COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး အစီအစဉ် (CERP) ကို အစိုးရက ဧပြီလ၂၈ ရက် ညနေပိုင်းက စတင် ကြေညာခဲ့သည်။
CERP သည် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် အစိုးရ အသုံးစရိတ်များ တိုးမြှင့်ခြင်းမှသည် တိုင်းပြည်၏ ကျန်းမာ ရေး စောင့်ရှောက်မှုစနစ်ကို ခိုင်မာ အားကောင်းအောင် ပြုလုပ်ခြင်းအထိ ပါဝင်သည့် လုပ်ဆောင်မှုအသစ်များနှင့် တုံ့ပြန်မှု အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း အားဖြင့် ကမ္ဘာ့ ကပ်ရောဂါ၏ စီးပွားရေး သက်ရောက်မှုများကို လျှော့ချသွား ရန် ဖြစ်သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (MOPFI) ၏ CERP အစီအစဉ်အရ စီမံကိန်းတွင် ရည်မှန်းချက် ၇ ခု၊ မဟာ ဗျူဟာ ၁၀ ခု၊ လုပ်ငန်း အစီအစဉ် ၃၆ ခု နှင့် ဆောင်ရွက်မှု ၇၆ ခု ပါဝင်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးကို မထိခိုက်စေဘဲ သက်ရောက်မှုများကို လျှော့ချရန် ဖြစ်သည်။
CERP က ငွေကြေးလှုံ့ဆော်မှု Monetary stimulus မှ တဆင့် မိုက်ခရို စီးပွားရေး ပတ်ဝန်းကျင် Macroeconomic environment တိုးတက်ရေးကို အဓိက ဦးတည်သည်။ အာရုံစိုက်သည်။ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများ တိုးတက်စေခြင်းအားဖြင့် ပုဂ္ဂလိက ကဏ္ဍအပေါ် သက်ရောက်မှုကို လျော့ကျစေခြင်း၊ ကာယလုပ်သားများ၊ အလုပ်သမားများနှင့် အိမ်ထောင်စုများကို ကူညီခြင်း၊ တီထွင်ဆန်းသစ်မှုရှိသော ထုတ်ကုန်များနှင့် လမ်းကြောင်းသစ်များ ကို မြှင့်တင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အားဖြည့်ပေးခြင်း၊ အရေးပေါ် ရန်ပုံငွေများ အပါအဝင် COVID-19 တုံ့ပြန်မှုဆိုင်ရာ ဘဏ္ဍာငွေ ရရှိနိုင်မှု တိုးမြှင့်ခြင်းတို့ ပါဝင်သည်။
အစိုးရ၏ ထိုအစီအစဉ် အပေါ် စီးပွားရေး ပညာရှင်များနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ၏ သဘောထားအမြင်များကို ဧရာဝတီ သတင်းထောက် မျိုးပပစန်းနှင့် အောင်သီဟတို့က ဆက်သွယ်မေးမြန်းထားသည်များကို စုစည်း ဖော်ပြလိုက် ပါသည်။
ဦးခင်မောင်ညို (ဘောဂဗေဒ)
စီးပွားရေး လေ့လာသုံးသိပ်သူ
အခု ထုတ်ပြန်လိုက်တဲ့ အစီအစဉ်ကတော့ Outline သဘောပေါ့၊ အကြမ်းဖျင်းပေါ့။ အသေးစိတ် လုပ်မယ့် အစီအစဉ်တွေ ကတော့ သူတို့ဆီမှာ ထပ်ရှိနိုင်သေးတယ်။ ဒါကတော့ ယေဘုယျကတော့ နည်းနည်းဆန်တာပေါ့။ လုပ်ချင်တာတွေ အား လုံး၊ ရည်ရွယ်ထားတာတွေကို စုထည့်ထားတဲ့ သဘောမျိုးပေါ့။ အသေးစိတ်ကတော့ ထပ်လာဦးမှာပေါ့။
သူတို့ လောလောဆယ် လုပ်နေတဲ့ ဗဟိုဘဏ် အတိုးနှုန်း လျှော့တာ၊ ဝင်ငွေခွန် ကင်းလွတ်ခွင့်တွေ ဘာတွေနဲ့ ဒီလထဲ ဒီ နှစ်လုပ်မယ့်ဟာတွေ သူတို့ ဆွဲထားတာလေးတွေကတော့ ကောင်းပါတယ်။ ဒီအစီအစဉ်တွေကို ဘယ်လိုမျိုး မြန်မြန်ဆန် ဆန်နဲ့ အထိရောက်ဆုံး ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကိုတော့ ကြည့်ရမှာပေါ့။
ဒီအစီအစဉ်ထဲမှာလည်း ပြထားတာပဲ။ လုပ်စရာတွေကတော့ အများကြီး ရှိနေသေးတယ်။ တခု အံ့သြစရာ ကောင်းတာက ဟိုတုန်းက အတိုးလျှော့ပေးပါလို့ အော်နေတဲ့သူတွေက အခု လျှော့ပေးလိုက်တော့ ဘာအသံမှ မထွက်လာဘူး။ အတိုးနှုန်း လည်း လျှော့ပေးထားတယ်။ အတိုးနှုန်း သက်သာတဲ့ ချေးငွေလည်း ထုတ်ပေးထားတယ် ဆိုတော့ တခုခု အကောင်းမြင်တဲ့ အသံ ထွက်လာသင့်တယ်။ အဲဒီဟာကိုတော့ သိပ်အားမရဘူး။
နောက် ဒီအစီအစဉ်ထဲမှာ ပါတဲ့ဟာတခုက ဘဏ်တွေက အသစ်ထုတ်ချေးမယ့် ချေးငွေတွေကို အစိုးရက ၅၀ ရာခိုင်နှုန်း ဝင်ပြီး အာမခံပေးမယ့် ကိစ္စပေါ့။ ဒါအတွက်ကတော့ ဘဏ်တွေက အဲဒီလောက် ငွေရှိသလား။ နောက်ပြီးတော့ ဒီအချိန်မှာ ချေးနိုင်ပါ့မလား။ အစိုးရက ရင်းနှီးမြှုပ်နှံမယ့်သူတွေ လက်ထဲ ငွေရောက်အောင် အားပေးတဲ့ သဘောပေါ့။ ဒါပေမယ့် ဘဏ် တွေဘက်မှာက အရှေ့ ဇာတ်လမ်းတွေတောင် မပြီးသေးတဲ့ အချိန်မှာ နောက်ထပ် အသစ်ပေးနိုင်ပါ့မလား ဆိုတာတော့ အရမ်းကြီး မျှော်လင့်ထားလို့ မရဘူးလို့ ထင်တယ်။
အလုပ်လက်မဲ့ ပြဿနာကို သူဖြေရှင်းနိုင်ဖို့ သူ့နဂိုကတည်းက ရှိတဲ့ လုပ်သား အခြေပြုတဲ့ အခြေခံ အဆောက်အအုံ စီမံ ကိန်းကြီးတွေ ရှိတယ်။ အဲဒီဟာတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ လုပ်တာ တခု တွေ့ရတယ်။ တဖက်က ကျပြန်တော့လည်း ဘာတွေ့လဲဆိုတော့ အခုလက်ရှိ အစိုးရဌာနတွေမှာ အရင်က ဘတ်ဂျက်ကို ၂၅ ရာခိုင်နှုန်းလောက် လျှော့တယ် ကြားတယ်။ အဲဒီဟာက ကိုဗစ် ဘတ်ဂျက်ထဲကို သွားတာပေါ့လေ။
ချေးငွေကို ၅၀၀ ဘီလီယံလောက်အထိ ထပ်တိုးမယ့် ကိစ္စကတော့ ကောင်းပါတယ်။ လိုချင်တဲ့သူတွေ လိုအပ်တဲ့သူတွေ ကတော့ အများကြီးပဲပေါ့။ အခု ကြားနေရတဲ့ဟာက ချေးငွေထုတ်ချေးပေးတဲ့ ကိစ္စက သိပ်ပြေလည်ပုံ မရဘူး။ ပေးတော့ ပေးနေတာပဲ၊ မရဘူးဆိုတဲ့ ဇာတ်လမ်းတွေက ခဏခဏ ဖြစ်နေတာဆိုတော့ ရသင့်ရထိုက်တဲ့ သူတွေပဲ ရသွားမလား မထိ ရောက်ဘဲ ဖြစ်သွားမလားပေါ့။ ဒါကတော့ အစိုးရဘက်ကလည်း ချိန်ဆဖို့ တော်တော်ခက်တဲ့ ကိစ္စပါ။
ဒေါ်တိုးနန္ဒာတင်
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ
အစိုးရရဲ့ စီးပွားရေး ပြန်လည် ကုစားရေး အစီအစဉ်ထဲမှာ အလျင်မြန် တိုးတက်မှု ရှိပါမယ်ဆိုတဲ့ ရေထွက်ကုန်ကဏ္ဍလို မျိုးကို ဘာမှ သိပ်မလုပ်ဘူး ဆိုတာမျိုး ပါတယ်။ အဲဒီ သူတို့ မှတ်ချက်ပေးထားတဲ့ စာပိုဒ်ကိုပဲ ဖတ်ပြီး ကျမ ဖတ်တောင် ဆက် မဖတ်ချင်တော့ဘူး။
တကယ်တော့ မြန်မြန်ဆန်ဆန်ပြန်ပြီး တိုးတက်ဖို့ ရှိနေတဲ့ လုပ်ငန်းကဏ္ဍကို နည်းနည်းလေး အားထည့်ပြီးလုပ်ပေးလိုက် မယ်ဆိုရင် ကျဆင်းနေတဲ့ စီးပွားရေးကို မြန်မြန်ပြန်ထဖို့ ပိုပြီး အထောက်အကူ မပြုနိုင်ဘူးလား။ အခု ဒီဟာကို ရေးတဲ့သူ တွေရဲ့အတွေးကို ကျမ ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဘယ်သူတွေက ဒီ Plan ကို ဆွဲလဲဆိုတာ ကျမအရမ်းကို သိချင် တယ်။
ဒီအစီအစဉ်သည် အကုန်လုံးရဲ့ သဘောဆန္ဒမပါဘဲ ရေးဆွဲထားတဲ့ အစီအစဉ် တခုလို့ မြင်တယ်။ တကယ်တမ်း ဒီလို အစီ အစဉ်မျိုး ဆွဲမယ်ဆိုရင် တဦးတယောက်တည်းက ဆွဲလို့ မရပါဘူး။ လုပ်ငန်းကဏ္ဍ အားလုံးပါ ရမယ်၊ လုပ်ငန်းကဏ္ဍ အား လုံးရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကြည့်ရမယ်။ အားသာချက် အများဆုံး ရှိမယ့်ကဏ္ဍကို ချက်ချင်း ပံ့ပိုးပေး လိုက်မယ် ဆိုရင် ကိုယ်သည် လုံးဝ တက်သွားနိုင်တဲ့ အနေအထား ဖြစ်သွားမယ်။
ကိုယ့်နိုင်ငံရဲ့ရေထွက်ကုန်နဲ့ ပတ်သက်ပြီး သဘာဝ အရင်းအမြစ်က အာဆီယံမှာ အမြင့်ဆုံး ရှိတယ်။ ဒါပေမယ့် ကိုယ့်က အနိမ့်ဆုံးပဲ ထုတ်နိုင်တဲ့ အနေအထားပဲ ရှိသေးတယ်။ ဗီယက်နမ် ဆိုရင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖိုးလောက် ထုတ်နေတာ၊ ဒီမှာ က သန်း ၇၂၀ လောက်ပဲ ရှိနေသေးတယ်။
ရေလုပ်ငန်း ကဏ္ဍသည် တိုးတက်ဖို့ အလျင်မြန်ဆုံး ဆိုပြီး သူတို့က သုံးသပ်ထားတာကို ကျမတို့အနေနဲ့လည်း ဒါကို လက် ခံပါတယ်။ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်တွေမှာ ဘယ်ဟာသည် In volume သွားနိုင်နေလဲ ကျမတို့ ကြည့်ဖို့လိုတယ်။ ကျမပြောတာက ၁၀ တန်၊ ၁၅ တန်၊ တန် ၁၀၀ ကို ပြောတာ မဟုတ်ဘူး။ တန်ဘယ်နှသိန်းနဲ့ သွားနိုင်လဲ။ တန်ဘယ်နှသန်း နဲ့ သွားနိုင်မလဲပေါ့။
ကိုယ့်တိုင်းပြည်သည် ရှိနေတဲ့ အရင်းအမြစ်တွေနဲ့ အမြန်ဆုံး ပြန်တက်နိုင်မလဲဆိုတာ ပညာရှင်တွေ၊ သက်ဆိုင်ရာ ကဏ္ဍ က လူတွေ အားလုံးနဲ့ ဝိုင်းပြီး ဆွေးနွေးသင့်တယ်လို့ ထင်တယ်။ COVID အလွန်ကာလမှာက အစားအသောက် ဖူလုံရေး သည် ပြဿနာတခု ဖြစ်လာမယ်ဆိုတော့ ကိုယ့်ဘက်က ဘာတွေ ထုတ်မလဲ။ ဥပမာ- ဆန်ဆိုရင် သူက Ready to eat ထုတ်နိုင်မလား ဒါလေးတွေကို ကျမတို့ စဉ်းစားဖို့ လိုတယ်။
အကုန်လုံးနဲ့ ဆွေးနွေး တိုင်ပင်ပြီးတော့မှ မြန်မာနိုင်ငံ စီးပွားရေးကို ကိုဗစ်ပြီးရင် ဘယ်လို သွားကြမလဲ ဆိုတာတဲ့ အစီအ စဉ်တွေကို ချသင့်တယ်လို့ ကျမအနေနဲ့ သုံးသပ်ချင်တယ်။ ကျမတို့ဆီမှာ ရေထွက်ကုန် ကဏ္ဍမှာဆိုရင် အီးယူရဲ့ စံသတ် မှတ်ချက်တွေနဲ့ ကိုက်ညီနေတဲ့ စက်ရုံတွေ တော်တော်များများ ရှိနေပြီ။ ဒီလို အီးယူရဲ့ အာမခံချက်ရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးလေ။ တခြား လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍတွေရဲ့ ထုတ်ကုန်တွေမှာ အီးယူ စံသတ်မှတ်တွေနဲ့ ပြည့် မီတာ ဘယ်နှခု ရှိနေပြီလဲ။ ဒီလို အီးယူရဲ့ ထောက်ခံချက် ရထားတဲ့ဟာတွေမှ တကမ္ဘာလုံးကို ရောင်းနိုင်မှာလေ။
အဲဒီတော့ အဆင်သင့် ရှိပြီးသားသည် ဘာရှိလဲ ဆိုတာကို အစိုးရအနေနဲ့ တွေးသင့်တယ်လို့ ကျမထင်တယ်။ ကျမတို့က ကိုဗစ်အလွန်မှာက ပြည်တွင်း တခုပဲကို ကြည့်လို့ မရတော့ဘူး။ နိုင်ငံတကာ ဈေးကွက်ကိုပါ ကြည့်ဖို့ လိုတယ်။ ဒီစားနပ် ရိက္ခာသည် အရေးကြီးဆုံး ဖြစ်လာမှာ ဖြစ်တဲ့အတွက် ကိုယ့်က ဘယ်လို Ready to eat ရိက္ခာတွေကို ထုတ်မလဲဆိုတာ စဉ်းစားထားသင့်တယ်။
ကိုယ့်ထုတ်မယ့် ထုတ်ကုန်သည် နိုင်ငံတကာ ဈေးကွက်ကို တခါတည်း တန်းသွားလို့ရမယ့် ထုတ်ကုန်မျိုးဖြစ်နေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ စီးပွားရေး ပြန်လည် တိုးတက်မှု အဆင့်တခုကို ရောက်နိုင်မယ်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍက စံသတ် မှတ်ချက် တခုက ဘယ်လောက်လောက် ရောက်နေပြီလဲ။ မွေးမြူရေးနဲ့ ရေလုပ်ငန်း ကဏ္ဍမှာရော ဘယ်လောက် ရောက် နေပြီလဲ။ စက်ရုံ အလုပ်ရုံတွေကရော ဘယ်လောက်အထိ ရောက်နေပြီလဲပေါ့။ ဒီသုံးခုစလုံးကို ချိန်ပြီးတော့မှ ဘယ်ဟာ သည် ငါတို့စပြီး ဖွင့်ပြီး လုပ်သင့်တယ် ဆိုတာမျိုးကို အစိုးရ၊ ပညာရှင်တွေနဲ့ လုပ်ငန်းရှင် အားလုံး စုပေါင်း ဆွေးနွေးပြီး လုပ် သင့်တယ်။
ရေလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်မယ်ဆိုရင် ပြည်တွင်းဘဏ်တွေနဲ့ မလုံလောက်ဘူး။ ဘာလို့ဆိုရင် စီမံကိန်းတခုကို အမေရိကန် ဒေါ်လာ သန်း ၃၀၀ လောက် သုံးရမယ့် အနေအထားတွေ ရှိတော့ နိုင်ငံခြားဘဏ်တွေကိုပါ လိုအပ်တယ်။ ဈေးကွက် တခုကို သွားမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုများများ ထည့်နိုင်မှ ရနိုင်မယ်။ အဲဒီတော့ ပြည်တွင်းဘဏ်လုပ်ငန်းက လည်း ကူညီ၊ နိုင်ငံတကာဘဏ် လုပ်ငန်းတွေကို ဒီထဲကို ထည့်သွင်းပေးဖို့ လိုတယ်။ အဲဒီတော့ နိုင်ငံတကာ ဈေးကွက်ရ နေတဲ့ လုပ်ငန်းကဏ္ဍတွေကို ပိုပြီး ကူညီပေးခြင်းက ထိခိုက်ကျဆင်းသွားတဲ့ မြန်မာ့စီးပွားရေး ပြန်တိုးတက်နိုင်ရေးကို ပိုပြီး အထောက်အကူ ဖြစ်စေမယ်လို့ ကျမ ပြောချင်တယ်။
ဒေါက်တာ အောင်ဝင်း
အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်
အခု လောလောဆယ်ဆိုရင် ဗဟိုဘဏ် အတိုးနှုန်းလျှော့ပေးတဲ့ ကိစ္စတွေနဲ့ အတိုးအရင်း ပြန်မဆပ်နိုင်သည့် ချေးငွေ (Non-performing loan- NPLs) ချေးငွေကို အချိန်သုံးနှစ် ထပ်တိုးပေးလိုက်တဲ့ ကိစ္စတွေကတော့ ကောင်းပါတယ်။ ဘဏ် တွေက လုပ်ငန်းရှင်တွေကို ပိုက်ဆံတွေ အများကြီး ချေးထားရတာလေ။ ဒီလူတွေက ပြန်မသွင်းနိုင်ဘဲ ရပ်နေတဲ့ အခါမှာ ကျတော့ ဘဏ်က အရင်းလည်း ပြန်မရ၊ အတိုးလည်း မရ။ လုပ်ငန်းရှင်ဘက်မှာကျတော့လည်း အတိုးက အရမ်းမြင့်နေ တာပေါ့။
အခုကျတော့ မြင့်နေတဲ့ အတိုးနှုန်းကို ချပေးခဲ့ပြီပေါ့။ အခုက ချေးငွေကို ၁၀ ရာခိုင်နှုန်းလောက်ပဲ ဖြစ်သွားပြီဆိုတော့ ကောင်းတယ်လို့ ပြောလို့ ရမသေးပေမယ့် အရင်ကထက်စာရင် ခံသာတဲ့ အနေအထား ဖြစ်သွားတာပေါ့။ ဒါပေမယ့် သူများ နိုင်ငံတွေမှာက ၅ ၊ ၆ ရာခိုင်နှုန်းလောက် ဆိုရင်တောင် အရမ်းများနေပြီ။
အခုလို ကိုဗစ်ကြောင့် စီးပွားရေး ကျဆင်းနေတဲ့ အချိန်မှာ ဘဏ်တွေကလည်း လုပ်ငန်း တကယ်လုပ်မယ့်သူတွေကို အပေါင် ပစ္စည်းမပါဘဲ Project ချေးငွေ အစီအစဉ်တွေ ဖော်ဆောင်ပေးသင့်တယ်။ သူကလည်း တနှစ်တခါ ပြန်ဆပ်ရမယ့် ပုံစံမျိုး မဟုတ်ဘဲ နှစ်ရှည်ပေးတာမျိုးတွေ ဖြစ်ဖို့တော့ လိုတယ်။
အစိုးရ အနေနဲ့လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ များများပေးနိုင်မယ့် စက်မှုကုန်ထုတ်လုပ်ငန်းတွေကိုလည်း နှစ်ရှည် ချေးငွေကို အတိုးနည်းနည်းနဲ့ လုပ်ပေးဖို့ လိုတယ်။ အဲဒါမှ သူကလည်း လုပ်ငန်းကို ထူထောင်မှ အလုပ်အကိုင် အသစ်တွေ ကို ဖန်တီးပေးနိုင်မှာလေ။ ဒါမှလည်း အခု အပြင်က ပြန်လာတဲ့ သူတွေက အလုပ် ရမှာလေ။
လယ်သမားတွေကို စိုက်ပျိုးရေး စရိတ် ချေးငွေထုတ်ချေးနေတာတွေကို အတိုးနှုန်း လျှော့ချပေးဖို့နဲ့ ပြီးတော့ အခု စိုက်ပျိုး ရေး ချေးငွေတွေက ကျနော်ထင်တယ်၊ တနှစ်တောင် မပေးဘူး ထင်တယ်။ ချေးငွေ သက်တမ်းတွေ တိုးမြှင့်ပေးဖို့ လိုမယ်။ ပြီးတော့ စိုက်ပျိုးရေး ချေးငွေကို လယ်သမားတွေအပြင် အခြား စိုက်ပျိုးရေး သီးပင်စားပင်တွေကို ထုတ်ချေးပေးသင့်တယ်။ သီးနှံ အာမခံစနစ်တွေလည်း ပိုကောင်းအောင် လုပ်ဖို့ လိုတယ်။
လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေက များများထုတ်လုပ်နိုင်မှာပါ့။ ကျနော်တို့ GDP က ပြန်တက်လာနိုင် မယ်။ ကျနော်တို့ အထည်ချုပ်ကလည်း ဝင်လာတဲ့သူတွေ အကုန်လုံးကို အလုပ် မပေးနိုင်ဘူး။ အခု ကိုယ့်မှာရှိတဲ့ လုပ် သားတွေကိုတောင် အခု အော်ဒါအခြေအနေနဲ့ ဆိုရင် ၅၀ ရာခိုင်နှုန်းတောင် အလုပ်ပြန်ရဖို့ မလွယ်ဘူးလို့ ကျနော်တော့ ထင်တယ်။
အခုက ဥရောပနိုင်ငံတွေ တော်တော်များများမှာလည်း စီးပွားရေး ထိခိုက်မှုတွေ ရှိတော့ သူတို့ဘက်က မဝယ်နိုင်ရင် ကျနော်တို့ ဆီမှာလည်း အလုပ်သမားက အလုပ်ရမှာ မဟုတ်ဘူး။ အထည်ချုပ်က ပြုတ်မယ့် အလုပ်သမားနဲ့ ထိုင်းတို့ ဘာတို့က ပြန်လာတဲ့ အလုပ်သမားတွေက အလုပ် မရှိမယ့်အခြေအနေတွေကို အစိုးရအနေနဲ့ အစီအစဉ် သေချာဆွဲထားဖို့ လိုမယ်။
ကျနော်တို့ အထည်ချုပ်ကိုပဲ ရေရှည် အားကိုးလို့ မရဘူး။ အခြားကဏ္ဍတွေ ဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊ ဟိုတယ်/ ခရီးကဏ္ဍတွေကို ဘယ်လို တက်အောင်လုပ်မလဲပေါ့။ သူတို့ အဲဒါတွေကို အများကြီးလုပ်ဖို့ လိုတယ်။
ဦးနောင်းနောင်းဟန်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း (UMTA)
ဒါကတော့ ဝမ်းသာစရာပေါ့နော်။ နိုင်ငံတော်အနေနဲ့ အခုလိုမျိုး လုပ်ပေးမယ်ဆိုတာ အများကြီး အဆင်ပြေပါတယ်။ ဒါပေ မယ့် အဲဒီထဲမှာ တခုက မရှင်းလင်းတာက ရင်းနှီးမြှုပ်နံှမှုပေါ်မှာ ပေးမှာလို့ ကျနော်တို့က သိထားတယ်။ ရင်းနှီးမြှုပ်နံှမှုမှာ နိုင်ငံတော်ကနေ ပြီးတော့ ၅၀ ရာခိုင်နှုန်းထိတောင် အာမခံပေးပြီးတော့ ချေးပေးမယ်ဆိုတဲ့ဟာမျိုး ဖြစ်လာတယ်။ ဒီအပေါ် မှာတော့ ရင်းနှီးမြှုပ်နှံမှု အသစ်က ဒီအချိန်မှာ တော်တော်လေး ခက်နေတယ်။
အဲဒီအစား ဖြစ်သင့်တာက ထိခိုက်သွားတဲ့ လုပ်ငန်းတွေကို ကုစားရေးမှာ ပိုပြီးတော့ အားစိုက်ပြီးတော့ လုပ်သင့်တယ်။ ချေး ငွေပေးတာ အပြင် တခြားတကယ် လိုအပ်နေတဲ့ လုပ်ငန်းခွင်ထဲက ဟာတွေကို ဥပမာ-ကုန်သွယ်မှု လုပ်ငန်းပဲဖြစ်ဖြစ်၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းပဲ ဖြစ်ဖြစ် အဓိကတော့ တိတိကျကျလေးနဲ့ ထဲထဲဝင်ဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက နေပြီး ဆောင်ရွက်တာ ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ကျနော့်အနေနဲ့ ထင်မိတယ်။
အခုလိုမျိုး ရင်းနှီးမြှုပ်နံှမှု အသစ်ဆိုတာကတော့ ဒီအချိန်မှာ လူတိုင်းက အခက်အခဲတွေ ရှိနေတော့ လက်ရှိ အနေအထား ကို ထိန်းဖို့က ပိုအရေးကြီးတယ်လို့ ကျနော်မြင်တယ်။ ကျန်တဲ့ စီးပွားရေးအပေါ် ကုစားမယ့် အစီအစဉ်တွေကတော့ အကုန် လုံး အဆင်ပြေပါတယ်။ အရေးကြီး ကဏ္ဍတွေကို ဆွဲထုတ်ပြီးတော့ ဦးဆောင်နေတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ ပြီးတော့ တဆင့် လုပ်သင့်တယ်လို့ မြင်ပါတယ်။
ပုဂ္ဂလိက အသင်းအဖွဲ့တွေရော ဝန်ကြီးဌာနရော ပူးပေါင်းပြီး လုပ်မယ်ဆိုရင် ဒါက ပွင့်လင်းမြင်သာမှုတခု ရှိမယ်လို့ မြင် တယ်။ ပြီးခဲ့တဲ့ ကျပ် ၁၀၀ ဘီလီယံ ကုစားရေးမှာတော့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နဲ့ လုပ်သွားတာပေါ့နော်။ ကဏ္ဍပေါင်းစုံ များသွားတဲ့အတွက် လျှောက်တဲ့သူက အရေအတွက် တအားများပြီးတော့ ပေးနိုင်တဲ့ ပမာဏက အရမ်း နည်းသွားတယ်။ လူတိုင်းက တဆုတ်တဆုတ်စီပဲ ရကြတော့ တကယ် တမ်း ကျတော့ လုံလုံလောက်လောက် ကူညီနိုင်ခြင်း မရှိသေးဘူးလို့ ကျနော်ထင်တယ်။
လုပ်နေတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ အသင်းအဖွဲ့တွေက ဒါကို ပိုပြီးတော့ သိပါတယ်။ ဘယ်လုပ်ငန်းတွေက ဘယ်လို ပြန်ထူထောင်ရင် ဖြစ်မယ်ဆိုတာ သိတော့ ဒီလိုမျိုး လုပ်ပြီးတော့ ပုဂ္ဂလိက၊ အစိုးရ နှစ်ခု ပူးပေါင်းပြီးတော့ Public Private Pertarship လုပ်သွားမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေသွားနိုင်ပါတယ်။
ဒေါက်တာ အောင်သိန်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများအသင်း
ယေဘုယျအားဖြင့် ဘာတွေ လုပ်ပေးမယ်ဆိုတာပဲ ပြောထားတာ။ အမှန်ကတော့ ကိုဗစ်-၁၉ ဆိုတာက ကျန်းမာရေးနဲ့ ပတ် သက်တဲ့ ကပ်ရောဂါပေါ့နော်။ ကျန်းမာရေးနဲ့ နှီးနွယ်ပြီးတော့ လုပ်ငန်းတွေကို ကန့်သတ်၊ လူတွေကို အသွားအလာ ထိန်း ချုပ်တယ်ပေါ့။ အဲဒါရဲ့ နောက်ဆက်တွဲမှာ ဘာဖြစ်လာလဲဆိုတော့ စီးပွားရေးတွေလည်း ထိခိုက်လာတယ်။ စက်မှုလုပ်ငန်း တွေဆိုရင် ဧပြီ ၁၉ ရက် ည ၈ နာရီက ထုတ်ပြန်လိုက်တဲ့ အလုပ်သမား ဝန်ကြီးဌာနရဲ့ အမိန့်ညွှန်ကြားချက်အရ ဧပြီလ၂၀ ရက်က စပြီး ရပ်ဆိုင်းသွားပြီပေါ့။
ရပ်ဆိုင်းပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ စစ်ဆေးခံပြီး ပြန်ဖွင့်ခွင့်ပြုမယ်ဆိုတဲ့ အနေ အထားမှာ တနိုင်ငံလုံးမှာ စက်မှုလုပ်ငန်း မှတ်ပုံတင်ထားတာ ၆ သောင်းကျော် ရှိတယ်။ ရန်ကုန်တိုင်း တတိုင်းလုံးမှာ ၇၀၀၀ ထောင်ကျော် ရှိတယ်။ ၃၀ ရက် အထိ စစ်ပြီးတာ၂၀၀၀ ကျော်ပဲ ရှိသေးတယ်။ ပြန်ဖွင့်ခွင့်ရှိတာ ၁၉၀၀ ကျော် ဖြစ် တယ်။ တကယ်တမ်း ပြန်လည်ပတ်နိုင်တာက ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးပေါ့နော်။ ဒီကာလမှာ စက်မှုလုပ်ငန်း အများစုကတော့ ရပ်ဆိုင်းသွားပြီ။ ဒါက တချက်။
နောက်တချက်က ဈေးကွက် အရောင်းနဲ့ ပတ်သက်လို့ ဈေးကွက်တွေ ဖြစ်တယ်။ တချို့ ပြည်နယ်နဲ့ တိုင်းတွေက ဧပြီ ၇ ရက် ကနေ ၂၁ ရက် အထိကို ဆေးဝါးနဲ့ စားသောက်ကုန် လုပ်ငန်းကလွဲလို့ ကျန်တာ ရပ်ထားဖို့ စာထွက်တယ်။ ပြီးတော့ သင်္ကြန် ပြီးတာနဲ့ ဧပြီ ၃၀ အထိ သက်တမ်းတိုးတယ်။ အခုတခါ မေလ ၁၅ ရက်အထိ သက်တမ်းတိုးတယ်ဆိုတော့ အကြမ်းဖျင်း တလနဲ့ တလခွဲလောက်က ဆိုင်တွေ လုပ်ငန်းတွေ ကောင်းကောင်း မလည်ပတ်ရဘူး။
ပြောချင်တာက ကုစားပေးရမှာက ကိုဗစ်-၁၉ ကြောင့်ဖြစ်တဲ့ ထိန်းချုပ်ကာကွယ်ရေး လုပ်ဆောင်ရင်းနဲ့ လုပ်ငန်းတွေက လိုက်နာပြီး လုပ်ရတဲ့ အတွက်ကြောင့် ဒီလုပ်ငန်းတွေမှာ ဆိုင်တွေပိတ်ရ၍ သော်လည်းကောင်း အရောင်းကျဆင်းသွား တယ်။ ဒီအရောင်းဆိုင်တွေကို မှီနေတဲ့ ဖြန့်ဖြူးရေးတွေလည်း ထိခိုက်တယ်။ သူတို့ကို မှီခိုနေတဲ့ သူတွေလည်း ထိခိုက် တယ်။ ဒီကွင်းဆက် တခုလုံးကို ထိတာမို့ လုပ်ပေးသင့်တဲ့ ကုစားရေး Plan က ထုတ်ပြန်တဲ့အမိန့်၊ တားမြစ်ချက် ညွှန်ြ ကားချက်ပေါ် မူတည်ပြီးတော့ ထိခိုက်သွားတဲ့ လုပ်ငန်းတွေ စက်ရုံ အလုပ်ရုံတွေကို သူရဲ့လျှော်ညီတဲ့ ကုစားမှုမျိုး ပိုဖြစ် သင့်တယ်လို့ မြင်တယ်။
ယေဘုယျ လုပ်ပေးတာထက် အမိန့်ညွှန်ကြားချက်ကို ကျန်းမာရေး ရှုထောင့်ကနေ ကြည့်ပြီးတော့ တဖက်ကလည်း ရောဂါ မပြန့်ပွားအောင် ထိန်းချုပ်ကာကွယ်ဖို့ လိုမယ်။ တဖက်မှာလည်း စီးပွားရေး လုပ်ငန်းကို ထိခိုက်မှု အနည်းဆုံးနဲ့ လည်ပတ် လို့ ရအောင်၊ လည်ပတ်လို့ရတဲ့ လုပ်ငန်းတွေကို လည်ပတ်နေပြီးတော့ မဖြစ်မနေ တားမြစ် ကန့်သတ်ရမယ် ဆိုရင် ဒီလုပ် ငန်းတွေ ဘာတွေ ဘယ်လိုဖြစ်သွားမယ်ဆိုတာ မူတည်ပြီး အမိန့် ညွှန်ကြားချက်နဲ့ တွဲပြီးတော့ ကုစားမှု အစီအမံက အကူ အညီ အထောက်အပံ့နဲ့ တခါတည်း တွဲလာတာ ပိုကောင်းတယ်လို့။ သီးခြားစီ ဖြစ်နေတာက သိပ်အဆင်မပြေဘူး။
နောက်တခု ပိုအရေးကြီးတာက တားမြစ်ချက် အမိန့်ညွှန်ကြားချက် မထုတ်ခင်မှာ တကယ့် ဒီလုပ်ငန်း နယ်ပယ်မှာ ဆောင် ရွက်နေတဲ့ အသင်းအဖွဲ့တွေ တကယ်လုပ်နေတဲ့ ကျွမ်းကျင်တဲ့သူတွေနဲ့ မြေပြင်အခြေအနေကို မေးမြန်းပြီးတော့ ဆောင် ရွက်သင့်တယ်။ ဝန်ကြီးဌာန အချင်းချင်း ထုတ်ပြန်တဲ့ အမိန့် ညွှန်ကြားချက် တခုနဲ့တခုက ကုစားမှု Plan နဲ့ လိုက်လျော ညီထွေ ဖြစ်သင့်ပါတယ်။
ဦးရဲမြင့်မောင်
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများ အသင်း
မြန်မာနိုင်ငံ COVID-19 ကုစားရေး စီမံကိန်းဆိုတဲ့ အစီရင်ခံစာပေါ်မှာတော့ အခွန်တွေ လျှော့ပေ့ါမှုကိုပဲ အဓိက ဇောင်းပေး ထားတယ်။ ဘယ်ကဏ္ဍတွေမှာ ဘယ်လောက်လျှော့မယ်ဆိုတာ ဒီအထဲမှာ ပါပြီးသား ဖြစ်တယ်။ ဒါပေမယ့် တကယ့် တကယ်က အခွန်လျှော့ရုံနဲ့ မပြီးဘူးလေ။ စီးပွားရေး လုပ်ငန်းတွေ ပြန်လည် ထူမတ်လာဖို့အတွက် ကူညီပံ့ပိုးပေးဖို့က နည်း နေတယ်လို့ ထင်တယ်။ စီးပွားရေး ကောင်းမယ်ဆိုရင် အခွန်တွေက ပေးနိုင်မှာ ဖြစ်တယ်။ စီးပွားရေးကောင်းဖို့အတွက် ရင်းနှီးမြှုပ်နှံမှု လွယ်ကူလာအောင် လုပ်ပေးဖို့ လိုတယ်။
ငွေရရှိမယ့် အရင်းအမြစ်တွေလည်း လိုသလို လွယ်ကူမြန်ဆန်စွာ ရနိုင်ဖို့လည်း လိုပါတယ်။ နောက်တခုက ဘယ်လို စီးပွားရေး လုပ်ငန်းတွေကို နလန်ထူအောင်လုပ်ဖို့ဆိုတဲ့ ဦးစားပေးကဏ္ဍကိုလည်း ရွေးချယ်လုပ်ဖို့ နိုင်ငံတော်က သတ်မှတ် ပေးဖို့ လိုပါတယ်။ ဥပမာ လူနာမှားပြီး ဆေးကုတာမျိုးလည်း ဖြစ်မှာစိုးတယ်။ ဒါကိုတော့ နိုင်ငံတော်ကနေ သေချာစနစ် တ ကျ လေ့လာပြီးတော့ ဘယ်ကဏ္ဍတွေကို ပိုပေးသင့်တယ်။
ဘယ်လူနာကိုတော့ ဘယ်ဆေးကိုပိုပြီးတော များများ တိုက်သင့်တယ်။ ဘယ်လူနာကို လျှော့တိုက်သင့်တယ်ဆိုတာ နိုင်ငံ တော်က သက်ဆိုင်ရာ ပညာရှင်တွေနဲ့ သုံးသပ်ပြီးတော့ လုပ်ဖို့ လိုပါတယ်။ စီးပွားရေးသမား တယောက်အနေနဲ့ စီးပွားရေး ကဏ္ဍ ရွေးချယ်ပြီးတော့ သတ်မှတ်ပေးတာတွေ ငွေလုံးငွေရင်း စိုက်ထုတ်ပေးတာတွေက မှားသွားလို့ရှိရင် အနာတခြား ဆေးတခြား ဖြစ်သွားမှာ စိုးရိမ်တာ။
အခွန်လျှော့ပေ့ါတာတွေ ဘာတွေက အခုကာလမှာ လျှော့ပေါ့တာ ကောင်းပါတယ်။ ဒါပေမယ့် ပိုက်ဆံ ရရှိမှုက ပုဂ္ဂလိက လုပ်ငန်းရှင်တွေက မလွယ်တော့ဘူးလေ။ ဒါကြောင့် နိုင်ငံတော်က ထူမှပဲ ထနိုင်မယ့် အနေအထား ဖြစ်သွားပြီ။ အားလုံးကို တပြေးညီ ထူတာ မှန်ပေမယ့် ကိုယ်က အားလုံးကို ထူနိုင်မယ့် အင်အား လူတိုင်းကို ထူနိုင်မယ့် အင်အား အပြည့်ရှိရဲ့လား ဆိုတာလည်း မူတည်တယ်။ နောက်တခုက ဟိုလူ့ကိုတော့ ထူမယ်၊ ဒီလူ့ကိုတော့ မထူဘူးဆိုတဲ့ စံနှုန်းတွေလည်း ဖြစ်သွား မှာစိုးလို့ အားလုံးကို ထူတယ်ဆိုရင်တော့ တိုးတက်မှုနှုန်း၊ စီးပွားရေး ကုစားမှုနှုန်းက နှေးသွားလိမ့်မယ်လို့ ထင်တယ်။ ပြန် လည်ပြီးတော့ Recover ဖြစ်ဖို့က နှေးသွားလိမ့်မယ် ထင်တယ်။
ဒါကြောင့် ဘယ်လုပ်ငန်းတွေက အလားအလာ ကောင်းမလဲ။ အဲဒီလုပ်ငန်းတွေမှာ ဘယ်လိုလူမျိုးတွေက ဦးဆောင်နိုင်မယ့် စွမ်းအားတွေနဲ့ ဖြစ်နေလည်း ဒီလူတွေကိုလည်း ပံ့ပိုးတယ်။ နောက်က လူတွေကိုလည်း ပံ့ပိုးတယ်။ ဒါပေမယ့် ပံ့ပိုးပုံချင်းက တူချင်မှ တူမှာပေါ့နော်။ ဦးဆောင်နိုင်မယ့်သူတွေကို ဆွဲခေါ်နိုင်တာက ပိုကောင်းတယ်။ စီးပွားရေး ပြန်လည် ထူထောင်ဖို့ ဆိုရင် အကုန်လုံး နွားထီးလည်း ငါးကျပ်၊ နွားမလည်း ငါးကျပ် လုပ်လို့ မရဘူးလေ။ အားလုံးကိုတော့ အောင်မြင်စေချင် တာပေါ့။ ဒါပေမယ့် တယောက်နဲ့ တယောက် မော်ဒယ်က မတူကြဘူး။ အဲဒါလေးကို ပြောချင်တာပါ။
အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ပြောထားတာက အကုန်လုံးကို အတူတူ လုပ်မယ် ပြောထားတာပေါ့။ စီးပွားရေးလုပ်ငန်း ကျ တော့ ဖြန့်လုပ်လိုက်ရင်လည်း မပေးနဲ့ ပြောတာ မဟုတ်ဘူး ပေးလို့ ရပါတယ်။ ဦးစားပေး ကဏ္ဍအနေနဲ့ ဘယ်လုပ်ငန်း တွေကို ဆွဲတင်သွားမလည်းဆိုတာ ဖြစ်စေချင်တာ။
နောက်တခုက မြန်မာပြည်မှာ လုပ်သားအင်အားက လယ်ယာကဏ္ဍမှာ ၅၀ ရာခိုင်နှုန်းရှိတယ်။ နောက်တခုက မြန်မာပြည် ရဲ့ ပြန်လည် ထူထောင်ရေးနဲ့ စီးပွားရေး ပြန်လည် ကုစားရေးက ဘယ်ဟာက အလားအလာ ကောင်းလဲဆိုတော့ အခု ပြည်တော်ပြန်တွေလည်း အများကြီး ဖြစ်လာပြီ။ တပြည်လုံးနဲ့ နှိုင်းယှဉ်လိုက်ရင် ၅၀ ရာခိုင်နှုန်း လုပ်သား အင်အားပေးနိုင် တဲ့ လယ်ယာ၊ သားငါးကဏ္ဍကတော့ အလုပ်အကိုင်လည်း ပေးနိုင်တယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ ပြတ်တောက်တော့မယ်လို့ အခု ကြေညာထားတာလည်း ရှိတယ်။
ကျနော်တို့ နိုင်ငံက စားနပ်ရိက္ခာ ထုတ်လုပ်ဖို့ အကောင်းဆုံး နိုင်ငံ ဖြစ်တယ်။ ဒီလမ်းကြောင်းကို သွားသင့်တယ်လို့ ထင် တယ်။ လုံလောက်တဲ့ လုပ်သားအင်အားလည်း ရှိတယ်။ နောက်မြေတွေ ရှိတယ်။ လိုအပ်တာက ဈေးကွက်က လိုအပ် တယ်။ ပြည်တွင်းက ရှိနေပြီ။ ပြည်ပ ဈေးကွက်က လိုတယ်။ ထွက်လာတဲ့ဟာမှ ပြည်ပကို ပို့လို့ရမယ်။ အခုကတော့ ကွင်း ဆက်က ပြတ်သွားတယ်။
စိုက်ပျိုး၊ ထုတ်လုပ် မွေးမြူတဲ့သူတွေက တနှစ်လုံး ပြက္ခဒိန်နဲ့ လုပ်တာ ဒီနေ့စိုက်ပြီး နက်ဖြန်ရိတ်သိမ်း၊ စက်ရုံ စလည်လို့ မရဘူး။ ဒီနေ့ မွေးပြီး မနက်ဖြန် ဈေးကွက်ထဲ စတင်လို့ မရဘူး။အနည်းဆုံး သုံး၊ လေး၊ ငါးလ လောက် အချိန်ယူရတာ။ အခု တလခွဲလောက် ပိတ်လိုက်တော့ အသစ်ပြန်စရမှာ။ အဲဒီတော့ ငွေကြေး အရင်းအနှီးလိုတယ်။ အခု ပြန်လာတာရောဆို တော့ လုပ်သားအင်အားက ရှိတယ်။ ဒါကြောင့် အဆင့်အတန်းမီတာတွေ ထုတ်ပြီး နိုင်ငံခြား ဈေးကွက်ကို သွားလို့ ရတယ်။ စားနပ်ရိက္ခာ ရှားပါးတော့မယ့် အချိန်မှာ ကောင်းတဲ့ဘက်က ပြန်တွေးရင်း ဒါက စီးပွားရေးပဲ။ ဒါကြောင့် လယ်ယာ သားငါး ကဏ္ဍကို ဇောင်းပေးသင့်တယ်လို့ ထင်ပါတယ်။
နန်းသရဖူတင့်
မန်နေဂျင်းဒါရိုက်တာ
Green Pidaya ကုမ္ပဏီ
စီးပွားရေး လုပ်ငန်းများကို ချေးငွေ ထုတ်ပေးတာတော့ ချေးငွေ သက်တမ်းကို တိုးသင့်တယ်။ ဒစ်ဂျစ်တယ် ငွေပေးချေတဲ့ စနစ်ကတော့ ကောင်းပါတယ်။ အသေးစား ချေးငွေဆိုလည်း တကယ် အလုပ်လုပ်နေတဲ့ ဟာပေါ့နော်။ အကြီးစား၊ အလတ် စားတွေတင်မဟုတ်ဘဲ အသေးစား လုပ်ငန်းတွေကိုလည်း သေချာကွင်းဆင်း ဆောင်ရွက်ပြီး လုပ်ဆောင်ပေးသင့်တယ်လို့ မြင်တယ်။ ပြီးတော့မှ အတိုးနှုန်း သက်သာတဲ့ ချေးငွေများ ထုတ်ပေးရန် ဆိုတာ ကောင်းပါတယ်။
ရင်းနှီးမြှုပ်နံှမှုကို ရေးဆွဲသင့်နေပြီဆိုတာလည်း လက်ခံတယ်။ ဘာလို့လည်းဆိုတော့ ကျမတို့မှာ ကုန်ကြမ်းသီးနှံတွေ ရှိတယ်။ မြန်မာနိုင်ငံက ထွက်နေတဲ့ ကော်ဖီ၊ လက်ဖက်တို့ကိုလည်း စပါးသီးနှံလိုပဲ စက်မှုကုန်ကြမ်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို အမြန်ဆွဲခေါ် ပြီးတော့မှ တဖက် တလမ်းမှ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သင့်ပြီဆိုတဲ့ လုပ်သင့်တယ်လို့ ယူဆတယ်။
အတိုင်ပင်ခံရဲ့ အမှာစာထဲမှာဆိုရင် မက်ခရိုစီးပွားရေးကတော့ အမတို့ သိပ် လက်လှမ်းမမီဘူးပေါ့နော်။ ပုဂ္ဂလိက ကဏ္ဍကို ရိုက်ခတ်မှုကို ရင်းနှီးမြှုပ်နံှမှုက ကျမတို့ ဆိုရင် လက်ဖက်ပေါ့နော်။ လက်ဖက်ဆိုရင် ရင်းနှီးမြှုပ်နံှမှုတွေ ဒီနှစ်ဆို ပျက်သွား ပြီ။ နိုင်ငံခြားကနေလာပြီးတော့ ဝယ်မယ့် အစီစဉ်တွေလည်း ပျက်သွားပြီ။ ဒါကြောင့် ဒီအချိန်မှာ ဆန်းသစ်တဲ့ ကုန်ပစ္စည်း လေးတွေကို တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်ချင်ပါတယ်။
ကုန်စည် စီးဆင်းမှုကလည်း တနိုင်ငံလုံးတောင် စီးဆင်းဖို့ မလွယ်ကူတော့ဘူးဆိုရင် ကိုယ်ပိုင် တနိုင်တပိုင် ပါကင်နဲ့ တံဆိပ် လေးတွေ ထုတ်ပြီးတော့ ကိုဗစ်-၁၉ အလွန်ကာလမှာ သွားပြီး ပြန်နလန်ထူနိုင်မယ်။ ဒါတွေကို ကိုယ်တိုင်လုပ်နိုင်ဖို့ အနေ အထားမှာ ပုဂ္ဂလိကကဏ္ဍကတော့ ငွေကြေး အားနည်းတယ်။ ရိုက်ခတ်မှု ရှိတယ်။ ဒါကြောင့် တချို့နေရာတွေမှာ ရင်းနှီး မြှုပ်နှံမှုနဲ့ နည်းပညာလေးတွေ ပံ့ပိုးပေးဖို့ လိုသေးတယ်လို့ ထင်ပါတယ်။