ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းက တိုင်းပြည်စောင့်ရှောက်ခြင်းနဲ့ တူပါတယ်

လဲ့လဲ့
တေးသံရှင် ဒေါ်မာမာအေး / Soe Zarni / Facebook
Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကပ်ရောဂါ အဖြစ် သတ်မှတ်ထားသည့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (Covid-19) သည် ကမ္ဘာ့နိုင်ငံငံပေါင်း ၂၀၀ ကျော်တွင် ကူးစက်ပြန့်ပွား မှုဖြစ်ပွား နေလျှက် ရှိသည်။ ထိုအထဲတွင် အမေရိကန်နိုင်ငံသည် အဆိုးဝါးဆုံး နံပတ် ၁ နေရာတွင် ခံနေရပြီး လူ ၁၀ သန်းကျော် ကူးစက်ခံနေရပြီး ၆ သောင်းခန့် သေဆုံးနေလျှက်ရှိသည်။

အမေရိကန်နိုင်ငံတွင် ကြုံတွေ့နေရသည့် Cvoid-19 ရောဂါ၏ ရိုက်ခတ်မှုကို အမေရိကန်နိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများလည်း ရင်ဆိုင်နေရပြီး ကူးစက်မှု၊ သေဆုံးမှုများလည်း ရှိနေသည်။

ထိုအခြေအနေများနှင့် ပတ်က်ပြီး  ၂၀၀၅ ခုနှစ်မှ စတင်ကာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနား ပြည်နယ်၊ Fort Wayne မြို့တွင် နေထိုင်နေသည့် တေးသံရှင် ဒေါ်မာမာအေးကို ဧရာဝတီ သတင်းထောက် လဲ့လဲ့က ဆက်သွယ် မေးမြန်းထားသည်။

မေး ။ ။ COVID-19 ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်မှာ ကျန်းမာရေးစောင့်ရှောက်မှုက ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ ဒီမှာက Facebook ကနေ စာကအမြဲဖတ်ရတယ်။ သတင်းမှာလည်း အမြဲကြေညာတာရှိတယ်။ သပ်သပ် စာရွက်ထု တ်ပြီး အိမ်ပို့တာမျိုးတော့ မရှိဘူး။ ဒါပေမယ့် ဒီမှာက အားလုံးက အာမခံဌာနနဲ့ ဆေးရုံ၊ ဆေးခန်းတွေက ဆက်သွယ်ထား တာဆိုတော့ အဲဒီဆေးခန်းတွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးတာ ရှိပါတယ်။ အစိုးရကနေ မဟုတ်ဘဲနဲ့ပေါ့။

အဲဒီတော့ အပြင်မသွားပါနဲ့။ အပြင်သွားရင် မျက်နှာအုပ်ထားပါ။ လက်ဆေးပါဆိုတာတွေကတော့ အမြဲလိုလို ကြားနေ ရတာပေါ့။ အားလုံးကလည်း အလုပ်က မလုပ်မှ မလုပ်ရတာကိုး။ ဒီမှာ အလုပ်တွေလည်း ပိတ်ထားတယ်။ တချို့ဆို ဒီလကုန်အထိ ပိတ်ထားတယ်။

နောက်ပြီး လူသုံးကုန်ပစ္စည်းပေါ့။ အစားအသောက် ထုတ်တဲ့ပစ္စည်းဆိုင်တွေဆိုရင်လည်း မပိတ်ကြပါဘူး။ အသီးအရွက် ရောင်းတဲ့ဆိုင်တွေလည်း ရှိသေးတယ်။ လေယာဉ်လိုင်းတွေကတော့ အကုန်ပိတ်ထားတယ်။

မေး ။ ။ အဲဒီမှာ ဒေသန္တရ အမိန့်လိုမျိုးတွေ ထုတ်ပြန်ပြီး အရေးယူတာမျိုးတွေရှိလား။

ဖြေ ။ ။ ကျမတို့ဆီမှာတော့ အဲဒီလိုမျိုးတွေ မရှိပါဘူး။ မရှိဘူးဆိုတာက လူတွေကလည်း ကိစ္စမရှိရင် အပြင်မထွက် ဘူးလေ။ ဒီမှာက ဒါမလုပ်နဲ့ဆိုရင် လုပ်ရင်တော့ တခုခုဖြစ်မယ်ဆိုတာ သိပြီးသားလေ။ အဲဒီလိုဖြစ်ရင် ကိုယ်ဖြစ် ကိုယ်ခံပေါ့။

အာမခံဆိုတာကလည်း လူတိုင်းရတာမဟုတ်ဘူး။ အလုပ်လုပ်တဲ့သူတွေပဲရတယ်။ ကျမတို့လို သက်ကြီးရွယ် အိုတွေကတော့ စောင့်ရှောက်တဲ့ စရိတ်ရလို့ မပူရဘူး။ တခုက အိမ် ၁ အိမ်မှာ လူတယောက် အလုပ်လုပ်တယ် ဆိုရင် အဲဒီလူက အိမ်ကလူအတွက် ဆေးရုံက စီစဉ်ပေးတဲ့ အာမခံ ဝယ်ပေးလို့ရတယ်။

နောက်ပြီး ကိုယ်ပူတာတို့၊ နှာချေတာတို့၊ ချောင်းဆိုးတာတို့ အဲဒီလို လက္ခဏာတခုခု ပြရင်လည်း ဆေးရုံ အရေးပေါ်ကို ခေါ်ရတယ်။ အရေးပေါ်ကနေမှ လိုအပ်ရင် ဆေးရုံတင်ပေါ့။

မေး ။ ။ မြန်မာနိုင်ငံသားတွေအပေါ်မှာ လူမျိုးခွဲခြားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေရှိလား။

ဖြေ ။ ။  ဒီမှာတော့ လူမျိုးခွဲခြားမှုမရှိဘူး။ အာမခံပါတယ်ဆိုရင် ကျန်းမာရေးဝန်ဆောင်မှုပေးတယ်။ တကယ်လို့ အာမခံ မပါဘူး ဆိုရင်တော့ ဖောင်ဒေးရှင်းလို နေရာတွေမှာ ဆေးစစ်ရတယ်။ တမြို့နဲ့ တမြို့က မတူပါဘူး။ ပြည်နယ်တွေကလည်း အများကြီးပဲလေ။ ပြည်နယ် ၅၄ ခုလောက်ရှိတာ။ အဲဒီမှာ ကိုယ်ပြည်နယ်နဲ့ ကိုယ် အုပ်ချုပ်တာဆိုတော့ တခုနဲ့တခု ဥပဒေမတူကြပါဘူး။

မေး ။ ။ Fort Wayne မှာ မြန်မာနိုင်ငံသား ဘယ်လောက်လောက်ရှိလဲ။

ဖြေ ။ ။ ဒီမြို့လေးမှာက မြန်မာနိုင်ငံသား ၁ သောင်းဝန်းကျင်လောက် နေထိုင်ကြတယ်။ အထူးသဖြင့်က နယ်ခြားကနေ လာတဲ့သူတွေလည်းရှိတယ်။ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေတဲ့သူတွေလည်းရှိတယ်။ နောက် ဒုက္ခသည် မင်းကြီးရုံးကနေ ပို့ပေးထားတဲ့သူတွေရော ရှိပါတယ်။ တိုင်းရင်းသားလည်း မျိုးစုံရှိတယ်။ ဒီမြို့က တခြားမြို့တွေနဲ့ မတူဘူး။ နယ်ခံတွေက အရမ်းအေးချမ်းကြတယ်။ ဒါကြောင့် လူမျိုးရေး တိုက်ခိုက်တာတို့လိုမျိုးတွေ မရှိဘူး။ ဒီမှာက ဗမာဘုန်းကြီးကျောင်း ၉ ကျောင်းတောင် ရှိတယ်။ နိုင်ငံကနေ ခရစ်ယာန်သာသနာ ပြုအသင်းက ၄၀၀ လောက်ရှိတယ်။ အဲဒီတော့ ဘုရားတရား မြဲတယ်ဆိုတော့ တခြားမြို့တွေလိုတော့ ခိုက်ရန် ဖြစ်တာနည်းတယ်လို့ ပြောလို့ရတာပေါ့။

ကျမ နယူးယောက်မှာ နေခဲ့ဖူး ပါတယ်။ အဲဒီမှာက BUS နဲ့သွားချင်သွား၊ ရထားနဲ့သွားချင်သွားပေါ့။ ကိုယ်ပိုင်ကားနဲ့ သွားတာကတော့ နည်းပါတယ်။ ကားပါကင်ကြေးက ဈေးများတော့ ကိုယ်ပိုင်ကားနဲ့ မသွားကြဘူး။ ဘတ်စ်ဖြစ်ဖြစ်၊ ရထားဖြစ်ဖြစ် အဲဒီမှာ aircon တွေ အကုန်ပါတော့ ဒီပိုးရှိတဲ့ တယောက်ပါလာရင် အားလုံးကို ကူးနိုင်တယ်လေ။ အဲဒါကြောင့်လည်း နယူးယောက်မှာ ကိုဗစ်ကြောင့် လူသေဆုံးနှုန်း များတယ်လို့ ထင်တယ်။

မေး ။ ။ ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ ။ ။ ဒါကတော့ ကိုယ်လက်လှမ်းမမီတဲ့ကိစ္စလေ။ Facebook ပေါ်က သတင်းတွေကလည်း အကုန်လုံးမှန်တယ် လို့မှ ပြောလို့မရတာ။ နိုင်ငံတော်အစိုးရကလည်း လုပ်နေတာကို တွေ့နေရတာပဲ။ နောက် ပရဟိတသမားတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ အစိုးရဌာနဆိုင်ရာတွေ အားလုံးဝိုင်းပြီး လုပ်ဆောင်နေကြတဲ့အတွက် ကိုယ့် မြန်မာ့ စိတ်ဓာတ်ကို သဘောကျနေပါတယ်။ သူများတွေက ကိုယ့်ကိုလာပူနေတယ်။ ကိုယ်က ကိုယ့်အတွက် မပူပဲနဲ့ မြန်မာပြည်ကိုပဲ လှမ်းလှမ်းပူနေရတယ်။ တခုပဲရှိတယ် အလုပ်တွေ ကြာကြာပိတ်လာမယ်ဆိုရင်တော့ ဘယ်လို ဖြစ်မလဲဆိုတာ မပြောနိုင်သေးပါဘူး။ အခုက ၂ ပတ်လောက်ပဲ ပိတ်တာဆိုတော့။ ပြီးတော့လည်း လူကြီး  ၁ ယောက်ကို (တလလျှင်) အမေရိကန်ဒေါ်လာ ၁၂၀၀ ထောက်ပံ့ဖို့ အစိုးရကလည်း လုပ်နေတာရှိပါတယ်။ ကလေးဆိုရင် အမေရိကန်ဒေါ်လာ ၆၀၀ ပေးပါတယ်။

မေး ။ ။ အမေရိကန်အစိုးရက သူတို့နိုင်ငံသားတွေအပေါ်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးတာက အားရစရာ မရှိဘူးလို့ ပြောနေကြတယ်။ အဲဒါကို အန်တီဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ မြို့ကြီးတွေကတော့ ပြောမှာပေါ့။ ကျမတို့ကျတော့ မြို့သေးသေးလေးဆိုတော့ အဲဒီလိုမျိုးတွေ ထောက်ပြ စရာလည်း မရှိပါဘူး။ အဲဒီလိုထောက်ပြရအောင်လည်း အမေရိကန်အစိုးရဆိုတာ ဘယ်တော့မှ ဟာကွက်ရှိအောင် လုပ်တဲ့ အစိုးရ မဟုတ်ဘူးဆိုတာ ကိုယ်က ယုံကြည်ရတယ်။ လုပ်စရာရှိတာကို ဖိဖိစီးစီးလုပ်တယ်။ မလိုအပ်ရင် မလုပ်ဘူး။

မေး ။ ။ ဒီကာလအတွင်းမှာ အိမ်မှာနေထိုင်တဲ့အခါ စိုးရိမ်ပူပန်မှု အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ ကျမတို့ ပြည်နယ်မှာလည်း COVID-19 ရောဂါပိုးရှိသူ ရှိနေတော့ စိုးရိမ်မှုတော့ရှိတယ်။ ကျမတို့ ရပ်ကွက် မှာတော့ ကိုယ့်အိမ်နဲ့ကိုယ် သန့်သန့် ရှင်းရှင်း နေကြတော့ အဲဒီလိုဖြစ်တယ်လို့တော့ မကြားမိပါဘူး။ ကျမတို့ နေထိုင်တဲ့ နေရာမှာတော့ ရောဂါပိုးရှိသူ မတွေ့ရသေးပါဘူး။ မြန်မာအသိုင်းအဝိုင်းမှာလည်း အဲဒီရောဂါ ခံစားနေရတဲ့သူ မရှိသေးပါဘူး။ အဲဒါကံကောင်းတယ်လို့ ပြောရမယ်။

မေး ။ ။ မြန်မာပြည်သူတွေကို ပြောချင်တဲ့စကားရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ ပြည်သူတွေကို ပြောချင်တာက ကျန်းမာရေးဌာနကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး နေထိုင်ကြပါ။ တယောက်နဲ့ တယောက်ထိလို့ရှိရင် ရောဂါက ပွားနိုင်တယ်။ တယောက်ကနေ တအိမ်လုံး၊ တမျိုးလုံး တဆွေလုံး ဖြစ်နိုင်တဲ့ကိစ္စဆိုတော့ တယောက်နဲ့ တယောက်ဆက်ပြီး ဒုက္ခမဖြစ်စေချင်ရင်တော့ဖြင့် အဲဒီပြောထားတဲ့ နည်းလမ်းတွေ အတိုင်း လက်ဆေးကြပါ။ အပြင်ထွက်ရင် နှာခေါင်းစည်းစီးပါ။ အဲဒါက ပိုအရေးကြီးပါတယ်။ နှာခေါင်းစည်းမှ မဟုတ်ဘူး။ အရင်ကဆို လက်ကိုင်ပုဝါလိုမျိုးတွေနဲ့လည်း နှာခေါင်းနဲ့ ပါးစပ်ကနေ ဗိုင်းရပ်စ်မဝင်အောင် ကာကွယ်လို့လည်း ရပါတယ်။ နှာခေါင်းစည်းဆိုတာ ကိုယ့်ဘာသာ လက်ချုပ်လေးနဲ့ လုပ်လည်းရပါတယ်။ နောက် ပရဟိတသမားတွေ လာတဲ့အခါ ကျရင်လည်း ပူးပေါင်းပါဝင်ပြီး ကူညီလုပ်ဆောင်ကြပါလို့ ကျမက ဒါပဲပြောချင်ပါတယ်။

ဒီမှာက စိတ်ပဲပူနေပြီးတော့ ဘာမှ ထောက်ပံ့နိုင်တဲ့အခြေအနေ မရှိဘူး။ ကိုယ့်ဘာသာကိုယ်လည်း နေကောင်းအောင် နေရပါတယ်။ ဒီမှာတော့ ထောက်ပံ့စရိတ်နဲ့ဆိုတော့ စားစရာ သောက်စရာက အစ ပူစရာမရှိပါဘူး။ ပူစရာမရှိတဲ့ ကိုယ်က ကိုယ်တိုင်းပြည်ကို ပူရတဲ့သဘောရှိတယ်။ ငါ့လူမျိုးတွေ ဘယ်လိုများ နေရမလဲဆိုပြီး အမြဲဒုက္ခဖြစ်နေရတာပေါ့။ မေတ္တာပို့ပါတယ်။ ပြည်သူအများ စိတ်ချမ်းသာပါစေ။ ဥပဒေတွေကို လိုက်နာပြီး မြန်မြန် ဒီရောဂါကြီး ထွက်သွားအောင် ကြိုးစားကြပါ။ ကိုယ့်ကိုယ်ကိုစောင့်ရှောက်ခြင်းက တိုင်းပြည်စောင့်ရှောက်ခြင်းနဲ့ တူပါတယ်လို့ ကျမက အဲဒီလိုမျိုးပြောချင်ပါတယ်။

ဆက်စပ်ဖတ်ရှူရန် –

အမေရိကန် နိုင်ငံရှိ မြန်မာ ၁ ဦး၏ COVID-19 ကပ်ရောဂါဘေး အတွေ့အကြုံ

Did you find apk for android? You can find new Free Android Games and apps.
Loading