လက်ရှိ ကမ္ဘာတဝန်းတွင် ကူးစက်မြန် COVID 19 ရောဂါ ဖြစ်ပွားနေမှုကြောင့် စီးပွားရေး အခြေအနေ တုံ့ဆိုင်းနေမှုများ၊ ကျဆင်းသွားမှုများကို ရင်ဆိုင်နေရလျက် ရှိသည်။
ထို့အတူ မြန်မာနိုင်ငံတွင်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွားခြင်း၊ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းရခြင်း၊ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ် တန့်သွားခြင်းတို့ ကြုံတွေ့နေရလျက် ရှိသည်။
၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ကျော် ဖြစ်ပြီး လက်ရှိကာလအထိ ဒေါ်လာ ၄ ဘီလီယံခန့် ခွင့်ပြုပေးထားပြီး ဖြစ်သည်။
လတ်တလောတွင် COVID 19 ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နေသည့် အခြေအနေများ၊ နိုင် ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရေး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ မူဝါဒ အပြောင်းအလဲများ လုပ်ဆောင်သွားမည့် အစီအစဉ်၊ လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အခြေအနေများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူးလည်း ဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် လွင် ကို ဧရာဝတီ သတင်းထောက် အောင်သီဟက ဆက်သွယ် မေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။
မေး။ ။ ကိုဗစ်ကာလမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ အခြေအနေတွေ အပြောင်းအလဲ ရှိသွားခဲ့လား။
ဖြေ။ ။ အခုအချိန်ထိတော့ ဝင်ရောက်လာမှုက မပြောင်းလဲသေးပါဘူး။ ကျနော်တို့ ရင်းနှီးမြှုပ်နှံမှု ဆိုတာက အခုချက်ချင်း စဉ်းစားပြီး အခုချက်ချင်း ထလုပ်တာ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံသူကလည်း ကြိုတင် စဉ်းစား ပြင်ဆင် တွက်ချက်၊ ဘဏ္ဍာ ရေး အခြေအနေတွေ၊ တိုင်းပြည် အခြေအနေတွေ၊ သူရဲ့ စီးပွားရေး အခြေအနေတွေ အားလုံးကို တွက်ချက်ပြီးတော့မှ ဆောင်ရွက်ကြတာဖြစ်တဲ့ အတွက် မူလရင်းနှီးမြှုပ်နှံမယ့် အခြေအနေတွေ အတိုင်းပဲ ဆက်သွားနေတုန်း ဆိုတာကို ပြော လိုပါတယ်။
အခု နောက်ဆုံး ကျနော်တို့ ၇/၂၀၂၀ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးမှာ ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေဆိုရင် ကိုဗစ် မတိုင်ခင် ကတည်းက ကြိုပြီးတော့ ပြင်ဆင်ထားတဲ့ လုပ်ငန်းမျိုးတွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းမျိုးတွေက သက်ဆိုင်ရာ ဝန် ကြီးဌာနတွေရဲ့ သဘောထားတွေ၊ နောက်တခါ သက်ဆိုင်ရာ တိုင်းအစိုးရရဲ့ မှတ်ချက်တွေ၊ နောက်ပြင်ဆင်ဆောင်ရွက်ရ တဲ့ လုပ်ငန်းတွေ၊ ငွေရေးကြေးရေးတွေ စတဲ့ လုပ်ငန်းတွေနဲ့ တချို့ နိုင်ငံတော်ပိုင် အဆောက်အအုံတွေနဲ့ ပတ်သက်တာ ဆိုရင် သူ့လုပ်ထုံးလုပ်နည်း အတိုင်း အဆင့်ဆင့် ဆောင်ရွက်ပြီးမှ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကာလ မှာ ချက်ချင်း ရင်းနှီးမြှုပ်နှံမှု ပုံစံကြီး ပြောင်းလဲသွားပြီး ကျနော်တို့ ဆီကို လာခြင်း မရှိသေးပါဘူး။
မေး။ ။ ကိုဗစ်က ကမ္ဘာ့စီးပွားရေး တခုလုံး နှေးကွေးသွားတာဖြစ်တဲ့အတွက် ကိုဗစ်အလွန်ကာလမှာ ရင်းနှီးမြှုပ်နှံ မှု တွေ ဖိတ်ခေါ်တဲ့ အစီအစဉ်တွေ ဘာတွေ ပြောင်းလဲ လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။ ။ ကျနော်တို့ စီးပွားရေးနဲ့ ပတ်သက်ပြီး ကိုဗစ်ကုစားရေး ကော်မတီမှာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
သူရဲ့ပထမဦးဆုံး အကြိမ် ပြုလုပ်တဲ့ အစည်းအဝေးမှာ ကျနော်တို့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် စီးပွားရေးလုပ်ငန်း တွေကို ခွင့်ပြုဆောင်ရွက်ပေးဖို့ လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။ အဲဒါက ဘယ်လို လုပ်ငန်းမျိုးလဲ ဆိုတော့ အလုပ်အကိုင် ရရှိဖို့ လုပ်ငန်းမျိုးတွေ၊ နောက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းမျိုးတွေ၊ နောက်တခါ လုပ်ငန်း အစကနေအဆုံး ဒီမှာပဲ လုပ်ရမယ့် လုပ်ငန်းမျိုးတွေ ဥပမာ ဝါစိုက်ပြီးတော့မှ ဝါ ရက်မယ်၊ ပြီးတော့မှ အထည်ဖြစ်မယ်။
ပြီးရင် အထည်ချုပ်စက်ရုံ ပို့ မယ်။ ချုပ်မယ် ထုတ်ပိုးမယ် ပြီးရင် ပြည်ပပို့မယ်။ အဲဒီလို လုပ်ငန်းမျိုးတွေကို ဖိတ်ခေါ်သွားဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဘာကြောင့် ဒီလိုမျိုး ကျနော်တို့ စဉ်းစားလဲဆိုရင် ကိုဗစ်ကာလမှာ ပြည်ပ ကုန်ကြမ်း မှီခိုရတဲ့ လုပ်ငန်းတွေ နှောင့်နှေးသွားတာနဲ့ ပတ်သက်ပြီး စဉ်းစားတာ ဖြစ်ပါတယ်။
နောက်ဆုံး တချက်ကတော့ လုပ်သား အခြေပြု တဲ့ လုပ်ငန်းမျိုးတွေကို စဉ်းစားပါတယ်။ ဥပမာ အထည်ချုပ် စက်ရုံဆိုရင် ပြည်ပက စက်ပစ္စည်း တင်သွင်းရမယ်။ ပြည်ပ က အထည်လိပ်တွေ လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းရပြီးမှ လက်ခစားနဲ့ ချုပ်တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအထည်ချုပ် စက်ရုံတွေက ဒီလို ကုန်ကြမ်းပစ္စည်းတွေ တနိုင်ငံနဲ့ တနိုင်ငံ အသွားအလာ ပိတ်သွားတဲ့ အခါမှာ တော်တော်ခက်ခဲတွေ ဖြစ်သွားခဲ့တယ်။
မေး။ ။ အခုဆိုရင် ဂျပန်နဲ့ အနောက်နိုင်ငံတချို့က သူတို့ရဲ့ တရုတ်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြ တယ်ပေါ့။ အရှေ့တောင် အာရှမှာဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ဗီယက်နမ်ကို အများဆုံး ရွေးချယ်ကြတော့ မြန်မာ ကိုရော ရွေးချယ်စရာ တခုဖြစ်လာအောင် ဘာတွေ ပြင်ဆင်ဆောင်ရွက်နေလဲ။
ဖြေ။ ။ လက်ရှိအချိန်မှာ ကိုဗစ် စီးပွားရေး ကုစားရေး ကော်မတီက ဆောင်ရွက်နေသလို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင် အနေနဲ့လည်း မူလရှိပြီးသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်တဲ့ စီမံကိန်းတွေ အပြင် အခု နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံတွေကို After care service အစီအစဉ်တွေ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ထို့အတူပဲ International Trade Center က ကူညီပံ့ပိုးမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင်မယ့် လုပ်ငန်းမျိုးတွေကို လုပ် ဆောင်ဖို့ အစီအစဉ်တွေ ကျနော်တို့ ပြင်ဆင်နေပါတယ်။
နိုင်ငံတကာ ငွေကြေးအဖွဲ့ (IFC)၊ ကမ္ဘာ့ဘဏ် တို့လို အဖွဲ့အစည်းတွေက ကျနော်တို့ ဌာနကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းတွေကို အကူအညီ ပေးနေသလို ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ လုပ်ဆောင်သင့်တာတွေ၊ လုပ်ဆောင်ဖို့ လိုအပ်နေ တာတွေရော ဒီ ကိုဗစ်ကာလမှာ ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာတွေ၊ နောက်တခါ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေကို လည်း လုပ်ဆောင်ပေးဖို့ လိုအပ်တာတွေ အပြင် ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ဆွဲဆောင်ဖို့ အတွက်ကိုလည်း လုပ်ဆောင် သင့်တဲ့ အစီအစဉ်တွေ အကြံပေးတာတွေ ရှိပါတယ်။
ကျနော်တို့ ဌာနအနေနဲ့ကလည်း သူတို့တင်ပြလာတွေကို လိုအပ်သလို ပြင်ဆင် သုံးသပ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌရယ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနကို အစီအစဉ်တွေကို တင်ပြလျက် ရှိပါတယ်။ လောလောဆယ်မှာ ကျနော်တို့ကို သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များ အပြင် သံတမန်နည်းလမ်း အရလည်း ဆက် သွယ် ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။
ဒီကာလထဲမှာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး ကလည်း ကျနော်တို့နဲ့ ဆက်တိုက် ဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ဆောင်ရွက်သွားဖို့ စီစဉ်နေတာတွေ ရှိပါတယ်။ ထို့အတူ ဂျပန်နိုင်ငံ၊ တရုတfနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆက် လုပ်မယ့် လုပ်ငန်းမျိုးတွေ အတွက်လည်း ဆွေးနွေးနေတာတွေ ရှိပါတယ်။
မေး။ ။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုဆွဲဆောင်နိုင်ဖို့ MIC အနေနဲ့ မူဝါဒအပြောင်းအလဲတွေ လုပ်ဖို့ရှိလား။ ဥပမာ တိုင်းနဲ့ ပြည်နယ်တွေကို ဖွံ့ဖြိုးရေးဇုန်အလိုက် သတ်မှတ်ပြီး ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်တွေပေါ့။ နောက်တခု က တိုင်းနဲ့ ပြည်နယ်တွေက ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေရဲ့ လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပေးဖို့ ကိစ္စရပ်တွေလိုမျိုးပေါ့။
ဖြေ။ ။ ဒီမူဝါဒတွေ အတွက်ကို ကျနော်တို့ MIC အစည်းအဝေးတွေမှာ ညှိနှိုင်းထားလျက် ရှိပါတယ်။ စီးပွား/ကူးသန်း ပြည် ထောင်စု ဝန်ကြီးက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ဒု ဥက္ကဋ္ဌပါ။ သူတို့ ဝန်ကြီးဌာနဘက်လည်း ပြင်ဆင် ဆောင်ရွက်နေတာ လည်းရှိသလို ကော်မရှင် အနေနဲ့လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အပါအဝင် ကျနော်တို့ လက်ရှိ လုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆောင်ရွက်ချက်တွေ၊ လှုပ်ရှားမှုတွေ အားလုံးကိုလည်း ပြန်လည် သုံးသပ်နေတာတွေ ရှိပါ တယ်။ ပြန်လည် သုံးသပ်ပြီးမှ ကျနော် ပြောနိုင်မှာ ဖြစ်ပါတယ်။
ဒီလို ပြန်ပြီး သုံးသပ်ပြီးရင် ရင်းနှီးမြှုပ်နှံမှု အပိုင်းကို ပိုမိုပြီးတော့ သက်သာ ချောမွေ့စေရေး၊ နောက်တခါ ရှိပြီးသား ရင်းနှီး မြှုပ်နှံမှုကို ပိုမိုပြီးတော့ ဆွဲဆောင်နိုင်ရေး၊ နောက်တခါ အသစ် ဝင်ရောက်လာနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင် ရေး အစရှိတဲ့ အစီအစဉ်တွေကို ဆောင်ရွက်နေတာတွေ ရှိပါတယ်။
မေး။ ။ အစိုးရရဲ့ စီးပွားရေး ကုစားရေး အစီအစဉ် (CERP) မှာ စိုက်ပျိုးရေးနဲ့ မွေးမြူကဏ္ဍကနေ အဓိက ကုစားသွားမယ် ပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဦးစားပေး ကဏ္ဍမှာလည်း ဒီကဏ္ဍတွေက ထိပ်ဆုံးကနေ ရှိနေတယ်။ ဝင်ငွေခွန် သက်သာခွင့် တွေလည်း ပေးထားပေမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် အနည်းဆုံးမှာပဲ ရှိနေတော့ ဒီကိုရော ဘယ်လိုပြောင်းလဲ သွားဖို့ ရှိလဲ။
ဖြေ။ ။ ဒါကလည်း ကျနော်အကြိမ်ကြိမ်ပြောပြီးဖြစ်ပါတယ်။ စက်မှုလယ်ယာကို ပြောင်းဖို့အတွက်ကို ကျနော်တို့ လက်ရှိ သုံးစွဲနေတဲ့ လယ်မြေတွေက လူတယောက်ကို ၁ ဧက ပိုင်တဲ့သူက ရာခိုင်နှုန်းအများကြီး နေရှိပြီးတော့ ၅ ဧကပိုင်တဲ့ သူက ရာခိုင်နှုန်းနည်းနည်း နည်းတယ်။ နောက်တခါ ဧက ၁၀၀ အထက် ပိုင်တဲ့ သူကလည်း နည်းနည်းပဲ ရှိတယ်။
ဆိုလိုတာကတော့ မြေတွေကို စုစည်းပြီး တစပ်တည်း လုပ်မှသာရင် စက်မှုလယ်ယာ လုပ်ငန်းအောင်မြင်မှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ ကျနော်တို့ မြေကို ပိုင်ဆိုင်မှုတွေကို အမျိုးမျိုး ကွဲပြားနေတာဖြစ်တဲ့အတွက် MIC ကို တင်ပြပြီး ဆောင်ရွက်လာနိုင်လောက်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ မလာတာပါ။
သီးခြား ကိုယ့်ဘာသာ ၄၊ ၅ ဆယ် ဧက တန်သည် ကုမ္ပဏီတွေ လုပ်နေတဲ့ လုပ်ငန်းတွေအများကြီး ရှိပါတယ်။ ကျနော်တို့ ဆီကိုကျတော့ ရင်းနှီးမြှုပ်နှံမှုတွေ စုပေါင်းပြီး တပြိုင်တည်း ဧက ၁ ထောင်လောက်ကို မရှိကြသေးလို့ပါ။ နံပတ်၂ ချက်က ကျနော်တို့ နိုင်ငံမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းမျိုးတွေထဲမှာ ရင်းနှီးမြှုပ်နှံမှုကို လာတဲ့ လူက လယ်ယာစိုက်ပျိုးရေးကို စိတ် ဝင်စားမှု နည်းနည်း အားနည်းပါတယ်။
ကျနော်တို့နိုင်ငံမှာ ပေါနေတဲ့ လုပ်သားနဲ့ စက်ရုံ အလုပ်ရုံတွေ နောက်တခါ နည်းပညာတွေ ဒါမျိုးကို ဦးစားပေး လုပ်ဆောင် နေတာတွေ ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ကျနော်တို့က ဘယ်လောက်အထိ ကြိုဆိုလည်းဆိုရင် ဦး စားပေး အဆင့်ထဲမှာ ပါပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ လာပြီးတော့မှ ရင်းနှီးမြှုပ်နှံမှု လာဆွေးနွေးတယ်ဆိုရင်တော့ ကျနော်တို့ ဦးစားပေး ဆွေးနွေးပေးပါတယ်။ မကြာမီလည်း ဒီလယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာ ပါမယ်။ ကျနော်တို့နဲ့ ဆွေးနွေးထားပြီးတော့မှ လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်။
အဓိက ကတော့ ကျနော်တို့ လယ်ယာစိုက်ပျိုးရေး ကို လုပ်ဖို့ ဆိုတာက တချို့အပိုင်းတွေကျတော့ သက်ဆိုင်ရာ ဝန်ကြီး ဌာနက အခြေအနေတွေကို ကျနော်တို့က မသိရှိတာ တွေလည်း ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ရင်းနှီး မြှုပ်နှံမှုတွေ မြှင့်တင်ဖို့ ကျနော်တို့ နိုင်ငံတကာရဲ့ အကူအညီတွေက ဒီလယ်ယာစိုက်ပျိုးရေး အတွက် ညှိနှိုင်း ဆောင်ရွက် နေတာလည်း ရှိပါတယ်။ ဒါတွေလည်း မကြာခင် သိရတော့မှာပါ။
မေး။ ။ CERP ထဲမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း ကဏ္ဍမှာ DICA နဲ့ တိုက်ရိုက် သက်ဆိုင်တာ တခုပါတာတွေ့တယ်။ ဒီနှစ်ထဲမှာ ခပ်ကြီးကြီး ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ၅ ခုကို ခွင့်ပြုပေးဖို့ပေါ့။ ဒါကို ဘယ်လိုဆောင်ရွက်သွားမလဲ။ ခပ်ကြီး ကြီးဆိုတာ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်လောက် ဆိုလိုချင်တာလဲ။
ဖြေ။ ။ ရင်းနှီးမြှုပ်နှံမှု ကြီးတယ်ဆိုတာကတော့ မတည်ရင်းနှီးငွေ ပမာဏများတာကို ဆိုလိုချင်တာပါ။ မတည်ရင်းငွေ များ များနဲ့ပေါ့။ CERP ရေးဆွဲတာကတော့ ဌာနတခုက ရွေးဆွဲတာ ဖြစ်ပါတယ်။ ကျနော်တို့က ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆီ ရောက်လာရင် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီတော့ ဒါကိုလည်း ကျနော်တို့ ပြည်ထောင်စု ဝန်ကြီးတွေ အဆင့် က ဦးဆောင်ပြီး ဆောင်ရွက်နေတာလည်း ရှိပါတယ်။ ဒီကိစ္စတွေကတော့ မကြာခင် သိရမှာဖြစ်ပါတယ်။
မေး။ ။ ဒီဘဏ္ဍာနှစ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကနေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံလို့ မျှော်မှန်းထားတာပေါ့ အဲဒါ ကရော ပြည့်မီနိုင်မလား။
ဖြေ။ ။ အခု နောက်ဆုံး ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၇/၂၀၂၀ အစည်းအဝေးအပြီးမှာ ကျနော်တို့ အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၉ ဘီလီယံ ရထားပြီးပါပြီ။ နောက်ထပ် ကျနော်တို့ ၁ ဒသမ ၆ လောက်ပဲ လိုတော့တာပေါ့။ အဲဒီမှာ ကိုဗစ်ကြောင့် စီစဉ်ထားတဲ့ စီမံကိန်းကြီးကြီးတွေ ဝင်လာခဲ့မယ်ဆိုရင် ဒီလျာထားချက်ကို ပြည့်မီသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နောက်ထပ် ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၄ လကျန်ပါသေးတယ်။ ကျနော်တို့ အရင် မူလလျာထား ချက်အတိုင်း ပြည့်မီသွားမယ်လို့ ထင်ပါတယ်။
မေး။ ။ စီမံကိန်းကြီးကြီးတွေ ခွင့်ပြုသွားဖို့ ရှိတယ် ဆိုတာက တရုတ်-မြန်မာ စီးပွားရေးစကြန် (CMEC) အောက်က စီမံ ကိန်း တွေလား။
ဖြေ။ ။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဆိုတာက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ နောက်ဆုံးအဆင့် ရောက်မှ တချို့ ဟာတွေ သိရတာဖြစ်ပါတယ်။ တချို့ဟာတွေကျတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သွားတာ ဖြစ်ပါတယ်။ CMEC က ကျနော်တို့ ဝန်ကြီးဌာန အောက်က သွားတာ မဟုတ်ပါဘူး။ စီမံ၊ဘဏ္ဍာ၊ စက်မှု အောက်က သွားတာဖြစ်ပါတယ်။
ဝန်ကြီးဌာနအချင်းချင်း သိရှိတာကတော့ ဆွေးနွေးတာတွေ ပြောဆိုတာတွေက ရှိနေတုန်းပဲလို့ သိထားရတယ်။ တချို့ စီမံ ကိန်းတွေက ကျနော်တို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြလာရင် CMEC အောက်မှာ ပါတယ် မပါဘူး ဆိုတာထက် ကျနော်တို့အတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရှိ၊ တိုင်းပြည်အတွက် အကျိုးရှိမရှိ၊ အလုပ်အကိုင် ရရှိမှု ရှိမရှိ ၊ ကျောထောက် နောက်ခံ ကောင်းမကောင်း စတဲ့ ရင်းနှီးမြှုပ်နှံမှု စံနှုန်းသတ်မှတ်ချက်တွေနဲ့ စိစစ်တာပါ။
တချို့ဟာတွေကျတော့ CMEC အောက်က ဟုတ်မဟုတ် ကျနော်တို့ မသိတာတွေ ပါပါတယ်။ ဒါက ကျနော် အမှန်တိုင်းပဲ ပြောပြတာပါ။ CMEC ကိစ္စကလည်း တခြားဝန်ကြီးဌာနက ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် On Going သွားတယ်လို့ အကြမ်းဖျင်း သိရပါတယ်။ ရပ်သွားတာလည်း မရှိနေပါဘူး။ အခုတော့ ကျနော်တို့ ကော်မရှင်ဆီကို CMEC အောက်ကပါ ဆိုတဲ့ စီမံကိန်းကို လာတင်ပြတာမျိုး မရှိသေးပါဘူး။
မေး။ ။ ကိုဗစ်အလွန်ကာလမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်သွားဖို့ စီစဉ်နေတာတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက် ပြောကြား ချင်တာများ ရှိလား။
ဖြေ။ ။ ကျနော်တို့ ကိုဗစ်အလွန်ကာလအတွက်ကို ကျနော်တို့ ကြိုတင်ပြင်ဆင်နေတာ ရှိပါတယ်။ ဒါက ဘာလဲဆိုရင် ကျနော်တို့ရဲ့ တာဝန်ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရမှာဖြစ်ပါတယ်။ ထို့အတူပဲ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုကို လွှတ်ထွက် မသွားအောင် ထိန်းချုပ်ရမှာလည်း ဖြစ်ပါတယ်။ အဲဒီမှာ အရေးကြီးက ရင်းနှီးမြှုပ်နှံသူကို After Care လုပ်ဖို့အတွက်ကို အရေးကြီးပါတယ်။ တချို့အပိုင်းတွေမှာ ကျနော်တို့ လက်လှမ်းမမီလို့ အချိန်မီ မဆောင်ရွက်နိုင်တဲ့ ကိစ္စတွေရှိပါတယ်။
အဲဒီလို ကိစ္စမျိုးတွေဖြစ်လာရင် ကျနော်တို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အမြန်ဆုံး ညှိနှိုင်း ဆောင်ရွက်ပါတယ်။ ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့လည်း နေ့စဉ်နဲ့အမျှ ဝန်ကြီးဌာနတွေ အားလုံးနဲ့ ညှိနှိုင်းမှုတွေ တောက်လျှောက်လုပ်နေပါတယ်။
ကိုဗစ်ကြောင့် ပြောင်းလဲသွားမယ့် စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ဆိုရင် နိုင်ငံတကာအဖွဲ့ အစည်း တွေ ဆီက အကြံပြုချက်တွေ မြောက်များစွာ ရရှိထားပါတယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက်တွေက သိပ်မြန်တာဖြစ်တဲ့အတွက် ဘယ်လို လုပ်သင့်သလဲဆိုတာကို ကျနော်တို့ စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး လိုအပ်တာတွေ ပြင်ဆင် ဆောင်ရွက်လျက် ရှိပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်း ရှေ့ဆက်မည်ဟု NYDC CEO ပြော
COVID-19 အလွန် စိုက်ပျိုးရေးကဏ္ဍ ပြန်ထူထောင်နိုင်ရေး ကန်ဒေါ်လာ သန်း ၂၀၀ ချေးမည်
မြန်မာ့စီးပွားရေး ကုစားရန် GDP ၏ ၅ ရာခိုင်နှုန်းအထိ ငွေကြေး သုံးစွဲမည်