စစ်ရေး ပဋိပက္ခ ပြင်းထန်နေသော ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် ခွင့်ပြုချက်မရှိဘဲ စစ်ဘေးရှောင် စခန်းများ မဆောက်လုပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဧပြီလ ၂၉ ရက်နေ့ ရက်စွဲဖြင့် အမိန့် ထုတ်ပြန်လိုက်သည့် ညွန်ကြားချက် စာမှာ လူမှုကွန်ရက် ဖေ့စ်ဘုတ်ထက် တွင် ပျံ့နှံခဲ့သည်။
အဆိုပါ ညွန်ကြားချက်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကိုယ်စား လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မင်းသန်းက လက်မှတ်ထိုးကာ စစ်တွေ ခရိုင်စီမံ ခန့်ခွဲရေး ကော်မတီထံသို့ လိပ်မူပြီး ညွန်ကြားထားသည်။
တပ်မတော်နှင့် AA အဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲများကြောင့် ဒေသခံ ကျေးရွာသားများ အိုးအိမ်စွန့်ခွာလျှက် အသက်လု ထွက်ပြေးနေရပြီး လက်ရှိ အချိန် တွင် စစ်ဘေးရှောင် ဦးရေ ၁၆၀၀၀၀ ထိ တိုးလာနေသည်။
ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရသော စစ်ဘေးရှောင် ပြည်သူများ၏ အိမ်ပြန်နိုင်ရေးမှာလည်း မျှော်လင့်ချက် ပျောက်ဆုံးနေမှု နှင့်အတူ မကြာမီ မိုးတွင်းကာလ ကျရောက်တော့မည် ဖြစ်သည့်အတွက် စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေး မှာလည်း များစွာ ဒုက္ခကြုံတွေ့ လာရသည့် အခြေအနေတွင် ရှိသည်။
ထိုသို့သော အခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေး အတွက် စီမံဆောင်ရွက် လုပ်ကိုင်နေမှု အပေါ် ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် မင်းအောင်ခိုင်မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦးဝင်းမြင့်အား ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ စစ်ဘေးရှောင်စခန်းတွေကို ခွင့်ပြုချက် မရှိဘဲ မဆောက်ဖို့ အစိုးရကနေ စာထုတ်ပြန်ထားတာကို တွေ့ပါတယ်။ ဘာကြောင့် အစိုးရအနေနဲ့ ဒီလိုစာထုတ်ပြီး ညွန်ကြားရတာလဲ ဆိုတာ ရှင်းပြပေးပါ။
ဖြေ။ ။ ဒီဟာကတော့ ကျနော်တို့ ဟိုတခါ ( မြေပုံမြို့နယ်အတွင်းက စညှင်း စစ်ရှောင်စခန်း ) တုန်းကလည်း ဖြစ်ပြီးပြီ။ ဒါကြောင့် ကျနော်တို့က စစ်ဘေးရှောင်စခန်း တွေ အမှန်တကယ် လိုအပ်နေတယ်။ လိုအပ်လို့ ဆောက်ဖို့ လိုတယ်ဆိုရင် Location၊ တည်နေရာနဲ့တကွ တင်ပြပြီးတော့ ဆောက်လုပ်မယ့် အကြောင်းကို အကြောင်းကြားဖို့တော့ လိုအပ်တယ်ပေါ့။ တခုမှ တင်ပြမှု မရှိဘဲ ကိုယ်ဆောက်ချင်သလို ဆောက်၊ ကိုယ်လုပ်ချင်သလို လုပ်ဆိုတာက သိပ်မကောင်းဘူးပေါ့။ ဒါအတွက် စာထုတ်တာ ဖြစ်ပါတယ်။
မေး။ ။ တကယ်လို့ စစ်ရှောင်စခန်းဆောက်လုပ်ဖို့ ပြည်နယ် အစိုးရကို လာရောက် တင်ပြမယ် ဆိုရင် ဆောက်လုပ်ခွင့် ပေးသွားမှာလား ။
ဖြေ။ ။ ဟုတ်တယ်။ သင့်တော်တဲ့နေရာဆိုရင်တော့ တည်နေရာနဲ့တကွ တင်ပြလာမယ်ဆိုရင်တော့ ခွင့်ပြုချက် ပေးသွား မှာပေါ့။ အဓိကတော့ တည်နေရာ Location နဲ့လည်း ဆိုင်သေးတယ်ပေါ့။ အင်မတန်မှ ထိလွယ်ရှလွယ် ဆိုရင်တော့ မဆောက်လုပ် သင့်ဘူးပေါ့။ စခန်းဆောက်မယ့်နေရာက အဆင်ပြေမယ့်နေရာမျိုး ဆိုရင်တော့ လုံ/နယ် ဝန်ကြီးနဲ့ ညှိနှိုင်းပြီး လုပ်ပေါ့။ လုံခြုံရေး အရလည်း ပြန်ပြီး ကြည့်ရသေးတာကိုး။ ဒါမျိုးသဘောပါပဲ ။
မေး။ ။ စစ်ဘေးရှောင်တွေရဲ့ မိုးရာသီဖြတ်ကျော်ဖို့ အတွက် အစိုးရအနေနဲ့ သူတို့ရဲ့ နေထိုင်ဖို့ကိစ္စရပ်တွေအတွက် ဘယ်လို အစီအမံတွေ ဆောင်ရွက်ထားရှိလဲဆိုတာလည်း သိချင်ပါတယ်။
ဖြေ။ ။ ဒီဟာကတော့ ကျနော်တို့ မြို့နယ်အလိုက်တော့ မနှစ်တုန်းကပဲ မိုးတွင်း ရာသီ အခက်အခဲ မဖြစ်ဖို့ မြို့နယ်အလိုက် နေပြီးတော့ စစ်ဘေးရှောင်တွေ နေဖို့ လိုအပ်တယ် ဆိုပြီး ကျနော်တို့ ဆောက်လုပ်ထားတာတွေရှိတယ်။ မြောက်ဦးတို့ မှာ ဆောက်လုပ်ထားတာရှိတယ်။ ကျောက်တော်တို့ ၊ ပုဏ္ဏားကျွန်းတို့မှာတော့ ဝင်ရောက် နေထိုင်ကြပြီလို့တော့ ကြားတယ်။
ဘူးသီးတောင်တို့၊ ရသေ့တောင်တို့ စတဲ့နေရာတွေမှာတော့ နေရာလပ်တွေ ရှိသေးတယ်လေ။ အဲဒီနေရာလပ်တွေမှာ နေမယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေတယ်ပေါ့နော်။ မိုးတွင်း ရာသီအတွက်လည်း သူတို့ အဆင်ပြေပြေ နေနိုင်ပြီး အားလုံး၊ လုံလုံခြုံခြုံ ကျသွားမှာပေါ့။ အဲဒီအပြင် နောက်ထပ် လိုအပ်ချက်တွေ ရှိသေးရင်လည်း အစိုးရက ဖြည့်ပေးရမှာပေါ့။
ဒါပေမယ့် အခုက ဘာဖြစ်နေလဲဆိုတော့ ရှိပြီးသား အဆောင်မှာတောင်မှ လူမပြည့်နိုင်တဲ့အခါ နောက်ထပ် အဆောင် ဆောက်ဖို့ ငွေထပ်တောင်းဖို့ ဆိုတာက အခက်အခဲ ဖြစ်နေတယ်။ ဆောက်ပေးထားတဲ့နေရာမှာ လူပြည့်နေပြီး ၊ မဆံ့တော့ ဘူးဆိုရင်တော့ လိုအပ်နေသေးတယ်။ နေဖို့ လူတွေ ကျန်ရှိနေသေးတယ်ဆိုရင် ကျနော်တို့က ထပ် ဆောက်လုပ်ဖို့ အတွက် ငွေကြေးတောင်းခံဖို့လည်း အဆင်ပြေတယ်ဗျာ။
မေး။ ။ အစိုးရက ဆောက်ပေးတဲ့ အဆောင်တွေက သွပ်မိုး၊သွပ်ကာ ၊ ပတ်ပတ်လည် သွပ်ကာထားတော့ နွေရာသီမှာ ရာသီဥတုလည်း အရမ်းပူပြင်းတယ်ဆိုတော့ ဝင်ရောက်နေထိုင်ဖို့ မလွယ်ဘူး ဆိုပြီးပြောတယ်။ နောက် ၁ ခုကလည်း သူတို့ရပ်ရွာနဲ့ အရမ်းအလှမ်းဝေးတယ်။ ထောက်ပံ့မှု ရိက္ခာ တွေလည်း အမြဲတမ်း ရရှိနေတာ မဟုတ်တော့ ရှာဖွေ စားသောက်ဖို့ နေရာဆိုတာလည်း မရှိဘူး ဆိုပြီး ပြောပြတာ ရှိပါတယ်။
ဖြေ။ ။ အဲဒါကတော့ ကျနော်တို့ နဂိုက အစီအစဉ်တွေ ရှိခဲ့တယ်။ အဲဒီနေရာမှာ လာရောက် နေထိုင်တဲ့ လူတွေအတွက် သူတို့ စားဝတ်နေရေး ပြေလည်အောင် ချက်ကျွေးဖို့ အထိတောင် ကျနော်တို့ စဉ်းစားခဲ့တယ်။ ချက်ကျွေးဖို့ဆိုတဲ့ နေရာမှာ အိုး၊ ခွက်၊ ပန်းကန်က အားလုံးပါတယ်။ ဘေး/ စီမံက ပေးတဲ့ ဟာတွေရော ၊နောက်ထပ် အပိုဆောင်း ပေးမယ့်ဟာတွေပါ။ သူတို့ အဆင်ပြေပြေနေထိုင်နိုင်အောင် ကျနော်တို့ စဉ်းစားခဲ့ကြတယ်။
ဒါပေမယ့် လိုအပ်ချက်ဆိုတာက အားလုံး ပြီးပြည့်စုံတယ်လို့တော့ ပြောလို့ မရဘူးပေါ့။ လူတယောက် ကိုယ့်အိုး ၊ ကိုယ့်အိမ် မှာလို နေထိုင်တဲ့ အနေအထားနဲ့ အခုပြေးလွှားပြီးတော့ နေရတဲ့ အနေအထားနဲ့တော့ ကွာခြားချက်တော့ ရှိကောင်း ရှိမယ် ပေါ့။ အလုပ်အကိုင် အခွင့်လမ်း ဆိုတာကလည်း ဘေးပတ်ဝန်းကျင်မှာ ရှာဖွေပြီးတော့ လုပ်ရမယ့် အနေအထား တွေ လည်း ရှိတယ်ပေါ့။
ကိုယ့်တို့ မိသားစု ပိုင်တဲ့ ပစ္စည်းတွေကို ထားခဲ့ရတဲ့အခါမှာတော့ အခက်အခဲက အနည်းနဲ့ အများတော့ ရှိနေမှာပေါ့။ ဒါပေမာ့် အစိုးရ အဆောက်အဦထဲမှာ နေလာပြီ ဆိုရင်တော့ အစိုးရဘက်ကတော့ အတတ်နိုင်ဆုံး ပြေလည်အောင်တော့ ဖန်တီး ပေးရမှာပေါ့။
မေး။ ။ နောက်တခုက ဝန်ကြီးတို့ ရရှိထားတဲ့ စာရင်းအရ ဆိုရင် စစ်ဘေးရှောင် အရေအတွက် ဘယ်လောက် ရှိနေပြီလဲ ။
ဖြေ။ ။ ကျနော်အခုတော့ ဌာနတွေကို ပြန်မေးကြည့်ရမယ်။ အရင်တုန်းကတော့ နေ့စဉ် တက်လာတဲ့ စာရင်းတွေကို ယူပြီး တော့ မေးလာရင် ကျနော် ပြန်ပြောတာရှိတယ်။ အခုက မေးတဲ့ လူတွေလည်း မရှိတော့ ကျနော်လည်း ဌာနတွေကို မမေး ဖြစ်တာကြာပြီ ။ အခုက ကိုဗစ် ဖြစ်နေတယ်။ ကိုဗစ် ..ကိုဗစ်ဆိုတော့ အားလုံးက ကိုဗစ်ဖြစ်နေတယ်။ ကိုဗစ် စာရင်းတွေပဲ တောင်းနေတော့ စစ်ဘေးရှောင်စာရင်းတွေကို ကျနော် ပြန်မေး ကြည့်ရအုံးမယ်။
မေး ။ ။ ကိုဗစ် – ၁၉ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်စခန်းတွေအတွက် အစီအမံဆွဲပြီးတော့ ဆောင်ရွက် နေတာရှိလား။
ဖြေ။ ။ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ တိုက်ပွဲရှောင်အတွက် သီးသန့် အစီအမံ လုပ်ဆောင်တာတော့ မရှိဘူး။ ဒါပေမယ့် လူ/ကယ်ပြန် ဝန်ကြီးဌာနကတော့ ပညာပေး လုပ်ငန်းတွေ ၊ အခြားသော ထောက်ပံ့မှုတွေ လုပ်နေကြတာတော့ ရှိတယ်။
မေး။ ။ နောက်ဆုံးတခု မေးချင်တာက ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲကလည်း ဆက်လက် ဖြစ်နေတယ်။ စစ်ဘေးရှောင်တွေကလည်း ထပ်တိုးလာတာရှိတယ်။ သူတို့ အတွက် အစိုးရအနေနဲ့ ဘယ်လို ကူညီထောက်ပံ့မှုတွေကို လုပ်ဆောင် နေတာရှိလဲ ။
ဖြေ။ ။ ကူညီထောက်ပံ့ရေးကတော့ လူမှုဝန်ထမ်းဝန်ကြီးဌာန ၊ ဘေး/စီမံဌာနကပဲ ဦးစီးပြီးတော့ ဖြန့်ဝေနေတာရှိတယ်။ ရိက္ခာလိုအပ်ရင် လိုအပ်တဲ့ နေရာတွေကို ဖြန့်ပေး တယ်။ ဘေး/စီမံဌာနနဲ့ ထွေအုပ်တို့ကနေ ညှိနှိုင်းပြီးတော့ လုပ်ကိုင်နေကြတာ ရှိတယ်။
ဆက်စပ်ဖတ်ရှုရန် –
ရခိုင်တွင် အစိုးရ ခွင့်ပြုချက်မရဘဲ စစ်ရှောင်စခန်းများ မဆောက်ရန် အမိန့်ထုတ်