တကမ္ဘာလုံး ပျံ့နှံ့ကူးစက်နေသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) သည် မြန်မာနိုင်ငံတွင်လည်း ဧပြီလ ၂၄ ရက် အထိ ကူးစက်ခံထားရသူ ၁၄၄ ဦး ရှိကာ ၅ ဦး သေဆုံးသွားပြီ ဖြစ်သည်။
ရောဂါပိုး ကူးစက်ခံထားရသူများ စာရင်းတွင် ရှမ်းပြည်နယ်မှ ၇ ဦးလည်း ပါဝင်သည်။
ရှမ်းပြည်နယ်အတွင်း အစိုးရအာဏာ မသက်ရောက်သည့် ကျေးရွာနှင့် ဒေသများရှိပြီး ထိုဒေသ အသီးသီးတွင် လှုပ်ရှားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကလည်း COVID-19 ရောဂါပိုး ကာကွယ်ရေး အတွက် ဦးစားပေး လုပ်ဆောင်နေကြကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက်သွားလာပြီး အုပ်ချုပ်သည့် ကျေးရွာများတွင် တရုတ်၊ ထိုင်းနှင့် ရန်ကုန်၊ မန္တလေး၊ အပါအဝင် တခြားသော မြို့ကြီးများသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ကပ်ရောဂါကြောင့် ပြန်လာသူများလည်း ရာနှင့်ချီ ရှိနေသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်၍ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လှုပ်ရှားသည့် ဒေသများတွင် မည်သို့ ဆောင်ရွက် နေကြသည်လဲ ဆိုသည်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်အား ဆက်သွယ် မေးမြန်းထားပါ သည်။
မေး။ ။ COVID-19 နဲ့ပတ်သက်ပြီး ဗိုလ်မှူးတို့ ဒေသနဲ့ TNLA က သွားလာလှုပ်ရှားနေတဲ့ ကျေးရွာတွေမှာ ဘာတွေ လုပ်ဆောင်ထားပါသလဲ။
ဖြေ။ ။ ကြိုတင်ကာကွယ်ရေးမှာတော့ ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေအတွင်းမှာ အသိပညာ ပေးတာတွေလည်း ရှိ တယ်။ ပြင်ပက ပြန်လာတဲ့ သူတွေ နိုင်ငံခြားက မကဘူး။ ရောဂါဖြစ်တဲ့ ဒေသတွေက လာသူတွေ၊ ကျေးရွာအတွင်းမှာ အရင်က နေထားသူတွေ မဟုတ်တဲ့သူတွေ၊ ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေကနေ အလုပ်လုပ်ပြီး ပြန်လာသူ တွေ၊ ပြီးရင် မြို့ပေါ် သွားပြီး ပြန်လာသူတွေကို အပူချိန် တိုင်းတာတို့ ချက်ချင်း ရွာထဲဝင်တာ မဟုတ်ဘဲ သီးခြား Quarantine Center မှာ ထားတာတို့ ရှိပါတယ်။
ပိုးသတ်ဆေးတွေ ကျေးရွာတွေထဲ လိုက်ဖြန်းတာတွေလည်း ရှိတယ်။ ကျေးရွာတွေထဲ Mask တွေလိုက်ဖြန့်ဝေတာ။ ခရီးသွားနေသူတွေကို Mask တွေ ဝေတာတွေ လုပ်ပေးနေတာ ရှိပါ တယ်။
မေး။ ။ အဓိက လုပ်ပေးနေတာဆိုရင် ဘယ်မြို့နယ်တွေထဲမှာလဲ။ ကျေးရွာနဲ့ လူဦးရေ ဘယ်လောက်ကို လွှမ်းခြုံပါ သလဲ။
ဖြေ။ ။ ကြည့်မယ်ဆိုရင် ကျနော်တို့ ဝင်လို့ရတဲ့ နေရာတွေ ရှိတယ်။ တချို့နေရာကျ ဝင်လို့ မရဘူး။ တပ်မတော်ဘက် က ထိုးစစ်ဆင်ထားတဲ့ နေရာတွေ ရှိတယ်။ ကျနော်တို့လည်း အဲ့ဒီလို နေရာတွေဆိုရင် မဝင်နိုင်ဘူး။ တိုက်ပွဲဖြစ်မှာ ကြောက်လို့လေ။ ရွာအားဖြင့်ကတော့ ရွာပေါင်း ၄၀ ကျော်ကို လိုက်ပြီး အပူချိန်တိုင်းတာတို့ အသိပညာပေးတာတို့ သီးခြားနေဖို့ အတွက် Quarantine အတွက် စခန်း လိုက်ဆောက်ပေးတာတွေ ရှိတယ်။
ကျနော်တို့ ဒါတွေကို စပြီး လုပ်တာကတော့ ဧပြီ ၁၀ ရက်ကပါ။ ကျနော်တို့ဆီမှာ သီးခြားစခန်းမှာ ထားထားတာ ကတော့ လူပေါင်း ၂၆၀ ကျော် ရှိပါတယ်။ အဲ့ဒီထဲက ရက်ပြည့်လို့ မိသားစုနဲ့ ပြန်နေနေတာက ၁၃၀ ကျော် ရှိတယ်။ အခုလက်ရှိတော့ စခန်းထဲမှာ ရှိနေဆဲကတော့ ၁၃၀ ကျော် ရှိနေပါသေးတယ်။
မေး။ ။ Quarantine စခန်းတွေ ဆောက်ထားပေးတာ ဘယ်မြို့နယ်တွေထဲမှာလဲ။
ဖြေ။ ။ မြို့နယ်အားဖြင့်ကတော့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် ၊ ကွတ်ခိုင် ဘက်တွေမှာပါ။ အားလုံးပေါင်း ဆောက်ပေးထား တာ ၃၃ ခု ရှိပါတယ်။
မေး။ ။ သံသယရှိ လူနာ တွေ့တာရော ရှိပါသလား။
ဖြေ။ ။ အခုအချိန်ထိတော့ မတွေ့ရသေးဘူး။ သံသယလူနာလည်း မတွေ့ရသေးဘူး။ စောစောက ပြောတဲ့ အထဲမှာ အခြားပြည်ပက ပြန်လာသူတွေဆိုရင်လည်း ဟိုဘက်မှာ ကျန်းမာရေး ဆေးစစ်ချက် လုပ်လာတာတွေ လက်မှတ်တွေနဲ့ ပြန်လာတာတွေလည်း ရှိကြတယ်။ အဲ့ဒါမျိုးတွေကျတော့ စခန်းမှာ မထားတော့ဘဲ မိသားစုဆီ တခါတည်း ပြန်ကြတာ ပေါ့။
မေး။ ။ Quarantine မှာက ၁၄ ရက်ထားတာလား။ ၂၁ ရက် ထားတာလား။ စားရေး သောက်ရေးရော ဘယ်လို စီစဉ် ကြလဲ။
ဖြေ။ ။ အစကတော့ ၁၄ ရက်ပါ။ အခုတော့ ကျနော်တို့လည်း ၂၁ ရက် ပြန်ထားပါတယ်။ ကျနော်တို့ အဖွဲ့ကတော့ စားရေး သောက်ရေးကို တတ်နိုင်သမျှ ကူညီပေးတယ်။ ကျေးရွာမှာလည်း အလှူရှင်တွေ ရှိတယ်။ အလှူရှင်တွေနဲ့ သံဃာတွေကလည်း ပေးတာရှိတယ်။ လောလောဆယ် အခက်အခဲတော့ရှိတယ်။ ဒါပေမယ့် ရွာတွေမှာ ကျန်းမာရေး အတွက် ရန်ပုံငွေစုပြီး လိုအပ်သလို လုပ်နေတာပေါ့။
မေး။ ။ Test Kit တွေဝယ်ထားတာရော ရှိပြီလား။ ဘယ်လောက် ရှိပြီလဲ။
ဖြေ။ ။ ကျနော်တို့ဆီမှာတော့ ပိုးစစ်တဲ့ကိရိယာတွေ မရှိပါဘူး။ ကျနော်တို့မှာ အပူချိန်တိုင်းတာပဲ ရှိပါတယ်။ ပိုးသတ် ဆေး ဖြန်းတာတို့ အခြားကာကွယ်ရေး ပစ္စည်းတွေဖြစ်တဲ့ Mask တို့ လက်သန့် ဆေးရည်တို့ ဆပ်ပြာတို့ပဲ ရှိပါတယ်။ အဲ့ဒီလိုတွေ လုပ်ပေးထားတာပဲ ရှိပါတယ်။
မေး။ ။ UWSA (ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်) က မဟာမိတ်ဖြစ်တဲ့ SSPP (ရှမ်းပြည် တိုးတက်ရေး ပါတီ) ကိုဆိုရင် ပိုးသတ်ဆေးတွေ PPE ဝတ်စုံတွေ Mask တွေ ကူညီပေးတာ ရှိတယ်လို့ သိရတယ်။ TNLA ကိုရော ကူညီတာရှိပါသလား။
ဖြေ။ ။ အဲ့ဒီလိုမျိုးတော့ မရှိသေးပါဘူး။ အခု ရှိတာတွေကတော့ ကျနော်တို့ ကိုယ့်ပိုက်ဆံနဲ့ပဲ ကိုယ် ဝယ်ယူထားတာ တွေပါ။ အဲ့ဒီလို မရှိသေးပါဘူး။
မေး။ ။ တကယ်လို့ သံသယရှိသူတွေ့လို စစ်ဆေးဖို့ လိုလာတဲ့ သူမျိုးတွေ တွေ့လာရင် ဗိုလ်မှူးတို့ ဘယ်လိုလုပ်မလဲ။ အစိုးရဘက်က ဆေးရုံ၊ ဆေးခန်းတွေကို ပို့မှာလား။ ဘယ်လိုလုပ်ကြမလဲ။
ဖြေ။ ။ ကျနော်တို့မှာတော့ ဆေးရုံမရှိဘူး။ တော်လှန်ရေးကာလမှာဆိုတော့ လွတ်မြောက် နယ်မြေလည်း မရှိသေးဘူး။ လက်ခံကုသနိုင်တဲ့ ဆေးရုံနဲ့ အခြေအနေလည်း မရှိသေးဘူး။ ကျနော်တို့ ရပ်ရွာက ကော်မတီနဲ့ ညှိနှိုင်းပြီးတော့မှပဲ သက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းတဲ့ နေရာကိုပဲ လွှဲပေးရမှာပေါ့။
မေး။ ။ အစိုးရအနေနဲ့ သူတို့ အာဏာ မသက်ရောက်တဲ့ နယ်မြေတွေမှာ ကိုဗစ်နဲ့ ပတ်သက်လို့ တခုခု ဖြစ်လာရင် ဗိုလ်မှူးတို့လို အဖွဲ့အစည်းနဲ့ ဘယ်လို ပေါင်းလုပ်မလဲ။ ဆေးတွေ ဘယ်လို စစ်ကြမလဲ။ လူနာနဲ့ နမူနာ စစ်ဆေးတာတွေ ဘယ်လိုလွှဲပြောင်းလက်ခံကြမလဲ ဆိုတာတွေ ညှိနှိုင်းတာမျိုး ရှိပါသလား။
ဖြေ။ ။ လောလောဆယ်တော့ ဘာမှ မရှိသေးပါဘူး။ အစိုးရဘက်က လုပ်ဆောင်တာတွေကတော့ မြို့နဲ့နီးတာ တရုတ် နယ်စပ်နဲ့ နီးတဲ့ နေရာတွေမှာပဲ လုပ်ဆောင်နေပါတယ်။ ကျေးရွာတွေမှာတော့ မရှိဘူး။ ကျနော်တို့ လှုပ်ရှားတဲ့ နေရာ တွေ ကလည်း အစိုးရ ဆေးရုံ၊ ဆေးခန်း မရှိတဲ့ နေရာတွေမှာပဲ လိုက်လှုပ်ရှားနေတာပါ။
မေး။ ။ တောင်ပေါ်ဒေသမှာ တခုခုဖျားနာရင် ဆေးခန်းမသွားဘဲ ရိုးရာနည်းနဲ့ ကုတာ၊ ဒီအတိုင်း နေတာတွေ ရှိကြ တယ် လေ။ အခု ကိုဗစ်နဲ့ပတ်သက်လို့ရော ဘယ်လို ကွဲပြားအောင် ပြောထားလဲ။ ကျန်းမာရေး အသိပညာပေးတဲ့ အပေါ် နားလည်လား။ လိုက်နာကြလား။
ဖြေ။ ။ လိုက်နာမှုကတော့ အားနည်းမှု ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိန်းသိမ်းရလည်း ခက်တယ်။ တချို့က လက်လုပ် လက်စားတွေလည်း ရှိတယ်လေ။ တောင်ပေါ်ဆိုတော့ နေ့တိုင်း လယ်လုပ်တာ လက်ဖက်ခြံ သွားပြီး အလုပ် လုပ်တာတွေတော့ ရှိတယ်။ ဒါပေမယ့်သူတို့က အခြားဒေသကို သွားတာတော့ မဟုတ်ဘူးလေ။ ကိုယ့်ရွာ ဧရိယာထဲပဲ အလုပ်လုပ်ကြတာ။ ကျနော်တို့က လုံးဝ ပိတ်ချလိုက်တာမျိုးတော့ မရှိသေးဘူး။ ရောဂါပိုးလည်း မတွေ့သေးဘူး ဆိုတော့ သူ့ရွာအလိုက်ကတော့ သွားသွားလာလာတော့ ပုံမှန်ပဲ ရှိနေကြတယ်။ Quarantine မှာ ထားတဲ့ လူတွေက တော့ အပြင်ကို ပေးမထွက်ပါဘူး။
မေး။ ။ ဗိုလ်မှူးတို့ TNLA ကထုတ်ပြန်ချက်တွေလည်း တွေ့ပါတယ်။ ထုတ်ပြန်ချက်တွေကို ကြည့်ရင် လက်ရှိမှာ စစ်ရေး ကို နားထားပြီး ကိုဗစ်အရေးကို ပိုဦးစားပေးနေရတယ်လို့ ယူဆလို့ ရပါသလား။
ဖြေ။ ။ အဲ့ဒီလိုလည်း ဆိုလိုလို့ ရပါတယ်။ ကျနော်တို့ ဒီဧပြီလဆိုရင် တိုက်ပွဲမဖြစ်အောင် ထပ်မံပြီး လကုန်ထိ တဖက် သတ် အပစ်ရပ် ကြေညာထားတယ်။ ကြေညာထားတဲ့ အတိုင်းပေါ့။ တဖက်မှာတော့ ကျနော်တို့ ကိုဗစ်ကိစ္စကို ပို ဦးစား ပေးပြီး လုပ်တယ်။ တိုက်ပွဲလည်း အတတ်နိုင်ဆုံး လုံးဝမဖြစ်အောင် ကျနော်တို့က ရှောင်ရှားတော့ တိုက်ပွဲက လည်း တော်တော်လေး လျော့နည်းပါတယ်။
မေး။ ။ အခြားရောဂါလို မဟုတ်ဘဲ အခုက ကမာ္ဘ့ကပ်ရောဂါဆိုတော့ တောင်ပေါ် ဒေသတွေမှာဆိုရင် ကျန်းမာရေး ကဏ္ဍ ကလည်း အားနည်းတော့ ဗိုလ်မှူးတို့ အနေနဲ့ရော စိုးရိမ်မှုတွေ ရှိလား။
ဖြေ။ ။ စိုးရိမ်မှုကတော့ ရှိတယ်။ အခုက ဘာမှ မရှိသေးလို့ ဒီအတိုင်းပဲလေ။ တကယ်လို့ ဖြစ်လာရင် တော်တော်လေး ကို ဒုက္ခရောက်မှာ။ ဒီမှာက ကျေးလက်ဒေသလည်း ဖြစ်တယ်။ အစိုးရ ကျန်းမာရေးကလည်း ရောက်တဲ့ နေရာရောက် တယ်။ မရောက်တဲ့နေရာ မရောက်ဘူး။ ကျေးရွာတွေမှာက ကျန်းမာရေးအသိကလည်း နည်းတယ်။ ကျနော်တို့လည်း တတ်နိုင်သလောက် အသိပညာပေးတာ လ်ိုက်ရှင်းပြတာတွေ လုပ်တယ်။ ဆေးရုံ၊ ဆေးခန်း ဆိုလည်း နေရာတိုင်းမှာ မရှိဘူး။ စောင့်ရှောက်မှုပြုနိုင်တဲ့ အတိုင်းအတာလည်း မရှိဘူးလေ။
မေး။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဗိုလ်မှူးတို့ လှုပ်ရှားနေတဲ့ မြို့နယ်နဲ့ ရွာတွေ အထူးသဖြင့် ကျန်းမာရေး စောင့် ရှောက်မှု အားနည်းပြီး TNLA က ကြည့်ပေးထားတဲ့ ရွာတွေ အားလုံးပေါင်းရင် လူဦးရေ ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ရွာအားဖြင့်ကတော့ တော်တော်လေး ခန့်မှန်းရ ခက်ပါတယ်။ လူဦးရေကတော့ အကုန်လုံး ပေါင်းရင် ၁ သိန်း ဝန်းကျင်မှာ ရှိပါတယ်။ တော်တော်လေး များပါတယ်။ လုံးဝ ဆေးခန်း မရှိတဲ့ ရွာပေါင်းကတော့ ၃၀၀ လောက် ရှိပါ တယ်။
မေး။ ။ TNLA ရဲ့ ကျန်းမာရေးဝန်ထမ်း အင်အားကရော ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ကျန်းမာရေးအင်အားကတော့ ကျနော်တို့ဆီမှာ ၂ မျိုးရှိပါတယ်။ လူထုကျန်းမာရေးကို စောင့်ရှောက်နေတဲ့ အဖွဲ့တွေ ရှိတယ်။ နောက် တပ်ဖွဲ့တွေနဲ့ လိုက်ပြီး တဖက်က တပ်တွင်း ကျန်းမာရေးအပြင် ရောက်တဲ့နေရာမှာ အရပ် သားတွေကို လိုက်ကုပေးတာတွေလည်း ရှိတယ်။ အားလုံးပေါင်းကတော့ ၁၀၀ ကျော်လောက် ရှိပါတယ်။ သူတို့ တဖွဲ့ တည်းနဲ့လည်း အလုပ်ကလည်း မဖြစ်ဘူး။ ဒီတော့ ကျန်းမာရေးအဖွဲ့နဲ့ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့နဲ့က ပူးပေါင်း ဆောင် ရွက်ရတာ ဖြစ်ပါတယ်။ ကျေးရွာတွေမှာရှိတဲ့ စေတနာ့ ဝန်ထမ်းတွေနဲ့ လက်တွဲပြီး ဆောင်ရွက်ရတာတွေလည်း ရှိပါတယ်။
မေး။ ။ ကျန်းမာရေးဝန်ထမ်းတွေက ဘယ်ကနေ ဆေးပညာ သင်ယူကြတာလဲ။ တရုတ် ဒါမှမဟုတ် မဟာမိတ် တပ်ဖွဲ့ တွေ ဆီကနေ ကျောင်းဆင်းတွေလား။
ဖြေ။ ။ အဓိက ကျန်းမာရေး ဝန်ထမ်းကတော့ ကျနော်တို့ဆီမှာ တပ်ဖွဲ့ စတင်ကတည်းက ဆေးသင်တန်းတွေ ပေးတာ ရှိပါတယ်။ ကျနော်တို့ တပ်မှာလည်း ပေးတာရှိတယ်။ အခြားဒေသကတော့ ပြောပြလို့ မရဘူးပေါ့။ ဒီလိုပဲ သင်ယူကြ တာ ရှိပါတယ်။
မေး။ ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့နှစ်တုန်းက TNLA က ဆေးတပ်သား အမျိုးသမီးတွေ နမ့်ခမ်းဘက်မှာ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရတာ ပြဿနာတွေ ဖြစ်ကြခဲ့ဖူးတယ်နော်။ အခုရော ကျန်းမာရေး အဖွဲ့တွေ သွားလာတော့ တဖက်မှာ လည်း စစ်ရေးအရ မပြေလည်သေးတော့ စိန်ခေါ်မှု ရှိလား။
ဖြေ။ ။ စောစောက ပြောသလိုပေါ့၊ ရွာအားလုံးတော့ ကျနော်တို့ မဝင်နိုင်ဘူး။ တပ်ဘက်က လှုပ်ရှားတဲ့ နယ်မြေ ဒေသ တွေ တပ်မတော်ဘက်က ရောက်နေတဲ့ နေရာဒေသ ဆိုရင်တော့ ကျနော်တို့ သွားဖို့ အခက်အခဲ ရှိပါတယ်။
မေး။ ။ အခုချိန်မှာ ကိုဗစ် ကပ်ရောဂါကို အားလုံးက ရင်ဆိုင်နေကြရတာ။ တောင်ပေါ် ဒေသ ရှမ်းပြည်နယ်ဆိုလည်း ရွာတွေမှာ ရွှေ့ပြောင်းလုပ်သားတွေ များကြတယ်။ အခု ပြန်လာသူတွေလည်း ရှိကြတယ်။ ဒီတော့ အရပ်သားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗိုလ်မှူးတို့က အစိုးရကို ပြောချင်တာ ဘာတွေ ရှိပါသလဲ။
ဖြေ။ ။ အထူးသဖြင့် ပြောမယ်ဆိုရင် ကျနော်တို့ ပြီးခဲ့တဲ့ရက်က မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး ထုတ်ပြန်ထားတာ ရှိတယ်။ ရောဂါက ဖြစ်နေတဲ့အချိန်မှာ တပ်ဘက်က တောက်လျှောက် ထိုးစစ် ဆင်နေတယ်။ ရခိုင်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒုက္ခသည်တွေကလည်း များတယ်။ အရပ်သားတွေကို ဦးတည်ပစ်ခတ်ခံနေရတာတွေလည်း ရှိတယ်။ ကျနော်တို့ ဒေသမှာက တိုက်ပွဲ မဖြစ်ပေမယ့် အစိုးရတပ်ရဲ့ လှုပ်ရှားမှုက လျော့မသွားဘူး။ ထိုးစစ်က ရှိနေတယ်။ အဲ့ဒီလိုတွေ ရှိနေတော့ တိုက်ပွဲမဖြစ်ပေမယ့်လည်း ရွာသားတွေက ထိတ်လန့်မှုတွေ ရှိတယ်။ ဒီကာလမှာ ကျနော်တို့က လည်း တတ်နိုင်သမျှ ရှောင်နေလို့သာ တိုက်ပွဲက လျော့ကျနေတာ။ တကယ်လို့ မရှောင်ရင် တိုက်ပွဲတွေက အမြဲတမ်း ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိတယ်။ တပ်မတော်ဘက်က ထိုးစစ် လျှော့ဖို့ လိုတယ်။ အစိုးရဘက်ကလည်း ကျန်းမာရေး စောင့်ရှောက်မှုကို အောက်ခြေအထိ ပိုပြီး ဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါတယ်။ ။