်း အမှာတွေ အရမ်းတက်နေတယ်ဆိုတော့ စိုက်ပျိုးရေး ထုတ်ကုန်တွေကို ပြည်ပနိုင်ငံတွေက အခု ချိန်မှာ မှာယူမှုက ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က သူတို့ဘက်က ဆန်တွေကို လိုချင်ပါတယ် ဆိုပြီး ပြောတဲ့ဟာတွေ ရှိ တယ်။ အရင်တုန်းကတော့ သူတို့က မြန်မာနိုင်ငံရဲ့ ဆန်တင်သွင်းမှုကို တင်းကြပ်ထားတာ ဖြစ်တယ်။ အခုကျတော့ မြန်မာ့ ဆန်တွေကို လိုချင်တယ်ဆိုပြီး ကမ်းလှမ်းလာတာ အများကြီး ဖြစ်တယ်။ ဈေးနှုန်းအရဆိုရင် ဆန်ဈေးနှုန်းတွေက မြင့်တက် လာ တွေ့ရတယ်။
အဓိကတော့ အိန္ဒိယတို့ ပါကစ္စတန်တို့က သူတို့နိုင်ငံက တင်ပို့တဲ့ ဆန်တွေကို ရပ်ထားတယ်။ ထိုင်းဆိုရင်လည်း စာချုပ် အသစ် ထပ် မချုပ်တော့ဘူး။ နဂိုစာချုပ်အတိုင်း ပို့ပေးမယ်ဆိုတဲ့ ဟာမျိုးတွေ ဒါကတော့ ဆန်ထုတ်လုပ်တဲ့ နိုင်ငံအားလုံး နီး ပါးက ကိုယ့်နိုင်ငံရဲ့ ပြည်တွင်း ရိက္ခာကို အဓိက ကြည့်တယ်။ ဒါကြောင့် ဝယ်လိုအားတွေ မြင့်တက်လာတယ်။ ဒီလိုနိုင်ငံ တွေက ဆန် မရရင် ဝယ်လိုအားမြင့်လာမယ်။ ဗီယမ်နမ်က ပုံမှန် ဝယ်နေတာကနေ မရောင်းတော့ဘူးဆိုရင် တခြား ဈေး ကွက်ကို ရှာရမှာပေါ့။ ဒါမျိုးတွေ ဖြစ်လာတယ်။ အမှာတွေ မြင့်လာတာပေါ့။ ကမ်းလှမ်းမှုတွေလည်း ရှိလာတယ်။
မေး။ ။ အခုချိန်က ကုန်အမှာစာတွေလည်း မြင့်တက်နေတယ်။ ပြီးတော့ ရောဂါကလည်း ဖြစ်နေတယ်ဆိုတော့ မြန်မာ့ တောင်သူတွေ၊ ကုန်သည်တွေ လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လို ပြင်ဆင် ဆောင်ရွက်သင့်တယ်လို့ ဆရာအနေနဲ့ သုံးသပ် မိပါသလဲ။
ဖြေ။ ။ COVID-19 ဖြစ်နေတဲ့အတွက် ဆိုးကျိုးတွေရှိသလို အခွင့်အလမ်းတွေလည်း ရနိုင်တယ်။ ဥပမာ- အိန္ဒိယလိုဆိုရင် မတ်ပဲက လိုအပ်ချက် ရှိနေပြီ။ သူ ယူမယ့် ခွဲတမ်းကိုတောင်မှ ကာလတွေ နောက်ဆုတ်ပေးသွားတယ်။ ဒီအပေါ်မှာတော့ အခွင့်ရေး ရအောင် လုပ်သင့်တယ်။ တောင်သူတွေ အနေနဲ့လည်း စိုက်တဲ့ ပျိုးတဲ့ကိစ္စကို ပုံမှန်အတိုင်း ဆောင်ရွက်သင့် တယ်။ ကိုယ့်နိုင်ငံက စီးပွားရေးက စိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့ အတွက်ကြောင့် စိုက်ပျိုးရေး ထွက်ကုန်ကို အဓိက ထားပြီး တင်ပို့နေတာ ဖြစ်တယ်။
အိန္ဒိယဆိုရင် မတ်ပဲကို လိုအပ်လာပြီ။ ရိက္ခာလိုတဲ့ နိုင်ငံတွေလည်း တင်ပို့တဲ့ နိုင်ငံတွေက ထိန်းသိမ်းထားတဲ့အတွက် လို လာပြီ။ ဒီကာလမှာတော့ စိုက်ပျိုးမှုတွေကို လုပ်သင့်တာပေါ့။ မိုးစပါးလည်း စိုက်တော့မယ်။ ဒါတွေက ပုံမှန်အတိုင်း ပြည် တွင်း ရိက္ခာဖူလုံဖို့ရယ် ပြည်ပကို တင်ပို့ဖို့ရယ်။ ဈေးကွက် ချဲ့ထွင်နိုင်အောင်ရယ် ဆောင်ရွက်နေတာ ဖြစ်တယ်။ အခု ကာ လမှာတော့ အခက်အခဲတွေ ရှိသလို အခွင့်အလမ်းတွေ ဖြစ်လာတာလည်း ရှိတယ်။
နိုင်ငံတိုင်းက စားနပ်ရိက္ခာ လိုလာပြီ။ ပိုထုတ်ရင် ပိုပြီး အကျိုးအမြတ် ရလာပြီဆိုတဲ့ဟာမျိုး တွေ့ရလာတယ်။ ဒါကြောင့်မို့ မတ်ပဲ လိုမျိုးဆိုရင် အရင်က အိန္ဒိယက ကန့်သတ်ပေမယ့် လိုအပ်ချက်ကြောင့် အတင်း ဝယ်လာပြီ။ ဆန်ဆိုလည်း ရိက္ခာ လိုအပ်တဲ့ နိုင်ငံတွေက ဝယ်ဖို့ ဆောင်ရွက်လာပြီ။ ဒါတော့ အခွင့်အလမ်းတခုလို့ ပြောလို့ ရတာပေါ့။
You may also like these stories:
ပြည်တွင်းဘဏ်များအပေါ် ကန့်သတ်ချက် အချို့ ဗဟိုဘဏ် ဖြေလျှော့ပေး
လာမည့် ထီဖွင့်ရက် နောက်ဆုတ်ပေးရန် ထီလုပ်ငန်းရှင်များ တောင်းဆို
Covid-19 ကြောင့် ကုန်ဈေးနှုန်း ရိုက်ခတ်မှုမရှိစေရန် အစိုးရက အရန်ဆန်နှင့် ဆီ ဝယ်ထားမည်