၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြောထားသည်။ သို့သော်လည်း ကျင်းပမည့် ရက်အတိအကျနှင့် မည်သည့် ပုံစံဖြင့် ကျင်းပသွားမည် ဆိုသည်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပေ။
နိုင်ငံရေး ပါတီများကတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားထားသဖြင့် ရွေးကောက်ပွဲကို ကျင်းပမည့်ပုံ၊ မဲဆွယ်စည်းရုံးခွင့်၊ ကျန်းမာရေးနည်းစံနစ်များနှင့် အညီ မဲပေးခွင့် စသည့် အချက်များကို သိလိုနေကြသည်။
ထို့အတူ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းမှာ ရှိကြသည့် နိုင်ငံရေးပါတီများကလည်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်ထဲက နေရာများတွင် ရွေးကောက်ပွဲ မကျင်းပဖြစ်မည်ကို စိုးရိမ်နေမှုကလည်း ရှိနေသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေး ပါတီ (CPP)၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်- Chin National League For Democracy Party (CNLD) မှ ဘဏ္ဍာရေးမှူး ဖြစ်သည့် ဒေါ်ချယ်ရီ ဇာဟောင်ကို ဧရာဝတီ သတင်းထောက် လဲ့လဲ့မှ ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီတွေစိုးရိမ်ချက်က ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ ပထမအချက်က ရွေးကောက်ပွဲ အခုကိုဗစ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ ရွေးကောက်ပွဲဘယ်လို ကျင်းပ မလဲပေါ့။ ဘာလို့လည်းဆိုတော့ အခုက Social distancing လုပ်ရမယ်တို့ ဘာတို့နဲ့ဆိုတော့ ပြည်သူတွေ ဘယ်လို မဲပေးရမလဲဆိုတဲ့ အခက်အခဲရှိနိုင်တယ်။ အခုဆိုရင် ပြည်သူတွေက ကိုဗစ်ကြောင့် လွတ်လွတ်လပ်လပ် သွားလာလို့ လည်း မရဘူး။ ကိုဗစ် ၁၉ ကြောင့် လူတိုင်းက ဒုက္ခရောက်နေတယ်။ တကယ်လို့များ ကိုယ်ရဲ့မဲစာရင်းမှာ နာမည် မပါတဲ့ သူတွေက အိမ်ထောင်စု စာရင်းသွားယူရတာမျိုး၊ စာရင်းသွင်းတာစတဲ့ဟာတွေက ပြည်သူတွေအတွက် မဲပေးဖို့ အခက်အခဲ ရှိလာနိုင်တယ်။
ပြီးတော့ မြို့နယ်အဆင့်မှာ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်တွေအနေနဲ့လည်း မဲစာရင်းပြုစုတဲ့ နေရာမှာ လုပ်ရတာ အခက်အခဲရှိတယ်။ ဒါက မဲဆန္ဒရှင်စာရင်း ပြုစုတဲ့နေရာမှာ မပြည့်မစုံတွေ ဖြစ်လာနိုင်လားဆိုပြီး စိုးရိမ်ချက် ရှိတယ်။
နောက်ပြီး ၂၀၁၅ နဲ့ ၂၀၁၀ မှာရော မဲမပေးခဲ့တဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ရှိတယ်။ သူတို့လည်း အခု အများကြီးပြန်လာတာရှိတယ်။ သူတို့တွေ မဲပေးနိုင်ဖို့အတွက် လုပ်ပေးရမှာတွေ ရှိသေးတယ်။ ဆိုတော့ ဒီလိုမျိုး တိုင်းပြည်က ကမောက်ကမဖြစ်နေတဲ့ အချိန်မှာ ရွေးကောက်ပွဲကို စနစ်တကျ မလုပ်ရင် မဲပေးခွင့်ရှိသူတွေ မဲမပေးနိုင်ဘဲ ကျန်ခဲ့သွားတဲ့သူတွေ ရှိလာနိုင်တယ်။ အဲဒီအတွက် ကျမက စိုးရိမ်တယ်။ ဒီလို မဲမပေးနိုင်တဲ့သူများလာရင် နိုင်ငံသားတွေရဲ့ ဒီမိုကရေစီမှာ ပါဝင်မူ အားနည်းလာနိုင်တယ်။
နောက်တချက်က ဝင်ပြိုင်မယ့် ဆန့်ကျင်ဘက်ပါတီတွေ၊ အထူးသဖြင့် တိုင်းရင်းသားပါတီတွေအတွက် အခုအချိန်ထိ COVID-19 ကြောင့် မဲဆွယ်စည်းရုံးရေး လုပ်လို့မရသေးဘူး။ ပြည်သူလူထုကို စည်းရုံးရေးဖို့၊ အချိန်လည်း အရမ်း နည်းသွားနိုင်တယ်။ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် August လကနေ campaign စပြီး လုပ်ဆောင် ရတော့မယ်။ အခုကိုဗစ်ကြောင့် လူ ၅ ဦးထက် မစုဝေးရဆိုတဲ့ ဥပဒေလည်း ရှိသေးတယ်။
လက်ရှိ အစိုးရမှာ ရွေးကောက်ပွအတွက် campaign လုပ်ဖို့ အခွင့်သာတယ်။ ဘာလို့လဲဆိုတော့ COVID-19 ကြောင့် အစိုးရပေးတဲ့ ထောက်ပံ့ကြေး တွေက အလိုလိုနေရင်း campaign အတွက် အသုံးဝင်ပြီးသား ဖြစ်နေတယ်။ နောက်ပြီး အစိုးရရဲ့ တာဝန်ဝတ္တရားအရ လက်ရှိလုပ်ဆောင်နေတဲ့ ပရောဂျက်တွေကို ဆက်ရင်းနဲ့ Campaign အတွက်လည်း မဲဆွယ်စည်းရုံးပြီးသားဖြစ်တယ်။
အစိုးရဘက်က သူ့လူနဲ့သူ၊ သူ့ဘတ်ဂျက်နဲ့သူသွားနေတာဆိုတော့ စည်းရုံးရေးပိုင်းမှာ ပိုအခွင့်သာတာပေါ့။ ဥပမာ ဆိုရင် လက်ရှိ အမတ်တွေက သူ့နယ်မြေဆင်းပြီး သူတို့ဘတ်ဂျက်နဲ့ ဖွံ့ဖြိုးရေးတွေ လုပ်ကြတယ်ဆိုတော့ ဒါက စည်းရုံး ပြီးသား ဖြစ်တယ်။ ဒါပေမယ့် အဲဒါကို သွားပြီးတော့ တုံ့ပြန်မှု လုပ်ဖို့အတွက်က ဆန့်ကျင်ဘက်ပါတီက လှုပ်ရှားလို့ မရဘူး။
နောက်တခုက လက်ရှိသုံးနေတဲ့ ရွေးကောက်ပွဲစနစ် Fast-past-the-post (FPTP) က နိုင်သူအကုန် ယူကြေး စနစ်ဖြစ်တယ်။ ဒီစနစ်က ပြောင်းဖို့လိုတယ်ဆိုပြီး ကျမတို့ တိုင်းရင်းသားပါတီတွေဘက်က ခဏခဏပြောတာ ရှိတယ်။ ပြောင်းဖို့ဆိုတာက မနက်ဖန်၊ သဘက်ခါ ပြောင်းဖို့ ပြောတာမဟုတ်ဘူး။ ဘယ်လိုမျိုးစနစ်တွေကဖြင့် ကျမတို့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်တယ်။
ဥပမာ ရွေးကောက်ပွဲတွေကို သူ့ပြည်နယ်အလိုက် လုပ်နိုင်ရင် အဆင်ပြေ သွားနိုင်တယ်။ ဖယ်ဒရယ်ကျင့်သုံးတဲ့ နိုင်ငံမှာ မြို့နယ်အလိုက်၊ ပြည်နယ်အလိုက်၊ နိုင်ငံလုံးကျွတ်ဆိုပြီး အဆင့် ၃ ဆင့် လုပ်လေ့ရှိတယ်။ ပြည်နယ်တွေက သူတို့ပြည်နယ်နဲ့ ကိုက်ညီတဲ့ နေ့ရက်တွေကို သတ်မှတ်ကြတယ်။
ဥပမာ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပါစို့။ အဲဒီအတွက် ချင်းပြည်နယ်နဲ့ ကိုက်ညီမယ့် ရွေးကောက်ပွဲ စနစ်နှင် အချိန်အခါကို ချင်းပြည်နယ်က ရွေးချယ်မယ်ဆိုရင် ပြည်နယ်အတွက် ပိုကောင်းမယ်။ ရွေးကောက်ပွဲ စနစ်က အများကြီးစဉ်းစားလို့ ရတယ်။ ပြည်နယ်တခုနဲ့ တခု မတူညီအောင်လုပ်တာမျိုးတွေ၊ နောက် (PR) စနစ်နဲ့ လုပ်တာမျိုး တွေ အဲဒီလိုမျိုးတွေ ကိုယ့်တိုင်းပြည်နဲ့ ဆီလျော်တဲ့ သုံးသင့်တဲ့ အားလုံးပါဝင်နိုင်တဲ့ fair and free ဖြစ်တဲ့ စနစ်တွေကို တီထွင်ဖန်တီးဖို့ လိုအပ်တယ်။
အခုလက်ရှိစနစ်က အာဏာကြီးရင် ကြီးသလို အကုန်လုံး ယူသွားမယ်ဆိုတဲ့ စနစ်က ကျမတို့ တိုင်းပြည်လို အမြဲ ရန်ဖြစ်နေတဲ့ တိုင်းပြည် တိုင်းရင်းသား အချင်းချင်းတွေကြားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး တည်ဆောက်ဖို့ လိုအပ်နေတဲ့ တိုင်းပြည်အတွက်က အကောင်းဆုံး မဖြစ်ဘူးဆိုတာ ကျမတို့ ခဏ ခဏ ပြောခဲ့တယ်။ ဒီအတွက်လည်း ဘာမှ ဆွေးနွေးတာမျိုးတွေ debate လုပ်တာမျိုးတွေလည်း မရှိဘူးဆိုတော့ ရွေးကောက်ပွဲစနစ် ကလည်း ပြဿနာရှိတယ်လို့ ကျမတို့ သုံးသပ်တယ်။
မေး ။ ။ ပဋိပက္ခဒေသတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင် ဒေသခံပြည်သူတွေ အတွက် မဲပေးခွင့်အပြင် အခြား ဘယ်လို ထိခိုက်မှုတွေ ရှိနိုင်မလဲ။
ဖြေ ။ ။ စစ်ပွဲဖြစ်နေတဲ့ နေရာဒေသတွေအတွက်ဆိုရင် အထူးသဖြင့် ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝတွေမှာ ရွေးကောက်ပွဲ မဖြစ်မှာလည်း စိုးရိမ်တယ်။ ပြီးရင် တိုက်ပွဲရှောင်တွေနဲ့ ဒေသခံပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေး နိုင်မလားလို့ဆိုတဲ့ စိုးရိမ်ပူပန်ချက်ရှိတယ်။ ဒါကလည်း လက်ရှိအစိုးရနဲ့ တပ်မတော်နဲ့ သေချာညှိဖို့ လိုအပ်တယ်။
အခုအချိန်ထိ ရွေးကောက်ပွဲကော်မရှင်ကလည်း ဘယ်နေရာမှာ ရွေးကောက်ပွဲကျင်းပမယ်၊ မကျင်းပဘူးဆိုတဲ့ ကန့်သတ်ချက် တွေချဖို့အတွက် ဥပဒေတွေလည်း မရှိဘူး။ တိုက်ရိုက်ညွန်ကြားချက်တွေလည်း မရှိသေးတဲ့တော့ တပ်ဘက်ကရော အစိုးရကကော သူတို့နိုင်ဖို့ အလားအလာ မရှိတဲ့ နေရာတွေမှာ လုံခြုံရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲ မကျင်းပနိုင်တာမျိုး ဖြစ်သွားနိုင်တယ်။
ရှမ်းမြောက်တို့ ပလက်ဝတို့ ရခိုင်ဘက်တွေမှာ တကယ်လို့ ရွေးကောက်ပွဲလုပ်လို့မရရင် အဲဒီက ပြည်သူတွေက သူတို့ဒေသရဲ့ နိုင်ငံရေးအသံတွေ ဘာမှ ထုတ်ဖော်ခွင့်ရှိမှာ မဟုတ်ဘူး။ ဒါက ဒီမိုကရေစီ အပြည့်အစုံ ရှိတယ်လို့ ပြောလို့မရဘူး။ ဘာလို့လည်းဆိုတော့ အဲဒီတချို့တွေက မဲပေးပိုင်ခွင့်မရှိဘူးဆိုရင် ဒါဒီမိုကရေစီ အခွင့်အရေး ဆုံးရှူံးနေတာ ဖြစ်တယ်။
မေး ။ ။ ရွေးကောက်ပွဲစနစ်ကြောင့် တိုင်းရင်းသားပါတီတွေအတွက် ဘာတွေ ထိခိုက်နစ်နာမှု ဖြစ်လာနိုင်လဲ။
ဖြေ ။ ။ FPTP စနစ်က majority population အတွက် ကောင်းတယ်။ လူများရင် များသလို တဦးတမဲနဲ့ နိုင်တဲ့ ရွေးကောက်ပွဲ စနစ် ဖြစ်တယ်။ ဒီတော့ မြန်မာနိုင်ငံမှာ လူဦးရေ အများဆုံး ဖြစ်တဲ့ ဗမာလူဦးရေ အများဆုံး ပါဝင် တဲ့ ပါတီကပဲ အစိုးရဖွဲ့တာရော၊ လွတ်တော်မှာရော အမြဲတမ်း ကြီးစိုးနေမယ်။ တိုင်းရင်းသားပါတီအတွက် အစိုးရဖွဲ့ရေး၊ ဥပဒေပြုရေးတွေမှာ ဦးစီးနိုင်မှာ မဟုတ်ဘူး။
အမျိုသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးကို အမှန်တကယ် ဦးတည်နေတယ်ဆိုရင် နိင်ငံရေး အာဏာ ခွဲဝေမူ political power sharing ကိုလည်း ဦးတည်ဖို့ လိုတယ်။ ကျမတို့လို တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိုင်ငံ အတော်များများမှာက Proportional Ratio (PR) စနစ်ကို သုံးကြတယ်။ အဲဒီ PR စနစ်မှာလဲ ခွဲထွက်နေတဲ့ စနစ်တွေ အများကြီး ရှိတယ်။
ဥပမာ ပြည်နယ်အဆင့်မှာ PR စနစ် သုံးတာမျိုး၊ လူမျိုးနဲ့ ပြည်နယ်ကို ကိုယ်စားပြုတဲ့ လွတ်တော် (legislative body) မှာ သုံးတာမျိုးစသဖြင့်ပေါ့။ ကျမတို့ တိုင်းပြည်အတွက် လူမျိုးပေါင်းစုံ နိုင်ငံရေး အာဏာခွဲဝေမူကို မျှမျှတတ လုပ်နိုင်ရင် ပြည်တွင်းစစ်လည်း ငြိမ်းမယ်၊ စီးပွားရေး တိုးတက် ဖွံ့ဖြိုးနှုန်းကို ဒီထက်ပိုမြန်လာမယ်။
မေး ။ ။ ရွေးကောက်ပွဲကော်မရှင်က လက်ရှိအချိန်ထိ ပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကအစ တွေ့ဆုံမှု မရှိသေးတဲ့ အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ရွေးကောက်ပွဲအတွက် ဘယ်လိုလုပ်ကြမလဲ။ တန်းတူညီမျှပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ဆွေးနွေးမှုက မရှိသေးဘူးဖြစ်နေတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲ လုပ်လိုက်ရင် လက်ရှိအစိုးရအတွက် အခွင့်သာနေတယ်။ ဒါပေမယ့် ကျန်တဲ့သူတွေအတွက်ကတော့ ဆိုးကျိုးတွေ ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲ မကျင်းပနိုင်ရင် အစိုးရကို ဝေဖန်မူတွေ၊ အထင်လွဲမှုတွေ ပိုများလာမယ်။
မေး ။ ။ တပ်မဲရုံတွေ အပြင်ထုတ်မယ်ဆိုတဲ့အပေါ် ဘယ်လိုသဘောထားရှိပါသလဲ။
ဖြေ ။ ။ တပ်မဲရုံတွေ အပြင်ထုတ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဘယ်သူမှ မသိဘဲ မဲပေးတယ်ဆိုတာက ဖြစ်လည်း မဖြစ်သင့်ဘူးလေ။ အဲဒီလိုလုပ်လို့လည်း ကြိုတင်မဲတွေနဲ့ ပြဿနာတွေ တောက်လျှောက်တက်လာခဲ့တယ်။ မဲရုံတွေ အကုန်လုံးကို အားလုံးမြင်နိုင်တဲ့နေရာတွေမှာ ချထားပေးသင့်တယ်။ နောက်ပြီး ကိုဗစ် ၁၉ နဲ့ အလုံခြုံဆုံး ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ တိုင်ပင်ဆွေးနွေးပြီးတော့ ဆောင်ရွက်ဖို့တော့ လိုအပ်တယ်။
မေး ။ ။ ဒီအချိန်မှာ ဝင်အရွေးခံမယ့် ပါတီတွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ။
ဖြေ ။ ။ ပြင်ဆင်စရာတွေ အများကြီးပါ။ မူဝါဒကို ပြည်သူသိအောင် ဖြန့်ဝေရမယ်။ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရမယ်။ campaign strategy ရေးဆွဲရမယ်စတာတွေ လုပ်ဆောင်ရမယ်။ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက ဘယ်ပါတီကတော့ ဘာကို ကိုယ်စားပြုတယ်။ ဘယ်လို မူဝါဒကို အကောင်အထည် ဖော်မလဲ စတဲ့ မေးသင့်တဲ့ မေးခွန်းတွေ မေးလာမယ်လို့ မျှော်လင့်ပါတယ်။
မေး ။ ။ ၂၀၂ရွေးကောက်ပွဲက fair and free ဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်ထံ ဘာတွေ အကြံပြု တောင်းဆိုချင်တာ ရှိသေးလဲ။
ဖြေ ။ ။ မဲစာရင်း မှန်ကန် တိကျစွာ လုပ်ဖို့လိုမယ်။ နိုင်ငံရေးပါတီရော၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်နေတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ လက်တွဲ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ ရှင်သန်ဖို့အတွက် ၂၀၂၀ ရွေးကောက်ပွဲဟာ Free and Fair ဖြစ်ဖို့ လိုပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာရော၊ တိုက်ပွဲ မရှိတဲ့ ဒေသတွေမှာပါ ပြည်သူတိုင်း မဲပေးနိုင်ရေးကို ဆောင်ရွက်ဖို့ လိုအပ်ပါမယ်။ ဒီအချက်တွေ လုပ်နိုင်ရင် ကျမတို့ တိုင်းပြည်အတွက် ရွေးကောက်ပွဲကော်မရှင်က အကောင်းဆုံး လုပ်ဆောင်သွားနိုင်တယ်လို့ သမိုင်းမှတ်တမ်း တင်လိုက်နိုင်မှာဖြစ်ပါတယ်။