၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို အရင်အတိုင်း အပြောင်းအလဲမရှိဘဲ နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အတည်ပြု ပြောဆိုထားပါတယ်။
Covid-19 ကူးစက်မှု အရှိန်လျော့ကျလာချိန်မှာ ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှု အသံတွေ တဖြည်းဖြည်း ထွက်ပေါ်လာတာတွေ့ရပါတယ်။ အထူးသဖြင့် လက်ရှိအာဏာရ အစိုးရရဲ့ NLD ပါတီ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ဘာတွေပြင်ဆင်ထားလဲ၊ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုရွေးချယ်သွားမလဲဆိုတဲ့ အသံတွေလည်း ကြားလာရပါတယ်။
ဒါကြောင့် NLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘယ်လိုပြင်ဆင်ထားလဲ၊ တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်မူဝါဒ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပါတီတွင်း ဂိုဏ်းဂဏ စွဲ ဂယက်၊ ပါတီမျိုးဆက်သစ် လက်ဆင့်ကမ်းမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး NLD ပါတီ ဒုဥက္ကဋ္ဌ လည်းဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို ဧရာဝတီ မြန်မာပိုင်း တာဝန်ခံ အယ်ဒီတာ ရဲနည် က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ NLD အစိုးရတက်ပြီးတော့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဖွဲပြီးတော့ ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဇောက်ချပြီးလုပ်လာတာလည်း ကျနော်တို့ တွေ့ရပါတယ်။ တနင်္သာရီဝန်ကြီးချုပ်ဆိုရင် အထင်ရှားဆုံး အရေးယူခံရတဲ့သူပေါ့။ ဆိုတော့ NLD ထဲမှာ လူတွေက ပြောနေကြတာကတော့ ဒီလိုမျိုးလူမျိုးတွေက ဆက်ရှိနေတုန်းပဲဆိုတဲ့ စွပ်စွဲချက်တွေလည်း ကြားနေရတာပေါ့ ဆရာရယ်။ ဆရာ့အနေနဲ့ ဒီ NLD ထဲမှာ ဘယ်နေ့၊ ဘယ်အချိန် အဂတိလိုက်စားမှု လုံးဝ ဇီးရိုးဖြစ်စေရမယ်လို့ အာမခံနိုင်မလဲ။
ဖြေ ။ ။ ဆရာရေ၊ ဆရာမေးတာတွေက မေးခွန်းကြီးက တော်တော်ကြီးလည်းကြီးကျယ်ပါတယ်။ bribery and corruption (လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှု) ပေါ့နော်။ နိုင်ငံတကာမှာလည်း bribery and corruption ကို ဒီမိုကရေစီ နိုင်ငံတွေမှာ တိုက်ဖျက်နေကြတာပေါ့။ ကျနော်တို့လို အကူးအပြောင်းကာလမှာ ရှိနေတာ ဒီဟာကိုထိန်းချုပ်ရတာ တော်တော်ခက်ပါတယ်။ တကယ့်လည်း စိန်ခေါ်မှုပါပဲ။ ဒါပေမယ့် လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ဖို့ဆိုတာဟာ ကျနော်တို့ အစိုးရတခုတည်းတင် လုပ်ရတာထက် အားလုံးပူးပေါင်း ပါဝင်ဖို့လိုတယ်။ ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်တွေ၊ နောက်တခုက ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေပေါ့။ ကျနော်တို့ အခု e-government လုပ်နေတဲ့ ရည်ရွယ်ချက်တခုက အွန်လိုင်းကနေသွားလိုက်တဲ့ဟာတွေက bribery and corruption ကိုတော့ အများကြီးလျော့သွားနိုင်ပါတယ်။ အဲ့တော့ အွန်လိုင်းကနေ လိုင်စင်လျှောက်တာတို့၊ လုပ်ငန်းတွေလျှောက်တာတို့ အားလုံးက အွန်လိုင်းကနေ သွားနိုင်မယ်ဆိုရင် Under the table တွေမရှိတော့ဘူး။
နောက်တချက်က လုပ်ငန်းရှင်တွေကလည်း ငါတို့လုပ်ငန်း အလွယ်တကူအောင်မြင်ဖို့ဆိုတဲ့ compromise လုပ်တဲ့နည်းလမ်းတွေလည်း မလုပ်မှဖြစ်မယ်။ နောက်တခါ ဥပဒေနဲ့ အရေးယူမယ့် အပိုင်းကိုလည်း ထိထိရောက်ရောက်လုပ်မယ်ဆိုလို့ရှိရင် bribery and corruption က ပျောက်သွားမှာပေါ့နော်။ ဒီဟာပျောက်ဖို့ဆိုတာကလည်း ဒီမိုကရေစီ ရင့်ကျတ်လာမှဖြစ်မှာ၊ ဝန်ထမ်းတွေရဲ့ လစာကလည်း ဖူလုံရမှာဖြစ်မှာပါ။ လာဘ်တောင်းစရာမလိုလောက်အောင် ဖူလုံနေတဲ့အဆင့်မျိုးရောက်အောင်၊ ဒီဟာအတွက်ကတော့ ကျနော်တို့ တော်တော်ကို ကြိုးစားရဦးမှာပါ။ ဘယ်အချိန်မှာဖြစ်မလဲဆိုတာတော့ ကျနော်တော့ အာမခံချက်မပေးရဲပါဘူး၊ ပေးလို့လဲ မရဘူး။
ဘာကိုသွားသတိရလည်းဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသွားတာလေး သွားသတိရမိတယ်။ ဘယ်ဟာကို ပြောင်းသင့်လဲ၊ ဘယ်ဟာကိုမပြောင်းသင့်ဘူးလဲ။ ပြောင်းသင့်တဲ့ဟာတွေကိုတော့ ရဲရဲဝံ့ဝံ့ပြောင်းဖို့လိုတယ်။ မပြောင်းသင့်တဲ့ဟာတွေကိုတော့ သည်းညဉ်းခံနိုင်ဖို့လိုတယ်။ ဒါပေမယ့် ဘယ်ဟာပြောင်းသင့်တယ်၊ မပြောင်းသင့်ဘူးဆိုတာတော့ ဉာဏ်အမျှော်အမြင်လိုတယ်၊ စဉ်းစားတွေးတောဆုံးဖြတ်ချက် လိုတယ်။ အဲ့ဒီမှာ ပြောင်းသင့်တာတွေ ပြောင်းဖို့ဆိုတာ သတ္တိနဲ့ ပညာလိုတယ်လို့ ပြောတယ်။
အဲ့ဒီအထဲမှာ အမူအကျင့်လဲ ပါတယ်ဗျ။ ဝန်ထမ်းတွေရဲ့ အမူအကျင့်၊ နိုင်ငံရေးသမားတွေရဲ့ အမူအကျင့်အကုန်ပါတယ်၊ ဘာလိုလဲဆိုတော့ ငါတို့ရတဲ့လုပ်ပိုင်ခွင့်တခုကို မူတည်ပြီးတော့မှ ငါတို့ အခွင့်အရေးယူမယ်ဆိုတဲ့ အမူအကျင့် မရှိရဘူး။ နိုင်ငံရေးသမားက နိုင်ငံရေးနဲ့ပဲ ဆုံးဖြတ်ရမယ်။ ပြည်သူအတွက် အကျိုးရှိလား မရှိသလားဆိုတာ မူတည်ပြီး ဆုံးဖြတ်ရမယ်။ နောက်ပြီး ဝန်ထမ်းတွေကရော ငါတို့ကို လုံလောက်တဲ့ လစာပေးထားပြီးပြီ။ ငါတို့အပြင်ဝင်ငွေရှာစရာမလိုဘူး။ ဒါကြောင့်မလို့ တိုင်းပြည်အတွက် လူမျိုးအတွက် ပြည်သူ့အတွက် အလုပ်လုပ်မယ်ဆိုတဲ့ အမူအကျင့်ကိုလည်း ပြောင်းဖို့လိုတာပေါ့နော်။
ဒါကြောင့်မလို့ bribery and corruption ဆိုတာကတော့ လူ့အဖွဲ့အစည်းတခုမှာ မရှိသင့်တဲ့ဟာ ဆိုတာကတော့ ကျနော်တို့လက်သင့်ခံတယ်။ ဒါကြောင့်မလို့လဲ ဒီအစိုးရအတွင်းမှာ ပြည်သူ့ငွေတွေကို အလွဲသုံးစား လုပ်တာမျိုးမဖြစ်ရအောင် ထိန်းကျောင်းပါမယ်၊ ဒါကြောင့်မလို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က သတိပေးထားတာပါ။ အခုလည်း သတိပေးထားတဲ့အတိုင်း အရေးယူတာပေါ့။ ဘယ်တော့ ပျောက်မလဲဆိုတာတော့ အခုနပြောသလို ကျနော်တို့ ပြောင်းသင့်တဲ့ဟာတွေကို ပြောင်းရဲတဲ့ သတ္တိနဲ့ ပညာတော့ လိုပါတယ်။ အဲ့ဒီအချိန်ကျရင်တော့ ပျောက်လောက်ပါပြီ။ ကျနော်တို့လည်း ဒီဟာကို လူ့အဖွဲ့အစည်းအတွင်းမှာ bribery and corruption ဆိုတာ မရှိသင့်ပါဘူး။ အဲ့ဒါမှ လည်း ဖွံ့ဖြိုးတိုးတက်မှာပါ။
မေး ။ ။ နောက်မေးခွန်းတခုကလည်း အားလုံးစိတ်ဝင်စားနေတဲ့ဟာပေါ့။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်အလွန် NLD ရဲ့ မျိုးဆက်သစ်ဆိုတာပေါ့။ နိုင်ငံတကာကရော၊ ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းကရော အကုန်လုံးက စိတ်ဝင်စားကြတယ်။ ဆရာလည်း စစချင်းတုန်းက NLD ရဲ့ မျိုးဆက်သစ် မွေးထုတ်ရေးဆိုတာလေး နည်းနည်းချင်း ပြောသွားတာရှိပါတယ်။ ဆရာကိုယ်တိုင်လဲ အဝေးကိုရောက်နေတဲ့အချိန်မှာ ဆရာ့ထက်အများကြီးပိုငယ်တဲ့ ဦးဇာနည်အောင်ကို လက်လွှဲခဲ့တယ်၊ ကျနော်တို့ကြည့်ရသလောက်လည်း ပြည်ထောင်စုမှာရော၊ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေမှာ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ သက်လတ်ပိုင်းတွေကို ထပ်ပြီးတော့ နေရာပေးလာတဲ့ အနေအထားတွေကိုလည်း ကျနော်တို့မြင်ရတယ်ဆရာ။ ဆိုတော့ ပါတီရဲ့ လူငယ်ပေါ်လစီကို နည်းနည်းလေး အသေးစိတ်ရှင်းပြပေးပါလား။
ဖြေ ။ ။ အခု ကျနော်တို့ပါတီမှာ လူငယ်လုပ်ငန်းအဖွဲ့နဲ့ပတ်သက်လို့ ၁၉၉၀ တုန်းကလည်း လူငယ်လုပ်ငန်းအဖွဲ့တွေရှိတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုရဲနည်တို့ နည်းနည်းပြန်သတိထားမိပါလိမ့်မယ်။ နေပြည်တော်မှာ နယ်မြေလေးခု လွတ်တဲ့အခါကျတော့ ကျနော်တို့ပြိုင်ခဲ့တာ လူငယ်တွေနဲ့ ပြိုင်ခဲ့တာပါ။ ဇေယျာသော်တို့၊ နိုင်ငံလင်းတို့၊ စန္ဒာမင်းတို့၊ ကိုမင်းသူတို့ပေါ့နော်၊ အဲ့ဒီလိုဝင်ပြိုင်ခဲ့တာ၊ အဲ့ဒီလို လူငယ်တွေစပြီး ပွဲထုတ်လိုက်တဲ့ ပွဲမှာ ကျနော်တို့နိုင်ခဲ့တယ်။
ဆိုလိုချင်တာက လူတွေသတိမထားမိတဲ့အချိန်မှာ ၂၀၁၂ မှာ ကျနော်တို့ လူငယ်မျိုးဆက်သစ်ကလေးတွေ ဖော်ထုတ်ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့အခါကျတော့ ကိုနိုင်ငံလင်းဆိုရင် လူမှုရေးဝန်ကြီး၊ အခုရန်ကုန်မှာဖြစ်နေပြီ။ သူဆိုလို့ရှိရင် လူငယ်ကနေ ထွက်ပေါ်လာတဲ့ မျိုးဆက်သစ်တွေ။ နောက်တခါ ၂၀၁၅ မှာလည်း ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ထဲက လူငယ်တချို့က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်နေပြီ။ ရန်ကုန်မှာ၊ ဧရာဝတီမှာ၊ ကချင်မှာ၊ အဲ့ဒီမှာလည်း ကျနော်တို့ လူငယ်တွေမွေးထုတ်တယ်။ ကျနော်တို့ရဲ့ ဦးစားပေးက လူငယ်တွေကို လွှတ်တော်ကိုယ်စားလှယ်မှာ ဦးစားပေးပေါ့၊ ဆိုလိုချင်တာက သူတို့ကို ခြေသွေးဖို့ ကွင်းတခု ဖန်တီးပေးထားတာပေါ့။ လူငယ်တွေဆိုတာက မွေးထုတ်ပေးရမယ်ဆိုတဲ့ မဏ္ဍိုင်က ရှိပြီးသားပါ။ ကျနော်တို့က အရင်တုန်းကလည်း မဏ္ဍိုင်ကြီး ၃ ခုနဲ့သွားခဲ့တာပဲ။ လူကြီးရယ်၊ အမျိုးသမီးရယ်။ လူငယ်လုပ်ငန်းအဖွဲ့ရယ်ဆိုပြီး သုံးချောင်းထောက်နဲ့သွားခဲ့တာပဲ။ လူငယ်တွေကို မွေးထုတ်ပေးမှဖြစ်မယ်ဆိုတာ ကျနော်တို့ နဂိုထဲက သိပါတယ်။
အဲ့တော့ အခုကျနော်တို့ ၂၀၂၀ အတွက် လူငယ်အတွက်က အသစ်တွေပြန်ရေးထားတယ်။ လူငယ်လုပ်ငန်းလမ်းညွှန်တို့၊ လူငယ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ခေါ်တာပေါ့။ ဒီဟာတွေကို စနစ်တကျနဲ့ စပြီးတော့ ပြန်ရေးနေပြီ။ အတည်ပြုပြီးပြီ။ ရှိတာတော့ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ရှိတယ်၊ တိုင်းနဲ့ပြည်နယ် လူငယ်လုပ်ငန်းအဖွဲ့တွေရှိတယ်။ ဒီလူငယ်တွေလည်း နိုင်ငံရေးလောကထဲမှာ ရောက်နေတယ်။ အဲ့ဒီလူငယ်တွေထဲကနေမှတဆင့် ကျနော်တို့က ပါတီတွင်းမှာ လူငယ်တာဝန်ခံ ၁ နဲ့ ၂ က မြို့နယ်စည်းရုံးရေးအဖွဲ့ စည်းဝေးတွေမှာ ထိုင်ရတယ်၊ တခါ အလားတူပဲ ဗဟိုမှာ လူကြီးအစည်းအဝေးတွေမှာ ဖိတ်မယ်ဆိုရင် အရေးကြီးတဲ့အစည်းအဝေးတွေမှာ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က ၂ ယောက်ကို ခေါ်ပြီး တက်ပြီးဆွေးနွေးခိုင်းရတာတွေရှိတယ်။
နောက်တခါကျနော်တို့ရဲ့ ၆ လပတ် ဗဟိုအစည်းအဝေးတွေမှာလည်း လူငယ်တွေတက်ပြီး စာတမ်းဖတ်တာရှိတယ်။ ဆိုလိုချင်တာက နိုင်ငံရေးလောကထဲမှာ လူငယ်တွေကို တဆင့်ချင်းဆွဲ ခေါ်လိုက်တာပေါ့။ လူငယ်တွေကိုတော့ ကျနော်တို့က မျိုးဆက်သစ် မွေးထုတ်ပေးရမယ်။ ကျနော်တို့ ဗဟို CEC မှာလည်း လူငယ်တွေရှိပါတယ်။ ဦးဖြိုးမင်းသိန်းဆိုလို့ရှိရင် လူငယ်ထဲကနေ တက်လာလိုက်တာ၊ အသက်လဲ ငယ်သေးတယ်။ လူငယ်ကနေ အသက်ငယ်ငယ်နဲ့ CEC ဖြစ်လာတဲ့ဟာပေါ့။ အလားတူပဲ ဗဟို CC ထဲမှာလည်း လူငယ်တွေရှိပါတယ်။ လူငယ်တွေ မွေးထုတ်ပေးနေတာပေါ့၊ ဒီဟာက ရေရှည်အတွက်ပါ။
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် အလွန်ဆိုတာက လူတွေစိတ်ဝင်စားကြသလို ကျနော်တို့ကိုလည်း အမြဲတမ်းမေးကြတာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ကတော့ ကျနော်တို့ ယှဉ်လို့မရပါဘူး။ ယှဉ်နိုင်တဲ့ နိုင်ငံရေးသမား NLD အတွင်းမှာမရှိဘူး။ NLD အတွင်းမရှိလို့ မြန်မာနိုင်ငံမှာရှိသလားဆိုတော့လည်း ဦးဝင်းထိန်ဖြေသလိုပဲ ဖြေလိုက်ချင်ပါတယ်၊ သွားပြိုင်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေးမရမီက ဗိုလ်ချုပ်အောင်ဆန်းရဲ့ လှုပ်ရှားမှုလိုပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကြောင်းပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ချန်ထားလို့မရအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ တိုက်ခိုက်မှုတွေက အများကြီးပါ၊ အဲ့ဒီတိုက်ခိုက်မယ်ဆိုတဲ့ ပြောတဲ့သူတွေပဲ ဘာဖြစ်သွားလဲဆိုတော့ နောက်ဆုံးတော့ လက်လျှော့သွားကြတာပဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ NLD ကတော့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကိုရနေပြီ၊ ကျနော်တို့မှာ ခေါင်းဆောင်ကောင်းရှိနေတယ်။ ကျနော်တို့မှာ ခေါင်းဆောင်ကောင်းရှိနေသလို လွှတ်တော်ထဲမှာလည်း ၂၅ ရာခိုင်းနှုန်းဆိုပြီး တပ်မတော်က နေရာယူထားတာရှိနေတယ်။ အလားတူ ကျနော်တို့မှာက အခြားစိန်ခေါ်မှုတွေကလည်းရှိနေသေးတယ်။ အဲ့ဒီတော့ ဘာဖြစ်လဲဆိုရင် NLD ဟာ ပြည်သူကို မျက်နှာမူနေတဲ့အတွက် ဒီတခေါက်မှာလည်း NLD ကိုမဲပေးပါဆိုပြီး ကျနော်တို့က ပြောင်စည်းရုံးတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျနော် ဒီကာလတခုကို ကျော်မှ ဒီမိုကရေစီကို ရှင်သန်နိုင်အောင် မျိုးစေ့ချခဲ့တဲ့အပင်လေး ရှင်သန်နိုင်အောင် ၂၀၂၀ ရွေးကောက်ပွဲက အရေးကြီးတယ်၊ အဲ့ဒါကြောင့် ကျနော်တို့ နိုင်မှဖြစ်မယ်၊ အစိုးရဖွဲ့နိုင်မှဖြစ်မယ်။
ဒီမိုကရေစီ လမ်းဖောက်ခဲ့တာ၊ လမ်းလျှောက်ခဲ့တာ ပြောခဲ့တာတွေရှိပါတယ်။ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်အလွန်ဆိုတာ ကျနော်တို့မွေးထုတ်ပေးမယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ရလိမ့်မယ်ဆိုတာတော့ ကျနော်တို့ အာမခံပေးလို့မရဘူး။ ရလည်းမရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တခေတ်မှာ တယောက်လိုဖြစ်နေတာကိုး။
အများအားဖြင့် အရည်အချင်းရှိတဲ့၊ လူထုကို မျက်နှာမူနိုင်တဲ့သူတွေ၊ NLD အကျိုးကို သယ်ပိုးနိုင်သူတွေ၊ NLD အပေါ်မှာ သစ္စာရှိရှိနဲ့ တိုင်းပြည်အပေါ်မှာ သစ္စာရှိရှိနဲ့ လုပ်နိုင်တဲ့သူတွေ များလာအောင်တော့ ကျနော်တို့လုပ်ပေးရမှာပေါ့။ ကျနော် ဘောလုံးအသင်းတသင်း ရှင်းပြဖူးပါတယ်။ ကမ္ဘာပေါ်မှ ပီလီကျသွားတော့ ဘရာဇီးကျသွားမယ်ပေါ့။ ပီလီအလွန် ဘရာဇီးဘောလုံးလောကမှာ အများကြီးပဲ ပေါ်လာတယ်၊ ရော်နယ်ဒို၊ ရော်နယ်ဒင်ဟို၊ ရီကာဒို၊ ကားလို့စ်တို့ ပေါ်လာတယ်၊ အလားတူပဲ အာဂျင်တီးနားမှာ မာရာဒိုနာအလွန် မရှိနိုင်ဘူးလို့ ဆိုခဲ့ကြပေမယ့် အခု မက်ဆီပေါ်လာတယ်လေ။ ဘောလုံးပွဲလိုကြည့်မယ်ဆိုရင် နိုင်ငံရေးမှာလည်း ကျနော်တို့ NLD ထဲမှာတင်မဟုတ်ပါဘူး။ အပြင်မှာလည်း ရှိနိုင်ပါတယ်။
နိုင်ငံရေးကစားကွင်းထဲမှာ ရောက်လာမယ့်သူတွေအများကြီးရှိတာပေါ့။ ခေါင်းဆောင်ဆိုတာက ကိုယ့်ဟာကိုယ်ရွေးလို့မရဘူး။ ပြည်သူက အသိအမှတ်ပြုမှ ပြည်သူက အဆုံးအဖြတ်ပေးမှာပါ။
NLD ထဲမှာလည်း ပြည်သူအဆုံးအဖြတ်ပေးမယ့် ပြည်သူယုံကြည်တဲ့ ခေါင်းဆောင်တွေ ပေါ်လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အသက်ကြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အလွန်လည်း စဉ်ဆက်မပြတ်ဖြစ်အောင်လို့ ကျနော်တို့ကြိုးစားနေပါတယ်။ မျိုးဆက်သစ်တွေလည်း ကြိုးစားနေတယ်။ နာယကကြီးတွေလည်း ရှိတယ် ထိန်းပေး။ ဒီလိုပဲအဆက်ဆက်သွားနေတာ။ ကျနော်တို့လည်း တချိန်မှာ နာယက ၊ သဘာပတိဆိုပြီး ဖြစ်သွားမယ်။ ဒီလိုပဲ မွေးမြူသွားကြရမှာပေါ့၊ ဒါကဘာဖြစ်လဲဆိုတော့ နိုင်ငံရေးမျိုးဆက် ရှင်သန်ရေးနဲ့ တိုင်းပြည်အတွက် နိုင်ငံရေးလုပ်ကြတဲ့အခါမှာ မျိုးဆက်သစ်ကို မွေးထုတ်ဖို့တာဝန်က နိုင်ငံရေးသမား ကောင်းကြီးတွေမှာ တာဝန်ရှိတယ်လို့ ကျနော်ထင်တယ်။
အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်အလွန်မှာ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးသမားမျိုးကတော့ NLD မရနိုင်ပါဘူးခင်ဗျ။ တခြားပါတီတွေက ပေါ်လာမလားဆိုတော့လည်း ကျနော်ကတော့ ဦးဝင်းထိန်စကားပဲ ပြန်သုံးလိုက်ပါမယ်။ အဲ့လိုပဲ မှတ်ထားလိုက်ပေါ့။
မေး ။ ။ နောက်တခုကတော့ အမျိုးသမီးကိစ္စပေါ့ဆရာ၊ သုံးချောင်းထောက်ထဲမှာလဲ အမျိုးသမီးက ပါခဲ့တဲ့အခါကျတော့ အမျိုးသမီး ကိုယ်စားလှယ်တွေရွေးတာပေါ့၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကတုန်းလိုမျိုးပဲ ရာခိုင်နှုန်းနဲ့ ပြောရရင် အရင်က ဆရာတို့က လူနည်းခဲ့တဲ့ အခါကျတော့ ၃၀ ရာခိုင်းနှုန်းပြည့်ခဲ့တာပေါ့။ ၂၀၂၀ မှာရော ၃၀ ရာခိုင်းနှုန်းပြည့်မလားဆရာ၊ ဘာလို့လဲဆိုတော့ ၂၀၁၅ မှာကျတော့ ၁၆၈ ယောက်နဲ့ ၁၅ ရာခိုင်နှုန်းအထိ ပြန်ကျသွားတာကိုး။
ဖြေ ။ ။ ကိုရဲနည်၊ အဲ့ဒါက အမျိုးသမီးတွေ ဘယ်နှစ်ရာခိုင်နှုန်းပါရမယ်ဆိုတာတော့ ကျနော်တို့ မူတော့မချထားပါဘူး။ ဆိုလိုချင်တာက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် ၁ ၊ ၂ ရွေးမယ်၊ တမြို့နယ် ၄ ယောက်ပေါ့ဗျာ။ အဲ့ဒီထဲမှာ တယောက်ကတော့ အမျိုးသမီးဖြစ်ရမယ်ဆိုရင် ၂၅ ရာခိုင်နှုန်း ပါသွားမှာပဲ။ ဆိုတော့ အဲ့ဒီလိုမူကတော့ မရှိဘူး။ အမျိုးသမီးတွေ လျှောက်ကြ၊ ပြိုင်လေ၊ အမျိုးသားတွေနဲ့။ ကျနော်တို့က Gender မခွဲတော့ဘူး။ ဘယ်လောက်ပေးရမယ်ဆိုတာ မခွဲဘဲနဲ့ ရွေးချယ်ခံရဖို့ကတော့ ဝင်ပြီးပြိုင်ပေါ့။ မြို့မိမြို့ဖနဲ့ မြို့နယ်စည်းရုံးရေးက ရွေးလိုက်လို့ အမျိုးသမီး ပါလာတယ်ဆိုလည်း ကျနော်တို့ ဘာတတ်နိုင်မလဲ။ သက်ဆိုင်ရာ မြို့နယ်က အမျိုးသမီးသင့်တော်တယ်ဆိုပြီး ရွေးတဲ့ဟာကို ကျနော်တို့က ဆက်ပြီးအတည်ပြုပေးယုံပဲ ရှိတာပေါ့။
ဆိုလိုချင်တာက လွတ်လွတ်လပ်လပ်ပြိုင်ကြပါ၊ participate လုပ်ပါ၊ Complacent လုပ်ပါ၊ အရည်အချင်းရှိတဲ့သူတွေ တက်လာပါလိမ့်မယ်။ အဲ့ဒီကြားထဲမှာ အမျိုးသမီးကတော့ ဒီလောက်ပါရမယ်ဆိုတဲ့ မူမရှိတဲ့အတွက် ဒီတခေါက်လည်း ကျနော်ထင်ပါတယ်၊ သတ်သတ်မှတ်မှတ်တော့ မပြောနိုင်ပါဘူး။ ပါတာတော့ အမျိုးသမီးပါမှာပါ။ ဘာကြောင့်ဆို ထက်မြက်တဲ့အမျိုးသမီးတွေ အများကြီးရှိနေလို့ပါ။ အမျိုးသမီးလုပ်ငန်းကော်မတီတွေလည်း ရှိနေတယ်။ လှုပ်ရှားမှုတွေကလည်း အရှိန်အဟုန်ကောင်းနေတယ်ဆိုတော့ ပါလာမှာပါ။ ဘယ်၍ဘယ်မျှ ပါလာမယ်ဆိုတာတော့ ကျနော်က မပြောနိုင်ပါဘူး။
၂၀၁၂ တုန်းကတော့ လွှတ်တော်ထဲမှာ ကျနော်တို့က များနေတယ်၊ ၃၀ ရာခိုင်နှုန်းလောက်ရှိတယ်၊ ၂၀၁၅ မှာတော့ ကျသွားတယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ငန်းကိုင်ငန်းအပေါ်မှာ မူတည်ပြီးတော့ ၂၀၁၅ မှာတုန်းက ပါခဲ့တဲ့အမျိုးသမီးတွေ အခုပြန်မပါနိုင်ဘူးလားဆိုတော့ ကျနော်တို့ ဘယ်လိုမှမပြောနိုင်ပါဘူး။
သတ်မှတ်ချက်ကတော့ နိုင်ငံတကာက ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ပြောနေတာရှိတာပေါ့၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပညာရှင်များက အကြံဉာဏ်ပေးတာတွေရှိပါတယ်။ ကျနော်တို့ကတော့ နောက်ဆုံး အမျိုးသမီးကို ရာခိုင်နှုန်းမသတ်မှတ်တော့ဘူး။ လွတ်လွတ်လပ်လပ်ပြိုင်ကြပါ၊ သူတို့အရည်အသွေးကြောင့်မလို့ သူတို့ရတယ်ဆိုလို့ကတော့ ကျနော်တို့က အမျိုးသမီးဖြစ်လို့ ချန်ထားစရာအကြောင်းမရှိပါဘူး။
မေး ။ ။ အခုမေးခွန်းကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အခြေအနေကို ဆရာ့ကို သုံးသပ်စေချင်တာပေါ့။ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တော်တော်များက သုံးသပ်နေကြတာက NLD ဟာ ၂၀၁၅ တုန်းကလိုမျိုး အခု ၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို နိုင်ဖို့ မရှိဘူးလို့ ပြောကြတယ်ဆရာ။ မြေပြန့်ဒေသတွေမှာတော့ ဆက်နိုင်နိုင်သေးတယ်။ ဒါပေမယ့် တိုင်းရင်းသားဒေသတွေမှာ အကြိတ်အနယ်ဖြစ်မယ်လို့လဲ သုံးသပ်ကြတာပေါ့။ ဥပမာ-ရခိုင်တို့၊ ရှမ်းတို့၊ ကယားတို့ နယ်မြေတွေမှာ နယ်မြေခံပါတီတွေက အရမ်းအားကောင်းတဲ့အခါမှာကျတော့ အဲ့ဒီလိုမျိုး သုံးသပ်ချက်တွေအပေါ်မှာ ဆရာသဘောတူသလား။ ဒါမှမဟုတ် မတူဘူးလား ဆရာ။
ဖြေ ။ ။ Yes or No ပေါ့နော်၊ တစ်အချက်က ဘာလဲဆိုရင် ကျနော်တို့ကတော့ တတ်နိုင်သမျှ မြို့နယ်တွေမှာ ကျနော်တို့ ဆိုင်းဘုတ်ရှိတဲ့ မြို့နယ်တွေမှာ ပြိုင်နိုင်အောင်ကြိုးစားမှာ။ ပြိင်လဲပြိုင်မယ်။ ပြည်နယ်တွေမှာ ပြိုင်တဲ့အခါမှာတော့ ပြည်မကလူတွေ သွားပြိုင်တာမျိုး မရှိပါဘူး။ အဲ့ဒီပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ပဲပြိုင်ကြတာပေါ့။ အဲ့ဒီတိုင်းရင်းသားတွေကလည်း ကျနော်တို့ NLD မှာ နဂိုကတည်းက ရှိပြီးသားတွေပါ။ တိုင်းရင်းသားနယ်မြေတွေမှာ အဲ့ဒီမှာနေထိုင်တဲ့ တိုင်းရင်းသားတွေနဲ့ပဲ ပြိုင်မှာဖြစ်တဲ့အတွက် တတ်နိုင်သမျှ ကျနော်တို့ NLD ရှိတဲ့ နယ်မြေတွေမှာ ဝင်ပြိုင်နိုင်အောင် အစိုးရဖွဲ့နိုင်အောင် ကျနော်တို့ ကြိုးစားမှာပေါ့နော်။
ပြည်နယ်တွေမှာ အရင်တုန်းကတော့ တိုင်းရင်းသားပါတီတွေက ကွဲနေကြတယ်။ အခုက တိုင်းရင်းသားပါတီတွေက ပေါင်းလိုက်ကြတော့ အင်အားကောင်းလာကြတယ်။ ဆိုပါစို့ ရခိုင်တို့ ရှမ်းတို့မှာဆို ကျနော်တို့ အင်အားနည်းပါတယ်၊ နဂိုကလည်း သိပ်မနိုင်ခဲ့ဘူး။ ပြည်နယ်အဆင့်တွေမှာ။ ဆိုတော့ ဒီနေရာတွေမှာ ကျနော်တို့ ကြိုးစာပြီးစည်းရုံးနေတာပေါ့၊ ကျနော်တို့လည်း သုတေသနနဲ့ ဆောင်ရွက်ထားတဲ့ ကိစ္စလေးတွေရှိပါတယ်။ အဲ့တော့ စောစောက သူတို့ပြောကြတဲ့အပေါ် သဘောတူသလား၊ မတူဘူးလားဆိုတာ Yes or No ကျနော်တိုက်ရိုက်မဖြေချင်ဘူးဗျ။
ကျနော်တို့ သုတေသနတွေလုပ်ထားရှိပါတယ်၊ ကျနော်တို့ နောက်ဆုံးကြားဖြတ်ရွေးကောက်ပွဲမှာ ကချင်မှာ ဘာကြောင့်ရှုံးရတာလဲ၊ ချင်းမှာဘာကြောင့်ရှုံးရတာလဲ။ ချင်းဆိုရင် လူမျိုးကွဲတွေကအများကြီးပဲ၊ တရွာထဲမှာကို လူမျိုးကွဲ ၂ ခု၊ ၃ ခု လောက်ရှိနေတော့ ဘယ်လူမျိုးကွဲနဲ့ပြိုင်မလဲ၊ ဘယ်တိုင်းရင်းသားလူမျိုးစုနဲ့ပြိုင်မလဲဆိုတာ ပြဿနာပဲ၊ ဘာလို့လဲဆိုတော့ ဒီမျိုးနွယ်စုနဲ့ပြိုင်လိုက်ရင် ဟိုမျိုးနွယ်စုက ကန့်ကွက်မဲပေးတာပဲ၊ ချင်းတို့ ဘာတို့မှာ ဒီပြဿနာလေးတွေရှိတယ်။
အလားတူ ရှမ်းတို့ဘာတို့မှာ ကျနော်တို့ စည်းရုံးလို့မရတဲ့နေရာတွေ ရှိတယ်။ သွားဖို့ကို မရဘူး။ ကျနော်တို့သုံးသပ်ထားတာလဲ ကျနော်တို့က အဲ့ဒီနေရာတွေမှာ စည်းရုံးခွင့်မရှိခဲ့တဲ့အတွက် ကျနော်တို့အခွင့်အရေးတွေ နည်းခဲ့တာတွေ ရှိတယ်။ ရခိုင်ကတော့ အခုဆိုပိုဆိုးတာပေါ့။ ပြောချင်တာက ဘာလဲဆိုရင် လူတွေထင်တာက အရင်တုန်းကလို့ သောင်ပြိုကမ်းပြိုမနိုင်နိုင်ဘူး။ ကျနော်တို့ ကတော့ သောင်ပြိုကမ်းပြိုဆိုတာ ပြန်ပြီးမသုံးချင်ပါဘူး။ နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။
ဒါပေမယ့် အစိုးရဖွဲ့နိုင်တဲ့ နိုင်ခြင်းနည်းနဲ့ နိုင်အောင်တော့ ကျနော်တို့ကြိုးစာရမှာပေါ့နော်။ ပြည်နယ်မဟုတ်ဘဲ တိုင်းတွေမှာတော့ နိုင်ခဲ့တဲ့နေရာတွေမှာ မူလအတိုင်းနိုင်အောင်တော့ ကြိုးစားရမှာပေါ့။ တခြားနေရာတွေမှာတော့ ကျနော်တို့ အောင်မြင်မှုရနိုင်မလားဆိုတဲ့ စစ်တမ်းလေးတွေ လုပ်ပေးပြီးတော့ ကြိုးစားရမှာပေါ့။ ဆိုလိုချင်တာကတော့ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ပဲ ပြည်နယ်တွေမှာ ဝင်ပြိုင်မယ်၊ အဲ့ဒါက သေချာပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ ပြည်မကနေ၊ ဗဟိုကနေ စိတ်ကြိုက်လူတွေထည့်ပြီး ပြိုင်ခြင်းမျိုး မပြိုင်ပါဘူး။ အဲ့တခုကတော့ ကျနော်တို့ အာမခံနိုင်ပါတယ်။ အဖြေကတော့ မကြာခင်သိရမှာပါ၊ ထင်မြင်ချက်တွေကလည်း အများကြီးပေါ့နော်၊ ဒီလိုထင်မြင်ချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဘာမှတော့ မပြောချင်ပါဘူး။ ကျနော်တို့ အစိုးရပြန်ဖွဲ့နိုင်အောင် ကြိုးစားမယ်။ ကျနော်တို့ ကတိပေးထားတဲ့၊ ပြည်သူတွေကို တင်ပြထားတဲ့ လုပ်ငန်းတွေ ပြီးပြတ်အောင် လုပ်နိုင်ဖို့အတွက် မြန်မာပြည်မှာ နောက်ကြောင်းပြန်မလှည့်ပဲနဲ့ ဒီမိုကရေစီ ရှင်သန်ပြီးတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်အောင် ကျနော်တို့အစိုးရဖွဲ့နိုင်ဖို့အထိ နိုင်အောင်တော့ ၂၀၂၀ မှာလည်း ကြိုးစားမှာပါ။ ၂၀၂၅ လဲကြိုးစားရမယ်။ တတ်နိုင်သမျှ ကျနော်တို့ စဉ်ဆက်မပြတ် ဒိမိုကရေစီဖြစ်အောင် ကြိုးစားရမှာပေါ့။
မေး ။ ။ ဆရာတို့ကတော့ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ နိုင်အောင်ကြိုးစားမှာပေါ့၊ ဒီအထဲမှာ ဆရာတို့ လိုချင်တဲ့ အတိုင်းအတာမရဘူးဆိုလို့ရှိရင် မဟာမိတ်ပေါ်လစီဆိုတာ လိုလာမယ်ထင်ပါတယ်။ အဲ့ဒီမှာ တိုင်းရင်းသားပါတီတွေပေါ့၊ အရင်စစ်အစိုးရလက်ထက်တုန်းက ဆရာတို့နဲ့ မဟာမိတ်လုပ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေက ပြောတဲ့ဟာတချို့တော့ရှိတယ်။ အဲ့ဒါက ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာတို့ NLD ပါတီက အာဏာရပြီးသွားတဲ့နောက်ပိုင်းမှာ သူတို့ကိုသဘောထားတာ အရင်နဲ့မတူတော့ဘူး။ ပါတီကြီးဝါဒ ကျင့်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေတောင် ကြားဖူးတော့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဝါဒ NLD မှာရှိသလား ဆရာ။
ဖြေ ။ ။ ကျနော်တို့ အရင်တုန်းက လွှတ်တော်ကိုယ်စားပြုကော်မတီတို့ ဘာတို့ဆိုတာ အရင်စစ်အစိုးရခေတ်မှာ ဖွဲ့ခဲ့ဖူးတာရှိပါတယ်။ ဦးအေးသားအောင်တို့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေးစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့တို့နဲ့ ဇိုမီးတို့နဲ့ ဖွဲ့ခဲ့တာရှိပါတယ်။ ဇိုမီး ဦးပူကျင့်ရှင်းထန်ဆိုရင် သူပြိုင်မယ့်နေရာမှာ ကျနော်တို့ ဝင်မပြိုင်ဘဲ နေရာပေးထားတာရှိပါတယ်။ ပြောချင်တာက အခက်အခဲကာလမှာ ကျနော်တို့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီတွေရှိပါတယ်။ သူတို့နဲ့ကတော့ အခုလည်းမဟာမိတ်ပါပဲ၊ ကျနော်တို့ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် အသစ်ဖွဲ့လာတဲ့သူတွေအပေါ်မှာ ကျနော်တို့ မဟာမိတ်သဘောမထားဘူးလားဆိုတော့ ကျနော်တို့ကိုယ်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လုပ်နေတာပဲ။
ကျနော်တို့မှာက ဘယ်တိုင်းရင်းသားပါတီတွေအပေါ်မှာ မဟာမိတ်လုပ်ဖို့ မူမရှိသလို ကျနော်တို့မှာ တိတိကျကျမရှိပါဘူး။ အဲ့ဒီလိုပဲ သူတို့ကို ရန်သူလိုသဘောထားစရာအကြောင်း ရှိကိုမရှိဘူး။ ကျနော်တို့လို့ ဒီမိုကရေစီကို သွားနေတဲ့သူတွေ ပန်းတိုင်းတူနေတဲ့သူတွေက အကုန်လုံးက မဟာမိတ်တွေပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှင်သန်ပြီးတော့ သူတို့လည်း သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်တွေအတွက် လု်ပနေတာ၊ ကျနော်တို့ကလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်ရေး လုပ်နေတာမှ မရဘူးဆိုရင် ပြည်တွင်းစစ်ကြီး ဘယ်လိုရပ်တန့်မလဲ။ အဲ့တော့ တိုင်းရင်းသားပါတီတွေကလည်း ကျနော်တို့ရဲ့ မဟာမိတ်ပါတီတွေပဲဗျ။ ပွင့်ပွင့်လင်းလင်း ကျနော် ပြောတာပါ။ဒီအတိုင်းပဲ ခံယူထားပါတယ်။
ကျနော်တို့ ပါတီဗဟိုမှာ တိုင်းရင်းသားရေးရာ ကော်မတီဆိုတာ ဖွဲ့ထားတာရှိပါတယ်၊ လွတ်လွတ်လပ်လပ်ဆွေးနွေးပါ၊ တိုင်းရင်းသားပါတီတွေအသံ နားထောင်ပါ၊ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ကို တင်ပြပါ၊ ကျနော်တို့ဆွေးနွေးမယ်။ လွတ်လွတ်လပ်လပ် ဖွင့်ပေးထားတာပါ။ အဲ့ဒါကိုမှ တိုင်းရင်းသားပါတီတွေအပေါ် မဟာမိတ်လို သဘောမထားဘူးဆိုတဲ့ စွပ်စွဲချက်ကိုတော့ ကျနော်သဘောမပေါက်ဘူးဖြစ်နေတယ်။ ရည်ရွယ်ချက်တူတယ်၊ ပန်းတိုင်းတူတယ်ဆိုရင် အားလုံးမဟာမိတ်ပါပဲ၊ သွားတဲ့လမ်းကြောင်း တူချင်မှတူမှာပေါ့နော်။
ကျနော်တို့ အာဏာရသွားမှ သူတို့အပေါ် ဆက်ဆံရေးကျဲပါးသွားတယ်ဆိုတာ မဟုတ်ပါဘူး၊ ကျနော်တို့ တိုင်းရင်းသားအရေးကို အမြဲတမ်းဦးစားပေးပြီး၊ အလေးထားပြီး လုပ်နေတာပါ။ ဒါကြောင့်မလို့လဲ ကရင်ပြည်နယ်မှာ ဒေါ်နန်း (ဒေါ်နန်းခင်ထွေးမြင့်) ဝန်ကြီးချုပ်ဖြစ်တာပေါ့၊ ဗမာမှ မဖြစ်ဘဲနဲ့၊ မဟုတ်ဘူးလား။ ဦးညီပုကြီး ရခိုင်မှာ ဝန်ကြီးချုပ်ဖြစ်တယ်၊ ရခိုင်ပဲဖြစ်တာပဲ။ ဒေါက်တာခက်အောင် ကချင်ပြည်နယ်မှာ ဝန်ကြီးချုပ်ဖြစ်တာ ကချင်၊ ခရစ်ယာန်ဖြစ်တာပါ။ ဗမာမဖြစ်ပါဘူး။ လွှတ်တော်မှာလည်း ဦးတီခွန်မြတ်ကြီး ဖြစ်နေတာပဲဗျာ။ တိုင်းရင်းသားတွေကို ဦးစားပေးတာ ကျနော်တို့က လက်ငင်းသက်သေပြပြီးပြီ။
ဒီထက်ပိုပြီး ဘာပြစရာရှိသေးတုန်းဆရာ။ ကျနော်တို့က ပါးစပ်နဲ့ပဲပြောနေတာ မဟုတ်ဘူးလေ။ ဒါကသက်သေနော်။ ဒုသမ္မတက ချင်း။ ကျနော်တို့ တိုင်းရင်းသားတွေကို နေရာပေးထားတာ NLD အဖွဲ့ဝင်တွေကနေ အကုန်လုံးနေရာတက်ယူတဲ့ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေအပေါ်မှာ အကုန်လုံးမဟာမိတ်ပါပဲ။ ရည်မှန်းချက်တူတယ်။ ပန်းတိုင်တူတယ်။ ကျနော်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နေတဲ့အတွက် တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကိုလည်း ကျနော်တို့ အလေးထားတယ်ဆိုတာ ပြောချင်ပါတယ်။
မေး ။ ။ ဆရာတို့ ၂၀၁၅ ခုနှစ်တုန်းက ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်တွေရှိခဲ့တယ်ပေါ့၊ အခုက ၂၀၂၀ ကိုရောက်လာပြီ။ ဆိုတော့ ၅ နှစ်တာအတွင်းမှာ ဆရာတို့ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ဖြည့်ဆည်းနိုင်ခဲ့လဲဆရာ။ ဆောင်ပုဒ်အတိုင်းဆိုရင်လဲ ပြည်သူလူထုဘဝ ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ပေါ့၊ အဲ့ဒါကိုရော ဘယ်လောက်အတိုင်းအတာအထိ ပြောင်းလဲပေးနိုင်ခဲ့လဲ ဆိုတာလေးပါ အကြမ်းဖျင်း ရှင်းပြပေးပါဦး ဆရာ။
ဖြေ ။ ။ ကျနော်တို့ ကတိပေးထားတာတွေတော့ ရှိတာပေါ့နော်။ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်တွေကို ကျနော်တို့ အကောင်အထည်ဖော်ဆောင်ရွက်တာပါပဲ။ ဥပမာဆိုလို့ရှိရင် အခြေခံဥပဒေပြင်ဆင်ရေး၊ ကျနော်တို့ အခြေခံဥပဒေပြင်ဆင်ရေးကို တင်သွင်းခဲ့တာကလည်း ကတိပေးထားလို့လည်း မဟုတ်ပါဘူး။ ဒီမိုကရေစီသွားတဲ့အခါမှာ ဒီမိုကရေစီ စံချိန်စံညွန်းတွေနဲ့ မကိုက်ဘူး။ လူ့အခွင့်အရေး စံချိန်စံညွန်းတွေနဲ့ မကိုက်ဘူး။ ရှေ့နောက်မညီတာတွေရှိတယ်။ လွှတ်တော်ထဲမှာ ပြည်သူက မရွေးချယ်တဲ့ သူတွေရှိတယ်။ ဒါတွေဟာ ပြင်ဖို့သင့်တယ်။
ခုနက ပြောသလိုပေါ့။ ပြင်သင့်တဲ့ဟာတွေကို ပြင်ရဲတဲ့ သတ္တိတော့ ရှိဖို့လိုတယ်။ ပညာရှိဖို့လိုတယ်။ ပြင်သင့်တယ်ဆိုတာထက် ပြင်နိုင်တယ်ဆိုတဲ့ဟာ တခုရောက်သွားဖို့ကတော့ သတ္တိရှိဖို့အပြင် ပညာရှိဖို့လည်း လိုတယ်ပေါ့နော်။ ကျနော်တို့ပေးထားတဲ့ ကတိတွေကိုအကောင်အထည်ဖော်ဖို့ကြိုးစားတယ်၊ ဒါပေမယ့် ပြင်လို့မရအောင် ဒီအခြေခံဥပဒေကြီး ရှိနေတဲ့အတွက် ဒါကို စပြီးတော့ အရင်ပြင်ဖို့ကြိုးစားတာပေါ့။ ဒီအခြေခံဥပဒေနဲ့တော့ ကျနော်တို့ သွားနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ငြိမ်းချမ်းရေးရဖို့ဆိုတာလည်း နည်းနည်းအလှမ်းဝေးနေဦးမယ်။ ဒါကြောင့်မလို့ ကျနော်တို့ ပေးထားတဲ့ကတိတခုကို အရေးကြီးဆုံးဖြစ်တဲ့ အခုနကပြောတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးစားတာပေါ့၊ မအောင်မြင်ဘူးပေါ့။
မအောင်မြင်တာက ဘာကြောင့်လည်းဆိုတာ ပြည်သူတွေသိတယ်။ ပြည်သူတွေသိစေချင်လို့ ကျနော်တို့ ဒါကိုသွင်းတာ။ ကျနော်တို့ စိတ်ရင်းဆန္ဒအမှန်ကိုက ဒီဟာကြီးက ပြင်ဖို့သင့်တယ်၊ ပြင်ဖို့ကြိုးစားကြည့်တယ်။ ခုနပြောလိုက်တဲ့ ပြင်သင့်တဲ့ဟာကို မပြင်နိုင်ခဲ့ဘူးဆိုလိုက်တဲ့အတွက် ကျနော်တို့ သတ္တိအရာမှာ နည်းပါးနေသလား၊ ပညာအရာမှာ နည်းပါးနေလားဆိုတာ တာဝန်ရှိသူတွေ ပြန်သုံးသပ်ဖို့ကောင်းတယ်။ ဗမာပြည်ဟာ အရှေ့တောင်အာရှမှာ ၁ ၊ ၂ ရောက်နေတဲ့နေရာကနေ ၇၊ ၈ ရောက်သွားတယ်ဆိုတာကိုက တဖြည်းဖြည်းကျဆင်းသွားတာ ဘာကြောင့်ကျဆင်းသွားတာလဲဆိုတာကို ပြန်သုံးသပ်ဖို့ပေါ့။
အလားတူငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကိုယ်လိုချင်တာ တောင်းနေလို့ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အလှမ်းဝေးနေဦးမှာပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်တခုဆိုတာ အကြာကြီးပါ။ တောင်အာဖရိက ဆိုအကြားကြီးပဲ၊ မင်ဒဲလား ထောင်ထဲ ၂၇ နှစ် နေခဲ့ရတာပဲ၊ အကြိမ်ပေါင်း မြောက်များစွာ ဆွေးနွေးရတာပဲ။ ဒီလိုပဲ အိုင်ယာလန်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေလည်း အကြားကြီးပဲ။ ကျနော်တို့ဆီလည်း နှစ်ပေါင်းများစွာ ကြာလှပြီ။ ကိုယ်လိုချင်တာ တောင်းနေလို့ကတော့ မရဘူး။ ကိုယ်ဘာပေးနိုင်သလဲ။ ပြည်ထောင်စုကြီးတခု ဝိုင်းဝန်းထူထောင်ဖို့ဆိုတာ ဗမာလူမျိုး တမျိုးတည်းနဲ့ပဲ မရဘူး။ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးလို့လည်း မရဘူး။ ပြည်ထောင်စုဖြစ်နေတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ်နဲ့ပဲ ကြိုးစားမှဖြစ်မှာ။ ငြိမ်းချမ်းရေးမရှိရင်လဲ ဘယ်နဲ့လုပ် ဒီမိုကရေစီထူထောင်မလဲ။ အားလုံးက ဆက်စပ်နေတာ။
ငြိမ်းချမ်းရေးကိုလည်း တခါတည်းကြိုးစားတာ။ ကျနော်တို့ ပေးထားတဲ့ကတိတွေ အောင်မြင်ပြီလားဆိုတော့ ဒါအောင်မြင်တယ်လို့တော့ ပြောလို့မရသေးဘူး၊ ဒါပေမယ့် ကြိုးစားနေတယ်။ အဲ့ဒါကတော့ မျက်မြင်ကိုယ်တွေ့ပဲ၊ နောက်ဆုံးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ လုပ်ဖို့ဆိုတာကို ကိုဗစ်ကလည်း ဝင်ခံသွားတော့ နောက်ကျတယ်။
ဆိုလိုချင်တာက ကျနော်တို့ ပေးထားတဲ့ ကတိတွေကို အကောင်အထည် မဖော်နိုင်သေးတာတွေတော့ရှိတယ်။ ဒါပေမယ့် လူတွေတခု သတိမမူမိတာရှိတယ်။ လွတ်လပ်မှု၊ အခုပြောပြောနေကြတယ်ဗျာ၊ ငြိမ်းစုစီနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတယ်။ ဒီလို လွတ်လွတ်လပ်လပ်နဲ့ ဆန္ဒပြကြ၊ လူစုဝေးနဲ့ ချီတက်ကြ၊ ဒါတွေလုပ်လာနိုင်တယ်။ accept to Information၊ ဘာပဲပြောပြော ဒီ ၅ နှစ်သက်တမ်းအတွင်းမှာ ပိုလွတ်လပ်လာပါတယ်။ ဒီလွတ်လပ်မှုကိုတော့ မပြောကြဘူးဗျ။ ဆိုရှယ်မီဒီယာပေါ်မှာ ရေးချင်တာရေးနေကြတာတွေ၊ တင်နေကြတာတွေ ဒါတွေအားလုံးဟာ ခုနက ပြောလိုက်တဲ့ ဒီလွတ်လပ်မှုကျတော့ ဘေးဖယ်ထားလိုက်။
ဒါတွေအားလုံးက NLD အစိုးရ ၅ နှစ်သက်တမ်းအတွင်းမှာ လွတ်လပ်မှုကတော့ လုံးဝ အတော်အတန်ရှိလာတယ်။ မီဒီယာတွေဘာတွေ အင်တာဗျူးတာတွေရော၊ လိုအပ်သလောက်ကတော့ ကိုယ်လိုချင်သလောက်တော့ မရသေးဘူးပေါ့ဗျာ။ တချို့ဟာတွေမှာ ဥပဒေတွေရှိတာကိုး၊ လျှို့ဝှက်ချက် အက်တွေ ရှိသေးတာကိုး။ ဆိုလိုချင်တာက ကျနော်တို့တိုင်းပြည်က လက်ညိုးထိုးပြလို့ရှိရင် လမ်းတွေ၊ ကျေးလက်လမ်းတွေ တိုးတက်လာတာတွေအများကြီးပါ။ မီးလင်းရေး၊ ဟိုတလောက တနိုင်ငံလုံးမှာ ၅၀ ရာခိုင်နှုန်း၊ ကျနော်တို့ မန္တလေးဆိုရင် ၈၀ ရာခိုင်နှုန်းကျော်ပြီ၊ ၂၀၂၁ မှာ အားလုံးမီးလင်းမယ်ဆိုပြီး လုပ်ထားတာ။ အဲ့ဒီဟာကို အပြည့်လုပ်မယ် ၂၀၂၁ မှာ မီးလင်းမယ်။ ဆိုလိုချင်တာက တိုင်းနဲ့ပြည်နယ်အလိုက် တိုးတက်မှုတွေ ကျနော်တို့ ပြောနိုင်တာတွေရှိပါတယ်။ စီးပွားရေးက ကိုဗစ်ကြောင့်မလို့သာ ကျနော်တို့ ၂ ရာခိုင်နှုန်းလောက် ကျသွားတာ။ ၆.၈ ရာခိုင်နှုန်းလောက်မှန်းထားတာ။
ဆိုလိုချင်တာက အခြေခံအဆောက်အအုံတချို့အပိုင်းမှာ တိုးတက်လာတာရှိပါတယ်။ GDP တွေ တိုးတက်လာတာတွေရှိပါတယ်။ တဆက်တည်းပြောရရင် ချေးငွေတွေအများကြီးပဲ အကျိုးမရှိဘူး ဘာတို့ ဝေဖန်နေကြတာ။ ဒါပေမယ့် GDP & Debt အချိုးက မြန်မာပြည်က နည်းနည်းလေးရှိပါသေးတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်လို့ရှိရင်။ အမေရိကန်တို့၊ ဂျပန်တို့မှာတောင် GDP & Debt အချိုးက အများကြီးပါ။ ကျနော်တို့ တခြားနိုင်ငံက ချေးငွေတွေလိုအပ်တယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်မှာ Economic Recovery ရဖို့ ကုစားရေးအစီအစည်တွေ လုပ်ကြရတဲ့အခါမှာ GDP & Debt အချိုးကိုကြည့်ပြီး ချေးကြငှားကြတာ။ ကျနော်တို့မြန်မာပြည်က နည်းနည်းလေးပဲရှိသေးတယ်။ ဒါကြောင့်မလို့လည်း ကျနော်တို့ ချေးတာငှားတာလုပ်ပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေး နလံပြန်ထူဖို့တွေကို ကိုဗစ်ကာလမှာ ချေးကြငှားကြတာပါ။
ကျနော်ပြောချင်တာက လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိပါတယ်၊ အဓိက ပြောရရင် ကျေးလက်လမ်းတွေ ပိုကောင်းလာတယ်၊ ရွာတွေကို သွားဆင်းပြီးမေးကြည့်လိုက်ပါ။ သောက်သုံးရေတွေရလာတယ်၊ မီးတွေလင်းလာတယ်၊ နောက်ပြီးတော့ တပိုင်တနိုင် တောင်သူလယ်သမားတွေအတွက် အကျိုးဖြစ်နိုင်မယ့် လုပ်ငန်းတွေ လုပ်လာနိုင်တာတွေရှိတယ်၊ ဒါတွေကတော့ ကျနော်တို့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေပေါ့။ အကြီးကြီးမှာဖြစ်နေတဲ့ တနိုင်ငံလုံးနဲ့ ခြုံတဲ့ဟာတွေမှာတော့ ကျနော်တို့ လိုအပ်ချက်တွေရှိနေသေးတယ်။ အဲ့ဒါတွေကို ဆက်လုပ်ချင်လို့လည်း အခုထပ်နိုင်ချင်တာဗျ။ ထပ်ပြီးအစိုးရဖွဲ့ချင်တာပဲဗျ၊ အရှိန်အဟုန်နဲ့ ဆက်လုပ်ချင်တာပေါ့နော်။
မေး ။ ။ ဆရာပြောတဲ့အတိုင်းဆို ၂၀၀၈ ဖွဲ့စည်းပုံကြီးက ခံပြီးတော့ ပြုပြင်ပြောင်းလဲရေးကိုလုပ်တဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံက Frame ကပြောင်းလို့မရဘူး၊ ဒါပေမယ့် NLD ရဲ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကတော့ အဆင့်တဆင့်တိုးသွားတယ်ပေါ့။ ၂၀၁၅ မှာကျတော့ ဆောင်ပုဒ်က ပြည်သူလူထုဘဝ ပြောင်းလဲချိန်တန်ပြီလို့ ပြောခဲ့တာကိုး။ ဆိုတော့ ၂၀၂၀ ရဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ်က ဘာဖြစ်မလဲ ဆရာ။
ဖြေ ။ ။ အဲ့ဒါကတော့ ကျနော်တယောက်ထဲနဲ့ ပြောလို့မရဘူး ဆရာ၊ တိုင်ပင်ရလိမ့်ဦးမယ်နော်၊ ဟုတ်တယ်နော်။
မေး ။ ။ ဆရာ့ရဲ့ ပုဂ္ဂလိက ထင်မြင်ချက်လေးရော ပြောလို့မရဘူးလားဆရာ။
ဖြေ ။ ။ ကျနော် နိုင်ငံရေးကတော့ ထင်မြင်ချက်တွေနဲ့၊ ခံစားချက်တွေနဲ့ ကျနော်မပြောချင်ပါဘူး။ အမှန်အတိုင်းပြောရလို့ရှိရင် လက်တွေ့ကျပြီး လုပ်နိုင်တာတခုကိုပဲ ကျနော်ပြောချင်တာပါ။ ဘာပဲဖြစ်ဖြစ် ဆိုလို့ရှိရင် ရွေးကောက်ပွဲမှာတော့ ဆောင်ပုဒ်က ရှိကြတာပေါ့နော်။ ရွေးကောက်ပွဲဆောင်ပုဒ်နဲ့ ပတ်သက်ပြီး တော့ ကျနော်တို့လည်း မကြာခင်ပဲ ဆွေးနွေးကြမှာပါ၊ အဲ့ကျရင်တော့ ပြောနိုင်မယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့အတွက် ခင်ဗျားတို့ကို ကျနော်က ဒီသတင်းပဲ ပေးချင်တာပေါ့ဗျာ။ မဟုတ်ဘူးလား။
မေး ။ ။ နောက်ဆုံးတခုကတော့ ပုဂ္ဂလိက ဆိုင်ရာ မေးခွန်းလေးပါပဲ။ ဆရာ့ဘဝတလျှောက်လုံး နိုင်ငံရေးထဲမှာပဲ နစ်မြုပ်ခဲ့တာပဲဆိုတော့ ပုဂ္ဂလိကအနေနဲ့ နိုင်ငံရေးဆိုတာကို ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုမလဲ။ နိုင်ငံရေးဆိုတာ ညစ်ပတ်လား၊ သန့်ရှင်းလား၊ ပေးဆပ်မှုလား၊ ရယူမှုလား၊ ဘာများဖြစ်မလဲ။
ဖြေ ။ ။ နိုင်ငံရေးက ညစ်ပတ်လား၊ သန့်ရှင်းသလားဆိုတာက ကိုယ်ညစ်ပတ်အောင်လုပ်ရင် ညစ်ပတ်သွားမှာပဲ၊ ကိုယ်သန့်ရှင်းအောင်လုပ်ရင် သန့်ရှင်းအောင်လုပ်ရင် သန့်ရှင်းသွားမှာပဲ။ ဗိုလ်ချုပ်ပြောခဲ့တာ ရှိပါတယ်၊ တိုက်အသစ်ကြီးတခုထဲ ခွေးတကောင်ဝင်လာလို့ ဒီတိုက်ကြီးကတော့ ခွေးဝင်တဲ့ဟာကြီးပါလို့တော့ ပြောလို့တော့မရဘူးပေါ့နော်။ မသန့်ရှင်းဘူး ညစ်ပတ်တယ်လို့ ပြောလို့မရပါဘူး။
အဲ့ဒီလိုပဲ ပေးဆပ်တာလား၊ ရယူတာလားဆိုတာက နိုင်ငံရေးပေါ်မှာ ခံယူထားတဲ့ လုပ်တဲ့သူအပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးလုပ်ပြီဆိုရင်တော့ အချိန်ကတော့ ပေးလိုက်ရမှာ။ ဘာကြောင့်ဆို ဒီအပေါ်မှာ ဇောက်ချလုပ်ရမှာကိုး။ ပါတီအပေါ်မှာ လုပ်ရမယ်။ နိုင်ငံရေးမှာလည်း အားလုံးအတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ချင်တယ်၊ တိုင်းပြည်အတွက်လုပ်ချင်တယ်ဆိုလို့ရှိရင် တသီးပုဂ္ဂလ လုပ်လို့မရဘူး။ ပါတီတခု ထီးရိပ်မှာ ဝင်ရတယ်။ ပါတီတခု ထီးရိပ်မှာ ဝင်ပြီးတော့ ပါတီမူဝါဒတွေနဲ့အတူ ကိုယ့်ရဲ့ မူဝါဒကိုလည်း ပါတီအတွင်းမှာ ချပြပြီးတော့ ဆွဲဆောင်ပြီးတော့ လုပ်ရတဲ့အပိုင်းတွေရှိပါတယ်။ ဆိုလိုချင်တာက အောင်အောင်မြင်မြင်နဲ့ အကျိုးဖြစ်ထွန်းအောင် လုပ်မယ်ဆိုရင်တော့ ပါတီတရပ်ရဲ့ ထီးရိပ်အောက်မှာ ဝင်ခိုပြီးတော့ လုပ်ရပါမယ်။
ကျနော်တို့ နိုင်ငံရေးလုပ်လို့ NLD ပါတီကို စရွေးချယ်တာကိုက တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရတယ်၊ ရေရှည်အတွက်ကြည့်တယ်။ ဘယ်သူက ခေါင်းဆောင်တာလဲ၊ အဲ့ဒီလိုကြည့်ရင်းနဲ့ပဲ NLD ကိုဝင်ခဲ့တာ။ ဆိုလိုချင်တာကတော့ နိုင်ငံရေးဟာ အချိန်ကတော့ ပေးကိုပေးဆပ်ရမယ်၊ ဘာဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာတော့ မဟုတ်ဘူး။ နိုင်ငံအတွက် ဒီမိုကရေစီ ထူထောင်ဖို့လိုနေတယ်။ ဒီမိုကရေစီရှင်သန်ဖို့လိုတယ်။ ချမ်းသာတဲ့နိုင်ငံတွေကို ကြည့်ရင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်ဆိုတော့ ဒီမိုကရေစီကို ဘယ်သူဖော်ဆောင်နိုင်သလဲဆိုတာ ပါတီကိုကြည့်ပြီး ကျနော်တို့ ဝင်ခဲ့တာ။ ကိုယ့်ရွေးချယ်မှုနဲ့ ဝင်ခဲ့တာ၊ ဘယ်သူကမှ အတင်းအဓမ္မ ဇွတ်အတင်း ဝင်ခိုင်းခဲ့တာမဟုတ်ဘူး။ ကိုယ့်ရွေးချယ်ခဲ့တာ ဖြစ်တဲ့အတွက် တနည်းအားဖြင့် အချိန်ပေးရတယ်၊ စွန့်လွှတ်မှုတချို့ရှိခဲ့တယ်။
ဘာကြောင့် စွန့်လွှတ်မှုရှိခဲ့တာလဲဆိုတော့ အခက်အခဲကာလကို ကျနော်တို့က ဖြတ်သန်းခဲ့ရတာပေါ့။ ဒီအခက်အခဲ ကာလဖြတ်သန်းခဲ့ရတာက ကျနော်တို့အတွက် အတွေ့အကြုံတခုဖြစ်တယ်။ အဓိပ္ပါယ်ဖွင့်ရတဲ့အခါကျတော့ NLD ရဲ့ နိုင်ငံရေးထဲမှာ ပါလာတဲ့သူတွေက အခက်အခဲကာလကို ဖြတ်သန်းခဲ့ရတဲ့အတွက် ဘာဖြစ်လဲဆိုတော့ နိုင်ငံရေးဆိုတာ ပေးဆပ်ရတယ်ဆိုတဲ့ ယူဆချက်က နည်းနည်းလေး ကဲလာတယ်။ ပေးဆပ်ရတာတွေရှိလာတယ်။ ဒီလိုကတော့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလအပေါ်မှာ မူတည်ပြီးတော့ ပေးဆပ်ခြင်းဆိုတာ ရှိတာ။ ဒါပေမယ့် ရယူမှုဆိုတာကတော့ နိုင်ငံရေးမှာ၊ ဒီလိုအသွင်ကူးပြောင်းရေး၊ ထူထောင်ရေးကာလမှာတော့ နိုင်ငံရေးမှာ ရယူခြင်းဆိုတာ မရှိဘူးဗျ။ လုပ်လို့မရဘူး။
ဘယ်သူ့အတွက် လုပ်မလဲဆိုတော့ ပြည်သူအတွက် ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် တသီးပုဂ္ဂလ ရယူချင်းမျိုး၊ အတွေးမျိုး ခေါင်းထဲမှာ ၊ နိုင်ငံရေးမှာ မရှိသင့်ဘူးပေါ့။ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးအမြတ်ရမယ်ဆိုရင် ကိုယ့်ရဲ့ အတိုင်းအတာတခု လွတ်လပ်မှုတို့ ဘာတို့ ဆုံးရှုံးသွားကောင်း ရှုံးဆုံးနိုင်တယ်။ ဒါကြောင့်မလို့ ညစ်ပတ်သလား၊ သန့်ရှင်းသလားဆိုတာ ကိုယ့်ရဲ့ လုပ်ရပ်အပေါ်မှာ မူတည်တယ်။ ပါတီရဲ့ ဦးဆောင်မှု ၊ မူဝါဒ သဘောတရားတွေအပေါ်မှာ မူတည်တယ်။ ရယူခြင်းလား၊ ပေးဆပ်ခြင်းလားဆိုတာကတော့ ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလအပေါ်မှာ မူတည်တာရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ ရယူခြင်းဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဘယ်သူ့အတွက်ပဲဖြစ်မလဲ၊ ပြည်သူနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးအမြတ်ရှိမယ်ဆိုရင်က ပါတီက အနစ်နာခံရမှာပဲ၊ လုပ်ရမှာပဲ။
ကျနော်ကတော့ ကျနော်ဖြတ်သန်းခဲ့တဲ့ ကာလမှာ အခုထက်ထိ နောင်တမရပါဘူး။ နိုင်ငံရေးထဲ ရောက်လာလို့လဲ တချို့ဟာတွေမှာ ကျနော်မှာ အတွေ့အကြုံရလာတာတွေရှိတယ်။ ခံနိုင်ရည်ရှိလာတယ်၊ သည်းခံနိုင်တဲ့ စိတ်တွေပိုလာတယ်။ ဇွဲနဲ့လုံးလ ရှိလာတယ်။ တိုင်းပြည်ဟာ တကယ်ပဲ ဒီမိုကရေစီလိုအပ်နေသေးတယ်ဆိုတာ တခြားနိုင်ငံတွေနဲ့ ယှဉ်ပြီး ပိုပိုသိလာတယ်။ အဲ့ဒီတော့ ပိုင်းဖြတ်မှုက ပိုပြီး ခိုင်မာလာတယ်။ ဒါကိုပဲ ကျနော်တို့က ဇွဲလို့ခေါ်မလား၊ ခံနိုင်ရည်ရှိတယ်လို့ ခေါ်မလားတော့ မသိဘူးပေါ့။ ကျနော်တို့ NLD မှာတော့ ဘာနဲ့တိုင်းတာလည်းဆိုတော့ တတ်နိုင်သမျှ ကိုယ်ဘာပေးနိုင်သလဲဆိုတာကို မူတည်ပါ။ ဒီလိုပဲပြောကြတယ်၊ ကျနော်တို့ ခေါင်းဆောင်ကလည်း အဲ့ဒီလိုပဲ ပြောတာကိုး။
ရယူချင်တယ်ဆိုရင်တော့ NLD ထဲ မဝင်ပါနဲ့။ ပြည်သူအတွက် ဘယ်လောက်ပေးဆပ်နိုင်သလဲဆိုတာနဲ့ တိုင်းတာတာပေါ့နော်။ ဒါကြောင့်မလို့ နိုင်ငံရေးရဲ့ အဓိပ္ပါယ်ကတော့ ဝင်တဲ့ လုပ်တဲ့သူရဲ့ အပေါ်မှာ မူတည်တာပေါ့။ ကျနော့်အတွက်ကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီခရီးမှာ နိုင်ငံရေးလုပ်တာနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင်တော့ ကျနော်နောင်တမရပါဘူး။
ဘာလို့လဲဆိုတော့ ကျနော်တို့ နောက်မျိုးဆက်သစ်အတွက်တော့ ကျနော်တို့လူကြီးတချို့ကတော့ အချိန်တို့ ပေးဆပ်ရမှာတွေရှိတယ်။ ရနိုင်တဲ့အခွင့်အရေးတချို့ကို လက်လွတ်ရမှာတွေ ရှိမယ်။ ဘာကြောင့်လဲ ကျနော်တို့ အနာဂတ် မျိုးဆက်သစ်တွေအတွက် ကျနော်တို့ မချန်ခဲ့ဘူးဆိုရင် ၊ ဘာမှမပေးနိုင်ခဲ့ဘူးဆိုလိုရှိရင် ကျနော်တို့ နောင်တချိန်မှာ အပြစ်ပြောခံရမယ်။ အခု ကိုဗစ်ကာလမှာ ပြည်သူတွေရဲ့ စည်းလုံးမှုက အတော်အတန်ရတယ်။ ဒီစည်းလုံး ညီညွတ်မှုကို New Normal ဆိုတာနဲ့ ကျနော်တို့ ဆက်ထိန်းရမှာ။ ဒါမှမဟုတ် အနာဂတ်အတွက် ရေရှည်တည်တန့်အောင်၊ မျိုးဆက်သစ်တွေအတွက် ဒီကိုဗစ်ကာလမှာ ရှိနေတဲ့ သူတွေအားလုံးဟာ ပုံစံအသစ်နဲ့ ဘဝကိုသွားကြဖို့ဆိုတဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်လည်း တိုက်တွန်းနေတာပဲ။ ပြည်သူတွေရဲ့ စည်းလုံးမှုနဲ့ အတော်အတန်အောင်မြင်တယ်။ ဒါကို ကျနော်တို့ ဆက်ပြီးထိန်းလိုက်နိုင်မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကျနော်တို့နိုင်ငံဟာ အခက်အခဲတခု၊ စိန်ခေါ်မှုတခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့နော် အောင်မြင်ကျော်လွှားပြီး ဒီမိုကရေစီဟာ ဆက်ပြီးရှင်သန်းသွားလိမ့်မယ်လို့ ကျနော်ကတော့ အဲ့ဒီလိုပဲ ထင်ထားပါတယ်။
ဆက်စပ်ဖတ်ရှူရန်
လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးတာ NLD မှာ အတွေ့အကြုံ များပြီ