ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ခန့်မှန်းချက်အရ မိမိကိုယ်ကို အဆုံးစီရင်မှုကြောင့် နှစ်စဉ် လူ ၁ သန်းခန့် သေဆုံးနေပြီး အဲဒီကိန်းဂဏန်းဟာ ကမ္ဘာ့လူဦးရေ သေဆုံးနှုန်းရဲ့ လူ ၁ သိန်းမှာ ၁၆ ယောက် (သို့) စက္ကန့် ၄၀ တိုင်းမှာ လူ ၁ ဦး သေဆုံးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၀ မှာတော့ စက္ကန့် ၂၀ တိုင်း လူ ၁ ဦးနှုန်း သေဆုံးနိုင်တယ်လို့လည်း WHO က ခန့်မှန်း ထားပါတယ်။
WHO ရဲ့ ၂၀၁၈ နိုင်ငံအလိုက် မိမိကိုယ်ကို အဆုံးစီရင်တဲ့နှုန်း (Suicide Rates 2018) စာရင်းအရ မြန်မာနိုင်ငံမှာ မိမိ ကိုယ်ကို အဆုံးစီရင်မှု ၄၁၈၉ မှု ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့အဆင့် ၉၄ မှာ ရှိနေတယ်လို့ သိရပါတယ်။
ကမ္ဘာအနှံ့ သတ်သေမှု ၇၉ ရာခိုင်နှုန်းကျော်ဟာ ဝင်ငွေနည်းတဲ့၊ အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားလေ့ ရှိပြီး အာရှနိုင်ငံတွေမှာ မိမိကိုယ်ကို သတ်သေမှုနှုန်းဟာ ပိုများတယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းတခုက ဆိုထားသလို စိတ်ကျန်း မာရေးဆိုင်ရာ ဆရာဝန်တချို့ကလည်း သေကြောင်းကြံစည်မှု အတော်များများဟာ စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေ တယ်လို့ ဆိုပါတယ်။
မိမိကိုယ်ကို အဆုံးစီရင်မှုတွေ ဘာကြောင့် ဖြစ်နေရတာလဲ၊ ဒီလိုဖြစ်အောင် ဘယ်လို အခြေအနေတွေက တွန်းပို့နေတာလဲ၊ မိမိကိုယ်ကို အဆုံးစီရင်မှုတွေ လျော့နည်းသွားအောင် ဘယ်လိုနည်းလမ်းတွေက အထောက်အပံ့ ဖြစ်နိုင်မလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေးမှာ ကူညီပေးနေတဲ့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA)မှ Gender Equality/GBV Programme Specialist ဖြစ်သူ အဲရီ တာနီဂူချီ ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဇူးဇူးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ သေကြောင်းကြံစည်မှုရဲ့ ၉၀ ရာခိုင်နှုန်းလောက်က စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ ဟုတ် ပါသလား။ ဘယ်လို ဆက်စပ်နေပါသလဲ။
ဖြေ ။ ။ Diagnosis and Statistical Manual of Mental Disorders, 5th Edition မှာ ဖော်ပြထားချက်အရ မိမိကိုယ် ကို အဆုံးစီရင်တဲ့ အပြုအမူတွေဟာ စိတ်ရောဂါနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေမှာ မကြာခဏ ဖြစ်ပေါ်တတ်ပေမယ့် အမြဲ တစေ မှန်ကန်တယ်လို့ မဆိုနိုင်ပါဘူး။
ဥပမာ အမေရိကန်နိုင်ငံမှာ မိမိကိုယ်ကို အဆုံးစီရင်မှုကြောင့် သေဆုံးသူတွေရဲ့ ၁၀ ရာခိုင်နှုန်းမှာ စိတ်ရောဂါရှိတာ မတွေ့ရပါဘူး။ အဲဒီ ခန့်မှန်းချက်ဟာ တရုတ်နိုင်ငံမှာတော့ ၃၇ ရာခိုင်နှုန်းထိ ရှိပါတယ်။ တခြားတဖက်မှာလည်း စိတ်ရောဂါဆိုင်ရာ အခြေအနေနဲ့ တွဲဆက်ပြီး မိမိကိုယ်ကို အဆုံးစီရင်တဲ့ အပြုအမူတွေ ရှိပေမယ့် လူနာအများစုဟာ အဲဒီလို မလုပ်ကြပါဘူး။
သာမန်လူထုမှာ လုပ်ထားတဲ့ လေ့လာချက်တွေအရ စိတ်အတက်အကျ (Bipolar Disorder) ရောဂါလက္ခဏာတွေနဲ့ ကိုက် ညီတဲ့သူတွေရဲ့ ၂၉ ရာခိုင်နှုန်းသာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ဘဝမှာ ကြိုးပမ်းမှုတွေ လုပ်ခဲ့တယ်လို့ တွေ့ရပါတယ်။ ဒီအ ချက်ကို ကြည့်ခြင်းဖြင့် လူအများစုမှာ အဲဒီလိုအပြုအမူတွေ ပြုလုပ်ဖို့မရှိတာ တွေ့ရတယ်။ ဒါကြောင့် မိမိကိုယ်ကို အဆုံးစီ ရင်ခြင်းဟာ စိတ်ရောဂါနဲ့ သက်ဆိုင်တဲ့ အတွင်းကနေ ပေါ်ပေါက်လာတဲ့ အပြုအမူ မဟုတ်ပါဘူး။
အတိုချုပ်အားဖြင့် မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးပမ်းတဲ့ အပြုအမူဟာ Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ)၊ အရက် ကြောင့်ဖြစ်တဲ့ စိတ်ရောဂါတွေနဲ့ စိတ်ဒဏ်ရာ ဖြစ်ရပ်အလွန် စိတ်ဖိစီးမှုရောဂါရဲ့ အဓိကကျတဲ့ အပြုအမူ မဟုတ်ပေမယ့် အဲ ဒီ ရောဂါဝေဒနာတွေဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြံစည်အားထုတ်တာနဲ့ အဲဒါကြောင့် သေဆုံးခြင်းတို့ ဖြစ်စေနိုင်တဲ့ အ လားအလာ၊ အခြေအနေတွေနဲ့တော့ ဆက်စပ်မှုရှိတယ်လို့ သိနိုင်ပါတယ်။
မေး ။ ။ လူအများ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ဘယ်လိုအခြေအနေတွေက တွန်းအားပေးနေတာလဲ။
ဖြေ ။ ။ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်စဉ် ရာခိုင်နှုန်းတော်တော်များများဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝေဒနာ တွေ ဥပမာ စိတ်ဓာတ်ကျခြင်းနဲ့ မူးယစ်ဆေးဝါး စွဲလမ်းမှုဝေဒနာတွေနဲ့ ဆက်စပ်လျက် ရှိပါတယ်။ သို့သော်လည်း မိမိကိုယ် ကို အဆုံးစီရင်ခြင်းဟာ ရှုပ်ထွေးနက်နဲတဲ့ လူမှုရေးယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အခြေအအနေတွေမှာ ပေါ်ပေါက်လာ ပါတယ်။
လူမှုစီးပွားရေး အခြေအနေ၊ မိသားစုနဲ့ လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ အရေးကိစ္စတွေ ဥပမာ မိမိချစ်ခင်ရတဲ့သူကို ဆုံးရှုံး ရတာ၊ အလုပ်အကိုင်ဆုံးရှုံးတာ၊ လိင်စိတ်တိမ်းညွှတ်တာ၊ တဦးတယောက်ရဲ့ ဖြစ်တည်မှုကို တည်ဆောက်ဖို့ ခက်ခဲတာ၊ မိမိ ရဲ့ လူမှုအသိုင်းအဝိုင်း (သို့) ယုံကြည်ကိုးကွယ်ရာ အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံရတာမျိုး စတာတွေကြောင့်လည်း ပိုမို ဖြစ်ပေါ်လေ့ ရှိပါတယ်။
မေး ။ ။ အမျိုးသမီးနဲ့ အမျိုးသားမှာဆိုရင် ဘယ်သူက ပိုပြီး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်နိုင်ခြေ ပိုများလဲ။ ပြီးတော့ ဘယ်အသက်အရွယ် အပိုင်းအခြားလောက်မှာ အဖြစ်များလေ့ရှိပါသလဲ။
ဖြေ ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ တင်ပြချက်မှာ လွန်ခဲ့တဲ့ ၄၅ နှစ်အတွင်း ကမ္ဘာတဝှမ်းလုံးအနေနဲ့ မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်းဟာ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ၁၅-၄၄ နှစ်ကြား (ကျား၊ မ နှစ်ဦးစလုံးအတွက်) သေဆုံးမှု အဓိက အကြောင်းအရင်း ၃ အခုနက် တခုကတော့ မိမိကိုယ်ကို အဆုံးစီရင်ခြင်း ဖြစ်ပါတယ်။
မိမိကိုယ်ကို အဆုံးစီရင်မှုမှာ ယေဘုယျအားဖြင့် အသက်ကြီးတဲ့ အမျိုးသားတွေမှာ အများဆုံးတွေ့ရပေမယ့် လူငယ်တွေအကြား အဆုံးစီရင်မှုနှုန်းဟာ လည်း အတိုင်းအတာတခုထိ မြင့်တက်နေသလို သူတို့ဟာ နိုင်ငံတွေရဲ့ တတိယမြောက် အန္တရာယ် အကျရောက်နိုင်ဆုံး လူအုပ်စုတွေထဲမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။
မေး ။ ။ စိတ်ကျန်းမာရေးဆိုင်ရာ၊ မိမိကိုယ်ကို အဆုံးစီရင်မှုတွေနဲ့ ပတ်သက်လို့ အကြံပြုချင်တာများ ရှိပါသလား။
ဖြေ ။ ။ နေ့စဉ်စိတ်ဖိစီးမှုတွေနဲ့ တွေ့ကြုံရာမှာ အပြုသဘောဆောင်ပြီး လိုက်လျောညီထွေရှိတဲ့ ဖြေရှင်းတတ်တဲ့ အပြု အမူတွေ တည်ဆောက်ဖို့ အရေးကြီးပါတယ်။ အချက်တချို့ အကြံပြုပေးချင်ပါတယ်။ ခိုင်မာတဲ့ လူမှုဆက်ဆံရေးကို ထိန်း သိမ်းဖို့၊ မိမိတို့ရဲ့ မကောင်းတဲ့ ခံစားချက်တွေ လွင့်ပါးစေဖို့ ခက်ခဲတဲ့ အချိန်တွေမှာ လူမှုအထောက်အပံ့ရှာဖွေပါ။
ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေပါ။ မိမိကိုယ်မိမိ ယုံကြည်မှုရှိပြီး အပြောင်းအလဲတွေကို လက်ခံလိုစိတ်ရှိပါ။ မိမိကိုယ်မိမိ မွေးမြူပါ (မိမိ ကိုယ်မိမိ သိမြင်ခြင်း၊ သတိရှိခြင်း၊ လေ့ကျင့်ခန်း၊ ကျန်းမာတဲ့ အစားအစာတွေ စားသောက်ခြင်း၊ ဝါသနာပါတဲ့ အရာတွေကို အချိန်ပေးလုပ်ဆောင်ခြင်း)။ အကောင်းမြင် သဘောထားရှိပြီး မိမိဘဝ အောင်မြင်တိုးတက်ရေးအတွက် လုပ်ဆောင်ပါ။
ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတွေပြုစုပျိုးထောင်ပါ (နည်းပြ၊ ကြီးကြပ်သူတယောက် ရှာဖွေပါ)။ ခံနိုင်ရည်တည်ဆောက် ဖို့ ကုထုံးဆရာနဲ့ တွေ့ဆုံပါ (ခံနိုင်ရည်တည်ဆောက်ခြင်းဟာ လုပ်ငန်းစဉ်ဖြစ်ပြီး ရှိရင်းစွဲတည်ရှိနေခြင်းမဟုတ်ပါ)။
ဒီနည်းလမ်းတွေဟာ အခြေအနေပေါ်မူတည်ပြီး လူတိုင်းအတွက် ကွက်တိအသုံးဝင်မှာတော့ မဟုတ်ပါဘူး။ တခြားနည်း လမ်းတွေနဲ့ နည်းဗျူဟာတွေကိုလည်း ရှာဖွေ သုတေသနပြုဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ မိမိကိုယ်ကို စိတ်အေးချမ်းတည်ငြိမ်မှုနဲ့ ထိန်းချုပ်မှုပေးတဲ့ အရာတွေမှာ အာရုံစူးစိုက်ပါလို့ ပြောချင်ပါတယ်။
မေး ။ ။ UNFPA ကနေ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရာမှာ ကူညီပေးနေတယ်လို့ သိရပါ တယ်။ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ (MHPSS)ဆိုတာ ဘာကိုပြောတာပါလဲ။ ဒီအစီအစဉ်ကို ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ဖြစ်တာပါလဲ။
ဖြေ ။ ။ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ (MHPSS)ဆိုတာ ဟာ စိတ်လူမှုဆက်ဆံရေးဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကို ကာကွယ်ပေးဖို့၊ မြှင့်တင်ပေးဖို့ (သို့) စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုကို ကုသမှုပေးဖို့၊ ကာကွယ်တားဆီး ဖို့ ရည်ရွယ်တဲ့ ဒေသတွင်း (သို့) ပြင်ပက မည်သည့် အကူအညီ အထောက်အပံ့ကိုမဆို ရည်ရွယ်ပါတယ်။
MHPSS ဟာ ကဏ္ဍတိုင်းမှာ ထည့်သွင်းစဉ်းစားရမယ့်အကြောင်း အရာဖြစ်ပြီး ဒီလို အထူးထောက်ပံ့ပေးခြင်းဟာလည်း လူ အများ ကျန်းမာပျော်ရွှင်မှုနဲ့ ပေါင်းစည်းညီညွတ်မှုအပေါ် ထူးခြားတဲ့ အကျိုးရလဒ်တွေ ရရှိစေပါတယ်။ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိတဲ့ နေရာတွေမှာ အမျိုးသမီးတွေ၊ မိန်းကလေး ငယ်တွေ၊ ဆယ်ကျော်သက် လူငယ်ပိုင်းတွေရဲ့ ထိခိုက်လွယ်မှုဟာ မြင့်တက်လာနေပေမယ့် စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆိုင်ရာ လိုအပ်ချက်တွေကို ဦးစားပေးအနေနဲ့ ထည့်သွင်းစဉ်းစားဖို့ ကျန်ရှိ နေတတ်ပါတယ်။
UNFPA အနေနဲ့ လူငယ်၊ အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေရဲ့ စွမ်းရည်မြှင့်ခြင်း၊ ကျား/မရေးရာအခြေပြု အကြမ်းဖက် ခံရမှုတွေကနေ ရှင်သန်ကျန်ရစ်သူတွေကို ဘက်ပေါင်းစုံ ပြန်လည်ကောင်းမွန်လာစေဖို့ ထောက်ပံ့ပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ MHPSS ဟာလည်း အရေးပါတဲ့ လုပ်ငန်းအစိတ်အပိုင်း ဖြစ်ပါတယ်။
နောက်တခုက စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ လူမှုရေးဆိုင်ရာ အဆုံးအဖြတ်တွေကို ဖြေရှင်းပေးတဲ့ နည်းလမ်းတွေ ဟာ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လူမှုပြန်လည်ပေါင်းစည်းရေး အားထုတ်မှုတွေအတွက် အထောက်အပံ့ ပေး နိုင်ပါတယ်။ ပြီးတော့ ဒါတွေဟာ အမျိုးသမီး၊ အမျိုးသမီးငယ်တွေနဲ့ လူငယ်တွေရဲ့ ကျန်းမာပျော်ရွှင်မှုနဲ့လည်း ခိုင်မာတဲ့ ဆက်စပ်မှု ရှိနေပါတယ်။
ဒါကြောင့် စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်း ဟာ မိမိကိုယ်ကို အဆုံးစီရင်တဲ့ ဖြစ်ရပ်တွေ ကာကွယ်တားဆီးရေးကိုသာမကဘဲ လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်း ချမ်းရေး စတဲ့ ဆက်စပ်လုပ်ငန်းတွေမှာလည်း အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်။
မေး ။ ။ UNFPA အနေနဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ ဝန်ဆောင်မှုတွေကို ဘယ်အချိန် ကတည်းက စတင်လုပ်ဖြစ်ခဲ့တာလဲ။ ဒါက ဘယ်လောက်အတိုင်းအတာထိ ထိရောက်မှု ရှိပါသလဲ။
ဖြေ ။ ။ သင်ရိုးညွှန်းတမ်းပြုစုဖို့၊ အဲဒါကို စတင်မိတ်ဆက်ဖို့ UNFPA ဝန်ထမ်းတွေ၊ အစိုးရနဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့တွေ က ဝန်ထမ်းတွေ အသိပညာတိုးပွားဖို့ ကျားမအခြေပြုအကြမ်းဖက်မှု ဝန်ဆောင်မှုတွေမှာ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှု ဆက်ဆံရေး အထောက်အပံ့ ပေါင်းစပ်လုပ်ဆောင်ခြင်း အားကောင်းစေဖို့ UNFPA ဟာ ၂၀၁၅ မှ စတင်ပြီး နိုင်ငံတကာ MHPSS ကျွမ်းကျင်ပညာရှင်တွေ ခန့်အပ်ပြီး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်။
ဒါ့အပြင် UNFPA ဟာ အမျိုးသားအဆင့် စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ လုပ်ငန်းအဖွဲ့ (MHPSS Working Group)ကို ၂၀၁၈ ကစလို့ တွဲ ဖက်ဦးဆောင်သူအဖြစ် စည်းရုံးလှုံ့ဆော်ရေး (Advocacy)နဲ့ ပူးပေါင်းဆောင် ရွက်ရေး အခန်းကဏ္ဍတွေမှာ အဓိက ဦး ဆောင်တဲ့ အဖွဲ့နေရာကနေ တာဝန်ယူခဲ့ပါတယ်။
MHPSS ကွန်ရက်အဖွဲ့ဝင်တွေရဲ့ တုန့်ပြန်ချက်တွေမှာ အပြုသဘောဆောင်တဲ့ တုန့်ပြန်ချက်တွေ ရရှိခဲ့ပါတယ်။ အထူးသ ဖြင့် ဆိုးရွားတဲ့ဖြစ်စဉ်တွေနဲ့ လုပ်ကိုင်ရာမှာ အကောင်းမြင်ဝါဒ မြင့်မားလာတာ၊ ကျွမ်းကျင်မှုအသစ် ရရှိလာတာ၊ အဖွဲ့ အစည်းတွေအကြား လေ့လာရရှိမှုတွေကို အချင်းချင်း မျှဝေလာတာ၊ တချို့ဖြစ်စဉ် ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းရာမှာ ကျွမ်း ကျင်လာတာတို့ ဖြစ်ပါတယ်။
မေး ။ ။ ဒီထောက်ပံ့ပေးမှုတွေကို ဘယ်ဒေသတွေမှာ ဆောင်ရွက်နေပါသလဲ။ ထပ်မံတိုးချဲ့သွားဖို့ရော ရှိပါသလား။
ဖြေ ။ ။ UNFPA နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးတဲ့ လုပ်ငန်းတွေကို ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာရှိတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်စင်တာတွေမှာ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလုပ်ငန်း တွေမှာ တဦးချင်းနဲ့ အဖွဲ့လိုက် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးတာ၊ လုပ်ငန်းအခြေပြု စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးတာ၊ ရပ်ရွာတွင်း သင်တန်းပေးပို့ချတာတို့ ပါဝင်ပါတယ်။
လွန်ခဲ့တဲ့နှစ်အတွင်း UNFPA ရဲ့ စိတ်လူမှု ဆက်ဆံရေးဆိုင်ရာ အကူအညီအထောက်အပံ့ကို လူပေါင်း ၂၄၀၀၀ ကျော် ရရှိခဲ့ပါတယ်။
လတ်တလော UNFPA ရဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ လုပ်ငန်းတွေကို ရခိုင်နဲ့ ကချင်ပြည် နယ်တို့မှာ ပိုမိုဆောင်ရွက်နေပြီး ရှမ်း၊ ကရင်၊ ကယား၊ မွန် စတဲ့ ပြည်နယ်တွေမှာလည်း လုပ်ငန်းဆောင်ရွက်မှုတွေ ဆက် လက်တိုးချဲ့ဖို့ ရှိပါတယ်။ အမျိုးသားအဆင့် စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေးဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ် ငန်းစနစ် ပိုမိုအားကောင်းလာဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနနဲ့လည်း စတင် ဆွေးနွေးလုပ်ဆောင်လျက် ရှိပါတယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု စနစ် အပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့နဲ့ဆိုင်တဲ့ လိုအပ် ချက်တွေ ဖြည့်ဆည်းဖို့ မူဝါဒ မူဘောင်တွေ၊ အခြေခံအဆောက်အအုံတွေနဲ့ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ပိုင်းတို့ မှာ နည်းပါးနေပါသေးတယ်။ မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟာ ဆေးရုံအခြေပြု စောင့်ရှောက်မှု သာ ဖြစ်ပြီး ဗဟိုအဆင့်တည်ရှိတဲ့ စိတ်ကျန်းမာရေးဆေးရုံကြီး ၂ ရုံကိုသာ အားထားနေရပါတယ်။ ရပ်ရွာအခြေပြု စိတ်ကျန်း မာရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။
မြန်မာပြည်မှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသုံးစရိတ်ဟာ ကျန်းမာရေးအသုံးစရိတ် စုစုပေါင်းရဲ့ ဝ.၃၆ ရာခိုင်နှုန်း သာ ရှိပါတယ်။ နိုင်ငံအတွင်း ဆေးပညာနဲ့ဆေးကုခန်း အခြေပြု စိတ်ပညာရှင် (သို့) နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာ စိတ်ပညာရှင် ၅ ဦးသာရှိပြီး ၎င်းတို့အားလုံးဟာလည်း ပုဂ္ဂလိက လုပ်ငန်းတွေမှာ လုပ်ကိုင်နေပါတယ်။
မေး ။ ။ UNFPA အနေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေတာမျိုး ရှိပါသလား။
ဖြေ ။ ။ UNFPA အနေနဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ ဆိုင်ရာလုပ်ငန်းတွေ ပိုမို အားကောင်းစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်ဦးစီးဌာနတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင် လျက်ရှိပါ တယ်။ အဲဒီဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဌာနတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကလည်း အားရ ကျေနပ်ဖွယ် တုန့်ပြန်ချက်တွေ ရရှိခဲ့ပါတယ်။
UNFPA နဲ့ UNICEF တို့ရဲ့ ထောက်ပံ့မှုနဲ့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ Case Managers တွေအတွက် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ဆိုင်ရာ သင်ရိုးညွှန်းတမ်းကို အကောင်အထည်ဖော် ရေးဆွဲလျက်ရှိပြီး ဒီနှစ်အတွင်း စတင်မိတ်ဆက်နိုင် မှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ကျန်းမာရေးဝန်ထမ်းတွေ အတွက် ရေးဆွဲထားတဲ့ လက်ရှိ သင်ရိုးညွှန်းတမ်းနဲ့ ဝန်ဆောင်မှုတွေမှာ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ အစီအမံတွေကို UNFPA ထောက်ပံ့မှုနဲ့ ထည့်သွင်းဖို့ စိတ်အားထက်သန်လျက် ရှိပါတယ်။
မေး ။ ။ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်ကာလမှာရော ဘယ်လို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေ ရှိနိုင်ပါ သလဲ။
ဖြေ ။ ။ COVID-19 ဟာ လူအများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းသာရှိမှုအပေါ် အကျိုးသက်ရောက်မှုများစွာရှိပါ တယ်။ တချို့လူတွေမှာ သူတို့ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ကပ်ရောဂါ သက်ရောက်မှုရဲ့ မ သေချာမရေရာမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ခံစားကြရပါတယ်။ ပြည်သူလူထုအတွင်း ရောဂါဟာ အနာဂတ်မှာ ပိုဆိုးလာနိုင်မလားဆိုတာနဲ့ ပတ်သက်လို့လည်း ပူပန်မှုတွေ ရှိနေပါတယ်။
COVID 19 ဟာ အသက်ရှုလမ်းကြောင်းဆိုင် ရာရောဂါကို ဖြစ်ပွားစေပြီး ဖျားခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ချောင်းခြောက် ဆိုးခြင်းစတဲ့ ရောဂါလက္ခဏာတွေ အဓိက ဖြစ် ပွားတတ်ပါတယ်။ သာမန်အအေးမိ တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့ သူတွေ ဟာလည်း သူတို့မှာ COVID-19 ရှိနေနိုင်မလားဆို ပြီး စိတ်ပူတတ်ကြပါတယ်။
ယေဘုယျအားဖြင့် လူအများစုဟာ ဖိစီးမှု ပိုမိုခံစားလာရပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုဟာ မြင့်တက်လာနိုင်ပါတယ်။ သို့ပေမယ့် ဒါတွေဟာ ယခုလို လူထုကပ်ရောဂါ ဖြစ်ပွားတဲ့ အခြေအနေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်အခြေအနေ၊ တုန့်ပြန်မှုတခု သာ ဖြစ်ပါတယ်။ ဒီလိုပြုမူခြင်းဟာ မသိမမြင်နိုင်တဲ့ အခြေအနေကို တုန့်ပြန်တဲ့ သာမန် တုန့်ပြန်မှုတခုဖြစ်သလို စိတ်ပိုင်း ဆိုင်ရာ တုန့်ပြန်မှုအမျိုးမျိုးလည်း ဖြစ်ပေါ်လာနိုင်တာကြောင့် ကိုဗစ်နဲ့ ပတ်သက်ပြီး စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုပိုင်းဆိုင် ရာ ရှုထောင့်ကနေ အသေအချာ ကိုင်တွယ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
မေး ။ ။ UNFPA အနေနဲ့ရော ဒီလို ကိုဗစ်ကာလ ကြုံတွေ့ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်ပေးနေတာမျိုး ရှိလား။
ဖြေ ။ ။ UNFPA အနေနဲ့ အစိုးရနဲ့ NGO မိတ်ဖက်အဖွဲ့အစည်းတွေကို COVID 19 နဲ့ ပတ်သက်ပြီး စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုပိုင်းဆိုင်ရာ ရှုထောင့်ကနေ ကိုင်တွယ်လုပ်ဆောင်နိုင်ဖို့ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေပါတယ်။ မြန်မာနိုင်ငံ သား ကျွမ်းကျင်သူ ၄ ဦးနဲ့ ဖွဲ့စည်းထားတဲ့ MHPSS သင်တန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရှေ့တန်းကနေ စောင့်ရှောက်မှုပေးနေတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ NGO မိတ် ဖက်အဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို အခြေခံ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုပိုင်း ဆိုင်ရာအထောက်အပံ့၊ COVID-19 ရဲ့ စိတ်လူမှုပိုင်းအပေါ် သက်ရောက်မှုတွေနဲ့ မိမိကိုယ်မိမိစောင့်ရှောက်ခြင်း စတဲ့ခေါင်း စဉ်တွေနဲ့ သင်တန်းတွေ လုပ်ဆောင်ပေးနေပါတယ်။
UNFPA အနေနဲ့ မိတ်ဖက်အဖွဲ့တွေအတွက် အခုလို ကပ်ရောဂါအခြေ အနေမှာ ကွင်းဆင်းဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာ ချမ်းသာရေးနဲ့ မိမိကိုယ်မိမိ စောင့်ရှောက်ဖို့ ပိုမိုကူညီပေးနိုင်မယ့် အွန်လိုင်း သင်ခန်းစာတွေကို အပတ်စဉ် ပို့ချပေးလျက် ရှိပါတယ်။
မေး ။ ။ ကိုဗစ်ကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်ခံစားနေရတဲ့သူတွေအတွက် ဘာများ အကြံပြုချင်ပါသလဲ။
ဖြေ ။ ။ လူအများစုမှာ မတူညီတဲ့ အတွေးအခေါ်တွေ၊ စိတ်ခံစားမှုတွေနဲ့ တုန့်ပြန်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ အကျပ် အတည်းကာလမှာ ဝမ်းနည်းမှု၊ စိတ်ဖိစီးမှု၊ စိတ်ရှုပ်ထွေးမှု၊ ထိတ်လန့်မှုတွေနဲ့ စိတ်တိုတာတွေ ခံစားရတာဟာ သာမန် ခံ စားချက်တွေသာ ဖြစ်ပါတယ်။
အဲဒီလို အတွေးတွေကို သိမှတ်ပြီး အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြန်လည်နာလန်ထူဖို့ လုပ်ဆောင်ပါ။ အကယ်၍ အိမ်မှာနေထိုင်ရမယ်ဆိုပါက သင့်တင့်လျောက်ပတ်စွာ စားသုံးခြင်း၊ အိပ်စက်အနားယူခြင်း၊ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ချစ်ခင်ရသူတွေနဲ့ လူမှုအဆက်အသွယ် ပြုလုပ်ခြင်း အပါအဝင် ကျန်းမာတဲ့ လူမှု အနေအထိုင်ကို ဆက်လက်ကျင့်သုံးပါ။
ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို တတ်နိုင်သမျှ အမြန် ဆုံး ပြန်လည်ရောက်ရှိဖို့ ကြိုးစားပါ။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပုံမှန်စကားပြောပါ။
တိကျသေချာတဲ့ သတင်းအချက်အလက် ရရှိနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့လို ယုံ ကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကိုသာ ရှာဖွေပါ။ သင့်ကို စိုးရိမ်စိတ် ဖြစ်ပေါ်စေတဲ့ သတင်းတွေ အချိန်ပေး ဖတ် ရှုတာကို နည်းနိုင်သမျှနည်းစေပြီး စိတ်ပူပန်ခြင်းကို အတတ်နိုင်ဆုံး လျှော့ချပါ။
ရောဂါကူးစက်ပြန့်ပွားစဉ် ကာလအတွင်း စိတ်ခံစားမှု အခြေအနေကို ထိန်းချုပ်နိုင်ဖို့ သင့်ကို ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့ ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့ အပြု သဘောဆောင်တဲ့ အရာတွေကို အာရုံပြုပါ။ စိတ်ခံစားမှုတွေ ဖြေလျှော့ဖို့ ဆေးလိပ်သောက် တာ၊ အရက်သောက်တာ နဲ့ ဆေးသုံးစွဲတာမျိုးတွေ မပြုလုပ်ပါနဲ့။ တကယ်လို့ ဖျားနာပြီ COVID-19 ရောဂါလက္ခဏာ တစုံတရာ ခံစားရပါက ဆရာ ဝန်နဲ့ ချက်ချင်းသွားရောက်ပြသပါ။
ရှက်ရွံ့ခြင်း၊ ပုန်းရှောင်ခြင်းတွေ မပြုလုပ်ပါနဲ့။ ကိုယ့်ကျန်းမာရေးအတွက် ဘယ်လို အကူအညီ ရယူနိုင်မယ်ဆိုတာကို ကြိုတင်စီစဉ်ထားသင့်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်