မလေးရှားတွင် ဒုက္ခကြုံနေရသည့် မြန်မာလုပ်သားများအရေး မေးမြန်းချက်

သဇင်လှိုင်
မလေးရှားနိုင်ငံ၊ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်း
Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား သိန်းနှင့်ချီပြီး COVID-19 ကြောင့် အလုပ်လက်မဲ့ဖြစ်နေသည့် အပြင် နေရပ်ပြန်ရန်လည်း မဖြစ်နိုင်သည့် အခြေအနေများကို ကြုံတွေ့နေရသည်။

အထူးသဖြင့် တရားမဝင် အလုပ်သမားများမှာ နေရမဲ့၊ စားရမဲ့ အခြေအနေသို့ပင် ရောက်ရှိနေပြီး အဝင်အထွက်များ တင်းကျပ်စွာ ပိတ်ဆို့ထားသဖြင့် နေရပ်ပြန်လိုသော်လည်း မပြန်နိုင်ဖြစ်နေကြောင်း သိရှိရသည်။

သို့ဖြစ်ရာ အဆိုပါအလုပ်သမားများကို မည်သို့ ကူညီဖြေရှင်းပေးနေကြောင်း သိရှိရန် မလေးရှားနိုင်ငံ၊ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။   ။ မြန်မာနိုင်ငံက အလုပ်သမားတွေ မလေးရှားမှာ အခုလက်ရှိ ဘာတွေကြုံတွေ့နေရလဲ။ ဘယ်လိုမျိုး ဆက်သွယ်လာတာ တွေရှိလဲ ဆိုတာ အရင်ဆုံး သိချင်ပါတယ်ရှင့်။

ဖြေ ။  ။ အခုကတော့ တရားဝင်အလုပ်သမားရော တရားဝင် အလုပ်သမားရော အားလုံးက ဆက်သွယ်လာပါတယ်။ တရားဝင် အလုပ်သမားတွေကို ဘာအခက်အခဲရှိနေလဲဆိုတော့ လောလောဆယ် သူတို့ အလုပ်အကိုင် မလုပ်ရသေးတဲ့ အတွက် စားဝတ်နေရေး အဆင်မပြေမှုတွေကို ကျနော်တို့ကို ဆက်သွယ်တာပေါ့။ တရားမဝင် အလုပ်သမားကျတော့ အလုပ်ဖြုတ်ခံရတယ်။ နေစရာအိမ်တွေက မောင်းထုတ်ခံရတယ်။ အစားအသောက် အခက်အခဲတွေ ဖြစ်နေတယ်ဆိုပြီး ကျနော်တို့ဆီကို အကူအညီတောင်းတာတွေ ရှိပါတယ်။

မေး ။  ။ ကိန်းဂဏန်းအရဆိုရင် မလေးရှားမှာ တရားဝင်၊ တရားမဝင် အလုပ်သမား ဘယ်လောက်လောက် ရှိတယ်လို့ စာရင်းသိရလဲ။

ဖြေ ။  ။ တရားဝင်ကတော့ ၃ သိန်း နီးပါးလောက်တော့ ရှိတယ်လို့ ခန့်မှန်းပေါ့နော်။ အတိအကျတော့ ကျနော်တို့ ပြောလို့မရဘူး။ တရားမဝင်လည်း ၂ သိန်းခွဲ ၃ သိန်းကြားမှာ ရှိမယ်လို့ ကျနော်တို့ခန့်မှန်းပါတယ် ခင်ဗျ။

မေး ။  ။ အခုက အလုပ်သမားတွေအနေနဲ့ အလုပ်လက်မဲ့ ဖြစ်နေပြီဆိုတော့ စားစရာရော နေစရာပါ အခက်အခဲ ဖြစ်နေပြီပေါ့။ နောက် Overstay သမားတွေကို ရဲကလိုက်ဖမ်းနေတာမျိုးတွေလည်း ရှိတဲ့အခါကျတော့ သူတို့အနေနဲ့ အိမ်ပြန်ချင်နေပြီလို့ ပြောကြပါတယ်။ ဒီလိုအခြေအနေတွေမှာ နိုင်ငံတော် အစိုးရအနေနဲ့က ဘာတွေညွှန်ကြားထားတာမျိုး ရှိလဲ။

ဖြေ ။  ။ ကျနော်က အလုပ်သမား သံအရာရှိဆိုတော့ ကောင်စစ်ရေးရာနဲ့ ပတ်သက်ရင်တော့ တိုက်ရိုက် သတင်းအချက် အလက်ပေးတာမျိုး မရှိဘူးပေါ့။ လောလောဆယ် ကျနော်တို့ သိရသလောက်က ပြန်ခေါ်နိုင်မယ့် အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။

မေး ။  ။ ပြန်ခေါ်နိုင်ဖို့ အစီအစဉ် မရှိသေးတာက ဘယ်လိုကြောင့်ဖြစ်မလဲ။

ဖြေ ။  ။ ကျနော်တို့ အနေနဲ့ ကယ်ဆယ်ရေး လေယာဉ်တွေ စီစဉ်ဆောင်ရွက်ပါတယ်။ ပထမဆုံး စီစဉ်ဆောင်ရွက်တဲ့ လေယာဉ်မှာပဲ၊ ဒီနိုင်ငံမှာက အလုပ်လုပ်တဲ့ ဖြစ်စဉ်က ရှုပ်ထွေးတယ်။ တခြား စင်ကာပူတို့၊ ကိုရီးယား၊ ဂျပန်တို့နဲ့ မတူဘူး။ ဒီမှာက U-turn permit (အေးဂျင့်များနှင့် တရားမဝင် ပြုလုပ်ထားသော နေထိုင်လုပ်ကိုင်ခွင့် စာရွက်စာတမ်း) တွေရော အခြေအနေ အမျိုးမျိုးနဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် တရားမဝင် ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေရော ဆိုတော့ ဒီနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေက တခြား နိုင်ငံနဲ့ မတူဘဲ ရှုပ်ထွေးတာပေါ့။ အဲဒီတော့ သံရုံးအနေနဲ့လည်း ကြီးကြပ်ရတာ အခက်အခဲ ရှိတယ် ထင်ပါတယ်။

Immigration ဖြတ်တဲ့အခါမှာလည်း အဆင်မပြေမှုတွေ ဖြစ်ပါတယ်။ တရားမဝင် U-turn permit တွေက အပြင်ထွက်ဖို့ရာ ကြိုးစားတဲ့ အခါမှာ အဆင်မပြေတာတွေ ဖြစ်တာတို့ Immigration ဘက်မှာလည်း အခက်အခဲတွေ ရှိတယ်။ သံရုံးဘက်မှာလည်း အခက်အခဲတွေ ရှိတယ်။ လေဆိပ်ဘက်မှာလည်း ၃ နာရီလောက် စောင့်ဆိုင်းပြီးမှ ထွက်ပေမယ့် အဆင်မပြေဘူး။ ခရီးသည်တွေက အကုန်မပါဘူးဆိုတော့ လောလောဆယ် လူကြီးတွေ အနေနဲ့ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ သတင်း တိတိကျကျတော့ မဟုတ်ပါဘူး။ ကျနော်တို့ အဲဒီလို ကြားသိရပါတယ်။

မေး ။  ။ နောက်တခုက အလုပ်သမားတွေ အနေနဲ့ သံအရာရှိတွေကို ဆက်သွယ်ပြီး အကူအညီတောင်းခံမှုတွေ လုပ်တဲ့ အခါမှာ အကြောင်းပြန်ခြင်း မရှိဘူးလို့ ပြောကြတော့။ ဒီအခြေအနေက ဘယ်လိုအခက်အခဲတွေကြောင့်လဲရှင့်။

ဖြေ ။  ။ အလုပ်သမား သံအရာရှိတွေကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ မှန်သမျှကို ဖြေကြားပေးပါတယ်။ ကျနော်တို့က နှစ်ယောက်ပဲ ရှိတာဖြစ်တဲ့အတွက် တကယ်လို့ ဖုန်းက Miss Call ဖြစ်သွားတာတို့ ဒီဘက်ကဖုန်းပြောနေတဲ့ အချိန်မှာ ဖုန်းမကိုင်နိုင်တဲ့ အခြေအနေဆိုရင် ချက်ချင်းပြန်ခေါ်ပါတယ်။

ကျနော်တို့ဘက်ကတော့ ပြန်လည်မဖြေကြားတဲ့ ဖြစ်စဉ် တခုမှ မရှိပါဘူး။ သို့သော် သံရုံးအနေနဲ့က လောလောဆယ် သံရုံးပိတ်ထားတာက တကြောင်း  နောက်တခုက Hotline အနေနဲ့ ထားမပေးတာက တကြောင်းဆိုတော့ ဆက်သွယ်တဲ့ အခါမှာ အခက်အခဲ ရှိပါတယ်။

တချို့ကိစ္စတွေက သံအရာရှိနဲ့တင် မပြီးဘူးလေ။ ကောင်စစ်တာဝန်ခံတွေကပဲ ပြောတာပေါ့။ ဒါပေမယ့် Hotline အနေနဲ့ မရှိတာရယ် သံအမတ်ကြီးရဲ့ ညွှန်ကြားချက် မရှိတာရယ်ပေါ့။ သူတို့ personal ဖုန်းတွေကျတော့လည်း ကျနော်တို့က ပေးလို့မရဘူး။ ရုံးဖုန်းကလည်း ဆက်လို့မရဘူး အဲဒီလို အခြေအနေတွေ ဖြစ်ပြီးတော့  သံရုံးက ဖုန်းဆက်လို့ မရဘူးဆိုတဲ့ အသံတွေ ထွက်လာတာပေါ့။

မေး ။  ။ လက်တွေ့မှာတော့ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေက ဒုက္ခတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရပြီပေါ့။ အဲဒီတော့ နိုင်ငံတော် အစိုးရအနေနဲ့ ဒီအခြေအနေတွေကို အမြန်ဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းက ဘာဖြစ်မလဲ။

ဖြေ ။  ။ အခုက တရားဝင်အလုပ်သမားတွေ အားလုံးက အလုပ်ပြန်ဆင်းနေကြပါပြီ။ အဲဒီအတွက်တော့ ပြဿနာ မရှိပါဘူး။ တကယ်လို့ တရားမဝင် အလုပ်သမားတွေမှာ အလုပ်မရှိသေးတဲ့ အချိန်မှာ စားဖို့သောက်ဖို့ အခက်အခဲ ဖြစ်နေတယ်ဆိုရင် ကျနော်တို့က အချိန်နဲ့ တပြေးညီ မြန်မာပြည် အေးဂျင့်ရယ်၊ မလေးရှားနိုင်ငံမှာ ရှိနေတဲ့ အေးဂျင့်ရယ်၊ နောက်အလုပ်ရှင် အားလုံးကို ချိတ်ဆက်ပြီးတော့ စားဖို့သောက်ဖို့အတွက်ကို တခါတည်း စီစဉ်ပေးခိုင်းတာပါ။

တရားဝင် အလုပ်သမားတွေ အတွက်က ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ၅ လပိုင်း ၄ ရက်နေ့ကတည်းက အကုန်လုံး အလုပ်တွေ ပြန်ဖွင့်ဖို့ရာ အတွက် ခွင့်ပြုထားတာ ဖြစ်တဲ့အတွက် အခုလုပ်ငန်းခွင်တွေ ပြန်ဝင်နေကြပြီပေါ့။ ဒါပေမယ့် တချို့လုပ်ငန်းခွင်က ၅၀ ရာခိုင်နှုန်းပဲ ဝင်ရတာ အလုပ်ကို ၂ ရက် ၁ ခါဆင်းဆိုတော့ တချို့တွေက အချိန်ပြည့် မလုပ်ရသေးတဲ့ သဘောရှိပါတယ်။ ဒါပေမယ့် အဲဒါတွေ အားလုံးက တဖြည်းဖြည်းနဲ့တော့ ပျောက်ကွယ်သွားမှာပါ။

သို့သော် တရားမဝင် အလုပ်သမားကျတော့ ဒီနိုင်ငံ အစိုးရကလည်း တရားမဝင် အလုပ်သမား ပပျောက်ရေး စီမံချက်တွေလည်း ရှိတယ်နဲ့ တူတယ်။ အဲဒီတော့ သူတို့ အဖမ်းအစီးတွေလည်း များတယ်။ အစိုးရက တိုက်တွန်းထားတာပေါ့ တရားမဝင် အလုပ်သမားတွေကို ငှားရမ်းထားတဲ့ မလေးရှားနိုင်ငံသား သို့မဟုတ် တရုတ်နိုင်ငံသား အေးဂျင့်တွေကို တရားမဝင် အလုပ်သမားတွေကို ငှားရမ်းမပေးဖို့ အလုပ်ရှင်တွေကိုလည်း တရားမဝင် အလုပ်သမားတွေကို မခိုင်းစေဖို့၊ မခန့်အပ်ဖို့ တိုက်တွန်းထားတာတွေတော့ ကြားနေရပါတယ်။ ရှေ့လျှောက်ကတော့ တရားမဝင် အလုပ်သမားတွေ အတွက် ပိုပြီးခက်ခဲလာလိမ့်မယ်လို့ သုံးသပ်မိပါတယ်။

မေး ။  ။ ခုဏက ပြောသလိုပဲ တရားမဝင်တွေ အတွက်က ရှေ့လျှောက်က အခက်အခဲ ဖြစ်လာမယ်ပေါ့။ သူတို့ အနေနဲ့ကတော့ အိမ်ကိုပဲ ပြန်ချင်ကြပေမယ့် အခုကပြန်ဖို့ လမ်းတွေ အကုန်ပိတ်ထားတဲ့အခါမှာ နှစ်နိုင်ငံ အစိုးရကြားမှာ ဘယ်လိုညှိနှိုင်းမှုတွေ လိုမလဲ။

ဖြေ ။  ။ မလေးရှား အစိုးရရဲ့ သဘောထား အပေါ်မှာပဲ မူတည်နေပါတယ်။ သံရုံးက ဘယ်လောက်ပဲ လုပ်ပေးချင်တာပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ညှိနှိုင်းတာဖြစ်ဖြစ် တကယ်ဆုံးဖြတ်ချက်ချပြီး မလေးရှားအစိုးရက ဖြေလျှော့ပေးမှသာ ကျနော်တို့ တရားမဝင် အလုပ်သမားတွေ အနေနဲ့ ပြန်လို့ရလိမ့်မယ်။ အဲဒါကတော့ ဟိုဘက်ဒီဘက်က အခက်အခဲတော့ ရှိတာပေါ့။

၂၀၁၉၊ ၁၂ လပိုင်းတုန်းက လုပ်ပေးခဲ့တဲ့ 6P Program လိုမျိုး အဲဒီလို ပုံစံမျိုး ထပ်လုပ်ပေးဖို့ကျတော့လည်း လူစုလူဝေးတွေ ဖြစ်တာတို့ COVID ကာကွယ်ရေး ကိစ္စမှာ အနှောက်အယှက် ဖြစ်တာတို့ ဖြစ်လာနိုင်တော့ သူတို့လည်း သုံးသပ် တာတို့ဘာတို့တော့ ရှိလိ့မ်မယ်။ အခြေအနေက နည်းနည်း ပြောရခက်တဲ့ အပိုင်းမှာ ရှိတာပေါ့။

မေး ။  ။ အခုလို အခက်အခဲတွေ ဖြစ်နေတဲ့အခါကျတော့ အဖမ်းခံရရင် ပြည်နှင်ဒဏ်ပေးတာနဲ့ ပြန်ရမလားလို့ တွေးပြီး အလုပ်သမားတွေ အနေနဲ့က အဖမ်းခံရမလား။ ဒါပေမယ့် ဖမ်းခံရရင်လည်း စိန်ခေါ်မှုတွေက များကြီးရှိနေတဲ့ အခါကျတော့ အစိုးရရဲ့ ညှိနှိုင်းဆောင်ရွက်မှုကိုပဲ စောင့်ရမလားဆိုပြီး ဝေခွဲမရဖြစ်နေကြတယ်။ အဲဒီအပေါ်မှာ ဘယ်လိုများ အကြံပေး ပြောချင်လဲရှင့်။

ဖြေ ။  ။ အဖမ်းခံရတယ် ဆိုတာက ဆိုးရွားတဲ့ အခြေအနေလေ။ သို့သော် တရားဝင်ပြန်ဖို့ ကိစ္စကိုလည်း အချိန်တခုတော့ စောင့်ရမယ်လို့ ကျနော်တို့ ယူဆတယ်။ ကျနော်တို့အနေနဲ့ သံရုံးကို တင်ပြထားတာ ရှိပါတယ်။ တရားမဝင် အလုပ်သမားတွေကို တရားဝင် ပြန်လို့ရအောင် သက်ဆိုင်ရာ လဝက တွေနဲ့ ညှိနှိုင်းပေးဖို့ တင်ပြထားတာမျိုး ရှိပါတယ်။

ဒါပေမယ့် ဘယ်လောက်ပဲ ညှိနှိုင်းနှိုင်း တကယ်နောက်ဆုံး လုပ်ပေးရမှာကတော့ မလေးရှား အစိုးရပဲ လုပ်ပေးရမှာ။ နောက်တခုက တရားမဝင် အလုပ်သမားက မြန်မာ တနိုင်ငံတည်း မဟုတ်တာပေါ့။ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန် အဲဒီလို အများကြီး ရှိတဲ့အခါကျတော့ မြန်မာနိုင်ငံ တခုတည်းကိုပဲ ကြည့်လို့ မရဘူးဆိုတာ မျိုးကို ပြောပါတယ်။

မေး ။  ။ အလုပ်သမားတွေ အနေနဲ့ အခုခံစားရတာက တခြားနိုင်ငံတွေကိုကျတော့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်တယ်။ ကယ်ဆယ်ရေး လေယာဉ်တွေတောင် လွှတ်ပြီးတော့ ကယ်တယ်ပေါ့။ မလေးရှားဘက်မှာကျတော့ ဒီလို အာရုံစိုက်မှု နည်းနေတယ်လို့ ပြောကြပါတယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်လဲရှင့်။

ဖြေ ။  ။ အခုလို ပိတ်မိနေတာတွေ ဖြစ်နေတာမျိုးဆိုရင်တော့ ဒီထပ် နည်းနည်းလေး ပိုပြီးတော့ အာရုံစိုက်ပြီး လုပ်ပေးဖို့ လိုတယ်လို့တော့ ကျနော်တို့လည်း သုံးသပ်ပါတယ်။

မေး ။  ။ အခုဆိုရင် သူတို့အနေနဲ့က ဘယ်တော့ပြန်ရမှာလဲ ဆိုတာ ဝေဝါးနေကြတယ်ပေါ့။ သူတို့ အိမ်ပြန်နိုင်ဖို့ အမြန်ဆုံး ဖြစ်လာပါ့မလား။

ဖြေ ။  ။ CI Project မှာတော့သူတို့ အချိန်တခု စောင့်ရပါလိမ့်မယ်။ အဲဒီအချိန်ကတော့ ၁ လကြာမလား ၂ လ ကြာမလား ဆိုတဲ့ သုံးသပ်ချက်ကတော့ ပြောရခက်တာပေါ့။ အဲဒါကတော့ မလေးရှား အစိုးရက အရင် ၂၀၁၂ တုန်းကဆိုရင် တရားမဝင် အလုပ်သမားတွေ အများကြီး Immigration မှာ ၂ ညအိပ် ၃ ညအိပ် လူစုလူဝေးနဲ့ စောင့်ပြီးတော့မှ လုပ်ရတာမျိုး ဖြစ်သွားတာပေါ့။ 6P Program CI လျှောက်တဲ့ အခါမှာ သူတို့ Special Pass ရဖို့အတွက်က။ အခုက ဒီရောဂါကြီးကို ကာကွယ်ဖို့ရာ ဆိုရင် အဲဒီလို ကိစ္စကြီးကို လုပ်ပေးဖို့ ဆိုတာက မလေးရှား အစိုးရအနေနဲ့ စဉ်းစားလိမ့်မယ်လို့ ကျနော်တို့ သုံးသပ်တာပေါ့။

မေး ။  ။ ဒုက္ခရောက်နေတဲ့ နိုင်ငံသားတွေကို ဘယ်လိုအားပေးစကား ပြောချင်လဲ။

ဖြေ ။  ။ တရားဝင် အလုပ်သမားကတော့ ကျနော်တို့ကို ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပါ ပြဿနာ မရှိပါဘူး။ အချိန်နဲ့ တပြေးညီ ကျနော်တို့ ကာကွယ်စောင့်ရှောက်ပေးပါ့မယ်။ ဥပဒေကြောင်းအရ စပ်ဆိုင်တဲ့ ကူညီမှုမျိုး အချိန်မရွေး လုပ်ပေးပါ့မယ်။ တရားမဝင် အလုပ်သမားကတော့ ဒီအချိန်မှာတော့ ရပ်တည်ဖို့ရာ အတွက် သည်းခံပေးဖို့ လိုလိ့မ်မယ်၊ စိတ်ရှည်ပေးဖို့ လိုလိမ့်မယ်။ စိတ်ဓာတ်ကြံ့ခိုင်ပြီးတော့ စိတ်ဓာတ်မကျဖို့တော့ လိုလိမ့်မယ်လို့ အကြံပေးချင်ပါတယ်။

အဖမ်းခံသည်ပဲ ဖြစ်စေ၊ CI လုပ်သည်ပဲဖြစ်စေ မိမိဘဝကို မိမိအရှုံးမပေးပါနဲ့။ လာတယ်ဆိုတာကလည်း ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ လာပြီး လုပ်ကြတာလေ။ ကိုယ့်နိုင်ငံသားတွေပဲ သူတို့ ဖြစ်ပျက်နေတာတွေ သံအရာရှိတွေ အနေနဲ့ ကိုယ်ချင်းစာပါတယ်။ စိတ်လည်း မကောင်းပါဘူး။ ကျနော်တို့ လုပ်ပေးနိုင်တဲ့ စွမ်းအားထက်လည်း ကျော်နေတော့ ပြောရအရမ်းခက်ပါတယ်။ အဲဒါကြောင့် သည်းခံပေးဖို့ပဲ ကျနော်တို့က အားပေးချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading