တပ်သင်္ဘော ၁ စင်းပေါ်တွင် လက်ပြန်ကြိုးတုပ်၊ မျက်နှာများကို အဝတ်ဖြင့် စည်းထားသည့် အရပ်ဝတ် ရခိုင်အမျိုးသား ၅ ဦးကို တပ်မတော် တပ်ဖွဲ့ဝင်များက ရက္ခိုင်စစ်တပ် (AA) အဖွဲ့ဝင်များ ဟုတ်မဟုတ် ရိုက်နှက်စစ်ဆေး နေသည့် ရုပ်သံမှတ်တမ်းတခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။
ဖမ်းဆီးထားသူများကို ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းကြောင့် လူမှုကွန်ရက်တွင် တပ်မတော်ကို ဝေဖန် ပြောဆို မှုများလည်း ရှိနေသည်။
အဆိုပါ ရုပ်သံမှတ်တမ်းထဲတွင် ပါဝင်သည့် အမျိုးသား ၅ ဦးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ အတွင်း တပ်မတော်မှ ဝင်ရောက်ဖမ်းဆီးသွားသည့် ရွာသား ၅ ဦး ဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များက အတည်ပြုသည်။
ရုပ်သံမှတ်တမ်းတွင် ရိုက်နှက်ခံရသူ ၅ ဦးအနက် ၁ ဦးမှာ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေး ကော်မတီ၊ အတွင်းရေးမှူး ဦးစောသိန်းမောင်၏ တူတော်စပ်သူ ဖြစ်သည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်မှ ဦးစောသိန်းမောင်ကို ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ လူမှု ကွန်ရက်ပေါ်မှာ ပြန့်နေတဲ့ ရုပ်သံဖိုင်၊ တပ်မတော်ရဲ့ ရေတပ်သင်္ဘောပေါ်မှာ ရိုက်နှက်ခံနေရတဲ့ အမျိုးသား ၅ ဦးထဲမှာ ဦးလေးရဲ့ မိသားစု ပါတယ်ဆိုလို့ ဘယ်လို ဖြစ်တာလဲ။
ဖြေ။ ။ ဟုတ်ကဲ့ဗျ။ သူတို့ကို ဧပြီ ၁၉ ရက်၊ ရွာမှာ တပ်က လာဖမ်းတာပါ။ ဖမ်းတုန်းက ၃၈ ယောက်ပါ။ ရွာက အုပ်ချုပ်ရေးမှူး အပါအဝင် ၃၈ ယောက် ပါတယ်။ ၃၃ ယောက်ကို နောက်တရက် ပြန်လွှတ်ပေးတယ်။ ကျနော့်တူ ပါတဲ့ ၅ ယောက်ကိုတော့ သူတို့က ခေါ်ထားလိုက်တယ်။ အဲဒီ ၅ ယောက်ထဲမှာ ကျနော်တို့ရွာက ကျနော့်တူ အပါအဝင် ၃ ယောက် ပါပါတယ်။ နောက် ၁ ယောက်ကတော့ စစ်တွေမြို့က ၁ ယောက်၊ ပုဏ္ဏားကျွန်းမြို့က ၁ ယောက်ရယ်ပါ။ သူတို့ ၅ ယောက်ကို ခေါ်သွားပြီး ၅၀(ည)၊ ၅၁ (က) တွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မေး။ ။ အဖမ်းခံရတဲ့နေ့က မြင်ကွင်းကို မှတ်မိသလောက် ပြန်ပြောပြပါဦး။
ဖြေ။ ။ အိမ်မှာနေတုန်း အဖမ်းခံရတာပါ။ ဖြစ်စဉ်ရဲ့ အစကို ပြောရရင် ဧပြီ ၁၃ မတိုင်ခင်ကတည်းက ကျနော်တို့ ရွာမှာ အမြှောက်ဆံတွေ လာပြီး ကျတယ်။ လူတွေ ထွက်ပြေးကြတယ်။ နောက် ဧပြီ ၁၃ ရက်မှာ အမြှောက်ဆံကျလို့ လူ ၂၀ ကျော် ထိတာမှာ ၈ ယောက် သေတယ်။ အဲဒီမှာ လူတွေက မနေရဲလို့ ထွက်ပြေးကြတယ်။ နောက်ပြီး ဧပြီ ၁၇ ရက်ထင်ပါတယ်။ ကျနော်တို့ ရွာနဲ့ပုဏ္ဏားကျွန်းကြားမှာ ပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပါတယ်။ အဲဒါ ဖြစ်ပြီး ငြိမ်းချမ်းပြီ ထင်လို့ ပြေးသွားတဲ့ လူတွေက ပြန်လာကြတာ။ ပြန်လာတဲ့ အချိန်မှာ သူတို့က ရွာကို ဝင်ပြီး တွေ့တဲ့လူကို ခေါ်တာပါ။ အိမ်တိုင်းကိုပါ။
ကျနော့်တူကလည်း အခြေအနေ မကောင်းဘူး ဆိုလို့ ထွက်တာမှာ ကျနော့်တူကို ခဏလိုက်ခဲ့ ဆိုပြီး သေနတ်နဲ့ ထောက်ပြီး ခေါ်သွားတာ။ ဖြစ်စဉ် ကတော့ အဲဒါပါပဲဗျာ။ ခေါ်သွားပြီး အုပ်ချုပ်ရေးမှူး အိမ်မှာ လက်ပြန် ကြိုးတုပ်ပြီး ထားတာပေါ့။ ညနေ ၃ နာရီခွဲ ၄ နာရီကျော်မှာ နောက်ပြန်ကြိုးတုပ်တယ်။ မျက်စိကို အဝတ်စနဲ့ စည်းပြီး ကျောက်ဆိပ်ကနေ ၅၅၀ တပ်ကို ခေါ်လာတာပေါ့။
မေး။ ။ အခုရော မိသားစုဝင်တွေက သူတို့နဲ့ တွေ့ခွင့် ရပြီလား။ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီးတော့ရော ဦးလေးရဲ့တူက ဘာတွေ ပြောပြပါသလဲ။
ဖြေ။ ။ တွေ့ခွင့် ရပါတယ်။ မေ ၈ ရက်က သွားတွေ့တာပါ။ ၈ ရက်နေ့က ရမန်ကြီး တပတ် ယူပါတယ်။ ပထမ ရမန်ကုန်သွားတော့ အခု ရဲစခန်းမှာ ထပ်ယူထားတာပါ။ သူတို့က နှိပ်စက်ခံရတာကို ပြောပြပါတယ်။ သူတို့ကို မေးတယ်တဲ့။ ခင်ဗျားတို့ AA နဲ့ဆက်စပ်နေတယ်။ ခင်ဗျားတို့ AA ပဲတဲ့။ သူတို့ကလည်း အမှန်ပဲ ပြန်ပြောပါတယ်။ ကျုပ်တို့က ဆင်းရဲတယ်။ ဆန်စက်မှာ ကူလီ ထမ်းပြီး ထမင်းစားရလို့ ဒါတွေ လုပ်ဖို့ အချိန်လည်း မရှိဘူး။ လုပ်လည်း မလုပ်နိုင်ဘူး။ စိတ်လည်း မဝင်စားဘူးလို့ ပြောတယ်တဲ့။ ခဗျားတို့ လိမ်တယ်ဆိုပြီး ရိုက်တာတဲ့။ ပထမ တခုကဗျာ။ သူတို့ကို ၁၉ ရက်နေ့မှာ ဖမ်းသွားပြီး ဧပြီ ၂၃ ရက်မှာ ပုဏ္ဏားကျွန်းရဲစခန်းကို လာလွှဲပေးတယ်။
ရဲစခန်းကို လာလွဲှပေးပြီးတော့ သူတို့ ဥပဒေအတိုင်း သွားပါစေဆိုပြီး စိတ်အေးချမ်းနေတာ။ ဒါပေမယ့် ဧပြီ ၂၇ ရက်မှာ အဲဒီတပ်ကပဲ ပုဏ္ဏားကျွန်းရဲစခန်းမှာ အပ်ထားတာကို ပြန်ခေါ်သွားတယ်။ အခု ပြောနေတဲ့ ဗီဒီယိုက ရဲစခန်းက ပြန်ခေါ်ထုတ်သွားတဲ့ ကာလမှာ ဖြစ်တာပါဗျ။ ၂၇ ရက် ထုတ်သွားပြီး ဧပြီ ၃၀ မှာ စစ်တွေ အမှတ် (၁) ရဲစခန်းကို သူတို့က ပြန်လွှဲပေးတယ်။ အခု အမှတ် (၁) ရဲစခန်းကနေ မေ ၇ ရက်မှာ ပုဏ္ဏားကျွန်း ရဲစခန်းကို ပြန်လွှဲပေးလိုက်တဲ့ အတွက် အခု ပုဏ္ဏားကျွန်း ရဲစခန်းမှာ သူတို့ ရောက်နေကြပါပြီ။
ဒီကလေးတွေက အကြမ်းဖက် လုပ်ငန်းတွေလည်း လုပ်မယ့် သူတွေလည်း မဟုတ်ပါဘူးဗျာ ။ AAနဲ့ ဆက်သွယ် ရအောင်လည်း သူတို့ ဝမ်းတောင် သူတို့ မဖြည့်နိုင်ပါဘူးဗျာ။ ဗိုက်မပြည့်ပါဘူး။ ကျနော့်တူလေး ဆိုရင် ၂ နှစ်အရွယ် သမီးလေး ၁ ယောက် ရှိပါတယ်။ သူက အလုပ်ပဲ ကြိုးစားတဲ့ ကလေးပါ။
မေး။ ။ ဒါဆို သူတို့ကို ဧပြီ ၂၇ မှာ ရဲစခန်းကနေ ပြန်ခေါ်သွားပြီးမှ ကြားထဲမှာ ဖြစ်သွားတာပေါ့။
ဖြေ။ ။ အဲဒီကြားထဲမှာ ဖြစ်သွားတာ။ ပုဏ္ဏားကျွန်းရဲစခန်းကနေ ခေါ်ပြီး သူတို့ကို သင်္ဘော ပေါ်မှာ တင်သွား လိုက်တာ။ သင်္ဘောပေါ်မှာ တင်သွားတော့ ကျနော်တို့က ဘယ်ခေါ်သွားမှန်း မသိတော့ လိုက်စုံစမ်းတဲ့ အချိန်မှာ နောက်တော့ စရဖ က စုံစမ်းစရာ ရှိတယ်ဆိုပြီး သတင်းက ထွက်လာတယ်။ နောက် ၂ ရက်၊ ၃ ရက်လောက် နေတော့ စစ်တွေမြို့မ အမှတ်(၁) ရဲစခန်းကို လွှဲပေးတယ်လို့ သိရတာ။ အဲဒီတုန်းကတော့ ဘယ်သူမှ တွေ့ခွင့်မရတာ။ အခုတော့ တွေ့ခွင့် ရနေပြီလေ။ သူတို့ မိသားစုတွေ တွေ့ကြပြီး လိုအပ်တာတွေ လုပ်ပေးတာ ရှိပါတယ်။
မေး။ ။ ရုပ်သံမှတ်တမ်းထဲမှာ ဦးလေးရဲ့တူက ဘယ်သူလဲ။
ဖြေ။ ။ ကျနော့်တူက စွပ်ကျယ်အဖြူလေးနဲ့ပါ။ ဗီဒီယိုဖိုင်ထဲမှာ ကူလီထမ်းတဲ့ သူပါလို့ ပြောနေတာ ကျနော့် တူပါ။ အမှန်တကယ်လည်း သူက ကူလီထမ်းတာပါ။ မြို့နဲ့ နီးတဲ့ အောင်မေတ္တာ ဆန်စက်မှာ သူက အလုပ်သမားလုပ်တာပါ။ သူ့အသက်က ၂၆ ပါ။ နာမည်က ညီညီအောင်ပါ။ သူ့သမီးလေးက ၂နှစ်ပါ။ သူ့မိန်းမနဲ့ ကလေးကတော့ အခု ပုဏ္ဏား ကျွန်း ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် နေပါတယ်။ ရွာမှာလည်း တယောက်မှကို မရှိဘူးလေ။ ရွာကို ခဏလာတဲ့ လူတွေလည်း ညမအိပ်ရဲဘူး။ အိမ်ခဏလာပြီး ပြန်ကြတာပါ။ ညနေပိုင်းကို မနေရဲဘူး ပြန်ပြေး ရတာပါ။ တရွာလုံးပါ။
မေး။ ။ မိသားစုအနေနဲ့ ဒီရုပ်သံမှတ်တမ်းကို တွေ့ထားတယ်။ လက်ရှိလည်း တရားစွဲခံ ထားရတယ် ဆိုတော့ ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ။
ဖြေ။ ။ ကျနော်တို့က ဘာလုပ်နိုင်မှာလဲ။ သူတို့ ဒုက္ခပေးရင် ဒုက္ခခံရတဲ့ အတိုင်း ဖြစ်နေတာ။ ဒါက ဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်နေတာ။ ဒါပေမယ့် ကျနော်တို့ ဥပဒေမဲ့ လုပ်ရပ်တွေကို တွန်းလှန်ဖို့ လည်း ကျနော်တို့ ပြည်သူတွေမှာ အားမရှိပါဘူး။ ဖြစ်သင့်တာက အများကြီးပါဗျာ။ တကယ်တော့ လူသားမဆန်တဲ့ လုပ်ရပ်တွေပါ။ ကျနော့် တူရယ်မှ မဟုတ်ပါဘူး။ တခြားသားသမီးတွေ ဒီလို ဖြစ်ရင်ရော ။ တခြားသူတွေဒီလို ခံစားရမှာပဲ။ နောက်နောင် ဒီလိုတွေ မဖြစ် စေချင်ပါဘူး။ လူသားချင်း စာနာထောက်ထားဖို့ လိုပါတယ်။ အခု ကျနော့်တူတွေခံစားနေရတာတောင် စစ်မြေပြင်မှာ ကြုံရတဲ့ အခက်အခဲ မဟုတ်သေးဘူး။ အိမ်ပေါ်မှာ နေပြီး သေနတ် ထောက်ပြီး ခေါ်သွားပြီး ခင်ဗျားတို့က ဒါဖြစ်တယ်ဆိုပြီး အဲဒီလို ညှင်းပန်းနှိပ်စက် ဝန်ခံခိုင်းတာပါ။ တိရစ္ဆာန်ကိုတောင် အဲဒီလို နှိပ်စက်ဖို့ ဘယ်သူမှ စိတ်ကူးရှိမှာ မဟုတ်ပါဘူး။ လူသား အချင်းချင်း စာနာဖို့တော့ လိုအပ်ပါတယ်ခင်ဗျ။
မေး။ ။ ဦးလေးအနေနဲ့ မိသားစုဝင်တွေအနေနဲ့ တွေ့ခွင့်ရတော့ရော ဦးလေး တူမှာ ဒဏ်ရာတွေ ရထားတာ ရှိသလား။ ဘာတွေ ပြောပြသေးလဲ။
ဖြေ။ ။ သူတို့ ပထမ ကျနော်တို့ကို ပြန်ပြောတာက ၅၅၀ တပ်ထဲ ခေါ်သွားတာနဲ့ နေပူလှန်းတယ်တဲ့။ ထမင်း မကျွေး၊ ရေမတိုက်ဘူးတဲ့။ နောက် ရေပူတွေနဲ့ လောင်းသေးတယ်တဲ့။ ဒါပေမယ့် ဒဏ်ရာတွေကတော့ တွေ့တော့ မပါလာတော့ဘူးလေ။ ကျနော်တို့နဲ့ တွေ့တော့ ကြည့်တော့ မရှိတော့ဘူး။ ရေပူတွေရေနွေးတွေနဲ့ လောင်းတယ်တဲ့။ သူတို့က အဲဒီလို ပြောတယ်။ အခုတော့ သူတို့က ကျန်းမာရေးတော့ ကောင်းနေပါတယ်။ တချို့ကတော့ ရောင်ရမ်းတာ ရှိတယ်။ ပုဏ္ဏားကျွန်းက မင်းစိုး ဆိုရင် မျက်နှာမှာ ရောင်ရမ်းတာ ရှိတယ်။ တခြားတော့ မတွေ့ပါဘူး။
မေး။ ။ အခု ဦးလေးတို့ ကြုံတွေ့နေရတာကို မိသားစုအနေနဲ့ အစိုးရဘက် တပ်မတော်ဘက်ကိုရော စာပို့တာတွေ လုပ်ဖို့ ရှိမလား။ ဒါမှမဟုတ် ရှေ့နေငှားပြီးပဲ တရားရင်ဆိုင်မှာလား။
ဖြေ။ ။ ကျနော်တို့ ဘာလုပ်ရမယ်ဆိုတာ မသိတော့ဘူး။ ကျနော်တို့ အခု ဖြစ်နေတာက ကျနော်တို့ တူလေး တွေကို တရားရုံးရောက်ရင်တော့ ရှေ့နေတွေနဲ့ စကားပြောရတော့မှာပေါ့။ အခုကတော့ ဘာမှ ပြောခွင့် မရှိသေးဘူးလေ။ အခုပြောသလို အစိုးရကို တိုင်တာတို့ ဘာတို့ ဆိုတော့ တိုင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူးလို့ ကျနော်တို့ မြင်တယ်။ ကျနော်တို့မှာ ဖြစ်နေတာက အရင်တုန်းက ပုံစံအတိုင်းပဲ ပြန်ဖြစ်လာသလိုပဲ။ ကျနော်တို့တောင် စိုးရိမ်နေရတယ်။ အခု ပုဏ္ဏားကျွန်းမြို့ဆို စိုးရိမ်စရာ တော်တော်ကောင်းပါတယ်။ ဘာဖြစ်နေလဲ ဆိုတော့ လူထုအသိုင်းအဝိုင်းထဲမှာ ပရဟိတ လုပ်တာတို့ဆိုလည်း ဆွဲကုတ်ခံရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ကျနော်တို့မှာ လွတ်လွတ်လပ်လပ် သွားလို့ မရတဲ့ အနေအထားတောင် ဖြစ်နေတာပါ။
မေး။ ။ ဒါဆိုရင် ရှေ့နေငှားပြီး တရားရင်ဆိုင်ဖို့ပဲ မိသားစုတွေက ဆုံးဖြတ်ထားတာပေါ့။
ဖြေ။ ။ ဟုတ်တယ်။ ကျန်တာက ဘယ်ခရီးမှရောက်မှာမှ မဟုတ်တာ။ ဥပဒေမဲ့ လုပ်တာ တွေကိုတော့ အမှန် အတိုင်း ဖြစ်စေချင်တဲ့ ဆန္ဒရှိတာပေါ့။ ဒါပေမယ့် ဘယ်က စလုပ်ရမယ်မှန်း မသိဘူး။ ဘယ်လိုလမ်းကို လျှောက်ရမလဲတောင် မသိပါဘူးခင်ဗျာ။ ကိုယ့်သားသမီး အပေါ်မှာ မတရား စော်ကားတယ်။ နှိပ်စက်တာကတော့ ဘယ်မိဘမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က မခံမရပ်နိုင်နဲ့ ခံစားရတာပဲ ရှိတာ ဘာမှ တတ်နိုင်တဲ့ လူတွေမှ မဟုတ်တာ။
You may also like these stories:
AA အမာခံများ ရှိသည် ဆိုသော စွပ်စွဲချက်ဖြင့် ပုဏ္ဏားကျွန်းက ကျေးရွာတခု စစ်ဆေးခံနေရ
ပုဏ္ဏားကျွန်း ဒေသခံများကို ရိုက်နှက်ခဲ့သည့် တပ်မတော်သားများ အရေးယူခံရ