တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO)များ ထိန်းချုပ်ထားသည့် ဒေသတွင်း နေထိုင်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် သမ္မတ ဦးဝင်းမြင့်က “COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ” ကို ဧပြီ ၂၇ ရက်တွင် ဖွဲ့စည်းလိုက်သည်။
ယင်းကော်မတီတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် ၇ ရပ်ရှိသည်။ ၎င်းတို့မှာ အစိုးရနှင့် EAO များကြား သတင်း အချက် အလက် ဖလှယ်ရန်၊ EAO များနှင့် ပြည်နယ် အစိုးရကြား ပူးပေါင်းရေး ဆောင်ရွက်ပေးရန်၊ EAO ဒေသအတွင်း ရောဂါလက္ခဏာ ပြလာသူများ ရှိပါက စောင့်ကြပ်ကုသမှု ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရန် အပါအဝင် ရောဂါနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ပူးပေါင်းရေးဆောင်ရွက်ရန် စသည်တို့ ဖြစ်သည်။
ကော်မတီ ဥက္ကဋ္ဌ အဖြစ် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒု ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဦးဆောင် တာဝန်ယူပြီး ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည်။
အဆိုပါ ကော်မတီအနေနှင့် COVID – 19 ကာကွယ်ရေးအတွက် EAO များနှင့် အစိုးရကြား ပူးပေါင်းဆောင်ရွက်ရေး မည်ကဲ့သို့ ပေါင်းစပ်ညှိနှိုင်းမည်ကို သိရှိနိုင်ရန် ကော်မတီ၏ ဒု ဥက္ကဋ္ဌ ဖြစ်သည့် အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ကို ဧရာဝတီ သတင်းထောက် ဇင်လင်းထက်က ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆရာတို့ ကော်မတီအနေနဲ့ အစိုးရနဲ့ EAO တွေကြား ပေါင်းစပ်ညှိနှိုင်းရေး ဆောင်ရွက်ဖို့ လတ်တလောမှာ ဘာတွေ ပြင်ဆင်နေလဲ ဆိုတာ သိပါရစေ။
ဖြေ။ ။ သာမန်အားဖြင့်တော့ ဒီကော်မတီမဖွဲ့ခင် ငြိမ်းချမ်းရေးကော်မရှင် အနေနဲ့လည်း EAO တွေနဲ့ ဒီကိုဗစ်ကာလ စကတည်းက ဆက်သွယ်ဆောင်ရွက်လျက် ရှိပါတယ်။ မတ်လအတွင်းမှာပဲ လူချင်းတွေ့ပြီးတော့ ၂ ကြိမ်လောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်တဲ့အခါမှာလည်း ဒီကိစ္စတွေကို ထည့်သွင်းဆွေးနွေးကြပါတယ်။
အခု ကော်မတီဖွဲ့လိုက်တဲ့အခါကျတော့လည်း ကြည့်ရင် သိပါလိမ့်မယ်။ ဒီကော်မတီထဲမှာ ငြိမ်းချမ်းရေး ကော်မရှင်က ပုဂ္ဂိုလ် တွေချည်းပဲ ဖြစ်ပါတယ်။ အဓိကတော့ ဒီ COVID – 19 ကိစ္စကို Task Force သဘောမျိုးနဲ့ ထိထိရောက်ရောက် EAO တွေနဲ့ ပူးပေါင်းလက်တွဲလုပ်နိုင်ဖို့ ဖွဲ့ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိလည်း ကျနော်တို့ EAO တွေနဲ့ အဆက်အသွယ် ရနေတဲ့အတွက် သူတို့နဲ့ ဆက်သွယ်ပြီးတော့မှ တဖွဲ့ချင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ သူတို့ လိုအပ်နေတဲ့ လိုအပ်ချက်တွေ၊ ဆောင်ရွက်ချက်တွေမှာ သူတို့လိုအပ်နေတဲ့ အခက်အခဲတွေ ပံ့ပိုးဖို့ လိုတာတွေ ရှိရင်လည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။
မေး။ ။ ကိုဗစ်က လူအချင်းချင်းထိတွေ့မှုကနေ ကူးစက်နိုင်ခြေများတော့ ဆရာတို့ ညှိနှိုင်းဆောင်ရွက်တဲ့ အခါကျရင် ဘယ်လို ညှိနှိုင်း ဆောင်ရွက်မှာလဲ။ အွန်လိုင်းစနစ်နဲ့ပဲ သွားမှာလား။
ဖြေ။ ။ လောလောဆယ်တော့ ကျနော်တို့ အဲဒီလိုပဲ စဉ်းစားထားပါတယ်။ ပထမအကြိမ်မှာတော့ အွန်လိုင်းစနစ်နဲ့ပဲ ဆောင်ရွက်ကြဖို့ အကြမ်းဖျင်း ညှိထားကြပါတယ်။ ပြီးရင်တော့ လူချင်းတွေ့နိုင်တဲ့အနေအထား ရောက်ရင်တော့ လူချင်း တွေ့တာမျိုးတော့၊ နယ်မြေတွေအထိ သွားတာမျိုးတို့ လုပ်ကောင်းလုပ်ဖြစ်မှာပါ။
မေး။ ။ ဧပြီ လကုန်ဆိုရင် နယ်စပ်ဝင်ပေါက်ကနေ မြန်မာနိုင်ငံသားတွေ ပြန်လည် ဝင်ရောက်လာမယ်လို့ ကျနော်တို့ သိထားပါတယ်။ ဆိုတော့ သူတို့ပြန်ဝင်လာတဲ့ အခါကျရင် Quarantine လုပ်ဖို့ ကိစ္စတွေမှာ ဆရာတို့ ဘယ်လို အစီအစဉ်တွေ လုပ်ဖို့ ညှိနှိုင်းသွားမလဲ ခင်ဗျ။ သူတို့ကို EAO ဒေသတွေမှာပဲ ယာယီ Quarantine လုပ်မှာလား။
ဖြေ။ ။ အဓိကတော့ ဒီကိစ္စက ကျန်းမာရေး ဝန်ကြီးဌာနတို့၊ ပြည်ထဲရေးတို့ကနေ Guide line ပေးပါလိမ့်မယ်။ လက်ရှိ အခြေအနေမှာလည်း နယ်စပ်ဒေသတွေကနေ ဝင်လာမယ့် ကျနော်တို့နိုင်ငံသားတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း ကချင် ပြည်နယ်ဘက်မှာ သက်ဆိုင်ရာနေရာတွေမှာ Quarantine ဝင်တာမျိုးတွေ၊ နောက်တခါ မိုင်းလားဒေသဘက်မှာလည်း သက်ဆိုင်တဲ့ နေရာမှာ Quarantine ဝင်တာမျိုးတွေ၊ နောက်တခါ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာလည်း လုပ်နေတာ ရှိပါတယ်။ အဲဒီလို လုပ်နေတဲ့ နေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပါဝင် ပူးပေါင်း ဆောင်ရွက်နေမှုတွေကို ကျနော်တို့ တွေ့နေရပါတယ်။
တချို့ဒေသရဲ့ အခက်အခဲတွေကိုလည်း ကျနော်တို့ ပါဝင်ကူညီ ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် ဝင်ရောက်လာမယ့် လူတွေကိစ္စနဲ့ ပတ်သက်လို့လည်း မကြာခင်မှာ ကျနော်တို့ ညှိနှိုင်းမှုတွေ လုပ်ပါတော့မယ်။ အခု အွန်လိုင်းမှာ တွေ့ကြဖို့တွေ၊ စကားပြောကြဖို့တွေ ကျနော်တို့ ညှိနေကြပါပြီ။ မကြာခင် ဒီတပတ်၊ ရှေ့တပတ်လောက်မှာတော့ စတင် ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်။
သူတို့သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာလည်း COVID–19 တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ကော်မတီတွေဖွဲ့ထားတယ်လို့လည်း ကျနော်တို့ကို ဆက်သွယ်လာပါပြီ။ အဲဒီအဖွဲ့တွေနဲ့ ကျနော်တို့ အွန်လိုင်း ကနေ Email အဆက်အသွယ်တွေ ရနေပြီ ဖြစ်တဲ့အတွက်ကြောင့် အွန်လိုင်းဆက်သွယ်မှုကတော့ မကြာခင်ဘဲ စနိုင်လိမ့်မယ်လို့ ယူဆပါတယ်။
မေး။ ။ တချို့သော EAO တွေက ကျနော်တို့ကို ပြောတာ ရှိပါတယ်။ သူတို့မှာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိတယ်ပေါ့။ ဥပမာ – လက်ဆေးဖို့ ဆပ်ပြာတွေဝေဖို့ အလုံအလောက် မရှိတာ။ Mask တွေမရှိတာ။ ပိုးသတ်ဆေးဖြန်းဖို့ ပစ္စည်းပစ္စယ မလုံ လောက်တာလည်း ရှိတော့ ဆရာတို့ ကော်မတီအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးဖို့ရော စဉ်းစားထားတာ ရှိလား။
ဖြေ။ ။ ရှိပါတယ်ဗျ။ သူတို့မှာ အခက်အခဲတွေရှိမယ်ဆိုတာလည်း ကျနော်တို့ လက်ခံပါတယ်။ ဒါကြောင့် ဒီဟာကို တကယ် ကာကွယ် တားဆီးချင်တယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးမှုတွေကိုလည်း လုပ်လည်း လုပ်ပေးရမှာပါ။ ဒီအတွက် လည်း သူတို့တွေနဲ့ ညှိနှိုင်းပြီး သက်ဆိုင်ရာ အစိုးရနဲ့ ဝန်ကြီးဌာနများကို တင်ပြတောင်းခံပြီးမှ ပေးနိုင်မယ်လို့ ကျနော် ယူဆပါတယ်။
မေး။ ။ ဆရာတို့ကော်မတီက ဆောင်ရွက်သွားမယ့် ကိစ္စနဲ့ပတ်သက်လို့ လိုအပ်တာတွေရှိရင် ဘာများဖြည့်စွက်ပြောဦးမလဲ ခင်ဗျ။
ဖြေ။ ။ အထူးအထွေတော့ မရှိပါဘူး။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ လမ်းစများပါတယ်။ ဒီကိစ္စတွေကို ပူးပေါင်း ဆောင်ရွက်နေရင်းနဲ့လည်း ငြိမ်းချမ်းရေးကိစ္စတွေမှာလည်း တဦးနဲ့တဦး ထိတွေ့ဆက်ဆံပြီး ယုံကြည်မှုတွေ ပိုရလာပြီး ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်မှာလည်း အထောက်အကူတွေ ပိုရလာမယ်လို့ ယုံကြည်ပါတယ်။ ။
You may also like these stories:
COVID-19 ကာကွယ်ကုသရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးတွဲလုပ်ရန် အစိုးရ ကော်မတီဖွဲ့
စစ်ရေးထက် ကိုဗစ်ကိစ္စကို ပိုဦးစားပေးပြီး လုပ်နေတယ်
သျူစစ်ဒဒီ ထောင်ချောက်ထဲက ရခိုင်စစ်ပွဲ