COVID-19 ရောဂါ ဖြစ်ပွားရာ မြို့နယ်များ အနက် အင်းစိန်မြို့နယ်သည် မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပွားမှုှုနှုန်း အမြင့်ဆုံး ဖြစ်နေပြီး ဒုတိယလိုက်နေသည့် မြိ့နယ်များထက် ဖြစ်ပွားနှုန်း ၃ ဆကျော် ပိုမိုနေသည့် အခြေအနေရှိသည်။
အင်းစိန်မြို့နယ်တွင် COVID-19 ဖြစ်ပွားသူဦးရေ ၄၂ ဦး ရှိနေပြီး ဒုတိယအများဆုံး မြို့နယ်များဖြစ်သည့် တောင်ဥက္ကလာပ နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ၁၃ ဦးစီသာ ရှိနေသည်။
ယင်းသို့ တဖြည်းဖြည်းမြင့်တက်လာသည့် အင်းစိန်မြို့နယ်၏ ကူးစက်မှုနှုန်းကြောင့် ပြည်သူလူထုကလည်း စိုးရိမ်မှု မြင့်တက် လာလျက်ရှိရာ ယင်းမြို့နယ်၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေသည်များကို သိရှိနိုင်ရန် အင်းစိန်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်သန္တာဆွေ ကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ အခုဆိုရင် အင်းစိန်က ပိုးတွေ့ရှိမှု အများဆုံးဖြစ်နေတော့ ပြည်သူလူထုကြားမှာလည်း စိုးရိမ်မှုတွေက မြင့်တက် နေပါတယ်။ မြို့နယ်ကျန်းမာရေး အနေနဲ့ ဘာတွေလုပ်ဆောင်နေလဲရှင့်။
ဖြေ ။ ။ အစောပိုင်းကတည်းကတော့ ပညာပေးတာတွေ လုပ်တာပေါ့။ အဲဒီကနေပြီးတော့မှ လူနာ သတင်းတွေ ရတာပေါ့။ လူနာရဲ့ မိသားစုတွေကို Quarantine လုပ်ရတာပေါ့။ များလို့ရှိရင်တော့ Lockdown လုပ်ရတဲ့ အပိုင်းတွေ ရှိပါတယ်။ အဲဒီ Quarantine သမားတွေကို Service လုပ်ရတယ်။ Hotel Quarantine တွေလည်း ရှိတော့ ကျမတို့ ဝန်ထမ်းတွေက တာဝန် ယူရတယ်။ နောက်တခုက Facilities Quarantine ပေါ့ များသောအားဖြင့်က နယ်စပ်က ပြန်လာတဲ့သူတွေ။ အဲဒီမှာလည်း မြို့နယ် ကော်မတီနဲ့ ပေါင်းပြီးတော့ ဆောင်ရွက်ရတာရှိတယ်။ ကော်မတီကနေ ရပ်ကွက်ထဲက သတင်းရရင် ကျမတို့ ဆင်းရပါတယ်။ ဖျားနာသတင်းပဲ ဖြစ်ဖြစ်၊ တစ်ခါတလေကျရင် ဖျားတာ မဟုတ်ဘဲနဲ့ ကျန်းမာရေး မကောင်းတာကို စိုးရိမ်တာမျိုး၊ တစ်ခါတလေကျရင် သတင်းအမှားတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ ဆင်းကြည့်ရတယ်။
မေး ။ ။ အခုလက်ရှိ အင်းစိန်မှာ Quarantine ဝင်နေတဲ့ လူဦးရေနဲ့ ဓာတ်ခွဲအတည်ပြု စစ်ဆေးဖို့ ရှိနေတဲ့ လူဦးရေ ဘယ်လောက်ရှိလဲရှင့်။
ဖြေ ။ ။ အခုလောလောဆယ် ကျမ စာရင်းတွေ မပေါင်းအားသေးဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ Quarantine ကနေ ပြီးသွားတာတွေလည်း ရှိတယ်။ အခုလောလောဆယ်က Lockdown တွေလည်း ရှိနေတယ်။ ရောသလိုမျိုး ဖြစ်နေတာပေါ့။ သတင်းရလို့ Center တွေကို ထပ်ပို့ရတာတွေလည်း ရှိတယ်။ နောက်တခုက Facilities Quarantine ပို့ထားတာတွေ ပြန်ဝင်လာတာလည်း ရှိတယ်။ ရက်ပြည့်တဲ့ သူတွေ အဝင်အထွက်တွေ ရှိနေတယ်။ ဒီရက်ထဲမှာလည်း အလုပ်ကများတော့ အဲဒါကိုတော့ ပြန်မစစ်နိုင်သေးဘူး။ အဓိကကတော့ Home Quarantine ပေါ့ အဲဒါကို မစစ်နိုင်သေးဘူး။
Fever Clinic လည်း ရှိတော့ အဲဒီကနေ refer လုပ်ပြီးတော့ စစ်ဆေးဖို့တွေကိုလည်း Center တွေကို ပို့ထားတယ်ရှင့်။ အဲဒီမှာလည်း သမားတော်ကြီးတွေ ထိုင်တာဆိုတော့ လာပြတဲ့သူတွေက ကိုယ့်မြို့နယ် တခုတည်းကတော့ မဟုတ်ဘူး။ ပြထားတာတွေကို ကော်မတီမှာ တင်လိုက်မယ် ဆိုရင်တော့ ကိုယ့်မြို့နယ်က ဘယ်နှယောက်ပါလဲ ဆိုတာတော့ သိရတာပေါ့။ သူတို့စစ်တာ Negative တက်တယ်ဆိုရင်လည်း ဂရုထဲမှာ ပြန်တင်လိုက်တယ်။ Quarantine Center တွေကျတော့ ရက်အလိုက် မတူတဲ့ အခါကျတော့ စစ်ပြီး၊ မစစ်ပြီးကိုက ပြောရတာ နည်းနည်းခက်တာပေါ့။ Result တွေ ထွက်တဲ့အခါမှာ အသုတ်လိုက် ထွက်တဲ့ အခါကျတော့ ဘယ် Center ကဆိုပြီး အတိအကျ မပါတဲ့ အခါကျတော့ စစ်တော့ စစ်နေပါတယ်။ ရောက်ရင်တော့ စစ်လိုက်တာပါပဲ။
မေး ။ ။ ရန်ကုန်မှာဆိုရင် COVID-19 ပိုးတွေ့ရှိမှုက အင်းစိန်မှာ အများဆုံး ဖြစ်နေတဲ့ အနေအထားက အဓိက ဘယ်လိုအချက်ကြောင့်လဲ။
ဖြေ ။ ။ အစုအဖွဲ့နဲ့ လုပ်တဲ့ အလုပ်တွေကို လုပ်တဲ့သူတွေက အမှုမဲ့ အမှတ်မဲ့နဲ့ အစောပိုင်းက ပေါ့ဆမိပြီး ကြိုတင်ကာကွယ်မှု မယူမိတာပေါ့။ ဥပမာဆိုရင် ဝတ်ပြုတာမှာ လိုက်ဖ်လွှင့်တာတွေ ရှိတယ်ပေါ့။ သူတို့ အနေနဲ့က နဂိုအတိုင်းပဲ လုပ်လာတာဆိုတော့ ဒါတွေကို ပြန်ပြီး သန့်ရှင်းရေး လုပ်တာမျိုးတွေကို လုပ်မယ်လို့ မထင်ဘူး။ ပစ္စည်းကိရိယာတွေ တူရိယာတွေဖြစ်ဖြစ် မိုက်ခရို ဖုန်းပဲ ဖြစ်ဖြစ်ပေါ့။ မိုက်ခရိုဖုန်းက လက်ပြောင်းတာရှိတယ်လေ။ အဲဒီလို ကိစ္စပေါ့။
အဖွဲ့တဖွဲ့ထဲမှ သယ်လာတဲ့သူ တယောက်ရှိမယ်ဆိုရင်တော့ ခုနက ပြောတဲ့ အဖွဲ့တွေမှာ တယောက်နဲ့တယောက် ပစ္စည်းကိရိယာတွေ ကိုင်တွယ်တာပေါ့ ပြီးရင် ပြန်သွားကြမှာပဲ။ အစောပိုင်း ကာလဆိုတော့ အဲဒီမှာ ပျံ့နှံ့သွားတယ်လို့ ကျမယူဆတယ်။ အဲဒီကသွားတဲ့ တယောက်ကူးမယ်ဆိုရင် အိမ်ပြန်လာရင် ကိုယ့်ရဲ့ ရပ်ကွက်ပေါ့။ အဲဒီမှာ ပြန်ပြီးတော့ လူစုပြီးတော့ တခုခု လုပ်လိုက်တဲ့ အခါမှာ သူရဲ့ ကူးစက်နည်းမှာလည်း ကိုင်တွယ် ထိတွေ့တာနဲ့ ဆိုင်တော့ တံခါးတို့ ခလုတ်တို့ ပစ္စည်းတွေနဲ့ ဆိုင်တဲ့ အခါကျတော့၊ ဒါက မျက်စိနဲ့ မမြင်ရတဲ့ အခါကျတော့ ဒီလောက်မြန်မြန်ဆန်ဆန် များများစားစားလို့ သူတို့က ထင်မှာလည်း မဟုတ်ဘူးလေ။ ကျန်းမာရေး ဝန်ထမ်းတွေလည်း မဟုတ်ကျတော့။
အခုဆိုရင် ဆေးရုံ ကွယ်ကဘောဆိုရင် Negative ဖြစ်တယ်ပေါ့။ ကျန်းမာရေး ဌာနနဲ့ နည်းနည်းတော့ ကွာတာပေါ့။ ကြိုတင်ကာကွယ်မှု ယူနိုင်မှုကလေ။ ကျန်းမာရေး ဌာနကတော့ ဝန်ထမ်းအားပဲ ဖြစ်ဖြစ် ပစ္စည်းအားပဲ ဖြစ်ဖြစ် နည်းတယ်ဆိုရင်တောင်မှ နည်းပညာအားဖြင့် သတိထားမယ်လေ။ အပြင်လူကတော့ သတိထားမှာ မဟုတ်ဘူး။ ကွာခြားမှုပေါ့ အစုလိုက်ချင်း အတူတူ ကျန်းမာရေးကို ဒီလောက်ကြီး အရေးကြီးတယ်လို့ မထင်ထားတဲ့ အဖွဲ့အစည်းတွေကနေ တဆင့် အရပ်ထဲကို ပြန်ပြီးရောက်လာတယ် ကိုယ့်ရဲ့မိသားစုထဲကို ရောက်လာတယ်လို့ပဲ ကျမကတော့ မြင်တယ်။
မေး ။ ။ အခုလို တွေ့ရှိမှုများနေတဲ့ အတွက် ပိုးတွေ့ရှိသူနဲ့ ထိတွေ့မှု လမ်းကြောင်းကို လိုက်တဲ့ အခါမှာ လစ်ဟာမှု ရှိသွားမလားဆိုပြီးလည်း စိုးရိမ်စိတ်တွေကလည်း မြင့်နေကြတော့ အဲဒီအပေါ် ဘာပြောချင်လဲရှင့်။
ဖြေ ။ ။ ဟ သွားမလားဆိုပြီး စိုးရိမ်စိတ်တွေ မြင့်နေတယ် ဆိုရင်တော့ လူတွေက ကျမတို့ကို သတင်းပေးပေါ့။ နောက်ပြီးတော့ အဓိကကတော့ မဖုံးကွယ်ထားနဲ့ပေါ့။ ဖုံးကွယ်ထားရင် ကြာသွားမယ်၊ ရှည်သွားမယ်၊ ပိုပြီးတော့ များသွားမယ်။ အဲဒီ သဘောတော့ ရှိပါတယ်။
မေး ။ ။ နောက်ဆက်တွဲ ကူးစက်မှုတွေ မဖြစ်အောင် ဘာတွေများ တင်းတင်းကြပ်ကြပ် လုပ်နေတာ ရှိလဲရှင့်။
ဖြေ ။ ။ ကျမတို့ ကျန်းမာရေး ဌာနအနေနဲ့ လူတွေကို တင်းတင်းကြပ်ကြပ် ပြောလို့မရဘူး။ ရဲတွေလို ကျမတို့က ပြောလို့ မရဘူးလေ။ တင်းရင်လည်း ကွင်းဆက်က ပြတ်သွားနိုင်တယ်။ အများအားဖြင့် ဖုန်းနဲ့ ဆက်သွယ်ရတယ်။ လူတွေကို တွေ့ဖို့ကလည်း သင့်လည်း မသင့်တော်ဘူးပေါ့။ နောက်သူတို့ကို မေးတဲ့ အခါမှာ လူမှုရေး အကြောင်းအရာတွေ ပါတယ်ပေါ့။ အဲဒါတွေဆိုရင် သူတို့ လက်ခံတဲ့ အတိုင်းအတာအပေါ်မှာပဲ တခါတလေ ဖြတ်ထားရတာ ရှိတယ်။
နောက်မှ ကျမတို့က တခြားဘက်ကနေ လှည့်ပြီးတော့ စုံစမ်းရတာ ရှိတယ်။ သူ့အကြောင်းဆိုပေမယ့် သူ့မေးလို့ မရဘူးလေ။ သူတို့လက်ခံလာအောင်၊ ကိုယ့်ကိုယုံကြည်အောင်၊ ကိုယ့်ကို ဖွင့်ပြောအောင် လုပ်ရတယ်။ တင်းတင်း ကြပ်ကြပ် ဆိုတာကတော့ အုပ်ချုပ်ရေး အပိုင်းဆိုတော့ သူတို့နဲ့ ကော်မတီမှာလည်း အကြံဉာဏ်ပေးပြီးတော့ ဝိုင်းဝန်းပြီးတော့ လုပ်ရတာလည်း ရှိတယ်။
အရေးကြီးတာကတော့ လူတွေက အသိတရားရှိရမှာပေါ့။ ကျမတို့ ဌာနက ထုတ်ပြန်တဲ့ လက်ဆေးဆိုရင် လက်ဆေးပေါ့။ Mask တပ်တဲ့ကိစ္စပေါ့။ တချို့ဆို မေးစေ့မှာ ချိတ်ထားကြရင် နှာခေါင်းကိုပါ အုပ်လိုက်ပါဆိုပြီး ပြောရတာပေါ့။ ကြိမ်းမောင်း ပြီး ပြောလို့မရဘူး အကြံပြုတာ၊ တိုက်တွန်းတာ၊ သတိပေးတာပဲ ရတယ်။ အကြံပြုချက် အားလုံးက အရေးကြီးပါတယ်။ အားလုံးက တိတိကျကျနဲ့ ဒါတွေလုပ်မှကို ကာကွယ်လို့ရတာပေါ့နော်။ အဲဒါတွေကိုတော့ မပေါ့ဘဲနဲ့ အရေးကြီးတယ်လို့ သဘောထားပြီး ပြည်သူလူထုက လိုက်နာကျင့်သုံးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ အခုဆို အင်းစိန်ကို Lockdown ချဖို့လိုနေပြီဆိုပြီး ပြည်သူတွေက စိုးရိမ်မှုတွေနဲ့ ပြောနေကြတာလည်း ရှိတဲ့ အခါကျတော့ အင်းစိန်မြို့နယ် အနေနဲ့က တကယ့်အရေးကြီးတဲ့ အချိန်ရောက်နေပြီလို့ ပြောလို့ရလား။
ဖြေ ။ ။ အရေးကြီးတာကတော့ အစကတည်းက အရေးကြီးတာပေါ့။ ကျမတို့ ၂ တန်စား ခွဲလိုက်မယ်ဆိုရင် ဘာသာရေးနဲ့ ဆက်သွယ်ပြီး အစုအဝေး လုပ်တာ တခုရယ်၊ Volunteer လုပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်နေတဲ့ အစုအဝေး တခုရယ် အဲဒီအုပ်စု ၂ စုက ပိုပြီးတော့ အများဆုံးပေါ့။ ဘယ်ဘာသာမဆို ဘယ်အဖွဲ့အစည်းမဆို ခင်ခင်မင်မင် ရင်းရင်း နှီးနှီးနဲ့ တပျော်တပါးကြီး ဝိုင်းလုပ်တာ ဟုတ်တယ်။ ဒါပေမယ့် ကျန်းမာရေး ဆိုင်ရာကို ဂရုစိုက်မယ် ဆိုရင်တော့ ဒီလောက် ကြီး ပြဿနာ မရှိဘူးပေါ့။ သတိထားရမယ် ဘယ်သူပဲ၊ ဘာပဲလုပ်လုပ်ပေါ့။ အင်အားတော့ လိုတယ် ဒါပေမယ့် အစုအဝေး လုပ်ရင်တော့ သတိထားသင့်တာတွေကို လုံးဝ မပျက်မကွက် သတိထားဖို့ပေါ့။ Mask တပ်တာ၊ လက်ဆေးတာ၊ တယောက်နဲ့ တယောက် နီးနီးကပ်ကပ် မနေဘူးဆိုတာ အဲဒါကို အမြဲတမ်း လုပ်နေရမယ်။ တင်းတင်းကြပ်ကြပ်ဆိုရင် အဲဒါမျိုးပဲ ဖြစ်နေရမယ်။
You may also like these stories:
COVID-19 အတွက် အစိုးရဘတ်ဂျက် ခွဲဝေပေးတာ မရှိပါဘူး
ကူးစက်ပြန့်ပွားမှုနှုန်း ကြီးကြီးဖြစ်မှာကို ကျမတို့ နိုင်ငံအတွက် စိုးရိမ်တယ်
ဒီပိုးကူးစက်မှုက အတော်လေးကြောက်ဖို့ ကောင်းတယ်