ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှ COVID-19 ရောဂါပိုး ကူးစက်ခံရသူကို ကုသပေးနေရင်းဖြင့် ရောဂါကူးစက်ခံခဲ့ရသည့် မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်စိန်သည် ယခုအချိန်တွင် ရောဂါပိုးကူးစက်မှုမှ သက်သာ ပျောက်ကင်းသွားပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒေါက်တာ မြင့်မြင့်စိန်အနေဖြင့် လူနာကို ကူသမှုပေးရင် ကူးစက်မှုခံရသည့် ပထမဆုံး ဆရာဝန်တဦး ဖြစ် သည်။ ထို့အတွက် ကူးစက်ခံရသည့် အခြေအနေ၊ ၎င်းကို ဆေးကုသမှုပေးပုံများ၊ မည်သည့် ကုထုံးများ ကုသမှုဖြင့် သက် သာလာခြင်း၊ COVID ဗိုင်းရပ်စ်ပိုးကို ကုသမှု ကုထုံး တိတိကျကျ ကမ္ဘာပေါ်တွင် မပေါ်သေးသော်လည်း မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းသည် အိမ်နီးခြင်း နိုင်ငံများနှင့် ယှဉ်မည်ဆိုလျှင် နည်းပါးနေခြင်းမှာ အဘယ့်ကြောင့် ဆို သည်တို့ကိုလည်း ဧရာဝတီ သတင်းထောက် ထက်ခေါင်လင်းက မေးမြန်းထားပါသည်။
မေလ ၁၅ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၈၁ ဦး ရှိပြီး ရောဂါပိုး ကင်းစင် လာသူ ၇၉ ဦးအနက် ၆၆ ဦး ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်သည်။ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ၆ ဦး ရှိ သည်။
မေး။ ။ ဆရာမအနေနဲ့ COVID-19 ရောဂါပိုး ကူးစက်ခံလိုက်ရပြီလို့ သိလိုက်တဲ့အချိန်မှာ ဘယ်လို ခံစားလိုက်ရလဲ။ အခု လို ပျောက်ကင်းတဲ့အဆင့် ထိရောက်အောင် ဘယ်လိုပြုမူ နေထိုင်ပြီး ဆေးကုသမှု ခံယူခဲ့ရလဲ။
ဖြေ။ ။ ကျမတို့ ကူးစက်ခံထားရတဲ့ လူနာရဲ့ အရေးပေါ် အသက်ရှုပိုက်ထည့်တဲ့အချိန်မှာ အကာကွယ်ပစ္စည်းတခုကို ကျမ တို့က ဖယ်ရှားထားလိုက်တဲ့အတွက် ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ပြည်သူ လူထုကြားမှာတော့ ဒီနည်းနဲ့ မကူးစက် နိုင်ပါဘူး။ ပြည်သူကြားမှာက ချောင်းဆိုးတဲ့သူတွေက ထွက်တဲ့ အရည်ထိနေတဲ့ဟာတွေကို မသိဘဲနဲ့ ထိတွေ့ကိုင်မိပြီး မျက်လုံး၊ ပါးစပ်၊ နှာခေါင်းစတဲ့ ဟာတွေကို ကိုင်မိတာကနေ ကူးစက်တာ ဖြစ်ပါတယ်။
ပြည်သူမှာက ကူးစက်မှုကို မကြောက်ရွံ့ကြသလို ဖြစ်နေတယ်။ အဲဒီလူနာ အဖြေမထွက်ခင်ကတည်းက ပိုးကူးနိုင်တယ်ဆို တာ ကျမတို့ ရာခိုင်နှုန်း တော်တော်များများ တွေးထားပါတယ်။ အဲဒီအတွက် PPE ဆိုတဲ့ အကာကွယ် ပစ္စည်းတွေလည်း ကျမတို့ ဝတ်ပါတယ်။ ဒါပေမယ့် ကျမတို့ဆီကို လူနာရောက်တဲ့အချိန်က အရေးပေါ် ပိုက်ထည့်တဲ့အခါ မှာ ကျမတို့ လိုအပ် တဲ့ ပစ္စည်းတွေ အဲဒီအချိန်က မပြည့်စုံသေးပါဘူး။ ကျွမ်းကျင်တဲ့ ဝန်ထမ်းအင်အားတို့က အစပေါ့။
အဲဒီအချိန်က ရုပ်ပိုင်းဆိုင်ရာတွေရော၊ လေ့ကျင့်မှုရော၊ လူအင်အားတွေရော အားလုံးအဆင်သင့် မဖြစ်သေးခင်မှာ ပိုးတွေ့ လူနာကို ကုသရင်း ကူးသွားတာ။ ကူးသွားနိုင်တာ သိသိလျက်နဲ့ ကုသရင်း တကယ်လည်း ကူးသွားပါတယ်။ အထိုက်အ လျှောက်တော့ ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။
အဲဒီလို ဖြစ်နိုင်ခြေကို ပြင်ဆင်ပြီးသား ဖြစ်ခဲ့ပေမယ့် လူဆိုတာက အနည်းနဲ့အများတော့ ကြောက်ကြတာပေါ့။ ကိုယ့်ရှေ့မှာ COVID ကို ပြင်းပြင်းထန်ထန် ခံစားပြီး သေဆုံးသွားတာကို တွေ့ခဲ့တာမို့ COVID ရဲ့ အဓိက ကုထုံးက ကိုယ်ခံအားကိုပဲ အားကိုးစရာ ဖြစ်တယ်။ အဲဒီအတွက် ကိုယ်ခံအား မတည်မငြိမ် ဖြစ်စေနိုင်တဲ့ စိတ်လှုပ်ရှားမှုတွေ၊ ကြောက်ရွံ့မှုတွေ အား လုံးကို လျှော့ချပါတယ်။
နောက် တကမ္ဘာလုံးရဲ့ လက်ခံထားတဲ့ ကုထုံးတွေကိုလည်း လက်ခံပြီးတော့ ကျော်ဖြတ်လာတာ ဖြစ်ပါတယ်။ ကျမလည်း လူသာမန်တယောက် ဖြစ်တဲ့အတွက် အနည်းနဲ့အများ ကြောက်ရွံ့မှု ရှိပေမယ့် ကျမတို့ သင်ထားတဲ့ ဗဟုသုတကြောင့်မို့ ကြောက်ရွံ့မှုကို အချိန်မီ ပြန်ထိန်းသိမ်းနိုင်တယ်။
မေး။ ။ ဆရာမအနေနဲ့ COVID ကို ဘယ်အဆင့်ကနေ ဖြစ်ပွားခဲ့လဲ။ COVID မှာရော အဆင့် ဘယ်အဆင့်လောက်အထိ ရှိလဲ။
ဖြေ။ ။ ပြည်သူတွေအနေနဲ့ မကြောက်တဲ့သူတွေက မကြောက်သလို ကြောက်တဲ့သူတွေက ကြောက်ကြတယ်။ COVID မှာ အဓိက ပြဿနာက သေနှုန်းက ဒီလောက်မများပေမယ့် ကူးစက်မှုနှုန်းက မြန်သလို များလည်းများတယ်။ ဖြစ်ပွားမှုနှုန်း များမယ်ဆိုရင် သေနှုန်း မများသော်လည်း အကုန်လုံး ပြင်ဆင်ထားဖို့ လိုတယ်။
COVID မှာ ယေဘူယျအားဖြင့် အဆင့် ၃ ဆင့်လောက် ရှိတယ်။ ပထမအဆင့် A ကတော့ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက် ကိုက်ခဲ၊ လည်ချောင်းနာ၊ ဝမ်းသွားပြီး ပုံမှန်အနေအထားတွေ မပျက်စီးဘဲ ဒီအဆင့်မှာပဲ ရှိနေတဲ့ဟာပေါ့။ အခု နောက်ဆုံးရ သတင်းတွေဆို ဘာလက္ခဏာမှ မရှိဘဲနဲ့တောင်မှ ကူးစက်နိုင်တယ်ဆိုတာ သိလာရတယ်။ အနံ့၊ အရသာလေး ပျောက်ရုံနဲ့ တင်ပဲ။ တချို့ဆို အဲဒီဟာတွေတောင် မဖြစ်ဘဲ ကိုယ့်ပုံမှန် စားသောက်နေထိုင်မှုတွေတောင် မပျက်ဘဲ ဖြစ်လာတယ်။ အဲဒီ အဆင့်က မြန်မာနိုင်ငံမှာလဲ ရှိနေနိုင်ပါတယ်။
ကျမတို့ တိုင်းပြည်အနေနဲ့ အားလုံးကို မစစ်နိုင်ပါဘူး။ နိုင်ငံခြားမှာလည်း လူတိုင်းကို မစစ်နိုင်ဘူး။ ဒါပေမယ့် တခြား အပြည် ပြည်ဆိုင်ရာမှာ ရှိတဲ့လူတွေကြတော့ သူတို့ရဲ့ လေ့လာမှုတွေအရ ဒီလို ရောဂါလက္ခဏာ ရှိလာရင်လည်း အရမ်း မကြောက် ရွံ့သလို အရမ်း ဂရုမစိုက်တာလည်း မရှိဘူး။ ဒီမှာက အဲဒီ အသိပညာ ပြည်သူလူထုမှာ နည်းနေတဲ့အတွက်ကြောင့် လိုက် တိုက်တွန်းနေရတာ ဖြစ်တယ်။
အဆင့် A ကနေ ဒီထက်ပို ချောင်းဆိုးလာမယ်၊ လည်ချောင်း နာလာမယ်၊ အဖျားကလည်း တက်လာမယ်။ အသက်ရှုနှုန်း တွေလည်း မြန်လာမယ်၊ အသက်ရှုရ ခက်လာမယ်၊ ကိုယ်လက် မအီမသာနဲ့ အရမ်းကို နုံးလာမယ်ဆိုရင် ဒုတိယအဆင့် B လို့ သတ်မှတ်တယ်။ အဲဒီအဆင့်က အိမ်မှာ မနေသင့်တော့ဘူးပေါ့။
အချိန်မရွေးဆိုးဝါးတဲ့ တတိယအဆင့် C ကို ရောက်သွားနိုင်တဲ့ အတွက်ကြောင့် ဆေးရုံ၊ ဆေးခန်းတွေလာပြီး သက်ဆိုင်ရာ သမားတော်တွေနဲ့ ဆေးကုသမှု ခံယူဖို့ လိုလာပါတယ်။
ဆေးရုံ၊ ဆေးခန်းက လိုအပ်တာတွေ လုပ်ပေးမယ်။ နှာခေါင်း တို့ပတ်၊ လည်ချောင်း တို့ပတ်တွေကို စစ်ပါမယ်။ အဲဒီ အဖြေ ပေါ် မူတည်ပြီး သာမန်လား၊ စောင့်ကြည့်လား ခွဲခြားသွား လိမ့်မယ်။ အဲဒီ အဆင့်မှာတင် ပိုးတွေ့သွားပြီဆိုရင်တော့ သီးသန့် စောင့်ကြည့်ခန်း Isolated Room ကို ပြောင်းနေရမှာ ဖြစ်ပါတယ်။
အဲဒီအခန်းထဲက သူကလည်း ထွက်လို့ မရသလို အပြင်လူကလည်း အကာကွယ်တွေ မပါဘဲ ဝင်လို့မရတော့ပါဘူး။ တတိ ယအဆင့်ကို ရောက်ပြီဆိုရင်တော့ ပိုပြီး ဂရုစိုက်ရပါတယ်။ ကျမလည်း အဲဒီ တတိယအဆင့် နီးပါးကို ရောက်သွားတာ ဖြစ် ပါတယ်။
မေး။ ။ အဲဒီအဆင့် A၊ B၊ C မှာ အသက်အရွယ်နဲ့ရော ဆိုင်လားခင်ဗျ။
ဖြေ။ ။ အသက်နဲ့ မဆိုင်ဘူး။ အကုန်လုံးမှာ ဖြစ်နိုင်တယ်။ အသက်ရွယ်မရွေး၊ ကျား မ မရွေး ဖြစ်နိုင်တယ်။ ဒါပေမယ့် ပြင်း ထန်မှုကျတော့ အသက်ကြီးတဲ့သူတွေ၊ အသက် ၆ဝ ကျော်တဲ့ သူတွေ၊ နဂို ရောဂါအခံ ရှိတဲ့သူတွေ ပြင်းထန်တဲ့ လက္ခဏာ ပိုဖြစ်နိုင်တယ်ဆိုတာ တွေ့ရှိထားပါတယ်။ နှလုံး၊ ဆီးချို၊ သွေးတိုး၊ အဆုတ် စတဲ့သူတွေပေါ့။ အမျိုးသားနဲ့ အမျိုးသမီး ယှဉ် လိုက်ရင် အမျိုးသားတွေမှာ ပိုပြင်းထန်တဲ့ လက္ခဏာ ရှိတယ်။ ရှာဖွေတွေ့ရှိချက်တွေအရပေါ့။ အတည်ပြု၊ မပြုက တိုင်းပြည် တခုနဲ့တခု မတူဘူး။
မေး။ ။ အိမ်နီးချင်း နိုင်ငံတချို့ထက် မြန်မာနိုင်ငံဟာ ကူးစက်မှုနှုန်း နည်းပါးသလို ကူးစက်ခံရသူတွေထဲမှာ ပြန်ကောင်းလာ တဲ့သူ ရာခိုင်နှုန်းလည်း အားကောင်းနေတာကို တွေ့ရတယ်။ ဆရာမရဲ့ အတွေ့အကြုံအရ ဘာကြောင့်လို့ ယူဆလဲခင်ဗျ။
ဖြေ။ ။ အခု မြန်မာနိုင်ငံမှာ ရောဂါရှာဖွေ တွေ့ရှိချက်အရ မပြောနိုင်ဘူး ဖြစ်နေတယ်။ ဘာကြောင့်မို့ ဒီလို ပိုးတွေ့လူနာ နည်းနေသလို သေနှုန်းလည်း နည်းနေတယ်။ အဲဒါက ဘာ့ကြောင့်ဆိုတာ မြန်မာနိုင်ငံ ဆေးသုသေသနကတော့ ပိုပြောနိုင် မလား မသိဘူး။ ပြောဖို့ စောနေဦးမယ်လို့ ထင်ပါတယ်။
ကျမက မေ့ဆေးဆရာဝန် ဖြစ်တော့ အဲဒါနဲ့ ပတ်သက်လို့ တိကျတဲ့အဖြေတော့ မရှိဘူး။ ရာသီဥတုကြောင့် ဖြစ်နိုင်တယ်တို့၊ မြန်မာပြည်သူတွေရဲ့ Unknown Factor ကြောင့် ဖြစ်နိုင်တယ်တို့နဲ့ အမျိုးမျိုးတော့ ပြောကြတာပဲ။ ဒါပေမယ့် ဘယ်သူမှ တော့ သေသေချာချာ မသိပါဘူး။
မေး။ ။ COVID ကာလမှာ ကျန်းမာရေး ဝန်ထမ်းတွေဟာ လူနာနဲ့ အရင်ဦးဆုံး ထိတွေ့ရပြီး ရှေ့တန်းကနေ ဆောင်ရွက်ကြ ရသူတွေ ဖြစ်ပါတယ်။ အဲဒီလို လူတွေအတွက် ဘာအခက်အခဲတွေ ရှိနေသေးလဲ။ ဘာတွေ ထောက်ပံ့ပေးဖို့ လိုသေးလဲ။
ဖြေ။ ။ ကျန်းမာရေး ဝန်ထမ်းတွေ အားလုံးဟာ ပြည်သူလူထုနဲ့ ယှဉ်လိုက်ရင် COVID ကို ရှေ့တန်းကနေ ရင်ဆိုင်တိုက်ရ တဲ့ စစ်သားတွေလို ဖြစ်ပါတယ်။ ပြည်သူလူထုက အကာကွယ် အပေးခံရမယ့်လူတွေ ဖြစ်သွားတယ်။ ဒါပေမယ့် ကျမတို့ ကျန်းမာရေး ဝန်ထမ်းတွေ ရင်ဆိုင်တိုက်ရတယ် ဆိုပေမယ့် သေချာတဲ့ ကုထုံးက မရှိဘူး။ အဲဒါကို COVID လူနာကို လက် မခံလို့လည်း မရဘူး။
ပိုးတွေ့လူနာတွေရဲ့ အနီးကပ် အခြေအနေတွေကို အမြဲတမ်း စောင့်ကြည့်ပြီးတော့မှ ပြောင်းလဲလာတဲ့ အခြေအနေအပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းသွားရတာ ဖြစ်ပါတယ်။ ရှေ့တန်းကဆိုတာထက် အနီးကပ် ရင်ဆိုင်တိုက်ရတဲ့ လူတွေလို့ ပြောရမယ်။ သိပြီးသားကြီးကို ဘာပဲဖြစ်ဖြစ် လုပ်ကြရတယ်။
အဲဒီလို ရင်ဆိုင်တိုက်ရတဲ့သူတွေဖြစ်တဲ့အတွက် ဒီရောဂါနဲ့ ပတ်သက်ပြီး နေ့စဉ် ပြောင်းလဲနေတဲ့အတွက် ဗဟုသုတ၊ ပြောင်းလဲနေတဲ့အကြောင်း၊ သုတေသနတွေ၊ သတိထားရမယ့်ဟာတွေ လေ့လာပြီး အရင်ဆုံး မိမိကိုယ်ကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ သူများကို ပြုစုစောင့်ရှောက်ဖို့ ကိုယ်ကိုယ်တိုင်က လုံခြုံအောင် လုပ်ရမှာဖြစ်ပါတယ်။
ဥပမာ- ကျမက သူများကို ပြုစုစောင့်ရှောက်ဖို့ ဆောင်ရွက်ရင်းနဲ့ ကျမကိုယ်တိုင် လုံခြုံမှုကို သတိလက်လွတ် ဖြစ်သွားတဲ့ အတွက် ကျမကိုယ်တိုင် လူနာ ဖြစ်သွားတယ်။ ကျမတို့ အရေးပေါ် ဌာနမှာ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဒီနေရာမှာက မတူဘူး။ အဲဒီလို အဆင့်အလိုက် သတ်မှတ်ချက်အရ လိုအပ်တဲ့ ပစ္စည်းတွေကို မဖြစ်မနေ သက်ဆိုင်ရာတွေက ပြင်ဆင်ထားရပါ မယ်။ ကိုယ့်ကိုကိုယ် လုံခြုံအောင် လုပ်ထားရပါ့မယ်။ အဲဒါမှ သူများကို ပြုစုစောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
ကျမဆိုရင် ပစ္စည်းက မပြည့်စုံသလို ကျမကိုယ်တိုင် သတိလက်လွတ် ဖြစ်သွားတဲ့အတွက် ကူးစက်ခံလိုက်ရတာဟာ တတိုင်းပြည်လုံးမှာ အဆိုးထဲက အကောင်းဆိုသလို တပြည်လုံးက မေ့ဆေးဆရာဝန်တွေဟာ ကျမကို သင်ခန်းစာယူပြီး အတတ်နိုင်ဆုံး ပြင်ဆင်နေကြပါတယ်။
ပြည်ထောင်စု အစိုးရရော၊ အလှူရှင်တွေကရော ပိုပြီး အမြင်ကျယ်လာတယ်။ သူတို့မှာ တာဝန်ရှိတာ သိလာပြီး နည်း အမျိုးမျိုးနဲ့ ဖြည့်ဆည်းပေးလာကြပါတယ်။ အဲဒီ လိုအပ်ချက်တွေက COVID မတိုင်ခင်ထဲက လိုအပ်နေတဲ့ အချက်အလက် တွေ ဖြစ်ပါတယ်။
အခု ရုပ်ဝတ္ထုပိုင်းမှာ ပိုပြည့်စုံလာတယ်ဆိုပေမယ့် COVID မတိုင်ခင်ထဲက ကျန်းမာရေး ဝန်ထမ်းတွေဟာ တတိုင်းပြည်လုံး မှာ အင်အား အရမ်းနည်းနေတာ ဖြစ်ပါတယ်။ လေ့ကျင့်မှု အင်အားတွေလည်း နည်းနေပါတယ်။ အခု ပစ္စည်းတွေ ရောက် လာတဲ့အခါ ကျမတို့က လေ့ကျင့်သားရအောင်၊ အကျွမ်းတဝင်ဖြစ်အောင် COVID ကာလကလည်း ရှည်လျားနေတုန်းမှာ နိစ္စဓူဝ ဇာတ်တိုက်နေရမှာ ဖြစ်ပါတယ်။ ကျမဖြစ်သွားတာမျိုး သူတို့ဆီမှာ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာမျိုး ဇာတ်တိုက် ပြင်ဆင်ရမယ်။ ဒီလိုဖြစ်ရင် ဒီလိုလုပ်မယ် ဆိုတာမျိုးပေါ့။

မေး။ ။ COVID ကို ကုသပေးတဲ့ဆီမှာ မေ့ဆေးဆရာဝန်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက် အခြေအနေရှိလဲ။ အရေး ပေါ် ခွဲစိတ်တာမျိုး၊ ကလေးမွေးတာမျိုးမှာကနဲ့ မတူဘူးလို့ ယူဆတယ်။
ဖြေ။ ။ မေ့ဆေးဆရာဝန်တွေ မြန်မာပြည်မှာ ရှေ့တန်းကမပါခဲ့တာ နှစ်တော်တော် ကြာခဲ့ပါပြီ။ ရှေ့တန်းကမပါလို့ အရာ မရောက်တာ မဟုတ်ဘူး။ ဒါပေမယ့် ကျမတို့ရဲ့ အရေးကြီးမှုကို မသိကြဘူး။ ကျမတို့က ကလန့်ကာနောက်က ဇာတ်သမား တွေလိုပဲ။ အမှန်က အရိုးဆရာဝန်၊ သားဖွားမီးယပ်၊ ခွဲစိတ်ဆရာဝန် စသဖြင့် သူတို့နဲ့ တန်းတူပဲ လေ့လာသင်ကြားခဲ့ကြရ တာ ဖြစ်ပါတယ်။
COVID မတိုင်ခင်ထဲက နေ့စဉ် ခွဲစိတ်မှုတွေမှာ သတိထားရတဲ့ အချက်အလက်တွေ ရှိပါတယ်။ မေ့ဆေးပေးတဲ့အခါမှာ လူနာရဲ့ အဓိကက ကျမတို့ပါပဲ။ COVID မတိုင်ခင်ထဲက လူနာဆီက ကူးစက်မှုခံရတဲ့ အများဆုံးသူတွေ ဖြစ်ပါတယ်။ TB ကူးတာ၊ အခြား ပြည်တည် အနာကူးတာ စသဖြင့်ပေါ့။ COVID မတိုင်ခင်ထဲက လူနာရဲ့ အသက်ရှုလမ်းကြောင်းထဲ ပိုက် ထည့်တဲ့အခါ အများဆုံး ကူးစက်ခံရသူတွေပါ။
နောက်တခုက မြန်မာတပြည်လုံးမှာရှိတဲ့ မေ့ဆေးဆရာဝန်တွေရဲ့ အင်အားဟာ မပြည့်စုံပါဘူး။ တခြားဆရာဝန်တွေနဲ့ ညီမျှတဲ့ အင်အား မရှိသေးဘူး။ မေ့ဆေး ဆရာဝန်မရှိဘဲ တချို့မြို့နယ်တွေမှာ မြို့နယ် ဆရာဝန်တွေဟာ သူတို့ သိသ လောက် ဗဟုသုတတွေနဲ့ ခွဲစိတ်နေရတာတွေ ရှိနေပါတယ်။ လုံခြုံမှုကတော့ ၁ဝဝ ရာခိုင်နှုန်း မရှိဘူးပေါ့။
အဲ့ဒီလို မေ့ဆေးဆရာဝန် အားနည်းနေချိန်မှာ တခြားသော ခွဲစိတ်ဆရာဝန်တွေဟာ များနေတော့ ကျမတို့မှာ နေ့စဉ် စိတ် ရောလူရော ပင်ပန်းဖိစီးမှုတွေ ရှိပါတယ်။၂၄ နာရီ အချိန်မရွေး အရေးပေါ်ဆို ကျမတို့က တွန်းပို့ခံကြရပါတယ်။ တခြား ခွဲစိတ် အထူးကုတွေဟာ ဒီလူနာ ခွဲပြီးသွားရင် သွားပြန်အိပ်လို့ ရတယ်။ ကျမတို့ကျတော့ အဲဒါပြီးရင် သားဖွားမီးယပ် လာ ခွဲမယ်။ သားဖွားမီးယပ်ပြီးရင် ပြန်အိပ်ချိန် တခြားဟာ လာခွဲမယ်။၂၄ နာရီလုံး မေ့ဆေးဆရာဝန်တွေဟာ တာဝန်ရှိနေတယ်။
COVID မှာလည်း နေ့စဉ် ဆောင်ရွက်ရတဲ့ ဖိစီးမှုတွေ ရှိနေသလို COVID ကလည်း အချိန်မရွေး လာနိုင်တဲ့အတွက် အဆင် သင့် လုပ်နေရတာတွေ ရှိနေတော့ ကျမတို့မှာ ဖိစီးမှုတွေ အရမ်းများပါတယ်။ ပထမပိုင်းမှာ ကျမတို့အတွက် ကာကွယ်ရေး ပစ္စည်းတွေ မလုံလောက်ပါဘူး။ ကျမအဖြစ်က သက်သေပါပဲ။
အခု အဆိုးထဲက အကောင်းလို့ ပြန်တွေးရင် အခုတော့ ရုပ်ဝတ္ထုပစ္စည်းတွေ တော်တော်လေး ပြည့်စုံလာပါပြီ။ လူတွေလည်း ပိုပြီး သတိဝီရိယ ရှိလာပါပြီ။ COVID ကာလမှာ ကျမတို့က ပိုပြီးတော့ ဖိစီးမှု များပါတယ်လို့တော့ ပြောချင်ပါတယ်။
မေး။ ။ ဆရာမကို ကုသပေးခဲ့တဲ့ အခြေအနေတချို့ ပြောပြပေးပါ။ ဘယ်လို ကုထုံးတွေနဲ့ ကုသပေးခဲ့ပါသလဲ ခင်ဗျ။
ဖြေ။ ။ ကုထုံးက COVID မှာ အတိအကျ မရှိဘူး။ ကျမတို့က ဗိုင်းရပ်စ်နဲ့ အပြင်းထန် ရုန်းကန်နေရတာ။ တခါမှ မတွေ့ဘူး တဲ့ ဗိုင်းရပ်စ်က ရုတ်တရက် အလစ်တိုက်တာကို ခံလိုက်ကြရတာ။ အပြင်မှာတင် ပွားတာ မဟုတ်ဘူး။ ကျမတို့ ခန္ဓာကိုယ် ထဲကိုဝင်ပြီး အံ့သြလောက်အောင် ပွားတာ။ အဲဒါကို စောင့်ကြည့်ရင်း အမျိုးမျိုးသော ဆေးတွေကို သုံးကြည့်ကြတာ။ ဘယ်ဆေးမှ တိတိကျကျ COVID ကို တိုက်နိုင်တာ မရှိသေးဘူး။
လောလောဆယ်မှာတော့ ပွားနှုန်းကို နှေးသွားအောင်၊ ဒီပိုး တိုက်ခိုက်လို့ ခန္ဓာကိုယ်က ရောင်တာတွေ နည်းသွားအောင် ဆေးမျိုးတွေပဲ နိုင်ငံတကာမှာ သုံးနေတာ ဖြစ်ပါတယ်။ နောက်ထပ် ကိုယ်ခံအားနဲ့ ဆိုင်တဲ့ ဆေးမျိုးတွေဖြစ်တဲ့ HIV၊ AIDS နဲ့ ဆိုင်တဲ့ ဆေးမျိုးတွေလည်း သူတို့ သုံးနေပါတယ်။ သို့သော် အတိအကျ သတ်နိုင်တဲ့ဆေးမျိုး မရှိသေးပါဘူး။
မေး။ ။ ငှက်ဖျားဆေးတချို့လည်း သုံးတယ်လို့ ကြားမိတယ်။ အဲဒါ ဟုတ်လားခင်ဗျ။
ဖြေ။ ။ ငှက်ဖျားဆေး သုံးတာဟာ ငှက်ဖျားအတွက် သုံးတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ရောင်ပြီး ပျက်စီး သွားတယ်။ အဲဒီအတွက် ရောင်တာတွေ နှေးအောင် လုပ်တာပါ။ အတိအကျ သူ့ကို သတ်တဲ့ဆေးတော့ မဟုတ်ဘူး။ ငှက် ဖျားဆေးလို့သာ ပုံမှန်လူတွေက သိတာ။ ငှက်ဖျားအတွက်တင်မဟုတ်ဘဲ ဒီဆေးကို COVID ရော၊ တခြားရောဂါတွေမှာ ဟိုးအရင်ထဲက ပေးခဲ့တာလည်း ရှိပါတယ်။
မေး။ ။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကန့်သတ်ထားတဲ့ ငှက်ဖျားဆေး တမျိုးကိုလည်း အသုံးပြုနေတယ်လို့ ကြားတယ်။ ဟုတ်လား ခင်ဗျ။
ဖြေ။ ။ အခုမှ ပြန်ပေးတာ မဟုတ်ဘူး။ နဂိုထဲက ပေးနေဆဲပါ။ WHO က ထုတ်ပြန်ထားတယ် ဆိုပေမယ့် သူလည်း အခု ချိန်ထိ လေ့လာနေတုန်း အဆင့်ပဲ။ မဟုတ်သေးဘူး ပြောတယ်။ နောက် ဖြစ်ပြန်တယ် ပြောတယ်နဲ့ အမျိုးမျိုးပဲ။ အခုချိန် ကျမတို့ကို ငှက်ဖျားဆေးပေးတယ်။ ဒါပေမယ့် ငှက်ဖျားဆေး မဟုတ်တော့ပြန်ဘူးပေါ့။
အဲဒါနဲ့ သောက်ပြီး ပျောက်သွားတဲ့သူတွေလည်း COVID လူနာထဲမှာ ရှိတယ်။ အဲဒီဆေးကြောင့်တော့ မဟုတ်ဘူး။ သူ့ ကိုယ်ထဲကို ဝင်သွားတဲ့ ဗိုင်းရပ်စ်တွေရဲ့ ပွားနှုန်း၊ သူ့ခန္ဓာကိုယ်က ပိုးကို ပြန်တိုက်တဲ့ ပုံစံ၊ COVID က အကြာကြီးနေတဲ့ အခါ သူ့ဘာသာသူ ငုတ်ပြီး သေသွားတာပေါ့။ COVID ဗိုင်းရပ်စ်က နောက်ဆဲလ်တခုကို မသွားနိုင်မချင်း သူ့မှာ အာဟာရ မရှိတော့ဘူးပေါ့။ လူအများ နားလည်အောင်ပြောတာပါ။
ကိုယ်ခံအားရဲ့တုံ့ပြန်မှု ပုံစံရယ်၊ ကိုယ့်ထဲကို ဝင်သွားတဲ့ ဗိုင်းရပ်စ်ရဲ့ အနည်းအများရယ်၊ ဗိုင်းရပ်စ်ရဲ့ ပွားနှုန်းရယ် အဲဒီ အပေါ် အခြေခံတယ်။ ဒီထက်သိအောင်လည်း အခု စမ်းသပ်နေကြတုန်းပါပဲ။
နောက် ခန္ဓာကိုယ်ထဲ လက်ခံတဲ့ဟာက ယောကျာ်းနဲ့ မိန်းမတောင် မတူဘူး။ အသက်အရွယ်လည်း ပါတယ်။ အခြေခံရော ဂါ ရှိ မရှိပေါ့။ အဲဒီ တုံ့ပြန်မှုတွေ ကွာသွားတဲ့အတွက် ကျမတို့ တိုင်းပြည်က အခု လောလောဆယ်မှာ COVID တွေ့ရှိတဲ့ဟာ မှာ သေနှုန်း မများဘူးလို့ ယူဆရတယ်။
ဆက်စပ်ဖတ်ရှုရန်
ပြည်နယ်/တိုင်းများရှိ ကန့်သတ်ချက်များ ဖြေလျှော့မှု သိပ်မများနိုင်
ကိုရိုနာဗိုင်းရပ်စ် ပျောက်ကွယ်သွားမည် မဟုတ်ဟု WHO ပြော
မြန်မာနိုင်ငံတွင်း COVID-19 ကူးစက်မှု လျော့ကျ