အမေရိကန် ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုးလစ်မြို့တွင် ဂျော့ဖလွိုက်ဆိုသူ လူမည်း အမျိုးသား တဦး ရဲကဖမ်းဆီးချုပ်နှောင်စဉ် သေဆုံးသွားမှုနှင့် ပတ်သက်ပြီး တရားမှုတမှု ရရှိရေး အတွက် မေလ ၂၆ ရက်နေ့ကစပြီး မင်နီယာပိုးလစ်မြို့ အပါအဝင် မြို့ပေါင်း ၈၀ ခန့်တွင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။
အချို့မြို့များတွင် ဆန္ဒပြသူများကို ကြမ်းကြမ်းတမ်းတမ်းဖြိုခွင်းမှုများ ရှိသလို၊ ဆန္ဒဖော်ထုတ်သူတချို့ကလည်း လူဖြူများ ပိုင်သည့် အရောင်းဆိုင်များကို ဖောက်ထွင်းလုယက်သည့် ဖြစ်စဉ်တချို့လည်းရှိနေသည်။ တချိန်တည်းမှာပင် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဓိကရုဏ်း ကိုင်တွယ်ရေး အပေါ် ပြောကြားမှုများသည်လည်း ဝေဖန်ခံနေရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား အချို့၏ အမြင်များကို ဧရာဝတီ သတင်းထောက် လဲ့လဲ့ က ဆက်သွယ်မေးမြန်းထားသည်။
ဦးမောင်မောင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)
ပထမတခုကတော့ ရဲတွေရဲ့ လူထုအပေါ် အင်အားအလွန်အကျွံသုံးမှုက စတယ်။ ဒုတိယ အချက်အနေနဲ့ ပြောမယ်ဆိုရင်တော့ အင်အားအလွန်အကျွံလုပ်လို့ သေသွားတဲ့သူက လူမည်း တယောက်ဖြစ်နေတဲ့အတွက် လူဖြူတွေကနေ လူမည်းကို တမင်လုပ်သလား။ လူမည်းအခွင့်အရေးလိုချင်သလားဆိုတဲ့ လူဖြူ လူမည်း အခွင့်အရေးကလည်း ပေါ်လာတယ်။ အဲဒီ ၂ ခုတိုက်ဆိုင်ပြီးတဲ့အခါမှာ ဆန္ဒပြဖို့တွေ ဖြစ်လာတယ်။
ဆန္ဒပြတာက ၂ ပိုင်းပေါ့။ အမှန်တကယ် ဒီရဲတွေရဲ့ မတရားမှုနဲ့ လူမည်းတွေရဲ့အခွင့်အရေးအတွက် ဆန္ဒပြတဲ့ အပိုင်းမှာ ဝရုန်းသုန်းကားတွေ ဖြစ်လာပြီး ဆိုင်တွေ ဖောက်တာတို့၊ မီးရှို့တာတို့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ ပေါ်လာတာတို့ ဒါတွေက စိတ်မကောင်းစရာဖြစ်တယ်။ ဒါကိုတော့ အမေရိကန် စံနှုန်းတွေ၊ စံညွှန်းတွေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။
ကျနော်တို့မြန်မာနိုင်ငံအတွက် အတုယူဖွယ်တခုရှိတာကတော့ လူတယောက် ဖိနှိပ်ခံရတယ်။ မတရားသတ်ဖြတ်ခံရတယ်။ နောက်တခုက ဒီသာမာန်လူတယောက်ကို လူမည်းတယောက်အနေနဲ့ သူ မတရား ဖိနှိပ်ခံနေရတာကို ကျန်တဲ့လူထုက လက်ပိုက်ကြည့်မနေပဲနဲ့ ဒီအတွက်တောင်းဆိုကြတာဒါက ကျနော်တို့ မြန်မာပြည် အတွက်က စံနမူနာကောင်းတယ်လို့ မြင်ပါတယ်။
ဘာလို့လဲဆိုတော့ ကျနော်တို့ဗမာပြည်မှာလည်း မတရားမှုတွေ သေဆုံးမှုတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် အဲဒီအတွက် အများကနေ ဝိုင်းဝန်းဆန္ဒပြတာ တိုက်ပွဲဝင်တယ် ဆိုတာ အားနည်းပါတယ်။ အဲဒီဘက်မှာ မတရားမှုတွေဖြစ်လာရင် တဦးတယောက်ခံရပြီဆိုရင် လူအများကနေ ဝိုင်းဝန်းစုပြီးတော့ ဒီအရေးအတွက် ဆန္ဒပြတဲ့ တိုက်ပွဲဝင်တဲ့ အကျင့်ကောင်းကိုတော့ ကျနော်တို့ ဗမာပြည်သူ၊ ပြည်သားတွေ လေ့လာအတုယူသင့်တယ်လို့ ကျနော်မြင်ပါတယ်။
ဒေါ်လင်းလင်းသွေး (New Jersey တွင် နေထိုင်သူ)
လူတွေအားလုံး Covid-19 နဲ့ အိမ်ထဲနေရတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်တယ်ဆိုတော့ စိုးရိမ်ပူပန်ကြတယ်။ တဖက်ကနေ ကြည့်တဲ့အခါကျတော့လည်း လူတွေက အိမ်ထဲမှာနေရတာကြာလာတယ်။ ပြောရမယ်ဆိုရင် အလုပ်တွေ ပြုတ်ကြတယ်။ လူတွေက တချို့အိမ်မှာနေကြတယ်။ အလုပ်ပြုတ်ကြတယ်။ တချို့က အိမ်မှာနေတယ်။ အလုပ်မရှိဘူး။ ဒါပေမယ့် အစိုးရ ထောက်ပံ့ကြေးကို ရတယ်။ တချို့က အိမ်မှာနေတယ်။ အစိုးရထောက်ပံ့ကြေးလည်းမရှိဘူး။ အလုပ်လည်း မရှိဘူးဆိုတော့ အမျိုးမျိုး ထွက်ပေါက်ရှာတာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး ရဲတွေက အင်အားအလွန်အကျွံသုံးတာကြောင့် လူတွေက မခံနိုင်လို့ ဆန္ဒပြကြတယ်ပေါ့။ အဲဒီတော့ အမျိုးစုံပေါင်းလိုက်တော့ အဲဒီအခြေအနေဖြစ်သွားတယ်။
အိမ်ထဲမှာနေတာကြာတော့ လူတွေစိတ်ညစ်လာတယ်။ ခါတိုင်းသွားနေကြ မသွားရဘူး။ မိတ်ဆွေတွေနဲ့ မတွေ့ ရဘူး။ မိဘဆွေမျိုးအိမ် မသွားရဘူးဆိုတော့ မွန်းကျပ်လာတဲ့သဘောပေါ့။ ကိုဗစ်ရောဂါကလည်း အရေးကြီးတယ် ဆိုပေမယ့် လူဆိုတာက အပေါင်းအသင်းနဲ့ နေကြတာလေ။ အခုက အိမ်ထဲမှာနေတာ ကြာလာတယ်။ နောက်ဒီပြဿနာရယ်ပေါင်းပြီးတော့ လမ်းပေါ်မှာထွက်ပြီးတော့အကြောင်းမျိုးစုံနဲ့ အမှုမျိုးစုံဖြစ်သွားတယ်။
အဲဒီအချိန်မှာ ရဲကြောင့် လူမည်းတဦးသေသွားတယ်။ အဲဒီတော့ သူတို့ထွက်ပေါက်အနေနဲ့ ဆန္ဒပြကြတယ်။ ဒီမှာတော့ တချို့ရဲတွေက အင်အားအလွန်သုံးတယ်။ အရင်ကလည်း ဒီလိုဆန္ဒပြတာတွေ ဖြစ်ခဲ့ဖူးတယ်။ အခုတခါကျတော့ နည်းနည်းပိုပြီးတော့ဆိုးတာက ဆန္ဒပြရင်းနဲ့ ဒီမီးရှို့တာတွေ ဘာတွေလုပ်တာတွေ့တော့ တချို့နေရာတွေမှာတော့ ဆန္ဒပြတဲ့သူတွေ ပြန်ပြီး အဖမ်းခံရတယ်လို့ ကြားတယ်။ အဲဒီလိုမီးရှို့တာတွေ၊ လုတာတွေဖြစ်လာတော့ သူတို့ရည်ရွယ်ချက်က လိုသလောက်မရောက်တော့ဘူး။
ဦးအောင်မျိုးမင်း (Equality Myanmar)
အဲဒါကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမျိုးမှာ အစိုးရဘက်ကလည်း အားနည်းတာရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး စိုးရိမ်ပူပန်ပြီး ဒေါသထွက်နေတဲ့အချိန်မှာ အမေရိကန်သမ္မတကနေ ထပ်ပြီးတော့ မီးရှို့ပေးလိုက်သလို ဖြစ်သွားတယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာ ဦးနေဝင်းပြောခဲ့သလိုမျိုးပဲ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်နဲ့ ပစ်ရင်တည့်တည့်ပစ် ဆိုတာကြောင့် ၈၈ အရေးအခင်းဖြစ်ခဲ့သလိုပဲ နဂိုကမှ တရားမျှတမှုကို လိုလားပြီး မကျေနပ်တဲ့သူတွေကို ဆွပေးသလိုဖြစ်သွားတဲ့အတွက် ပိုမိုဆိုးဝါးသွားတယ်။
သူတို့ဒူးထောက်တောင်းပန်တယ်ဆိုတဲ့ဟာက သူတို့ရဲ့ကျူးလွန်မှုတွေကို ကိုယ်တိုင်မကျူးလွန်သည့် တိုင်အောင် ရဲတပ်ဖွဲ့ဝင်တယောက်ရဲ့ ကျူးလွန်မှုကို သူတို့ဒါကိုအသိအမှတ်ပြုတယ်။ ဒါကြောင့်မို့လို့ ပြန်တောင်းပန်တဲ့ သဘောပါ။ အဲဒီလိုလုပ်လိုက်တော့ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာတက်လာပါတယ်။ တချို့သော ရဲတွေဟာ အစွဲတွေ ရှိပေမယ့် လူ့အခွင့်အရေးကို လေးစားတဲ့ ရဲတွေလည်းရှိတယ်ဆိုတဲ့အမြင်မျိုး တက်လာပါတယ်။ ကျနော်တို့ ၈၈ တုန်းကလည်းအဲဒီလိုပါပဲ။ ကျနော်တို့တပ်မတော်ကို မုန်းတီးပေမယ့် တပ်မတော်သားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် တချို့ဆိုရင် အမြင်တွေတောင် ပြောင်းသွားတဲ့ သဘောရှိပါတယ်။
ဒါမျိုးလုပ်ဆောင်မှုက ရဲပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုပဲဖြစ်ဖြစ် အမှန်တရားကိုလိုလားတယ်။ တရားမျှတမှုကို လိုလားတယ်။ နောက်တခုက မှားယွင်းတဲ့အမှုကို ဝန်ခံရဲတဲ့ သတ္တိက ဒီလိုမျိုး ရင်ဘတ်ချင်းရော နှလုံးသားချင်းပါ ထိစပ်မှုဖြစ်စေပါတယ်။ အဲဒါမျိုးက ကျနော်တို့ တိုင်းပြည်မှာ အများကြီးဖြစ်ဖို့ လိုအပ်တယ်။
အထူးသဖြင့် မြန်မာနိုင်ငံအခြေအနေ ပြောမယ်ဆိုရင် တပ်မတော်ဆိုရင် လူတော်တော်များများမေးကြည့်ပါ။ ကျနော်တို့ သိပ်ပြီးတော့ သဘော မကျကြဘူး။ နောက်ပြီးတော့ အဲဒီလိုနေရာမျိုးမှာ ဖြစ်ခဲ့တဲ့အရာကို အမှန်အတိုင်း ဝန်ခံပြီးတော့ လုပ်ဆောင်မယ်ဆိုရင် ပြည်သူထဲက ပြည်သူ၊ ပြည်သူထဲက တပ်မတော်သားများဆိုတဲ့ ပြန်လည်ပြီး အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းကို ဆက်ပြီးတော့ သွားနိုင်မှာပါ။ ဝန်ခံမှုမရှိတဲ့အခါမှာ အရင်က သံသယစွဲတွေ ပျောက်ဖို့ တော်တော်ခက်ပါတယ်။
ဒေါက်တာ မင်းဇော်ဦး (မြန်မာအင်စတီကျူ-MIPS)
အမေရိကားမှာ ရဲတွေ အလွန်အကျွံအင်အားသုံးမှုကတော့ အခုမှ ဖြစ်တာတော့ မဟုတ်ဘူး။ ဒါဖြစ်လာတာ ဆယ်စုနှစ်ပေါင်းများစွာရှိပြီ။ အထူးသဖြင့် လူမည်းတွေအပေါ်မှာ ရဲတွေအင်အားသုံးတယ်။ နောက်ပြီး အသတ်ခံရတဲ့ ရဲတွေအများစုက လူမည်းတွေဖြစ်နေတယ်။
အရင်တုန်းကလည်း လက်ဝဲယိမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒပြမှုဆိုရင်လည်း အင်အားသုံးဖြိုခွဲတာပဲ။ အမေရိကားမှာ ရဲတွေလုပ်ပိုင်ခွင့်နဲ့ ရဲတွေလုပ်ရပ်တွေအတွက် အင်အားသုံးမယ်ဆိုရင် သုံးလို့ရအောင် လုပ်ပိုင်ခွင့်ပေးထားတာပဲ။
အဲဒီတော့ အဲဒါတွေကို အခြေခံပြီးတော့ ပြဿနာတွေတက်လာတယ်။ အဲဒီလိုပြဿနာတက်တဲ့အပေါ်မှာ အမေရိကန်ရဲ့ နောက်ပြဿနာက အမေရိကန်က ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့သူတွေ အပေါ်ရောက်သွားတာမျိုး၊ လူလတ်တန်းစားတွေ အပေါ်ရောက်သွားတာမျိုး အနည်းဆုံးနိုင်ငံထဲမှာပါတယ်။
ဆင်းရဲတဲ့သူကလည်း တောက်လျှောက်ဆင်းရဲနေတယ်။ အကြာကြီး။ လူလတ်တန်းစားတွေကလည်း တဖြေးဖြေးနဲ့ ကျုံ့လာတယ်။ အဲဒီအပေါ်မှာ မကျေနပ်ချက်တွေကလည်း အများကြီးရှိတယ်။ ခုနက ရဲဖြစ်တဲ့ကိစ္စ ပေါ်မှာ အခြေခံပြီးတော့ တခြားမကျေနပ်ချက်တွေပါ ထုတ်ပြီး ပေါက်ကွဲတဲ့သဘောဖြစ်တယ်။ ဒါကလည်း အခုမှ ဖြစ်တာမဟုတ်ဘူး။
ဒါမျိုးတွေကလည်း အမေရိကန်မှာ ဖြစ်နေကြပဲ။ ရဲတွေ တောင်းပန်တယ်ဆိုတာကလည်း နေရာတိုင်းတော့ မဟုတ်ဘူး။ ဆန္ဒပြနေတဲ့ နေရာတွေကတော့ ဆန္ဒပြနေကြဆဲပဲ။ အင်အားသုံးတဲ့နေရာလည်း သုံးနေတယ်။ တချို့ရဲတွေကလည်း ဆန္ဒပြတဲ့သူတွေနဲ့ ပေါင်းတယ်။ တချို့တွေကလည်း အဆင်ပြေတယ်။ တောင်းပန်တယ်။
ဒေါ်ခင်လေး (Triangle Women Support Group)
စစချင်းဖြစ်တာကတော့ ဒါက လူမျိုးရေးခွဲခြားမှုပေါ့။ သူတို့ဆီမှာတော့ မကြာမကြာ ဒီလိုမျိုးဖြစ်နေကြပဲ။ အထူးသဖြင့်တော့ လက်နက်ကိုင်တဲ့ ရဲတွေနဲ့ ဖြစ်တာမှာ ပိုပြီး သတိထားမိတာပေါ့။ ကျမ ဘာကို သုံးသပ်မိလဲဆိုတော့ လက်နက်ကိုင်တဲ့ သူတွေဟာ တခြားနိုင်ငံတွေနဲ့ သိပ်မထူးဘူး။ သူတို့မှာ လုပ်ပိုင်ခွင့် ရှိတာနဲ့ တခြားလူမျိုးရေး ဆက်စပ်ပြီး လုပ်ကိုင်တယ်။ ပိုဆိုးတာက အသားအရောင်ခွဲခြားမှု သူတို့နဲ့ မတူသူတွေကို ပိုပြီးတော့ ညှင်းပန်းနှိပ်စက်ချင်တဲ့ စိတ်ရှိတာ၊ ခွဲခြားဆက်ဆံမှုရှိတာ နောက်တခုကတော့ အဲဒီအပေါ်မှာ တာဝန်ရှိသူတွေရဲ့ တုန့်ပြန်မှုကလည်း အားနည်းနေတယ်။ အထူးသဖြင့် သမ္မတကိုယ်တိုင်က အကြမ်းဖက်မှုကို အားပေးစေတဲ့ အကြမ်းဖက်တဲ့ စကားတွေနဲ့ တွစ်တာတွေမှာ official ရေးတာမျိုးတွေက ပိုပြီးတော့ မီးလောင်ရာ လေပင့် ဖြစ်စေတယ်။
တကယ်တော့ ဒီအကြမ်းဖက်မှု ပြဿနာကို အစကတည်းက ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းလိုက်ရင် ပြဿနာက ဒီလောက်ထိ ဖြစ်လာမှာမဟုတ်ဘူး။ အစကတည်းက ကိုဗစ်ကြောင့် လူတွေဟာ စိတ်ဖိစီးမှု ဖြစ်နေတယ်။ အမေရိကန်မှာဆိုရင် အလုပ်ပြုတ်တဲ့သူတွေ၊ အလုပ်လက်မဲ့ ဖြစ်သွားသူတွေက သိန်းနဲ့ချီ ရှိတယ်လို့ သိရတယ်။ အရမ်းကို မွန်းကျပ်နေတယ် ဘယ်လိုပေါက်ကွဲရမှန်းမသိတဲ့အချိန်မှာ ဒီလိုလူမျိုးရေးတွေ ဖြစ်လိုက်တော့ ပိုပြီးတော့ လောင်စာထည့်လိုက်သလိုဖြစ်ပြီးတော့ ဒီပြဿနာက နိုင်ငံတခုလုံးကို ကူးစက် သွားတယ်လို့ ထင်တယ်။
အဓိကက အသားအရောင်ခွဲခြားဆက်ဆံမှု၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေကနေ တဆင့် တာဝန်ရှိတဲ့သူတွေရဲ့ ဆောင်ရွက်ပုံကလည်း အားနည်းတာကြောင့် ပိုပြီးတော့ ဒေါသထွက်စရာဖြစ်တယ်။ နောက်တခုကတော့ အစကတည်းက ကိုဗစ်ကြောင့် အလုပ်ပြုတ်သွားတဲ့သူတွေ သိန်းနဲ့ချီရှိတယ်လို့ ပြောတယ်။ အထူးသဖြင့် ဝင်ငွေနည်းမိသားစုတွေမှာ အလုပ်ပြုတ်သွားတာတွေကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေ များတယ်။ အဲဒီလိုအချိန်မှာ ဒီလိုပြဿနာဖြစ်တော့ ပိုပြီးတော့ သူတို့အတွက် ထွက်ပေါက်တခုလို ဖြစ်သွားတယ်။
အဲဒါကတော့ ဒီမှာဆိုရင်တော့ ကျမတို့နိုင်ငံမှာ အချိန်မရွေးထတောက်နိုင်တဲ့ မီးကတော့ ဘာသာရေး၊ လူမျိုးရေးဘက်က ရှိတယ်။ အဲဒါမျိုးဖြစ်လာရင်လည်း အဲဒီနေရာက တာဝန်ရှိသူတွေက နိုင်နိုင်နင်းနင်း ဖြေရှင်းသင့်တယ်။ တာဝန်ရှိတဲ့သူတွေရဲ့ ကိုင်တွယ်ဖြေရှင်းမှု လျော့ရဲတာ၊ အစိုးရိမ်လွန်ပြီးတော့ လိုတာထက်ပိုတာ သေသေချာချာကိုင်တွယ်မဖြေရှင်းရင်တော့ ဒီမီးတောက်ကလည်းကြီးတယ်။
နောက်တခုကတော့ ဘယ်လောက်ပဲ အားကောင်းတဲ့သူပဲဖြစ်ဖြစ်။ လူတွေဟာ ဒုက္ခရောက်ရင် မွန်းကျပ်ရင် ပေါက်ကွဲပြီး ဒီလိုမျိုး ပြဿနာရှာပြီး လူမျိုးရေးပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။
You may also like these stories:
အမေရိကန် ဆန္ဒပြသူများနှင့် ထောက်ခံပူးပေါင်းသူ ရဲများလည်း ရှိသည်
အိမ်ဖြူတော်အနီး ရုန်းရင်းဆန်ခတ် ဖြစ်သည်အထိ အမေရိကန် မငြိမ်သက်မှု နက်ရှိုင်းလာ