အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ COVID-19 ကို ဘယ်လို ပူးပေါင်းဆောင်ရွက်နေကြလဲ

နန်းလွင်နှင်းပွင့်
--

အစိုးရက နိုင်ငံတော် ပိုင်နက်မြေအတွင်း နေထိုင်သူ မည်သူကိုမဆို လူမျိုး၊ ဘာသာမရွေး ချန်လှပ်မထားရေး မူဝါဒဖြင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ဒေသများတွင်ပါ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဧပြီ ၂၇ ရက်က ကော်မတီ တရပ် ဖွဲ့စည်းထားသည်။

ကော်မတီတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ဒု ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ကော်မတီ၏ အမည်မှာ “COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ” ဟူ၍ ဖြစ်သည်။

ထို့ကြောင့် အစိုးရက ဖွဲ့စည်းပေးထားသော ကော်မတီနှင့် အပစ်ရပ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင်များ၊ အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင်များအကြား ချိတ်ဆက်ဆောင်ရွက်နေမှု၊ သက်ဆိုင်ရာ ဒေသများ အတွင်း ကိုင်တွယ်ဆောင်ရွက်နေကြသည့် အခြေ အနေကို သိရှိရန် ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်နှင့် ဇင်လင်းထက် တို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဆက်သွယ် မေးမြန်းထားပါသည်။

ဦးညီရမ်း

ပြောရေးဆိုခွင့်ရှိသူ

ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)

ကျနော့်ဘက်ကိုတော့ ဆက်သွယ်လာတာ မရှိသေးဘူး။ အခြားဌာနတွေလည်း ရှိတော့ ဆက်သွယ်လာလား။ မပြော တတ်ဘူး။ မသိရဘူး။ ကျနော်တို့ကတော့ တရုတ်ပြည်မှာ စဖြစ်ဖြစ်ချင်းကတည်းက တရုတ်ပြည်ဘက် ဂိတ်တွေကို ပိတ်တယ်။ တားတယ်။ စိစစ်မှုတွေ တင်းတင်းကြပ်ကြပ် လုပ်နေတယ်ဆိုတာ အားလုံးလည်း သိပြီးသားပဲ။ ပြည်သူ တွေအနေနဲ့ လိုက်နာ ကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေလည်း ကျနော်တို့က အသိပေး ကြေညာပြီးသားပဲလေ။

ကျနော်တို့ဘက်မှာတော့ တရုတ်ပြည်ကနေ ဝင်လာမယ့် လူတွေကျတော့ သက်ဆိုင်ရာ မြို့နယ်ရဲ့ ကျန်းမာရေးဌာနရဲ့ ထောက်ခံချက်တွေ ပါရမယ်။ အဲဒါ မကသေးဘူး။ ကျနော်တို့ Quarantine လည်း ဝင်ခိုင်းတယ်။ ပြီးတော့မှ ကျနော်တို့ ဝ ပြည်ထဲ ဝင်ခိုင်းတာ ဆိုတော့ ကျနော်တို့ဘက်မှာက သံသယရှိတဲ့ လူနာတွေ၊ ကူးစက်သူတွေ မရှိဘူး။ မကြားမိသေး ဘူး။

ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ တရုတ်အစိုးရ၊ ယူနန်ပြည်နယ်ဘက်က ပူးပေါင်းမှုတွေ ရှိတယ်။ သူတို့က ပညာပေး တာတို့၊ သင်တန်း လာပေးတာတို့ ရှိတယ်။ ကျနော်တို့ ဝ ပြည်နယ်၊ ဗဟိုဌာနချုပ် ပန်ဆန်းမှာလည်း အစိုးရက ဖွင့်ထား တဲ့ ပြည်သူ့ဆေးရုံ ရှိတယ်။ ဆိုလိုတာက အရင်ကတည်းက ပူးပေါင်းမှုတွေ ရှိနေပါတယ်။ အကယ်လို့ သံသယလူနာ တွေ ရှိလို့ စစ်ဖို့ လိုလာရင်တော့ တရုတ် ဒါမှမဟုတ် မြန်မာ အစိုးရဘက်နဲ့ ပူးပေါင်းပြီး စစ်ဆေးဖို့လည်း အစီအစဉ် ရှိ ပါတယ်။

နဂိုကတည်းကလည်း ပူးပေါင်းကြတယ် ဆိုတော့လေ။ လိုအပ်မယ်ဆိုရင် လုပ်ဆောင်လို့ရအောင် ကျနော်တို့က ကြို တင် လေ့ကျင့်နေတာတွေလည်း ရှိပါတယ်။ လုံလောက်တယ်၊ မလုံလောက်ဘူး ဆိုတာကတော့ ရောဂါဖြစ်လာတဲ့အခါ အရေအတွက် လူဦးရေ အပေါ်မှာ မူတည်တာပေါ့။ တကယ်လို့ များတယ်ဆိုရင် လက်လှမ်း မမှီရင်တော့ ဆေးဝန်ထမ်း လုံလောက်မှုတွေ ဖြစ်လာမှာပေါ့။ ဒါကတော့ အစိုးရဆေးရုံတွေနဲ့ လိုအပ်ရင် လိုအပ်သလိုတော့ ပူးပေါင်း အကူအညီ တောင်းတာလုပ်ဖို့ အစီအစဉ် ရှိပါတယ်။

အဖွဲ့အစည်း လက်နက်ကိုင်မှ မဟုတ်ပါဘူး။ အစိုးရ ထိန်းချုပ်နယ်မြေတွေမှာလည်း ထောက်ပံ့မှုတွေ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ မရတာတွေ အများကြီးပါ။ အားလုံး သိပြီးသားပါ ဒီကိစ္စကတော့။ ထိထိရောက်ရောက် လုပ် နိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။ အပြောတွေ အရေးတွေက စာရွက်စာတမ်းပေါ်မှာပဲ ရှိပြီး လက်တွေ့ပိုင်းမှာ အား နည်းနေရင်တော့ ဘာမှ မထူးဘူးလေ။

နိုင်အောင်မငေး

မွန်ပြည်သစ်ပါတီ (NMSP) ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်

ကျနော်တို့ကတော့ ဗဟိုအဆင့် ဗိုင်းရပ်စ် ကာကွယ်ရေး ကော်မတီ ဖွဲ့ထားပါတယ်။ အဲဒီ ကော်မတီကနေ ပြည်တော် ပြန် မဟုတ်ဘဲ ပြန်လာတဲ့သူတွေကို စောင့်ကြည့်ဖို့ လုပ်နေတယ်။ ကျန်းမာရေးစစ်ဆေးမယ့် နေရာတွေလည်း ချထား တယ်။ စစ်ဆေးမယ့်နေရာကို ၁၈ နေရာလောက် ချထားတယ်။ အခုလောလောဆယ်က အစိုးရ အစီအစဉ်နဲ့ မဟုတ် သေးပေမယ့် ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ အကူညီပေးရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လုပ်နေတာပေါ့။

ဒါပေမယ့် အားနည်းချက်တွေကတော့ အများကြီး ရှိတယ်။ ရုပ်ဝတ္ထုနဲ့ စွမ်းအင် မပြည့်စုံမှုတွေ ရှိတယ်။ ဒါပေမယ့် အခု အချိန်အထိတော့ အစိုးရနဲ့ ချိတ်ဆက်ပြီး အကူအညီ ပေးမှုတွေက အကောင်အထည် မပေါ်သေးဘူးပေါ့။ အစိုးရဘက် က ဖွဲ့ထားတဲ့ EAO နဲ့ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီကလည်း အခုမှ ဆွေးနွေးမှုတွေ လုပ်နေတာ ဆိုတော့လေ။

အခုဆိုရင် လက်ဆေးရည်တွေ၊ နှာခေါင်းစည်းတွေ၊ PPE ဝတ်စုံတွေ။ စားသောက်ဖို့ စီစဉ်ရမယ့် ကိစ္စတွေမှာလည်း လိုအပ်ချက်တွေ ရှိတယ်ပေါ့။ Quarantine နေမယ့်သူတွေအတွက် အသုံးအဆောင် ပစ္စည်းတွေလည်း လိုတယ်ပေါ့။ ဒေသခံ လူတွေကလည်း လက်ရှိမှာ အလုပ်အကိုင် မရှိတဲ့ ပြဿနာတွေ ရှိတယ်ပေါ့။ အစိုးရဆီကိုတော့ ပြောထား တာပေါ့။ အခုချိန်ထိတော့ အကူအညီတွေတော့ မရသေးဘူးပေါ့။ ရိက္ခာတို့ ဘာတို့လည်း မရသေးဘူး။ အဲဒီ အကူ အညီတွေလည်း ကျနော်တို့ ဒေသက လူတွေလည်း ခံစားခွင့်ရှိတယ်ပေါ့။ ဒါက အဓိကပေါ့။

အကယ်၍ လူနာတွေ ပေါ်လာတဲ့ အခါကျလည်း အကူအညီပေးရေး အဲဒါတွေ ချိတ်ဆက်ထားတုန်းပဲပေါ့။ နောက်တခု Quarantine ထားဖို့တွေလည်း ပြင်ဆင်ထားရမယ့်ပေါ့။ ဒီရောဂါက အချိန်မရွေး ဖြစ်နိုင်တာကိုး။ လောလောဆယ် လုပ်ပေးဖို့ စားဝတ်နေရေး ကိစ္စရယ်၊ ကျနော်တို့ ဒေသကို ပြန်ဝင်လာမယ့် လူဘယ်နှယောက်လောက် လာမှာလည်း ဆိုတာ ကျနော်တို့ကို ကြိုပြောထားသင့်တယ်ပေါ့။ ဒါမှလည်း ကျနော်တို့ ကြိုတင်ပြင်ဆင်လို့ ရမယ်ပေါ့။

ဦးကြည်မြင့်

အထွေထွေ အတွင်းရေးမှူး

အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)

ကျနော်တို့က တရုတ်ဘက်က စဖြစ်တည်းက ဒေသဘက်မှာ မကူးစက်လာအောင် ကျနော်တို့ ဒု ဥက္ကဋ္ဌ ဦးစံပေ့ ဦးစီး ပြီးတော့ ရောဂါထိန်းချုပ်ရေး ကော်မတီ ဖွဲ့စည်းထားတယ်။ နောက် ဒု ဥက္ကဋ္ဌ ဦးထိန်လင်းရော ကျနော်တို့ ဒေသ ၃ ခုရဲ့ ခေါင်းဆောင်တွေရော ရဲဌာန၊ ကျန်းမာရေးအဖွဲ့တွေ ပူးပေါင်းပြီး ကျနော်တို့ မြန်မာပြည်ထဲကို ရောဂါ မကူးစက်အောင် ကာကွယ်နေတယ်။ ရောဂါ နှိမ်နင်း တားဆီးရေး ပညာတွေလည်း သင်တယ်။ နေရာတကာမှာ ပညာလိုက်ပေးပြီး အဲဒီ လို ဒေသတွင်း ထိန်းချုပ်နေတယ်။ ရောဂါကို မပြန့်အောင် ဘယ်လို ဖြစ်နိုင်မလဲဆိုပြီး အားလုံးပေါင်းပြီးလည်း ထပ်ခါ ထပ်ခါ လေ့ကျင့်နေတယ်။

တရုတ် အစိုးရကလည်း လူလွှတ်ပေးတယ်။ အဲဒီတော့ စနစ်တကျနဲ့ကို လုပ်နေတယ်။ ကျနော်တို့ ဆေးဝန်ထမ်းတွေ ကျတော့ အဲဒီလောက်ကြီး ပညာမတတ်ဘူး။ တရုတ်ဘက်က လာတဲ့ ဆေးပညာရှင်တွေ ကျနော်တို့ ဒေသကို ရောက် ပြီး သင်တန်း ဖွင့်ပေးတယ်။ ဘယ်လို လုပ်မယ်။ ဘယ်လို ကာကွယ်မယ်ဆိုတာကို သူတို့ ဦးစီးပြီး လုပ်ပေးတယ်။ သုံးတဲ့ ပစ္စည်းတွေ ဆေးဝါးတွေ အကုန် သူတို့ လုပ်ပေးတယ်။ ဥပမာ နှာခေါင်းစည်းတွေလည် ကျနော်တို့ ၄ သိန်း၊ ၅ သိန်းလောက် ဝယ်ထားပြီး ကျေးရွာထိကို ထုတ်ပေးတယ်။

ဒီရောဂါကြောင့် အလုပ်လက်မဲ့ ရှိသူတွေလည်း များလာတယ်။ တချို့အိမ်လည်း မပြန်နိုင်ဘူး။ အဲဒါတွေကိုလည်း ထမင်းထုတ်တွေ ထုတ်ပေးရတာ နေ့တိုင်း တထောင်ကျော် ထုတ်ပေးနေတာ ၃လ နီးပါး ရှိပါပြီ။ ကျနော်တို့ တနေ့ ၂ ကြိမ် ထုတ်ပေးတာလေ။

အစက တရုတ်ဘက်မှာ ကာကွယ်ရတယ်။ အခု ကျနော်တို့ ပြည်မဘက်မှာ ပြန်ကာကွယ်ရတော့မယ်။ ပြည်ဘက် ကလည်း ရောဂါများလာတော့ ကျနော်တို့ ဒေသကို မရောက်အောင် အားလုံးပူးပေါင်းပြီး ကာကွယ်နေတယ်။ သမ္မတ ကြီးကလည်း အမိန့်ထုတ်ထားပြီး ကာကွယ်ရေး အဖွဲ့နဲ့ လုပ်ကြဆိုတော့ ဒေါက်တာ တင်မျိုးဝင်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး တို့က အဖွဲ့ ဖွဲ့လာတော့ ကျနော်တို့လည်း လုပ်ငန်း အခြေအနေတွေ တင်ပြတယ်။ စာရင်းတွေ ပို့ပေါ့။ စောင့် ကြည့်လူ အခြေအနေတွေ ပို့တာပေါ့။ သူတို့ကတော့ ဆန်တွေ ဆီတွေ ပေးလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နည်းပေမယ့် လည်း ကျနော်တို့ကို ကူညီပေးတယ် ဆိုတော့ ကျေးဇူးတင်ပါတယ်။

စောင့်ကြည့်တဲ့နေရာမှာနေတဲ့ လူတွေအတွက် ပို့ပေးတာလေ။ အခုဆို တရုတ်ဘက်က နေ့တိုင်းဝင်လာတာက စောင့် ကြည့်ထဲမှာဆို အားလုံး ၃၆၀၀ နီးပါးလောက် ရှိနေတယ်။ ပထမအသုတ် ၂၇၀ ကျော်က ပြီးပြီလေ။ ဒုတိယသုတ်၊ တတိယ သုတ်နဲ့ ၁၀၀၀ ကျော်ကိုက ပြန်ပို့ပြီးပြီ။ ရောဂါထိန်းချုပ်ရေး အဖွဲ့ထဲမှာဆိုရင် ကျနော်တို့ကို ဆန်အိတ် ၁၀၀၀ ၊ စားအုန်းဆီ ၂ ပေပါ ပေးတယ်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် လာတာလည်း ဆန်အိတ် ၄၀ လား၊ ၄၀၀ လား ၊ ပေး တယ်။ ပြောမယ်ဆိုရင် လူတယောက် စာနဲ့ တွက်ရင် ပေးလာတဲ့ ဆန်ကတော့ ၃ ရက်၊ ၄ ရက်ပဲ သုံးနိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် စေတနာနဲ့ ပေးလာတာကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့လည်း မြန်မာပြည် အစိုးရရဲ့သဘောထား ခုလို ပြတာကို အရမ်းလေးစားပါတယ်။ ကျေးဇူးတင်ပါတယ်။ အစကတော့ မရှိဘူးလေ။

ကျနော်တို့ ဝတို့ မိုင်းလားတို့က တရုတ်နဲ့ နီးစပ်တော့ တရုတ်က လာပူးပေါင်းလုပ်ပေးတာလေ။ အဲဒီအဖွဲ့တွေကလည်း ၁၀ ရက်တကြိမ် လဲပြီး ကူညီပေးနေတာ။ ဆေးဝါးပစ္စည်းလည်း အများကြီး ပို့ပေးထားတယ်။ ကာကွယ်တဲ့ နှာခေါင်း စည်းတွေရော အမျိုးမျိုးပဲ ကူညီပေးတာ။ တရုတ်ဆေးအဖွဲ့က တဖွဲ့ဆို ကျနော်တို့ အထူးဒေသ (၄) တခုလုံးဆို ၁၅ ယောက်လောက် ရှိတယ်။ အဲဒီမှာ တဖွဲ့ကို ၃ ယောက် ပြန်ခွဲပြီး ကျေးရွာတွေကိုရော အဖွဲ့ငယ်တွေ ခွဲပြီး ပြန်သွားကြ တာ။

ရောဂါက တရုတ်က နည်းပြီ၊ မြန်မာပြည်ဘက်က ပြန်များနေတော့ ကျနော်တို့ နိုင်ငံတော် အစိုးရဘက်ကလည်း ဆရာ ဝန်တွေ ပေးလာတော့ မိုင်းယန်းဆိုလည်း မိုင်းယန်း ပြည်သူ့ဆေးရုံက လာကြတယ်။ ဆရာမလေးတွေလည်း ကူညီပေး တယ်။ ၃ ယောက်၊ ၅ ယောက် လာကြတယ်။ သူတို့လည်း လာပြီး ကျန်းမာရေး အခြေအနေကို လာစစ်ဆေးပါတယ်။ နောက် နတလ အစိုးရတုန်းက လုပ်ပေးထားတဲ့ အစိုးရ ပြည်သူ့ဆေးရုံက ဆေးဝန်ထမ်းတွေလည်း အားလုံး ပါဝင်ပြီး ကူညီကြတယ်။ ကာကွယ်ရေးမှာ လုပ်ပေးနေကြတယ်။ ခဏခဏလည်း လေ့ကျင့်တာတွေ လုပ်နေကြတယ်။

ကျနော်တို့ သံသယလူနာ ရှိလာရင် ကုနိုင်အောင်လည်း ကုသခန်းတွေ ဆေးရုံလေးတွေ ဆောက်ထားတယ်။ တရုတ် ဘက်ကလည်း ကိရိယာတွေ ပေးလာတာ တော်တော်ပြည့်စုံတယ်။ ဘယ်လို ကုသရမယ် ဆိုတာလည်း အားလုံး ပညာ ပေး၊ လေ့ကျင့်ခိုင်းထားတယ်။ အခုထိတော့ ကျနော်တို့မှာရော ဝ မှာရော သံသယ မရှိဘူးလေ။ အရင်က သံသယ ပေါ်လာသေးတယ်။ Test Kit မှာ စစ်တာလေ။

အနီရောင်လိုင်း၂ ကြောင်း ပေါ်ရင် ပိုးရှိတယ်ဆိုတာ။ အဲဒါနဲ့ စစ်ရင် ရောဂါ ရှိတယ်ဆိုတော့ ကျနော်တို့လည်း လျှောက် စမ်းတာပေါ့။ ဝ လည်း တယောက် စမ်းမိတယ်။ ကျနော်တို့လည်း တယောက် စမ်းမိတာ ရောဂါရှိတယ် ပြတော့ ကြောက်ပြီးမှ အားလုံးယူပြီး တို့ဖတ် နမူနာတွေ ယူပြီး တရုတ်ပြည်မ ဘက်မှာ စမ်းသပ်ခန်းတွေ သေချာ သွားစစ် တော့မှ မှားတယ် ဖြစ်တာ။ နောက်မှ အဲဒီ စက္ကူလေးလေ၊ Test Kit ကို မသုံးရဲတော့ဘူး။ ကျနော်တို့ လန့်သွားတယ်။

ကျနော်တို့ တကယ် မတတ်နိုင်လို့ သူတို့ဆီမှာ အကူအညီ တောင်းရတာလေ။ ကျန်တာတော့ ကျနော်တို့ ဘာသာပဲ လုပ်ပါတယ်။ ကျနော်တို့ အခု အသက်ရှုစက်လေ (Ventilator) ၄ လုံး ဝယ်ထားတယ်။ ကျနော်တို့မှာက ပါရဂူတွေ ပညာရှင်တွေတော့ လိုတယ်။ ကျနော်တို့မှာ အဲဒီလောက် ပညာမရှိဘူးလေ။

နောက် စိန်ခေါ်မှုက ဒီရောဂါက ဘယ်လောက်ကြာမလဲ မသိဘူး။ ကျနော်တို့ ဒေသမှာ လူထုရဲ့ စားဝတ်နေရေး၊ စီးပွား ရေးတွေ ထိတယ်။ ဘယ်လို ပြန်ရှင်သန်မလဲ။ ဘယ်လို တိုးတက်မလဲ ဆိုတာကို စဉ်းစားနေရတယ်။ ကျနော်တို့မှာ မြို့ ပြအိမ်ရာ အထပ်၂၀ ကျော်တွေ ဆောက်ထားတာကလည်း အခု အားလုံး ရပ်ဆိုင်းနေတယ်။ ၁၄ လုံး၊ ၁၅ လုံး လောက်က အကုန် ရပ်ဆိုင်းနေတာ။ အသေးစား ၄ ထပ်၊ ၅ ထပ်၊ ၇ ထပ်တွေလည်း အကုန်ရပ်၊ မြို့ထဲလည်း လူသွား လာမှု နည်းတယ်။ ကျနော်တို့ ကြောက်တာက ဒီအချိန် ဘယ်လောက်ကြာမလဲ။ ထိခိုက်မှု ဘယ်လောက်ရှိလာမလဲ ဆိုတာပဲ။ ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာက စိန်ခေါ်မှုပဲ။

ကျနော်တို့ တိုင်းပြည်ထဲမှာ ဒီရောဂါ မြန်မြန်ပြီးဖို့ မျှော်လင့်တယ်။ ဒီရောဂါကြောင့် လူထုလည်း အထိနာတယ်။ နိုင်ငံ တော် အစိုးရလည်း အထိနာတယ်။ အဖွဲ့အစည်းတွေလည်း အထိနာပါတယ်။ ဒီရောဂါ မြန်မြန်လေး ပပျောက်ဖို့ မျှော် လင့်နေတယ်။ အားလုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေရဖို့ မျှော်လင့်နေတယ်။

ဒေါ်စောမြရာဇာလင်း

ဒု ဥက္ကဋ္ဌ

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)

COVID-19 ဖြစ်လာတယ် ဆိုကတည်းက ကျမတို့က ပြည်သူ လူထုနဲ့ အနီးကပ်ဆုံးနေရာမှာ အလုပ်လုပ်နိုင်ဖို့ ကြိုးပမ်း တော့လည်း ကျမတို့ လုပ်နိုင်တဲ့ အနေအထားအရ ရန်ပုံငွေ အခက်အခဲက အများကြီး ရှိပါတယ်။ ရန်ပုံငွေကို ကျမတို့ က ကိုယ်နည်းကိုယ့်ဟန်နဲ့ ရှာကြံပြီးတော့မှ နှာခေါင်းစည်းတွေ ဘယ်လို ပေးရမလဲ။ ဆပ်ပြာတွေ၊ လက်ဆေးရည်တွေ ဘယ်လို ပေးရမလဲ ဆိုတဲ့ အနေအထားကတော့ နီးစပ်ရာတိုင်းမှာ ကျမတို့ လုပ်ပါတယ်။ ဒါပေမယ့် ရခိုင်တပြည်နယ် လုံးကို လုပ်နိုင်သလား ဆိုရင် ကျမတို့ မလုပ်နိုင်ပါဘူး။ အထူးသဖြင့် ကတော့ တိုက်ပွဲရှောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိတဲ့ နေရာမှာ လုပ်နေကြတာ ရှိပါတယ်။

အထူးသဖြင့်ကတော့ ကျန်းမာရေး ဝန်ကြီးဌာနက COVID-19 ကာကွယ်ရေး ဘယ်လိုလုပ်ရမယ် ဆိုတာကို သွား ရောက် ပြောပြတာတွေ ကျမတို့ အဓိက လုပ်ပါတယ်။ ဒါပေမယ့် နေရာအနှံ့ကို သွားဖို့ ကျမတို့မှာ ခရီးစရိတ်လည်း မရှိဘူး။ ရန်ပုံငွေကလည်း မရှိဘူးဆိုတော့ အဲဒီလို အခက်အခဲတွေ ရှိပါတယ်။ နောက်တခုက အစိုးရက ထုတ်ပြန်ချက် တွေ ထုတ်လိုက်တာပေါ့။ NRPC က EAO တွေကို စာပေးတာပေါ့လေ။ အဲဒါကို ကျမတို့ တော်တော် ဝမ်းသာပါတယ်။ ငါတို့တော့ နိုင်ငံတော် အစိုးရနဲ့ လက်တွဲ အလုပ် လုပ်ရပြီ။ သီးခြား ကိုယ်အခြေစိုက်တဲ့ နေရာတွေမှာ လုပ်ရသည် ဖြစ် စေ ကျမတို့က သိပ်လုပ်ချင်တယ်။

ရခိုင်အတွက် ဆိုရင်တော့ ကျမတို့အဖွဲ့တွေ ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်ဖို့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာ ခွင့်ရဖို့ တချက် ပါပါတယ်။ နောက်ပြီးရင် ပစ္စည်းတွေ မလုံလောက်တဲ့အခါမှာ ကျမတို့ကို ပေးစေချင်တယ်။ အခက် အခဲ ကြုံလာရင် ဝတ်စုံတို့ ဘာတို့ ကျမတို့မှာ မရှိဘူး။ နောက်ပြီးတော့ ဆေးဝါးဆိုရင်လည်း အမျိုးမျိုး ရှိပါတယ်။ လက် ဆေးရည်က ဒီနေ့အထိ မလုံလောက်တဲ့ အချိန်မှာ ကိုယ်ခံစွမ်းကြံ့ခိုင်စေတဲ့ ဆေးဝါးတွေ လိုပါလိမ့်မယ်။

ဒါမျိုးတွေ ကျန်းမာရေး ဝန်ကြီးဌာနက ပံ့ပိုးတယ်ဆိုရင် ကျမတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ။ အစိုးရက စိတ် ကောင်း စေတနာကောင်းနဲ့ ကျမတို့ကို လုပ်ပိုင်ခွင့်ကို လွတ်လွတ်လပ်လပ်ပေးမယ် ဆိုရင်တော့ ပိုကောင်းမယ် ထင် တယ်။ ကျမတို့က ပြည်သူကို လွတ်လွတ်လပ်လပ် ကူညီချင်တယ်။ ဒီနေ့ လုပ်နေတဲ့ COVID-19 ကာကွယ်ရေးနဲ့ ပတ် သက်ပြီးမှ အစိုးရရဲ့ စီမံကိန်းတွေကိုလည်း ကျမတို့ အောင်မြင်စေချင်ပါတယ်။ ဒီရောဂါက တဦးတယောက်နဲ့ သက် ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အန္တရာယ်ကြီးတဲ့အတွက် အားလုံး ဝိုင်းလုပ်ဖို့ လိုပါတယ်။

ဗိုလ်မှူးကြီး ဟိန်ဝန်

အတွင်းရေးမှူး

KIA ၏ COVID-19 ရောဂါနှိမ်နင်းရေး ကော်မတီ

အစိုးရဘက်က စာနဲ့ပဲ အဆက်အသွယ် လုပ်တာ ရှိသေးတယ်။ တခြားတော့ ဘာမှမလုပ်ရသေးဘူး။ စာမှာပဲ ကော်မ တီ ဖွဲ့ထားပြီ ဆိုတာကို အကြောင်းကြားတဲ့ စာပဲဖြစ်ပါတယ်။ ကျနော်တို့မှာက အခက်အခဲတွေဆိုရင် အများကြီး ရှိပါ တယ်။ အဘက်ဘက်မှာ ကြိုတင် ကာကွယ်တဲ့ဘက်ရော၊ ကုသတဲ့ ဘက်ရောပေါ့။ အဘက်ဘက်မှာ လိုအပ်နေတယ်။ အခု လောလောဆယ်တော့ အစိုးရဘက်နဲ့ ပြောတာမရှိသေးဘူး။ ကျနော်တို့ တတ်နိုင်သလောက်ပဲ ကျနော်တို့ အစွမ်း အစနဲ့ လုပ်နေပါတယ်။

အနီးအနားတဝိုက်က လိုင်ဇာမှာ သတ်မှတ်ထားတဲ့အပြင်ကို ကျော်သွားပြီး ပြန်လာသူတွေတော့ Quarantine မှာ ရှိ နေတာ များတယ်။ အလန့်ဘုမ်မှာ ဆိုရင် ၁၀၂ ယောက်၊ မိုင်ဆပ်ပါမှာ ဆိုရင် ၁၇ ယောက်။ တကယ်လို့ သံသယ လူ နာ ရှိလာရင်တော့ ကျနော်တို့ ဘာသာပဲ ကုသဖို့ အဆောက်အအုံတွေက ပြင်ဆင်နေတာ မကြာခင် ပြီးတော့မယ်။

အဲဒီမှာပဲ ကျနော်တို့ ဆရာဝန်ရော၊ အဆောက်အအုံတွေရော ပစ္စည်းတွေရော တတ်နိုင်သလောက် စီစဉ်နေတယ်။ တကယ်လို့ ကျနော်တို့ မတတ်နိုင်ဘူး ဆိုရင် သက်ဆိုင်ရာတွေကို ဆက်လက် အကူအညီတောင်းသွားမှာပါ။ ဘယ် ဘက်ဖြစ်ဖြစ်ပေါ့။ ကျနော်တို့ကို အနီးစပ်ဆုံး ကူညီနိုင်တဲ့ အဖွဲ့အစည်းတွေကို အကူအညီ တောင်းမှာပါ။

ငွေရေးကြေးရေးမှာလည်း ကျနော်တို့ တတ်နိုင်သလောက် ကျနော်တို့ အဖွဲ့အစည်းကပဲ အဓိက ထုတ်ပြီး သုံးစွဲနေပါ တယ်။ တခြား Local NGOs နဲ့ INGOs တွေ အကူအညီလည်း လက်တွေ့မှာ တော်တော်ပါဝင် ကူညီနေပါတယ်။ သူ တို့က အဓိကဆိုရင် ကာကွယ်ရေးပိုင်းမှာ ပိုပြီး လုပ်ဆောင်ပေးနေပါတယ်။

ကျနော်တို့ ထိန်းချုပ် ဧရိယာထဲမှာ ဆိုရင်တော့ လူဦးရေ အားလုံးပေါင်း ၁ သိန်းဝန်းကျင် ရှိပါတယ်။ လိုင်ဇာနဲ့ မိုင်ဂျာ ယန် ဆိုရင်တော့ ၄ သောင်းကျော်၊ ၅ သောင်း ရှိပါတယ်။ ကျနော်တို့မှာ ကိုဗစ်ကာကွယ်ရေးအတွက် လုပ်နေတာ စိန် ခေါ်မှုကတော့ ရောဂါကို ကုနိုင်ဖို့ အသုံးအဆောင်၊ ဆေးဝါးပစ္စည်းတွေ အထူးလိုအပ်နေပါတယ်။ အခုဆိုရင် ကျနော် တို့က တတ်နိုင်သလောက်တော့ စုနေတာပေါ့။ တကယ်လို့ ဖြစ်လာရင်တော့ ပစ္စည်းတွေက အများကြီး လိုအပ်ပါဦး မယ်။ အဲဒါပဲ အရေးတကြီး ဖြစ်နေပါတယ်။

ဗိုလ်မှူး စိုင်းသန်းအောင်

ပြောရေးဆိုခွင့်ရှိသူ

ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP)

အစိုးရဘက်က ကော်မတီက ဆက်သွယ်လာတာ ရှိပါတယ်။ ကျနော်တို့လည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဗဟိုကော်မ တီမှာ ဖွဲ့ပြီး အစိုးရနဲ့ သတင်းအပြန်အလှန် ဖလှယ်ဖို့ အပြန်အလှန် ကူညီကြဖို့ ရှိပါတယ်။ ကျနော်တို့ ဒေသမှာက တော့ ရောဂါ စတင်ပျံ့နှံ့နေကတည်းက ကာကွယ်ရေးတွေက လုပ်နေပါတယ်။ ကျနော်တို့ လုပ်နေတဲ့ ကဏ္ဍကတော့ အခက်အခဲ တစုံတရာတော့ မရှိသေးဘူး။ အစိုးရ ထောက်ပံ့မှု တစုံတရာလည်း သူတို့လည်း ကော်မတီ ဖွဲ့ကာစ ဆို တော့ တစုံတရာ ကူညီတာတော့ မရှိသေးပါဘူး။ နောက်နောင်တော့ မပြောတတ်ဘူးပေါ့။ ရှိကောင်းရှိမှာပါ။

အရင်က နိုင်ငံခြားက ပြန်လာသူတွေကတော့ အခု ရက်လည်း ပြည့်ပြီဆိုတော့ ရောဂါ မရှိတော့ အိမ်တွေမှာပဲလေ။ နောက်ထပ် တရုတ်က ပြန်ဝင်လာသူတွေ ယိုးဒယားက ဝင်လာဦးမယ့်သူတွေ တာချီလိတ်ကနေ ရာနဲ့ချီ လာဦးမယ် လို့လည်း ထပ်ကြားတယ်။ ဒါပေမယ့် ကျနော်တို့ ဒေသထဲကိုတော့ သူတို့ ထပ်ရောက်မလာသေးပါဘူး။ ပြန်လာတဲ့ လူ တွေထဲမှာလည်း ကျနော်တို့ ဒေသကလူ ပါလား မပါလားလည်း မသိရသေးဘူး။ အခု ထပ်ရောက်တာဆို ၄ ယောက်၊ ၅ ယောက်ပဲ ရှိသေးတယ်။

အစိုးရအနေနဲ့ ကူညီရမယ့် အပိုင်းတော့ ကျနော်တို့ ပြောထားတယ်။ ဘာအခက်အခဲ ရှိတယ်၊ ဘယ်လိုတွေ ကူညီ မယ်ဆိုတာလည်း အစိုးရဘက်က ကော်မတီနဲ့ အပြန်အလှန်တော့ ဆွေးနွေးထားတယ်။ လောလောဆယ်ကတော့ အကူအညီ မလိုသေးဘူး။ နောက်နောင် အချိန်ကြာလာလို့ ရောဂါ ဖြစ်လာရင်တော့ လိုအပ်တာ သိလာမှာပါ။ အစိုးရနဲ့ ဘယ်လို ပူးပေါင်းမလဲ ဆိုတာလည်း ကျနော်တို့မှာ လုပ်ငန်း လမ်းညွှန်က ရှိပါတယ်။ ကျနော်တို့က ကျေးသီးမြို့က ဆေးရုံကြီးကို ပို့မယ်။ မိုင်းနောင် ဆေးရုံကြီး ပို့မယ်လေ။ သံသယလူနာ ရှိလာရင်။ အဲဒါလည်း အပြန်အလှန် ညှိနှိုင်း ထားတာ ရှိပါတယ်။

အခုက ကျန်းမာရေး စစ်ဆေးတာက ကျနော်တို့မှာ လက်လှမ်းမမီတာကိုတော့ အစိုးရကို အကူအညီ တောင်းရမှာပေါ့။ အခုကတော့ မတောင်းရသေးပါဘူး။ လောလောဆယ်တော့ စိန်ခေါ်မှုလည်း ကျနော်တို့မှာ မရှိသေးပါဘူး။ ကျန်းမာ ရေးနဲ့ ပတ်သက်တာ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်ထားနိုင်ပါတယ်။ စိန်ခေါ်မှု တစုံတရာတော့ မကြုံရသေးပါဘူး။

ဗိုလ်မှူး စောရန်နိုင်

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ (၆) လုံခြုံရေး တပ်ဖွဲ့မှူး

ကျနော်တို့ လောလောဆယ် ဆောင်ရွက်နေတဲ့ အပိုင်းကတော့ မြို့တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာတော့ ပြည်နယ်အစိုး ရနဲ့ ပူးပေါင်းပြီးတော့မှ Quarantine စခန်းတွေ ပြင်ဆင်ထားတယ်။ အဲဒီမှာ လာနေမယ့်လူတွေ အဆင်ပြေဖို့ ဆောင် ရွက်နေတယ်ပေါ့။ အတွင်းပိုင်းကျတဲ့ နယ်မြေတွေကိုလည်း လုပ်နေတယ်။ အခက်အခဲ အနေနဲ့ကတော့ ကျနော်တို့ ပြည်နယ် ထဲမှာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ပြင်ဆင်ထားတဲ့ စခန်းတွေမှာက နယ်စပ်က ပြန်လာတဲ့ မြန်မာနိုင်ငံ သားတွေ အတွက်လို့ ခေါင်းစဉ် တပ်ထားတာပေါ့။

သူ့ပြည်နယ်နဲ့ တိုင်းအလိုက် ပို့မရလို့ ကျန်နေမယ်ဆိုရင် Quarantine ထားလို့ရမယ့် စခန်းတွေမှာ ထားဖို့ပေါ့။ အဲဒီမှာ အခက်အခဲ တခုက ဒေသခံကျေးရွာတွေက သူတို့ကို ဒီလိုမျိုး ရပ်ဝေးကလူတွေ လာထားမယ့်အစား ကျနော်တို့ နယ် မြေက ပြန်လာမယ့် ကလေးတွေလည်း ရှိတော့ ထားမယ့်ထားရင် ကိုယ့်ဒေသက ကလေးတွေကိုပဲ ထားသင့်တယ် ပေါ့။ အဲဒီ အခြေအနေကို ကရင်ပြည်နယ် အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်။ ကိုယ့်ဒေသက လူတွေကို ပြန်နေရာ ချတော့ ပိုအဆင်ပြေတာပေါ့။ အဲဒါတခုတော့ ရှိတယ်။ ကျနော်တို့က တင်ပြထားတာပေါ့။

ကျနော်တို့က လက်မခံတာတော့ မဟုတ်ဘူး။ ပြန်လာမယ့် သူတွေက အရောအရော အနှောနှော ဖြစ်တဲ့အခါကျတော့ ဘယ်လို ခွဲထုတ်မလဲ။ ဘယ်လိုထားမလဲဆိုတဲ့ ပြဿနာတွေ ရှိတယ်ပေါ့။ ပြည်နယ် အစိုးရက အတတ်နိုင်ဆုံး ဆောင် ရွက်ပေးမယ်တော့ ပြောတယ်။

ကျနော်တို့က အစိုးရရဲ့ EAO တွေနဲ့ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကို နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုမှာ စနစ်တကျ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ကို အာရုံ စိုက်စေချင်တယ်။ ဥပမာဆိုရင် အပေါ် ပြည်နယ်အစိုးရက လူတွေနဲ့ ကျနော်တို့ ပြောလိုက်တယ်။ ဆိုလိုက်တယ်။ မြေပြင်မှာကျတော့ ဒါတွေက သိတဲ့အတိုင်းပဲ။ အားလုံးက ဒီကိစ္စကို စိတ်ဝင်စားတာ မဟုတ်ဘူး။ တချို့လည်း စိုးရိမ်မှုတွေ ရှိတယ်။ လုပ်ဆောင်ချက်တွေမှာလည်း ကုန်ကျ စရိတ်တွေရှိတယ်။ တခါတ လေလည်း အချိန်နဲ့ တပြေးညီပေါ့။

အောက်ခြေမှာကျတော့ လုပ်ငန်းမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ လူတွေ မဟုတ်ဘူး။ ဘယ်လို သုံးကြမလဲ။ သုံးခွင့်ဘယ်မှာ ရှိမှာလဲ။ သုံးပြီးရင် ငွေက ဘယ်က ဆက်ထောက်ပံ့မှာလဲ။ အဲဒါမျိုးတွေက မြေပြင်မှာ ရှိနေတာပေါ့။ ကျနော်မြင်ရသ လောက် အဲဒါတော့ တခါတလေမှာ တချို့လုပ်ဆောင်မှုတွေမှာ ပြင်ဆင်မှု အပိုင်းတွေမှာ အားနည်းတာလည်း ကြုံရ တာပေါ့။ အာရုံစိုက်သင့်တာက ဥပမာ- တက်ကြွပြီး ဆောင်ရွက်တဲ့သူတွေကို တာဝန်ပေးတဲ့ အပိုင်းမျိုး လုပ်ဖို့တွေ။ COVID-19 ကာ ကွယ်ရေး ကိစ္စ စိတ်ဝင်စားစွာ ဆောင်ရွက်တဲ့သူတွေကိုပဲ တာဝန်ပေးတာတွေ အာရုံစိုက်စေ ချင်တယ်။

ဗိုလ်မှူး မိုင်းအိုက်ကျော်

သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ

တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)

ကျနော်တို့ကို ဘာမှ ဆက်သွယ်တာ မရှိသေးပါဘူး။ ကျနော်တို့ဘက်မှာလည်း ကာကွယ်ရေး လုပ်နေတာ သံသယ လူ နာတော့ မတွေ့ရသေးပါဘူး။ အဓိက ကတော့ ကျနော်တို့က တော်လှန်ရေး ကာလဆိုတော့ တိုက်ပွဲတွေက ဖြစ်မှာ လည်း စိုးရိမ်တယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းလည်း မဟုတ်တော့ တချို့နေရာမှာ ထိုးစစ်ကလည်း မလျှော့ ဘူး။ တချို့နေရာတွေ သွားရင် တိုက်ပွဲတွေက ဖြစ်မှာဆိုတော့ သွားဖို့ လာဖို့က အခက်အခဲ ရှိတယ်။ တချို့ နေရာမှာ လည်း စစ်ကြောင်းတွေက လှည့်နေတယ်။

ကျနော်တို့မှာ Quarantine ထားထားတဲ့ လူတွေလည်း ရှိတယ်။ တကယ်လို့ စစ်ကြောင်း ထိုးလာခဲ့ရင် ရှောင်ပြေးရမှာ တွေ ရှိတယ်။ Quarantine ထားတဲ့ နေရာမှာ နေရသူတွေကလည်း ရှောင်ပြေးရမလား ဆိုတဲ့ စိုးရိမ်မှုတွေက ရှိတယ်။ တကယ်လို့ ပြေးရလို့ ရောဂါရှိတဲ့လူက လူထုကြားမှာ ထွက်ပြေးရင်း ဝင်ရောက် သွားရင်ဆိုတာလည်း စိုးရိမ်ရတယ်။ အဲဒီ အချက်တော့ အခက်အခဲ ရှိတယ်။ ကျနော်တို့က တော်လှန်ရေးကာလ ဖြစ်တော့ စစ်ဆေးနိုင်တဲ့အဆင့်၊ ကုသ နိုင်တဲ့ အဆင့်လည်း မရှိဘူး။ အပူချိန် တိုင်းနိုင်တာလောက်ပဲ ရှိပါတယ်။

Quarantine ထားထားတာက အစက ၂၆၀ ကျော် ရှိတယ်။ ရက်ပြည့်လို့ ဆင်းသွားကြတော့ အခုက ၁၀၀ ကျော်တော့ ရှိပါသေးတယ်။ အခု ကိုဗစ်ရောဂါနဲ့ ပတ်သတ်ပြီး ကာကွယ်ရေးမှာ အစိုးရဘက်ကရော ဘယ်အဖွဲ့အစည်းဘက်ကမှ အကူအညီ ရတာမျိုးတော့ မရှိသေးဘူး။ ကျနော်တို့ဘာသာ ကိုယ်ထူကိုယ်ထနဲ့ ရပ်ရွာက လူတွေပေါင်းပြီးတော့ ကူပြီး လုပ်နေကြတာပဲ ရှိတယ်။

သံဃာ့အဖွဲ့အစည်း တွေရောပေါ့။ အကုန် စုပေါင်း စပ်ပေါင်းနဲ့ လုပ်ဆောင်နေကြတာပါ။ အစိုးရဘက်ကတော့ လာညှိ နှိုင်းတာတို့ မရှိဘူး။ သူတို့ ကော်မတီဖွဲ့တာတော့ ဖွဲ့တာပေါ့။ ကျနော်တို့ ဘယ်လို ပူးပေါင်းကြမလဲ။ ဘယ်လို လုပ်ကြ မလဲ ဆိုတာတွေကတော့ ကျနော်တို့ မသိရဘူး။ ကမ်းလှမ်းလာတာလည်း မရှိသေးပါဘူး။ ဘယ်လို ပုံစံနဲ့ လုပ်ရမလဲ ဆိုတာလည်း ပြောလာတာ မရှိသေးပါဘူး။

ကျနော်တို့ မြင်တာကတော့ တချို့နေရာမှာ တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ အစိုးရနဲ့က လက်မှတ်ထိုးထား တယ်။ တဖက်နဲ့ တဖက် ညှိနှိုင်းနိုင်တဲ့ အနေအထား ရှိမယ်။ ကျနော်တို့ကတော့ လက်မှတ် မထိုးထားတဲ့ အဖွဲ့ ဖြစ် တော့ ညှိနှိုင်းနိုင်မယ့် အနေအထားကလည်း နည်းနည်း ခက်တယ်။

ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခေး

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)

အစိုးရက ဖွဲ့ထားတဲ့ EAO တွေနဲ့ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီအနေနဲ့က နံပါတ် ၁ က စားဝတ်နေရေးကိစ္စကို အာရုံ စိုက်စေချင်တယ်။ စားဝတ်နေရေးနဲ့ ငွေကြေးပေါ့။ နံပါတ် ၂ က ရောဂါကာကွယ်ရေး ဆက်စပ်ပစ္စည်းတွေ အဲဒါလည်း အလေးထားစေချင်တာပေါ့။ ပြီးတော့ ကွင်းဆင်းတဲ့နေရာမှာ RCSS က မြို့နယ်တိုင်း၊ ကျေးရွာတိုင်းမှာ ရောဂါ ကာ ကွယ်ရေး ကော်မတီတွေ ဖွဲ့ထားပြီးသား။

ပြီးတော့ အစိုးရရဲ့ ကျန်းမာရေး ဆေးရုံတွေ မြို့နယ်တိုင်းက အဲဒါလည်း အဆက်အသွယ်တွေ လုပ်ထားပြီးသား။ အဲဒါ က သိပ်အခက်အခဲ မရှိတော့ဘူး။ နောက်တခုက သူတို့ နေဖို့ နေရာလေ။ အခုက မိုးလည်း ကျလာပြီဆိုတော့ အဲဒါ အခက် အခဲ ရှိလိမ့်မယ်။ တဲကလေး ဘာလေး အဲဒီလိုမျိုးပေါ့။ အဲဒါတွေ နည်းနည်း ပိုလိုမယ်။

အခုက ကျနော်တို့ လူထုမှာ ရောဂါကူးစက်မှု ရှိမရှိ တတ်နိုင်သလောက် ကွင်းဆင်းပြီးတော့ စမ်းသပ်နေတုန်းပဲ။ အပူတိုင်း တာတို့ ကျန်းမာရေး စစ်ဆေးတာတို့ ကျန်းမာရေး အသိပညာပေးတာတို့ ရောဂါကာကွယ်ဖို့ ဆက်စပ် ပစ္စည်းတွေ ထောက်ပံ့ တာတို့ လက်ရှိ ဆောင်ရွက်နေတုန်းပဲ။

အစိုးရနဲ့ ထောက်ပံ့မှုပေးတာက မရောက်ရှိသေးဘူး။ အခက်အခဲ ဆိုတာက ဆက်စပ်ပစ္စည်းတွေ အလုံအလောက် မရှိ ဘူးပေါ့။ PPE တို့၊ နှာခေါင်းစည်းတို့၊ လက်ဆေးရည်တို့ပေါ့။ ဖြန်းဆေးတို့၊ ဆေးဖြန်းဖို့ ပုံးတွေဘာတွေ အဲဒါတော့ လုံလုံ လောက်လောက်မရှိဘူးပေါ့။ နေရပ်ပြန်လာသူတွေ အတွက်ကတော့ ချက်ချင်း ရွာထဲ ပေးမဝင်ဘဲနဲ့ Quarantine မှာသွားပြီးတော့ ထားရဦးမှာပေါ့။ အရင်ကတော့ ၁၀၀၀ လောက် နေရပ်ပြန်လာသူတွေ ရှိတယ်။ RCSS ထိန်းချုပ်နယ် မြေ တောရွာတွေမှာပေါ့။

အခု ဆက်လက် ထွက်လာမယ့် ဒုတိယ အသုတ်ပေါ့။ ယိုးဒယားကရော၊ တရုတ်ဘက်ကရော အဲဒါကတော့ အရင် ပထမ အသုတ် လာသလောက်ပဲ လာမယ်လို့ မှန်းတယ်။ ဒါပေမယ့် မနေ့ကရော၊ တနေ့ကရော မိုင်းလားဘက်ကနေ ကျိုင်းတုံနဲ့ တောင်ကြီးဘက်ကို တနေ့ကို ၅၀၀ လား၊ ၆၀၀ လား လာနေတယ် လို့တော့ သိရတယ်။ ဒါပေမယ့် အသေး စိတ် ဘယ်မြို့နယ်၊ ဘယ်ကျေးရွာ လာမလဲတော့ မသိရသေးဘူး။

You may also like these stories:

ကျမတို့ စစ်ပွဲတွေကို မဖန်တီးခဲ့ပါ … ဒါပေမယ့် …

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများလည်း အရေးပါသည်

ကရင့် တော်လှန်ရေး ခရီးကြမ်းထဲ က ဗိုလ်ထိန်မောင်

Loading