ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုမယ်

ဇူးဇူး
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် / David Ngaisak / facebook
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ တတိယအကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲကြီးကို ယခင် ရွေးကောက်ပွဲ အချိန်ဇယားတွေ အတိုင်း လာမယ့် နိုဝင်ဘာလမှာ ကျင်းပရမှာဖြစ်ပေမယ့် COVID-19 ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အချိန်မီ ကျင်းပနိုင်ပါ့မလားဆိုတဲ့ မေးခွန်းက ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရဆိုရင် လက်ရှိ လွှတ်တော်သက်တမ်း မကုန်ခင် ရွေးကောက်ပွဲတွေ ကျင်းပပေးရ မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကတော့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့တဲ့ အချိန်ဇယားအတိုင်း ကျင်းပသွားနိုင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောကြား ထားပေးမယ့် တရားဝင် သတင်းထုတ်ပြန်မှုတော့ မရှိသေးပါဘူး။

COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ အခက်အခဲရှိတယ်ဆိုရင် ဘယ်အချိန်ကာလလောက် ထိ ရွှေ့ဆိုင်းလို့ရမလဲ၊ အချိန်မီ ကျင်းပပေးနိုင်ခြင်း မရှိဘူးဆိုရင်ရော ဘာတွေဖြစ်လာမလဲ၊ ဥပဒေမှာရော ဘယ်လိုတွေ ပြဌာန်းထားပါသလဲဆိုတာနဲ့ ပတ်သက်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ် တရားလွှတ်တော် ရှေ့နေ တဦးလည်းဖြစ်တဲ့ ဦးငိုင်ဆာ့ခ်ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ဥပဒေအရဆိုရင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ဘယ်အချိန်မှာ ကျင်းပရမှာပါလဲ။

ဖြေ ။ ။ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ဟာက အခြေခံဥပဒေမှာ ပြဌာန်းထားတာရှိသလို ကော်မရှင်ဥပဒေမှာလည်း ပြ ဌာန်းထားတာရှိတယ်။ အခြေခံဥပဒေထဲမှာဆိုရင် ပြည်သူ့လွှတ်တော်နဲ့ဆိုင်တဲ့ဟာ ပုဒ်မ ၁၂၃ မှာရှိတယ်။ အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပတဲ့ နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်းမှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ကျင်းပရ မယ်လို့ ပါတယ်။ ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသက်တမ်းကို ပြန်ကြည့်ရင် ပုဒ်မ ၁၁၉ အရ ယင်းလွှတ် တော်၏ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပတဲ့ နေ့မှစ၍ ၅ နှစ်ဖြစ်တယ်ဆိုတော့ အဲဒီတုန်းက လွှတ်တော် စ တင်ကျင်းပတာက ၂၀၁၆ ဇန်နဝါရီလ ၃၀။ ခုလာမယ့် ၂၀၂၁ ဇန်နဝါရီ လကုန်ဆိုရင် လွှတ်တော်သက်တမ်း ၅ နှစ်က ကွက်တိ ပြည့်သွားပြီ။

ဆိုတော့ အမျိုးသားလွှတ်တော် သက်တမ်းကလည်း ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းနဲ့ အတူတူပဲဆိုတာကိုလည်း ဥပဒေထဲမှာ ဖော်ပြထားတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေကလည်း ပြည်သူ့လွှတ်တော်သက်တမ်းနဲ့ အညီပဲဆိုတော့ လွှတ်တော်တွေအားလုံးသည် ပြည်သူ့လွှတ်တော်သက်တမ်းနဲ့ အညီဖြစ်တော့ အခြေခံဥပဒေအရ ဆို ရင် သက်တမ်းမကုန်ခင် အနည်းဆုံး ၃ လအလိုမှာ ကျင်းပဖို့ လိုနေတယ်။ ၂၀၂၁ ဇန်နဝါရီ လကုန်မတိုင်ခင် အများဆုံး ၃ လထက် ကျော်လို့မရဘူး။ အဲဒီတော့ နိုဝင်ဘာလ မဟုတ်ရင် ဒီဇင်ဘာမှာ ကျင်းပကို ကျင်းပရမယ်။

မေး ။ ။ ဒါဆို COVID-19 ကပ်ရောဂါကြောင့် ရွေးကောက်ပွဲကို ရွှေ့မယ်ဆိုရင်တောင် ၂၀၂၀ ဒီဇင်ဘာလ လောက်ထိပဲ ရွှေ့လို့ရမယ်ဆိုတဲ့ သဘောမျိုးလား။

ဖြေ ။ ။ ခုနက ဖော်ပြထားတဲ့ ရွေးကောက်ပွဲကျင်းပတဲ့ နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်းမှာ လွှတ်တော်ကျင်းပရ မယ်။ လွှတ်တော်သက်တမ်းကလည်း ၅ နှစ်ပြည့်ပြီဆိုရင် ဟိုဘက်မှာ ဆက်ရပ်တည်လို့ မရတော့ဘူး။ ၂၀၂၁ ဇန်နဝါရီ လကုန်ဆိုရင် ပြည့်ပြီ။ ၂၀၁၅ တုန်းက နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတယ်။ အခု ရွေးကောက်ပွဲကို ရွှေ့မယ်ဆိုရင် ဒီဇင်ဘာလ အတွင်းလောက်တော့ ရွှေ့လို့ရမယ်။ ဇန်နဝါရီလထိ သွားရွှေ့လိုက်ရင် ရက်က အရမ်းကပ်တဲ့အခါ မဲရေ တွက်တာနဲ့ဘာနဲ့ ပြည်သူ့လွှတ်တော်သက်တမ်း ပြည့်တာ ကျော်သွားလိမ့်မယ်။

ကျနော် ထင်တာတော့ ဒီရွေးကောက်ပွဲတွေကို နိုဝင်ဘာထက် နောက်ကျတဲ့ အလွန်ဆုံး တလလောက်မှာ ဒီဇင်ဘာ လလောက်ထိ ရွှေ့မှ အချိန်မီလိမ့်မယ်လို့ ယူဆတယ်။ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမယ်ဆိုတော့ ရက်ပေါင်း ၉၀ ထက်တော့ ကျော်လို့မရဘူး။ ရက်ပေါင်း ၉၀ အတွင်းဆိုတာ ၃၀ လည်း ဖြစ်နိုင်တယ်။ ၄၀ လည်း ဖြစ်နိုင်တယ်။ ဥပမာ ဒီဇင်ဘာ ၇ ရက်နေ့လောက်မှာ ကျင်းပမယ်ဆို ရက်ပေါင်း ၆၀ ကတော့ ကျန်နေမှာ သဘောက။ ဘာပဲဖြစ်ဖြစ် ဒီဇင် ဘာလလောက်အတွင်းမှာ ကျင်းပနိုင်ရင်တော့ တလလောက် ဆုတ်လို့ရနိုင်တာ တွေ့ရတယ် ဥပေဒအရဆို။

မေး ။ ။ တကယ်လို့ လက်ရှိရင်ဆိုင်နေရတဲ့ ကပ်ရောဂါကြောင့် လွှတ်တော်သက်တမ်း ပြည့်ပြီးသည်အထိ ရွေး ကောက်ပွဲကို အချိန်မီ မကျင်းပနိုင်ဘူးဆိုရင် ဘာဖြစ်မလဲ။

ဖြေ ။ ။ အဲဒါက ဒီလိုရှိတယ်။ အခြေခံဥပဒေ(အခန်း ၁၁)မှာ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များဆိုတာ ရှိ တယ်။ အဲဒီ ပြဌာန်းချက် ပုဒ်မ ၄၁၀ မှာဆိုရင် တိုင်းနဲ့ပြည်နယ်တွေ၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေအားလုံး အုပ်ချုပ်ရေးလုပ်ငန်းကို အခြေခံဥပဒေနဲ့အညီ ဆောက်ရွက်နိုင်စွမ်း မရှိတော့ဘူးဆိုရင် သမ္မတက ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ကို အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)နဲ့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေ ကြေညာနိုင်တယ်ဆိုတာ တချက်ပါတယ်။

သူက သဘာဝဘေးအန္တရာယ်လို့တော့ မပြောဘူး။ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆက်လက် မစွမ်းနိုင်တော့ဘူးဆိုတော့ ဆိုလိုတာက သက်တမ်းက ကုန်သွားပြီ။ အလုပ်က ဆက်လုပ်လို့ မရတော့ဘူးဆိုရင် သမ္မတအနေနဲ့ အမိန့်တရပ်ကို ကာလုံနဲ့ ညိနှိုင်းထုတ်ရတယ်။ ဒါ ပုဒ်မ ၄၁၀ အရ ပြောတာ။ ပုဒ်မ ၄၁၂ မှာကျတော့ သဘာဝဘေးလို့ မပြောပေမယ့် အတူတူပဲ ဖြစ်တယ်။ ပြည်သူ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ထိပါးအန္တရာယ် ပြု မယ့် အရေးပေါ် အခြေအနေ ပေါ်ပေါက်ရင်။ ဒီ ပုဒ်မ ၄၁၂ က ကိုဗစ်နဲ့ ပိုဆိုင်တယ်။ အဲဒါကျတော့ သမ္မတက ကာလုံနဲ့ ညှိနှိုင်းပြီးတော့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာနိုင်တယ်။

အဲဒီလို အရေးပေါ် အခြေအနေ ကြေညာပြီး သူက ဘာလုပ်မလဲဆိုရင် အုပ်ချုပ်ရေးတွေကို ဘယ်လို ဆက်သွားမလဲ ဆိုတဲ့ဟာကို အမိန့်ကြော်ငြာ ထုတ်ပြန်နိုင်တယ်။ အဲဒီလို ထုတ်ပြန်တဲ့အခါမှာ ကာလုံအစည်းအဝေးမှာ အဖွဲ့ဝင် အား လုံး မဆုံရင်တောင် ကာချုပ်၊ ဒုကာချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး စတဲ့ ၄ ဦးကိုတော့ မဖြစ်မနေ တိုင် ပင်ပြီးတော့ အချိန်မီကြေညာနိုင်တယ်ဆိုတာ သမ္မတကို အာဏာပေးထားတယ်။

လိုအပ်လာရင် အဲဒီဟာကို ကျင့်သုံးသွားလိမ့်မယ် ထင်တယ် သမ္မတအနေနဲ့။ နောက် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်အရရော အခြေခံဥပဒေ အရရော ရွေးကောက်ပွဲ ကော်မရှင်ကလည်း သဘာဝဘေးအန္တရာယ်ကြောင့်၊ နယ်မြေလုံခြုံရေးတွေကြောင့် ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခြင်းမရှိဘူးဆို မဲဆန္ဒနယ်တွေ ရွေးကောက်ပွဲတွေကို ရွှေ့ ဆိုင်းတာတို့ ပယ်ဖျက်တာတို့ လုပ်နိုင်တယ်။ ဒါပေမယ့် သူက ရွှေ့ဆိုင်း ပယ်ဖျက်တာပဲ လုပ်နိုင်တယ်။ ရွှေ့သာ ရွှေ့ဆိုင်းပြီး ဒီ လွှတ်တော်သက်တမ်း ကုန်သွားပြီဆိုရင် သူက ဘာမှ လုပ်လို့မရတော့ဘူး။ ခုနက သမ္မတရဲ့ အကူအညီ လိုလာမယ်။ အဲဒီမှာ သမ္မတက ကာလုံနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ဖို့ ပုဒ်မ ၄၁၂ အရ ထုတ်ပြန်ဖို့ လိုလာလိမ့်မယ်။

ပုဒ်မ ၄၁၃ ထဲမှာ ဆက်ပြီးတော့ ပြောထားတယ်။ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်တွေ တာဝန်ထမ်းဆောင်ရာ မှာ ထိရောက်မှုရှိဖို့ တပ်မတော်ကို အကူအညီ ရယူနိုင်မယ်လို့။ ဒါက သမ္မတ အမိန့်ပေါ်မှာ မူတည်တယ်။ သမ္မတက လိုအပ်ရင် အကူအညီ တောင်းနိုင်တယ်။ လိုအပ်ရင်လည်း စစ်အုပ်ချုပ်ရေးတောင် သမ္မတက ထုတ်ပြန်နိုင်တယ်။ ဒါပေမယ့် သမ္မတက ထုတ်ပြန်မှာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးကတော့ သူ ဘယ် လိုချင်မလဲ။ နောက်တခုက အဲဒီလို စစ်အုပ်ချုပ်ရေး ထုတ်ပြန်မယ်ဆိုရင် ကာချုပ်တို့ဘာတို့ကို တာဝန်သတ်မှတ်ပေးရမယ်။ သမ္မတကပဲ သတ်မှတ်ပေးရမှာ။ ဒီလို လုပ်တဲ့အခါမှာ ပုဒ်မ ၄၁၅ အရဆိုရင် လုပ်ထုံးလုပ်နည်း အရပဲ။ အဓိကကတော့ သမ္မတကို အာဏာကုန်ပေးထားတဲ့ သဘောပါပဲ။ ဒါပေမယ့် ကာလုံနဲ့တော့ ညှိရမယ်ဆိုတာ ပါတယ်။

မေး ။ ။ လွှတ်တော်သက်တမ်း ကုန်သွားပြီဆိုတာနဲ့ လွှတ်တော်ကရော ဘာအာဏာမှ မရှိတော့ဘူးလား။ ဥပဒေအရ သက်တမ်းတိုးတာတွေ ဘာတွေ လုပ်လို့မရဘူးလား။

ဖြေ ။ ။ ဟုတ်တယ်။ အဲဒါ သမ္မတက သူ့ရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်စာ လိုအပ်နေတာ။ ဥပဒေကဲ့သို့ အာဏာတည်တယ် ဆိုတာက ဥပဒေပြုတာက တကယ်တမ်းကျတော့ လွှတ်တော်က ပြုတာကိုး။ ဒါပေမယ့် လွှတ်တော် မရှိတော့တဲ့အတွက် သမ္မတအနေနဲ့ လွှတ်တော်ကိုယ်စား ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့် သူ လုပ် သွားမယ်ဆိုတဲ့ သဘောပါပဲ။

မေး ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အရ အရင်ရွေးကောက်ပွဲတွေမှာ နယ်မြေလုံခြုံရေးအရ ကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်တွေရဲ့ ရွေးကောက်ပွဲတွေကို ပယ်ဖျက်ခဲ့တာမျိုး ရှိတယ်။ ခု ကိုဗစ် ကပ်ကာလမှာလည်း အသွားအလာကန့်သတ်ထားတဲ့ နေရာတွေကို ချန်လှပ်ပြီး ကျင်းပတာမျိုး ဖြစ်နိုင်မလား။

ဖြေ ။ ။ လုပ်လို့ရတယ်။ သမ္မတတောင် ပါစရာမလိုဘဲ ကော်မရှင်က သူ့ဟာနဲ့သူ ဆုံးဖြတ်လို့ရတယ်။ ဥပမာ အဲဒီ နေရာတွေက လုပ်လို့ရတယ်ဆို သတ်မှတ်လို့ရတယ်။ နည်းနည်း အခြေအနေ ဆိုးရွားတဲ့ ဥပမာ ပြောတာပါ။ အင်းစိန် မှာ အခြေအနေ အရမ်းဆိုးတယ်ဆိုရင် အင်းစိန်မှာတော့ မလုပ်သေးဘူးဆိုတာမျိုး သူ ချန်လှပ်ထားလို့ ရသေးတယ်။ ကျန်တဲ့ဟာတော့ သူ ဆက်လုပ်မယ်။ အဲဒါကတော့ ကော်မရှင်ရဲ့ သဘောပါပဲ။ ကော်မရှင်မှာ အာဏာ အပြည့်အဝ ရှိပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲ အချိန်မီ မကျင်းပနိုင်မှာနဲ့ ပတ်သက်လို့ရော နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်တဦး အနေနဲ့ စိုးရိမ်မှု ရှိပါသလား။

ဖြေ ။ ။ စိုးရိမ်တာပေါ့။ တကယ်တော့ ရွေးကောက်ပွဲ လုပ်တာသည် ဒီမိုကရေစီရဲ့ အသက်ပဲ။ ရွေးကောက်ပွဲ မရှိရင် ဒီမိုကရေစီ ဆိတ်သုဉ်းသွားတာပဲ။ ဒါကြောင့် ရွေးကောက်ပွဲက လုပ်ဖို့ လိုအပ်တယ်။ ဒါပေမယ့် ကိုဗစ်ကြီးက ဆက် လက် ရှိနေပါလျက်နဲ့ လူစုလူရုံးတွေ လုပ်မယ်ဆိုရင်လည်းပဲ အခက်အခဲတော့ ရှိနိုင်တယ်။

ဒါပေမယ့် လုပ်နိုင်တဲ့ နည်းလမ်းတော့ ရှိပါတယ်။ ဥပမာ ၆ ပေအကွာကနေ mask တပ်ပြီး မဲပေးခိုင်းတာတို့ အစရှိသ ဖြင့် အဲဒါတွေကို မဲရုံတွေမှာ စနစ်တကျ ပြင်ဆင်တာမျိုး။ ခါတိုင်းက တရက်တည်းနဲ့ အပြီးလုပ်တာကိုး။ အခုက တရက် တည်းနဲ့ အပြီးမလုပ်ဘဲ ၃ ရက်လုပ်တာတို့။ ပထမနေ့မှာ ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲ စသဖြင့်။ မဲဆန္ဒ နယ်တွေ များတယ်ဆိုရင် တပြိုင်တည်းတော့လုပ်မယ်။ သို့သော် တရက်တည်းနဲ့မဟုတ်ဘဲ လူကို နည်းနည်းစီ ချွေတာ ပြီးတော့ အကွာအဝေး ကွာသွားအောင်၊ လူစုလူဝေးမဖြစ်အောင် လုပ်မယ်ဆို ၃ ရက်နဲ့ လုပ်လို့ ရပါတယ်။ တရက် တည်း အပြီးကျင်းပရမယ်လို့ မရှိပါဘူး။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်ကိုရော ဘာများ အကြံပြုချင်ပါသလဲ။

ဖြေ ။ ။ တကယ်တော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒါတွေကို သတ်မှတ်တာဖြစ်ဖြစ်၊ ရွှေ့ဆိုင်းတာ၊ ကျင်းပတာဖြစ်စေ အနည်းဆုံး နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ မဖြစ်မနေ တွေ့ဆုံညှိနှိုင်းဖို့ လိုပါလိမ့်မယ်။ သူက သမ္မတကိုပဲ တိုင်ပင်တာမျိုးဆိုရင်တော့ သမ္မတက ရွေးကောက်ပွဲ လုပ်ပေးမှာလည်း မဟုတ်ဘူးလေ။ ဒီဟာက ကော်မရှင်ကပဲ လုပ်ရမှာဆိုတော့ တကယ်တမ်း နိုင်ငံရေးအရ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူကလည်း ပါတီတွေပဲ ဆိုတော့ ပါတီတွေရဲ့ အဓိက သဘောထား ဆန္ဒကလည်း လိုလိမ့်မယ်။ ဒါကြောင့် ရွေးကောက် ပွဲ ကော်မရှင်အနေနဲ့ ရွှေ့ဆိုင်းတာတို့ ကျင်းပမယ်တို့ပဲဖြစ်ဖြစ် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ အကြိတ်အနယ် အကျေအလည် ဆွေးနွေးပြီးမှ သတ်မှတ်တာမျိုး၊ ရွှေ့ဆိုင်းတာမျိုး လုပ်သင့်တာကို လုပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

တကယ်တမ်းကျတော့ ဒီကိုဗစ်ဖြစ်တာက ကျနော်တို့ နယ်စပ်ဒေသတွေမှာ ရွေးကောက်ပွဲ ဝင်တဲ့သူတွေအတွက် အရမ်းထိခိုက်တယ်။ ၂၀၁၅ တုန်းကလည်း ရေဘေးနဲ့လေဘေးနဲ့ မြေပြိုတာတွေ ကြုံတော့ ကျနော်တို့ တိုင်းရင်းသား ပါတီငယ်တွေက နောက်မှဖွဲ့တဲ့ပါတီတွေ ဖြစ်တယ်။ ရွေးကောက်ပွဲ စည်းမျဉ်းကာလကလည်း ရက်ပေါင်း ၆၀ ဆိုတော့ ကျနော် ပြိုင်တဲ့ မတူပီမြို့နယ်ဆို ရွာပေါင်း ၁၁၀ ကျော်တယ်။ တရွာကိုတောင် တညသွားဖို့ မလွယ်ဘူး။ ရက်ပေါင်း ၆၀ အတွင်း ဘယ်လိုမှ ကျေးရွာပေါင်း အားလုံးကို မသွားနိုင်ဘူး။ ကျနော်ဆို ရွာပေါင်း ၂၀ ပဲ သွားနိုင်တယ်။

ပါတီကြီးတွေဖြစ်တဲ့ NLD တို့ ကြံ့ခိုင်ရေးတို့ဆိုတာ ဟိုးအရင်ကတည်းက ရှိခဲ့ပြီးသား။ သူတို့က စည်းရုံးရေး မဆင်း လည်း သူ့လူတွေက အဆင်သင့်ရှိနေပြီးသား နဂိုကတည်းက။ သူတို့က ပိုအလေးသာတယ်။ ကျနော်တို့မှာကျတော့ ရက်ပေါင်း ၆၀ အတွင်းမှာလည်း လုပ်ဖို့က မလွယ်ဘူး။ တောတွေ နယ်တွေမှာ လူမစုရ ဘာမစုရဆိုတော့ ဘာမှ လုပ် လို့မရဘူး။ ကိုဗစ်ရှိရင်။ ပြည်မဘက်မှာကျတော့ ကားနဲ့ လှည့်လိုက်ရင် တရက်တည်းနဲ့တောင် မြောက်ဒဂုံလိုမျိုး စည်း ရုံးရေး ဆင်းလို့ရတယ် အော်လို့ရတယ်။ အဲဒီ အခက်အခဲတွေ ရှိတယ်။ ဒါကြောင့် ဒီကိုဗစ်က တော်တော် အခက်အခဲရှိ တယ်။ တကယ်လို့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တော့ နယ်စပ်ဒေသရဲ့ အနေအထားတွေမှာ ပိုပြီးတော့ စည်းရုံးရေး ကဏ္ဍ အချိန်ရနိုင်အောင် ပါတီခေါင်းဆောင်တွေနဲ့ ညှိသင့်တယ်ဆိုတဲ့ဟာကို ကော်မရှင်ကို အကြံပြုချင်တယ်။

မေး ။ ။ ကော်မရှင်ဘက်ကရော ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ တစုံတရာ ပြော ဆို ဆွေးနွေးတာမျိုး မရှိဘူးလား။

ဖြေ ။ ။ လက်ရှိအချိန်ထိတော့ ကျနော်တို့တွေနဲ့ တိုက်ရိုက်တွေ့တာ မရှိသေးဘူး။ နည်းနည်း လိုသေးလို့လည်း ဖြစ် မှာပါ။ သူတို့လည်း ဒီ မေလကုန်လောက်ထိတော့ စောင့်ကြည့်အုံးမယ်ဆိုတဲ့ သဘောလည်း ဖြစ်နိုင်တယ်။ အခြေ အနေကို စောင့်ကြည့်ပြီး သေချာမှ ပြောတာကောင်းမယ်ဆိုတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်းပြောရင် နိုဝင်ဘာလ ၇ ရက်နေ့လောက်မှာ ကျင်းပမယ်ဆိုရင် ၆ လကျော် လိုသေးတယ်။ သူ့မှာ ပြင်ဆင်ဖို့ရာ အချိန်က အများ ကြီးရှိသေးတယ်။ ဒါကြောင့် ၁၅ ရက်၊ ၁ လလောက်တော့ နည်းနည်းစောင့်လိုက်အုံးမယ် ဆိုတဲ့သဘော ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သူတို့လည်း လောလောဆယ် တခုခုကို အလျင်စလို ဆုံးဖြတ်လိုက်ရင် ကိုဗစ်ကလည်း မေလ ကုန်လောက်မှာ ကင်းစင်သွားတယ်ဆို အခြေအနေ တမျိုးပြောင်းနိုင်သလို မကင်းစင်သေးဘူး ပိုဆိုးမယ်ဆိုလည်း အနေအထား တမျိုးပြောင်းနိုင်တယ်။ ဒါကြောင့် သူတို့ အခြေအနေကို ချင့်ချိန်နေတယ်လို့ပဲ သုံးသပ်ရပါတယ်။

မေး ။ ။ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ ။ ။ ကော်မရှင်ကတော့ သင့်တော်သလိုတော့ ဥပဒေကို လိုအပ်သလိုလေး ပြင်ဆင်တာလေးတွေတော့ ရှိပါ တယ်။ သို့သော် ဒီကိုဗစ်အနေအထားမှာ ဖြစ်တတ်တဲ့ အနေအထားပေါ်မှာ မူတည်ပြီး အချိန်က အရမ်းနည်းလာပြီဆို ရင် ခုနောက်ပိုင်းမှာ ဒီဟာအပေါ် ဘယ်လိုပြန်ပြီးတော့ အကောင်းဆုံး သုံးသပ်မလဲ။ အားလုံးအတွက်ပေါ့လေ။ အဓိက က မျှမျှတတ ဖြစ်ဖို့ပါပဲ။ ယှဉ်ပြိုင်မှုမှာ ပါတီတချို့က အလေးသာပြီး ပါတီတချို့က အားနည်းပြီးတော့ နစ်နာမှုတွေ မဖြစ် ရအောင်။ အဲဒါအတွက်ကို ဝိုင်းဝန်းစဉ်းစားနိုင်အောင် တွေ့ဆုံပွဲက လိုလိမ့်မယ်ဆိုတာ ကော်မရှင်ကို ထပ်မံ အကြံပြုချင် ပါတယ်။

You may also like these stories:

ညှိနှိုင်းရေး စားပွဲပေါ်အရင်ဆုံးရောက်မှသာ ပြည်သူတွေ အသက်ရူချောင်မယ်

Did you find apk for android? You can find new Free Android Games and apps.
Loading