၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို အရင်အတိုင်း အပြောင်းအလဲမရှိဘဲ နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အတည်ပြု ပြောဆိုထားပါတယ်။
Covid-19 ကူးစက်မှု အရှိန်လျော့ကျလာချိန်မှာ ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှု အသံတွေ တဖြည်းဖြည်း ထွက်ပေါ်လာတာတွေ့ရပါတယ်။ အထူးသဖြင့် လက်ရှိအာဏာရ အစိုးရရဲ့ NLD ပါတီ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ဘာတွေပြင်ဆင်ထားလဲ၊ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုရွေးချယ်သွားမလဲဆိုတဲ့ အသံတွေလည်း ကြားလာရပါတယ်။
ဒါကြောင့် NLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘယ်လိုပြင်ဆင်ထားလဲ၊ တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်မူဝါဒ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပါတီတွင်း ဂိုဏ်းဂဏ စွဲ ဂယက်၊ ပါတီမျိုးဆက်သစ် လက်ဆင့်ကမ်းမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး NLD ပါတီ ဒုဥက္ကဋ္ဌ လည်းဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်ကို ဧရာဝတီ မြန်မာပိုင်း တာဝန်ခံ အယ်ဒီတာ ရဲနည် က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ပထမဆုံးမေးချင်တာက အားလုံးကလည်း ဆရာ့ ကျန်းမာရေး အခြေအနေကို စိတ်ဝင်တစား ရှိနေကြပါတယ်။ နောက်ပြီးတော့ မကြာသေးခင်က ဆရာ ပေးလိုက်တဲ့ အင်တာဗျူးတခုမှာ အဲဒါက နိုင်ငံရေးကို အပြည့်အဝ ဆက်လုပ်တော့မယ်။ ကျန်းမာရေး အခြေအနေကောင်းနေပြီဆိုတဲ့ အသံကို ကြားလိုက်ရတော့ အားလုံးကလည်း သိချင်နေကြတော့ အခုလဲ ထပ်ရှင်းပြစေချင်ပါတယ်။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်ပြီး ရွေးခံဦးမလား၊ နိုင်ငံရေး ဆက်လုပ်ဦးမလား။
ဖြေ ။ ။ ကိုရဲနည် ကျန်းမာရေး အခြေအနေကတော့ ရောဂါကတော့ ရှိနေတာပေါ့၊ ဒီရောဂါက ကျနော်တို့ အခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ ကောက်ချက်တွေ အရဆိုလို့ရှိရင် ကျနော်ဖြစ်နေတဲ့ သွေးကင်ဆာတမျိုးက ဆီးချိုရောဂါလို သူနဲ့အတူတူတွဲပြီး နေနိုင်တဲ့နည်းတွေ နိုင်ငံခြားမှာရှိနေပြီပေါ့။ ဆိုလိုချင်တာက သိပ်လည်း ကြောက်စရာကြီးတော့ မဟုတ်တော့ဘူး။ ကုထုံးအသစ်တွေပေါ်နေတယ်။ ကိုယ်က ကိုယ်ခံအားကောင်းအောင်နေ၊ တခြားရောဂါတွေ မဝင်အောင်နေမယ်ဆိုရင် လူ့သက်တမ်းကို ဆွဲဆန့်နိုင်တယ်ဆိုတဲ့ အခြေအနေရှိတယ်။
ဆေးကတော့ ၂ နှစ်လောက် ဆက်သောက်နေရ ဦးမှာပေါ့။ ကျန်းမာရေး အနေနဲ့ အခုသွားသွားလာလာ လုပ်နိုင်တယ်၊ အရင်တုန်းကလိုတော့ ကောင်းကောင်းကြီး ပြန်မဖြစ်သေးဘူးပေါ့။ သာမန်ပုံစံပြန်ရောက်ဖို့ကို ၃ လအချိန်ပေးရတယ်၊ အခုကျနော်က ၁ လ ကျော်ကျော်ပဲရှိသေးတယ်။ ဒါပေမယ့် ကျနော် အသံတွေ ပြန်မာလာတယ်၊ သွားသွားလာလာ လုပ်လာတယ်၊ ဗီဒီယိုနဲ့ အစည်းအဝေးလုပ်တာဆိုရင် အကြိမ်တော် တော်များနေပါပြီ၊ Quarantine ဝင်နေတဲ့အတောအတွင်းမှာပေါ့။
အဲတော့ နိုင်ငံရေးကတော့ တာဝန်ပေးတဲ့အပေါ်မှာ မူတည်ပြီး ကျနော်ဆက်လုပ်မယ်ပြောတာကို ၂၀၂၀ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ဘယ်လိုလုပ် ကောက်ချက်လွဲသွားလဲတော့ မသိဘူးပေါ့နော်။ ကျနော်တို့ ဒီမိုကရေစီခရီးက ပြီးမှမပြီးသေးဘဲ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုး ထွန်းကားဖို့ဆိုတာ ဆက်လုပ်ဖို့ကျန်နေသေးတယ်။ နည်းနည်းလေး ပြန်ပြီးပြောရရင် ၂၀၁၅ တုန်းကလည်း တာဝန်ပေးတဲ့နေရာကို ဝင်လုပ်ခဲ့တာပေါ့။ ကျနော်တို့က မရွေးချယ်ခဲ့ဘူး၊ လူကြီးတွေကနေ ဘယ်သူက တိုင်းနဲ့ပြည်နယ်မှာ ဆင်းဖို့ကောင်းတယ်၊ ဘယ်သူကတော့ ပြည် ထောင်စုမှာ နေခဲ့ဖို့ကောင်းတယ်ဆိုတာ တိုင်ပင်ပြီးတော့မှ လုပ်ခဲ့ကြတာပေါ့။
အခု ၂၀၂၀ မှာလည်း လူကြီးတွေက တာဝန်ပေးတယ်ဆိုရင် ကျနော်တို့ ဆက်လုပ်ရမှာ။ ဒါပေမယ့် နိုင်ငံရေးလောကထဲမှာတော့ ကျန်းမာနေသ၍ကတော့ ရှိနေမှာပဲ၊ လုပ်နေမှာပဲ။ ရွေးကောက်ပွဲ ဝင်ခြင်းမဝင်ခြင်းကတော့ တာဝန်ပေးတဲ့ အပေါ်မှာ မူတည်မှာပေါ့။
ဒါကြောင့်မို့ ၂၀၂၀ ရွေးကောက်ပွဲမှာလဲ ကျနော် ဒီအတိုင်းပဲ ခံယူထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထဲဝင်ကတည်းကိုက စစ်မှန်တဲ့ ဒီမိုက ရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့အထိ တာဝန်တရပ်အနေနဲ့ ခံယူပြီးတော့ ဘယ်သူကမှ တိုက်တွန်း လို့မှမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ ခံယူချက်၊ ယုံကြည်ချက်နဲ့ ဝင်လာတာဆိုတော့ နိုင်ငံရေးလောကထဲက ရှိနေမှာပေါ့။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွက်လည်း ရှိနေမှာပါ။ နိုင်ငံရေး ဆိုတာလည်း ဆက်လုပ်နေဦးမှာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကျနော်တာဝန်အပိုင်းတွေ ရှိနေဦးမယ်ဆိုတာ ယုံကြည်ပါတယ်။
မေး ။ ။ ဆရာကိုယ်တိုင်ကလည်း လူကြီးဖြစ်နေပြီလေ။ ဒုဥက္ကဋ္ဌဆိုတော့
ဖြေ ။ ။ (ရယ်လျက်) နာယကတွေ၊ ဥက္ကဋ္ဌတွေ ရှိတာကြောင့်ပြောတာပါ။ ဆွေးနွေးတဲ့ အခါမှာ ကျနော်လည်း Part of Contribution ထဲမှာ ပါမှာပေါ့လေ။
မေး ။ ။ ရွေးကောက်ပွဲက နိုဝင်္ဘာမှာ ဖြစ်မယ်လို့ UEC ကနေ သိထားရတယ်။ ဆိုတော့ NLD အနေနဲ့ ရွေးကောက်ပွဲ အတွက် ဘယ်လောက်ပြင်ဆင်ထားပြီးပြီလဲ။ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကိုရော ဘယ်လိုရွေးကြမလဲ။ ကျနော်တို့ ကြားတာက မြို့မိ၊ မြို့ဖ ထောက်ခံချက်တွေ တောင်းထားတယ်ဆိုတော့ အဲဒါကရော ဘာအတွက်တောင်းတာလဲဆရာ။
ဖြေ ။ ။ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးတယ်ဆိုတာက ကျနော်တို့ NLD လည်း တော်တော်အတွေ့အကြုံ များပြီ ပေါ့ဗျာ။ ၁၉၉၀ ခုနှစ်က စတွက်ရင် ၁၉၉၀၊ ၂၀၁၂ ကြားဖြတ်၊ ၂၀၁၅၊ ၂၀၁၇ ကြားဖြတ်၊ ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွေဆိုတော့ ကိုယ်စားလှယ်လောင်းတွေရွေးတာ တော်တော်အတွေ့အကြုံရှိနေပြီ။ ကြီးကြီးကျယ်ကျယ် ရွေးရတာကတော့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ပေါ့။
၂၀၁၂ တုန်ကတော့ ပါတီကို ရုံးတွေပြန်ဖွင့်ပြီးတော့မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်တုန်းကတော့ ကိုယ်စားလှယ် ၄၅ ယောက်ရွေးတာ နည်းနည်း စိန်ခေါ်မှုလေးတွေရှိခဲ့တာပေါ့၊ ဘာလို့လဲဆိုတော့ ပထမဆုံးပြန်ဝင်တာကိုး။ စစ်မှန်တဲ့ ကိုယ်စားလှယ် တွေရဖို့၊ လူငယ်မျိုးဆက်သစ်တွေ ပေါ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်လဲ အဲဒီတုန်းကရှိခဲ့တယ်။
၁၉၉၀ ခုနှစ်တုန်းကတော့ မြို့မိမြို့ဖတွေနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးကို ဖွဲ့ခဲ့ဖူးတယ်။ ၂၀၁၅ ခုနှစ်မှာတော့ နည်းနည်းပြောင်းသွားပြီး မြို့မိမြို့ဖ မပါဘူးပေါ့၊ မြို့နယ်တွေကရွေးတယ်၊ ဗဟိုမှာ ကိုယ်စားလှယ်လောင်းကို ပြန်စိစစ်တာပေါ့။ အခု ၂၀၂၀ မှာတော့ မြို့မိမြို့ဖဆိုတာကို ကျနော်တို့ ပြန်သုံးတယ်။ တချို့မြို့နယ်တွေမှာကျတော့ အလုပ်အမှုဆောင်အဖွဲ့က မပြည့်တာတွေရှိတယ်။ အဲ့တော့ စည်းရုံးရေးအဖွဲ့ဆိုပြီး ပြန်ထူထောင်ပေးထားတာတွေရှိတယ်။ မြို့နယ်အလုပ်အမှုဆောင်၊ စည်းရုံးရေးအဖွဲ့ တခုထဲနဲ့ရွေးတာက ဘက်လိုက်မှုလေးတွေ ပါလာနိုင်တယ်၊ ဒါကြောင့် မြို့မိမြို့ဖတွေနဲ့ တွဲလိုက်တာ ပိုကောင်းမယ်ဆိုပြီးတော့ မြို့မိ မြို့ဖကို အရင်ရွေးတာပေါ့။
အခုမြို့မိမြို့ဖရွေးပုံရွေးနည်းကိုလည်း ကျနော်တို့ စာတွေ ပို့ထားပြီးပါပြီ။ အခု ဇွန်လ ၂ ရက်က စာထွက်ပါတယ်။ မြို့မိ မြို့ဖ အရင်ရွေးပါ။ ၅ ဦး ရွေးပါပေါ့။ အဲဒီ ၅ ဦးနဲ့ ကျနော်တို့မြို့နယ် အလုပ်မှုဆောင် အဖွဲ့နဲ့က ကိုယ်စားလှယ်လောင်း ရွေးကြမှာပါ။ အဲတော့ မြို့မိမြို့ဖ ၅ ဦးရွေးဖို့ဆိုတာ ကျနော်တို့ သတင်းတွေကြားရတယ်ပေါ့။ တချို့က ထင်နေတာက မြို့မိမြို့ဖကပဲ ကိုယ်စားလှယ်လောင်းရွေးမယ်ဆိုပြီး ကိုယ့်ဟာကိုယ် ဖွဲ့ထားကြတာတွေရှိတယ်။
အဲတော့ မြို့မိမြို့ဖ ဘာနဲ့လွဲသွားနိုင်လဲဆိုတော့ မြို့နယ်တွေမှာ စီမံခန့်ခွဲမှုအဖွဲ့တွေ ရှိတယ်ပေါ့နော်၊ ထွေ/အုပ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတွေ၊ မြို့မိမြို့ဖတွေပါပြီး ဒေသန္တရဖွံ့ဖြိုးလုပ်ကြတာပေါ့ဗျာ။အဲတော့ အဲဒီမြို့မိမြို့ဖနဲပ လွဲနေတာတွေ ရှိတယ်။ အခုဟာက အသစ်ပြန်ရွေးမယ်။ ဘယ်သူကရွေးမှာလည်း ဆိုတော့ မြို့နယ်စည်းတွေက ရွေးမယ်။ ရွေးပြီးတော့မှ မြို့နယ်စည်းနဲ့ မြို့မိမြို့ဖနဲ့ ပေါင်းပြီး လွှတ်တော် ကိုယ်စားလှယ်ရွေးမယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မြို့နယ်မှာ ကိုယ်က ရွေးကောက်ပွဲဝင်ချင်တယ်၊ ပြိုင်ချင်တယ်။ ကိုယ်က NLD အဖွဲ့ဝင်လည်းဖြစ်တယ်ဆိုလို့ရှိရင် လျှောက်နိုင်တာပေါ့။ လျှောက်လွှာလေးနဲ့ လျှောက်ရမယ်။ အဲဒီလျှောက်တဲ့ အထဲကမှ ဦးစားပေး ၁ နဲ့ ဦးစားပေး ၂ ဆိုပြီးရွေးရမှာပေါ့။ အဲဒီမှာ ကျနော်တို့က တချက် ကျနော်တို့က ဘာလုပ်ထားလဲဆိုတော့ ဦးစားပေး ၁ နဲ့ ၂ နဲ့ကို ရွေးပြီးတော့ တိုင်းကိုပို့၊ တိုင်းကနေပြီးတော့မှ ဗဟိုကို တဆင့်ချင်းပေါ့၊ ဗဟိုက ရွေးချယ်ရေး အဖွဲ့ကနေပြီးတော့မှ CEC ကိုတင် CEC က ဆုံးဖြတ်ပြီးမှ ကျနော်တို့ NLD ကိုယ်စားလှယ်လောင်း ဖြစ်သွားမှာပေါ့။
အဲဒီတော့ ကျနော်တို့က ကိုယ့်ဟာကိုယ် လက်ဝါးရိုက်ပြီး ရွေးမှာစိုးတဲ့အတွက် မြို့နယ်တွေက လျှောက်လွှာတွေအားလုံးကို တိုင်းနဲ့ပြည်နယ်အဆင့်ကိုပို့၊ ပြီးရင် ဗဟိုကိုပို့ရမှာဆိုတော့ အကုန်လုံးကို ပြန်ပြီး review လုပ်နိုင်တာပေါ့၊ ဘယ်သူတွေ လျှောက်သလဲ၊ ဒါကြောင့်မလို့ အဆင့်ဆင့်မှာ ထိန်းချုပ်ထားတာလေးတွေရှိပါတယ်။ အရေးကြီးတာတော့ ဘက်လိုက်မှုကင်းကင်းနဲ့ ကိုယ့်မြို့နယ်အကျိုးကို ဆောင်ရွက်နိုင်တဲ့၊ NLD အပေါ်မှာ သစ္စာရှိတဲ့၊ နိုင်ငံရေးအတွေ့အကြုံနဲ့ အမျှော်အမြင်ရှိတဲ့ သူတွေရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။
မေး ။ ။ အခုပြောသွားတဲ့ အထဲမှာဆိုလို့ရှိရင် တခုစိတ်ဝင်စားဖို့ ကောင်းတာက ဗဟိုနဲ့ အောက်ခြေ ကွာဟမှု အပိုင်းလေးပေါ့။ အခု ကျနော်တို့ အပြင်ကနေ ကြားနေရတာကလည်း အခု ပါတီတွင်းမှာ ရှိတဲ့ အုပ်စုတွေ ဂိုဏ်းဂဏတွေ ရှိနေကြတယ်၊ လူပုဂ္ဂိုလ်စွဲတာပဲဖြစ်ဖြစ် နေရာဒေသစွဲတာပဲဖြစ်ဖြစ် အဲလိုမျိုး အကွဲအပြဲတွေ ရှိနေကြတယ် ဆိုတဲ့ အသံတွေ ကြားရတာပေါ့။ အဲဒီအနေအထားမှာ ရွေးကောက်ခံ လွှတ်တော်အမတ်လောင်းဖြစ်ဖို့ အတော်လေးကို အပြိုင်အဆိုင် ဖြစ်နိုင်တယ် ဆိုပြီးတော့ သုံးသပ်ချက်လည်းပေါ်ပါတယ်။ ဆိုတော့ ဘယ်လောက်ထိ ပြိုင်ဆိုင်မှု ပြင်းနိုင်လဲ။
ဖြေ ။ ။ ကိုရဲနည် အဲဒါ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်တို့လည်း အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်ခေါင်းခဲပါတယ်။ ဘယ်လောက်အတွေ့အကြုံရှိခဲ့တယ်ပြောပြော ဗဟိုက အောက်ခြေအထိဆင်းပြီး ထိန်းချုပ်လို့တော့မရဘူးပေါ့နော်။ နောက်ပြီး အောက်ခြေကိုလည်း လုပ်ပိုင်ခွင့်တွေ ပေးထားရတယ်။ ဆိုတော့ ဒီတခေါက်ကတော့ စောစောကပဲ လွှတ်တော်ကိုယ်စားလှယ်တွေဆီက တော်တော်များများ ဖုန်းတွေလာနေကြတာပါ။ မြို့မိမြို့ဖ ရွေးပုံရွေးနည်း၊ ပါတီတွင်းမှာ အချေအတင်လေးတွေရှိလာပြီဆိုတာ ပြောကြပါတယ်။
ဆိုတော့ ကျနော်ဖြေလိုက်ပါတယ်။ ၁ ကတော့ ခင်ဗျားတို့ မြို့နယ်စည်း အဆင့်ကို လုပ်ပိုင်ခွင့်ပေးထားတာ၊ ခင်ဗျားတို့ မှန်မှန်ကန်ကန် လုပ်နိုင်ဖို့ အရေးကြီးတယ်။ ခင်ဗျားတို့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ ဆိုတာ မြို့မိမြို့ဖကိုလည်း ခင်ဗျားတို့ လက်ဝါးရိုက်ပြီးမရွေးပါနဲ့ တခါ လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးလိုက်တဲ့အခါမှာလည်း မျက်နှာမလိုက်ဖို့ အခုဟာကလည်း အပြိုင်ကို ဖြစ်နေကြတယ်။ ကျနော်တို့လည်း ကြားပါတယ်။ ကျနော်တို့က အဲဒီမှာကတည်းကိုက တခါတည်း ပြောပြီးသားပါ။ လက်ဝါးချင်းရိုက်ပြီး ရွေးတဲ့လူကို ကျနော်တို့ လက်သင့်ခံလို့မရဘူး။
ကျနော်တို့လည်း ပြန်ကြားမှာပါ။ ဘာကြောင့်လဲဆိုတော့ တိုင်ကြတောကြမယ့်ဟာတွေကလည်း အများကြီးပါပဲ။ ၂၀၁၅ ခုနှစ်တုန်းက ကျနော်တို့ ဗဟိုမှာ ကျနော်ရွေးချယ်ရေး အဖွဲ့ထဲမှာ ပါပါတယ်။ ၂ ပတ်လောက် တိတိ ကျနော်တို့ အခန်းထဲကနေ မထွက်ရဘဲနဲ့ ကျနော်တို့ ရွေးရတယ်။ ရွေးတဲ့ အခါမှာ ကျနော်တို့ က နယ်မြေခံတွေကို ပြန်စုံစမ်းရတယ်။ ဒီလူဒီလူကိုတော့ စာရင်းပေးထားတယ်။ ဘယ်လိုအခြေအနေရှိလဲဆိုတာ တဘက်လှည့်နဲ့ ပြန်စုံစမ်းရတာပေါ့နော။ အဲဒီကမှ ကျနော်တို့ သိလာတဲ့ ဟာတွေ ရှိတယ်။ တချို့ ညိနိုင်တဲ့ဟာတွေ ပြန်ပြီးတော့ လဲလှယ်ရတာတွေ ရှိတယ်။
၂၀၁၅ တုန်းကတော့ လျှောက်တဲ့ လျှောက်လွှာတွေအားလုံး တထောင်ကျော်လောက် ရွေးရတော့ လျှောက်လွှာလျှောက်တဲ့လူတွေက အယောက် ၃ ထောင်ကျော်လောက်ရှိတယ်။ အဲ့ ၃ ထောင်လောက်ကို ကျနော်တို့က အဖွဲ့လေး တဖွဲ့ ဖွဲ့လိုက်တယ်။ ကျနော်တို့လည်း ဘယ်သူတွေနဲ့ ဖွဲ့တယ်ဆိုတာ ကျနော်တို့တောင် သေသေချာချာ မသိရဘူး။ သူတို့ဆီ ဒီ ၃ ထောင်လုံး ပို့လိုက်တာပေါ့။ အဲသုံးထောင်လုံးက အမှန်တိုင်း ပြောရရင် နိုင်ငံသိ ပညာရှင်တွေပါ။ သူတို့ကနေ ဘယ်သူကတော့ဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင် အရည်အချင်းရှိတယ်ဆိုတာ ပြန်ပေးလိုက်တာဗျ။
အဲတော့ မြို့နယ်ကပေးလိုက်တဲ့ဟာတွေရှိတယ်။ ကျနော်တို့ ဗဟိုကနေ လူကြီးတွေ ရွေးပြီး ပြန်ချပေးလိုက်တဲ့ဟာရှိတယ်။ အဲဒါကို ကျနော်တို့ ရွေးချယ်ရေး အဖွဲ့ကကြည့်ပြီးတော့ ကျနော်တို့က ပြန်ပြီးတော့ ဦးစားပေး ပြန်ခွဲတာပေါ့။ အဲဒီတုန်းကတော့ သုံးယောက် အခုကြတော့ ၂ ယောက် ဖြစ်လိုက်မယ်။ ဆိုလိုချင်တာ ထပ်ပြီးတော့ ကျနော်တို့ က နည်းနည်းလေး ပြန်ချုံ့လိုက်တယ်။ ဦးစားပေး ၁ နဲ့ ဦးစားပေး ၂ ဒါပေမယ့် လျှောက်တဲ့လူနေရာက ပြန်ကြည့်ပြီးတော့ သူ့ကို ဘာကြောင့် ပယ်ခဲ့တာလဲ ဆိုတဲ့ အကြောင်းပြချက်ကို ကျနော်တို့ လှမ်းမေးလို့ ရပါတယ်။
သူ့လူ၊ ကိုယ့်လူရွေးနေကြတဲ့ဟာ ဒါဘာကြောင့် ဒီလိုရွေးနေကြတာလဲ ဆိုတာတော့ ကျနော်တို့ မသိဘူး။ အမှန်က ဖြစ်စေချင်တာက ခုန ကျနော်တို့ ပြောသလို လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်းတွေ ကျနော်တို့ သတ်မှတ်ပြီးသားပါ။ အဲဒီလွှတ်တော်ကိုယ်စာလှယ်လောင်း အရည်အချင်းနဲ့ ပြည့်စုံပြီ ဆိုလို့ရှိရင်တော့ မဲခွဲရပါလိမ့်မယ်။ မဲခွဲတဲ့အခါမှာ အရည်အချင်းတွေ တူနေတယ် ဆိုလို့ရှိရင် ပထမဆုံး ကျနော်တို့က တိုင်းရင်းသားကို ဦးစားပေးမှာပါ။ တိုင်းရင်းသားလည်း ဖြစ်တယ် ပြိုင်တဲ့လူက တိုင်းရင်းသား ၂ ယောက်စလုံးဖြစ်တယ်ဆိုရင် ငယ်တဲ့လူကို ဦးစားပေးပါမယ်။ အဲဒါမှ အရွယ်လည်း သိပ်မသိမ်းမယိမ်းဖြစ်နေတယ်ဆိုရင် အမျိုးသမီးကို ဦးစားပေးမယ်ဆိုတဲ့ ဦးစားပေးလေးတောင် ကျနော်တို့ ခွဲပေးလိုက်တယ်။ နောက်ဆုံးကတော့ မဲပေးရမှာပေါ့။
ကျနော်တို့က အခုက ဘာဖြစ်လာလဲဆိုတော့ တခါတည်း ကျနော်ပြောလိုက်မယ် ကျနော့်ဆီကို မနေ့က လှမ်းမေးကြတယ်။ အကယ်၍ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်တဲ့လူက မြို့နယ်စည်း ဥက္ကဋ္ဌ ဖြစ်နေရင်ရောတဲ့ ဘယ်လိုလုပ်မလဲတဲ့။ ဟုတ်ပြီးအဲဒါဆိုမဲပေးတဲ့အချိန်မှာ သူမပါနဲ့ သူကဘာလို့လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်တာ။ သူမပါနဲ့ သူက မဲအဆုံးအဖြတ်ကို ခံယူ ကျန်တဲ့လူနဲ့ မဲပေး။ ဆိုတော့ အဲလို အသေးစိတ်ကလေးတွေပါ ကျနော်တို့က ပြန်ချပေးထားတာပေါ့။ အဲဒီတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး အဖွဲ့က စိန်ခေါ်မှုတွေတော့ ရှိနေမှာပါပဲ။
ဘာကြောင့်လဲ ဆိုတော့ တော်တော်များများက လိုင်းတွေပေါ်မှာလည်း တက်တယ်ပေါ့။ လူကိုကြည့်ပြီးတော့ ရွေးမယ်၊ ပါတီကိုကြည့်ရွေးမယ်ဆိုတာလည်း အမျိုးမျိုးပေါ့။ ကျနော်တို့ရည်ရွယ်ချက်ကတော့ မြို့နယ် အကျိုးပြုရုံတင် မကဘူး။ နိုင်ငံ အတွက်ပါ အကျိုးပြုနိုင်တဲ့လူ ဖြစ်ရမယ်။ NLD အပေါ်မှာ သစ္စာရှိတဲ့လူဖြစ်ရမယ်။ ဒီလိုမူမျိုးတွေနဲ့ ရွေးပါဆိုပြီး ပြောထားတာပေါ့။ ဆိုတော့ အရည်အချင်းသတ်မှတ်ချက်တွေ ချပေးလိုက်တယ်။ အဲဒီ အရည်အချင်း သတ်မှတ်ချက်တွေ လျှောက်လွှာတွေမှာ ဒါတွေနဲ့ မကိုက်ဘူးဆိုရင်တော့ ကျနော်တို့က ပြန်စိစစ်ရမှာပေါ့လေ။ အဲတော့ အောက်ခြေမှာတော့ ရှိတော့ ရှိနိုင်ပါတယ်။
ဒါပေမယ့် ကျနော်တို့ တိုင်းက တခါ ဆန်ခါတိုက်လိုက်မယ်။ ပြီးတဲ့အခါ ဗဟိုက ဆက်တိုက်မယ်ဆိုတဲ့ အခါကြတော့ သင့်တော်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရာမှာ တတတ်တအား ပါဝင်နိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရလိမ့်မယ်လို့ မျှော်လင့်ထားတာပေါ့။ အဲတော့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့လည်း မြို့မိ မြို့ဖကိုလည်း တာဝန်ပေးလိုက်တာပေါ့။ NLD ပါတီ တခုတည်းကတင် မဟုတ်ပါဘူး။ မြို့မိ၊ မြို့ဖ ကိုပါ အားကိုးပြီးတော့ ဒီပွဲကို ကျနော်တို့ ပြင်တာ ဆင်တာပါ။ ဒါကြောင့်မလို့ မြို့မိမြို့ဖကိုရွေးတာ မြို့နယ်စည်းရုံးရေးအဖွဲ့ကို ထိန်းကျောင်းရာရောက်သလို ကိုယ့်မြို့နယ်အကျိုးအတွက် လုပ်နိုင်မယ့်သူကိုရှာပေးဖို့လည်း ပြည်သူတွေ Participatory Democracy လို့လည်း ပြောလို့ ရလည်းရနိုင်ပါတယ်။ အဲ့ဒါကြောင့်မလို့ မြို့မိမြို့ဖကို ထည့်လိုက်တာပါပဲ။
မေး ။ ။ သက်ဆိုင်ရာမဲဆန္ဒရှင်တွေက သိချင်နေတဲ့ မေးခွန်းပါ။ လက်ရှိ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေထဲက ဘယ်နှစ်ဦးလောက် ပြန်ပါလာနိုင်မလဲပေါ့၊ ဘာလို့လဲဆိုတော့ ပါတီကနေ သတိပေးခံထားရတဲ့ ဝန်ကြီးချုပ်တွေရှိတာကိုး။ ရန်ကုန်တို့ ကာယားတို့ ပဲခူးတို့ပေါ့ ဆရာ။ ကျနော်တို့ ရန်ကုန်မဲဆန္ဒရှင်ပဲဆိုတော့ ကျနော်သိချင်ပါတယ်။ သူတို့ပြန်ပါလာဦးမလားဆိုတာ။
ဖြေ ။ ။ အဲ့ဒါက ဆရာရေ ကျနော်အတိအကျ ပြောချင်ပါတယ်။ ပြောဖို့က လောလောဆယ် ကျနော်တို့ပြောဖို့ခက်တယ်။ ဘာကြောင့် ခက်သေးလည်းဆိုတော့ ကျနော်တို့ ဗဟိုရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီးလို့ရှိရင် ပထမဆုံးကတော့ တိုင်းနဲ့ပြည်နယ်မှာ ဘယ်သူတွေဝင်ပြိုင်မလဲ၊ ဘယ်သူတွေကို ဝန်ကြီးချုပ်နဲ့ သင့်တော်တယ်ဆိုတဲ့ လျာထားချက်တွေကတော့ ဆွေးနွေးပွဲတော့ ရှိပါတယ်။ ဘယ်သူတွေ ပြန်ပါမလဲ၊ မပါဘူးလဲဆိုတာက ပြောရခက်တယ်။ ဆိုလိုချင်တာက မြို့နယ်အဆင့်မှာ သူတို့လျှောက်မှာလား။ သူတို့ကိုယ်တိုင်လည်း ကိုယ့်ဟာကို ပြန်စဉ်းစားရမှာပေါ့နော်။
ဒီတိုင်းနဲ့ပြည်နယ်မှာ ဆက်ပြီးလျှောက်ဦးမယ်ဆိုလို့ရှိရင် ဝန်ကြီးချုပ်အနေနဲ့ သူတို့က မြို့နယ်အဆင့်မှာ ရွေးချယ်တဲ့အခါ သူတို့ကိုယ်တိုင်ကလည်း လျှောက်မှ။ မလျှောက်ဘဲနဲ့ဆိုလို့ရှိရင်၊ အခုနပြောသလို မြို့နယ်က မရွေးဘူးဆိုလို့ရှိရင် ဗဟိုကျမှ ပြန်ရွေးတယ်ဆိုတဲ့ အဆင်မျိုးနဲ့ သွားကြုံမှာပေါ့နော်။ အဲ့တော့ သူတို့ရော လျှောက်မှာလား။ သူတို့လျှောက်တယ်ဆိုလို့ရှိရင်လည်း ဗဟိုရွေးချယ်ရေးအဖွဲ့က ဘယ်လိုသဘောထားမှာလည်း။ ဒါကြောင့်မလို့ ဘယ်သူပြန်ပါမယ်၊ မပါဘူးဆိုတာကတော့ တိတိကျကျပြောလို့မရပါဘူး။
ဒါပေမယ့် ကျနော်တို့က နဂိုကတည်းကိုက ဝန်ကြီးချုပ်တင်မကပါဘူး လွှတ်တော်ကိုယ်စားလှယ်အားလုံးကို တိုင်းနဲ့ပြည်နယ်ရော။ ပြည်ထောင်စုအဆင့်က လွှတ်တော်ကိုယ်စားလှယ်တွေရော အရည်အသွေးကို အကဲဖြတ်တဲ့ စစ်တမ်းလေးတွေ ကျနော်တို့မှာ လုပ်ပြီးသားပါ။ သုတေသနကလည်း လုပ်ထားတာရှိတဲ့အခါကျတော့ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ၊ ဝန်ကြီးချုပ်တွေအပေါ်၊ ဝန်ကြီးတွေအပေါ်မှာ သဘောထားမှတ်ချက်လေးတွေ ကျနော်တို့ဆီမှာ ရှိပါတယ်။ နောက်ပြီး ပါတီကနေလည်း အရေးယူထားတဲ့အပိုင်းတွေကလည်းရှိတယ်ဆိုတော့ အဲ့ဒါတွေပါ ထည့်ပြီးစဉ်းစားမှာဖြစ်တဲ့အတွက် သတိပေးခံရသူတွေ၊ စည်းကမ်းပိုင်းအရ အရေးယူခံရသူတွေကတော့ ပါဖို့အခွင့်အရေးနည်းသွားတာပေါ့။
ဒုတိယပိုင်း ဆက်လက်ဖော်ပြပါဦးမည်။
You may also like these stories:
ရွေးကောက်ပွဲကိစ္စ တိုင်တိုင်ပင်ပင်လုပ်ရန် တိုင်းရင်းသားပါတီများ ကော်မရှင်အား တိုက်တွန်း
၂၀၂၀ ရွေးကောက်ပွဲ ပါတီကြီးအချို့ ကြိုတင် ပြင်ဆင်
၂၀၂၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် ကျင်းပမည်
တပ်မဲစာရင်းကောက်ရန် ကော်မရှင် ပြင်ဆင်