မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲ မတိုင်မီ အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ)ကို လာမည့် ဇူလိုင်လတွင် ကျင်းပနိုင်ရေး ကြိုးစားလျက် ရှိသည်။ ထို့အတူ တိုင်းရင်းသားများကလည်း ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ရှေ့ဆက်နိုင်ရေး ကတိကဝတ် ရလိုကြသည်။
ထိုအချိန်တွင် တပ်မတော်၏ သဘောထား၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဲစာရင်းများ ပြုစုနေရာ တပ်မတော်၏ မဲစာရင်း ပြုစုမှု အခြေအနေ၊ ရခိုင်ဒေသ တိုက်ပွဲများ အကြောင်း၊ ရခိုင်တိုက်ပွဲများ နောက်ကွယ်မှ တရုတ်၏ ပါဝင်ပတ်သက်မှု အခြေ အနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရနှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊ တပ်မတော်က နိုင်ငံရေးမှ ဆုတ်ခွာ ရန် အစီအစဉ် ရှိ၊ မရှိ တို့ကို ဧရာဝတီ သတင်းဌာန၏ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ နောက်အစိုးရသစ် မလာမီ လာမယ့် ဇူလိုင်လမှာ ငြိမ်းချမ်းရေး ညီလာခံ တခုကို လုပ်နိုင်ဖို့ အစိုးရက စဉ်းစားနေ တယ်။ တိုင်းရင်းသားတွေကတော့ သြဂုတ်လမှာ လုပ်ချင်တယ်။ တပ်မတော်ရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လည်း မကြာခဏ ပြောကြားပြီး ဖြစ်တယ်။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးက စစ်မြေပြင်မှာ ထွက်နေရတဲ့ တပ်မတော်က ပို အလိုချင်ဆုံးပဲ။ ဒီမှာတော့ ကျနော်တို့က ငြိမ်းချမ်းရေး ညီလာခံ ကျင်းပတာနဲ့ ပတ်သက်ပြီး အစိုးရကတော့ ဇူလိုင်မှာ လုပ်ချင်တယ်။ တိုင်းရင်းသားတွေ ဘက်ကတော့ ဟိုနေ့က သတင်းစာရှင်းလင်းပွဲမှာ သြဂုတ်လမှာ လုပ်ချင်တယ်လို့ ပြောသွားတာ ရှိတာပေါ့။
ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ အဓိက ပြောချင်တာကတော့ လုံလောက်တဲ့ အချိန်နဲ့ လုံလောက်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိဖို့ လိုအပ်တယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။ တပ်မတော်အနေနဲ့ ကတော့ ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အစဉ်တစိုက် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ အားလုံး အဆင်သင့်ဖြစ်ပါတယ်။ ဟိုဘက်ကပဲ အရေးကြီး ပါလိမ့်မယ်ဗျ။
ငြိမ်းချမ်းရေး ဆွေးနွေးတာသည် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးအတွက် ဆွေးနွေးတာ ဖြစ်တယ်။ ရလဒ်ကောင်း တွေ ထွက်ဖို့ အရေးကြီးတယ်။ ရလဒ်ကောင်းတွေ ထွက်ဖို့ဆိုရင် လုံလောက်တဲ့အချိန်နဲ့ လုံလောက်တဲ့ ဆွေးနွေးမှုမျိုး ရှိဖို့ လိုတယ်။
မေး။ ။ အခု ညီလာခံကို AA အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကိုရော ဖိတ်မှာလား။ သူတို့ တက်ရောက်လာနိုင် မှု အခြေအနေ တပ်မတော်ရဲ့ သဘောထားအပေါ်မှာ ဘယ်လောက်ထိ မူတည်လဲ။ သူတို့လာနိုင်ဖို့ တရုတ်နိုင်ငံ အပေါ်မှာ မူတည်လား။
ဖြေ။ ။ ဒီဟာကတော့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာန (NRPC) အပေါ်မှာပဲ မူတည်လိမ့်မယ်။ ဖိတ်ကြားရေးတို့ ဆောင်ရွက်ရေးတို့ ဆိုတာ ဒီဟာတွေကတော့ ငြိမ်းချမ်းရေး ညီလာခံကို ဦးဆောင်ပြီး ကျင်းပနေတဲ့ NRPC အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။
မေး။ ။ နောက် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ တိုင်းရင်းသားတွေက သူတို့ရဲ့အခွင့်အရေးတွေ အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲလာတာ နှစ်ချီနေပါပြီ။ တချို့ဆိုလည်း လက်နက်ကိုင် လမ်းစဉ်နဲ့ပဲ ဆက်လုပ်ဖို့ ရှိလာတော့ ဒီအခြေအနေတွေ အပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ။ ။ တိုင်းရင်းသားတွေရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ခုနက မေးတဲ့မေးခွန်းအပေါ်မှာ ၂ ခု ခွဲခြားဖို့တော့ လို တယ်။ တိုင်းရင်းသား အရေးကိစ္စနဲ့ လက်နက်ကိုင်များ ကိစ္စပေါ့လေ။ ဒီဟာ၂ ခုကိုတော့ မရောယှက်ဖို့ လိုလိမ့်မယ်လို့ ပထမဆုံး ပြောချင်တယ်။
တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမြဲတမ်း ပြောခဲ့တယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လာရင် တိုင်းရင်းသားတွေက နံပါတ် ၁ ပဲလို့ ပြောခဲ့တယ်။ ပြီးရင်း တိုင်းရင်းသားအရေးနဲ့ ပတ်သက်လာရင် တိုင်းရင်းသား အခွင့်အရေးလည်းရှိပြီး ဖြစ်တယ်။
အခြေခံ ဥပဒေ အခန်း ၈ မှာဆိုရင် နိုင်ငံသားတွေနဲ့ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေး တာဝန်တွေအရ ရှိတယ်။ ပုဒ်မ ၃၅၀ ကနေ ပုဒ်မ ၃၉၄ အထိ ၆ ခု ရှိတယ်။ ဒါ့ပြင် တခြားအခန်းတွေမှာလည်း ပါပြီး ဖြစ်တယ်။ အခန်း ၁ မှာ ဆိုရင် ပုဒ်မ ၂၁ တို့၊ ပုဒ်မ ၃၈ တို့ဆိုတာ ဒါက ဒီအခွင့်အရေးတွေပဲ။
ဒါတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတိုင်းဟာ နိုင်ငံသားတွေ ဖြစ်တယ်။ နိုင်ငံသားတိုင်းဟာတွေ တိုင်းရင်းသားတွေ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေ အနေနဲ့က မူလ အခွင့်အရေးတွေ ရှိပြီး ဖြစ်တယ်။ မူလအခွင့်အရေးတွေမှာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ တိုက်ဆိုင်ကြည့်လိုက်ရင် တခုမှ လျှော့ထားတာ၊ ပြုထားတာ တခုမှ မရှိဘူး။ သူ့ရဲ့စံချိန် စံညွှန်းတွေ အတိုင်းပဲ ဆောင်ရွက်ပြီး ဖြစ်တယ်။
ဒါ့အပြင် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တပ်မတော် အနေနဲ့ ဘယ်လောက်အထိ အလေးထားလဲ ဆိုရင် COVID 19 ကိစ္စနဲ့ ပတ်သက်လာပြီးရင် တိုင်းရင်းသားတွေကိုရော၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကိုရော ဆောင်ရွက်ပေးနေတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း ဘယ်သူမှ မကျန်စေနဲ့ ဆိုတဲ့ မူဝါဒအတိုင်း ကျန်သွားမှာ စိုးလို့တောင် လိုက်ပြီး အသိပေးပြီးတော့ အားလုံးကို ဆောင်ရွက်ပေးနေတာမျိုး ရှိပါတယ်။ ဒါကတော့ ကျနော်တို့က တိုင်းရင်းသားတွေနဲ့ ပတ်သက်လာပြီး သဘောထားပါ။
EAOs (တိုင်းရင်းသား လက်နက်ကိုင်များ) တွေနဲ့ ပတ်သက်လာရင်တော့ သူတို့နဲ့ ပတ်သက်တဲ့ သဘောထားကတော့ ကျနော်တို့ ပြောပြီး ဖြစ်တယ်။ တနိုင်ငံလုံးမှာ ကျနော်တို့ ငြိမ်းချမ်းရေး ရရှိဖို့ လိုတယ်။ တပ်မတော်က မျှော်လင့်ထားတဲ့ ငြိမ်းချမ်းရေးက တဒင်္ဂ ငြိမ်းချမ်းရေး မဟုတ်ဘူး။ ထာဝရ ငြိမ်းချမ်းရေး။ ဒါကြောင့်မို့လို့ ကျနော်တို့ တပ်မတော် အကြီးအကဲတွေက ဒီဆွေးနွေးပွဲတွေတိုင်းမှာ တွေ့ဆုံပြီးတော့ အမြဲတမ်း ပြောနေတာ ဖြစ်တယ်။
NCA လမ်းကြောင်းမှအပ အခြားလမ်းကြောင်း မရှိဘူးလို့ ပြောနေတာ ဖြစ်တယ်။ NCA ဆိုတာသည် တပ်မတော်နဲ့ အစိုးရကနေ ပြီးတော့ လုပ်ဆောင်လိုက်တဲ့ဟာ မဟုတ်ဘူး။ NCA ဆိုတာ အားလုံး သဘောတူညီချက်နဲ့ EAOs တွေကနေ အဓိကထား ဆွေးနွေးပြီးတော့ ဖြစ်ပေါ်လာတဲ့ဟာ ဖြစ်တယ်။
NCA ရဲ့အစ မြစ်ဖျားခံတာသည် နေပြည်တော်က မြစ်ဖျားခံတာ မဟုတ်ဘူးဗျ။ ရန်ကုန်က မြစ်ဖျားခံတာလည်း မဟုတ်ဘူး။ NCA က လိုင်ဇာကနေ မြစ်ဖျားခံလာတာ ဖြစ်တယ်။ အဲဒီက မြစ်ဖျားခံလာပြီး NCA ဆိုတာ ဖြစ်ပေါ်လာတာ ဖြစ်တယ်။ တွေ့ဆုံဆွေးနွေးမှုတွေက တဆင့် NCA လိုတယ်ဆိုတာက တဆင့် သဘောတူညီချက်နဲ့ ဖြစ်လာတဲ့ဟာ ဖြစ်တယ်။ ဖြစ်ပေါ် လာတဲ့ အပိုင်းအခြားတွေကိုလည်း သိပြီးသား ဖြစ်တယ်။
NCA ရေးဆွဲဖို့အတွက် လိုင်ဇာ ထိပ်သီး ညီလာခံကို ၂၀၁၃ နိုဝင်ဘာလ ၂ ရက်မှာ လုပ်ခဲ့တာ ဖြစ်တယ်။ သို့သော် အဲဒီမှာ သတိထားကြည့်လိုက်ရင် သိပါတယ်။ အကုန်လုံး ဆွေးနွေးပြီးတော့မှ လက်မှတ်ထိုးနိုင်တဲ့အဖွဲ့၊ လက်မှတ် မထိုးနိုင်တဲ့အဖွဲ့ ဆိုပြီး ကွဲသွားတယ်။ ဆွေးနွေးတဲ့အခါမှာ အကုန်လုံး ပါပါတယ်။
အဲဒီ မြစ်ဖျားခံလာတဲ့ အဖွဲ့တောင်မှပဲ အခုချိန်အထိ လက်မှတ် မရေးထိုးနိုင်သေးတဲ့ သဘောမျိုး တွေ့ရတယ်။ ဒါကြောင့် EAOs တွေနဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ သဘောထားကတော့ NCA လမ်းကြောင်းနဲ့ NCA အရ ငြိမ်းချမ်းရေးကို လက်တွဲ တည်ဆောက်သွားဖို့ပဲ ဖြစ်ပါတယ်။
မေး။ ။ နောက်တခုက ရက္ခိုင်စစ်တပ် (AA) ကို အကြမ်းဖက်ဆိုပြီးတော့ အစိုးရကရော တပ်မတော်ကရော ဖယ်ထားတော့ တနိုင်ငံလုံး ငြိမ်းချမ်းရေး ရအောင် လုပ်လို့မရဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိပါတယ်။ ဒီအပေါ်မှာ တပ်မတော်ရဲ့သဘော ထားက ဘယ်လို ရှိလဲ။
ဖြေ။ ။ အကြမ်းဖက်လို့ ကြေညာခံရအောင်လုပ်လို့ အကြမ်းဖက်လို့ ကြေညာခံ ရတာပါပဲ။ EAOs တွေ ဒီမှာ ရှိပါတယ်။ အကြမ်းဖက်လို့ ကြေညာခံရတာ ARSA နဲ့ AA ပဲ ရှိတယ်။ ဘာကြောင့်လုပ်လဲ ဆိုတာကတော့ သူတို့လုပ်ရပ် အပေါ်မှာ မူတည်တယ်။ သဘောထားကတော့ ရှင်းရှင်းလေးပါပဲ။
AA အနေနဲ့ သူတို့ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေ ခံယူတဲ့ ခံယူချက်တွေ မပြောင်းမလဲမခြင်းကတော့ ကျနော်တို့အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ဆက်လက်ပြီးတော့ သတ်မှတ်သွားရမှာ ဖြစ်ပါတယ်။
မေး။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ပြောထားတာတခု ရှိပါတယ်။ ၂၀၂၀ မှာ ငြိမ်းချမ်းရေးကို ပြည်သူ့ လက်ဝယ်အရောက် အပ်မယ်ဆိုတာလေ။ အခု အခြေအနေမှာ ၂၀၂၀ ကလည်း ကုန်တော့မှာဆိုတော့ အဲဒီ ရည်မှန်းချက် ကရော ဘယ်လောက် ဖြစ်နိုင်သေးလဲ။
ဖြေ။ ။ သတင်းစာ ရှင်းလင်းပွဲမှာလည်း ကျနော် ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဖြေပြီး ဖြစ်ပါတယ်။ လက်ခုတ်က ၂ ဖက်တီးမှ မြည်တာ ဖြစ်တယ်။ ကျနော်တို့က ၂၀၂၀ မှာ EAOs တွေ အားလုံးက NCA လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာလိမ့် မယ်လို့ ကျနော်တို့ မျှော်မှန်းထားတာ ရှိတယ်။ ဒီမျှော်မှန်းချက်က ကျနော်တို့ရဲ့ ရည်မှန်းချက်ပဲ။
ဒီရည်မှန်းချက်နဲ့ ပတ်သက်ပြီး ကျနော်တို့က ဆက်လက်ပြီးတော့ အကောင်အထည် ဖော်နေဦးမှာ ဖြစ်တယ်။ အကောင် အထည်ဖော်လို့ ရအောင်လည်း NCA နဲ့ ပတ်သက်ပြီး အမြဲတမ်း ဖိတ်ခေါ်၊ အမြဲ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောတဲ့ အခါမှာရော၊ ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးတဲ့ အခါတွေမှာရော တိုက်တွန်းနေတာတွေ ရှိတယ်။ ဒီအတိုင်းပဲ ဆက်ပြီး လုပ်သွားမှာပဲ ဖြစ်ပါတယ်။
မေး။ ။ မြန်မာပြည် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အရေးပါတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်မှာ သြဇာညောင်းတယ် လို့ ဆိုကြတဲ့ တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှုကရော ဘယ်လောက်လောက် ရှိလဲ။ တပ်မတော်ကရော တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းမှုတွေ အပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး ညီလာခံတွေမှာလည်း ခဏခဏ ပြောပြီး ဖြစ်တယ်။ တကယ့်ကို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ကို အဖွဲ့အစည်းတွေရဲ့ စစ်မှန်တဲ့ လုပ် ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ကတော့ အမြဲတမ်း ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်တဲ့အခါတိုင်းမှာ AA ရဲ့ နည်းပညာတွေက အဆင့်မြင့် လာတယ်။ မိုင်းခွဲတဲ့အခါ မှာလည်း ရီမု ကွန်ထရိုးမိုင်းတွေပါ သုံးနိုင်လာတယ်။ စစ်ရေး အကဲခတ်တွေက ဒီဟာတွေက တရုတ်လက်နက်တွေလို့ ပြောကြတာပေါ့လေ။ တရုတ်နိုင်ငံရဲ့ အကူအညီတွေ ရနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိတယ်။
တပ်မတော် အနေနဲ့ လက်တွေ့ မြေပြင်မှာလည်း ထိတွေ့ တိုက်ခိုက်နေရတော့ ဘာတွေများ သိထားတာ ရှိလဲ။ ဘယ် လောက်များ တရားဝင် ထုတ်ပြောလို့ ရလဲ။
ဖြေ။ ။ အဓိကကတော့ လက်နက်ကိုင် တပ်ဖွဲ့ ၁ ဖွဲ့ ဖြစ်လာဖို့ဆိုတာ လွယ်တာ မဟုတ်ပါဘူး။ တရားဝင် အစိုးရရဲ့တရား ဝင် လက်နက်ကိုင် အဖွဲ့တွေတောင်မှပဲ လုံခြုံရေး အဖွဲ့တွေတောင်မှပဲ လေ့ကျင့်ပေးတာ၊ တည်ထောင်ပေးတာ၊ လစာ၊ စား စရိတ်တွေ ပြီးရင် ကျနော်တို့ လက်နက်ခဲယမ်း စရိတ်တွေက နည်းတာ မဟုတ်ပါဘူး။ နည်းတာ မဟုတ်ပါဘူး။
ဒီနေရာမှာ တိုက်ပွဲတွေလည်း ဖြစ်နေတော့ကျတော့ မီဒီယာတွေလည်း သိပြီး ဖြစ်မယ်။ သူတို့ ဘာတွေ သုံးတယ်ဆိုတာ လည်း သိပြီး ဖြစ်မယ်။ လက်တွေ့ သုံးနေတဲ့ဟာတွေကိုလည်း ကျနော်တို့ ဗီဒီယိုင်ဖိုင်တွေနဲ့ တက်လာတာ ရှိပါတယ်။ ဘယ်က လက်နက်တွေတုန်း ဘာတွေတုန်း ဆိုတာတော့ အကုန်လုံးကိုတော့ ထုတ်ပြောစရာ မရှိဘူး။ ဒါတွေလည်း သိနေ ပြီးသားပဲ ဖြစ်ပါလိမ့်မယ်။ တခုပြောချင်တာက နောက်ကွယ်မှာ ထောက်ပံ့မှု အမျိုးမျိုး ရှိနေတယ်လို့ပဲ ပြောချင်ပါတယ်။
မေး။ ။ အိန္ဒိယက သတင်းစာတချို့နဲ့ The Eastern link သတင်းဌာနရဲ့ အဆိုအရ AA က စက်လက်နက် ပစ္စည်းတွေကို တရုတ် စက်လက်နက် ပစ္စည်း ကုမ္ပဏီတခု ဖြစ်တဲ့ Norinco ကုမ္ပဏီကနေ ရတယ်လို့ ဆိုထားတယ်။ တပ်မတော် ကိုယ် တိုင် ရှမ်းပြည်နယ်မှာ တရုတ်ထုတ် လေယာဉ်ပစ် လက်နက်တွေပါ မိခဲ့တာ ရှိတယ်။ ဒီလို အချက်တွေအပေါ်မှာ ဘာ မှတ်ချက်ပေးချင်လဲ။
ဖြေ။ ။ ဒါနဲ့ ပတ်သက်ပြီးလည်း သီးခြား မှတ်ချက် ပြုစရာ မလိုပါဘူး။ ခုနက ကျနော် ပြောသလို အခြေခံကနေ စပြီး တည် ဆောက်ရတာတောင် တော်တော် မလွယ်တဲ့ကိစ္စ ဖြစ်လို့ နောက်ကွယ်ကနေ ထောက်ပံ့ပေးမှုတွေ ဆိုတာကတော့ ရှိတယ် လို့ပဲ ကျနော် ပြောလိုပါတယ်။
မေး။ ။ ရခိုင်မြောက်ပိုင်းနဲ့ ပလက်၀ဒေသမှာ တိုက်ပွဲ ပိုဖြစ်လာတာ ရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တပ်မတော် အရာရှိတွေ ဓားထိုးခံရတာ ရှိတယ်။ အဲဒီလိုပဲ အရပ်သား သေဆုံးမှုတွေက တဖက်မှာ များလာတယ်။ အရပ်သားဆိုတဲ့နေရာမှာ တပ်မတော်ဘက်က စွပ်စွဲသလို AA တပ်ဖွဲ့ဝင်တွေလည်း ဖြစ်နိုင်ပြီး တကယ့် အရပ်သားတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီ အခြေအနေတွေက ပိုးဆိုးလာနိုင်သေးလား။
ဖြေ။ ။ အဓိကတော့ AA အကြမ်းဖက် သောင်းကျန်းသူများ အနေနဲ့ မြို့ရွာများနဲ့ ပြည်သူ လူထုကို တံတိုင်းသဖွယ် အသုံး ပြုပြီးတော့ ကာကွယ်အသုံးပြုပြီး ဆောင်ရွက်နေသမျှ ကာလပတ်လုံးမှာတော့ ဒီဟာတွေသည် ဆက်ဖြစ်နေဦးမယ့် သဘောဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော်စစ်ကြောင်းများ သွားတဲ့အခါမှာ ရွာထဲကနေ ထွက်တိုက်တာတို့ တပ်မတော် စစ်သင်္ဘောတွေကို ရွာကို အကာကွယ်ပြုပြီး တိုက်ခိုက်တာတို့ ဒါတွေပဲ သူတို့က လုပ်ဆောင်နေတာ ဖြစ်တယ်။
တမင်သက်သက် လုပ်ဆောင်နေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီး သိပ်မကြာခင် မှာ ရွာနားလေးကနေ ပစ်ခတ်တယ် တိုက်ခိုက်တယ်။ ပြီးရင် တိုက်ပွဲဖြစ်ပြီး မကြာခင်မှာပဲ အရပ်သားတွေ ထိခိုက်သွားပြီတို့ ဒဏ်ရာရသွားပြီတို့ ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ ခဏခဏကြုံနေရတာ ဖြစ်တယ်။
ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ အသိပေးမှုတွေ သတိပေးမှုတွေ အမြဲတမ်း ဆောင်ရွက်လျက် ရှိတယ်။ ရွာနားလေးမှာ တိုက်ပွဲ မဖြစ်ပွားစေဖို့ အတွက် ကျေးရွာလူထုအနေနဲ့လည်း ပြည်သူ လူထုအနေနဲ့ရော AA နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ AA နဲ့ ပတ်သက်ပြီး ဝင်ထွက်မှုတွေနဲ့ ပတ်သက်တဲ့ဟာတွေကို လက်မခံဖို့ ကျနော်တို့ ပြောပြီးဖြစ်ပါတယ်။ သတိပေးပြီး အသိပေးပြီးဖြစ်တယ်။
သို့သော် ခက်နေတာကလည်း သူတို့ ကိုယ်တိုင်မှာလည်း တချို့ကလည်း အကြောက်တရားနဲ့ လွှမ်းမိုးခံထားရတာတွေ ရှိ တယ်။ တချို့ကလည်း လူမျိုးရေး အစွန်းရောက် စည်းရုံးခံထားရတာတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး တပ်မတော် အနေနဲ့ Rule of Engagement (ROE) အတိုင်းပဲ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ နောက်တခုက ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုနေတဲ့ ကိစ္စပါ။ ဒီတပ်မဲစာရင်းတွေ ပြုစုတာက ဘယ်တော့ လောက် အပြီးသတ်နိုင်မလဲ။ ကော်မရှင်ဘက်ကလည်း တပ်မဲစာရင်းရမှ ရွေးကောက်ပွဲ ကြေညာမယ့် ရက်ကို ပြောနိုင်မယ့် အနေအထား ဖြစ်နေလို့ပါ။
ဖြေ။ ။ ဒီဟာကတော့ ကျနော်တို့ သိရသလောက်ကတော့ တပ်မတော်အနေနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ တပ်မတော် အနေနဲ့ ပြောနိုင်တဲ့ အချိန်မှာတော့ ပြန်ပြောပေးပါ့မယ်။
မေး။ ။ ရွေးကောက်ပွဲ ကာလမှာ တနိုင်ငံလုံး လုံခြုံရေး အခြေအနေ၊ တိုက်ပွဲဒေသတွေရဲ့ လုံခြုံရေး အခြေအနေတွေ အပေါ်မှာ တပ်မတော်က ဘယ်လောက် တာဝန်ယူပေးနိုင်မလဲ။ ရဲကတော့ သူ့ပုံမှန် လုပ်ငန်းစဉ်တွေကို လုပ်မှာပေါ့လေ။
ဆိုလိုတာကတော့ ရွေးကောက်ပွဲ ကာလမှာ တည်ငြိမ်မှု ရှိအောင်၊ ရွေးကောက်ပွဲ အပြီး ကာလမှာ တည်ငြိမ်မှုရှိအောင် တပ် မတော်က ဘယ်လိုတာဝန်တွေ ယူပေးနိုင်မလဲ။
ဖြေ။ ။ အဓိကကတော့ ကျနော်တို့ အနေနဲ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လည်း မကြာခဏ ပြောတယ်။ ပြည်သူ တွေ လိုလားတောင့်တနေတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ဆိုတာ ဘယ်လိုပဲပြောပြော တပ်မတော်ကနေ လမ်းခင်းပေးခဲ့တာပဲ။ လမ်းဖောက်ပေးခဲ့တာလို့ ပြောချင်တယ်။ ဒါကြောင့်မိုလို့ တပ်မတော်သည် ပြည်သူတွေ လိုလားနေတဲ့၊ အကောင်အထည် ဖော်နေတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်ပြီး ယိမ်းယိုင်သွားစေမယ့် ကိစ္စမျိုး ကျနော်တို့က ဘယ်တော့မှ မလုပ်ဘူး။
ပါတီစုံ ဒီမိုကရေစီ စနစ်ရဲ့ အသက်ကလည်း ရွေးကောက်ပွဲပဲ ဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် ကျနော်တို့ အနေနဲ့ကတော့ ယခင်တုန်းကလည်း လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လိုအပ်တာတွေ မှန်သမျှ ပူးပေါင်း ဆောင်ရွက်နေတာတွေ ရှိတယ်။ လိုအပ်တာ မှန်သမျှ ဆောင်ရွက်ပေးခဲ့တာတွေ ရှိတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာလည်း လုံခြုံရေးအရ လိုအပ်တဲ့ဟာတွေဆိုရင် လုံခြုံရေးအရ ဆောင်ရွက်ပေးတာတွေ ရှိတယ်။ တချို့ သွားလာရခက်ခဲတဲ့ နေရာတွေမှာဆိုရင် ကျနော်တို့ ဆန္ဒမဲ လက်မှတ်တွေကအစ ဆန္ဒမဲပုံးတွေက အစ တပ်မတော် အစီအစဉ်နဲ့ ရဟတ်ယာဉ်တွေ သုံးပြီးတော့ ပို့ဆောင်ပေးတာမျိုး ရှိတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့ ပြောချင်တာက ကျနော်တို့ ဖောက်လုပ်ခဲ့တဲ့လမ်း ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ ပြည်သူလူထု လိုလားတောင့်တခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ပတ်သက်ပြီး ဆက်လက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။
မေး။ ။ အခုဆိုရင် ရခိုင်မှာ တိုက်ပွဲဖြစ်တာက ပုံမှန်လို ဖြစ်နေပြီ။ နောက်ပြီး ရခိုင်အပြင် ကချင်၊ ရှမ်းနဲ့ ကရင်မှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်လာတာမျိုး ရှိပါတယ်။ ဒါမျိုးနေရာတွေက အပစ်ရပ် ဒေသအဖြစ် ကြေညာထားတာကလည်း ရှိတော့ ဒီလိုတွေ ထပ်မဖြစ်အောင် တပ်မတော်က ဘာဆက်လုပ်မလဲ။ ဘာကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားလဲ။
ဒီဟာတွေ ကတော့ JMC နဲ့ ကျနော်တို့ JMC-U နဲ့ JMC-S တို့မှာ ဆောင်ရွက်လျက် ရှိပါတယ်။ ကချင်မှာ ဖြစ်ခဲ့တဲ့ဟာဆို ရင်လည်း ကချင်ပြည်နယ်ထဲမှာ ဖြစ်တာ မဟုတ်ဘူး။ ရှမ်းမြောက်ပိုင်းမှာ ဖြစ်တာပေါ့လေ။ ရှမ်းမြောက်ပိုင်းမှာ တပ်မတော် အနေနဲ့ TNLA ကနေ ပြည်ထောင်စုလမ်းမပေါ်မှာ တပ်မတော် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးတဲ့ နောက်ပိုင်း နယ်မြေ စိုးမိုးရေး လုပ်ခဲ့တာ ရှိတယ်။
အဲဒီမှာ ကချင်က ဝင်နေတဲ့ အဖွဲ့တွေနဲ့ ဖြစ်တာ ရှိတယ်။ ဖြစ်တာကလည်း နှစ်ကြိမ် သုံးကြိမ်လောက်ပဲ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာလည်း ပြီးသွားပြီ ဖြစ်တယ်။ ရှမ်းမှာတော့ TNLA နဲ့ကတော့ ထိတွေ့ တိုက်ပွဲလေးတွေကတော့ ရှိနေဆဲပဲ ဖြစ် တယ်။
ကရင်မှာ ဖြစ်ခဲ့တဲ့ဟာကလည်း တချို့ဟာတွေကတော့ COVID-19 နဲ့ ပတ်သက်ပြီးတော့ ပြောတာတွေ ရှိတယ်။ တပ် မတော်ဘက်ကို စွပ်စွဲတာတွေ ရှိတယ်။ COVID -19 နဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေနဲ့ စစ်ဆေးရေး စခန်းတွေကို ဒီဘက်ကနေ တားဆီးလို့ ဆိုတဲ့ဟာတွေ ရှိတယ်။ ဒါတော့ တချို့နေရာတွေကျတော့ နာမည်ကောင်းယူတဲ့ သဘောမျိုး ဖြစ်တယ်။
နာမည်ကောင်းယူတဲ့ သဘောမျိုးဆိုတာ ဘာတုန်းဆိုတော့ ဒီနယ်မြေသည် သူတို့နေတဲ့ နယ်မြေလည်း မဟုတ်ဘူး။ ယခင် တုန်းကလည်း မရှိခဲ့ဘူး။ မရှိခဲ့ဘဲနဲ့ ဟာကိုမှ တမြို့နယ်နဲ့ တမြို့နယ် ဆက်သွယ်ထားတဲ့ ဆက်သွယ်ရေး လမ်းမပေါ်ထိ တက်ပြီး ဒီလိုမျိုး ဖွင့်လှစ်တာပေါ့လေ။ ဖွင့်လှစ်တဲ့အခါမှာတော့ ကျနော်တို့က တားဆီးမှုတွေ ပြုရမှာ ဖြစ်တယ်။
NCA စာချုပ်ထဲမှာလည်း နယ်မြေနဲ့ ပတ်သက်ပြီး နယ်မြေချဲ့ထွင်တာတွေ နယ်မြေ တည်ဆောက်တာတွေ အင်အား တည် ဆောက်တာတွေ မလုပ်ဖို့လို့ ပါပြီးသားဖြစ်တယ်။ သူတို့ တားဆီးတဲ့ဟာနဲ့ ပတ်သက်ပြီး ဖြစ်လာတာ ဖြစ်တယ်။ ဒါနဲ့ ပတ် သက်ပြီး KNU အနေနဲ့ကလည်း ဒီဟာတွေ မဖြစ်ပွားဖို့ ထုတ်ပြန်ပြီး ဖြစ်တယ်လို့ သိရပါတယ်။
KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေကလည်း ယခင်ကတည်းကလည်း ရင်းနှီးမှု ရှိပြီး ဖြစ်တယ်။ အခုလည်း ရင်းနှီးမှု ရှိပြီးဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ကတော့ ဖြေရှင်းဆောင်ရွက်သွားနိုင်တဲ့ လုပ်ငန်း တွေပဲ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ အစိုးရနဲ့ တပ်မတော် ဆက်ဆံရေးက ဘယ်လိုရှိလဲ။ ဦးဇော်ဌေးကတော့ ဒု တပ်ချုပ်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကြားမှာ ပလက်၀ ဆန်ပြဿနာ အပါအဝင် ရခိုင်ရေး၊ အခြားအရေးကိစ္စတွေမှာ ပုံမှန် ဆွေးနွေးမှုတွေ ရှိတယ်လို့ ပြောပါ တယ်။ ၂ ဖက် ဆက်ဆံရေး အခြေအနေကို သိချင်ပါတယ်။
ဖြေ။ ။ ကျနော် ပြောလိုတာကတော့ ဦးဇော်ဌေး ပြောတဲ့အတိုင်းပဲ မှန်ပါတယ်။ တပ်မတော်သည် နိုင်ငံတော်ရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ပြည်သူလူထုရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့က အခြေခံ ဥပဒေအရ ပေးထား တဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်လျက် ရှိတယ်။ အခြေခံဥပဒေအရ ပေးထားတဲ့ လုပ်ရမယ့် လုပ်ငန်းတွေအတိုင်း ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သမ္မတ ဦးသိန်းစိန်က ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တော့ တပ်မတော်နဲ့ ပိုအဆင် ပြေခဲ့တာမျိုးလား။ အခုက အရပ်သားတွေပေါ့နော်။ ဗိုလ်ချုပ်ကြီးဟောင်းတွေနဲ့ အလုပ်လုပ်ရတာ ပိုအဆင်ပြေလား။ ဘယ်လိုတွေ ကွာခြားလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ဒီဟာတော့လည်း သူ့နေရာနဲ့ သူတော့ ရှိမှာပေါ့လေ။ ဘာကိုဆိုလိုတာတုန်း ဆိုတော့ လူပဲ ဖြစ်ဖြစ် အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ယုံကြည်ချက်တို့ ခံယူချက်တို့ ဆိုတာတော့ တသားတည်း ကျနိုင်စရာတော့ အကြောင်း မရှိပါဘူး။ ကျနော် ပြော သလို ဒီမိုကရေစီစနစ် ဆိုတာက ဘယ်လိုပဲ ပြောပြော အသွင်အမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုး အဖွဲ့ အစည်း အမျိုးမျိုးဟာ ပူးပေါင်းဆောင်ရွက်ခြင်း ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် တည်ဆောက်ရတဲ့ လုပ်ငန်းစဉ်မျိုး ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အတိုင်းပဲ ကျနော်တို့လည်း ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ ဒီမိုကရေစီစနစ်မှာ အချုပ်အခြာအာဏာဆိုတာ ပြည်သူလူထုဆီကနေ ဆင်းသက်ပါတယ်။ ရွေးကောက်ပွဲနဲ့ အာ ဏာရလာတဲ့ အစိုးရရဲ့အောက်မှာ တပ်မတော် ရှိရမယ်ဆိုတဲ့ အယူအဆမျိုး ရှိပါတယ်။ အဲဒီလို သဘောထားမျိုးကို ဗိုလ်ချုပ်တို့ လက်ခံလား။
ဖြေ။ ။ ကျနော်တို့ရဲ့ ဒီအခြေခံ ဥပဒေထဲမှာကို ပါပြီးသားပါ။ အခြေခံ ဥပဒေထဲမှာ ပါပြီးသားပါဆိုတာတော့ ဒီအုပ်ချုပ်ရေး တပ်မတော် ဆိုတာက နိုင်ငံတော်မှာ ရှိတဲ့ အဖွဲ့အစည်း တခုပဲ။ နိုင်ငံတော်မှာ ရှိတဲ့ အဖွဲ့အစည်း တခုပဲ ဖြစ်တယ်။ ဒီအခြေခံ ဥပေဒေထဲမှာလည်း ရှင်းရှင်းလင်းလင်း ပါပြီးသား ဖြစ်ပါတယ်။ နိုင်ငံတော်မှာ ရှိတဲ့ အချုပ်အခြာ အာဏာနဲ့ ပတ်သက်လာ ပြီးတော့ ကျင့်သုံးလျက် ရှိတဲ့လူတွေ နိုင်ငံတော်နဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေး အာဏာနဲ့ ပတ်သက်ပြီး ကျင့်သုံးခွင့်ရှိတဲ့ လူ တွေက ဘယ်လိုလဲဆိုတာ ပြဋ္ဌာန်းပြီး ဖြစ်တယ်။
ကျနော်တို့ ပုဒ်မ ၁၉၉ မှာ ပြဋ္ဌာန်းပြီး ဖြစ်တယ်။ နိုင်ငံတော်၏ အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည် လို့ ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဒီအခြေခံဥပဒေ ဆိုတာက ပြည်သူအားလုံးရဲ့ ထောက်ခံမှုနဲ့ ပြဋ္ဌာန်းထားတဲ့ဟာ ဖြစ်ပါတယ်။ ဒီ အခြေခံ ဥပဒေအတိုင်းပဲ ကျနော်တို့ လိုက်နာ ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အစိုးရ ခေါင်းဆောင်ပိုင်းလည်း အပြောင်းအလဲ ရှိနိုင်တယ်။ တပ်မတော်မှာလည်း ခေါင်းဆောင် အပြောင်းအလဲတွေ ရှိလာနိုင်တော့ ဒီနောက်ပိုင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ အပြောင်းအလဲ မရှိဘဲ ရှေ့ဆက်နိုင်အောင် ဘယ်လိုလုပ်မလဲ။ တိုင်းရင်းသားတွေနဲ့ ကြိုတင်ပြီးတော့ ကတိကဝတ်တွေ ယူဖို့ လိုမလား။
ဖြေ။ ။ ဒီဟာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး အခြေခံ အုတ်မြစ်ဖြစ်တဲ့ NCA စာချုပ် ရှိပြီးသားဖြစ်တယ်။ NCA စာချုပ်ဆိုတာက လက်မှတ်ရေးထိုးသွားတဲ့လူတွေသည် တပ်မတော်ဘက်က ဆိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ အရာရှိကြီးများ ပါဝင် လက်မှတ် ရေးထိုးထားရတာပဲ ဖြစ်တယ်။
အစိုးရဘက်ကလည်း ယခင်ကတည်းကအတိုင်း သမ္မတနဲ့ အုပ်ချုပ်မှု အဖွဲ့အစည်းတွေ ကျန်တဲ့ နိုင်ငံတကာကလည်း ပါဝင် လက်မှတ် ရေးထိုးတာတာ ဖြစ်တယ်။ ဒါသည် စာချုပ်စာတမ်း ဖြစ်ပါတယ်။ မည်သည့်လူတွေ ပြောင်းပြောင်း၊ မည်သည့် အစိုးရပဲ ပြောင်းပြောင်း၊ မည်သည့် ခေါင်းဆောင်တွေပဲ ပြောင်းပြောင်း ဒီအတိုင်းပဲ ဆက်လက် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ဒီဟာနဲ့ ပတ်သက်ပြီး ပြောင်းလဲမှု တစုံတရာ မဖြစ်နိုင်ပါဘူးလို့ ပြောချင်ပါတယ်။
မေး ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ တပ်မတော် အနေနဲ့ နိုင်ငံရေးကနေ ဘယ်ကာလလောက်မှာ ဆုတ်ခွာဖို့ ရှိမလဲ။
ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပြီးဖြစ်တယ်။ တပ်မတော် ခေါင်းဆောင်ပိုင်းတွေလည်း အလျဉ်းသင့်သလို ပြောပြီး ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ထပ်ပြောစရာ အကြောင်းမရှိပါဘူး။ အဲဒီကနေ ကိုးကားလိုက်တာပဲ ပိုဆင်ပြေပါလိမ့်မယ်။
You may also like these stories:
KNU တပ်မဟာ ၅ နှင့် တပ်မတော်တို့ ၂လအတွင်း တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ဟုဆို
ပုဏ္ဏားကျွန်းတွင် AA က တပ်အရာရှိ ၁ ဦးကို သတ်ပြီး ၁ ဦး ဖမ်းဆီးသွား
တပ်မတော်က Facebook ပြန်သုံးမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော
ကာကွယ်ရေး အသုံးစရိတ် ကျပ်သန်း ၁ သောင်းကျော် ဖြတ်တောက်ခံရ
မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန် “ဝ” နှင့် မိုင်းလားတို့တို့ကို တပ်ချုပ်ပြော