ကျနော်တို့ရဲ့သွေးနဲ့ တခြားလူကို ကုလို့ပျောက်တယ်ဆိုရင် အင်မတန် ကောင်းပါတယ်

ထွန်းထွန်း
မန္တလေးက Lockdown လုပ်ထားသည့် လူနာတဦးအိမ်သို့ ဆေးဖျန်းခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ / ဇော်ဇော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ကူးစက်မြန်ရောဂါ COVID-19 နှင့် ပတ်သက်ပြီး မေလ ၄ ရက် ညနေပိုင်းအထိ ရောဂါပိုးရှိသူ ၁၆၁ ဦး တွေ့ရှိထားပြီ ပြန်လည် သက်သာလာသူ ၄၉ ဦး အနက်၂၉ ဦးကတော့ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

ပိုးတွေ့ရှိခဲ့ပြီး ပြန်လည် ကောင်းမွန်လာတဲ့ သူတွေထဲက ဆေးရုံကနေ ဆင်းခွင့် ရရှိခဲ့သူတဦး ဖြစ်တဲ့ လူနာနံပါတ် ၁၄(Case 14) ရဲ့ ဆေးရုံမှာ နေခဲ့ရတဲ့ အတွေ့အကြုံ၊ ဖြတ်သန်းခဲ့ပုံတွေကို ဧရာဝတီက ဆက်သွယ် မေးမြန်ထားပါတယ်။

လူနာ နံပါတ် ၁၄ ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မယ်ဆိုင်-တာချီလိတ် နယ်စပ်က တဆင့် မြန်မာနိုင်ငံကို ပြန် ရောက်လာခဲ့သူဖြစ်ပြီး မတ်လ ၂၇ ရက်မှာ ရှမ်းပြည်နယ် ကျောက်မဲမြို့ကို ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ မတ်လ ၃၁ ရက်မှာ COVID-19 ပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုခဲ့တဲ့နောက် လားရှိုးပြည်သူ့ဆေးရုံကြီးမှာ လွှဲပြောင်း ကုသခဲ့ သူဖြစ်ပါတယ်။

မေး။ ။ ဆေးရုံမှာ နေထိုင်ကုသရတာ ဘယ်လို အခြေအနေတွေ ရှိခဲ့လဲ။

ဖြေ။ ။ ဆေးရုံမှာ သီးသန့် တယောက်ထဲပဲ နေရတာ။ စားတာကတော့ ဆေးရုံကပဲ ကျွေးပါတယ်။ မနက်၊ နေ့လယ်၊ ည ပေါ့။ သူတို့ စီစဉ်ပေးတယ်။ ဂျင်းပြုတ်ရည်နဲ့ ကြက်ဥတွေ ဘာတွေ အဟာရရှိမယ့် အစာတွေရောပေါ့။

ကျနော်က ကျောက်မဲကနေ လွှဲပေးတယ်။ လူနာဆိုတော့ ပတ်ဝန်းကျင်ရဲ့ အခက်အခဲတော့ နည်းနည်းရှိတာပေါ့၊ ဘာလို့ ဆိုတော့ လားရှိုးမှာက ပိုးရှိတဲ့လူနာ မရှိသေးဘူးလေ။ အဲဒီအတွက်ကြောင့် အပြင်ထွက်တာတွေ ဘာတွေတော့ ကျနော် လုပ်တာလည်း မရှိပါဘူး။

မေး။ ။ ဆေးရုံမှာ ဘယ်လောက် နေခဲ့ရလဲ။

ဖြေ။ ။ လားရှိုးဆေးရုံမှာ စုစုပေါင်း ၃၂ ရက်၊ အဲဒီ မတိုင်ခင် ကျောက်မဲမှာ ၃ ရက်၊ စုစုပေါင်း ၃၅ ရက်ပေါ့။ ဆေးရုံက ဆင်းခွင့်ရတာက မေလ ၂ ရက်နေ့ကပါ။

မေး။ ။ တနေ့တာ နေထိုင်ရတဲ့ အစီအစဉ်ကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ မနက်ပိုင်း အိပ်ယာ ထတာကတော့ ကျနော်က တယောက်ထဲ Isolation Ward မှာ နေတာဆိုတော့ နည်းနည်း နောက်ကျမှ ထတယ်။ ဆရာမတွေက မနက်စာ လာပြီး ထားပေးတာပေါ့။ ထမင်းကို အသားနဲ့ ကျွေးတယ်၊ တခါတလေ ကျရင် ခေါက်ဆွဲတွေ ဘာတွေ ရှိမယ်။ နေ့လယ်စာ ကျတော့လဲ ထမင်းနဲ့ ဟင်းနဲ့ပဲ၊ အသီးအရွက်လည်း ပါမယ်။ နေ့လယ် ၁၂ နာရီ၊ ညဆို ၆ နာရီဆို ပုံမှန် ပို့ပေးတယ်။ ကြက်ဥပြုတ်ဆို တရက်ကို လေးလုံး စားခိုင်းတယ်။ မနက်တခါ နေ့လယ် သုံး နာရီလောက် တခါ ဂျင်းပြုတ်ရည်လေး တိုက်ပါတယ်။ ကျနော့် အစ်မကလည်း လားရှိုးမှာရှိတော့ မုန့်တွေဘာတွေလဲ လာ ပေးထားတာ ရှိတာပေါ့။ နောက်ပြီး စစ်တပ်ကလည်း လာပြီး လှူတာတွေ ရှိပါတယ်။

ဆရာမတွေက လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့လဲ တိုက်တွန်းပါတယ်။ ညနေ ၄ နာရီကနေ ၅ နာရီအထိ တရား ထိုင်လေ့ ရှိတယ်။ တရားမထိုင်ခင် လေ့ကျင့်ခန်း လုပ်တယ်။ ထမင်း စားပြီးရင်လည်း အခန်းတွင်းမှာ တနာရီလောက် လမ်းလျှောက် တာတွေ ဘာတွေ လုပ်ပါတယ်။ ကျနော်က တယောက်တည်း ဆိုတော့ ဆရာမတွေက ဝိုင်ဖိုင် လုပ်ထားပေးတယ်။ ၁ လ လောက်ပေါ့။ စီစဉ်ပေးတာပေါ့၊ အဲဒီအတွက် ကျနော် အဆင်ပြေပါတယ်။

မေး။ ။ ဘယ်လိုဆေးတွေ သောက်ရလဲ၊ ပြောပြနိုင်မလား။

ဖြေ။ ။ ဆေးတွေကတော့ သိပ်မသိဘူး။ အားဆေး ၃ ဗူးလောက် ချိတ်ပေးတယ်။ နောက်ပြီး ဗီတာမင် E ၊ ဗီတာမင် B တို့ ကိုတော့ ည/မနက် သောက်ခိုင်းပါတယ်။ ကြက်ဥအထဲက အနှစ်တော့ မစားခိုင်းဘူးပေါ့။ ဖြစ်တဲ့နေ့ကတည်းက ရေနွေး တနေ့ ၂ လီတာ သောက်တယ်။ ဓာတ်ဆားရေ ၂ လီတာလောက် သောက်တယ်။ ရေများများ သောက်တယ်။ Negative ထွက်ပြီး အခုလည်း ရေနွေးကတော့ ပုံမှန်သောက်နေပါတယ်။ ရေအေးသောက်တာတော့ လျှော့လိုက်တာပေါ့။

ကျနော် သွားတုန်းက လိုအပ်တာတွေ အကုန်လုပ်ပေးပါတယ်။ အိပ်ယာခင်း၊ ခေါင်းအုံး၊ ဝတ်ဖို့ ပုဆိုးနဲ့ အင်္ကျီရော ဝယ်ပေး တယ်။ ကျနော်တို့ အိမ်အတွက် လုပ်ပေးတာကတော့ ကျောက်မဲဆေးရုံနဲ့ ပရဟိတအဖွဲ့တွေ လုပ်ပေးပါတယ်၊ ပထမဆုံး ကျနော့်ဆီမှာ ပိုးစတွေ့တဲ့ မတ်လ ၃၁ ရက်ကတည်းက ကျနော်တို့ တရွာလုံးအတွက် ကြက်သွန်၊ ဆီ၊ အာလူး စတာတွေ ထောက်ပံ့ပေးတာပေါ့။ တနေ့က လားရှိုး ဆေးရုံက ဆင်းပြီး ကျောက်မဲကို ပြန်ရောက်လာတော့ ကျနော်တို့အိမ်ကို ပဲတို့၊ ဆီတို့ စတာလေးတွေ ထပ်ပြီး ထောက်ပံ့ပေးတာပေါ့။ ကျနော်တို့ အကုန်လုံး ကုသပေးခဲ့တာကတော့ လာရှိုးဆေးရုံကပါပဲ။

မေး။ ။ အခုရော ကျောက်မဲမှာလား၊ ဘယ်မှာ နေနေရလဲ။

ဖြေ။ ။ အခု ကျောက်မဲဆေးရုံက ကျနော့်ကို သတ်မှတ်ထားတဲ့ နေရာမှာ Facility Quarantine ၇ ရက် နေခိုင်းထားတယ်။ ပြီးရင် အိမ်မှာလည်း Home Quarantine အနေနဲ့ ၇ ရက် ထပ်နေရမယ်။ အဲဒါတွေပြီးရင်တော့ လားရှိုးကို တခေါက်သွား ပြန်ပြရမှာပေါ့။ အားလုံးဆိုရင်တော့ ကျနော်ကို ၂၈ ရက် သီးခြားနေဖို့ ပြောထားတာပေါ့။

မေး။ ။ ဆေးရုံမှာ ကုသနေတဲ့အချိန် ဘယ်လောက် စိုးရိမ်ခဲ့လဲ။

မေး။ ။ ကျနော် မကြောက်ခဲ့ပါဘူး။ လုံးဝ ကြောက်စိတ် မရှိတဲ့အပိုင်းက တအား ကောင်းခဲ့တာပေါ့။ ဆေးရုံမှာ ၃၅ ရက် လောက် တက်ရတော့ မွန်းကြပ်တာတော့ ရှိတာပေါ့။ ကျနော်က လားရှိုးရောက်ကတည်းက ဖျားတာတို့ ချောင်းဆိုးတာတို့ မရှိတော့ဘူး၊ လက္ခဏာက မပြတော့ဘူး။ ပိုးရှိတာ တခုတည်းပဲ၊ ကျန်းမာရေးကလည်း ကောင်းနေတော့ ရောဂါက ဒုက္ခ မပေးတော့ ကြောက်တာတို့ ဘာတို့ သိပ်မရှိခဲ့ဘူး။

မေး။ ။ ပိုးတွေ့ရှိထားတော့ ဆေးဘယ်နှစ်ကြိမ် စစ်ခဲ့ရလဲ။

ဖြေ။ ။ ကျနော် စုစုပေါင်း ၅ ကြိမ် စစ်ခဲ့ရတာပေါ့။ စတွေ့တွေ့ချင်း တကြိမ် စစ်တယ်။ လာရှိုး ဆေးရုံရောက်ပြီး ၁၁ ရက် လောက်ကတော့ တကြိမ် ထပ်စစ်တယ်၊ နောက် ၆ ရက်လောက် ကြာတော့ ထပ်စစ်တယ်။ ပိုးကတွေ့နေတုန်းပါပဲ။ နောက် ၆ ရက်လောက်ကျတော့ စတုတ္ထအကြိမ် စစ်တော့မှ ပိုးက မရှိတော့ဘူး၊ နောက်တကြိမ် ထပ်စစ်လည်း ပိုးမတွေ့တော့တဲ့ အတွက် ဆေးရုံးက ဆင်းခွင့်ရတာပါ။

မေး။ ။ အခု ကျန်းမာရေး ဝန်ကြီးဌာန ကောင်းသွားတဲ့ လူတွေရဲ့ သွေးရည်ကြည်နဲ့ အစားထိုး ကုဖို့ စဉ်းစားနေတယ်လို့ သိရတယ်။ ကာယကံရှင် အနေနဲ့ရော ဘယ်လိုသိထားလဲ၊

ဖြေ။ ။ သွေရည်ကြည် လှူမှာက ကျနော့်ကို ပြောတာလည်း ရှိတယ်။ ကျနော်ကလည်း လှူမယ်လို့ ပြောထားတယ်။ အခုမှ ဆေးရုံဆင်းထားခါစ ဆိုတော့ မယူသေးဘူး။ Quarantine ပြီးလို့ အခြေအနေကောင်းပြီဆို လှူမှာပါ။ ဒါကလည်း အတင်း အကြပ် လှူဖို့ပြောတာမျိုး မဟုတ်ဘူး။ လှူချင်တဲ့ဆန္ဒရှိရင် လှူနိုင်တဲ့ အကြောင်း ပြောလာတာပါ။ ကျနော်တို့ကလည်း လှူ သင့်တယ်လေ။ ကျနော်တို့ရဲ့ သွေးနဲ့ တခြားလူကို ကုလို့ပျောက်တယ်ဆိုရင် အင်မတန် ကောင်းပါတယ်။

မွန်မြန်တဲ့ အလုပ်ပဲလေ။ ကျနော်တို့လည်း ခံစားခဲ့ရပြီးပြီ။ ဆရာ၊ ဆရာမတွေရဲ့ ကုသမှုနဲ့ သက်သာလာတာပဲလေ။ မဖြစ် မနေကြီး မဟုတ်ပေ မယ့်လည်း ကျနော်တို့ အခု ပျောက်ကင်းသွားတဲ့ သူတွေက လှူသင့်တယ်လို့ ထင်ပါတယ်။ မဖြစ်မနေ လှူရမှာပါပဲ။

မေး။ ။ ကိုယ်တိုင်က ဘယ်လိုပုံစံမျိုး ကူစက်ခံခဲ့ရတယ်လို့ ထင်မိလဲ။

ဖြေ။ ။ ကျနော် ဒီရောဂါ ကူးစက်ခံရတာ။ ဒီရောဂါ ကျနော့်ခန္ဓာကိုယ်ထဲ ရောက်လာတာက ကျနော့် အထင်ကတော့ မယ်ဆိုင်နဲ့ တာချီလိတ် အကူးမှာပဲ ဖြစ်နိုင်မယ်လို့ ထင်မိတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ လူရာနဲ့ချီပြီး ရှိခဲ့တာ။ အဲဒီ တုန်းက ကျနော်ကလည်း အစားအိမ် ဖြစ်နေတော့ အစာကလည်း လက်မခံ၊ ကိုယ်ခံအားကလည်း ကျနေတဲ့အချိန် ဖြစ်နေ တော့ ရောဂါဝင်လာတာလို့ပဲ စိတ်ထဲ ဖြစ်မိတယ်။

ဒီလိုမှမဟုတ်ဘဲ ကျနော် ဘန်ကောက်မှာထဲက ဖြစ်တာဆိုရင် ကျနော်နဲ့ အတူတူနေခဲ့တဲ့ အကုန်လုံး၊ ကျနော့် မိသားစုတွေ၊ ကျနော့် အစ်ကို သူတို့လည်း ကူးတာကြာပြီပေါ့။ အခု သူတို့ ဘာမှ မဖြစ်ကြဘူးဆိုတော့နော်၊ ကျနော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်။

မေး။ ။ ကိုဗစ်ရောဂါကို ကိုယ်တိုင် ကျော်ဖြတ်ခဲ့ရသူအနေနဲ့ ဘာများ အကြံပေးချင်ပါသေးလဲ။

ဖြေ။ ။ နိုင်ငံတော်ကရော၊ ဌာနဆိုင်ရာတွေ အကုန်လုံး ဝိုင်းဝန်း ကြိုးစားပေးနေကြတာ။ ဒီရောဂါက ပျောက်သွားမှာပါ၊ အချိန်တခုတော့ ပေးရမှာပေါ့နော်။ ကိုယ်ခံအား ကောင်းအောင် နေရမယ်၊ စိတ်ကိုလည်း အားတင်းထားရတာပေါ့နော်။ လူနာတွေ အတွက်တော့ စိတ်ပိုင်းဆိုင်ရာ အဓိက ကျပါတယ်။ စိတ်ဓာတ် ကြံ့ကြံ့ခိုင်အောင် ထားဖို့ပေါ့။ စိတ်ရှည်ရမယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရတာပေါ့။ ဒီအချိန်မှာ စိတ်ဓာတ်ကျနေရင် ရောဂါက ကိုယ့်ကို နိုင်သွားလိမ့်မယ်၊ အဲဒီလိုမဖြစ်အောင် ကိုယ့်စိတ်ကိုယ် နိုင်အောင် လုပ်ရတာပေါ့။ ဘာလို့လဲဆိုတော့ ဆေးကတော့ မရှိသေးဘူး။ ဒါပေမယ့် မပျောက်နိုင်ဘူးလား ဆိုတော့ ပျောက်နိုင်တယ်။ အဲဒီအချိန်မှာ ကိုယ်ခံအားကောင်း ရင် ရောဂါကို တိုက်ထုတ်နိုင်မယ်။ ကျနော်တို့ကိုလည်း ဟိုဆေးထိုးလို့ ဒီဆေးထိုးလို့ ပျောက်တာ မဟုတ်ဘူး။

ဆက်စပ်ဖတ်ရှုရန်

လူနာအမှတ် ၁၄ မိသားစုနဲ့ ဧရာဝတီ စကားစမြည်

ကျောက်မဲက Covid-19 လူနာကို လားရှိုးဆေးရုံသို့ ပို့ဆောင်

Did you find apk for android? You can find new Free Android Games and apps.
Loading