ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို လက်အောက်ငယ်သား ရဲမေ ၁ ဦးက ရာထူးအပေးအယူအတွက် လိင်အမြတ်ထုတ်သည်ဟုဆိုကာ တိုင်ကြားမှု ပြုလုပ်ထားသည်။ လက်ရှိတွင် တိုင်ကြားစာ အရ ရဲမှူးချုပ်ဇော်မိုးသန်းကို နေပြည်တော်တွင် စစ်ဆေးနေကြောင်းသိရသည်။
ပြည်သူလူထု တရားဥပဒေ စိုးမိုးရေး အတွက် ကိုင်တွယ်ဆောင်ရွက်နေရသည့် ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး တဦးက ယခုကဲ့သို့ အမှုမျိုးဖြင့် တိုင်ကြားခံရခြင်း အပေါ် အခွင့် အာဏာ အသုံးပြု၍ ကာမလိမ်လည်မှု၊ လိင်အမြတ်ထုတ်မှု နှင့် အဂတိ လိုက်စားမှု များဖြင့် အရေးယူရန် လူထုက ဝေဖန်နေကြသည်ကိုတွေ့ရသည်။
ထို့အပြင် ကာယကံရှင် ရဲမေ အပါအဝင် အမျိုးသမီးအချို့ကို ပြစ်တင်ဝေဖန်မှုတွေ၊ ထိုးနှက်မှုများ ရှိနေသဖြင့် အမျိုးသမီးများအပေါ် Cyberbullying မလုပ်ကြရန် လူ့အခွင့်အရေး ကော်မရှင်က ကြေညာချက်ထုတ်၍ သတိပေးထားသည်ကိုလည်း တွေ့ရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရှေ့နေများ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ၊ ရဲတပ်ဖွဲ့ဝင် အသိုင်း အဝိုင်း နှင့် ထင်ရှားသူ တချို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
အငြိမ်းစား ရဲမှူးချုပ် ဦးဝင်းခေါင်
အဲဒါက အမှုဖြစ်စဉ်မှန်သလား ၊ မမှန်သလားတော့ ကျနော်မသိဘူး။ ဒါပေမယ့် ဒီလို အသံတွေ ထွက်လာတယ် ဆိုကတည်းက ဒါက လိုလားအပ်တဲ့ အရာမှ မဟုတ်တာ။ လိင်အကြမ်းဖက်တယ်ဆိုတာက ရဲတင်မကဘူး။ ဘယ်လို အဖွဲ့အစည်းမျိုးမှာမှ မဖြစ်သင့်တဲ့အရာပေါ့ဗျာ။ သာမန်အရပ်သူ၊ အရပ်သားကြားမှာလည်း မဖြစ်အပ်ဘူး။ အထူး သဖြင့်တော့ တရားဥပဒေ စိုးမိုးရေးကို ကိုင်တွယ်နေတဲ့ ရဲတပ်ဖွဲ့ဆိုတာကတော့ ပိုလို့တောင်မဖြစ်သင့်ဘူးပေါ့ဗျာ။
အခုကတော့ ဘာဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာက စုံစမ်းနေတာကိုး။ ဖြစ်စဉ်ဟုတ်၊ မဟုတ် အတိအကျကို ကျနော် လည်း မသိတော့ မှတ်ချက်ပေးရတာ ခက်ပါတယ်။ ဘာပဲဖြစ်နေသည်ဖြစ်စေ ဒီလို ကိစ္စတွေ အကုန်လုံးက အသံတွေ ထွက်လာတာနဲ့ တပြိုင်နက်တည်း အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေပါတယ်။
ဒေါ်မေစံပယ်ဖြူ (Gender Equality Network ၏ ဒါရိုက်တာ)
လုပ်ငန်းခွင်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ လုပ်တယ်။ အဲဒါက ဘယ်လုပ်ငန်းခွင် အတွင်းမှာ မဆို မရှိသင့်တာပါ။ အထူးသဖြင့် အခုလိုမျိုး ဥပဒေအရ တာဝန်အရှိဆုံးဖြစ်တဲ့ အဖွဲ့အစည်းတခုအနေနဲ့ ဒီလို ကိစ္စကို ကျူးလွန်တာ၊ ဒါမှ မဟုတ်ရင် ကျူးလွန်ဖို့ အားထုတ်တာ တော်တော်လေးကို ရုပ်ဆိုးအကျည်းတန် ပါတယ်။
ဒီလိုမျိုး ကိစ္စတွေကို လုံးဝမရှိရဘူးဆိုပြီး ပြတ်ပြတ် သားသား စုံစမ်း စစ်ဆေး အရေးယူဖို့လိုပါတယ်။ နောက်ပြီးတော့ ဘယ်လုပ်ငန်းခွင်မှာမဆို လုပ်နေတဲ့ ဝန်ထမ်း တွေ အကြီးဆုံးကနေ အငယ်ဆုံးအထိ ဒီလိုမျိုး လုပ်ငန်းခွင်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေကို မပြုလုပ်ရဘူးဆိုတဲ့ မူဝါဒတွေ သေသေချာချာနားလည် သိရှိပြီးတော့မှ သိရှိကြောင်း ဝန်ခံကတိထိုးခိုင်းတာမျိုး တွေ လုပ်သင့်ပါတယ်။
တိုင်ကြားလွှာတွေမှာ လုပ်ငန်းခွင်အတွင်းမှာ ဘယ်လိုမျိုး စုံစမ်းစစ်ဆေး အရေးယူမယ်ဆိုတာတွေလည်း မူဝါဒ တွေမှာ ထိထိရောက်ရောက် တိတိကျကျ ပါဝင်သင့်ပါတယ်။ အဲဒီတော့ ပြောရမယ်ဆိုရင် ပြည်သူကို ကာကွယ် ပေးဖို့ တာဝန် အရှိဆုံးဖြစ်တဲ့ အဖွဲ့အစည်းက တာဝန်ရှိတဲ့သူ တယောက်အနေနဲ့ အခုလိုမျိုး လုပ်တဲ့ကိစ္စသည် လုံးဝကို လက်သင့်ခံစရာ အကြောင်းမရှိဘူး။
ပြီးတော့ ဒီကိစ္စကို ရဲရဲဝံ့ဝံ့ဖော်ထုတ်တဲ့ အမျိုးသမီးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကျမတို့က ဘာအကြောင်းနဲ့မှ လှောင်ပြောင်ရှုတ်ချ၊ သရော်စရာ အကြောင်းမရှိဘူး။ ဒီလိုကိစ္စမှာ တာဝန်အရှိဆုံးသည် အာဏာကို အလွဲ သုံးစား လုပ်ပြီးတော့မှ ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားတဲ့သူ မှာသာ လုံးလုံးလျားလျား တာဝန်ရှိပါတယ်။
ဦးမြတ်သူဟိန်း (ရဲပရဟိတ အဖွဲ့ တည်ထောင်သူ)
ဒီကိစ္စက တယောက်ကလည်း အာဏာကို အလွဲသုံးစားလုပ်တာပေါ့။ တယောက်ကလည်း ရလိုမှုနဲ့ ပေးဆပ်တာပေါ့။ အဲဒီမှာ အပေးအယူ မမျှတဲ့အခါမှာ ဖြစ်လာတာပေါ့။ လာဘ်ပေးလာဘ်ယူလိုမျိုးပဲ အမှုစစ်ကို လာဘ်ထိုးတယ်။ အမှုစစ်က ဖြစ်ချင်သလို မဖြစ်တဲ့အခါ ဒီအမှုစစ်ကို တိုင်တယ်။ ဒီလိုမျိုးတွေပေါ့။ ဒါပေမယ့် တခုရှိတာက မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရာ ရှိကြီး တယောက်က ကိုယ့်ရဲ့တပည့်သားသမီးအပေါ်မှာ စည်းစောင့်ရမယ်ဆိုတဲ့ ရဲကျင့်ဝတ်ရှိတယ်ဗျ။ ရဲမေလေး တွေက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ။ အရာရှိကြီး ၁ ယောက်အနေနဲ့ ဒီလိုကိစ္စတွေက လုံးဝမဖြစ်သင့်ဘူးဗျ။
နောက်တခုက တယောက်၊ ၂ ယောက်လည်း မဟုတ်ဘူး။ အများကြီးပဲလို့ ကြားရတယ်။ ဒါက ရဲတပ်ဖွဲ့ရဲ့ သမိုင်းကို ဖျက်ဆီးလိုက်သလိုပဲ။ ရဲတပ်ဖွဲ့မှာ ဒီလောက်အထိ ဆိုးဆိုးဝါးဝါးကိစ္စ ကျနော် တခါမှ မကြားဖူးဘူး။ လူပဲဗျာ မှားတော့ မှားတတ်ကြတာပေါ့ဗျာ။ ဒီလိုပဲ စိတ်အလိုကိုလိုက်ပြီး မှားခဲ့တာတွေ ရဲတပ်ဖွဲ့မှာ ရှိတော့ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလောက် ရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စ ကျနော်တို့ ရဲတပ်ဖွဲ့မှာ တခါမှ မဖြစ်ခဲ့ဖူးဘူး။ ကျနော်တို့ကတော့ ဒီကိစ္စကို လုံးဝ ရှုတ်ချတယ်။
ကာတွန်းမောင်မောင်ဖောင်တိန်
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်ဆီ တပုံတော့ လှမ်းပို့ထားတာရှိတယ်။ ကာတွန်းဆရာ နာမည်တော့ မပြောပါဘူး။ တချို့ အောက်ခြေဝန်ထမ်းတွေဘက်က ခံစားချက်တွေအပေါ်မှာ ကာတွန်းဆရာပေါ့။ ဒါမှမဟုတ် စာရေးဆရာ တယောက်က ထောက်ပြတာက စိတ်ခံစားချက် နည်းနည်းများ ပြင်းထန်သွားသလားပေါ့။ ကိုယ့်ရဲ့အတတ်ပညာပေါ်မှာ ထိန်းချုပ်မှု တချို့ လွတ်သွားတယ်လို့ ကျနော်တော့ မြင်တယ်။
အမျိုးသမီးရဲမေတွေဘက်ကို တချို့ ကာတွန်းရေးမှုတွေဟာ ထိခိုက်နစ်နာမှု ဖြစ်စေတယ်လို့ ကျနော်လည်း မြင်တယ်။ မလျော်သြဇာသုံးစွဲပြီး ကျူးလွန်တဲ့ အရာရှိကို ရည်ရွယ်ရေးတာက တပိုင်းပေါ့။ မြန်မာအမျိုးသမီးလေးတွေရဲ့ အနိုင်ကျင့်ခံစားရမှုအပေါ်မှာ တရှက်ပေါ် နှစ်ရှက် မဖြစ်အောင်ပေါ့။ ဒီကိစ္စကြီးကို ထောက်ပြ ဝေဖန်သင့်တာတော့ မှန်တယ်။ တဖက်ကလည်း ပြောရရင် သတိနဲ့ လေးစားစွာ ရေးသားသင့်တယ်လို့ ကျနော့် အနေနဲ့ မြင်တယ်။
ဦးခင်မောင်မြင့်(ဥပဒေအကြံပေး)
ဒါက လုံးဝ လျော်ကန်သင့်မြတ်မှုမရှိတဲ့ ဖြစ်စဉ်မျိုးပေါ့၊ သာမန်ဌာနဆိုင်ရာ ဝန်ထမ်းတွေထက် တူညီဝတ်စုံဝတ်ပြီး လက်နက်ကိုင်ရတဲ့ တပ်ဖွဲ့တွေမှာ ပိုပြီးတော့ စည်းကမ်းတွေဟာ တင်းတင်းကြပ်ကြပ် ရှိပါတယ်။ ရာထူးသေးငယ်တဲ့ အရာရှိတွေ ကျူးလွန်ရင်တောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရတဲ့ ကိစ္စမျိုးတွေပါ။
အခုကျတော့ ပေးထားတဲ့ အခွင့်အာဏာက ရာထူးခန့်ချုပ်၊ အရာရှိကြီးထဲမှာ ပါပါတယ်။ လုပ်ပိုင်ခွင့် အာဏာကို သုံးပြီးတော့မှ တပ်ဖွဲ့ဝင်စည်းကမ်းကိုလည်း ချိုးဖောက်တယ်၊ ကိုယ်ရဲ့ သားသမီးတွေလို ဖြစ်နေတဲ့ ရဲမေတွေအပေါ်မှာ ဒီလိုမလျော်မကန်ပြုတယ် ဆိုတာသည် သူတို့ပြောတာတော့ ရဲစည်းကမ်းဖောက်ဖျက်လို့ ရဲစည်းကမ်းထိန်း သိမ်းရေး ဥပဒေအရ အရေးယူမယ်ပေါ့။ ကျနော်တို့ ဥပဒေအမြင်နဲ့ကြည့်ရင် ဒါဟာ လုံလောက်မှုမရှိဘူး၊ တကယ် ပြောရရင် ဒါက သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီးတော့မှ ရာထူးတိုးပေးမယ်ဆိုတဲ့ မျှော်မှန်းချက်ကို ပေးပြီးတော့ ငွေပေးနိုင်သူ ဆိုငွေ၊ ငွေမနိုင်ရင် ကာမကို ရယူတယ်ဆိုတာသည် အဂတိပါပဲ။
ရဲစည်းကမ်းထိန်းသိမ်းရေးအရ စစ်ပြီးလို့ မှန်ကန်တယ်ဆိုခဲ့ရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အမှု လွှဲပြောင်းပေးပြီးတော့မှ အရေးယူမှသာလျှင် ဥပဒေနဲ့ညီညွတ်သော အရေးယူမှုဖြစ်မယ်လို့ မြင်ပါတယ်။ နောက်တခုက ဒီကိစ္စမှာ ကာယကံရှင်တွေက သဘောမတူဘဲ ဖြစ်ခဲ့တာဆိုရင် သီးခြားဥပဒေတွေနဲ့ တရားစွဲဆိုပိုင်ခွင့်ရှိတဲ့ ကိစ္စမျိုးတွေဖြစ်ပါတယ်။
ဦးမိုးရန်နိုင် (ဒုရဲမှူးဟောင်း)
ဒီလိုကိစ္စကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ၊ သူတို့လို ထိပ်ပိုင်းခေါင်းဆောင် အကြီးအကဲတွေက နိုင်ငံတော်က တရားဝင် ချပေးထားတဲ့ ခံစားခွင့်တွေ အများကြီးရှိတယ်။ ထိပ်ပိုင်းအကြီးအကဲကိုယ်တိုင်က ဒီလိုလုပ်နေတယ်ဆိုရင်တော့ တကယ် အောက်ခြေတပ်ဖွဲ့ဝင်တွေက မြေပြင်မှာ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံနေရတာလေ။ သူတို့ပါရောပြီးတော့ ပြည်သူလူထုရဲ့ အထင်သေးခြင်းကို ရောပြီးခံရတယ်။
အဲဒီတော့ သူတို့မှာ သိမ်ငယ်စိတ်တွေ အများကြီး ဝင်နေတယ်။ အဲဒီအတွက် မြေပြင်မှာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက် တဲ့ အခါမှာ လုပ်ငန်းတွေအများကြီး နှောင့်နှေးကြန့်ကြာတယ်။ အန္တရာယ်တွေတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီလို ဖြစ်စဉ်တွေဆိုတာ ကျနော်တို့က လက်ခံလို့မရဘူး။
အရေးယူဆောင်ရွက်တဲ့အပိုင်းမှာလည်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ဆိုတာလည်း အမြင့်ဆုံးပြစ်ဒဏ်ဆိုတာ ထောင် ၃ နှစ်ပဲရှိတာလေ။ ကျန်တာက ရာထူးချတာတို့၊ ရာထူးတိုးရပ်ဆိုင်းတာတို့ စတဲ့ပြစ်ဒဏ်တွေ ပဲ ရှိတာကိုး။ နယ်ဘက်နဲ့ဆိုင်တဲ့ ကျူးလွန်မျိုးဖြစ်တဲ့ တပ်ဖွဲ့ဝင်တွေဆိုရင် ရဲစည်းကမ်းဥပဒေအပြင် နယ်ဘက်ဥပဒေ တွေနဲ့ပါ အရေးယူခဲ့တာပဲ။ ရာထူးခန့်ချုပ်ကျမှတော့ မပြောတတ်ဘူးပေါ့ဗျာ။ စောင့်ကြည့်ရမှာပေါ့။
ဆရာညီပုလေး (မန္တလေးအခြေစိုက် စာရေးဆရာ)
မြန်မာနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲ ၁ ဦးက သူ့လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး လက်အောက်ငယ်သား ရဲမေ ၁ ဦး အပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တယ်ဆိုပြီး တိုင်ကြားခံရတဲ့သတင်းကို ဖတ်ရတာ စိတ်မချမ်းသာစရာပဲ။ စစ်ဆေးဆဲလို့ သိရတယ်။
တရားနတ်စောင့်ပြီး အမှုမှန် အမြန်ဆုံးပေါ်ပေါက်ပါစေ။ ဒီလိုပဲ နောက်ထပ် ရဲမေ ၁၈ ဦးကလည်း ရာထူးတက်ဖို့ “ဒုတိယ ဗစ်တိုးရီးယား မဖြစ်ချင်ဘူး” ဆိုတဲ့ပြောဆိုသံတွေကလည်း ကောလာဟလ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ။ ဒီဖြစ်စဉ်က သာမာန်ကြည့်ရင်တော့ သိပ်ပြီး ခက်ခဲနက်နဲတဲ့အမှုကြီး မဟုတ်သလိုလိုနဲ့ တိုင်ကြားခံထားရတဲ့ ရဲမှူးချုပ်ဆိုသူက စစ်တက္က သိုလ်ဆင်းပြီး တပ်ဘက်ကနေ အသွင်ပြောင်းလာခဲ့သူလည်းဆိုရော အမှုက ခက်ခဲနက်နဲသွားပြန်ရော။ ဘယ်လောက် အထိ ဒီအမှုကို အဂတိကင်းကင်း၊ တရားမျှတမှုရှိရှိ စီရင်ဆောင်ရွက် ပြမလဲဆိုတာ လူအများက စိတ်ဝင်တစားနဲ့ စောင့်ကြည့် နေကြလိမ့်မယ်။
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ရာဇသတ်ကြီးဥပဒေတွေ၊ အမျိုးသမီးများ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းတွေမှာ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရတဲ့ အမျိုးသမီးတွေအပေါ် ထိထိရောက်ရောက် ကာကွယ် ပေးနိုင်တဲ့ ပေါ်လစီ၊ မူဝါဒတွေ အမြန်ပေါ်ထွက်လာစေချင်တယ်။ အဲဒီတော့ ကျနော်ထပ်ပြောပါရစေ။ တရားကို နတ်စောင့် ပါလိမ့်မယ်။ အမှုအမှန်အတိုင်း ဖြစ်ပါစေ။
နော်လှလှစိုး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အဲဒါက အရမ်းဆိုးတဲ့ပြစ်မှုဖြစ်တယ်။ ဒါက လုံး၀ Professional လည်း မဆန်ဘူး။ ကိုယ့်ရဲ့လက်အောက်ငယ်သားကို ဒီလို လိင်အမြတ်ထုတ်ပြီးတော့မှ ရာထူးအတွက်ကို Offer လုံးဝမဖြစ်သင့်ဘူး။ အန်တီတို့ အမြဲပြောပြောနေတဲ့ Police Reform ပေါ့။ ရဲတပ်ဖွဲ့ရဲ့ ပြန်လည်ပြုပြင်ရေးပေါ့။ အဲဒါကလည်း အမှန်တကယ် လိုအပ်တယ်။ မပြုပြင်သေးသရွေ့ကတော့ ဒါတွေ ကဖြစ်နေမှာ။ ဒါကလည်း ရဲမေတွေက မခံမရပ်နိုင်လွန်းလို့ သူတို့ အရမ်းကို သတ္တိမွေးပြီးတော့မှ ဒီကိစ္စကို ဖော်ထုတ် လိုက် တာပေါ့နော်။
ဒီလိုမျိုး လူမသိသူမသိတွေလည်း အများကြီးရှိနေမယ်လို့လည်း ထင်ပါတယ်။ အဲဒါတွေက ဘယ်လိုမှကို လက်မခံနိုင်ဘူး။ Ethically ရော Morality ဘယ်လိုမှလက်မခံနိုင်ဘူး။ အဲဒါကြောင့်မိုလို့ ပြင်းပြင်းထန်ထန် အပြစ်ပေး သင့်တယ်။ ဥပဒေကြောင်းအရရော နောက်ပြီးတော့ စံပြအနေနဲ့ပေါ့နော် အရေးယူသင့်တယ်လို့ထင်ပါတယ်။
ဒီရဲမေတွေကိုကျေးဇူးတင်တယ်။ ဘာလဲဆိုတော့ ဒါက လွယ်လွယ်ပြောတာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ဒီလို သတ္တိ မွေးပြီးတော့ ဖော်ထုတ်နိုင်တဲ့အတွက်ကြောင့် အမျိုးသမီးထု ကိုယ်စားကျေးဇူးတင်တယ်။ နောက်ပြီးတော့ ကာတွန်းဆရာ တွေရော တချို့လူတွေဆိုရင် Victim Blaming ပေါ့။ ခံစားရတဲ့လူကို အပြစ်တင်တာတွေလုပ်တယ်။ ဒါလည်း လုံး၀ မဖြစ် သင့်ဘူး။ အဲဒီအပေါ်မှာလည်း အန်တီတို့က ဒါကိုရှုတ်ချရမယ်။ Victim Blaming လုပ်တာကို ရှုတ်ချရမယ်။ နောက်ပြီး တော့ သတ္တိရှိရှိ ဆုံးတဲ့အထိသွားပါ အန်တီတို့ဘက်ကလည်း ရပ်တည်ပေးမယ်ဆိုတာကို ပြောလိုပါတယ်။
ဆက်စပ်လင့်
အမျိုးသမီးများကို Cyberbullying မလုပ်ရန် လူ့အခွင့်အရေးကော်မရှင် သတိပေး
လိင်အမြတ်ထုတ်မှုနဲ့ ရဲရာထူးခန့်ချုပ် စစ်ဆေးခံနေရ