ဥပဒေ အားနည်းရင်တော့ လုပ်ချင်တိုင်း လုပ်ကြမှာပဲ

သဇင်လှိုင်
PanAust ၏ စစ်ကိုင်းတိုင်းအတွင်း မြေပြင်ကွင်းဆင်းတိုင်းတာမှုတခု 
Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြေဧက ၁ ဒသမ ၈ သိန်းပေါ်တွင် ရွှေနှင့် ကြေးနီရှာဖွေခွင့်ကို တရုတ်နိုင်ငံက ရာနှုန်းပြည့်နီးပါး ရင်းနှီးမြှပ်နှံထားသည့် သြစတြေးလျ အခြေစိုက် PanAust ကုမ္ပဏီကို ခွင့်ပြုခဲ့သည်။ စင်ကာပူနိုင်ငံ တနိုင်ငံစာမျှအထိ ကျယ်ပြန့်သော ဧရိယာပမာဏကြောင့် ပြည်သူလူထုနှင့် ပညာရှင်များက စိုးရိမ်တကြီး ဝေဖန်မှုများ ပြုလုပ်လာခဲ့သည်။

သို့ဖြစ်ရာ အဆိုပါ ရှာဖွေတူးဖော်မှု၏ အကျိုးဆက်နှင့် မည်သို့ ကြိုတင်ပြင်ဆင်ရမည်ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ ပြုလုပ်နေသည့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူနှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ စစ်ကိုင်းတိုင်းဒေသကြီးမှာ သတ္တုရှာဖွေခွင့် လိုင်စင် ဧကသိန်းချီပြီး ချပေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူတွေ အတော်များများက အမျိုးမျိုး ဝေဖန်နေကြတယ်။ ပထမဦးဆုံးအနေနဲ့ အဲဒီလိုချပေးလိုက်တဲ့ ကိစ္စအပေါ် ဆရာ့ အနေနဲ့ ဘယ်လိုထင်မြင်ယူဆချက်ရှိလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ကျနော်မြင်တာကတော့ ရွေးကောက်ပွဲ နီးလာတဲ့ အချိန်မှာ ချပေးလိုက်တယ် ဆိုတာက နောက်အစိုးရ မတိုင်ခင် ဒီကုမ္ပဏီကို လုပ်စရာရှိတာတွေ မြန်မြန်လုပ်ပေးဖို့ အခွင့်အရေး ပေးလိုက်တဲ့ သဘောလို့ မြင်တယ်။ ကျနော် နားလည်သလောက် ကတော့ ဒီကုမ္ပဏီကို အရင်တုန်းကလည်း ချထားပေးပြီးပြီလို့ နားလည်တယ်။ လုပ်ကိုင်ခွင့်တွေ ထပ်ထပ်ချပေးနေတာက ဘာကြောင့်လဲဆိုတာတော့ ကျနော်တို့လည်း စိတ်ထဲမှာ မေးမိတယ်။ သံသယ ရှိတယ်ပေါ့။ အရင်ရှာထားတာတွေနဲ့ပဲ တဆက်တည်း ဖြစ်အောင် ပေးတာလား ဒါမှမဟုတ် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တွေအပေါ်မှာ မျက်နှာသာပေးတာလား ဆိုတာ သံသယစိတ်တွေတော့ ရှိပါတယ်။

မေး ။ ။ အခု လိုင်စင်ချပေးလိုက်တဲ့ မြေဧက က အရမ်းများတဲ့အခါကျတော့ လူတွေအနေနဲ့ ဝေဖန်ကြတယ်ပေါ့။ အဲဒီမှာမှ သဘာဝဝန်းကျင်နဲ့ လူမှုစီးပွားရေးကို ဘယ်လို ထိခိုက်မလဲဆိုပြီးတော့ စိုးရိမ်မှုတွေလည်း ရှိကြတော့ အဲဒီအပေါ်မှာ ဘယ်လို ထင်မြင်ယူဆလဲရှင့်။

ဖြေ ။ ။ သတ္တုရှာဖွေတယ် ဆိုတာကတော့ သူ့ရဲ့ဘူမိဗေဒ အနေအထားကို ခြုံငုံအောင် ချပေးရင်တော့ ဧရိယာကြီးကြီး ချပေးလေ့ ရှိပါတယ်။ လူထုကတော့ အများကြီးပေးလိုက်တယ်ဆိုတော့ အပိုင် ပေးလိုက်သလိုလို၊ အဲဒီထဲမှာ ရှိနေတဲ့ လက်ရှိ လုပ်ကိုင်စားသောက်နေတဲ့ သူတွေကို ထိခိုက်မှာတွေကို စိုးရိမ်နေတာတော့ ရှိတာပေါ့လေ။ ရှိတယ်ဆိုတာက အရင်အစဉ်အဆက်က စီမံခန့်ခွဲမှုမှာ အားနည်းချက်တွေရှိတော့ လူထုက မယုံဘူး။

နောက်တခုက ဒါကရှာဖွေခွင့်ပဲလို့ ပြောပေမယ့် ခိုးပြီးတူးထုတ်များ ရှိမလား။ သဲ့သွားမလား အရင်တုန်းကလည်း ဒါမျိုးတွေ ခဏခဏ ကြုံဖူးတာကိုး။ သံသယစိတ်တွေက များလာပြီးတော့ ဝိုင်းမေးကြတာပေါ့။ အခုပေးလိုက်တဲ့ ကုမ္ပဏီကလည်း သြစတေးလျ လို့ပြောပေမယ့် သြစတေးလျမှ အမည်ခံထားတဲ့ တရုတ်ကုမ္ပဏီဆိုတော့၊ တရုတ်ကုမ္ပဏီဆိုတဲ့ အမြင်နဲ့လည်း လူထုက ဒီအပေါ်မှာ အနုတ်သဘောမြင်တဲ့ သဘောရှိလာတယ်လို့ ထင်ပါတယ်။ တကယ်က မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင်တော့ ပတ်ဝန်းကျင် ထိခိုက်မှု အနေနဲ့ကတော့ နည်းပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ကလည်း သတ္တုရှာဖွေးခြင်း လုပ်ငန်းကို လုပ်မယ်ဆိုရင် ဦးစွာ ပတ်ဝန်းကျင်ကို ဘယ်လိုထိမလဲ ဆိုတဲ့ ဆန်းစစ်တဲ့ လုပ်ငန်းတွေ၊ တကယ်လို့ ထိခိုက်မယ် ဆိုရင်လည်း ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ လုပ်ငန်းစီမံချက်တွေကို စိစစ်သဘောကျမှသာ အတည်ပြုချက်ကို ပေးတာပါ။ အဲဒီအတွက်ကတော့ စိုးရိမ်ချက် သိပ်မရှိဘူး။ စမ်းသပ်တဲ့ အတွက် ပတ်ဝန်းကျင် ထိခိုက်မှုက အရမ်းနည်းပါတယ်။ ဧက သိန်းချီပေးပေမယ့် ယေဘုယျ မြေပြင်မှာ ကွင်းဆင်း စစ်ဆေးတာပဲ ရှိတယ်။ အဲဒီထဲကမှ အသေးစိတ် စစ်ဆေးဖို့ ပြန်စင်ထုတ်လိုက်ရင် ၅ ရာခိုင်နှုန်းလောက်ပဲ အသေးစိတ်စစ်ရမှာ ဧက ၁ သိန်းပေးရင် ဧက ၅ ထောင်လောက်ပဲ ပြန်စစ်ရမှာ။ ဧက ၅ ထောင်လောက်ကိုတောင်မှ တွင်းဖောက်တာတွေ တူးတာတွေက အကုန်လုပ်မှာ မဟုတ်ဘူးလို့ နားလည်တယ်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ

ဖြစ်နိုင်ခြေရှိတဲ့ ကျောက်ကြောအသွားအလာတွေကို ကြည့်ပြီး အဲဒီကျောက်ကြော ရှိနိုင်တဲ့ နေရာတွေမှာ တွင်းတွေတူး၊ ပုံတွေဖော် အနက်အမျိုးမျိုးမှာ နမူနာတွေယူ လုပ်မှာပေါ့။ အဲဒီလို လုပ်တဲ့ နေရာမှာ မြေကြီးကို အကုန်လှန်တာ မဟုတ်ဘူး။ သူသတ်မှတ်ထားတဲ့ နေရာခပ်ကျဉ်းကျဉ်းထဲမှာပဲ တူးလိုက်တာ ဖြစ်တဲ့အတွက် ထိခိုက်မှုကတော့ ကုမ္ပဏီက လုပ်တာကိုင်တာ ကောင်းရင်တော့ တောင်သူတွေနဲ့ ဖြစ်ဖြစ်၊ တခြားမြေမှာပဲ ဖြစ်ဖြစ် ပိုင်ရှင်တွေနဲ့ ညှိနှိုင်းမယ် ဆိုရင်တော့ အထူးအထွေ မရှိလောက်ဘူးလို့ ကျနော်ထင်ပါတယ်။

မေး ။ ။ ဆရာပြောသွားသလိုဆိုရင် တိုက်ရိုက် သဘာဝဝန်းကျင်အပေါ်မှာ ထိခိုက်မှု နည်းလိမ့်မယ်ပေါ့။ ဒါက အစိုးရပိုင်းက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှ အထမြောက်မယ်လို့ ပြောလို့ရလား။

ဖြေ ။ ။ ကျနော်တို့ ၂ ပိုင်းရှိတာပေါ့။ လုပ်ထုံးလုပ်နည်းတွေနဲ့ ပေးလိုက်ပေမယ့် အောက်ခြေမှာ တကယ်လုပ်တာကို စစ်ဆေးနိုင်ရဲ့လား။ အဲဒါတော့ အရမ်းအားနည်းတယ်။ ကုမ္ပဏီတွေကလည်း ရသွားပြီးရင် သူတို့ အဆင်ပြေသလို လုပ်တာပဲ။ အဲဒီတော့ ကုမ္ပဏီတွေက ဘယ်လောက်ဖြောင့်မတ် မှန်ကန်အတိအကျ လုပ်လဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ သက်ဆိုင်ရာဌာနက စစ်ဆေးတဲ့ အတိုင်းအတာကလည်း နည်းတယ်။ နောက်ပြီးတော့ အဲဒီဒေသမှာ ရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက မနေနိုင်လို့သာ ထအော်၊ ဖေ့ဘုတ်ခ်မှာ ရေးတာသာ လုပ်နိုင်တယ်။ သူတို့ကို စနစ်တကျ စောင့်ကြည့်ပိုင်ခွင့် တတိယအဖွဲ့အစည်းတွေနဲ့ လုပ်ပိုင်ခွင့်တွေ မပေးတဲ့ အခါကျတော့ မြန်မာပြည်မှာတော့ ပြောတာတခြား လုပ်တာတခြားကတော့ ယဉ်ပါးနေပြီ။ ဒီကုမ္ပဏီ ဘယ်လောက်အထိ တိတိကျကျလုပ်လဲ ဆိုတဲ့ စစ်ဆေးမှုမှာ အားနည်းမယ်ဆိုတာတော့ သံသယရှိစရာ မလိုဘူး။ ကောင်းရင်လည်း ကောင်းမှာပေါ့ သို့သော် ဧရိယာ အဲဒီလောက်ကျယ်တဲ့ အခါကျတော့လည်း စစ်ဆေးတဲ့ အဖွဲ့ကလည်း အကုန်လိုက်စစ်ဆေးဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

မေး ။ ။ တိုင်းဒေသကြီးတခုမှာ ရှိနေတဲ့ သယံဇာတကို တိုင်းဒေသကြီး အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတောင် မသိရဘဲ ဒီလို ပြည်ထောင်စုကနေ ရှာဖွေခွင့် တိုက်ရိုက်ချပေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေ အများကြီးရှိလာတယ်။ ဆရာ့ ကိုယ်ပိုင်အမြင်ကရော ဘယ်လိုရှိလဲ။

ဖြေ ။ ။ အဲဒါကတော့ နားလည်မှုလွဲတာလို့ ထင်တယ်။ လက်ရှိ လုပ်ထုံးလုပ်နည်းအရ ဆိုရင်တော့ တိုင်းဒေသကြီးရဲ့ ထောက်ခံချက် မပါဘဲနဲ့ ဗဟိုက ဘယ်လိုမှ ပေးလို့မရဘူး။ ဗဟိုမှာ ကုမ္ပဏီက သွားပြီးလျှောက်ထားမယ်။ ပြီးတော့ တိုင်းဒေသကြီးရဲ့ ထောက်ခံချက်ကို တောင်းတဲ့အခါမှာ တိုင်းဒေသကြီးအတွင်း အကုန်လုံးသိချင်မှလည်း သိမှာပေါ့။ သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဝန်ကြီးဌာနတို့ သယံဇာတ ကော်မတီတို့လောက်ပဲ သိမယ် ထင်ပါတယ်။ ကျန်တဲ့ တာဝန်ရှိသူတွေကတော့ မသိလိုက်တာလည်း ဖြစ်မှာပေါ့။ အတိုင်းအတာ တခုနဲ့တော့ တာဝန်ရှိသူတွေ သိပါမယ်။ သိလို့လည်း သူတို့ထောက်ခံချက်ပေးလို့လည်း ဗဟိုက ပေးတာ ဖြစ်ပါတယ်။ လုံးဝမသိတာတော့ မဖြစ်နိုင်ဘူးလို့ ကျနော်က အဲဒီလိုပဲ မြင်ပါတယ်။

မေး ။ ။ ရှာဖွေလို့ တွေ့ခဲ့ရင် ကုမ္ပဏီက သေချာပေါက် တူးဖော်ခွင့်ကို လျှောက်ထားနိုင်မှာပဲ။ အစိုးရကလည်း ဥပဒေနဲ့ ညီညွတ်ရင် ချပေးရမှာပဲ။ ဆိုတော့ အဲဒီမတိုင်ခင် အစိုးရအနေနဲ့ ဘယ်လို မူဝါဒတွေ ဥပဒေတွေ ကြိုပြင်ဆင်ထားသင့်လဲ။

ဖြေ ။ ။ ဒီကိစ္စကတော့ အငြင်းပွားဖွယ်ရာတွေ ဖြစ်နေတာပေါ့။ လက်ရှိတည်ဆဲ ဥပဒေမှာတော့ သတ္တုတူးဖော်မှုကို ရှာဖွေချင်တဲ့သူက စူးစမ်းမယ်၊ လေ့လာမယ်။ တွေ့ရှိနိုင်မယ့် နေရာမှာ စမ်းသပ်တူးဖော်မယ်။ တူးဖော်နိုင်တာကို ဖြစ်တန်စွမ်း လေ့လာဖို့ကိုလည်း တွေ့ရှိတဲ့ သတ္တုတွေကို အစမ်းသဘော ကြိုချက်တာတွေ ရှိမယ်။ အဲဒါမှ စီးပွားဖြစ် ဖြစ်ပြီဆိုပြီး တွေ့ရှိရင်တော့ သူ့ကို တူးဖော်ထုတ်လုပ်ခွင့် ပေးရမယ်လို့ ဥပဒေထဲမှာ ပါပြီးသားဖြစ်နေတယ်။ တွေ့ရင်တော့ ရမှာပဲ။

သက်ဆိုင်ရာ တာဝန်ရှိသူကလည်း ဖုန်းဆက်ပြီးတော့ ပြောပါတယ်။ သူတို့ပေးတယ်ဆိုတာက စမ်းသပ်ရှာဖွေတာနဲ့ တူးဖော်တာလောက်ပဲ ပါတယ်။ တကယ့်ကို သတ္တုတူးဖော် ထုတ်လုပ်ဖို့ လိုင်စင် မပါသေးဘူး။ သို့သော် ဒီကုမ္ပဏီက တွေ့လာမယ် ဆိုရင်တော့ တောင်းမှာပဲလေ။ အဲဒီကျရင် ဘယ်လိုမူနဲ့ ပေးမလဲ ဆိုတာကတော့ လိုင်စင်ချထားရေးမူကို သေသေချာချာ ချပါလို့ EITI မှာလည်း ကျနော်တို့ တောက်လျောက်ပြောနေတာ။ ကျနော်သိသလောက်တော့ လိုင်စင်ချထားရေး မူနဲ့ ပတ်သက်ပြီးတော့ စိတ်ကျေနပ်ဖွယ်လောက်အောင် ရှင်းပြထားတာ၊ တင်ပြထားတာ မတွေ့မိသေးဘူး။ ပိုပြီးတော့ ပွင့်လင်းမြင်သာအောင် လုပ်ဖို့ လိုသေးတယ်လို့တော့ သုံးသပ်တယ်။

တကယ်ကောင်းတာကတော့ သတ္တုတွေ့တဲ့ ဒေသတွေမှာ သက်ဆိုင်ရာ ဒေသခံတွေ၊ ဒေသအစိုးရတွေနဲ့ ဆွေးနွေးပြီးတော့ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ ဒေသရဲ့ အကျိုးစီးပွားကို ညှိပြီးမှ သုံးစွဲတာကတော့ ပိုသင့်တော်တယ်ပေါ့။ သယံဇာတကို မျှဝေမလား ဒါမှမဟုတ် သယံဇာတက ရလာတဲ့ ဝင်ငွေကို မျှဝေမလား ဒီလိုတွေ သုံးသပ်ဖို့ လိုတယ်။ လူတွေရဲ့ ရောယှက်နေတဲ့ သဘောက ရှာဖွေစမ်းသပ်ခွင့် ပေးလိုက်တယ် ဆိုရင်ကို လက်ပံတောင်းတို့မှာ တူးဖော်သကဲ့သို့ ပျက်ပြီလို့ စိုးရိမ်မှုတွေက ရှိနေတယ်။ အမှန်ကတော့ ဆင့်ကဲ အဆင့်ဆင့် လုပ်သွားတာ ဖြစ်တဲ့အတွက် ရှာဖွေတဲ့ နေရာမှာလည်း ထိခိုက်မှု အနည်းဆုံး ဖြစ်အောင်လုပ်တယ်။ တကယ်လို့ တွေ့လို့ ထုတ်ပြီဆိုရင်လည်း ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ထပ်ပြင်ရမှာ ဖြစ်တယ်။ အခုကျနော် သိသလောက်ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက သတ္တုထူးဖော်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ရင် သေချာကို စိစစ်ကိုင်တွယ်နေတဲ့ သဘောတော့ ရှိတယ်။

သို့သော် ဥပဒေကလည်း အားနည်းတယ်။ ကံအားလျော်စွာနဲ့တော့ ဒီသတ္တုတွင်းဝန်ကြီးဌာနနဲ့ ပတ်ဝန်းကျင်ဌာနက ဝန်ကြီးဌာန တခုတည်းပဲ ဝန်ကြီးတယောက်ရဲ့ လက်အောက်ထဲမှာပဲ ရှိတယ် ဆိုတော့ ပတ်ဝန်းကျင် ထိခိုက်မှုမှာလည်း အတိုင်းအတာတခုအထိ လျော့ပါးလိမ့်မယ်လို့ မှန်းတယ်။ သို့သော် EIA/EIP မှာ မပါတဲ့ အချက်က သယံဇာတတွေကို သာတူညီမျှရှိဖို့ ဘယ်လိုခွဲဝေမလဲ ဆိုတဲ့ အပိုင်းကို ရေးသားဖို့ တာဝန်မရှိဘူး။ မရှိတဲ့ အခါကျတော့ ဒါတွေကို ဘယ်အဆင့်မှာ လုပ်မလဲဆိုတာ အငြင်းပွားဖွယ် ဖြစ်နေတယ်။ အကြမ်းဖျင်း ပြောရရင်တော့ ဌာနဆိုင်ရာတွေ သွားမေးရင်တော့ သက်ဆိုင်ရာ ဒေသဆိုင်ရာတွေနဲ့ပဲ ညှိနှိုင်းပြီး သေဘာတူလုပ်တာပါလို့ ပြောတာပဲ။ သက်ဆိုင်ရာဌာနထဲမှာတင် Public Conservation လို့တော့ ပါတာပဲ။ လုပ်ပွဲလား တကယ့်အမှန်အကန်ပွဲလား။ ဒါမှမဟုတ် အစိုးရက ဖိတ်သော်လည်းပဲ ပြည်သူလူထုက မတက်နိုင်တာလား။ မျိုးစုံ အခြေအနေတွေ အများကြီး ဖြစ်နိုင်တဲ့ အခါကျတော့ သို့လော သို့လောတွေ ဒီနိုင်ငံမှာ ရှိမှာပဲ။

မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ EITI Process တကယ်ကောင်းလာမယ် ဆိုရင်တော့ ပူပင်စိုးရိမ်သောကတွေကို လျော့ပါးနိုင်မယ်။ ပိုပြီး ပွင့်လင်းမြင်သာမှုရှိမယ် လူထုကတည်း ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး ။ ။ ဒေသခံတွေကလည်း ရှေ့စီမံကိန်းတွေတုန်းက အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး သူတို့ပိုင်ဆိုင်တာတွေ ဆုံးရှုံးခဲ့ရတယ်ပေါ့။ ဒီလိုဖြစ်စဉ်မျိုးတွေ ကြုံရဦးမလား ဆိုပြီး စိုးရိမ်နေကြတာပေါ့။ တကယ့်တကယ် အဲဒီပြဿနာတွေကို တိုက်ရိုက် မျက်နှာချင်းဆိုင် ဖြေရှင်းရတာလည်း တိုင်းဒေသကြီးအစိုးရ ဆိုတော့ ဘာတွေ ပြင်ဆင်ထားဖို့ အကြံပြုချင်လဲ။

ဖြေ ။ ။ ဒီကုမ္ပဏီ ၂၀၁၆ ကတည်းက လိုင်စင်ကို ရအောင်ကြိုးပမ်းတယ်ပေါ့။ တိုင်းဒေသကြီးကလည်း အဲဒီအချိန်မှာ NLD အစိုးရကလည်း တက်လာကာစ စစ်ကိုင်းတိုင်းဖြစ်တဲ့အတွက် လက်ပံတောင်း ကိစ္စကလည်း ပူပူနွေးနွေးပဲ ဖြစ်တယ်။ လူတွေကလည်း မယုံတဝက် ယုံတဝက်နဲ့ လက်ရှိအထိလည်း ပြဿနာပေါင်းများစွာနဲ့ မဖြေရှင်းနိုင်သေးတာကို တွေ့တယ်ပေါ့။ နောက်ထပ်ကြေးနီ စီမံကိန်းကြီး တခု စစ်ကိုင်းတိုင်းထဲမှာ လုပ်မယ်ဆိုတာကို အဲဒီဒေသမှာ ရှိတဲ့ အမတ်တွေရော ဒေသဆိုင်ရာတွေကရော နိုင်ငံရေး အကြီးအကဲတွေကရော လုပ်ဖို့ကို ဝန်လေးတယ်ပေါ့။ သယံဇာတကကို နောက်မျိုးဆက်တွေအတွက် ထားမလားဆိုတာ ပြောဆိုဆွေးနွေးမှုတွေ ကြားသိတယ်ပေါ့။ ဒေသကတော့ ထုတ်ချင်တဲ့ ဆန္ဒမရှိဘူးပေါ့။ အဲဒီတော့ ဒီကိစ္စကြီးက တဝဲလည်လည်နဲ့ ကြာမြင့်နေတာလို့ နားလည်တယ်။

သို့သော်လည်းပဲ နောက် ၂ နှစ်လောက်ကြာတော့ တိုင်းဒေသကြီးကလည်း မလွန်ဆန်နိုင်တဲ့ ဖိအားတွေနဲ့ပဲ ထောက်ခံချက် ပေးလိုက်တဲ့အခါမှာကျတော့ ပြည်ထောင်စုကနေ ချပေးလိုက်တယ်လို့ အသံကြားတယ်။ တိုင်းဒေသက သယံဇာတကို သိမ်းချင်တာလား၊ ထုတ်ချင်တာလား ဆိုတာ သူတို့ပဲ ဆုံးဖြတ်မှရမှာ။ ထုတ်မယ်ဆိုရင်ရော သူတို့ရဲ့ အကျိုးအမြတ်က ဘယ်လောက် ရမှာလဲ။ ဒါလည်း သူတို့တွေးဖို့ ဆွေးနွေးဖို့ လိုမှာပေါ့။ ယေဘုယျတော့ အကြီးစား ထုတ်လုပ်တဲ့ သတ္တုခွန်တွေကတော့ ဗဟိုအစိုးရရဲ့ ငွေစာရင်းထဲပဲ ဝင်သွားမှာပဲ။ တိုင်းဒေသကြီးက ပြန်ခွဲပေးမှပဲ ရတာပေါ့။ သို့သော် လက်ရှိ ဝန်ကြီးဌာနမှာက ရလာတဲ့ အခွန်တွေကို အချိုးကျပြန်ပေးတဲ့ စနစ်တော့ ရှိတာပေါ့။ တက်လာတဲ့ အစိုးရရဲ့ သဘောထား အနေနဲ့ ရှိတယ်။ ဥပဒေ တခုအနေနဲ့တော့ မရှိဘူးပေါ့။ စီမံခန့်ခွဲ့မှု လမ်းညွှန်မှု အနေနဲ့ပဲ ရှိနေတာပေါ့။ အဲဒီတော့ ရလာတဲ့ ဝင်ငွေတွေကို ခွဲဝေမှုကတော့ အခြေအနေတွေပေါ် မူတည်ပြီးမှ လုပ်နေတာဖြစ်တယ်။ အဲဒီတော့ အားလုံးအတွက်ကို ကျေနပ်လောက်တဲ့ အဖြေရပါ့မလား ဆိုတာ စဉ်းစားရမယ့် ကိစ္စတွေ ဖြစ်တယ်။

မေး ။ ။ ရှေ့မှာ ပြောသွားသလိုဆိုရင် အခုချပေးလိုက်တဲ့ လိုင်စင် ရှာဖွေရေး Process ကတော့ စိုးရိမ်စရာ မရှိသေးဘူးပေါ့။ ဒါဆိုရင် အစိုးရအနေနဲ့က ကြိုတင်ပြင်ဆင်ချိန်တွေ အများကြီး ရနေတာပေါ့။ ကိုယ့်နိုင်ငံ ကောင်းကျိုးအတွက် ဘယ်လို မူဝါဒတွေချမယ်ဆိုတာကို ပြင်ဆင်ချိန် အများကြီး ရတဲ့ သဘောလား။

ဖြေ ။ ။ စိုးရိမ်စရာ မရှိဘူးဆိုတာက ယေဘုယျ သဘောအားဖြင့် ပြောတာလေ။ တကယ်လုပ်တဲ့ အခါမှာ တလွဲလုပ်တဲ့ အခါမှာ စိုးရိမ်ရတာတွေ ဖြစ်ရင်လည်း ဖြစ်လာမှာပေါ့။ အဲဒါက အာမခံလို့ မရဘူးလေ။ သို့သော် လုပ်ငန်းရဲ့ သဘောသဘာဝကကို ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အနေအထားမရှိဘူး။ တိတိကျကျ လိုက်နာမယ်။ အစိုးရကလည်း လုံလောက်တဲ့ ကာကွယ်မှုတွေ ဖြစ်အောင်လုပ်ဖို့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ သို့သော် လုပ်တာတမျိုး ပြောတာတမျိုး ဖြစ်လာရင်တော့ ကျနော်တို့လည်း မပြောတတ်ဘူးပေါ့။

ထွက်လာပြီဆိုရင် ရှိနေတဲ့ ဥပဒေတွေအရ ပေးရမယ်။ ပေးတာက အကုန်လုံး ပေးရမယ့် သဘောဆိုရင်တော့ အဆင်ပြေမနေဘူး။ ဘယ်လိုမူနဲ့ ချပြီးပေးမယ် ဆိုတာက သတ္တုတွင်း ဌာနမှာ ရှိလား၊ မရှိလား ဆိုတာ ကျနော်တို့ ကိုယ်တိုင် မသိဘူး။ ဒါတွေကို ထုတ်ပြဖို့ ပြောနေတာပဲ။ ပွင့်လင်းမြင်သာစွာ ချထားတဲ့ မူရှိဖို့တော့ လိုတယ်။ တွေ့တော့မှ အရှင် သဘောမျိုးအနေနဲ့ စဉ်းစားနေမယ်ဆိုရင် ကုမ္ပဏီနဲ့ ဆုံးဖြတ်တဲ့သူတွေနဲ့ ဘယ်လောက်နီးစပ်မှု ရှိသွားလဲ အတွင်းကြိတ် ဘယ်လိုညှိလဲ နောက်ထပ် သံသယတွေက ဝင်လာမှာပေါ့။ ဒါပေမယ့် တဖက်ကလည်း ဘယ်လိုမှန်း မသိတဲ့ သတ္တုအနေအထားပေါ်မှာ ဘယ်လိုခွဲဝေ ထုတ်ယူခွင့် ပြုမယ် လို့ပြောလိုက်ရင်လည်း နိုင်ငံတော် နစ်နာသွားတာတွေ အများကြီးရှိတယ်။ ကိုယ့်ဘက်က နည်းသွားတာမျိုးတွေလည်း ဖြစ်နိုင်တယ်။

ခက်တာက အခုတွေ့နေတဲ့ သတ္တုရိုင်းတွေက မြေလွှာပေါ်မှာ တွေ့နေတဲ့ သတ္တုတွေပဲ ဖြစ်နေတော့ နည်းနည်းလွယ်တယ် ဒေသခံတွေ လုပ်လို့ရတယ်။ ဒါပေမယ့် အခု သူတို့ ပြောနေတာက ဟိုးအနက်ကြီးထဲမှာ ဘူမိကျောက်လွှာတန်းမှာ ဖြစ်နေတဲ့ သတ္တုရိုင်းတွေ ဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည်မှာ ဘယ်သူမှ မလုပ်နိုင်ဘူး။ နိုင်ငံခြား ကုမ္ပဏီတွေတောင် အကုန်မလုပ်နိုင်ဘူး။ တကယ်ကို ကျွမ်းကျင်တဲ့ အတွေ့အကြုံရှိတဲ့ လူတွေသာ လုပ်နိုင်မှာ ဖြစ်တယ်။

ဘယ်လောက်ပဲ ကောင်းတဲ့ ကုမ္ပဏီပဲ ဖြစ်ဖြစ် မြန်မာပြည်မှာ ဥပဒေ အားနည်းရင်တော့ လုပ်ချင်တိုင်းလုပ်နေတာ တွေ့နေရတာပဲ။ အမေရိကန် ကုမ္ပဏီပဲ ဖြစ်ဖြစ်၊ တရုတ်ကုမ္ပဏီပဲ ဖြစ်ဖြစ် ဘယ်ကုမ္ပဏီဖြစ်ဖြစ် လစ်ရင်လစ်သလို လုပ်တာပဲ။ သတ္တုဘယ်လောက်တွေ့တယ် ဆိုတာ လူထုကို ထုတ်ပြန်ကြေညာဖို့ လိုတာပေါ့။ ကျနော်တို့ ဥပဒေထဲမှာကိုက ငါတို့နိုင်ငံမှာ တွေ့တဲ့ သယံဇာတကို ငါတို့ ထုတ်ပြန်ပိုင်ခွင့် ရှိတယ် ပြည်သူတွေရဲ့ အကြံဉာဏ်ယူမယ် အစရှိသဖြင့် ဒီလို ဥပဒေတွေ ရှိပြီးသားဆိုရင်တော့ ပြဿနာ မရှိဘူး။ အဲဒီလို ကိစ္စမှာရော ဥပဒေတွေ ပြင်ဖို့လိုမလား ဒီလိုလည်း စဉ်းစားဖို့ လိုတယ်။

ကုမ္ပဏီကတော့ ၁ သိန်းတွေ့ရင် ၁ သိန်းလုံး ထုတ်နိုင်အောင် လုပ်မှာပဲ သူရဲ့ စီးပွားရေး အရ အဲဒီကျရင် နည်းပညာတွေ ဥပဒေတွေနဲ့ သွယ်ဝိုက်ပြီး ပြောလိုက်ရင်တော့ နိုင်ငံရေး သမားတွေ ရှုပ်ထွေးသွားနိုင်တယ်။ အဲဒီတော့ နောက်ဆုံးမှာ ပေးရမယ် ဆိုတဲ့ အဖြေ ထွက်သွားမယ်ဆိုရင် ကျနော်တို့က ကုန်ကြမ်းလောက် ရောင်းစားတဲ့ အဆင့်က တက်မှာ မဟုတ်ဘူးလို့ မြင်တယ်။ ကျနော်တို့က ကိုယ်တိုင်လည်း မရှာနိုင်တာ ဖြစ်တဲ့အတွက် ဒီလို ကုမ္ပဏီကိုတော့ လက်ခံရမယ် ရှာရမယ် သို့သော်တွေ့ရင် ကိုယ့်သဘောနဲ့ စီမံခန့်ခွဲခွင့် ရှိအောင် ဥပဒေထဲမှာ ထည့်ထားချင်တယ်။ လက်ရှိအနေအထားကတော့ မင်းကို အကုန်ပေးမယ်ကွာ ဖြစ်နေတော့ စိတ်ထဲမှာ သိပ်သဘောမကျဘူး။ တော်တော်များများက ဒါကို သဘောမကျကြဘူး။

မေး ။ ။ ဘာများ ဖြည့်စွက် ပြောချင်တာရှိသေးလဲ။

ဖြေ ။ ။ သတ္တုလိုင်စင်တွေ ပေးလိုက်ပြီဆိုရင် ရာခိုင်နှုန်း အချိုးနဲ့ယူဆိုတဲ့ အားသာချက် အားနည်းချက်က ဘယ်လိုလဲ၊ ဒါမှမဟုတ် အခွန်ကိုပဲ ယူမလား မျှတအောင်ပေါ့ မျိုးစုံ ဆွေးနွေးနေတာတွေ ရှိတယ်။ EITI မှာ ရေးထားသလိုပဲ ပွင့်လင်းမြင်သာဖို့ ကန်ထရိုက်စနစ်တွေက အားလုံးအတွက် အဆင်ပြေဖို့ လုပ်ဖို့ နေရာမှာ နည်းနည်းနှောင့်နှေး ကြန့်ကြာနေတယ်လို့ ထင်တယ်။ နည်းပညာအရ ကျွမ်းကျင်သူတွေက အဆိုပြုမယ်။ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လက်ခံစဉ်းစားမယ် လွှတ်တော်မှာ အတည်ပြုမယ်။ အဲဒါကို မြန်မြန်လေး လုပ်လိုက်စေချင်တယ်။

EITI စကတည်းက အခုဆို ၈ နှစ် ၉ နှစ် ဖြစ်လာပြီ။ သမ္မတကြီးကတော့ EITI Process အပေါ်မှာ အပြည့်အဝ လုပ်ပါ။ ဒါကို မြန်မြန်လုပ်ပါလို့ စာတွေတစောင်ပြီး တစောင် ထုတ်ပေးနေတာပဲ သို့သော် တကယ်လုပ်တဲ့ အခါကျတော့ ထင်သလောက် တိုးတက်မှု မရှိဘူး။ ဘာကြောင့်လဲဆိုတာတော့ နားမလည်နိုင်ဘူး။ EITI ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်မှု မရှိတဲ့ နေရာမှာ မုန့်လည်း မရှိဘူး ဒုတ်လည်း မရှိဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ အရင်တုန်းက လုပ်ခဲ့လို့သာ လုပ်နေတာ။

အရင်တုန်းက ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကတော့ စစ်တပ်အစိုးရက လာတယ်။ အဲဒီတော့ သူတို့ နိုင်ငံတကာကနေပြီးတော့ တရားဝင် အသိအမှတ်ပြုမှုကို လိုချင်တော့ သူတို့က EITI ကို အတင်း အကောင်အထည် ဖော်တယ်ပေါ့။ သက်ဆိုင်ရာ အမြင့်ဆုံး အဆင့်ကရော သက်ဆိုင်တဲ့သူတွေကပါ လုပ်ချင်တဲ့ စိတ်တွေရှိနေတယ်။ ဒီဘက်ကျတော့ EITI ကောင်းတယ် လုပ်ပါလို့ ပြောတယ်။ သို့သော် တွန်းတွန်းတိုက်တိုက် ကစားမယ့်သူက မရှိတော့ အရမ်းနှောင့်နှေးနေတယ်။ မလုပ်လည်း ဘာမှ မဖြစ်ဘူး လုပ်လည်း ဘာမှ မဖြစ်ဘူးလို့ ဌာနတွေမှာ ဖြစ်နေတဲ့ အခါကျတော့ အစောပိုင်းကပြောတဲ့ အချက်တွေက မပီပြင်ဘူး ဖြစ်နေတယ်။

အခုလိုမျိုး လူထုကမေးလာရင် သို့လော သို့လောနဲ့ ဖြစ်တယ်။ EITI Process ကြီးက ဒီလိုပဲ အီကြာကွေးကြီး ပျော့ဖတ်ဖတ်လို အီလေးပြီး ရှေ့မတိုးနိုင်ရင် ဒီလို သယံဇာတ ကျိန်စာ ကျနိုင်တဲ့ဟာတွေက ထပ်ကျော့ထပ်ကျော့ လာနေမှာပါပဲ ဆိုတာတော့ အလေးအနက်ထားပြီးတော့ ထပ်လောင်းပြောချင်တယ်။

You may also like these stories:

တရုတ်ပိုင် သြစတြေးလျ အခြေစိုက် လုပ်ငန်းကို ကြေးနီနှင့်ရွှေ ရှာဖွေတူးဖော်ခွင့်ပေး

Did you find apk for android? You can find new Free Android Games and apps.
Loading