သို့ဖြစ်ရာ မီတာခများ ပိုမိုကုန်ကျလာမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အထွေထွေ မန်နေဂျာ ဦကျော်သူ ကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ နေအိမ်တွေက သုံးစွဲယူနစ်တွေကို ဖတ်တဲ့အခါမှာ လက်ရှိ ဘယ်လိုနည်းလမ်းတွေ အသုံးပြုပြီး ဖတ်နေပါလဲ။
ဖြေ ။ ။ ဖတ်တာကလည်း နဂိုအတိုင်းပါပဲ လူနဲ့ ဖတ်တာ ရှိတယ်။ စက်နဲ့ဖတ်လို့ရတဲ့ နေရာတွေ ရှိတယ်။ တချို့မြို့နယ်က စက်နဲ့ဖတ်တယ်။
မေး ။ ။ ဒီဧပြီလအတွင်း မီတာခတွေက အရင်ထက် နှစ်ဆလောက် ပိုမိုကုန်ကျတယ်ဆိုပြီး အများစုကပြောနေကြတယ်။ လူတွေက ဘာကြောင့် မီတာခတွေ ပိုများနေတာလဲကို မေးခွန်းထုတ်နေပါတယ်။ အဲဒီအပေါ် ဘာပြောချင်လဲ။
ဖြေ ။ ။ ကျနော်တို့ အိမ်ဆို ရာသီဥတုပူလို့ အဲကွန်းကြောင့်လား မသိဘူး ပိုကျတယ်ဗျ။ နဂိုထက်ကို။ ရာသီဥတုပူတော့ အဲကွန်းတွေက မရပ်တော့ဘူး။ ရာသီဥတုပူတဲ့ အတွက် မီးသုံးတာ ပိုသွားလို့ ထင်တယ်။ တောက်လျှောက်သုံးတာပေါ့။ အရင်ကတော့ အဲကွန်းတွေဆို ရပ်လိုက် သုံးလိုက်ပေါ့။ အခုက တောက်လျှောက် သုံးသွားတယ်ထင်တယ်။ နည်းနည်းလေးတော့ ပိုကျတယ် အများကြီးတော့ မဟုတ်ဘူး။
မေး ။ ။ တချို့အိမ်တွေဆိုရင် မတ်လမှာ ယူနစ် ၄၀၀ လောက်ပဲ ကျပေမယ့် ဒီဧပြီမှာ ယူနစ် ၈၀၀ ကျော်အထိ နှစ်ဆ တိုးလာကြတယ်။ အဲဒီ အကြောင်းရင်းကို နားမလည်နိုင်ကြဘူး။ ဒါက တကယ်ပဲ ၂ ဆ သုံးစွဲလို့လား ဒါမှမဟုတ် မီတာယူနစ် တွေကို အမှန်တကယ်သုံးတဲ့ ပမာဏထက်ကို ပိုတိုးပြီး ဖတ်နေတယ်လို့ ပြောနေကြတယ်။ အဲဒီ ဝေဖန်ချက်ကို ဘယ်လိုများ တုန့်ပြန်ဖြေရှင်းချင်လဲ။
ဖြေ ။ ။ ပိုဖတ်တာတော့ မဖြစ်ဘူးဗျ။ မီတာကတော့ တွေ့တဲ့ဂဏန်းကို ဖတ်ရတာ။ တခုတော့ရှိတယ်။ Stay Home ကြောင့်လည်း ဖြစ်နိုင်တယ်။ လူတွေလည်း အများစု အိမ်မှာနေကြတာကိုး။ နဂိုတုန်းကတော့ သင်္ကြန်ဆို အပြင်ထွက်ကြ လည်ကြပတ်ကြတော့ ကျလည်း ကျသွားတာပေါ့။ မတ်လအထိက သိပ်မနေကြသေးဘဲ ဧပြီထဲမှာက လုံးလုံး ငြိမ်သွားတာကိုး။ Stay Home ကြောင့်လို့ ယူဆတယ်။

မေး ။ ။ ဒါဆို Stay Home ကြောင့် ပိုကုန်ကျတဲ့ သဘောမျိုးလား။
ဖြေ ။ ။ Stay Home ကြောင့် မီးပိုသုံးသွားတယ်ပေါ့ အိမ်ထဲမှာ အချိန်ပြည့်သုံးကြတာပေါ့။ အဲဒီလိုလို့ ယူဆတာပဲ။ ကျနော်တို့ကိုယ်တိုင်ကိုလည်း အိမ်မှာ ပိုကျနေတယ်။
မေး ။ ။ ကင်းလွတ်ခွင့် ပေးရတဲ့ မီတာခ ၁၅၀ ယူနစ်အတွက်ကို ကျေအောင် YESC က တိုးကောက်နေတယ်လို့ကို ပြောနေကြတော့ အဲဒီပေါ်မှာလည်း မှတ်ချက်ပေးပါဦး။
ဖြေ ။ ။ ဒါကတော့ လူတွေရဲ့ ထင်မြင်ချက်ဖြစ်ပါလိမ့်မယ်။ မီတာဆိုတာတော့ မြင်တဲ့အတိုင်း တွေ့တဲ့အတိုင်း ကောက်ရတာ။ တကယ်လို့ မီတာတွေ သိပ်များတယ်ဆိုရင်တော့ ပြန်လည်စစ်ဆေးပေးတယ်။
မေး ။ ။ ဒီလိုအကြပ်အတည်းကာလမှာ မီတာခ ကုန်ကျငွေ နှုန်းထားတွေ မြင့်တက်လာမှုကြောင့် ပေးဆောင်ဖို့ အခက်အခဲရှိနေကြတာမျိုးတွေ ကြားသိရပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲကို ပြေလည်ဖို့ YESC အနေနဲ့ ဘာများ လုပ်ဆောင်ပေးနိုင်တာရှိလဲ။
ဖြေ ။ ။ နောက်ဆုံးပေးဆောင်ရက်တွေ နောက်ဆုတ်ပေးထားတယ်မလား။ အဲဒါတွေ ဆောင်ရွက်ပေးထားတာ ရှိတယ်။ နောက် ကားတွေနဲ့ လိုက်ကောက်တာရှိမယ်။ လူတွေ သွားရေးလာရေး အဆင်ပြေအောင်ပေါ့။
မေး ။ ။ နောက်ဆုံး မေးခွန်းအနေနဲ့ ထပ်ပြီး သိချင်တာက အခုလိုမျိုး မီတာခတွေ ၂ ဆ၊ ၃ဆ ဖြစ်လာတာက ဘာကြောင့် ဖြစ်တယ် ဆိုတာ ပြောလို့ရမလားရှင့်။
ဖြေ ။ ။ မီတာခ ၂ဆ၊ ၃ဆ တော့ ကျနော်မသိဘူး။ ကျနော်သိတာကတော့ ရာသီဥတု ပူတယ်၊ ပူတော့ ပိုသုံးတယ်။ လူတွေအိမ်မှာ အမြဲနေတယ်။ ဒါကြောင့်မို့လို့ မီတာခ ပိုကျတယ်လို့ပဲ သတ်မှတ်တယ်။ ပိုကျတာတော့မှန်တယ်။ ကျနော်တို့ဆီမှာလည်း ကျပါတယ်။
ဆက်စပ်ဖတ်ရှုရန်
မီတာခ ပေးဆောင်ရန် တန်းစီစဉ် မူးလဲသွားသူ ကွယ်လွန်
လူစုလူဝေး မဖြစ်စေရေး မီတာခ ပေးဆောင်မှု ၁ လ နောက်ဆုတ်
တနင်္သာရီတိုင်း မီတာခ ကင်းလွတ်ခွင့် အစီအစဉ်ရှင်းပြရန် ထားဝယ်တိုင်းရင်းသား ပါတီပြော