မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း စကော့မာစီရယ် (Scot Marciel) ၏ မြန်မာနိုင်ငံတွင် ၎င်းတာဝန်ထမ်းဆောင်စဉ်အတွင်း မှတ်မှတ်ရရရှိခဲ့သည်များ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလ တိုးတက်မှုများအကြောင်း ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် အောင်ဇော်၊ တွဲဖက်အယ်ဒီတာ ငြိမ်းငြိမ်း တို့ နှင့်ဆက်သွယ်မေးမြန်း ဆွေးနွေးထားသည်များမှ ကောက်နှုတ်ဖော်ပြပါသည်။ သံအမတ်ကြီး တာဝန်ပြီးဆုံးပြီး ၎င်းနိုင်ငံသို့ ပြန်လည်မထွက်ခွာစဉ် မေလအတွင်းက ပြုလုပ်ခဲ့သည့် မေးမြန်းမှု ဖြစ်ပါသည်။
မေး။ ။ မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်လာကတည်းက အမေရိကန် – မြန်မာ ဆက်ဆံရေးကို ပြည်သူတွေက အသိအမှတ် ပြုလာခဲ့ကြပါတယ်။ လူအများစုက သံအမတ်ကြီးရဲ့ မြန်မာနိုင်ငံတွင်းက အတွေ့အကြုံ တွေနဲ့့ပြီးခဲ့တဲ့ ၄ နှစ်တာ ကာလသက်တမ်းကို သံအမတ်ကြီးက ဘယ်လို ဖွင့်ဆိုမလဲ ဆိုတာကို သိချင်နေတယ်။ အဲဒီကစ ပြောပြပေးလို့ ရမလား။
ဖြေ။ ။ ပြီးခဲ့တဲ့နှစ်တွေက စတင်ခဲ့တဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေအပေါ် အခြားသူတွေလိုပဲ ကျနော် ဝမ်းသာပါတယ်။ ကျနော့် ရဲ့ ၄ နှစ်တာ ကာလအတွင်း ဒီမှာ တွေ့ခဲ့ရတာကတော့ ခင်ဗျားတို့ရဲ့ တိုင်းပြည်မှာ မျှော်လင့်ထားတာထက် တကယ်ကို ပိုပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေတာပါ။ လွတ်လပ်ရေး ကာလ ဒါမှမဟုတ် အဲဒီထက် တောင်ပိုပြီး စောတဲ့ ကာလတွေကထဲက ရှိခဲ့တဲ့ စိန်ခေါ်မှုတွေပါ။ အဲဒီ စိန်ခေါ်မှုတွေက နှစ်ပေါင်းများစွာကြာအောင် မဖြေရှင်းနိုင်ခဲ့ဘဲ ရှိနေတာပါ။
ဒီမှာ ၄ နှစ်ကြာပြီးတဲ့နောက် ကျနော် သတိပြုမိတာကတော့ ခင်ဗျားတို့တွေက တတ်နိုင်သမျှ နေ့စဉ်နေ့တိုင်း တိုးတက်မှုရအောင် လုပ်ချင်ကြတယ်ဆိုတာပါပဲ။ အဲဒါက နေရာတိုင်းမှာ မှန်ပါတယ်။ ဒါပေမယ့် ဒီ စိန်ခေါ်မှုအားလုံးကို ကျော်လွှားနိုင်ဖို့ အချိန်ယူရပါတယ်။ စိန်ခေါ်မှုတွေကို ကြည့်ပြီးတော့ စိတ်ဓါတ်ကျစေနိုင်တဲ့ ဒါမှမဟုတ် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတောင် ဖြစ်ရနိုင်တာမျိုးပါပဲ။ ဒါပေမယ့် ကျနော်ကတော့ ရလာတဲ့ တိုးတက်မှုတွေကို ကြည့်ပါတယ်။
ပိုပြီး အရေးကြီးတာက ပညာရေး၊ ကျန်းမာရေး၊ ဒီမိုကရေစီရေး သို့မဟုတ် စီးပွားရေး စသည်ဖြင့် ကွဲပြားခြားနားတဲ့ ကိစ္စတွေမှာ တနိုင်ငံလုံး အတိုင်းအတာ နဲ့ ဖြစ်စေ သို့မဟုတ် သူတို့ရဲ့ အသိုင်းအဝိုင်းတွင်းမှာပဲ ဖြစ်စေ တိုးတက်ဖို့အတွက် ဒီမှာရှိတဲ့ လူဘယ်လောက်များများက အမှန်တကယ် ကတိကဝတ်ပြုထားသလဲ၊ မြှုပ်နှံထားသလဲ ဆိုတာပါပဲ။ ဒီမှာ အထင်ကြီးစရာကောင်းသူ နှစ်မြှုပ်ထားကြတဲ့သူတွေ အများကြီးနဲ့ ကျနော်တွေ့ခဲ့ရပါတယ်။
ခံယူချက်အများအပြားနဲ့ အလုပ်ကောင်းတွေလုပ်နေတဲ့ ဒီလူတွေနဲ့ အဖွဲ့အစည်းတွေအားလုံးမှာ စိန်ခေါ်မှုတွေ အလွန်အကျွံ ရှိပါတယ်။ ကျနော့်အတွက်တော့ ဒါဟာ ဆက်ပြီး အားထုတ်ဖို့နဲ့ ခင်ဗျားတို့ သွားချင်တဲ့ နေရာကို ရောက်ဖို့ အတိုင်းအတာတခုအထိ စိတ်ရှည်မှု လိုအပ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။
ကျနော်တို့ အနေနဲ့ဆိုရင် ခင်ဗျားတို့ကို ကျနော်တို့က ငြိမ်းချမ်းရေး၊ သာယာဝပြောမှု နဲ့့ ပိုမို အားကောင်းတဲ့ ဒီမိုကရေစီ ရရှိပြီး အောင်မြင်စေချင်ပါတယ်။ ကျနော်တို့ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍက မိတ်ဖက်ကောင်းတဦး ဖြစ်ဖို့၊ ဒီအလုပ်ကို လုပ်နေတဲ့ သူတွေအားလုံးနဲ့ အဖွဲ့အစည်းတွေ အားလုံးကို ထောက်ပံ့ကူညီ ပေးဖို့ ဖြစ်ပါတယ်။
မေး။ ။ အမေရိကန်ရော မြန်မာပါ နှစ်နိုင်ငံလုံးက ကမာ္ဘ့ကပ်ရောဂါ COVID-19 ကို တိုက်ဖျက်နေရတဲ့ အချိန်မှာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို ဘယ်လို အကူအညီတွေ ပေးနေပါသလဲ။
ဖြေ။ ။ ၂၀၁၂ ခုနှစ်က စလို့ ဒီမှာ ကျနော်တို့ရဲ့ ကျန်းမာရေးအဖွဲ့တခု ရှိပါတယ်။ USAID နဲ့ မကြာသေးခင်က ရောဂါ ထိန်းချုပ်ရေး စင်တာ (CDC ) တို့က ငှက်ဖျား၊ တီဘီ၊ HIV/AIDS ဆိုင်ရာ ကျန်းမာရေးအသိပညာပေးနဲ့ အကူအညီပေးရေးလုပ်ငန်းအပြင် ပိုမို ကျယ်ပြန့်တဲ့ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းတွေ လုပ်နေပါတယ်။ အခုချိန်မှာတော့ လူတိုင်းက ကပ်ရောဂါ ကာကွယ် ကုသနှိမ်နှင်းရေး အပေါ် အာရုံစိုက်နေပါတယ်။
မြန်မာနိုင်ငံကို ကပ်ရောဂါဆိုင်ရာ အရေးပေါ်အကူအညီ အမေရိကန်ဒေါ်လာ ၉.၅ သန်း (၁၃.၃၄ ဘီ လီယံကျပ်) ကူညီဖို့ ကျနော်တို့ ကတိပြုထားပါတယ်။ အဲဒီ ငွေတွေကို စမ်းသပ်မှုများပြုလုပ်ရေး အတွက် ဓာတ်ခွဲခန်း တွေရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ ကူညီခြင်းလိုမျိုး လုပ်ငန်းမှာ အသုံးပြုနေပါတယ်။ ဒီဗိုင်းရပ်စ် နဲ့ ပတ်သက်လို့ ပြည်သူတွေထံ သတင်းအချက်အလက်ပေးတာတွေကို မိတ်ဖက်အဖွဲ့တွေနဲ့ အများကြီး ပူးပေါင်းဆောင်ရွက်ပါတယ်။ ဗိုင်းရပ်က ဘယ်လိုဟာလဲ၊ မိမိကိုယ်ကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာတွေကို ဘာသာစကား အမျိုးမျိုးနဲ့ သတင်းအချက်အလက်တွေ ပိုမိုရရှိစေဖို့ လုပ်ပါတယ်။ ပြည်သူတွေ လုံခြုံမှုရှိစေဖို့ အခြေခံပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာ နဲ့ သန့်ရှင်းသောရေ ရရှိနိုင်ဖို့ ကျနော်တို့ ဆက်လက်ကူညီနေပါတယ်။
ကျနော် တို့ရဲ့ CDC အဖွဲ့က ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနနဲ့ အတူ သိပ္ပံ နဲ့ ဇီဝဗေဒဆိုင်ရာ ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ပါတယ်။ အဲဒါက ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ ကျနော်တို့ ဆောင် ရွက်နိုင်ခြင်းအတွက် ကျနော်တို့ တကယ်ကို ကျေနပ်အားရတဲ့ ကိစ္စဖြစ်ပါတယ်။
မေး။ ။ သံအမတ်ကြီး ဒီမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ မြန်မာအစိုးရက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ တိုးတက်မှုရှိဖို့ ဆောင်ရွက်တဲ့အခါ မြန်မာအစိုးရ အနေနဲ့ လွဲချော်ခဲ့တဲ့ အကြီးမားဆုံးအခွင့်အလမ်းတွေက ဘာတွေ ဖြစ်မလဲ။
ဖြေ။ ။ ဒီထက်ပိုပြီး လုပ်နိုင်ခဲ့သင့်တယ်လို့ ကျနော်ယူဆတာတွေကို ထောက်ပြဖို့နဲ့ ပတ်သက်ရင် အနည်းငယ် (ကိုယ့်ကိုယ်ကို) နှိမ်ချပြောချင်ပါတယ်။
ကျနော့်အတွက်ကတော့ နံပါတ် (၁)အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။ ကျနော့်အမြင်မှာတော့ ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကမာ္ဘပေါ်မှာ အရှုပ်ထွေးဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ ကွဲပြားခြားနားတဲ့ အုပ်စုတွေ အလွန်များပြားစွာ ပါဝင်နေလို့ ဖြစ်ပါတယ်။
အနာဂတ်မှာတော့ ဒီအသိုင်းအဝိုင်းအချို့ရဲ့ မကျေလည်မှုအရင်းခံတွေက ဘာတွေလဲဆိုတာကို သေသေချာချာ နားလည်ဖို့ ပိုမိုအားထုတ်မှုတွေ ရှိလာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချက်တွေကို ဖြေရှင်းနိုင်ပြီး၊ အသိုင်းအဝိုင်းအားလုံးကလည်း သူတို့ရဲ့ ယဉ်ကျေးမှု၊ သမိုင်းနဲ့ ဘာသာစကား အစရှိတာတွေ အပေါ်တန်ဖိုးထားတယ်လို့ ခံစားကြရရင် အဲဒါက အထောက်အကူ ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။
ဒုတိယအချက်ကတော့ ပြောရမယ်ဆိုရင် စာနယ်ဇင်း လွတ်လပ်ခွင့် အပါအဝင် အခြေခံ လွတ်လပ်ခွင့်တွေနဲ့ အခွင့်အရေး တချို့ မှာ ပိုမိုတိုးတက်မှုတွေကို ကျနော် မြင်ချင်ခဲ့ပါတယ်။ ရှိပြီးသားတိုးတက်မှုတွေ ဆက်ရှိ နေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တခု ရှိခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက အဲဒီလို မဖြစ်ခဲ့ပါဘူး။ အဲဒါ က ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေတယ်လို့ ကျနော် ထင်ပါတယ်။
တတိယ အနေနဲ့ကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေက လူသားအမြင်ရှုထောင့်အရရော တိုင်းပြည်အတွက်ပါ ကြီးမားစွာ ထိခိုက် နစ်နာတဲ့အပြင် အလွန်ဆိုးဝါးတဲ့ ပြဿနာတခု၊ အလွန်ဆိုးဝါးတဲ့ ဆုတ်ယုတ်မှု တခု ဖြစ်နေပါတယ်။ ဒီလို အမြင်သဘောထားပြင်ထန်းမှုတွေကို ဘယ်လို ကျော်လွှားမလဲ၊ လူတွေကို အတူတကွ ဖြစ်အောင် ဘယ်လိုစုစည်းနိုင်မလဲ ဆိုတာကို ကြိုးစားရတာက ကြီးမားတဲ့ စိန်ခေါ်မှု တခုလို့ ကျနော် ထင်ပါတယ်။ သေချာတာကတော့ အဲဒီဆုတ်ယုတ်မှုကြီးက ရှိကိုရှိနေတယ်။ ဆက်လက်ဖြစ်ပွားနေဆဲ အကြမ်းဖက်မှုတွေနဲ့ အရပ်သားတွေ ထိခိုက်ရမှုတွေနဲ့ အတူ ဒါဟာ အရေးကြီးတဲ့ ပြဿနာတခု အဖြစ် ဆက်ရှိနေပါတယ်။
မေး။ ။ ရခိုင်ပြည်နယ် ကိစ္စကိုပဲ ဆက်ပြောရမယ်ဆိုရင် အစိုးရ က ရက္ခိုင်စစ်တပ် (AA) နဲ့ ရခိုင် ရိုဟင်ဂျာ ကယ် ဆယ်ရေး တပ်မတော် (ARSA) ကို အကြမ်းဖက် အဖွဲ့တွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကျနော်တို့ မကြာခဏ ဆိုသလို ကြားနေရတဲ့ အတိုင်း ဘယ်အစိုးရကမှ အကြမ်းဖက်သမား တွေနဲ့ စေ့စပ် ညှိနှိုင်းမှု မလုပ်ပါဘူး။ အဲဒါ ဆိုရင် မြန်မာ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်က လုံးဝရပ်တန့်သွားပြီလား။ လက်ရှိအခြေအနေကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော့်အမြင်ကတော့ ရခိုင်ပြည်နယ်အတွက် နိုင်ငံရေးအရ ဖြေရှင်းမှုတခု လိုအပ်ပါတယ်။ AA ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ခြင်း အပေါ် မှတ်ချက်ပေးဖို့က ကျနော့် ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့် အတွေ့ အကြုံအရ ရခိုင်ပြည်နယ်ကို အကြိမ်ကြိမ် သွားရောက်ခဲ့ဖူးတာမို့ ရခိုင်ပြည်နယ်မှာ အခြေခံနိုင်ငံရေးကိစ္စရပ်တချို့ ရှိ တယ်လို့ ကျနော် ထင်ပါတယ်။
ကျနော့် အမြင်အရ ဆိုရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတခု ရှိလာဖို့ နည်းလမ်းရှာဖွေဖို့၊ အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ချက်ကြောင့် လေးနက်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့၊ ဒီပြဿနာ အတွက် နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ ကြိုးစားခြင်းက အလွန် အရေးကြီးပါတယ်။ ဒါမှသာ တိုက်ခိုက်မှုတွေ တဖြည်းဖြည်း လျော့နည်းပြီး အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတချို့ ရပ်တန့်သွားတာကို ကျနော်တို့ မြင်တွေ့ရပေမယ့်လည်း ရခိုင်နဲ့ တခြားပြည်နယ်တွေမှာ တရုတ်စီမံကိန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများနဲ့ အနာဂတ်မှာ ပေါ်ပေါက်လာနိုင်ချေရှိတဲ့ ပြဿနာတွေအပေါ် ဒေသခံ အသိုင်းအဝိုင်းများကြားမှာ ကြီးမားတဲ့ စိုးရိမ် ပူပန်မှုတွေ ရှိနေပါတယ်။ အဲဒီကနေ ဘယ်လို ဖြစ်လာနိုင်ဖွယ်ရှိပါသလဲ။
ဖြေ။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရဲ့ ရည်ရွယ်ချက်က အကျိုးကျေးဇူးများ ရရှိစေရေး ဖြစ်သင့်ပါတယ်။ သိသာထင်ရှားတာ ကတော့ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေက အကျိုးအမြတ် ခံစားချင်တယ်။ ဒါပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှုတွေက အိမ်ရှင် အသိုင်းအဝိုင်း နဲ့ အိမ်ရှင်နိုင်ငံတွက် အကျိုး စီးပွား ယူဆောင်ပေးသင့်ပါတယ်။
ဒီတော့ ကျနော့်အနေနဲ့ကတော့ အရေးကြီးတာက ရင်းနှီးမြှုပ်နှံမှုက ဘယ်ကလာသလဲ ဆိုတာထက် ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုးလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ယူဆောင်လာတဲ့ အကျိုးကျေးဇူးက ဘာတွေလဲ။ ပြီးတော့ ယူဆောင်လာတဲ့ တန်ဖိုးက ဘာလဲ။ အဲဒီနောက် ကုန်ကျစရိတ်ထက် အကျိုးအမြတ် ပိုရှိတယ် မရှိဘူးဆိုတာကို ပြောဖို့က နိုင်ငံတော်ရဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဒေသခံအသိုင်းအဝိုင်းတွေနဲ့ တိုင်ပင်ဆွေးနွေးမှု ရှိမယ်လို့ မျှော်လင့်ပါတယ်။
ဒီလို ဆုံးဖြတ်ချက်ဖို့က ကျနော့်လို နိုင်ငံခြားသားတယောက် ရဲ့ အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် အသေအချာ ဆန်းစစ် လေ့လာခြင်း နဲ့ ဒေသခံများနဲ့ တိုင်ပင်ဆွေးနွေးမှုက အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ တချို့ စီမံကိန်းတွေမှာ- တခုကို အတိအကျ ရည်ညွန်းရရင် (ကရင်ပြည်နယ်က) ရွှေကုက္ကို မှာ လူမှုရေးပြဿနာ အများအပြားကို ဖြစ်ပေါ်စေခဲ့ပုံ ရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ အများကြီး ကျနော် ကြားခဲ့ရပြီးပါပြီ။ ဒေသခံ လူ အနည်းငယ် အတွက်သာ မဟုတ်ဘဲ ဒေသခံ အသိုင်းအဝိုင်းတခုလုံးအတွက် မေးခွန်းက အကျိုးကျေးဇူးတွေက ကုန်ကျစရိတ်ထက် ကျော်လွန် သလား ဆိုတာပါပဲ။ ကျော်လိမ့်မယ်လို့ ကျနော်တော့ မသေချာပါဘူး။ ဒီရင်းနှီးမြှုပ်နှံမှုတွေကို အနီးကပ်စောင့်ကြည့်နေတဲ့ အစိုးရအရာရှိတွေကို ကျနော် သိပါတယ်။ သူတို့ကလည်း (ဒီစီမံကိန်းတွေက) မြန်မာနိုင်ငံကို အကျိုးကျေးဇူးတွေ ယူလာပေးစေချင်တယ်ဆိုတာ ကျနော် သိပါတယ်။
ဒီစီမံကိန်းတွေက ကုန်ကျစရိတ်တွေကို လျှော့ချပြီး ဒီ အကျိုးကျေးဇူးတွေကို ဆောင်ကြဉ်းပေး သေချာအောင်ပြုလုပ်ရေး က အခြေခံဖြစ်ပါတယ်။ တကယ်လို့ အဲဒါတွေက ဆက်လုပ်မယ်၊ ကုန်ကျစရိတ်တွေ ပိုများလာခြင်းနဲ့ အဆုံးသတ်မယ် ဆိုရင် သူတို့ နောက်တကြိမ် စောင့်ကြည့်ခံရပါလိမ့်မယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ပြည်သူတွေမှာ မေးခွန်းတွေ မေးပိုင်ခွင့် ရှိပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်း နဲ့ တခြား ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း [BRI] တွေက တဆင့် သြဇာလွှမ်းမိုးရေး အတွက် တွန်းနေပါတယ်။ အိန္ဒိယသမုဒ္ဒရာအတွင်း လုံခြုံရေး-အထူးသဖြင့် ပင်လယ် ရေကြောင်းလုံခြုံရေး နဲ့ တခြား ကိစ္စရပ်တွေ-အတွက် အမေရိကန်က ဘယ်လောက် စိုးရိမ်မှု ရှိပါသလဲ။
ဖြေ။ ။ ယေဘူယျအားဖြင့်ပြောရရင် ဒေသတွင်းမှာ တရုတ်နိုင်ငံက လုပ်နေတာ တချို့နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ စိုးရိမ်ပူပန်မှု တချို့ရှိနေတယ်ဆိုတာက လျှို့ဝှက်ချက်မဟုတ်ပါ ဘူး။ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေသတွေအပေါ် အချုပ်အခြာ အာဏာကို ခိုင်ခိုင်မာမာ ပြသရေးအတွက် အင်အား အသုံးပြုဖို့ ကြိုးစားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်က တရုတ်တို့ရဲ့ အပြုအမူက အလွန်စိုးရိမ်စရာဖြစ်ပါတယ်။ ကျောက်ဖြူ နဲ့ ပတ်သက်လို့ကတော့ ဆိပ်ကမ်းနဲ့ ဆက်စပ်စီမံကိန်း တွေက တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် ဖြစ်မလား ဆိုတာကို မြန်မာအာဏာပိုင်တွေက ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။
တကယ်လို့ မြန်မာအာဏာပိုင်တွေက အဲဒါဟာ နိုင်ငံရဲ့ အကျိုးစီးပွားအတွက်ဖြစ်တယ်လို့ ပြောတယ်ဆိုရင် ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ကျနော်တို့ ငြင်းခုံရမယ့် ကိစ္စ မဟုတ်ပါဘူး။ တကယ်လို့ ဒီစီမံကိန်းကို ရှေ့ဆက်သွားမယ်ဆိုရင် မြန်မာနိုင်ငံကို အကျိုးဖြစ်ထွန်းစေဖို့ နဲ့ မြန်မာနိုင်ငံ အကျိုးစီးပွားအတွက် ဖြစ်ရေး သေချာစေဖို့ ဆောင်ရွက်ချက် အများအပြား လုပ်ဆောင်ထားတယ်ဆိုတာ ကျနော်သိပါတယ်။
မေး။ ။ ပြည်ထောင်စုနဲ့ ဒေသဆိုင်ရာ လွှတ်တော်တွေမှာ ၂၅ ရာခိုင်နှုန်း နေရာယူထား တဲ့ တပ်မတော်နဲ့ အစိုးရ ကြား က ပူးတွဲအုပ်ချုပ်မှုအပေါ်၊ အသွင်ကူးပြောင်းရေး ကာလအပေါ်၊ ဒီ အစိုးရ အပေါ် နိုင်ငံတကာ ရဲ့ တုန့်ပြန်မှုတွေ အမျိုးမျိုးရှိ ခဲ့ပါတယ်။ တပ်မတော်က သူတို့ အနေနဲ့ စံချိန်မီ စစ်တပ်တခု တည်ဆောက်ချင်တယ်လို့ ဆက်လက် ပြောဆိုနေတုန်းပါပဲ။ မြန်မာပြည်သူတွေက ပရော်ဖက်ရှင်နယ် တပ်မတော်တခုကို မြင်ချင်ကြပါတယ်။ သံအမတ်ကြီး ဘယ်လိုထင်ပါသလဲ။
ဖြေ။ ။ ပြည့်ဝပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်ရေး ကြိုးပမ်းမှုကို ကျနော်တို့ အခိုင်အမာ ထောက်ခံပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ အခုနှစ် နှောင်းပိုင်းမှာကျင်းပမည့် ရွေးကောက်ပွဲတွေအတွက် ကျနော်တို့ရဲ့ ထောက်ခံမှုက သက်သေပါပဲ။ ဒီမိုကရေစီအပြည့်အဝရှိတဲ့ တိုင်းပြည်တခုကို ကျနော်တို့ မြင်ချင်ပါတယ်။ ဆိုလို တာကတော့ တပ်မတော် အနေနဲ့ ပါလီမန်မှာ အမတ်နေရာ အများအပြား အလိုအလျောက် ရရှိမှာ မဟုတ်ပါဘူး။ ဒါက ဒီမိုကရေစီ အပြည့်အဝ မဟုတ်ပါဘူး။
ဒါက ကျနော်တို့ရဲ့ မျှော်လင့်ချက်ပါ။ ပြီးတော့ ပြည်သူတွေက အစိုးရတခုကို ရွေးချယ်နိုင်ပါတယ်။ တကယ်လို့ အဲဒီ အစိုးရ ကို သူတို့ သဘောမကျဘူးဆိုရင် နောက်တကြိမ်မှာ တခြား အစိုးရတခုကို သူတို့ ရွေးချယ်နိုင်ပါတယ်။ အမှန်တရားက တော့ တပ်မတော်က သိသာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ မကြာခဏ ပါဝင်ပတ်သက်နေတာပါ။ ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကပဲ စောဒက တက်နေကြတဲ့ ကိစ္စ မဟုတ်ပါဘူး။ အခြေခံအားဖြင့် အဲဒါက ဒီကလူတွေကို ထိခိုက်ပါတယ်။ အဆင်မပြေပါဘူး။ ဘယ် စစ်တပ်မှ မပြီးပြည့်စုံပါဘူး။ ဒါပေမယ့်် တာဝန်ခံမှု ကင်းမဲ့ခြင်းနဲ့အတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ကြီးမားတဲ့ ပြဿနာ တခုဖြစ်ပါတယ်။ အဲဒါတွေ ပြောင်းလဲဖို့ ကျနော်တို့ တကယ်ကို မျှော်လင့်ပါတယ်။ အဲဒါက အရေးကြီးပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ တပ်မတော်က ပရော်ဖက်ရှင်နယ် စစ်တပ်ဖြစ်လာရေးကလည်း အရေးကြီးပါတယ်။ အဲဒီလိုဖြစ်လာဖို့ ကျနော် အမှန်တကယ် မျှော်လင့်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက အသွင်ကူးပြောင်းမှု ကဏ္ဍတွေကို သံအမတ်ကြီး မြင်တွေ့ခဲ့တယ်။ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အားထုတ်မှုတွေ၊ ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပခြင်း နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လိုမျိုး ကဏ္ဍတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်စဉ်ကာလအတွင်း ဒီ ဖြစ်စဉ်တစုံလုံး ကို ဘယ်လို အကဲဖြတ်ချင်ပါသလဲ။
ဖြေ။ ။ ကျနော့်အတွက်ကတော့ လူအများစုက ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲတချို့ လိုချင်တာ တော်တော် ထင်ရှားပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ခုနောက်ဆုံးကြိုးပမ်းချက်မှာလည်း အဆင်မပြေခဲ့ပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပါလီမန်ရဲ့ ဖွဲ့ စည်းပုံကြောင့်လည်း တစိတ်တပိုင်း ပါဝင်ပါတယ်။ ဒီပြင်ဆင်ချက် သို့မဟုတ် ဟို ပြင်ဆင်ချက် ရှိသင့်တယ်လို့ ကျနော်တို့ မပြောချင်ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီမိုကရေစီဟာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်သင့်ပါတယ်။ တကယ်လို့ ပြည်သူတွေက အပြောင်းအလဲတချို့ ကို လိုလားတယ်ဆိုရင် အပြောင်းအလဲဖြစ်လာနိုင်လိမ့်မယ်လို့ ကျနော်တို့ သေချာပေါက် မျှော်လင့်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ခဲ့တဲ့ အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို ပြန်လည်ပြီး ချိန်ခွင်လျှာညှိရေး နဲ့ ပတ်သက်လို့ ကျနော်တို့ အများကြီး ပြောခဲ့ကြ၊ ရေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံက ပါဝင်ပတ်သက်နေခြင်းနဲ့ အတူ ရခိုင်ပြည်နယ် နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေကို ကျနော်တို့ ကြည့်မယ်ဆိုရင် တချို့သော အစိုးရတွေနဲ့ ပြင်ပ အဖွဲ့အစည်းတွေက တိုင်းရင်းသား လက်နက်ကိုင်တွေကို အထောက်အပံ့ပေးနေတာကို ကျနော်တို့ တွေ့ရပါတယ်။ ပြည်သူတွေက မြန်မာနိုင်ငံဟာ နိုင်ငံရေး ကစားပွဲ တခုအတွင်းမှာ ပိတ်မိနေတယ်လို့ မြင်ကြပါတယ်။ တချို့တွေက မြန်မာနိုင်ငံဟာ အမေရိကန် နဲ့ ပိုမိုထိတွေ့ဆက်ဆံသင့်တယ်လို့ ပြောကြတယ်။ တချိန်တည်းမှာ တချို့က တရုတ်နိုင်ငံနဲ့ ပိုမိုရင်းနှီးမှုရှိသင့်တယ် ဒါမှမဟုတ် ပိုမိုကောင်းမွန်တဲ့ ဟန်ချက်ညီမျှမှု ရှိသင့်တယ်လို့ ပြောတာပါတယ်။ သံအမတ်ကြီးရဲ့ မြန်မာနိုင်ငံ အတွေ့အကြုံ အပေါ် အခြေခံပြီးတော့ အဲဒီ အခြေအနေကို ဘယ်လို ဖော်ပြချင်ပါသလဲ။
ဖြေ။ ။ ကျနော် ထင်တာကတော့ ပထမ ဦးဆုံးအနေနဲ့ မြန်မာနိုင်ငံက ဘယ်လို မတူညီတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ချင်တာလဲဆိုတာကို ဆုံးဖြတ်ရမှာက မြန်မာနိုင်ငံရဲ့ ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံ သို့မဟုတ် တခြား မည်သည့် တိုင်းပြည်ကမဆို ကျနော်တို့ကို ရွေးချယ်ဖို့ သို့မဟုတ် တရုတ်ကို ရွေးချယ်ဖို့ ကျနော်တို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့သလို တောင်းဆိုသွားမှာလည်း မဟုတ်ပါဘူး။ ကျနော်တို့ အခြေခံအားဖြင့် အရေးထားတာက ကျနော်တို့ မိတ်ဖက်ကောင်း ဖြစ်ချင်တယ်။ မြန်မာပြည်သူတွေနဲ့အတူ အလုပ်လုပ်ချင်တယ်။
မြန်မာနိုင်ငံဟာ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်ရေးကို ကျနော်တို့ အရေးထားတယ်။ အချုပ်အခြာအာဏာကို ကန့်သတ်တဲ့ ဖိအားပေးခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်းတွေနဲ့ အတင်းအဓမ္မ ဖိအားပေးဖို့ မဟုတ်ပါဘူး။ တကယ်လို့ မြန်မာနိုင်ငံက မည်သည့် နိုင်ငံနဲ့မဆို ကောင်းမွန်သော ဆက်ဆံရေး ရှိချင်တယ်ဆိုရင် ကျနော်တို့ ကြိုဆိုပါတယ်။ အဲဒါက လုံးဝကို ပုံမှန် ဖြစ်ပါတယ်။ ကောင်းပါတယ်။
အခြေအနေ မကောင်း ဖြစ်လာမှာက တိုင်းပြည်တခုက သူ့မှာ ရွေးချယ်စရာ မရှိဘူးလို့ ခံစားလာရတဲ့ အချိန်ပါပဲ။ မြန်မာ နိုင်ငံမှာ ရွေးချယ်စရာ များနိုင်သမျှ များများရှိအောင် သေချာရေးအတွက် ကျနော်တို့အားလုံး လုပ်ဆောင်နေကြပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်းမှာ အမေရိကန်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက် ပွင့်ပွင့်လင်းလင်း ထောက်ခံပြောဆိုမှု အရှိဆုံး ဖြစ်ခဲ့ပါတယ်။ အခု ကျနော်တို့ လက်ရှိ အနေအထားကို ရောက်ဖို့ ခက်ခက်ခဲခဲ လုပ်ကိုင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လို နှုတ်ဆက် သတင်းစကား ပေးချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ သတင်းစကားကတော့ ဒီနိုင်ငံအတွက် ကျနော်တို့ရဲ့ ရေရှည် ကတိကဝတ်တွေ ရှိပါတယ်။ အဲဒါက အမေရိကန်အစိုးရ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့တခုတည်းဆီက လာတာ မဟုတ်ပါဘူး။ အမေရိကန်ပြည်သူတွေဆီကပါ။ ငြိမ်းချမ်းရေး၊ ပိုမိုကောင်းမွန်တဲ့ ဒီမိုကရေစီ နဲ့ သာယာဝပြောမှု ရရှိစေရေးအတွက် ရုန်းကန်ခဲ့ကြတဲ့၊ စွန့်လွှတ်အနစ်နာခံ ခဲ့ကြတဲ့ ဒီနိုင်ငံက ပြည်သူ အများအပြားကို နှစ်ရှည်လများ လေးစားခဲ့ကြတဲ့ အမေရိကန်ပြည်သူတွေ ထံမှ ဖြစ်ပါတယ်။ ကျနော်တို့ ဆက်လက်ပြီးတော့လည်း ကတိကဝတ်ပြုထားဆဲ ဖြစ်ပါတယ်။ ကျနော်တို့က များနိုင်သမျှ များတဲ့ ကဏ္ဍတွေမှာ ဆက်လက်ပြီး ပါဝင်သွားမှာ ဖြစ်ပါတယ်။ ကျနော် အစောပိုင်းမှာ ပြောခဲ့သလိုပါပဲ။ တောက်ပတဲ့ အနာဂါတ်ကို တည်ဆောက် ဖို့ ကြိုးစားနေကြတဲ့ ဒီက ပြည်သူလူထုနဲ့ အဖွဲ့ အစည်းအားလုံးကို ထောက်ခံသွားပြီး၊ မိတ်ဖက်ပြု ဆောင်ရွက်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Progress in Myanmar Will Require Patience: Outgoing US Ambassador Marciel ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
အပစ်ပယ်ခံများ၏ ဂုဏ်သရေရှိ လူကြီးမင်း အာဂျန်ခရိုင်ဆတ်
အမေရိကန် ဆန္ဒပြသူများနှင့် ထောက်ခံပူးပေါင်းသူ ရဲများလည်း ရှိသည်
အိမ်ဖြူတော်အနီး ရုန်းရင်းဆန်ခတ် ဖြစ်သည်အထိ အမေရိကန် မငြိမ်သက်မှု နက်ရှိုင်းလာ