ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူအချို့ မေလ ၂၄ ရက်မှာ ဗိုလ်တထောင် စေ တီတော် အနီး “အစ်မတော် မြနန်းနွယ်” နန်းဆောင်ရွှေ့ပြောင်းခြင်းနဲ့ ရှင်ဥပဂုတ္တမထေရ် ဖောင်ရေမျှောခြင်း အခမ်းအနား ပြုလုပ်ခဲ့တဲ့အပေါ်မှာ လူစုလူဝေး ဖြစ်စေခဲ့တဲ့အတွက် ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်တယ် ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်လျက် ရှိပါတယ်။
ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဗိုလ်တထောင်ဘုရား ဘက်စုံပြုပြင်ရေး လုပ်ငန်းအတွက် ဆောင်ရွက်ခြင်းသာ ဖြစ်ပြီး ဥပဒေကို ချိုးဖောက်ခြင်း မရှိကြောင်း ပြန်လည် ရှင်းလင်းထားပါတယ်။
အစိုးရက လူ ၅ ထက် ပိုမစုရ အမိန့်ကို မေလ ၃၁ ရက် အထိ သတ်မှတ်ထားတာဖြစ်ပြီး လူစုလူဝေး ပုံစံ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့အပေါ် ပြည်ထောင်စု အစိုးရအနေနဲ့ အရေးယူပေးဖို့ တောင်းဆိုတာတွေ ရှိနေသလို ရဲစခန်းမှာ တိုင်ကြား သူ အချို့လည်း ရှိခဲ့ပါတယ်။
COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလအတွင်း လူစုလူဝေး ပြုလုပ်မှုတွေနဲ့ ပတ်သက်လို့ အစိုးရက အရေး ယူတာတွေ ရှိနေတဲ့အတွက်လည်း ဥပဒေအရ တန်းတူညီမျှမှု ရှိစေရေးနဲ့ ပတ်သက်လို့ သဘောထား အမြင် အချို့ကို ဧရာ ဝတီ က မေးမြန်းထားပါတယ်။
မုံရွာ အောင်ရှင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး

ကျနော်တို့ဟာ COVID-19 နဲ့ ပတ်သက်ပြီး ကြေညာချက်တွေ၊ ညွှန်ကြားချက်တွေ ထုတ်ထားတယ်။ ညွှန်ကြားချက် အတိုင်း လိုက်နာကြဖို့ အရေးကြီးတယ်။ လုပ်ခဲ့တဲ့ပွဲကို ကိုယ်တိုင် လိုက်ကြည့်ခဲ့တာ မဟုတ်ပေမယ့် သတင်းတွေမှာ တွေ့ နေရတာက လူအတော်အသင့်တော့ များနေတာပေါ့။ ဒါနဲ့ ပတ်သက်လို့ ပြန်ဖြေရှင်းတဲ့ သူကလည်း ရှင်းထားတယ်။ ဘယ်လိုဖြစ်ဖြစ် သိသည် ဖြစ်ဖြစ်၊ မသိလို့ ဖြစ်ဖြစ် ဒီလိုကိစ္စက ဆင်ခြင်သင့်တယ်လို့ပဲ ပြောချင်ပါတယ်။
ဦးခင်မောင်မြင့်
ဥပဒေ အကြံပေး

ဥပဒေမှာက ခြွင်းချက် ပေးမထားဘူး။ ဒေသန္တရအမိန့်မှာ ကြည့်ရင် ဘယ်လိုအခြေအနေမှာ ဘယ်လိုဆောင်ရွက်နိုင်တယ် ဆိုတဲ့ ခြွင်းချက် ထည့်ပေးထားတာ ရှိပေမယ့် တရား ဥပဒေစိုးမိုးရေး ကိစ္စတွေ၊ ပြည်သူလူထုအတွက် မဖြစ်မနေ ဆောင် ရွက်ရမယ့် ကိစ္စရပ်တွေ၊ အရေးကြီး ကိစ္စရပ်မျိုးလား ဆိုတာ ပြန်ကြည့်ရမယ်။ဘယ်လိုပဲ အကြောင်းပြချက်ပေးပေး ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ မညီတာတော့ ပေါ်လွင်နေပါတယ်။ ရန်ကုန်တိုင်း အစိုးရကပဲ လုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်ပါ။ ပြည်သူတွေကို ပြန်လည် ရှင်းလင်းတာက တပိုင်း၊ ဥပဒေကို ချိုးဖောက်ရင် ဘယ်လို အရေးယူမလဲ ဆိုတာက တပိုင်း။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြစ်နေတဲ့အတွက် ပြည်ထောင်စု အစိုးရအနေနဲ့ ဘယ်လို အရေးယူမလဲ ဆိုတာက စောင့်ကြည့်ရမှာပါ။
ဒီလိုကာလမှာ ဒေါ်အောင်းဆန်စုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ကိုဗစ်ရောဂါ ကာကွယ်ရေးကို ကျန်းမားရေး ဝန်ထမ်းတွေနဲ့ ကြိုးပမ်းဆောင်ရွက်နေသလို ပြည်သူတွေကလည်း စိုးရိမ်မှုတွေ မြင့်မားနေချိန်မှာ ဒီလို လုပ်ရပ်က ဆင်ခြင်တုံတရားအရ ဘယ်လိုမှ လက်ခံနိုင်ဖွယ် မရှိပါဘူး။ တဖက်မှာလည်း လူစုလူဝေးကြောင့် အရေးယူခံရသူတွေ ရှိနေချိန်မှာ ဥပဒေအရ မျှ တမှုရှိပြီး အားလုံး နားလည် လက်ခံနိုင်အောင် ပြည်ထောင်စု အစိုးရက ဘယ်လို ကိုင်တွယ်မလဲ ကြည့်ရမှာပါ။
ဦးမောင်မြင့်
မင်းကင်းပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – USDP)

COVID-19 ဖြစ်တာက တိုင်းနဲ့ ပြည်နယ်တွေထဲမှာ ရန်ကုန်က အများဆုံးပဲလေ။ ရန်ကုန်က ဥပဒေအတိုင်း တိတိကျကျ လိုက်နာဖို့ အကောင်းဆုံး နယ်မြေပဲ။ အဲဒါကို ဗိုလ်တထောင်ဘုရား ဘက်စုံ မွမ်းမံရေး ဆိုပြီးတော့မှ ရှင်ဥပဂုတ္တဖောင် ရေ မျှောတာတွေ၊ မြနန်းနွယ် ရွှေ့တာတွေက ဘုရားဘက်စုံနဲ့တော့ သိပ်မဆိုင်ဘူး ထင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဓာတ်လိုလို၊ နတ်လိုလို လုပ်တာတွေက ဗုဒ္ဓဘာသာ အယူအဆတွေလည်း မဟုတ်ပါဘူး။ အစိုးရ ထုတ်တဲ့အမိန့်ကို အစိုးရ ဝန်ကြီးချုပ်က ချိုးဖောက်တဲ့ အခြေအနေမျိုးမှာ ဘာပြောစရာလိုသေးလို့လဲ။ ဘယ်လို အကြောင်းပြချက်နဲ့ မလုပ်သင့်ပါဘူး။
တကယ်တမ်းက COVID-19 ကြောင့် ရန်ကုန်မြို့မှာက သူ့လည်း ကိုယ် မယုံရ၊ သူလည်း ကိုယ့်မယုံရ အခြေအနေဖြစ်တာ။ ဒီလိုလို့များ ဒီလို ပွဲလမ်းသဘင်တွေက ရောဂါကူးစက်သူ ရှိလာရင် ပိုဆိုးတာပေါ့။ အခုချိန်မှာ ပြည်သူတွေက ကျန်းမာရေး အသိ အများကြီးရှိနေတဲ့ အချိန်မှာ ထလုပ်တယ်ဆိုတာက တပိုင်းက ကြည့်ရင် ပြည်သူကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ သဘော ပြတာပေါ့။
ဦးရဲထွန်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း

ဒီလိုကိစ္စက မလုပ်သင့်ဘူးလို့ ထင်တယ်။ အခုက ကိုဗစ်ကာလ ကန့်သတ်မှုကလည်း မကျော်သေးဘူး။ အဓိကအားဖြင့် ဘာသာရေး ပွဲတော် လုပ်တာ မလုပ်တာထက် လူ ၅ ဦးထက် ပိုမစုရ ဆိုတာ ပါတယ်လေ။ အခု လုပ်တာကလည်း ထေရ ဝါဒ ဗုဒ္ဓဘာသာ ပွဲမျိုးလည်း မဟုတ်ဘူး။ ဒါကို မလုပ်လို့လည်း ဘာမှမဖြစ်ဘူး။ကျနော့် အနေနဲ့တော့ တော်တော့်ကို မှားတဲ့အမှားလို့ပဲ မြင်မိတယ်။ ဒီဟာ ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်နဲ့ လုပ်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီလောက် ရှင်းလင်းပြီးတော့ ဗြောင်ကျတဲ့ ဥပဒေ ချိုးဖောက်မှုမျိုးကို လုပ်ရဲ တယ်ဆိုတာက အာမခံပေးမယ့်သူမရှိဘဲ အဲဒီလောက် မမိုက်လောက်ဘူးလို့ တွက်ရမှာပါပဲ။
ဒီမိုကရေစီ အစိုးရက ဥပဒေ ပြဋ္ဌာန်းပြီးရင် ဥပဒေနဲ့ အညီ အုပ်ချုပ်ရမှာလေ။ အာဏာရှင် အစိုးရမှာလို လိုတမျိုး၊ မလိုတမျိုး အုပ်ချုပ်တဲ့စနစ်မျိုး မဟုတ်ဘူး။ အာဏာရှင်စနစ်ကို မုန်းတီးလို့ ပြုတ်ကျပါစေ ဆိုပြီး ဒီမိုကရေစီကို မျှော်လင့်ချက်နဲ့ ပြည်သူ တွေက ဝိုင်းဝန်းထောက်ခံခဲ့တဲ့ ဒီအစိုးရ လက်ထက်မှာ အခုလို လုပ်တာ တော်တော်စိတ်ပျက်မိပါတယ်။ ဒီလိုလုပ်ရပ်ကို ထိပ်ပိုင်းက လုပ်တာဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ပြောစရာကို မရှိတော့ပါဘူး။
ဆလိုင်းကျဲအိုဘိခ်ထောင်
ချင်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ အထွေထွေအတွင်းရေးမှူး

ကျနော်တို့က ဒီကိစ္စကို စောင့်ကြည့်နေပါတယ်။ တကယ် ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုရင် သူတို့ရဲ့ တရားမျှတမှုပိုင်း ဆိုင်ရာမှာ မေးခွန်း ထုတ်ရပါမယ်။ ဥပဒေအောက်မှာ နိုင်ငံသားတိုင်းက တန်းတူဖြစ်ရမှာပဲပေါ့နော်။ အခုက ပြည်သူလူထု ကို ကျတော့ လူစုလူဝေးနဲ့ ပတ်သက်ပြီး လူတချို့ကို ဖမ်းတယ်။ သူတို့ကျတော့လည်း လူစုလူဝေးလုပ်တာကို အရေးယူ ဆောင်ရွက်မှုက ဘယ်လို ရှိလာမှာလဲ။
ဘယ်သူ မှားတယ် မှန်တယ် ဆိုတာထက် ဥပဒေအောက်မှာ အားလုံး တန်းတူရေးနဲ့ မျှတတဲ့ တရားစီရင်ရေး ဖြစ်ဖို့ကို လို ချင်တာပါ။ အစိုးရမို့လို့၊ အာဏာရှိသူမို့လို့ ကင်းလွတ်ခွင့် ပေးတာမျိုး ဖြစ်နေရင် တရားဥပဒေက ဘက်လိုက်မှုတွေ ရှိနေမှာ ပါ။ မျှတမှုမရှိတဲ့ အခြေအနေမှာတော့ နိုင်ငံသား တယောက်အနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။
ဦးကျော်ဇေယျ
ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ (ပြည်သူ့ ရှေ့ဆောင်ပါတီ- PPP)

ဦးနိုင်ငံလင်း ကိုယ်တိုင်က ရန်ကုန်တိုင်းရဲ့ COVID-19 ရောဂါ ကာကွယ်ရေး၊ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ လေ၊ အဲဒီတော့ ဒီကိစ္စက တိုင်းဒေသကြီးရဲ့ အာဏာပိုင်အဖွဲ့ ဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့ကနေ ပြန်ပြီးတော့ တရားစွဲဆိုတာမျိုးမှ ရမယ် ထင်တယ်။ ကျန်တဲ့အောက်ကလူက အစိုးရကို ပြန်ပြီး တရားစွဲတာတော့ ရမယ် မထင်ဘူး၊ ကိုယ့်အမြင်ပါ။ ဒီလောက်ကြီး ဖြစ်နေတာကို ဗဟိုအဆင့်ကနေ တိုင်းဒေသကြီးအဆင့်ကို လိုအပ်တဲ့ Action တော့ ယူကို ယူသင့်တယ်။ မယူရင် ပြည်ထောင်စု အစိုးရအတွက်လည်း ပုံရိပ် မကောင်းဘူး ဖြစ်သွားမယ်။
ဘာသာရေးကို မကြည့်နဲ့ဦး၊ ကျန်းမာရေး အရကို ဒီလိုထုတ်ပြန်ထားတဲ့ ကာလမှာ ဖောက်ဖျက်တာ ဖြစ်တဲ့အတွက် လုပ် သင့်လုပ်ထိုက်တာ တခုခုကို လုပ်မှကို ရမှာပါ။ ရန်ကုန်တိုင်း ဒေသကြီးကလည်း COVID-19 နဲ့ပတ်သက်ပြီး ထိခိုက်ဆုံးရှုံး မှုကလည်း အများဆုံး ဖြစ်နေတယ်။ ပိုပြီး အလေးထားသင့်တယ်။
မုဖ်သီ ဦးစန်းအောင်
(ဥက္ကဋ္ဌ၊ ကုရ်အာန် အသိပညာ ပြန့်ပွားရေး အဖွဲ့)

သူတို့ ဥပဒေကို ဖောက်တယ်၊ မဖောက်ဘူး ဆိုတာ သူတို့ အသိဆုံးပါ။ ဥပဒေကို ဖောက်တဲ့လုပ်ရပ် ဆိုရင်တော့ မလုပ် သင့်ဘူးလို့ ထင်တယ်။ အခြား ဘာသာရေး ဆိုတာမှာတော့ လူစုလူဝေး လုပ်တာတွေကို သူတို့အရေးယူတာ၊ ထောင်ချတာ တွေ ရှိတယ်ပေါ့နော်။ သာမန်ကြည့်ရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ပစားပေးပြီး အခြားဘာသာတွေ ကျတော့ နှိမ်တယ်လို့ မြင်သွားရင် မကောင်းဘူး။
ဘာပဲဖြစ်ဖြစ်တော့ ဝန်ကြီးချုပ်အနေနဲ့ အမြော်အမြင် ရှိရှိနဲ့ ဆောင်ရွက်သင့်တယ်လို့ ထင်တယ်။ သူပြန်ရှင်းတာကိုလည်း ကြားမိပါတယ်။ ခေါင်းဆောင် ဆိုတာက တော်တော် သတိထားရပါတယ်။ သူတို့ ပြန်လည် ဖြေရှင်းတဲ့ပုံစံက မှန်ကန်တဲ့ ဖြေရှင်းနည်းတော့ မဟုတ်ဘူး။ ပြန်လည် ဖြေရှင်းတာထက် ကာပြီး ပြောနေတယ်လို့ပဲ နားလည်မိတယ်။
ဆက်စပ်ဖတ်ရှုရန်
ကော့သောင်း Quarantine Center မှ ထွက်ပြေးသူ ၅ ဦး အရေးယူခံရမည်
အိးဒ်နေ့၌ လူစုလူဝေး မလုပ်ဖို့ ဝန်ကြီးဌာန အကြောင်းကြား
ကိုဗစ်-၁၉ ဥပဒေချိုးဖောက်မှု ပြစ်ဒဏ်အမျိုးမျိုးအပေါ် ဝေဖန်နေ