နေ့စဉ်ရက်ဆက် အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်နေကြသည့် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ စစ်ပွဲမှာ၂ နှစ်နီးပါး ကြာမြင့်လာသည်နှင့်အမျှ နှစ်ဖက် တိုက်ခိုက်မှုများ မီးကုန်ယမ်းကုန် ဆင်နွဲလာကြသည်ကို တွေ့ရှိလာရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နွေ၊ မိုး၊ ဆောင်း၊ သုံးရာသီလုံး မရပ်မနား တိုက်ခိုက်နေသည့် ထိုတိုက်ပွဲများကြောင့် ကျေး ရွာများ မီးလောင်ပြာကျခြင်း၊ အရပ်သားများ ထိခိုက်သေဆုံးခြင်းများမှာ နေ့စဉ်နှင့်အမျှ တိုးလာပြီး ဒေသခံ ပြည်သူများမှာ လည်း အသက်လု ထွက်ပြေးနေကြရသည်။
လက်ရှိ အခြေအချိန်တွင် စစ်ဘေးရှောင်အရေအတွက် ၁၇၀၀၀၀ ကျော်အထိ တိုးလာနေပြီး အသက်ရှင် ရပ်တည်ရေး အတွက် စားသောက်နေထိုင်ရေး အပါအဝင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ကာကွယ်တားဆီး အသိပညာပေးမှုများ မှာလည်း အဖြစ်သဘောလောက်သာ ရှိနေသဖြင့် အလွန် စိုးရိမ်စရာကောင်းသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ရခိုင် မြောက်ပိုင်းမြို့နယ်များကို အစိုးရ အင်တာနက် ကာလရှည်စွာ ပိတ်ထားသည့်အတွက် ကိုဗစ်ရောဂါ မည်သည့် နေရာ တွင် ကူးစက်နေသနည်း၊ မည်မျှလောက်ထိ ကူးစက်မြန်ပြီး ကပ်ရောဂါဆိုးကြီးတခု ဖြစ်နေသည် ဆိုသည်တို့ကို ၎င်းတို့ အနေဖြင့် အတွင်းကျကျ မသိရှိကြပေ။
မေလ ၁၉ ရက် မနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် သံတွဲမြို့နှင့် တောင်ကုတ်မြို့နယ်တို့၌ COVID-19 ရောဂါ ပိုးတွေ့လူနာ ၂ ဦးရှိကြောင်း သိရသည်။
ထိုသို့သော စစ်ဘေးနှင့် ကပ်ဘေးကြားတွင် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော ရခိုင်ပြည် မြောက်ပိုင်းက စစ်ဘေးရှောင်အရေး နှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး (Rakhine Ethnic Congress- REC)မှ ဥက္ကဋ္ဌ ဖြစ်သူ ဦးရွှေ ဖော်စိန်အား ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ရခိုင်မြောက်ပိုင်းက တိုက်ပွဲ အခြေအနေက အချိန်တွေ ကြာမြင့်လာတာနဲ့အမျှ တိုက်ပွဲကလည်း အရှိန် လျှော့ မသွားဘူး။ ပြင်းထန်တုန်းပဲ။ လက်ရှိမှာ စစ်ရှောင်စခန်းနဲ့ စစ်ဘေးရှောင်အရေအတွက်က ဘယ်လောက်ရှိသွားပြီးလဲ။
ဖြေ။ ။ ကျနော်တို့ ရရှိထားတဲ့ စာရင်းအရေအတွက်ဆိုရင် စခန်းပေါင်း ၁၅၀ နီးပါး လောက် ရှိတယ်။ REC အနေနဲ့ ဧပြီလ အတွင်းမှာ ထုတ်ပြန်ထားတာက စခန်းတွင်း စခန်းပြင် စစ်ဘေးရှောင်အရေအတွက်က ၁၆၀၀၀၀ (တသိန်းခြောက် သောင်း) ကျော် ရှိတယ်။ အဲဒီနောက်ပိုင်းမှာ အရေးပေါ် ၁ သောင်းကျော်လောက် ထပ်ပြီးတော့တိုးတာ တွေ့ရှိတယ်။ အခု လောလောဆယ်မှာ စစ်ဘေးဒုက္ခသည် အရေအတွက်က ှစုစုပေါင်း ၁၇၀၀၀၀ ကျော်ထိ ရှိနေတယ်။ ထပ်တိုးလာတဲ့ လူ တွေကတော့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ ပလက်ဝမြို့နယ်တွေက များတယ်။
မေး။ ။ ထပ်တိုးတဲ့ စစ်ရှောင်တွေရဲ့ စားသောက်နေထိုင်ရေး အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ဖြစ်သလိုပဲ ပြန့်ကျဲနေတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျောက်ဆိပ်ရွာဆိုရင်လည်း ဟိုရောက်၊ ဒီရောက် စာရင်း မရဘူး။ အစိုးရဆီမှာလည်း စာရင်း မရှိဘူး။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဆီမှာလည်း စာရင်းမရှိဘူး။ နီးစပ်ရာ ဆွေမျိုး သားချင်းတွေ ရှိတဲ့ နေရာတွေကို မိသားစုလိုက် ဝင်ရောက် ခိုလှုံသွားကြတာ ရှိတယ်။ လတ်တလော ပုဏ္ဏားကျွန်းမြို့နယ် မှာ ဆိုရင် စခန်းအားဖြင့် ပြောမယ်ဆိုရင် စခန်း ၁၀ခု ကျော်လောက် ဖြစ်သွားတယ်။ မြောက်ဦးမြို့နယ်ဘက်ကိုလည်း အိမ် ထောင်စု ၃၀ လောက် ရောက်သွားကြတာ ရှိတယ်။ တိတိကျကျ စာရင်းကောက်ဖို့တော့ မလွယ်ဘူး။
မေး။ ။ စစ်ရှောင်အရေအတွက်နဲ့ ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ အစိုးရက ထုတ်ပြန်တဲ့ စာရင်းတွေက တော်တော် ကွာဟမှုရှိတယ်။ အဲဒါတွေက ဘယ်အပိုင်းမှာ ကွဲလွဲမှု ဖြစ်နေလဲ။
ဖြေ။ ။ ဘာကြောင့် ကွာလဲဆိုတာကတော့ IDP ဒုက္ခသည် ဆိုပြီးတော့ အတည်တကျ လူအပြောင်းအလဲ မရှိဘဲနဲ့ အမြဲ တမ်း IDP ဆိုပြီးတော့ နေရပ်ကို လုံးဝ မပြန်ဘဲနဲ့ အတည်တကျ နေထိုင်တဲ့ လူတွေလောက်ကိုပဲ အစိုးရက အတည်ပြုပါ တယ်။ လတ်တလော ပြေးလာနေကြတဲ့ ဥပမာ- ရွာတရွာမှာ အိမ်ခြေ ၁၀၀ ရှိတယ်။ အိမ်ခြေ ၄၀ က ပျောက်သွားပြီးတော့ အိမ်ခြေ ၂၀ လောက်က ပြန်လာတယ်။ နောက်ကျန်တဲ့ ၃၀ လောက်က အနီးအနားတွေမှာ ခိုလှုံနေတယ်။
စစ်ရှောင်စခန်းကိုလည်း မရောက်၊ အစိုးရ ထောက်ပံ့မှုလည်း မရ။ သူတို့ ဝင်ရောက် နေထိုင်တဲ့ ရွာတွေရဲ့ ပံ့ပိုးမှု အောက် မှာပဲ အခြေအနေအရ ကြည့်ပြီး နေကြတယ်။ အခြေအနေကောင်းရင် ရွာကို ပြန်သွားကြတယ်။ ရွာပြန်နေတယ်ဆိုရင် လည်း မိသားစု အားလုံး မပြန်ဘဲ အိမ်မှာ အုပ်ထိန်းသူတယောက်က ရွာကိုပြန်ပြီး အခြေအနေ သွားကြည့်ပြီး နေတယ်။ ကျန်တဲ့ မိသားစုဝင်တွေက အဲဒီရွာမှာပဲ နေကြတယ်။ အဲဒီလိုမျိုးတွေက အစိုးရဆီမှာ စာရင်း မရှိဘူး။
မေး။ ။ အခုဆိုရင် မိုးတွင်းကာလကို ရောက်တော့မယ်။ အစိုးရအနေနဲ့ ဘယ်လို Plan တွေ ချပြီးတော့ စစ်ဘေးရှောင် အရေးကို ဆောင်ရွက်နေတာကို တွေ့မိလဲ။
ဖြေ။ ။ အစိုးရအနေနဲ့ သေချာ Plan ဆွဲပြီး ဆောင်ရွက်လုပ်ကိုင်နေတာကိုတော့ မတွေ့ရဘူး။ ကျနော်တို့ မြင်တာက အစိုး ရမှာ သူတို့ သတ်မှတ်ထားတဲ့ အဆောင်၊ အဆောက်အအုံတွေ ရှိတယ်။ အဲဒီ အဆောက်အအုံမှာ လာနေရင် သူတို့ ပံ့ပိုးမှု ပေးမယ်၊ ဘာညာဆိုတဲ့ ပုံစံမျိုးပဲ ရှိတယ်။ သို့သော် အဲဒီအဆောက်အအုံမှာ သွားနေတာက အခု ရက်ပိုင်းအတွင်းမှာ အင် မတန်မှ စားနပ်ရိက္ခာ ပြတ်လပ်ပြီးတော့ ဒုက္ခရောက်နေတဲ့ ပုဏ္ဏားကျွန်း စက်မှုဇုန်နေရာမှာ ဆောက်ထားတဲ့ ရေဖြူကန် စခန်းကိုပဲ လူနည်းနည်းလောက်ပဲ သွားနေကြတယ်။
ကျန်တဲ့ စခန်းတော်တော်များများမှာတော့ လူမရှိသေးဘူး။ လက်ရှိမှာတော့ အစိုးရအနေနဲ့ မိုးရာသီကျရင်လည်း အဲဒီ အတိုင်းပဲ။ မိုးရာသီ မကျရင်လည်း အဲဒီအတိုင်းပါပဲ။ လူထုရဲ့လိုအပ်ချက်အရ မိုးရာသီမှ မဟုတ်၊ နွေရာသီမှာလည်း မိုးရာ သီထက် ပိုပြီးတော့ အပူဒဏ်ကို ခံနိုင်ဖို့အတွက် မနည်းကြိုးစားပြီးတော့ နေထိုင်ကြရတယ်။ အဲဒါတွေကိုပင်လျှင် အချိန်မီ လုပ်ပေးမယ်ဆိုလို့ရှိရင် အခုအချိန်မှာ အဆောက်အအုံတွေ စနစ်တကျ မဟုတ်သည့် တိုင်အောင် မိုးလုံလေလုံ နေထိုင်ကြ ရမယ်။
အခုအချိန်ထိ စစ်ဘေးရှောင်ပြည်သူတွေက ဖြစ်သလို နေထိုင်နေကြရတယ်။ ဘုန်းကြီးကျောင်းမှာ၊ စာသင်ကျောင်း အနေ အထားမှာပဲ နေထိုင်ကြရတယ်။ ဆိုတော့ အစိုးရရဲ့ လုပ်ဆောင်မှုအပိုင်းကို ကျနော်တို့အနေနဲ့ ဘာမှကို ပြောစရာမလို တော့ဘူး။ သူတို့အနေနဲ့ ဒီဟာတွေကို လုပ်သင့်လုပ်ထိုက်တယ်လို့ မြင်မလား။ မလုပ်ရင်လည်း ရတယ်လို့ မြင်မလား၊ ပြော ဖို့တော့ တော်တော်ခက်တယ်။
လူထုအနေနဲ့တော့ ဒုက္ခရောက်တာတော့ ပြောစရာကို မလိုတော့ဘူး။ စားဝတ်နေရေးကလည်း ပြဿနာ ရှိတယ်။ သောက် သုံးရေကလည်း ပြဿနာ ရှိတယ်။ နောက်တခါ ရိက္ခာတွေကလည်း တလနဲ့တလ လိုက်မမီတာကလည်း ပြဿနာရှိ တယ်။ နောက်ပြီးတော့ နေရာတိုင်းအရ အခုအချိန်မှာ လူစုလူဝေး မနေရဆိုပေမယ့် ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတို့၊ စာ သင်ကျောင်းတို့မှာ နေထိုင်ကြရတာတွေဟာ အခုအချိန်အထိလည်း ရှိနေပါသေးတယ်။ အဲဒီ အခက်အခဲတွေကို အစိုးရ အနေနဲ့ ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာ အခုချိန်အထိ အရိပ်အယောင် ဘာမခုမှ မတွေ့ရသေးဘူး။
မေး။ ။ နောက်တခုက ခွင့်ပြုချက်မရှိ စစ်ဘေးရှောင်စခန်း မဆောက်ဖို့ အစိုးရက ညွန်ကြားချက် ထုတ်တာလည်း တွေ့ရ တယ်။ အဲဒီအပေါ်မှာ ဘယ်လို မြင်လဲ။
ဖြေ။ ။ စစ်ဘေးရှောင်စခန်းတွေ ခွင့်ပြုချက်မရှိဘဲ မဆောက်နဲ့ဆိုတာ မှန်ပါတယ်။ အစိုးရအနေနဲ့ ဥပဒေအရပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုအပေါ်မှာ စာနာထောက်ထားမှုအရ လိုအပ်ချက်အရ မဆောက်နဲ့ဆိုရင် စစ်ဘေးရှောင်ပြည်သူတွေ ဘယ်မှာ နေမလဲဆိုတာ စီစဉ်ပေးပေါ့။ သူတို့က မဆောက်နဲ့ဆိုရင် မဆောက်တော့ဘူးလေ။
လူထုမှာ အာဏာရှိတာလည်း မဟုတ်ဘူး။ လက်နက်ရှိတာလဲ မဟုတ်ဘူး။ စခန်းတွေ မဆောက်ရဘူး ဆိုရင်သူတို့ကို လောလောဆယ် ဘယ်နေရာမှာ နေရာထိုင်ခင်း ချပေးမလဲ။ ဘယ်နေရာတွေက သင့်တော်တယ် ဆိုတာတွေက အစိုးရ အနေနဲ့ လူထုအခက်အခဲကို အချိန်မီ ကာကွယ်ပေးရမယ်။ အဲဒါမျိုးဆိုရင် ဆောက်စရာလည်း မလို။ ပြေးလွှားစရာလည်း မလိုဘူးပေါ့။ အခုက ပြေးလာနေကြပြီး ဟိုနေရာဝင်နေ၊ ဒီနေရာဝင်နေ။
မေး။ ။ စစ်ရှောင်စခန်းတွေ တကယ်လိုအပ်လို့ ဆောက်မယ်ဆိုရင် အသိပေး တင်ပြပြီးတော့ လုံခြုံရေး အခြေအနေပေါ် မူတည်ပြီးတော့ ခွင့်ပြုချက်ပေးသွားမယ်လို့ အစိုးရက ပြောထားတာ ရှိပါတယ်။
ဖြေ။ ။ ဒီအတိုင်းဆိုရင်တော့ ဒါကမှန်ပါတယ်။ စစ်ဘေးရှောင် လူထုကလည်း ကျနော်တို့ကတော့ ဒီလို ဒီလို အခက်အခဲ တွေ ဖြစ်နေတယ်။ ဒီနေရာမှာ နေထိုင်မယ်ဆိုရင် သူတို့အတွက် အဆင်ပြေမယ်။ ဒီနေရာကို လိုချင်တယ်။ အစိုးရကလည်း လုံခြုံရေးအရ ခွင့်မပြုနိုင်၊ ဒီလို ဖြစ်တဲ့အခါမှာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးတော့ လုံခြုံတဲ့နေရာတွေမှာ ဆောက်ပေးမယ်ဆိုရင် ဒါကတော့ အကောင်းဆုံး နည်းလမ်းပါ။
ဒါကို ကျနော်တို့ကတော့ လက်ခံပါတယ်။ လူထုကလည်း တင်ပြမယ်။ ဒီနေရာမှာ နေချင်ဆိုရင်တော့ သူတို့နေထိုင်မှု ပုံစံနဲ့ ကိုက်ညီမှု ရှိမယ်။ အစိုးရကလည်း ဒီနေရာမှာ ဆိုရင်တော့ မဖြစ်နိုင်ဘူး။ အလယ်အလတ်အနေနဲ့ သင့်တော်တဲ့နေရာ တခု ကို တင်ပြလိုက်မယ်ဆိုရင် အစိုးရအနေနဲ့လည်း ခွင့်ပြုပေးရမယ်။ အဲဒါဆိုရင် စစ်ဘေးရှောင်ပြည်သူတွေကလည်း ပူစရာ လည်း မလိုသလို ကိုယ့်ဟာကိုယ် ဆောက်စရာလည်း မလိုတော့ဘူး။
ပြည်သူတွေအနေနဲ့လည်း ရှင်းရှင်းပြောရရင် တယောက်မှ အိုးပစ်အိမ်ပစ် ထွက်မပြေးချင်ဘူး။ အသက်တချောင်း မသေရ အောင် လွတ်ရာလွတ်ကြောင်း ပြေးလာရခြင်းသာ ဖြစ်တယ်။ သူတို့ အခုအချိန်အထိ ဘယ်နေရာမှာ နေရမယ်ဆိုတာ သေ ချာ မသိရသေးဘူး။ မိုးကျတော့မယ်။ နွေရာသီလည်း ကုန်သွားပြီ။ အခုထိ နေရာစရာ မရှိသေးဘူး။ ဟိုနေရာမှာလည်း မနေရ၊ ဒီနေရာမှာလည်း မနေရဆိုရင် ဘယ်နေရမှာနေရမလဲ ဆိုတာပြော။ အစိုးရအနေနဲ့ နေရာတခုခုမှာတော့ ချပေးရ မယ်။
မေး။ ။ အစိုးရဘက်က ပြောထားတာက ဆောက်ပေးထားတဲ့ နေရာမှာ လာမနေကြဘူး။ စစ်ဘေးရှောင်တွေ လာမနေတဲ့ အခါ သူတို့အတွက်လည်း လုပ်ရကိုင်ရတာ အခက်အခဲ ဖြစ်တယ်။ ဆောက်ပေးထားတဲ့ စခန်းတွေမှာတောင် လူမပြည့်တဲ့ အခါမှာ နောက်ထပ်ဆောက်ပေးဖို့ ဆိုတာ လက်တွေ့မှာ မလွယ်ဘူးလို့ ပြောပါတယ်။
ဖြေ။ ။ ကျနော်တို့ကတော့ အစကတည်းက မြင်ပြီးသားပါ။ ဘာကြောင့်လဲဆိုရင် စစ်ဘေးရှောင်တွေက ကိုယ့်ရဲ့ ဒေသကို စွန့်ခွာပြီး ပြေးလာတယ်ဆိုပေမယ့် သံယောဇဉ်ဆိုတာက ကိုယ့်အိမ်မှာ ကျန်ခဲ့တဲ့ ကြက်ကလေး တကောင်၊ ခွေကလေး တ ကောင်ကစ အဆင်ပြေရင် သွားပြီးတော့ ကြည့်ပစ်ချင်တယ်။ ကိုယ့်မှာ နွားကလေး တကောင် ကျန်ခဲ့တယ်။ ဆောက်လက် စ အိမ်လေး တလုံး ကျန်ခဲ့တယ်။ မိသားစုဝင်တွေရဲ့ အစ ခပ်သိမ်း အသုံးအဆောင်ပစ္စည်းတွေကို မက်မောတတ်တဲ့ လူသား ဖြစ်တဲ့အတွက်နဲ့ ကိုယ့်အိမ်ကိုယ့်ယာနဲ့ အလွန်တရာမှ အလှမ်းဝေးတဲ့ ဒေသတွေမှာ မနေချင်ကြဘူး။
အခြေအနေအရ ဒီနေ့ ရွာကို သွားကြည့်မယ်။ နောက်တနေ့ ပြန်လာမယ်။ အခြေအနေကောင်းရင် အခုချက်ချင်း ကိုယ့်ရွာ မှာကိုယ်သွားပြီး တော့ ပြန်နေမယ်။ အဲဒီလို စိတ်ဆန္ဒတွေမျိုးတွေ ရှိကြတော့ သူတို့နဲ့ အဆင်ပြေမယ့်နေရာ၊ ရွာနဲ့ အနီးစပ် ဆုံး မဟုတ်သည့် တိုင်အောင် အစိုးရ ဆောက်ပေးတဲ့ အဆောက်အအုံကတမျိုး၊ နေရာထိုင်ခင်း အလှမ်းဝေးတာက တမျိုး၊ သူတို့ ဒေသနဲ့ အလှမ်းဝေးကွာတာက တမျိုး၊ ဒီလို အကြောင်းအမျိုးမျိုးကြောင့် အစိုးရ ဆောက်ပေးတဲ့ စစ်ဘေးရှောင်ဒုက္ခ သည် စခန်းတွေက မနေချင်ကြဘူး။
ဒီဟာကို အစကတည်းက သူ့ဒေသအလိုက်ပေါ့။ အခြေချ နေထိုင်မယ်ဆိုရင် ဘယ်နားမှာ အဆင်ပြေမလဲဆိုတာကို ပထမ ဆုံး ကြိုတင် ညှိနှိုင်းပြီးမှာ ဆောက်သင့်တယ်။ အခုက ဆောက်ပြီးမှ ပြန်ညှိနှိုင်းတယ်ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။ မဆောက်ခင်ကတည်းက ညှိနှိုင်းခဲ့မယ်ဆိုရင် ဒီအဆောက်အအုံတွေဟာ အလကားမဖြစ်ဘူး။ တကယ်လို့ ညှိနှိုင်းပြီးမှ နေ မယ်ဆိုပြီး ကတိခံပြီးတော့ မနေဘူးဆိုရင် ပြည်သူတွေရဲ့ အမှားပါ။ အခုက ကြိုတင်ညှိနှိုင်းမှုလည်း မရှိ။ သူတို့ဟာသူတို့ ဆောက်ထားတဲ့ အဆောက်အအုံမှာ လာမနေဘူး ပြောနေတာက ဒါကတော့ နည်းနည်း သဘာဝ မကျဘူး။
စစ်ဘေးရှောင် ပြည်သူတွေလည်း အလွန်တရာ ဒုက္ခရောက်ကြမယ်။ အစိုးရအနေနဲ့လည်း ငွေကြေးတွေ အလဟသ ကုန် တယ်။ တယောက်နဲ့တယောက် အပြစ်တင်မယ့်အစား ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်တဲ့နေရာမှာ နှစ်ဖက် ညှိနှိုင်းပြီးတော့ လုပ်ကြမယ်ဆိုရင်တော့ ပိုပြီးတော့ သဘာဝ ကျမယ်လို့ ထင်ပါတယ်။
မေး။ ။ အစိုးရအနေနဲ့ စစ်ဘေးရှောင်စခန်းတွေ ဆောက်လုပ်တဲ့အခါ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့တွေ၊ စစ်ဘေးရှောင် စခန်း တာဝန်ခံတွေနဲ့ ဆွေးနွေးတာ။ ညှိနှိုင်းတာတွေ တခါမှ မလုပ်ခဲ့ဘူးလား။
ဖြေ။ ။ ကျနော်တို့ သိသလောက်ကတော့ အဲဒီလို ညှိနှိုင်းပြီးမှ ဆောက်တာ မဟုတ်ဘဲနဲ့ အစိုးရရဲ့ ညွန်ကြားချက်တွေနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ဒီနေရာမှာ သင့်တော်တယ် ဆိုပြီးတော့ ဆောက်ပေးထားတာ ဖြစ်တယ်။ သို့သော်လည်း တကယ်နေဖို့ လူက အစ်ကိုတို့ ကျနော်တို့ မဟုတ်ဘူးလေ။ အာဏာပိုင် အဖွဲ့အစည်းတွေလည်း မဟုတ်။ တကယ့် တကယ် ကို အောက်ခြေအဆင့်မှာရှိတဲ့ လက်လုပ်လက်စားတွေ နေထိုင်ဖို့ ဖြစ်တယ်။ ဆောက်ထားတဲ့ အဆောက်အအုံတွေက လည်း ပတ်ပတ်လည် အကုန်လုံး သွပ်ပြား။ အမိုးလည်း သွပ်၊ အကာလည်းသွပ်ဆိုတော့ ဒီလောက် ပူပြင်းတဲ့ရာသီမှာ သွပ်ပြား ပတ်ပတ်လည် ကာထားတဲ့ နေရာမှာ နေထိုင်ဖို့ ဆိုတာလည်း လုံးဝ မဖြစ်နိုင်ဘူးလေ။
မေး။ ။ စစ်ဘေးရှောင်တွေအတွက် အစိုးရအနေနဲ့ စားနိပ်ရိက္ခာထောက်ပံ့မှု အခြေအနေကို ဘယ်လို တွေ့ရှိရလဲ။
ဖြေ။ ။ စစ်ဘေးရှောင်တွေအတွက် အစိုးရ ရိက္ခာ ထောက်ပံ့မှုကတော့ ပေးတယ်ဆိုတဲ့ သဘော သက်ရောက်ပါတယ်။ သို့သော် လုံလောက်မှု အပိုင်းကိုတော့ ပြောဖို့ ကျနော်တို့အနေနဲ့ ခက်ခဲပါတယ်။ လူတယောက်ကို နို့ဆီဗူး ၁ လုံးနှုန်းဆိုတဲ့ အတိုင်းအတာနဲ့ ပေးလိုက်တဲ့ တလအတွက် စရိတ်။ သို့သော်လည်း အဲဒီဆန် မရောက်ခင်ကတည်းက စားထားတဲ့ အကြွေးသံသရာက များနေတော့ မလည်ပတ်နိုင်တော့ဘူး။
၃ လပြည့်မှ အစိုးရဆီက ရောက်လာတဲ့တယ်။ အဲဒီ ၃ လ မပြည့်ခင် အစိုးရ ဆန်မရောက် လာမီခင်ကတည်းက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ချေးငှား စာသောက် နေထိုင်ကြရတာတွေ အဲဒီလို အမျိုးမျိုး ဖြစ်နေတာ ရှိပါတယ်။ မိသားစုတစုမှာ တလ အတွက် ဆန် ၁ တောင်းရတာ ရှိတယ်။ ဆန် ၁ အိတ် ရတာရှိတယ်။ အဲဒီအထဲက အရေးပေါ် ကျန်းမာရေးကိစ္စနဲ့ ထုတ် ရောင်းရတာတွေ ရှိတယ်။ နေ့တိုင်း ခရမ်းသီး၊ အာလူး စားနေရတာ။ တခုခု စားချင်တယ်ဆိုရင် ဆန်နဲ့ လဲပြီးတော့ စား သောက်ကြတာ ရှိတယ်။
ဆိုတော့ အဲဒီ ဆန်တခုတည်းကိုပဲ အမှီပြုပြီးနေကြရတော့ ရိက္ခာဆန်တွေက သတ်မှတ်ထားတဲ့ ရက်ကို မရောက်မီကုန် သွားတာ ရှိတယ်။ အဲဒီပြဿနာကြောင့် မိသားစုတိုင်းလိုလို ရိက္ခာပြတ်လပ်မှုတွေ ဖြစ်လာတယ်။ တယောက်မှာ မရှိဖြစ်နေ တာကို နောက်တယောက်ကလည်း ထိုင်ကြည့်နေလို့မှ မရတာဆိုတော့ အကုန်လုံးနီးပါး ဒီလိုလည်ပတ်ပြီး ဖြစ်နေပြီးတော့ ဒုက္ခတွေ ရောက်ကုန်ကြတာပဲ။ အဲဒီအတွက်နဲ့ အစိုးရက ထောက်ပံ့ပေးတယ်။ WFP က ထောက်ပံ့ပေးတယ်ဆိုတဲ့ ဆန်ရိက္ခာသည် စကေးအရဆိုတော့ ဘောင်ဝင်တယ်။ လက်တွေ့မြေပြင်မှာ စားသုံးသူအတွက်တော့ လုံးဝ အဆင်မပြေ ဘူး။
မေး။ ။ ကမ္ဘာ့ကပ်ရောဂါက တခုဖြစ်တဲ့ COVID-19 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီးတော့ စစ်ရှောင်စခန်းတွေမှာ အစိုးရ အနေနဲ့ ဘယ်လို အသိပညာပေး ဆောင်ရွက်လုပ်ကိုင်နေတာကို တွေ့ရပါလဲ။
ဖြေ။ ။ အသိပညာပေး ဆောင်ရွက်တာကတော့ များသောအားဖြင့် ကျနော်တို့ မြင်တာကတော့ အဖွဲ့တိုင်းလိုလိုက ကိုယ့် နည်း၊ ကိုယ့်ဟန်နဲ့ ထုတ်ပြန်ထားတဲ့ ဗီနိုင်း၊ လက်ကမ်းစာစောင် တော်တော်များများတော့ နေရာတိုင်းလိုလိုမှာ တွေ့ပါ တယ်။ လက်ဆေးရမယ် ဘာညာဆိုပြီးတော့ အစိုးရက ထုတ်တဲ့ ဗီနိုင်း၊ အဖွဲ့အစည်းတွေက ကပ်တဲ့ဗီနိုင်း အဲဒါတွေတော့ တွေ့ပါတယ်။ အဲဒီ ဗီနိုင်းတွေက ကပ်ရင်လည်း ကပ်ရုံလောက်ပဲ ရှိပါမယ်။
အခု လူတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ အဲဒီ လက်ကမ်းစာ ဖတ်ဖို့ နေနေသာသာ ထားဦး။ ကိုယ့်အိမ်ရှေ့မှာ လူတ ယောက် လဲကျသွားရင်တောင်မှ ကိုယ်နဲ့ မဆိုင်သေးဘူး။ ဒီရောဂါက ကိုယ်တို့နဲ့ မဆိုင်သေးဘူးဆိုတဲ့ အနေအထားမျိုးမှာ အဲဒီ အသိပညာကို ရဖို့ဆိုတာတွေက တော်တော် အလှမ်းဝေးပါသေးတယ်။ ဆိုတော့ အစိုးရအနေနဲ့ ဘယ်လောက်ထိ ထိရောက်အောင် ပညာပေးနိုင်မလဲ ဆိုတာက နိုင်ငံတော်ရဲ့ ဘတ်ဂျက်သုံးစွဲမှုနဲ့ ပြည်သူ ဘယ်လောက် စောင့်ရှောက်ပေး မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။
မေး။ ။ နောက်ဆုံးတခု မေးချင်တာက အခု အခြေအနေက စစ်ရှောင်တွေကလည်း ရခိုင်မြောက်ပိုင်းမြို့နယ်တိုင်းမှာ ပြန့်ကျဲ ရောက်ရှိနေတယ်ဆိုတော့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေးနဲ့ ပတ်သက်ပြီး အောက်ခြေမှာ ဘယ်လို ဖြစ် ပျက်နေကြတာကို တွေ့မိလဲ။
ဖြေ။ ။ အစိုးရကတော့ တာဝန်အရတော့ အလုပ် လုပ်တာကိုး။ ရွာတိုင်းမှာ ဗီနိုင်းကို ထောင်ပြထားတယ်။ အဲဒီ ဗီနိုင်းကို ထောင်ပြတာလောက်နဲ့ လူတွေအကုန်လုံး အသိပညာတွေ ရသွားပြီး ဆိုတာကတော့ မဟုတ်ဘူး။ နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာလဲဆိုတော့ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းအနေနဲ့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကိုယ့်ရွာမှာကိုယ် တာဝန်ယူပြီး တော့ Quarantine center မဆောက်သည့်တိုင်အောင် ကော်မတီဖွဲ့ စောင့်ကြည့်ပြီးတော့ အလုပ်လုပ်ကြတဲ့အခါ တချို့ ရွာတွေမှာ ဘာဖြစ်လာလဲဆိုတော့ ပြည်တွင်း၊ ပြည်ပက ဝင်လာတဲ့ ပုဂ္ဂိုလ်တွေကို နေရာချထားပေးဖို့ နေရာမရှိလို့ စာသင် ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ထားကြတယ်။
အဲဒီလို စုရပ်အနေနဲ့ ထားတဲ့အခါ လူပေါင်း ၆၀၊ ၇၀ ဖြစ်လာတယ်။ အဲဒီလူတွေကို ထိန်းသိမ်းဖို့အတွက် အဆင်မပြေတော့ ဘူး။ သတ်မှတ်ထားတဲ့ လူတွေထက် များလာတဲ့အခါ ရွာမှာ ဖွဲ့ထားတဲ့ ကော်မတီက မနိုင်တော့ဘူး။ အဲဒီအချိန်မှာ အစိုးရ က ချက်ချင်း ဘာတွေ လိုအပ်သလဲ၊ လက်ဆေး ဆပ်ပြာဗူးတွေ လိုလား၊ ရေတွေ လိုလားဆိုတာ ကူညီပေးရမယ်။ အခုဒီလို မဟုတ်ဘူး။ အောက်ခြေအဆင့်မှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက အပူတွေ၊ ဘာတွေ လာတိုင်းပေးသွားတယ်။ ပြီးရင် ပြန်သွားတယ်။ အဲဒီလိုမျိုးပဲ လုပ်ပေးတယ်ဆိုတာက လုံးဝ မဖြစ်သင့်ဘူး။
ကျနော်တို့ ပြည်သူတွေ လိုချင်တာ အဲဒီလိုမဟုတ်။ Quarantine centre ဆောက်သင့်တယ်ဆိုရင် ချက်ချင်း ဆောက်ပေး ရမယ်။ သူတို့အတွက် ဘာတွေလိုအပ်လဲ။ ဆေးဝါးတွေ လိုလား၊ အပူတိုင်း ကိရိယာလိုလား။ သူတို့ကို စောင့်ကြည့်ဖို့ အတွက် PPE ဝတ်စုံလိုလား၊ သူတို့ကို မစိုးရိမ်ဖို့၊ တကိုယ်ရည် သန့်ရှင်းစွာ ထားဖို့အတွက် နေရာထိုင်ခင်းတွေ၊ သောက် သုံးရေတွေကအစ အစိုးရက ဘာထောက်ပံ့တာ ရှိလဲ။ ဘာမှ မရှိဘူး။
အခုက လူတွေအတွက် မိသားစုက ထမင်းတပွဲ ပို့လိုက်တယ်။ ကျေးရွာက လူကြီး သုံး၊ လေးယောက်က သူတို့ အပြင် မထွက်ရအောင် သွားပြီးတော့ စောင့်ကြပ်ပေးတယ်။ အဲဒီအနေအထားပဲ ရှိတယ်။ ကိုယ့်အားကိုယ်ကိုးပြီးတော့ လုပ်နေရ တဲ့ အခန်းကဏ္ဍကနေ တကယ်ရောဂါ ကာကွယ်ရေးအတွက် ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် ကျနော်တို့မှာ ကိရိ ယာ ပစ္စည်းတွေ ပံ့ပိုးမှု လုံးဝ မရှိတဲ့အတွက်ကြောင့် အလုပ်သဘောအရပဲ လုပ်နေကြတဲ့ အတိုင်းအတာ တခုပဲဖြစ်တယ်။ သို့သော်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ကျေးရွာ အသီးသီးမှာတော့ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
ဆက်စပ်ဖတ်ရှုရန် –
အစိုးရဘက်ကတော့ အတတ်နိုင်ဆုံး ပြေလည်အောင်တော့ ဖန်တီး ပေးရမှာပေါ့
ကျမတို့ စစ်ပွဲတွေကို မဖန်တီးခဲ့ပါ … ဒါပေမယ့် …
ရခိုင်တွင် အစိုးရ ခွင့်ပြုချက်မရဘဲ စစ်ရှောင်စခန်းများ မဆောက်ရန် အမိန့်ထုတ်