မြို့ပေါ်မှာ၊ ရွာတွေမှာ တိုက်ပွဲ ဖန်တီးတာက လူထုကို တော်တော် ဒုက္ခရောက်စေတယ်

နန်းလွင်နှင်းပွင့်
ဦးစိုးထက် ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်ဝန်ကြီး / ထက်ဝေ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လူဦးရေ ၁ သိန်းကျော် နေထိုင်ပြီး တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA)တို့၏ တိုက်ပွဲများကြောင့် လူဦးရေ ၆ သောင်းခန့်မှာ စစ်ဘေးဒဏ်သင့်နေကာ နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ဘေးရှောင် ဒုက္ခသည်မှာ ၉၀၀၀ ကျော် ရှိနေသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ချင်းပြည်နယ် အစိုးရအဖွဲ့၊ ဒုက္ခ သည်များကို ကူညီနေသည့် ချင်းအရပ်ဘက် အဖွဲ့အစည်း တာဝန်ခံများနှင့်လည်း မေ ၄ ရက်က အစည်းအဝေး ပြုလုပ် ထားသည်။

ပလက်ဝမြို့နယ် အတွင်း စစ်ဘေးဒဏ်သင့်နေသူများကို အစိုးရက ကူညီပေးနေသည့် အခြေအနေများ၊ မိုးတွင်းကာလ စားရေးရိက္ခာ အတွက် စီစဉ်ပေးထားသည့် အခြေအနေများ၊ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ရေရှည် အစီအစဉ် ချမှတ်ထားသည်များ ဆောင်ရွက်နေသည်နှင့် ပတ်သက်၍ ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်ကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ ပလက်ဝက စစ်ဘေးရှောင် ဒုက္ခသည်တွေ အခြေအနေနဲ့ သူတို့အတွက် ရေတို ရေရှည် ဘယ်လို အစီအစဉ် တွေများ ရှိပါသလဲ။ လူကယ်ပြန် ဝန်ကြီးနဲ့လည်း ဆွေးနွေးထားတာတွေ ဘာတွေ ရှိပါသလဲ။

ဖြေ။ ။ အခု လက်ရှိက ကျနော်တို့ ဒေသမှာ တိုက်ပွဲကလည်း မရပ်စဲသေးတော့ ဒေသခံတွေက သူတို့ရွာတွေမှာ မနေ နိုင်ဘဲ ဆမီးမြို့နဲ့ ပလက်ဝမြို့ပေါ် တောက်လျှောက် ပြောင်းရွှေ့လာကြတယ်။ မြေပြင်မှာ ရှိနေတဲ့သူတွေကလည်း စား ရေရိက္ခာ မရဘူး။ မူလလုပ်ငန်းတွေ ဖြစ်တဲ့ တောင်ယာ၊ လယ်ယာကိုင်းကျွန်းလည်း လုပ်လို့ မရဘူး။ တပ်ကလည်း လုံခြုံရေး အခြေအနေအရ သွားရေးလာရေး ကန့်သတ်ထားတယ်။ ကိုယ့်ရွာမှာပဲကိုယ်နေရတော့ အခု စားရေး သောက်ရေး အင်မတန်မှ ခက်ခဲပါတယ် ခင်ဗျ။

မတ် ၁၄ ၊ ၁၅ ကလည်း တိုက်ပွဲက ပြင်းထန်တယ်။ လက်နက်ကြီးတွေ ဗုံးတွေနဲ့ သေတာတွေလည်း ရှိတယ်။ အခုချိန် ထိ ၃၃ ယောက်လောက် သေပြီး ၄၁ ယောက် ဒဏ်ရာ ရထားတယ်။ အိမ်တွေလည်း ၃၀ ကျော်လောက် မီးလောင်တာ ရှိတယ်။ အဲဒါတွေကို နိုင်ငံတော် အတိုင်ပင်ခံက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို ပြောပြီး ဒါလေးတွေကို ကူညီပေးပါလို့ ပြောလို့ ကျနော်တို့က Video Conferencing လုပ်ကြတယ် ခင်ဗျ။ လက်ရှိမှာ ဒုက္ခရောက်နေတဲ့ ပြဿနာ ကုစားဖို့ပါ။

စားရေရိက္ခာကို ပို့တဲ့ နေရာမှာ ကျနော်တို့ လုံခြုံရေးမကောင်းတဲ့အပြင် တိုက်ပွဲတွေလည်း ရှိနေတယ် လမ်း မှာလည်း ပိတ်ဆို့တာတွေလည်း ရှိနေတဲ့အတွက် ကျနော်တို့ ပို့လို့ မရဘူး။ ဒါပေမယ့် အခု မတူပီ- ဆမီး- ပလက်ဝ လမ်း ကနေ ပို့တာ ပထမ ဆန်အိတ် ၈၃၀ ကျော် ရောက်သွားတယ်။ ဒုတိယ အကြိမ် ဆန်အိတ်၂၀၀၀ က တပ်မတော်ကားတွေ အကူအညီနဲ့ ဆန်၊ ဆီ၊ ဆား ၊ ပဲ ပေါ့။ ရောက်သွားတယ်။ နောက် WFP က ဆန်အိတ် ၁၀၀၀ ကို လည်း ပလက်ဝကို ရောက်အောင် ပို့၊ အဲဒါတွေနဲ့ တနယ်လုံး အဆင်ပြေအောင် ကျနော်တို့ လုပ်နေပါတယ်။

အခုအနေအထားမှာ ပိုပြီးတော့ ခက်ခဲလာတဲ့ အနေအထားမှာ မြို့ပေါ်မှာ စုနေကြတာကို ကျနော်တို့ လုပ်ပေးထား တယ်။ ဒါပေမယ့် ဒုက္ခသည်တွေ စုပြီး ခိုလှုံနေတဲ့ စာသင်ကျောင်းတွေက မကြာခင် ဖွင့်တော့မှာ။ အခု ဒုက္ခသည်တွေ ကို အလယ်တန်းကျောင်း၊ မူလတန်းကျောင်း၊ အထက်တန်းကျောင်းတွေမှာ ထားရတာ ဖြစ်ပါတယ်။

အဲဒီအတွက်လည်း ဖယ်ပေးရမှာဖြစ်တော့ အဆောက်အအုံတွေက ချက်ချင်းဆောက်ဖို့ လိုလာတယ်။ ကျနော်တို့ ပြည်ထောင်စုကို တင်ပြတယ်။ နောက်ပြီး လူကယ်ပြန် ဝန်ကြီးဌာနနဲ့ သဘာဝဘေးဒဏ် လုပ်တဲ့ ကျနော်တို့ ဒုသမ္မတ ကြီး အကူအညီနဲ့ ကျနော်တို့ IDPs Camp တွေ ဆောက်ဖို့ ပြည်ထောင်စု အကူအညီနဲ့ သိန်း ၁၂၀၀ ၊ ပြည်နယ် သဘာဝ ဘေးဒဏ်က သိန်း ၁၂၀၀ နဲ့ စုစုပေါင်း သိန်း ၂၄၀၀ နဲ့ IDPs Camp အဆောက်အအုံ ၄၈ လုံးဆောက်ဖို့ ကျနော်တို့ ပြင်ဆင်နေတယ်။ ဆောက်လည်း ဆောက်နေပြီ။ အဲဒါက ပလက်ဝရယ်၊ ဆမီးရယ်၊ မီးဇာရယ်၊ နောက် စိမ့်စင်းဆိုတဲ့ ရွာရယ် ၊ အဲဒီ ၄ နေရာမှာ ကျနော်တို့ စဆောက်နေပါပြီ။

IDPs Camp ရဲ့ ပုံစံက ရခိုင်မှာ လုပ်တဲ့ ပုံ အကြမ်းဖျင်းတော့ သိထားတယ်။ အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ၊ အလယ် မှာ ကျောချင်း ကပ်မယ်။ ရှေ့မျက်နှာစာမှာ ၁၀ ပေ အခန်း ကန့်လိုက်ရင် ပေ ၁၀၀ ဖြစ်တဲ့အတွက် ၁၀ ခန်းရမယ်။ နောက်ကျောကပ်မှာလည်း ၁၀ ခန်း ရမယ်။ အဆောက်အအုံ တလုံးက မိသားစု၂၀ နေလို့ ရမှာပေါ့။ ကျနော်တို့က ၄၈ ဆောင်ဖြစ်တဲ့အတွက်ကြောင့် မိသားစု ၉၆၀ တော့ နေလို့ ရမှာပေါ့ဗျ။

လက်ရှိ ကျနော်တို့ မြို့ပေါ်မှာ ရောက်နေတာက ပလက်ဝ၊ ဆမီး၊ မီးဇာ၊ စိမ့်စင်းက မိသားစု အားလုံး ၁၈၀၀ ဝန်း ကျင်လောက် ရှိတယ်။ လူဦးရေလည်း ၈၀၀၀ ကျော်၊ ၉၀၀၀ လောက်ဖြစ်နေပြီ။ မလုံလောက်ဘူး။ မလုံလောက်တဲ့ အတွက် တချို့ဘာသာရေး အဆောက်အအုံ၊ ဘုန်းကြီးကျောင်းတွေကတော့ နေလို့ရမှာပေါ့။ စာသင်ကျောင်းတွေ ကတော့ မဖြစ်မနေ ဖယ်ရတော့မှာ။ အဲဒီလိုဖြစ်တဲ့အတွက် တတ်နိုင်သလောက်တော့ အခု လုပ်နေပါတယ်။

မေး။ ။ အဆောက်အအုံတွေက ဘယ်တော့လောက် အပြီး ဆောက်မှာလဲ။

ဖြေ။ ။ ဒီလထဲမှာ မိုးလည်း ကျလာပြီဆိုတော့ ဒီရက်ပိုင်းမှာ ဒေသခံ လုပ်အားနဲ့ ဒုက္ခသည်စခန်းတွေမှာ နေကြတဲ့သူ တွေရဲ့လုပ်အားတွေနဲ့ ဝါးတွေ သစ်တွေ ရှာပြီး အားချင်း လုပ်နေပါတယ်။

မေး။ ။ အဆောက်အအုံတွေကတော့ ယာယီပဲလား။ ဘယ်ကာလလောက် ခံနိုင်မလဲရှင့်။

ဖြေ။ ။ ကျနော်တို့ ထင်တယ်။ ဒီဟာကတော့ တမိုးနဲ့ တနွေပေါ့။ တနှစ်လောက်ပဲ ခံမယ်။ တနှစ်လောက်ပဲ သုံးလို့ရ မှာပေါ့။ ကျနော်တို့ကလည်း ပြည်ထောင်စုကို တင်ပြထားတယ်။ ရေရှည်အတွက်ကို ပြန်လည်ထူထောင်ရေးက အနည်းဆုံးပေါ့။ အားလုံးက ကျနော်တို့ ဒေသခံတွေက ကိုယ့်ဒေသကိုပဲ ကိုယ် ပြန်ချင်ကြတာပါ။ သူတို့ ရေရှည်နေဖို့ လည်း မလိုလားကြဘူး။ ဆန္ဒလည်း မရှိကြပါဘူး။ တချို့ကတော့ နယ်မြေ မအေးချမ်းတာက ဘယ်လောက်ထိ ကြာ မယ်ဆိုတာ မှန်းလို့ မရဘူး။

အဲဒီတော့ ကိုယ့်ရွာကို ကိုယ်ပြန်ရမယ်ဆိုရင် IDPs Camp မှာ ဒီလိုပဲ နေရမယ်ဆိုရင် တော့ ဘုရားကျောင်းတွေ ဘုန်း ကြီးကျောင်းတွေ ကျနော်တို့ ဆောက်လုပ်ပေးတဲ့ IDPs Camp တွေမှာ နေမယ်ဆိုရင် ဒါကလည်း ရေရှည် မဖြစ်ဘူး။ အဲဒါကြောင့် ကျနော်တို့က နိုင်ငံတော်ကနေ နတလ ကနေ ဆောက်တဲ့ တန်ဖိုးနည်း အိမ်ရာ၊ တလုံးကို သိန်း ၄၀ ဝန်း ကျင်လောက်နဲ့ တန်ဖိုးနည်း အိမ်ရာ ဆောက်တာက တိုင်းနဲ့ပြည်နယ် အားလုံးမှာ ရှိပါတယ်။ အဲဒါမျိုးတွေကို ပလက်ဝ မှာ အလုံး ၄၀၀၊ ဆမီးမှာ အလုံး ၁၀၀ ကို ကူညီပေးပါ ဆိုပြီး ကျနော်တို့ တင်ပြထားတာလည်း ရှိပါတယ် ခင်ဗျ။

မေး။ ။ ဒါက IDPs Camp နဲ့ မဆိုင်ဘဲ ပြန်လည်နေရာချထားရေး အတွက်လား။

ဖြေ။ ။ ဟုတ်တယ်။ မဆိုင်ဘူး။ ဒါက ပလက်ဝမှာ မြို့သစ်စီမံကိန်း ရှိတယ်။ ဆမီးမှာလည်း မြို့သစ် စီမံကိန်း ရှိ တယ်။ အဲဒီလိုနေရာမျိုးကို မြေကွက်တွေ ပေ ၄၀၊ ပေ ၆၀ ယူပြီး တန်ဖိုးနည်း အိမ်ရာ တခါတည်း ဆောက်ပြီး နေမယ့် လူတွေကို အပြီး နေရာ ချပေးလိုက်မှာပေါ့။

မေး။ ။ တန်ဖိုးနည်း အိမ်ရာ ဆောက်မှာက ဘယ်နေရာတွေလောက်မှာ ဖြစ်လောက်လဲ။

ဖြေ။ ။ ပလက်ဝဆိုရင် စိမ့်စင်းပေါ့။ ကျနော်တို့ ပလက်ဝရဲ့ ရပ်ကွက်ပါပဲ။ ကင်ဝ ရပ်ကွက်မှာ မြေကွက် အသစ်ဖော် နေတော့ အဲဒီမှာ အိမ်ခြေအနည်းဆုံး၊ ၄၀၀၊ ၅၀၀ လောက် ချပေးလို့ ရပါတယ်။ မြေကွက်တွေလည်း ဖော်ထားပြီးပါပြီ။ အဲဒီမှာ တန်ဖိုးနည်း အိမ်ရာဆောက်ပြီး လက်ရှိ တင်ပြထားတာကတော့ အလုံး ၄၀၀ တင်ပြထားပါတယ်။

မေး။ ။ အဲဒါက တိုက်ခန်းလို ပုံစံမျိုးလား။

ဖြေ။ ။ မဟုတ်ဘူးခင်ဗျ။ သိန်း ၄၀ တန်ပဲ။ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာပေါ့။ ခြေတံရှည်၊ အဲဒါပဲ ရမယ်ခင်ဗျ။ သိန်း ၄၀ ကလေ။

မေး။ ။ သူတို့က ရွာထဲမှာ ခြံဝင်းကျယ်နဲ့ စိုက်ခင်းနဲ့ မြစ်ကမ်းဘေးမှာရော စိုက်ပျိုးတာနဲ့ နေလာကြတော့ တန်ဖိုးနည်း အိမ်ရာမှာက နေနိုင်ပါ့မလား။

ဖြေ။ ။ အခု စစ်ရေးက ဘယ်ကာလမှ ပြီးမယ်ဆိုတာ မှန်းမရတော့ အသက်ဘေးနဲ့ နေထိုင်မှု လုံခြုံမှုကို စဉ်းစားရင် တော့ အသက်ဘေး လုံခြုံတဲ့ နေရာမှာပဲ နေကြရမှာပဲ ထင်ပါတယ်။ သူတို့နေချင်တဲ့ နေရာမှာ နေရဖို့ကတော့ အခု စစ်ရေး အခြေအနေက မပြီးဆုံးနိုင်သေးတဲ့အတွက် နည်းနည်းတော့ အခက်အခဲရှိမယ် ခင်ဗျ။

မေး။ ။ တန်ဖိုးနည်း အိမ်ရာကျတော့ မီးဇာတို့မှာ နေတဲ့ ဒုက္ခသည် ၅၀၀ အတွက်ရော အကုန်ပါတာလားရှင့်။

ဖြေ။ ။ သူတို့က မိသားစု ၁၀၇ စု ရှိတယ်ခင်ဗျ။ မီးဇာမှာကလေ။ နောက်ပြီး စိမ့်စင်းမှာ ၁၆၃ စု ရှိတယ်။ အဲဒီအတွက် ပါ ကျနော်တို့က ယာယီ IDPs Camp လေးတွေတော့ ဆောက်ဖို့ လုပ်ပါတယ်။ ကျနော်တို့က နိုင်ငံတော် အစီအစဉ်နဲ့ တန်ဖိုးနည်း အိမ်ရာကို အလုံး ၄၀၀၊ ၅၀၀ မဆောက်ပေးနိုင်ဘူးဆိုရင် ကျနော်တို့ ဒေသက ဝါးပေါတယ်။ ဝါးပေါတယ် ဆိုတော့ ဆမီးမြို့မှာ ကျနော်တို့ အလုံး ၄၀ စမ်းဆောက်နေတယ်။ တလုံးကို ၂ သိန်းပဲ ကျတယ်။

ဝါးတွေကို ကိုယ်တိုင် ကားနဲ့ သယ်တယ်။ ကိုယ်ထူကိုယ်ထ ခုတ်တယ်။ အမိုး မိုးမယ့် ဝါးရွက်တွေကို သယ်လာတယ်။ နေမယ့် လူ ၂၀ လောက်က ကိုယ့်အိမ်ကို ကိုယ်ဆောက်ပေါ့။ ဒီလို လုပ်အားတွေနဲ့ လုပ်လိုက်တော့ တလုံးကို ၂ သိန်း လောက်တော့ ကျတယ်ခင်ဗျ။ ဝါးအိမ်လေးပေါ့။ ခြေတံရှည် ဝါးအိမ်လေးပါ။ အလျား ၁၂ ပေ၊ အနံ ၁၀ ပေပေါ့။

အဲဒီလိုမျိုး အိမ်လေးကို ၂ သိန်းနဲ့ တန်ဖိုးနည်း အိမ်ရာလေးကို အရေးပေါ် ဆောက်ဖို့ ကျနော်တို့ အလှူခံပါတယ်။ အွန် လိုင်းပေါ် ဖေ့စ်ဘုတ်ပေါ်ကနေပေါ့။ အလှူရှင်တွေကလည်း လှူနိုင်သလောက်လေး လှူကြတော့ အဲဒီလို အိမ်မျိုးတွေ ကို လည်း မိုးမများခင် ဆောက်ဖို့ ပြင်နေကြပါတယ်။

မေး။ ။ IDPs Camp နဲ့ တန်ဖိုးနည်းအိမ်ရာကျတော့ ဘယ်လို ကွာခြားမှု ရှိပါသလဲ။ IDPs Camp ကနေ တန်ဖိုး နည်း အိမ်ရာကို ရွှေ့မှာလား။

ဖြေ။ ။ မှန်ပါတယ်၊ အခုကျနော်တို့ ဆောက်မယ့် IDPs Camp က အိမ်က ၄၈ လုံးပဲဆောက်မှာ ဖြစ်တဲ့အတွက် မိသားစု ၉၆၀ စုပဲ ရမယ်ခဗျ။ မြေပြင်မှာရှိတာက မိသားစု ၁၈၀၀ လောက် ရှိပါတယ်။ အဲဒီအတွက် နောက်ထပ် အများကြီး လိုသေးတာပေါ့။ လိုတဲ့အတွက် ကျနော်တို့က တန်ဖိုးနည်း ၂သိန်းတန် လုံးချင်းလေးတွေကို ပေ ၄၀၊ ပေ ၆၀ ပဲဖြစ်ဖြစ် သင့်တော်သလောက် မြေကွက်လေးတွေ ပေးပြီး ချက်ချင်း ချပေးနိုင်အောင် လုပ်တာခင်ဗျ။ သူတို့ကလည်း စုပေါင်း အယောက် ၂၀ လောက် နေတာထက် လုံးချင်းလေးတွေနဲ့ နေရမယ်ဆိုလည်း ပိုပြီး Privacy ရှိတော့ ပိုသဘောကျတယ် ခင်ဗျ။

မေး။ ။ တန်ဖိုးနည်းအိမ်ရာက ပိုက်ဆံပေးရမှာလားရှင့်။ ဘယ်လိုမျိုး ဖြစ်မလဲ။

ဖြေ။ ။ ကျနော်တို့က ပြည်တွင်းပြည်ပ လှူဒါန်းငွေနဲ့ ဆောက်မှာ အကုန် အခမဲ့ ဖြစ်မှာပါ။

မေး။ ။ စစ်ရေးအခြေအနေက မတည်ငြိမ်တော့ ဒုက္ခသည်တွေက IDPs Camp ပဲ ပြောင်းပြောင်း၊ တန်ဖိုးနည်း အိမ်ရာကိုပဲ ပြောင်းပြောင်းပေါ့။ သူတို့ နေရပ်ရင်းမြေနေရာ အိမ်နေရာ တွေကရော နောက်ကျရင် ဘယ်လိုများ ဖြစ် သွားမလဲရှင့်။

ဖြေ။ ။ သူတို့ အေးအေးဆေးဆေး ဖြစ်တဲ့အချိန်ကျရင် ကိုယ့်ဒေသကိုယ် ပြန်ချင်ရင် နယ်မြေ အေးချမ်းသွားလို့ သူတို့ ပြန်ချင်တဲ့ ဆန္ဒရှိရင်တော့ ကျနော်တို့က ပြန်လွှတ်မှာပါ။ တကယ်လို့ ပလက်ဝမှာ လုပ်မယ့် အခုပြည်ထောင်စုကို တင်ပြထားတဲ့ အလုံး ၄၀၀ ဆိုတာကတော့ မြို့အကွက်သစ်ပေါ့။ ကျနော်တို့ Town Plan မှာ ဆွဲထားတဲ့ မြို့ကွက်သစ် ပါ။ အဲဒါက ပေ ၄၀၊ ပေ ၆၀ ပေးမယ်ဆိုရင်တော့ မြို့ပေါ်မှာ နေရတာမျိုး ဖြစ်သွားမှာပေါ့။

မြို့ပေါ်မှာ နေမယ်ဆိုရင် တော့ ကောင်းတာက ပညာရေးအတွက် အဆင်ပြေမယ်။ အထက်တန်းကျောင်း ရှိတယ်။ ပလက်ဝမှာ ကုတင် ၅၀ ဆေးရုံ ရှိတယ်။ ဆေးကုလို့ ရမယ်။ ကျောင်းနေလို့ ရမယ်။ နောက် မြို့သစ်မှာ စက်မှုလက်မှု အထက်တန်းကျောင်းကို နိုင်ငံတော် အစီအစဉ်နဲ့ ဆောက်နေတယ်။၂၀၂၀ -၂၁ ဘတ်ဂျက်မှာ ပြီးမယ် ခင်ဗျ။ အဲဒီလို အားသာချက်တွေ ရှိတယ်။

၂၀၂၀ -၂၁ မှာပဲ မဟာဓာတ်အားလိုင်းကလည်း လျှပ်စစ်မီး ရတော့မှာ။ အဲဒီတော့ ကျနော် ထင်တာ ကိုယ့်ဒေသကို သွားချင်တဲ့သူ တချို့လည်း ရှိမယ်။ ဒီမှာ နေချင်တဲ့ လူလည်း တဝက်လောက်တော့ ရှိမယ် ထင်ပါတယ်။ ၂၀၂၁ လောက်ဆို လျှပ်စစ်မီး ရှိမယ်။ ပညာရေးကလည်း ရှိတယ်။ ကောင်းတဲ့ ပတ်ဝန်းကျင်ဆိုရင် သူတို့ တောကို မပြန် လောက်တော့ဘူး ထင်တယ်။

မေး။ ။ ပလက်ဝကနေ စစ်ဘေးကြောင့် ရခိုင်ဘက်ကို ဆင်းပြေးတဲ့ သူတွေလည်းရှိသလို ရခိုင်ပြည်နယ်မြောက်ပိုင်း ထဲမှာ ချင်းဒုက္ခသည်တွေလည်း ရှိတော့ ချင်း အသိုင်းအဝိုင်း အနေနဲ့ ဒီလူတွေအတွက်ရော စဉ်းစားချက် ဘယ်လိုများ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ ချင်းစစ်ဘေးရှောင် ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI) အနေနဲ့ကတော့ သူတို့ ဆက်သွယ်လာရင် ငွေထောက်ပံ့တာ ဆန်ထောက်ပံ့တာ တို့ကို ရတဲ့ ဘတ်ဂျက်ထဲ ကနေ လုပ်ပေးနေတယ်။ ပြည်တွင်း ပြည်ပက လှူတဲ့ထဲကနေလေ။ အခု တကြိမ် နှစ်ကြိမ် ရှိပြီ ထောက်ပံ့တာ၊ ဒုက္ခ သည်တွေက ရန်ကုန်၊ မှော်ဘီမှာ ရောက်နေတာတွေလည်း RRCCI အဖွဲ့က ထောက်ပံ့ပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေထဲမှာ သူတို့ အတွက်လည်း စဉ်းစားပါတယ်။ ဒါပေမယ့် မိသားစုတွေက များလွန်းအားကြီး တော့ ကျနော်တို့က အတည်တကျနေမယ့် မိသားစုကိုပဲ ရွေးချယ်ပြီး ချပေးရမှာပါ။ တချို့ကတော့ ကိုယ့်နေရာ ကိုယ် ပြန်မယ်ဆိုရင်တော့ မဖြစ်လောက်ပါဘူး။

မေး။ ။ တန်ဖိုးနည်းအိမ်ရာ ဆောက်တာကရော ဘယ်တော့လောက် စနိုင်မလဲ။

ဖြေ။ ။ ဒါကတော့ နိုင်ငံတော်ကဘတ်ဂျက်ပေးတဲ့ အပေါ် မူတည်ပြီး ကျနော်တို့က လုပ်ရမှာပေါ့။ အခု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့လည်း ကျနော်တို့ ဆွေးနွေးပြီးပြီ။ သူကလည်း တရားဝင် ပြည်နယ်ကနေ တင်ပေးပါ လို့ ပြောတယ်။ အဲဒီအပေါ်မှာ နိုင်ငံတော် အကြီးအကဲတွေနဲ့ တိုင်ပင်ပြီး ဘတ်ဂျက်ချပေးမယ်ဆိုရင် ကျနော်ထင်ပါ တယ်။ မိုးတွင်းကာလလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နယ်မြေ အခြေအနေက မအေးချမ်းတော့ လုပ်ရတာကလည်း အကန့်အသတ်တော့ ရှိပါတယ်။ ကျနော်ထင်တာ ၄ လ၊ ၅ လ အတွင်းတော့ ပြီးသွားမှာပါ။

မေး။ ။ မိုးတွင်းကလည်း လာတော့မယ် ဆိုတော့ ပလက်ဝမြို့နယ်အတွင်းက အရပ်သားတွေနဲ့ ဒုက္ခသည်တွေရဲ့ စားရေး သောက်ရေးအတွက်ရော ဘယ်လို စီစဉ်ပေးထားပါလဲ။

ဖြေ။ ။ ဆမီးမှာ ရှိတဲ့ ဒုက္ခသည်တွေက အဆင်ပြေတယ်။ ဆမီးမှာက ရိက္ခာတွေ အများကြီး ပုံထားတယ်ဆိုတော့ လေ။ ပလက်ဝကိုပဲ ပို့လို့ မရဘူး ဖြစ်နေတာလေ။ ဧပြီ ၁၉ ရက်မှာ ဆန်အိတ် ၈၃၀ နဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲ ခြောက်ကအစ ကျနော်တို့ ပို့လိုက်တယ်။ ပို့လိုက်တာကို IDPs Camp က ဒုက္ခသည် ၆ နေရာ လောက်ကို ခွဲထား တာကို အကုန်ဖြန့်တယ်။ ဝန်ထမ်းတွေကိုလည်း အကုန်ဖြန့်ပြီး ပလက်ဝမြို့ပေါ်က ရပ်ကွက် ၄ ခုမှာလည်း ရပ်ကွက်သူ ရပ်ကွက်သားတွေကို တပတ်စာ ရိက္ခာကို အခမဲ့ ပေးတယ်။

အဲဒီတော့၂၀ ရက်ကနေ ၂၈ ရက် အထိက ပေးထားတယ်။ နောက် ဆန်အိတ် ၂၀၀၀ ကို တပ်က ယာဉ်တန်းနဲ့ ပလက် ဝအထိ ရောက်အောင် ပို့တော့ ဧပြီ၂၉ ကနေ မေ ၅ ရက်ထိ အခမဲ့ ထပ်ထောက်ပံ့ပါတယ်။ မြို့ပေါ်က ရပ်ကွက် ၄ ခုရယ်၊ ဒုက္ခသည်တွေ ၊ ဝန်ထမ်းတွေကို အကုန်ပေးပါတယ်။ အားလုံးကို အခမဲ့ ပေးထားပါတယ်။ ဒါက မေလ ၅ ရက် ထိပေါ့။ ဒီဘက်ကျတော့ ကမာ္ဘ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ဆန်အိတ် ၁၀၀၀ ပလက်ဝ ထပ်ရောက်ပါတယ်။ သူတို့က လည်း မိသားစု အလိုက် သူတို့ သတ်မှတ်တဲ့ အချိုးအတိုင်း ၁၃.၅ ကီလိုဂရမ်ကို မိသားစုတိုင်းကို ဝေပေးပါတယ်။

အဲဒါနဲ့ဆိုရင် ကျနော်တို့ မှန်းတာကတော့ မေလ ၁၄ ရက်ထိ အားလုံး အဆင်ပြေပြေနဲ့ ရမယ်။ ဒါပေမယ့် ပလက်ဝနဲ့ ဝေးနေတဲ့ အခြား အုပ်စုတွေ ကုလားတန်မြစ်အပေါ်ဘက် ကင်ချောင်းတို့ ကလက်ချောင်းတို့တွေကျတော့ အခက်အခဲ ရှိတော့ သူတို့ လာယူနိုင်ရင် ပေးဖို့ အဆင်သင့် လုပ်ထားတယ်။ နောက် ဟိုးမြောက်ဘက် ကုလားတန်မြစ် အပေါ် ဘက် အိန္ဒိယဘက်မှာလည်း တဖွဲ့ ရှိတယ်။ အဲဒီမှာ ကျေးရွာအုပ်စု ၁၀ ခု ကျော်တယ်။

အဲဒီလူတွေကိုလည်း ကျနော်တို့က မတူပီကနေ ရှင်းလက်ဝ၊ ကုလားတန်မြစ်ကြောင်းကနေ အောက်ဘက်ကို ပြန် စုန်ဆင်းပြီး အဲဒီ အုပ်စုတွေ ဘက်ကို ပို့တာ ၃ ကြိမ် ရှိပါပြီ။ ဆန်အိတ် ၃၅၀ တကြိမ်၊ ၃၀၀ တကြိမ်၊ အခုလည်း ဆန် အိတ် ၃၀၀ ကို ဒီနေ့စပို့နေပါပြီ။ အားလုံးအဆင်ပြေအောင် ကျနော်တို့အစိုးရအဖွဲ့ကနေ တာဝန်ယူပြီး လုပ်နေပါ တယ်။ သူတို့ကိုလည်း အစိုးရကပဲ ထောက်ပံ့တာပါ။ ပထမတကြိမ် ပို့တဲ့ ဆန်အိတ် ၃၅၀ က သီတဂူ ဆရာတော်ကြီးက လှူ ပေးတာ ဖြစ်ပါတယ်။

သီတဂူ ဆရာတော်ကြီးက ကျနော်တို့ကို ဆန်တင်း ၁၀၀၀ လှူပေးတယ်ခင်ဗျ။ အိတ်နဲ့ပြောရ ရင်တော့ ၇၆၀ အိတ် ပေါ့။ အဲဒီထဲကမှ ၃၅၀ ကို ရှင်းလက်ဝ ဘက်ခြမ်းကို ပို့ပေးလိုက်တာ။ ဒုတိယအကြိမ် အိတ် ၃၀၀ က ဆင်းရဲနွမ်းပါးသူ တွေကို နိုင်ငံတော်က ထောက်ပံ့တော့ ဆန်၊ဆီ၊ ဆား၊ ပဲ စုစုပေါင်း ၅ မျိုး ပို့ထားတယ်။ အခုလည်း လူကယ်ပြန်က ထောက်ပံ့တဲ့ ဆန်၊ဆီ၊ဆား၊ ပဲ ကတော့ ၄ မျိုးပေါ့။ ဆန်အိတ် ၃၀၀ နဲ့ လျှော်ညီတဲ့ အချိုးကျကို ပခုက္ကူ ကနေ အခု ပို့နေပါပြီ။

အဲဒီတော့ ကုလားတန် အထက်ဘက် မီးဇာတို့က ဒုက္ခသည်တွေကအစ အကုန် ရကြပါတယ်။ အခု ပလက်ဝနဲ့ ကျောက်တော်ကြားမှာ အခက်အခဲ ဖြစ်တယ်။ ကျောက်တော်နဲ့ မီးဇာကြားကျလည်း အခက်အခဲဖြစ်တယ်။ မီးဇာကနေ အထက်ကိုကျတော့ မတူပီ၊ ရေဇွာကနေ ရှင်းလက်ဝဘက်ကို ပို့တယ်။ အခုထိတော့ အဆင်ပြေနေသေးတယ်။ မိုးတ အားများသွားရင်တော့ မတူပီ- ပလက်ဝ လမ်းလည်း ကားတွေ သွားလို့ မရတော့ဘူး။

မေး။ ။ ဆန်သယ်တဲ့ လမ်းကြောင်းမှာ အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေက အခက်အခဲ ဖြစ်တယ်လို့ ပြောတဲ့အခါမှာ AA ဘက်က မနှောင့်ယှက်ဘူး။ သူတို့ အကူအညီပေးမယ်လို့ ပြောထားတယ် ဆိုပြီး ထုတ်ပြန်တယ်။ နိုင်ငံရေးအရ တမင် ထိုးနှက်ချင်လို့ လမ်းမှာ ခက်ခဲတယ်လို့ ပြောတယ်ဆိုပြီး စွပ်စွဲတာတွေ ရှိတယ်။ ဒီအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ။ ။ သူတို့က အပေါ်ကတော့ သတင်း ထုတ်ပြန်တာက ထုတ်ပြန်တာပဲ။ အောက်ခြေမှာက အဲဒီလို မဟုတ်ဘူး ခင် ဗျ။ အောက်ခြေမှာ ဆန်သယ်ဖို့ သွားတဲ့ စက်လှေကို သေနတ်နဲ့ လှမ်းပစ်တာတို့။ နောက်လူတွေကို တားပြီး စစ်ဆေး တာ။ တွေ့သမျှကို စစ်တပ်ကို ထောက်ပံ့မယ့် ဆန်တွေ ဆီတွေဆိုပြီး အမျိုးမျိုးကို စွပ်စွဲပြီးတော့ ယူတယ်။ အပေါ်မှာ တော့ သတင်း ထုတ်ပြန်တဲ့ ကိုခိုင်သုခတို့ ပြောတာတွေနဲ့ မြေပြင်နဲ့က မတူပါဘူး။

မြေပြင်မှာက ထိန်းချုပ်မှု လုပ်တာ သိပ်မရှိပါဘူး။ မြေပြင်မှာရှိတဲ့ တပ်မှူးတွေက သူတို့ လုပ်ချင်တာ လုပ်တဲ့ သဘော လို့ ကျနော်က ပြောချင်ပါတယ်။ သူတို့သာ ဒုက္ခမပေးဘူး။ လမ်းကြောင်းပေါ် တတ်လာပြီး မယူဘူးဆိုရင် ကားတွေ ဆက်သွယ်ရေးစနစ်တွေက ကောင်းနေမှာ။ ကုလားတန်မြစ်ရိုးကရော ကားနဲ့ရော အကုန်သွားလို့ ရမှာ။ အခု သူတို့က လမ်းမှာ စစ်ဆေးတာတွေ အမျိုးမျိုး လုပ်တာတွေ ဆီကားတွေ မီးရှို့တာ ကျနော်တို့ ပို့တဲ့ ဆန်တွေကို လမ်းမှာ အိတ် ၂၀ ယူတာတွေ ဖြစ်စဉ်တွေ ရှိတယ်လေ။ အဲဒီလို ဖြစ်တဲ့အတွက် ဘယ်ကားသမားမှ မသွားရဲဘူး။ မလုံခြုံတဲ့ လမ်း ကြောင်း ဖြစ်တဲ့အတွက်။

သူတို့ကတော့ ကူညီမယ်ပြောတာပဲ။ ကူညီမယ်ဆိုရင် လမ်းကြောင်းပေါ် တက်မလာနဲ့။ တောထဲမှာ တိုက်ပွဲပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လုပ်ပေါ့။ လမ်းကြောင်းကို ရှောင်ပေး၊ ရေကြောင်းကို ရှောင်ပေးပေါ့။ ဆက်သွယ်ရေး စနစ်ကောင်းရင် လူ ထုက မငတ်ဘူး။ အခုက ငတ်အောင်ကို ဖန်တီးသလို ဖြစ်နေတယ်။ မြို့ပေါ်မှာ တိုက်ပွဲတွေ ဖန်တီးတယ်။ ရွာတွေမှာ ဖန်တီးတယ်။ အဲဒါက လူထုကို တော်တော် ဒုက္ခရောက်စေတဲ့ ကိစ္စပါ။

မေး။ ။ နောက်စွပ်စွဲချက် တခု ကြားရတာ ရှိပါသေးတယ်။ ဒုက္ခသည်တွေ အရပ်သားတွေအတွက် သယ်လာတဲ့ ဆန်ကားတွေမှာ တပ်မတော် ဂိတ်စခန်းတွေမှာ ပစ္စည်းတွေ ချပေးတယ်ဆိုတာမျိုးပါ။ ဒီအချက်ကိုရော ဝန်ကြီးက ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ မဟုတ်ဘူးခင်ဗျ။ တပ်မတော်ကို ကျနော်တို့က ဘာမှပေးစရာ မလိုဘူး။ တပ်မတော်က သူ့ရိက္ခာနဲ့ သူလေ။ လူထုသာ ငတ်ချင်ငတ်မယ်။ တပ်မတော်က သူ့ရိက္ခာနဲ့သူ ရပ်တည်လို့ ရတယ်။ ဒါတောင် ကျနော်တို့က ဆန်အိတ် ၈၃၀ မပေးခင်မှာ တပ်မတော်ကနေ ဆန်အိတ် ၁၀၀ အခမဲ့ ပေးလို့ ပလက်ဝက လူတွေက အသက်ရှင်သွားတာ။ သူ့ရိက္ခာထဲကနေ ပေးတာနော်။ ပလက်ဝမြို့ပေါ်က ဝန်ထမ်းတွေ မြို့သူ မြို့သားတွေ ဒုက္ခသည်တွေ အတွက် ဆန်အိတ် ၁၀၀ အခမဲ့ ပေးလို့။ အဲဒါလည်း ကျေးဇူးတင်ဖို့ အရမ်းကောင်းပါတယ်။

နောက် ဆန်အိတ် ၁၀၀ ကိုလည်း ပေးမယ်။ ဒါပေမယ့်တော့ ပြန်ဆပ်ရမှာပေါ့။ ချေးပေးမယ် ပြောတယ်။ တပ်မတော် စခန်းကို အဲ့ဒီဆန်အိတ် သွားသယ်တော့ စနိုက်ပါတွေနဲ့ လှမ်းပစ်လို့ ဆန်သယ်တဲ့ အဖွဲ့တွေက ပြန်ပြေးရတယ်။ ကျနော်တို့ဘက်ကသာ ဆန်အိတ် ၈၃၀ ကို မပို့နိုင်ရင် အကုန် ငတ်သေကြမှာ။

မေး။ ။ အခုလို အခြေအနေကြားမှာ အရပ်သားရွာတွေထဲလာပြီး AA စစ်သားတွေက ဆန်ဝင် တောင်းတာတွေရော ရှိသလား။

ဖြေ။ ။ ဆန်တောင်းတာကတော့ AA ဘက်က ရှိပါတယ်။ မြီးလက်ဝတို့၊ လိပ်ကုန်းတို့၊ ကလက်ချောင်းတို့ မှာတော့ ဆန်အိတ်၂၀ ပို့၊ ၃၀ ပို့ ၊ ၅၀ ပို့ဆိုပြီး ရွာလူကြီးတွေကို တောင်းတာ ရှိတယ်ခင်ဗျ။ ရွာသားတွေက နဂိုတည်းကတောင် စားစရာ မရှိတာ။ ကြောက်တော့လည်း ရှာကြံပေးတယ် ထင်ပါတယ်။ ပိုက်ဆံပေးလား ဆိုတာကတော့ အသေးစိတ် ကျနော် မသိပါဘူး။ ဆန်အိတ် ပေးရတာတွေကတော့ သိပါတယ်။ ဒါပေမယ့် ကျနော်ထင်တာ အဲဒီလိုနေရာမျိုးမှာ အရောင်းအဝယ် လုပ်တာမျိုးကတော့ လုပ်မယ် မထင်ပါဘူး။ ခက်လိမ့်မယ် ထင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်

ပလက်ဝဒေသသို့ ပို့မည် ဆန်နှင့် ရိက္ခာများ ရေလမ်းကြောင်းမှ ပြောင်းပို့မည်

ပလက်ဝမှ စစ်ဘေးရှောင်များ ကျောက်တော် ဘက်သို့ ပြေးရ

ပလက်ဝက စစ်ဘေးရှောင် ၃ ထောင်ကျော် ဆန်ပြတ်နေပြီ

ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့

ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၁)

ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၂)

ရခိုင်ပြည် လွတ်လပ်ရေး ရရင် တောင်ယာတွေ မလုပ်ခိုင်းတော့ဘူးတဲ့

Did you find apk for android? You can find new Free Android Games and apps.
Loading