ရှေးဟောင်းပစ္စည်း တရားမဝင် ဝယ်ယူစုဆောင်းမှုကြောင့် ရှေးဟောင်းမြို့တွေ ပစ်မှတ်ဖြစ်လာတယ်

ဇူးဇူး
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသ / ဧရာဝတီ

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသရှိ နံရံဆေးရေး ပန်းချီ အများဆုံး ကျန်ရှိနေသေးတဲ့ လောကထိပ်ပန် ဘုရား အဝင်တံခါး မီးရှို့ခံရမှုနဲ့ စေတီပုထိုး အဆူ ၃၀ ကျော် ဌာပနာဖောက်ခံရမှု၊ ပျူ မြို့ဟောင်း ဖြစ်တဲ့ ဟန်လင်းမြို့ရှိ ရှေး ဟောင်းပစ္စည်းတချို့ ဖျက်ဆီးခံရမှုဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်း ဆက်တိုက် ဆိုသလို ထွက်ပေါ်လာပါတယ်။

ဒီဖြစ်ရပ်တွေ မတိုင်ခင် ၁ လကျော်လောက်ကလည်း ပုဂံဒေသက ရှေးဟောင်းကုန်းတွေမှာ ခိုးတူးတာတွေ၊ သရေခေ တ္တရာ နန်းတော်ရာထောင့် မူလနေရာမှာ ပြသထားတဲ့ သံမိုကြီး ပျောက်ဆုံးတာ၊ လေးမျက်နှာဘုရား အပေါ်ကနေ ဌာ ပနာ ဖောက်ခံရတာတွေ ရှိခဲ့လို့ ကမ္ဘာ့အမွေအနှစ် ဒေသတွေနဲ့ ပတ်သက်ပြီး အမွေအနှစ် ချစ်မြတ်နိုးသူတွေအနေနဲ့ စိုးရိမ်မကင်း ဖြစ်နေကြသလို ကျူးလွန်သူတွေကိုလည်း ဖမ်းဆီး အရေးယူပေးဖို့ တောင်းဆိုနေတာတွေ ရှိပါတယ်။

COVID-19 ကပ်ရောဂါကာလ ခရီးသွား ဧည့်သည်တွေ မရှိသလောက် နည်းပါးချိန်မှာ နိုင်ငံရဲ့ယဉ်ကျေးမှု စတင်ရာ ရှေးဟောင်းမြို့တွေ ပစ်မှတ်ထားခံနေရသလား၊ ဘာကြောင့်ဒီလိုတွေ ဖြစ်နေရတာလဲ၊ ဒါတွေကို ဘယ်လို အရေးယူ နိုင်မလဲ၊ ထပ်မံ မဖြစ်ပွားအောင် ဘာတွေ စီမံဆောင်ရွက်ထားသင့်လဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန သရေခေတ္တရာ ဌာနစုမှ ဒု ညွှန်မှူး ဦးကျော်မျိုးဝင်းကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်းထားပါ တယ်။

ကမ္ဘာ့ အမွေအနှစ် ဒေသများ ဌာနခွဲ (ပြည်မြို့)၊ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒု-ညွှန်မှူး ဦး ကျော်မျိုးဝင်းဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ ယဉ်ကျေးမှု အမွေအနှစ်ဒေသမှာ တာဝန်ယူဆောင် ရွက်နေတာ ၅ နှစ် ရှိပြီ ဖြစ်ပါတယ်။

မေး။  ။ အခုတလော ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မြို့ဟောင်းတွေက ရှေးဟောင်းပစ္စည်းတွေ ဖျက်ဆီးခံရ၊ ခိုးယူခံရ၊ ဌာပနာ ဖောက်ခံရတာတွေ ဆက်တိုက် ကြားသိနေရပါတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေတာလဲ။ ဒါတွေ အားလုံး အဆက်စပ် ရှိနေပါသလား။

ဖြေ။  ။ ဒါတွေက အဆက်စပ် ရှိမယ်လို့ ထင်ပါတယ်။ ဘာကြောင့်ဖြစ်လဲဆို အခု ကျနော်တို့နိုင်ငံမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ရှေးဟောင်းပစ္စည်းတွေကို အဆမတန် ဈေးတွေပေးပြီး အလုအယက် အပြိုင်အဆိုင် ဆင်းဝယ်တဲ့ အဖွဲ့တွေ ရှိတယ်။

ဒီလို ရှေးဟောင်း ဈေးကွက်ကြီးက ကြီးထွားလာတဲ့အခါ အထူးသဖြင့် ရှေးဟောင်းနယ်မြေတွေမှာ ရှိတဲ့ ဒေသခံတွေ ကိုလည်း အဲဒီလူတွေက မက်လုံးတွေ ပေးပြီး မွေးထားတာ။ သူတို့ကနေ စုထားပြီးမှ သူတို့ရရင် ရသလို အဲဒီလူတွေ ကို သတင်းပေးပြီးတော့မှ အဲဒီလူတွေက ဆင်းပြီး ဝယ်ယူ စုဆောင်းမှုတွေကြောင့် ဒီလို ဖြစ်တာပါ။

မေး။  ။ ဆရာပြောတဲ့ ရှေးဟောင်းဈေးကွက် ဆိုတာက ပြည်တွင်းမှာတင်ပဲလား။ ပြည်ပထိရော ခြေဆန့်နေပြီလား။

ဖြေ။  ။ ကြားသိရသလောက်က ပြည်တွင်းမှာကတော့ တော်တော်ကြီးကို တွင်တွင်ကျယ်ကျယ် လုပ်နေတယ်။ Facebook (လူမှုကွန်ရက် စာမျက်နှာ)တွေပေါ်မှာတောင် သူတို့ အုပ်စုတွေ (Group) ထောင်ပြီးတော့ ပေါ်ပေါ် တင်တင်ပဲ လေလံပစ်တာတွေ တွေ့နေရတယ်။

ဒင်္ဂါးတွေ၊ ခြင်္သေ့/ဟင်္သာ အလေးတွေ လေလံပစ်တာ ပေါ်ပေါ်တင်တင် လုပ်လာတာ တွေ့ရတယ်။ ပြည်တွင်းမှာ ဒီလို ကျယ်ကျယ်ပြန့်ပြန့် ရှိလာသလို နောက်ပိုင်းဆို နိုင်ငံခြားနဲ့လည်း အချိတ်အဆက်တွေ ရှိလာမယ်လို့ ထင်တယ်။ အခု လည်း ရှိနေနိုင်ပါတယ်။

မေး။  ။ ခုလို ပေါ်ပေါ်တင်တင်တွေတောင် လုပ်နေတယ်ဆိုတော့ ဖော်ထုတ် အရေးယူလို့ မရနိုင်ဘူးလား။ ဘာကြောင့် လဲ။

ဖြေ။  ။ ဒီဟာကတော့ ဥပမာ ပြောရရင် မူးယစ်ဆေးဝါးကို တစိုက်မတ်မတ်နဲ့ ဖော်ထုတ်တယ်။ ဖော်ထုတ်အရေးယူသလိုမျိုး တကယ်လည်း ပေါ်လာတာပဲလေ။ အဲဒါက နိုင်ငံတော် အစိုးရဲ့ Priority (ဦးစားပေး) ထားမှုအပေါ် မူတည်မယ် ထင်တယ်။ ဒါတွေ ခပ်စိပ်စိပ် ဖြစ်လာတယ်။ ကမ္ဘာ့အမွေအနှစ် ဒေသတွေကိုပါ ထိလာတယ်ဆိုရင် နိုင်ငံတော်အစိုးရ လည်းနေမှာ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးကို နှိမ်နင်းသလို နှိမ်နင်းမှာ ဖြစ်ပါတယ်။

အရင်ကတော့ ဒါဟာ သိပ်ပြီး အကြီးကြီး မဖြစ်လာနိုင်ဘူးပေါ့။ အခုကျ ကမ္ဘာ့အမွေအနှစ် ဒေသတွေမှာရှိတဲ့ ဘုရား တွေကိုပါ ထိလာတာဆိုတော့ ဘာပဲပြောပြော နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာကိုလည်း ထိခိုက်တယ်။ ကျနော်တို့ ဝန်ကြီး ဌာ နဆိုတာလည်း နိုင်ငံတော် အစိုးရရဲ့ ဝန်ကြီးဌာနပဲလေ။ ဒါ ဂုဏ်သိက္ခာ ထိခိုက်တာပဲ။ ဒါတွေကို သေချာဖော်ထုတ် အရေးယူမယ်ဆို သိပ်ရတာပေါ့။

မေး။  ။ ဆရာ့ သဘောထားကရော ဘယ်လိုရှိလဲ။

ဖြေ။  ။ သူတို့ကို အချိန်ကာလ တခုထိ သတိပေး။ မသိလို့ ရောင်းဝယ်ဖောက်ကားတဲ့သူတွေလည်း တပုံကြီးပါ။ တချို့ ကျတော့လည်း သိသိကြီးနဲ့ လုပ်တဲ့သူတွေလည်း ရှိတယ်။ ဘာပဲပြောပြော အချိန်အတိုင်းအတာ တခုထိ အသိပညာ ပေး ကာလလုပ်ပြီးမှ နောက်ပိုင်းကျရင်တော့ ထိထိရောက်ရောက်နဲ့ ပြင်းပြင်းထန်ထန် စံပြအနေနဲ့ လုပ်သင့်တယ်။

မေး။  ။ ဒီလို ရှေးဟောင်း အမွေအနှစ်တွေ ခိုးယူ၊ ရောင်းဝယ် ဖောက်ကားတဲ့သူတွေကို ဘယ်ဥပဒေတွေနဲ့ အရေးယူ နိုင်လဲ။

ဖြေ။  ။ ၁၉၉၈ ခုနှစ်မှာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဇုန် ဥပဒေဆိုပြီး တခုပဲ ရှိတယ်။ ဒါပေမယ့်၂၀၁၅ ခုနှစ်မှာ ရှေးဟောင်း အဆောက်အအုံများနဲ့ ရှေးဟောင်း ဝတ္ထုပစ္စည်းများ ဥပဒေ၊ နည်းဥပဒေဆိုပြီး ထပ်ပေါ်ပေါက်လာတယ်။ အထူးသဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ဥပဒေ၊ နည်းဥပဒေမှာ ဆိုရင် ရှေးဟောင်းဝတ္ထုပစ္စည်းတွေရဲ့ အဓိပ္ပာယ် ဖွင့် ဆိုချက်၊ ရှေးဟောင်းဝတ္ထုပစ္စည်းတွေကို ရယူစုဆောင်းခြင်း၊ အခြားကို သယ်ယူပို့ဆောင်ခြင်း၊ ဝယ်ယူစုဆောင်းခြင်း အဲဒါတွေကို တားမြစ်ထားတာ ရှိတယ်။

တကယ်လို့ တချို့လူတွေက ကိုယ့်ရဲ့အမွေအနှစ်တွေကို မြတ်နိုးလို့ ထိန်းသိမ်းချင်တယ် ဆိုရင် အဲဒီဥပဒေထဲက အတိုင်း ကျနော်တို့ ဝန်ကြီးဌာနကို ထိန်းသိမ်းခွင့် လျှောက်ထားရမယ်။

သူ့ဆီမှာ ဒီပစ္စည်းတွေ ရှိပါတယ်။ ဒါကြောင့် ဒီပစ္စည်းတွေကို သူ့လက်ဝယ်မှာ ထားရှိချင်၊ စောင့်ရှောက်ချင်ပါတယ် ဆို ပြီး ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ ပုံသဏ္ဍာန်၊ ခေတ်လက်ရာတွေကို ကျနော်တို့ဆီ တင်လို့ရှိရင် ဝန်ကြီးဌာနက နေ အဖွဲ့တွေနဲ့ စစ်ဆေးပြီး ဒါကို ထိန်းသိမ်း စောင့်ရှောက်ခွင့်တွေ ပေးနေပါတယ်။ အဲဒီလို မဟုတ်ဘဲ လက်ဝယ်မှာ ရှေးဟောင်းဝတ္ထု ပစ္စည်းတွေကို ထားရှိမယ်ဆိုရင် ရှေးဟောင်းဝတ္ထုပစ္စည်း ဥပဒေ၊ နည်းဥပဒေ၂၀၁၅ နဲ့ အရေးယူခြင်း ခံရမှာ ဖြစ်ပါတယ်။

ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒု ညွှန်မှူး ဦးကျော်မျိုးဝင်း

မေး။  ။ လက်တွေ့မှာ ဒီဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူတာမျိုးတွေ မတွေ့ရသလိုပဲ။ ဘာကြောင့်လဲ။

ဖြေ။  ။ ရှင်းရှင်းပြောရရင် ဒီဥပဒေနဲ့ အရေးယူဆောင်ရွက်တဲ့ဟာ အင်မတန်မှ နည်းပါတယ်။ အဲဒီလို နည်းလို့လည်း လူတွေဟာ တဖြည်းဖြည်းနဲ့ ရဲတင်းလာတာ။ ဒါကြောင့် ဒီဥပဒေကို ပြန်ပြီးတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပြီး တော့မှ သေချာလေး အရေးယူဖို့ လိုတယ်။

မေး။  ။ လက်ရှိ ဖြစ်ရပ်တွေကို ကြည့်လိုက်ရင် နိုင်ငံရဲ့ယဉ်ကျေးမှု စတင်ရာ ရှေးဟောင်းမြို့တွေကို ပစ်မှတ်ထားနေ တယ်လို့ ထင်ပါသလား။ ဘယ်လို သုံးသပ်မိလဲ။

ဖြေ။  ။ ရှေးဟောင်း ဝတ္ထုပစ္စည်းတွေကို ကိုယ်ပိုင်ပြတိုက်တွေ သော်လည်းကောင်း၊ ကိုယ်ပိုင် ရယူလိုမှုသော်လည်းကောင်း လိုက်လံ စုဆောင်း ဝယ်ယူတဲ့ အပေါ်မှာ မူတည်ပြီးတော့မှ ဝယ်လိုအား (Demand) များလာတဲ့အခါ လူတွေကလည်း ငွေမြန်မြန်ပေါ်တဲ့ အခါကျတော့ ဒါ ဥပဒေနဲ့ ညီညွတ်တာ မညီညွတ်တာ မသိတော့ဘူး။ သူတို့ လွယ်လွယ်ပဲ ရောင်းလိုက်တယ်။ ဝယ်တဲ့သူကလည်း ပိုက်ဆံကို လွယ်လွယ်ပဲ ပေးပြီး ဝယ်ယူ စုဆောင်းတယ်။

အဲဒီလိုမျိုးတွေနဲ့ ဈေးကွက်ကြီးက ကြီးလာ၊ ကျယ်ပြန့်လာတဲ့ အခါ ကျနော်တို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နေရာရဲ့ အထူးသဖြင့် ရှေးဟောင်းမြို့တွေက ပစ်မှတ် (Target) ဖြစ်လာတာပေါ့။ လုံခြုံရေး စနစ်တွေ၊ စောင့်ကြည့် စနစ်တွေ ရှိတဲ့ ကမ္ဘာ့အမွေအနှစ် ဒေသတွေတောင် သူတို့ ဒါမျိုး လုပ်လာပြီဆိုရင် ကျနော်တို့မှာ အမျိုးသား အမွေအ နှစ် (National heritage) ပေါ့။ ကမ္ဘာ့အမွေအနှစ် မဖြစ်သေးတဲ့ ၄၈ ဇုန် ရှိတယ်။ အဲဒီ ဇုန်တွေမှာ ဌာနခွဲ အသေးလေး တွေကနေပဲ စောင့်ရှောက်နေတာတွေ ရှိတယ်။

ကမ္ဘာ့ အမွေအနှစ်ဇုန်တွေလို စောင့်ကြည့်စနစ် အားမကောင်းသေးဘူး။ ဖွဲ့စည်းပုံ အင်အားလည်း မရှိသေးတဲ့ဟာတွေ ဆို သူတို့ ပိုပစ်မှတ်ထားပြီး တူးဆွနိုင်တယ်။ တချို့ဆို ဇုန်မသတ်မှတ်ရသေးတဲ့ နေရာတွေ ရှိတယ်။ ဒါ တူးတာဆွတာ တွေ လုပ်နေကြတယ်။ ဝယ်တဲ့သူကလည်း ဆင်းဝယ်နေတယ်။ အဲဒါတွေကို Facebook ပေါ်မှာလည်း ကျယ်ကျယ် ပြန့်ပြန့် တင်ပြီး ပြောဆို ဈေးခေါ်နေတဲ့ဟာတွေ တွေ့နေရတယ်။

တကယ်တမ်းကျ ဒါ တရားမဝင် ဝယ်ယူစုဆောင်းတဲ့ သူတွေကြောင့် ဖြစ်တာ။ အဲဒီလို တရားမဝင် ဝယ်ယူစုဆောင်းတဲ့ သူတွေ ရှိတဲ့အခါကျတော့ ငွေကိုလည်း မြန်မြန်ပေါ်တဲ့ အခါကျတော့ နိုင်ငံတော်ကို လာအပ်တာ အားနည်းတယ်။ ကျနော်တို့ ဝန်ကြီးဌာနကို လာအပ်မယ်ဆိုရင် ဥပဒေနဲ့ ညီညွတ်သလို ရွှေဆိုရင်လည်း ရွှေရဲ့ခေတ်ဈေး၊ လက်ရာကြေး အပြင် ခေတ်ကြေးပါ ရတယ်။

ဥပမာ ရွှေက ၁၂ သိန်း ပေါက်တယ်ဆို ခေတ်ကြေးရယ်၊ လက်ရာကြေးရယ်၊ ထပ်ပေါင်း လို့ရှိရင် သိန်း ၂၀ ကျော် ၃၀ နီးပါး ရသွားမယ်။ ဒါပေမယ့် ကျနော်တို့က ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဖြစ်တဲ့အတွက် ၁ လ တန်သည်၊ ၂ လ တန်သည် တော့ ကြာတယ်။
ပြောချင်တာက ဒီပစ္စည်းတွေ ရပြီဆိုရင် ဝန်ကြီးဌာနကို လာအပ်တဲ့အခါ အန္တရာယ်လည်း ကင်းမယ်။ ဥပဒေနဲ့လည်း ညီညွတ်မယ်။ ရှိတဲ့ ပေါက်ဈေးထက်လည်း ၃ ဆ ရမယ်။ နောက်ပြီး ကိုယ်အပ်လိုက်တဲ့ ပစ္စည်းက ကိုယ့်နာမည်၊ ကိုယ့် ဒေသနာမည်လေး ထိုးပြီးတော့ ပြတိုက်တွေမှာ အများပြည်သူ လေ့လာလို့ ရအောင်လည်း ကျနော်တို့က စီစဉ်ပေးနေ တယ်။

မေး။  ။ ဒီလို အစီအစဉ်တွေ ရှိတာကို ဒေသခံတွေ အနေနဲ့ မသိတာလား။ ဆရာတို့ဘက်က အသိပညာပေး လုပ်ငန်း တွေ အားနည်းလို့လား။

ဖြေ။  ။၂၀၁၅ ရှေးဟောင်း ဝတ္ထုပစ္စည်း ဥပဒေ ထွက်ပြီးနောက်ပိုင်းမှာ ဝန်ကြီးဌာန အနေနဲ့ ရှေးဟောင်းဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုတွေ လုပ်တယ်။ သရေခေတ္တရာမှာဆို ပထမအကြိမ် ဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ အကြိမ်ပေါင်း ၅၀ ကျော် လုပ်ခဲ့တယ်။ နောက်ထပ် ဒုတိယအကြိမ်မှာလည်း အကြိမ်ပေါင်း ၅၀ ကျော် ဒီရှေးဟောင်း ဝတ္ထုပစ္စည်းတွေ အပ်နှံဖို့ လိုက်ရှင်းပြတာ။ ဆိုတော့ အကြိမ် ၁၀၀ ကျော် လုပ်ပြီး ဖြစ်တယ်။

သို့သော်လည်း အခုလို ကိစ္စရပ်တွေက ပိုပြီးကြီးထွားလာတယ်ဆိုတော့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေက အား နည်းနေသေးတယ်လို့ပဲ ပြောရမှာပေါ့။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုတယ်။ ကျနော်တို့က သွားရောက် ဟောပြောနေတာထက် ထိရောက်တဲ့ မြန်မာ့အသံ လိုဟာမျိုးမှာ ရှေးဟောင်းဝတ္ထု ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပညာ ပေး အစီအစဉ်တွေကို ဇာတ်လမ်းတိုလေးတွေ ရိုက်တာတို့၊ ထိန်းသိမ်း စောင့်ရှောက်ဖို့ ဇာတ်လမ်းတိုလေးတွေ၊ ကြေ ညာစာတန်းလေးတွေ ထိုးပေးတာတို့ ဒါမျိုးပေါ့။ တကယ့် နိုင်ငံတော်ရဲ့ မီဒီယာကြီးတွေကနေ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လို့ရှိရင်တော့ ပိုပြီး ထိရောက်မယ်လို့ ယူဆပါတယ်။

မေး။  ။ အခုလိုဖြစ်နေတာတွေက ကိုဗစ်ကာလ ခရီးသွားဧည့်သည် မရှိချိန်နဲ့ရော ဆက်စပ်နေတယ်လို့ ထင်ပါသ လား။

ဖြေ။  ။ အဲဒါလည်း ဟုတ်ပါတယ်။ ဘာဖြစ်လို့ဆို ဒီဇုန်တွေက များသောအားဖြင့် လူနဲ့ဝေးတဲ့ နေရာတွေမှာ ရှိတယ်။ ကျနော်တို့ သရေခေတ္တရာဆို အကျယ်ကြီးပဲ။ ဧက ၁၂၀၀၀ ကျော် ကျယ်တယ်။ အဲဒီထဲမှာမှ မြို့ဟောင်း မြို့ရိုးကြီးက ၈ မိုင်နဲ့ ၅ ဖာလုံ ကျယ်တယ် အဝန်းအဝိုင်းကြီးက။ မြို့ရိုး အတွင်းထဲမှာလည်း စေတီပုထိုးတွေ ရှိသလို မြို့အပြင် ဘက်မှာလည်း စေတီပုထိုးတွေ ရှိတယ်။

ဒီနေရာတွေဟာ တချို့ကျေးရွာတွေ ရှိတယ်ဆိုပေမယ့် တောထဲတောင်ထဲတွေက လူပြတ်တဲ့အတွက်ကြောင့် Curfew (ညမထွက်ရ အမိန့်) ကာလတွေမှာ ဆိုရင် ဥပမာ ပထမဆုံး Curfew ထုတ်လိုက်တယ်။ ည ၁၀ နာရီဆိုရင် လူတွေက မထွက်တော့ဘူး။ အဲဒီတော့ တောထဲတောင်ထဲမှာ ရှိတဲ့ ရှေးဟောင်း ဂူဘုရားတွေကို သွားတဲ့လူကလည်း မရှိဘူး။ ရွာခံတွေကလည်း မထွက်တော့တဲ့အခါ တခြားဒေသကနေ ဒါကို အခွင့်အရေးယူပြီး လာရောက် ချောင်းမြောင်း ဘယ်နေ ရာမှာ ဘာရှိလောက်တယ် ဆိုပြီး ဒီလို ဖောက်ထွင်းတာတွေလည်း ရှိတယ်။

ပုဂံ ဆိုလည်း ဒီလိုပဲ။ ၃၀၀၀ ကျော်ရှိတဲ့ ရှေးဟောင်းဘုရားတွေ အများကြီးပဲ။ အဲဒီမှာ လူနဲ့ နီးနီးစပ်စပ်ရှိတဲ့ ဘုရား ကြီးတွေက နည်းနည်းပဲ ရှိပြီး လူသူနဲ့ဝေးတဲ့ ဘုရားတွေက အများကြီးပဲ ရှိတယ်။ နောက် ကျနော်တို့ Monitoring (စောင့်ကြည့်) စနစ်တွေက အားနည်းတာလည်း ရှိတယ်။ ဒီကြားထဲမှာ ကိုဗစ်ကာလ Stay home ဖြစ်တဲ့အတွက် ဧည့်သည်တွေကလည်း လာတဲ့သူ မရှိသလောက် ဖြစ်တယ်။

Curfew အချိန်ဆို ပိုဆိုးတယ်။ ဒေသခံတွေ ကိုယ်၌က အပြင်ကို မထွက်ရဘူး။ အိမ်ထဲမှာပဲ နေရတဲ့အခါ သူတို့အ တွက် အခွင့်အရေး အများကြီး ရတာပေါ့။ အဲဒီ ဌာပနာဖောက်မှုတွေ မတိုင်ခင်မှာလည်း အဲဒီဒေသမှာပဲ ပုတီးတွေ ခိုး တူးတာ၊ ရွှေကျင်တာတွေ၊ ရှေးဟောင်းကုန်းတွေကို တူးတာဆွတာတွေ ရှိလို့ ဌာနကနေ တားဆီးပြီး ဖမ်းဆီးရတာ တွေလည်း ရှိတယ်။ ဒီဟာတွေက ဆက်စပ်နေတာ။

မေး။  ။ အခုလို ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်း ဆောင်ရွက်သင့်တယ်လို့ ထင်လဲ။ ဘာတွေ အကြံပြု ချင်ပါသလဲ။

ဖြေ။  ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့အမွေအနှစ် ရထားတာ ၂၀၁၄ မှာ ရတယ်။ ပုဂံက၂၀၁၉ မှာ ရခဲ့တယ်။ အဲဒီ တော့ ကမ္ဘာ့အမွေအနှစ်တွေက နိုင်ငံတကာ ဥပဒေတွေနဲ့လည်း ချိတ်ဆက်ထားတယ်။ PMP လို့ခေါ်တဲ့ Property Management Plan (အမွေအနှစ် စီမံခန့်ခွဲရေး အစီအစဉ်)ဆိုပြီး သူ့ရဲ့ လမ်းညွှန်ချက်တွေအရ စောင့်ရှောက်ရတာ တွေ၊ စောင့်ကြည့်တဲ့ စနစ်တွေ ရှိတယ်။

အဲဒီလို စောင့်ကြည့်စနစ်တွေ လုပ်တဲ့အခါ ကျနော်တို့ဝန်ကြီးဌာန၊ ဦးစီးဌာနတခုတည်း လုပ်လို့မရဘူး။ တခြား အဖွဲ့ အစည်းတွေ အများကြီး ပူးပေါင်းပြီး ဆောင်ရွက်ရတယ်။ Community (လူမှု အသိုင်းအဝိုင်း)က ပါရတယ်။ ဒါကြောင့် ကမ္ဘာ့အမွေအနှစ်ဇုန်တွေမှာ အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့ (Heritage Trust)တွေ ထူထောင်ထားတယ်။ ဒီအဖွဲ့ တွေကလည်း အားကောင်းဖို့၊ ညီညွတ်ဖို့ လိုတယ်။ ကျနော်တို့ ဦးစီးဌာနနဲ့လည်း ပူးပေါင်းပါဝင်ပြီး တယောက်နဲ့ တ ယောက် နားလည်မှု ရှိဖို့ လိုတယ်။ ဒါက ကျနော်တို့ရဲ့ လူအင်အားနဲ့ သုံးပြီး ကာကွယ် စောင့်ရှောက်ရမယ့် အပိုင်း။

နိုင်ငံတကာမှာတော့ ကမ္ဘာ့အမွေအနှစ်ဇုန်တွေကို Monitoring လုပ်တဲ့အခါ နေ့ရောညပါ မြင်နိုင်တဲ့ စောင့်ကြည့်ကင်မ ရာ(CCTV) ကွန်ရက်တွေကို ချထားတယ်။ ဒီ CCTV တွေကို စောင့်ကြည့် ထိန်းချုပ်တဲ့ အခန်းကနေ ၂၄ နာရီ စောင့် ကြည့်နေတယ်။ ဒါကြောင့် သူတို့ဆီမှာ ဖြစ်ခဲတယ်။ ဖြစ်ရင်လည်း ချက်ချင်း ပေါ်ပေါက်တယ်။ ဒါကြောင့် နည်းပညာ လည်း သုံးရမှာ ဖြစ်သလို လူထုအခြေပြု (Community based) လုပ်၊ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ရင်တော့ ဒီလိုမျိုး ကိစ္စတွေ နည်းသွားမယ်။

နည်းပညာလည်း မသုံးဘူး။ Community နဲ့ ပူးပေါင်းမှုတွေကလည်း အားနည်းမယ်ဆိုရင် ဒါတွေက ဖြစ်မှာပဲ။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်တဲ့သူတွေ၊ ဌာပနာဖောက်တဲ့သူတွေရဲ့ အကြိုက်ပေါ့။ ဒီလူတွေကိုလည်း ပြင်းပြင်းထန်ထန် စံပြအနေနဲ့ အရေးယူ ဆောင်ရွက်သင့်သလို တဖက်ကလည်း စောင့်ကြည့်စနစ်တွေကို ဒီထက်ကောင်းအောင် ပိုပြီး နည်းပညာပိုင်း၊ အသိပညာပေးရေးပိုင်း၊ ပူးပေါင်း ပါဝင်မှုပိုင်းဆိုင်ရာ အားလုံး ကျနော်တို့ တိုးမြှင့်ဖို့တော့ လိုတယ်။

မေး။   ။ အမွေအနှစ်ဇုန်တွေရဲ့ လုံခြုံရေးအတွက် အမွေအနှစ် ထိန်းသိမ်းရေးရဲ (Heritage police) တွေ ဖွဲ့ပေးဖို့ အကြံပြုတာတွေ ရှိတယ်။ ဆရာ့အနေနဲ့ရော ဘယ်လို သဘောထား ရှိပါသလဲ။

ဖြေ။   ။ တချို့နိုင်ငံတွေမှာ Heritage police တွေ ရှိတယ်။ ကျနော်တို့ဆီမှာတော့ ကမ္ဘာ့အမွေအနှစ် ရတဲ့အခါမှာ Tourism police ဆိုပြီး ပေါ်လာတယ်။ ဒါပေမယ့် သူတို့ရဲ့ အဓိက လုပ်ငန်းက အမွေအနှစ်ကို စောင့်ရှောက်ဖို့ မဟုတ် ဘူး။ အမွေအနှစ် ဒေသကိုလာတဲ့ ဧည့်သည်တွေ အထူးသဖြင့် နိုင်ငံတကာက လာတဲ့ ဧည့်သည်တွေကို စောင့်ရှောက် ဖို့ ဖြစ်တယ်။ ကျနော်တို့ရဲ့ ရှိပြီးသား လုံခြုံရေး အင်အားကလည်း နည်းတယ်။

နယ်မြေခံ ရဲစခန်းတွေကလည်း ရပ်ထဲရွာထဲ မြို့ထဲမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနေရတာလည်း သူတို့အင် အားနဲ့ သူတို့ မလုံလောက်ဘူး။ ဒါကြောင့် ကျနော့်အမြင်ပြောရရင် Heritage police တွေက ကျနော်တို့ နိုင်ငံအတွက် လိုအပ်တယ်လို့ ထင်ပါတယ်။

မေး။  ။ ဆရာတို့ ဌာနတွေအနေနဲ့ အမွေအနှစ် ထိန်းသိမ်းရေးအပြင် လုံခြုံရေး အတွက်ပါ ပိုပြီး ဆောင်ရွက်ရမယ့် အနေအထားရှိတော့ ဒီအတွက် ဘတ်ဂျက် လုံလောက်မှု ရှိရဲ့လား။ ဒါအတွက် တင်ပြတာမျိုးရော ရှိပါသလား။

ဖြေ။  ။ ကမ္ဘာ့အမွေအနှစ်ဇုန် ဖြစ်တဲ့အတွက် ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး လုပ်ရတဲ့ကိစ္စတွေ ရှိတယ်။ ကမ္ဘာ့အမွေအနှစ် ဇုန်ဆိုပြီး ကမ္ဘာကနေ လာပြီးလေ့လာတဲ့အခါ လမ်းတွေ ဆိုးနေတာ၊ ထိန်းသိမ်းမှုတွေ တအားနည်းနေတာ။ Landscape (ရှုခင်း)တွေ ညံ့နေတာ။ လမ်းညွှန် ဆိုင်းဘုတ်တွေကအစ မှေးမှိန်နေတာတို့ ဒီဟာတွေအတွက် အခု လက်ရှိ ချပေးနေတဲ့ ဘတ်ဂျက်တွေနဲ့က နိုင်ငံတကာ Site တွေနဲ့ ယှဉ်ရင် အင်မတန်မှ နည်းတယ်လို့ ပြောလိုပါတယ်။ ကျနော်တို့ Site မန်နေဂျာတွေကတော့ အမြဲတမ်း Site ထဲမှာ နေနေရတဲ့အတွက် လိုအပ်ချက်တွေကိုတော့ ဦးစီးဌာန ကို အမြဲ တင်ပြနေပါတယ်။

မေး။   ။ သရေခေတ္တရာမှာ တပ်မတော်သားတွေ အင်အားဖြည့်ပြီး ကင်းလှည့်ပေးတာ၊ လမ်းခင်းနေတာတွေ တွေ့ တယ်။ ဆရာတို့ ဌာနနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက် ဖြစ်တာလဲ။

ဖြေ။   ။ သရေခေတ္တရာ အမွေအနှစ်ဇုန်ထဲမှာ စစ်ဒေသ ကွပ်ကဲရေး(ပြည်) ကနေ အမြဲတမ်း လာလာပြီး သန့်ရှင်းရေး တွေ လုပ်ပေးတယ်။ ဒီမှာ ဧက ၁၂၀၀၀ လောက် ကျယ်တယ်။ တချို့ Monument area (အထိမ်းအမှတ် အဆောက် အအုံ)တွေမှာ ရှိတဲ့ ခြုံတွေ၊ ဇုန်ပတ်လမ်း ဘေးဘယ်ညာမှာ ရှိတဲ့ ခြုံတွေ အဲဒါမျိုးတွေက ကျနော်တို့ ဘတ်ဂျက်နဲ့ လုပ် သလို မလုံလောက်တဲ့ ဟာတွေကလည်း အများကြီး ရှိတယ်။ ဒါကြောင့် ရံဖန်ရံခါ နယ်မြေခံ တပ်မတော်ကနေလာပြီး တော့ ရှင်းပေးတာတွေလည်း ရှိတယ်။

အခုကတော့ လမ်းတွေက တော်တော်ဆိုးတယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ကျနော်တို့ တင်ပြ တောင်းခံထားတာ တွေလည်း ရှိတယ်။ ပြည်ထောင်စု အစိုးရကို တင်ပြထားတာလည်း ရှိတယ်။ ဒါပေမယ့် ယနေ့ထိ မကျလာတဲ့အတွက် ကြောင့် စစ်ဒေသကွပ်ကဲရေးနဲ့ လုပ်တဲ့ အစည်းအဝေးတွေမှာ တင်ပြတဲ့အခါ သူတို့လာပြီး ကူညီဆောင်ရွက်ပေးပါ မယ်၊ လမ်းတွေကို ပြုပြင်ပေးပါမယ်ဆိုပြီး ပြုပြင်ဖြစ်သွားတဲ့ သဘောပါပဲ။

မေး။   ။ အခုလို တပ်က အင်အားဖြည့်ပြီး ကင်းလှည့်ပေးတာမျိုး ပုဂံမှာလည်း လုပ်သင့်တယ်လို့ ပြောဆိုသူတွေ ရှိသ လို တဖက်မှာလည်း ကူညီပေးသူတွေဟာ အမွေအနှစ် ထိန်းသိမ်းရေးပိုင်းမှာ အကျွမ်းတဝင် မဟုတ်ကြတော့ တခုခု လွဲချော်မှု ဖြစ်သွားမှာ စိုးရိမ်ကြတာမျိုး ရှိတယ်ပေါ့။ ဒီဟာကို ဘယ်လို ကိုင်တွယ် ဆောင်ရွက်သင့်ပါသလဲ။

ဖြေ။   ။ ကူညီတဲ့အဖွဲ့ကတော့ ကူညီဖို့ပဲ သိတာပေါ့။ ဒါပေမယ့် ကျနော်တို့ ဒီဘက်ပိုင်း ကျွမ်းကျင်သူက ဒါကို Control (အထိန်းအကွပ်) လုပ်ပေးရမှာပေါ့။ ဥပမာ-၂၀၁၆ တုန်းက ပုဂံငလျင် လှုပ်တယ်။ ကျနော်တို့လည်း  ရောက်သွားတယ်။ သရေခေတ္တရာမှာ အပျက်စီး မရှိတော့ ချက်ချင်းပဲ ရှေးဟောင်းသုတေသန ဒေသအနှံ့က အဖွဲ့တွေ အကုန်လုံး ပုဂံကို စု ကြတယ်။ ပုဂံကို အားလုံးက ချစ်ကြတဲ့ အခါကျတော့ အဖွဲ့အစည်းတွေ အကုန်လာကြတယ်။ အထူးသဖြင့် သံဃာ အဖွဲ့အစည်းတွေ၊ ပရဟိတ အဖွဲ့အစည်းတွေ အများကြီး လာကြတယ်။

ရှေးဟောင်း ဘုရားတွေဆိုတာက ဝုန်းဆို ပြိုကျသွားပြီးရင် သူ့ကို ချက်ချင်း ရှင်းထုတ်လို့မရဘူး။ နံရံပန်းချီတွေ အောက်ကို ကျသွားတယ်ဆို ဒါတွေကို စနစ်တကျ ကောက်ယူရမယ်။ ဘယ်ကနေ ကွာကျလာတယ်။ ဒါတွေက ပြန်ပြီး တပ်ဆင်လို့ ရလား ဆိုတာ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေ လုပ်ပြီးမှ ရှင်းလို့ရတယ်။ ဒီလိုသဘောတရားပေါ့။ ကျနော်တို့ မနိုင်တဲ့အရာတွေကို ပြည်သူ့ ရဲတပ်ဖွဲ့တွေ၊ နယ်မြေခံ တပ်မတော်တွေက လာပြီး ဝိုင်းဝန်း လုပ်ပေးလို့ ရတယ်။

သို့သော် စနစ်တကျနဲ့ လုပ်ပေးနိုင်ဖို့ကိုတော့ Technician တွေကနေ ဘေးကနေ ရံပြီးမှ လုပ်လို့ရှိရင် အောင်မြင်မှာ ဖြစ်ပါတယ်။ သူ့နယ်ပယ်မှာသူ ကျွမ်းကျင်ကြပေမယ့် ကျနော်တို့ နယ်ပယ်မှာ မကျွမ်းကျင်တဲ့အခါ ကျွမ်းကျင်တဲ့သူက နေ နည်းလမ်းပြရင်တော့ အားလုံး အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

မေး။   ။ ဆရာတို့ သရေခေတ္တရာဇုန်အတွက်ရော လုံခြုံရေးတွေ ထပ်မံဖြည့်တင်း ဆောင်ရွက်နေတာမျိုး ရှိပါသလား။

ဖြေ။  ။ မနေ့ကပဲ အရေးပေါ် လုံခြုံရေး အစည်းအဝေး ခေါ်တယ်။ လုံခြုံရေးကိုလည်း တင်းကျပ်ထားတယ်။ ရုံးပိုင်း ဘက်ကနေရှိတဲ့ ဝန်ထမ်းတွေကိုလည်း လုံခြုံရေးဘက်ကို ရွှေ့ပစ်လိုက်ပြီး အင်အား ထပ်ဖြည့်ထားတယ်။ နယ်မြေခံ ရဲစခန်းနဲ့လည်း ပူးပေါင်းပြီးမှ ထပ်ပြီးတော့ လုံခြုံရေး အဆင့်မြှင့်တင်ဖို့ စီမံ ဆောင်ရွက်နေပါတယ်။

မေး။   ။ ကမ္ဘာ့အမွေအနှစ် ဒေသတွေမှာ ပုံစံအမျိုးမျိုးနဲ့ ကျူးကျော်မှုတွေ ဖြစ်နေတာကရော ဘာကြောင့်လဲ။

ဖြေ။  ။ ဒါက ရှင်းပါတယ်။ ဥပမာ သရေခေတ္တရာ ဆိုပါစို့။ သူတို့က အဆောက်အအုံ တခု ဆောက်မယ်။ လုပ်ငန်းတခု လုပ်မယ်။ သူတို့ တင်လာတဲ့အခါ ကျနော်တို့ သွားကြည့်လိုက်မယ်။ ဒီမြေဟာ အိမ်ရာဆောက်လို့ ရတဲ့ မြေလား၊  ဆောက်လို့ မရတဲ့မြေလား၊ တခြား မြေလား စသဖြင့် အကုန်ကြည့်ပြီး အိမ်ဆောက်လို့ မရတဲ့မြေဆို ကျနော်တို့က ဆောက်ခွင့်မပေးဘူး။

တချို့က ပိုက်ဆံရှိတဲ့ အခါကျတော့ ရှေးဟောင်း နယ်မြေတွေမှာမြေတွေကို ဝယ်တယ်။  မြေကို လန ၃၉ ဖောက် တယ်။ အိမ်ဆောက်လို့ ရအောင် မြေအမျိုးအစားကို ပြောင်းလဲပစ်ဖို့ ကြိုးစားတယ်။ ကျနော့်ဇုန်ထဲမှာ အဲဒီလို ပြောင်း လဲဖို့ လုပ်တဲ့လူတွေ ကျနော့်ဆီကို တက်လာရင် ဘယ်တော့မှ ထောက်ခံမပေးဘူး။ ကျနော်က ထောက်ခံမပေးတဲ့ အတွက် သူတို့ ပြောင်းလဲလို့ မရဘူး။

မရတဲ့အတွက် သူတို့က အဆောက်အအုံ ဆောက်လို့ မရဘူး။ ဒါကြောင့် သရေခေတ္တရာထဲမှာ ဘာ ဟိုတယ်မှ၊ Resort မှ မရှိဘူး။ ကျနော်တို့က ဒီဟာကို ပြောင်းလဲခွင့် မပေးဘူး။ အဲဒါက အဓိကပဲ။ ဒီဟာတွေကို မြေစာရင်းက ပြောင်းလဲ ခွင့်ပေးလိုက်ရင် သူတို့က ဆောက်မှာပဲ။ ဒါကြောင့် ဒီလိုမြေတွေကို ပုံစံချိန်းတဲ့ အခါ ရှေးဟောင်းသုတေသန ဦးစီးဌာန ကလည်း အရမ်း အရေးကြီးတယ်။

မေး။  ။ လက်ရှိ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားတာတွေကို ထိခိုက်စေနိုင်သလား။ ပြန်လည် ရုပ်သိမ်းသွားနိုင်တာမျိုး ရှိပါသလား။

ဖြေ။  ။ နိုင်ငံတကာရဲ့ ကမ္ဘာ့အမွေအနှစ် ဒေသတွေမှာလည်း ပြဿနာတော့ အနည်းနဲ့အများ ရှိတာပဲ။ သူတို့ဆီမှာ လည်း ခိုးခံရတာ၊ ဖျက်ဆီးခံရတာ ရှိတယ်။ ကမ္ဘာ့အမွေအနှစ် ဒေသတိုင်းမှာ ပြဿနာ ကင်းတယ်ဆိုတာ မရှိဘူး။ သို့သော် ဒီပြဿနာသည် ကျနော်တို့ရဲ့ ကမ္ဘာ့အမွေအနှစ် ဒေသမှာရှိတဲ့ Monument in danger ပေါ့။ ဒီလိုအဖြစ်အ ပျက်က ထိန်းသိမ်းထားတဲ့ အမွေအနှစ် အဆောက်အအုံတွေကို ခြိမ်းခြောက်မှု ဖြစ်လာပြီဆိုရင်တော့ သူတို့က သတိ ပေးမှာပဲ။

အဲဒီအခါ ကမ္ဘာ့အမွေအနှစ် အစည်းအဝေးတွေ တနှစ်တကြိမ် အလှည့်ကျ လုပ်ရတဲ့ နိုင်ငံတွေမှာ ကျနော်တို့က သွား ပြီး ဖြေရှင်းရမယ်။ ကျနော်တို့ကို ချမှတ်ထားတဲ့ Property management plan က ရှိတဲ့ လမ်းညွှန်ချက်တွေအပေါ်မှာ မူတည်ပြီး ဖြေရှင်းရတယ်။ ဖြေရှင်းတဲ့အခါမှာ ပြဿနာ အကြီး၊ အသေး၊ အလတ်ပေါ် မူတည်ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုး ဆောင်ရွက်နိုင်တယ်။ တော်ရုံတန်ရုံကတော့ သိပ်ပြီး မထိခိုက်ပါဘူး။

ထိခိုက်တဲ့ဟာမျိုးက ဘာလိုမျိုးလဲဆို ကမ္ဘာ့အမွေအနှစ် ဒေသတခုရဲ့သွင်ပြင်ကို လုံးဝ ပြုတ်သွားအောင် လုပ်လိုက် တာ။ စက်ရုံကြီးတွေ ဆောက်လိုက်တာ၊ တံတား အကြီးကြီးတွေ ထိုးလိုက်တဲ့ကိစ္စမျိုးတွေ၊ ရုပ်ထုကြီးတွေ၊ တာဝါကြီး တွေ ထူထာင်လိုက်တဲ့ ကိစ္စမျိုးတွေ ဆိုရင်တော့ ပြန်ပြီး သိမ်းခံရတဲ့ နိုင်ငံ နမူနာတွေလည်း အရှေ့မှာ ရှိပါတယ်။

မေး။  ။ ရှေးဟောင်း ဝတ္ထုပစ္စည်းတွေ လက်ဝယ် ထားရှိတာနဲ့ ပတ်သက်လို့ ဘာများ သတင်းစကား ပါးချင်ပါလဲ။

ဖြေ။  ။ ပြည်သူလူထုကို သတင်း စကားပါးချင်တာက ကိုယ်က ချစ်လို့ စုဆောင်းတာ ဖြစ်ဖြစ်။ တချို့ကလည်း ရှိပါ တယ်။ ကိုယ့်ဒေသမှာ ရှိတဲ့ပစ္စည်းတွေကို တခြားနေရာ ရောက်သွားမှာ စိုးလို့ ဝယ်ယူလိုက်ပြီးမှ ကျေးရွာဘုန်းကြီးနဲ့ တိုင်ပင်ပြီးတော့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ပြတိုက်လေးတွေ အများပြည်သူ လေ့လာလို့ရအောင် ကိုယ့်ဒေသရဲ့ တန် ဖိုးကို သိအောင် စုဆောင်းတာတွေလည်း ရှိတယ်။ တချို့ကျလည်း ဒီလိုု စုဆောင်းတာပေါ်မှာ မူတည်ပြီး အမွေအနှစ် ကို ချစ်သလိုလို ဘာလိုလိုနဲ့ ဒါတွေကို ရောင်းဝယ် ဖောက်ကားနေတာတွေ ကလည်း အများကြီး ရှိတယ်။

အဲဒီလို လူတွေနဲ့ မရောသွားအောင် ကိုယ်က တကယ် ချစ်မြတ်နိုးလို့ စုဆောင်းချင်တယ်၊ ကိုယ့်လက်မှာ ထားချင် တယ်ဆိုရင် ရှေးဟောင်းဝတ္ထုပစ္စည်းများ ဥပဒေ ၂၀၁၅ မှာ ပါတဲ့ ပုံစံအတိုင်း ရှေးဟောင်းပစ္စည်း လက်ဝယ်ထားရှိခွင့် ကို လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလို လျှောက်ထားခြင်းအားဖြင့် ကိုယ့်လက်ဝယ်မှာ ရှိတဲ့ပစ္စည်းတွေကို မြတ် မြတ်နိုးနိုးနဲ့ သိမ်းဆည်းထားတယ်ဆိုတဲ့ သဘောလည်း သက်ရောက်တယ်။

ကိုယ့်လက်ထဲထားပြီးမှ ဒီလို တရားဝင် မှတ်ပုံမတင်ဘူး။ ထိန်းသိမ်း စောင့်ရှောက်ခွင့် မလျှောက်ထားဘူး ဆိုရင်တော့ ဥပဒေအရ သူသည် ဒီပစ္စည်းအပေါ်မှာ တခုခု မရိုးသားဖွယ်ရာ လုပ်ဖို့အတွက် မလျှောက်ထားတယ်လို့ သက်ရောက် မှာဖြစ်တဲ့အတွက် ဥပဒေအရ အရေးယူခြင်း ခံရမှာ ဖြစ်ပါတယ်။

မေး။   ။ ရှေးဟောင်း အမွေအနှစ်တွေ ခိုးယူခံရမှု၊ ဖျက်ဆီးခံရမှု ထပ် မဖြစ်ပွားအောင် ဘာတွေ စီမံဆောင်ရွက်သင့် သလဲ။ အကြံပြုချင်တာများ ရှိပါသလား။

ဖြေ။   ။ အဓိကတော့ ရှေးဟောင်း ဝတ္ထုပစ္စည်းများ ဥပဒေ ဒီထက်ပိုပြီး အသက်ဝင်ဖို့၊ ဆောင်ရွက်ဖို့ လိုတယ်။  နောက် တခုက ပြည်သူလူထု ပါဝင်ဖို့။ ဘာပဲလုပ်လုပ် ပြည်သူလူထု မပါဝင်ရင် ဘယ်လိုမှ မအောင်မြင်ပါဘူး။ ဒါကြောင့် ဒေသ ခံ ပြည်သူတွေ အနေနဲ့ ကိုယ့်ဒေသမှာရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းတွေ မှန်ကန်တဲ့ နေရာရောက်ဖို့ ပါဝင်ပြီး သတင်းပေးတာ၊ ပူးပေါင်း ဆောင်ရွက်တာ၊ ပူးပေါင်း ကာကွယ်တာမျိုး လုပ်ဖို့ လိုသလို သက် ဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်။

နောက်ပြီးတော့ နည်းပညာ သုံးဖို့လည်း လိုတယ်။ ဒီခေတ်ကြီးမှာ ရှေးရိုးပုံစံအတိုင်း သွားလို့မရတော့ဘူး။ တချို့ဆို မြေကြီးထဲကို မတူးဘဲနဲ့ အဆောက်အအုံတွေကို မဖောက်ဘဲနဲ့ လေဆာ Scanning ရိုက်ပြီးမှ အထဲမှာ ဘာရှိလဲဆိုတဲ့ ဟာမျိုး၊ အတွင်းထဲကို သံလိုက်စက်ကွင်းလို လွှင့်ပြီး ပြန်လာတဲ့ သံလိုက်စက်ကွင်းတွေကို ပြန်ဖမ်းပြီးမှ ဒီထဲမှာ ဘာရှိ လဲဆိုတဲ့ ပုံရိပ်တွေကို ဖော်တာမျိုး။ ဒီလို နည်းပညာတွေ ရှိလာတဲ့အတွက် ကျနော်တို့ အစိုးရပိုင်း ဌာနပိုင်းဆိုင်ရာက လည်း ဒါတွေကို ကာကွယ်ဖို့ နည်းပညာ ပိုပြီး သုံးဖို့ လိုပါတယ်။

မေး။   ။ တခြား ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ။   ။ ဒီလိုမျိုး ကိစ္စတွေက ပြန်ကြည့်ရင် ရှေးဟောင်းဝတ္ထု ပစ္စည်း တရားမဝင် ရောင်းဝယ်ဖောက်ကားတဲ့ ဈေးကွက် ကြီးထွားလာတာကနေ စပြီး ဖြစ်လာတာကနေ အကုန်လုံး ဒီလိုမျိုး ဘာသာရေး အဆောက်အအုံတွေပါ ဖောက်ထွင်း လာတာမျိုး ဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်လို့ ပြောချင်ပါတယ်။   ။

You may also like these stories:

ပုဂံဘုရားဌာပနာ ဖောက်ထွင်းခံရမှုများ ဆက်တိုက် ဖြစ်ပေါ်နေ

ပုဂံရှေးဟောင်း တာမဏီဘုရားစု အနီး ခြံခတ်မှု ပြန်လည် ဖျက်သိမ်း

ကမ္ဘာ့အမွေ ပုဂံဒေသအတွင်း ဥပဒေမဲ့ အဆောက်အအုံ တိုးချဲ့မှုများ ပြုလုပ်နေ

Loading