မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို စတင်တွေရှိသည်မှာ မေလ ၂၃ရက်ဆိုလျှင် ၂ လပြည့်ခဲ့ပြီဖြစ်သည်။ နိုင်ငံတွင်ရောဂါကူးစက်မှုပေါင်း ၂၀၁ ခုအထိရှိနေပြီး သေဆုံး သူ ၆ ဦးရှိပြီဖြစ်သည်။ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် အစိုးရသည် ကြီးမားသော အစီအမံမျာကို အကောင်အထည်ဖေါ်လျှက်ရှိသည်။ ကမ္ဘာတဝှမ်းမှ နိုင်ငံများသည် ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးစားနေချိန်တွင် ထိုင်ဝမ်နိုင်ငံသည် ကမ္ဘာတွင် ထိုရောဂါကို တိုက်ဖျက်ရာတွင် အကောင်းဆုံးပြင်ဆင်ပြီး လက်နက်ကိရိယာတပ်ဆင်ထားသော ဒေသတခုဖြစ်သည်။
ဧရာဝတီ သတင်းဌာနမှ အကြီးတန်းသတင်းထောက် မနန်းလွင်သည် ရန်ကုန်ရှိ ထိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှုရုံးမှ ကိုယ်စားလှယ် ချားလ် စီ လီ Charles C. Li နှင့် ထိုင်ဝမ်၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေး သေနင်္ဂဗျူဟာ၊ မြန်မာနိုင်ငံတွင် ထိုရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ထိုင်ဝမ်ကပေးနေသည့်အကူအညီများ၊ တောင်ပိုင်းသို့ဦးတည်ရေး မူဝါဒသစ်အောက်တွင် ထိုင်ဝမ်နှင့် မြန်မာအကြား သံတမန်ရေးနှင့် စီးပွားရေး မြှင့်တင်ရန် အားထုတ်မှုများ၊ ကိုဗစ်-၁၉ အလွန်ကာလ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးစက်ရောဂါကာလအတွင်း တာဝန်သိသော အစိုးရ၏ အခန်းကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့သည်။
မေး။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ထိုင်ဝမ်ရဲ့ အောင်မြင်မှု အထူးသဖြင့် ရောဂါဖြစ်ပွားမှုကို အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်မှုက အခြားနိုင်ငံတွေအတွက် နမူနာတခုဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထိုင်ဝမ်ဆီက ဘာတွေများလေ့လာနိုင်ပါသလဲ။
ဖြေ။ “ထိုင်ဝမ်ဟာ ခံနှိုင်ရည်ကျွန်း” လို့ သမ္မတ ဆိုင်အင်းဝန်က ပြောခဲ့ဖူးတယ်။ ကျနော်တို့ဟာ နိုင်ငံတနိုင်ငံအနေနဲ့ တစုတစည်းတည်း ရပ်တည်ဖို့ ခက်ခဲတဲ့အချိန်တွေမှာ ဇွဲရှိရှိလုပ်ဆောင်ဖို့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ဟာလည်း ကျနော်တို့အတွက်တော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဒီဗိုင်းရပ်စ်က အရမ်းကို ကူးစက်လွယ်တဲ့ သဘောသဘာဝရှိပြီး စတင်ဖြစ်ပွားရာနေရာက ကျနော်တို့နဲ့ အရမ်းကို နီးကပ်နေပေမယ့် အဓိက ရောဂါကူးစက်မှုတွေကို ကျနော်တို့ ကာကွယ်နိုင်ခဲ့တယ်။ ထိုင်ဝမ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ သီးခြားဖြစ်စေမှုကြောင့်လည်း ကိုဗစ်-၁၉ နဲ့ အခြားကျန်းမာရေး ပြဿနာတွေကို တိုက်ဖျက်ရာမှာ တနည်းအားဖြင့် ကိုယ့်အားကိုယ်ကိုး ဆုံးဖြတ်ဖို့ ဖြစ်စေခဲ့တယ်။
၂၀၀၃ ခုနှစ် ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းရောဂါ (SARs) ဖြစ်ပွားစဉ်တုန်းကလည်း ကျနော်တို့ အရမ်းကို ထိခိုက်ခဲ့တယ်။ ဒီရောဂါကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ဘယ်သူမှ မသိကြဘူးလေ။ နောက်တော့ ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး အပါအဝင် စနစ်တခုလုံးကို ကျနော်တို့တည်ဆောက်ခဲ့တယ်။ အတိတ်က သင်ခန်းစာတွေကို လေ့လာခဲ့တယ်ဆိုတဲ့ ရိုးရှင်းတဲ့အချက်ကြောင့် ဒီတခါမှာတော့ ကျနော်တို့ အောင်မြင်စွာ တုံ့ပြန်နိုင်ခဲ့ပါတယ်။
စောစီးစွာကြိုတင်ပြင်ဆင်မှု၊ မဏ္ဍိုင်အဖွဲ့အစည်းတွေရဲ့ ပေါင်းစပ်စွမ်းအား၊ အစောပိုင်းအဆင့်မှာ ဗဟိုကွပ်ကဲမှု စနစ်ထူထောင်နိုင်ခြင်း၊ ခိုင်မာတဲ့ ပြည်သူ့ကျန်းမာရေး အာမခံ ကွန်ရက်၊ များပြားတဲ့အချက်အလက်တွေနဲ့ ဉာဏ်ရည်တု အသုံးပြုမှု၊ ပြည်သူလူထု ထောက်ခံမှုနဲ့ ခေါင်းဆောင်တွေရဲ့ ခိုင်မာတဲ့ နိုင်ငံရေးစိတ်ဆန္ဒတို့ဟာ ထိုင်ဝမ်မှာ ကိုဗစ်-၁၉ ကို ထိရောက်အောင်မြင်စွာ တိုက်ဖျက်ရေးအတွက် အားလုံး အရေးပါတယ်ဆိုတာ ထင်ရှားပါတယ်။
မြန်မာအစိုးရက ထုတ်ပြန်ကြေညာထားတဲ့ အစီအမံတွေနဲ့ ညွှန်ကြားချက်တွေဟာ အရမ်းထိရောက်ကြောင်း ပြသနေပါတယ်။ ညမထွက်ရတို့၊ တချို့မြို့နယ်တွေကို တစိတ်တပိုင်းအားဖြင့် ပိတ်ဆို့တာတို့၊ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပိတ်ပင်တာတို့၊ အိမ်တွင်းမှာပဲ နေဖို့မေတ္တာရပ်ခံတာတို့၊ သင်္ကြန်ပွဲတော်အတွင်း လူစုလူဝေး အခမ်းအနားကျင်းပတာကို ပိတ်ပင်တာတို့လို တချို့အစီအမံတွေဆိုရင် ထိုင်ဝမ်မှာ ထုတ်ပြန်ခဲ့တာတွေထက်တောင်မှ ပိုမိုတင်းကျပ်ပါတယ်။
မေး။ မြန်မာနိုင်ငံ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ထိုင်ဝမ်က ဘယ်လိုကူညီနိုင်မလဲ။
ဖြေ။ ဒီကအခြေအနေဟာ ထိုင်ဝမ်နဲ့ လုံး၀ ကွဲပြားခြားနားပေမယ့် ကျနော်တို့ သိထားသမျှကို မြန်မာအစိုးရ အရာရှိတွေနဲ့ ဆရာဝန်တွေကို ဝေငှထားပါတယ်။ မြန်မာနိုင်ငံဟာ အလားအလာရှိတဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှုအတွက် ဘယ်လောက်ကောင်းကောင်း ကြိုတင်ပြင်ဆင်ထားတယ်၊ ကိရိယာတွေ ဘယ်လောက်ကောင်းကောင်းတပ်ဆင်ထားတယ် ဆိုတာကို နားလည်ဖို့ နေပြည်တော်မှာရှိတဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးဌာန အဆင့်မြင့်အရာရှိတွေနဲ့ ကျနော်ကိုယ်တိုင် တွေ့ဆုံခဲ့ပါတယ်။ ပိုပြီးအရေးကြီးတာက မြန်မာနိုင်ငံကအခြေအနေကို အကဲဖြတ်ပြီး အရမ်းလိုအပ်နေတဲ့ ပစ္စည်းကိရိယာတွေ အမြန်ဆုံးပေးပို့နိုင်ဖို့ ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကြံပြုချက်တွေ ပေးပို့နိုင်အောင် အခြားနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို ဆေးဖက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ စမ်းသပ်တဲ့ပစ္စည်းတွေနဲ့ ဘယ်လောက်ကောင်းကောင်း ကူညီနေတယ်ဆိုတာကို နားလည်ဖို့တွေ့ဆုံခဲ့တာပါ။ စေတနာရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲအတူ ယနေ့အထိ သိန်းနဲ့ချီတဲ့ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတွေ၊ ပိုးမွှားကာကွယ်ရေးဝတ်စုံတွေ၊ ကုသရေးကာလမှာ ဝတ်ဆင်ဖို့မျက်မှန်တွေနဲ့ အပူချိန်တိုင်း ကိရိယာတွေကို လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ရောက်လာမယ့် အခြားပစ္စည်းတွေလည်း အများကြီးရှိပါသေးတယ်။
စွမ်းရည်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ လတ်တလော ကျနော်တို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နယ်ပယ်ဖြစ်တယ်ဆိုတာကို ကျနော်တို့ ယုံကြည်ပါတယ်။ ကိုဗစ်-၁၉ ကို တိုက်ဖျက်ရာမှာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံကို ဖလှယ်နိုင်ဖို့ မြန်မာကျန်းမာရေးပညာရှင်တွေ အရာရှိတွေနဲ့ သုတေသီတွေနဲ့ ထိုင်ဝမ်က ကျွမ်းကျင်သူတွေအကြား အွန်လိုင်းညီလာခံ နှစ်ခုကို ကျနော်တို့ စီစဉ်ပေးခဲ့ပါတယ်။ ဧပြီလ ၂၄ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ တိုက်ဖျက်ရာမျာ အသိပညာ၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံဖလှယ်ဖို့ ထိုင်ဝမ်က Changhua Christian Hospital ဆေးရုံမှာ အွန်လိုင်း တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်နေပါတယ်။
မေး။ သမ္မတ ဆိုင်းအင်းဝန်ရဲ့ ၂၀၁၆ ခုနှစ်က စတင်တဲ့ တောင်ပိုင်းသို့ ဦးတည်ရေး မူဝါဒအောက်မှာ ထိုင်ဝမ်ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပိုမိုခိုင်မာတဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားနေတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ တိုးတက်မှု တစုံတရာတွေ့ရပါသလား။
ဖြေ။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ ဆေးဝါးပူးပေါင်းဆောင်ရွက်ရေး၊ အဆင့်မြင့်ပညာနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတွေအပြင် ကျနော်တို့အတွက် သတင်းနည်းပညာထုတ်ကုန်တွေ ထုတ်လုပ်ဖို့ နောက်ထပ် အခြေစိုက်နေရာ တခုဖြစ်လာနိုင်တယ်။ ၁၉၉၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ထိုင်ဝမ်လုပ်ငန်းအရေအတွက်ဟာ ၃၀၀ နီးပါးအထိ တိုးလာပြီး အရေးကြီးတဲ့ အဆိုပြုချက် အများအပြားလည်းရှိနေပြီး ဖြစ်နိုင်ခြေလေ့လာနေတဲ့ အဆင့်ရောက်နေတဲ့ လုပ်ငန်းတွေလည်း အများအပြားရှိနေပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်ဝမ်ရဲ့ စီးပွားရေး ဆက်ဆံမှုဟာ မှန်မှန်တိုးတက်နေပြီး တာဝန်သိတဲ့ ထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူတွေနဲ့ အခြားပါဝင်ပတ်သက်သူတွေအနေနဲ့ ပူးပေါင်းပြီး စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင်တိုးမြှင့်ဖန်တီးနိုင်ဖို့ ပြင်ပကိစ္စဖြစ်တဲ့ အလုပ်သမား သမဂ္ဂ ပြဿနာတွေကို သဟဇာတဖြစ်အောင်လုပ်နိုင်ရင် အလားအလာကောင်းတယ်လို့ မြင်ပါတယ်။
မေး။ ဘယ်ကဏ္ဍ၊ ဥပမာပေးရရင် သတင်းနည်းပညာ၊ ကျန်းမားရေး၊ ပညာရေး စသည်ဖြင့်ပေါ့၊ ဘယ်လိုကဏ္ဍတွေမှာ ထိုင်ဝမ်က ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ချင်တာလဲ။
ဖြေ။ လွန်ခဲ့တဲ့ ၄ နှစ်ကစတင်ပြီး လုပ်ငန်းအသီးသီးအတွက် လုပ်ထုံးလုပ်နည်းနဲ့ မူဝါဒတွေကို လေ့လာဖို့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ များစွာကို ကျနော်တို့ ဒီရုံးကနေ စီစဉ်ပေးနေပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ မှန်ဘီလူးနဲ့ ကိရိယာ အစိတ်အပိုင်းတွေ၊ စက်မှုလုပ်ငန်းသုံး မော်နီတာတွေနဲ့ လျှပ်ကူးကြိုးတွေ ထုတ်လုပ်နေတဲ့ အိုင်တီလုပ်ငန်း ၃ ခုရှိနေပါပြီ။ လျှပ်စစ်ဓါတ်အားရရှိမှုနဲ့ အီလက်ထရွန်းနစ်အင်ဂျင်နီယာတွေရဲ့ လူသားစွမ်းရည်ကို မြှင့်တင်နိုင်ရင်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အိုင်တီကဏ္ဍအတွက် အထူးအစီအစဉ်တွေလုပ်ပေးလာရင် မြန်မာနိုင်ငံဟာ ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူတွေကို ပိုမိုဆွဲဆောင်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။
မေး။ ကမ္ဘာ့အကြီးဆုံး ဖိနပ်လုပ်ငန်း Pou Chen နဲ့ Dachan Great Wall, Asia Optical, E.Sun Bank နဲ့ အခြားလုပ်ငန်းတွေလို ထိုင်ဝမ်က အဓိက ရင်းနှီးမြှုပ်နှံသူတွေတော်တော်များများဒီမှာရောက်နေကြပါပြီ။ ထိုင်ဝမ် ရင်းနှီးမြှုပ်နှံမှုကို အားပေးဖို့ မြန်မာနိုင်ငံအနေနဲ့ ဘာလုပ်သင့်လဲ။
ဖြေ။ ယေဘုယျအားဖြင့်ပြောရရင် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူတွေက မြန်မာအစိုးရဆီက အထူးအစီအစဉ်တွေလိုချင်တယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကြိုဆိုနေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေရှိတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ် တို့နဲ့ ယှဉ်ပြိုင်နေရတယ်။ ကဏ္ဍအားလုံးအကျုံးဝင်တဲ့ ယေဘုယျရင်းနှီးမြှုပ်နှံမှု မူဝါဒဆိုတာ လိုအပ်ချက်အမျိုးမျိုးရှိနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် သိပ်ဆွဲဆောင်မှု မရှိတတ်ဘူး။ အဲဒီအစား လူသားရင်းမြစ်တိုးတက်မှု၊ သွင်းကုန်အခွန်၊ အခွန်၊ မြေ စတာတွေအရ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် အထူးအစီအစဉ်တွေက ထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူတွေအတွက် အကျိုးရှိစေနိုင်တယ်။
မေး။ အခုလိုအကျပ်အတည်းကာလမှာ ထိုင်ဝမ်လုပ်ငန်းတွေအနေနဲ့ မြန်မာအစိုးရဆီက ဘာတွေမျှော်လင့်ထားလဲ။
ဖြေ။ လူထောင်ချီ အလုပ်ခန့်ထားနေတဲ့ ထိုင်ဝမ်လုပ်ငန်းအားလုံးဟာ ဒေသဆိုင်ရာ အစိုးရ အသီသီးက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ၊ အသိပေးကြေညာချက်တွေကို လိုက်နာတယ်ဆိုတာကို ကျနော်အာမခံနိုင်တယ်။ အလုပ်သမား သမဂ္ဂတွေရဲ့ မကြာခဏ ဝင်ရောက်စွက်ဖက်မှုကလွဲရင် အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးနဲ့ ဆက်သွယ်ရေးက နှိုင်းယှဉ်ချက်အားဖြင့် ချောမွေ့တယ်။ ဒါဟာ အနာဂတ် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ အခြေချဖို့ နောက်ဆုံး ဆုံဖြတ်ချက်ချတဲ့နေရာမှာ အဟန့်အတားဖြစ်စေတဲ့ တကယ့်ကို စိုးရိမ်စရာ ပြဿနာဖြစ်တယ်။ သူတို့အတွက် တရားဝင် ရပိုင်ခွင့်ရှိတဲ့ ရင်းနှီး မြှုပ်နှံမှု အကျိုးစီးပွားကို ကာကွယ်ဖို့ ခိုင်မာတဲ့ ယန္တရားတခု ထူထောင်နိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။
မေး။ ရန်ကုန်အနောက်ပိုင်းက ထန်းတပင်မှာ နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်တခု ထူထောင်ဖို့ ထိုင်ဝမ်-ဟောင်ကောင် လုပ်ငန်းစုတခုက ရန်ကုန်တိုင်းအစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်။ အဲဒီ စက်မှုဇုန်ရဲ့ အလားအလာက ဘယ်လိုရှိလဲ။
ဖြေ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ နောက်ဆုံး ပြောရေးဆိုခွင့်ရှိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ထိုင်ဝမ် အကျိုးစီးပွားရဲ့ ကိုယ်စားလှယ်တဦးအနေနဲ့ ကျနော်အလေးအနက်ပြောချင်တာ ဒီစီမံကိန်းက ပထမအဆင့်မှာတင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၅၀ ( ကျပ် ၄၉၃ ဘီလျှံ) ရှိပြီး လယ်သမားတွေကို ပြန်လည်နေရာချထားဖို့ မြေဧက ၅၀၀ အပါအဝင် မြေဧက ၂၃၀၀ ကျယ်တယ်။ ကျန်တဲ့ ဧက ၁၈၀၀ က ကုမ္ပဏီ ၂၀၀ ကျော်ကို နေရာချထားပေးပြီး အလုပ်အကိုင် ၁၅၀၀၀ ဖန်တီးပေးမှာဖြစ်တယ်။ ဒီဇိုင်း ရေးဆွဲတဲ့ အပိုင်းတွေ ပြီးပြီလို့ ကျနော်ကြားရတယ်။ ကော်မရှင်က ခွင့်ပြုချက်ရတာနဲ့ လုပ်ငန်းစတင်ဖို့ သူတို့က အဆင်သင့်ပဲ။ ကော်မရှင်အနေနဲ့ ဒီလုပ်ငန်းစုကို တွေ့ဆုံဖို့ အမြန်ဆုံး ကျနော်တဦးချင်းအနေနဲ့ တိုက်တွန်းလိုတယ်။ လိုအပ်ရင် ဒီစီမံကိန်း အတွက် သူတို့ရဲ့ အဆင်သင့်ဖြစ်မှုကို ပြသဖို့ နောက်ဆက်တွဲ စာရွက်စာတမ်းတွေပြင်ဆင်ဖို့ အချိန်ပေးစေချင်တယ်။
မေး။ တရုတ်နိုင်ငံနဲ့ ကမ္ဘာတဝှမ်းက ကိုဗစ်-၁၉ စီးပွားရေးနှေးကွေးမှုနဲ့ ကြုံတွေ့ရတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ ပြင်းထန်တဲ့ လေဆန်နဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားတယ်။ ကိုဗစ်-၁၉ အလွန်ကာလမှာ ထိုင်ဝမ်အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဖို့အစီအစဉ်ရှိလား။
ဖြေ။ တဖက်မှာ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ ရေရှည်တည်တံ့တဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း ကမ္ဘာကို ပြသဖို့ အခွင့်အရေးတခုပဲ။ အခြားတဖက်ကကြည့်ရင်လည်း အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေမှာလည်း သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်တွေကိုကို ဆိုင်းငံ့ထားပြီး ဒီမှာ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ စောင့်ဖို့ အကြောင်းတွေရှိလိမ့်မယ်။ မြန်မာအစိုးရအနေနဲ့ ဒါကို အခွင့်အရေးအဖြစ်အသုံးချပြီး ရင်းနှီးမြှုပ်နှံမှုစိစစ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ဖို့နဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ နောက်ထပ်အစီအစဉ်တွေ လုပ်ဆောင်ဖို့ အားပေးပါတယ်။
မေး။ ကူးစက်ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ထိုင်ဝမ်ပြည်သူတွေဟာ ဒီမိုကရေစီနိုင်ငံမှာ၊ အခုလက်ရှိဆိုရင် Democratic Progressive Party အောက်မှာ နေထိုင်ရတာ ကံကောင်းတယ်။ ဒီကူးစက်ရောဂါကို ကိုင်တွယ်ရာမှာ ထိုင်ဝမ်ရဲ့ ခေါင်ဆောင်မှု အခန်းကဏ္ဍအကြောင်း၊ ယေဘုံယျအားဖြင့်ပြောရရင် တာဝန်သိသော အစိုးရရဲ့ ခေါင်းဆောင်မှုအကြောင်း ဆွေးနွေးပေးနိုင်မလား။
ဖြေ။ သမ္မတ ဆိုင် ပြောတာကို ကျနော်ကိုးကားချင်ပါတယ်။ ထိုင်ဝမ်ဟာ အခက်အခဲတွေနဲ့ တစိမ်းမဟုတ်ဘူး။ ကျနော်တို့ရဲ့ ခံနိုင်ရည်ဟာ အခက်ခဲဆုံး အတားအဆီးတွေကိုတောင်မှ ကျော်လွှားဖို့ ညီညွတ်လိုတဲ့ စိတ်ဓါတ်ကနေလာတယ်။ ဒါဟာ အားလုံးထဲမှာ ထိုင်ဝမ်အနေနဲ့ တကမ္ဘာလုံးနဲ့ မျှဝေနိုင်တဲ့ အရာဖြစ်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ စိန်ခေါ်မှုတွေကို အတူတကွကျော်လွှားဖို့ လူသားတွေရဲ့ စွမ်းရည်ဆိုတာ အကန့်အသတ်မဲ့ပါတယ်တဲ့။ ဟုတ်ကဲ့၊ ဒီမိုကရေစီနဲ့ ပွင့်လင်းမြင်သာမှုဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အားထုတ်မှုရဲ့ အဓိကအချက်နှစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အလေးအနက်ပြောခဲ့တဲ့အတိုင်းပဲ တာဝန်ရှိတဲ့ အစိုးရရဲ့ ထူးခြားတဲ့ ခေါင်းဆောင်မှုနဲ့ ညီညွတ်တဲ့ အဖွဲ့အစည်းအလိုက်ဆောင်ရွက်ချက်တွေဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့အတူ လူထုပါဝင်မှုနဲ့ ထောက်ခံမှုရဲ့ အဓိက အခန်းကဏ္ဍပဲဖြစ်ပါတယ်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ကူးစက်ရောဂါကို မကြာမီ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ပါစေလို့ ကျနော်ဆုတောင်းပါတယ်။ ထိုင်ဝမ်ကတော့ အခန်းကဏ္ဍတခုက ပါဝင်နေမှာ သေချာပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Taiwan’s Representative Vows to Help Myanmar Build Capacity to Fight COVID-19 ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စီးပွားရေးစင်္ကြံစီမံကိန်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန် တရုတ် တွန်းအားပေး
Alipay အော်ပရေတာ Wave Money မှာ ရင်းနှီးမြှုပ်နှံမည်
မြန်မာငှက်ပျော ဆာဗီးယားမှ ဝယ်ရန် ကမ်းလှမ်း