မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့၊ အမျိုးသား ရင်ကြားစေ့နိုင်ရေးနဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြေရှင်းနိုင်စေဖို့အတွက် ကျောင်းပညာရေး ပြုပြင်ပြောင်းလဲခြင်းနဲ့ သင်ရိုးညွှန်းတမ်းတွေကို အားလုံး အကျုံးဝင်တဲ့ စနစ်နဲ့ အကောင်အထည် ဖော်ဖို့ လိုအပ်နေပါတယ်လို့ ပညာရေးနဲ့ တိုင်းရင်းသားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ချင်းပညာရေး ရှေ့ဆောင်(CEI) က ထောက်ပြထားပါတယ်။
ငြိမ်းချမ်းရေးနဲ့ ကျောင်းသင်ရိုး ညွှန်းတမ်းတွေက ဘယ်လို ပတ်သက်ဆက်နွယ်သလဲ။ မြန်မာ့ပညာရေးက တိုင်းရင်းသားတွေကို ဘယ်လို ဖိနှိပ်မှုတွေ ဖြစ်စေသလဲ။ ဖက်ဒရယ် ပညာရေးစနစ် ဘာကြောင့် ဖြစ်စေချင်သလဲ စတဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်ပြီး CEI က မြန်မာ့ ငြိမ်းချမ်းရေးအား ကျောင်းသင်ရိုးညွှန်းတမ်းမှ ရှုမြင်ခြင်း သုတေသန စာတမ်းကို ဇွန်လအတွင်းက ထုတ်ဝေထားပါတယ်။
အဆိုပါ အစီရင်ခံစာနဲ့ ပတ်သက်၍ သုတေသနလုပ်ကာ အစီရင်ခံစာ ရေးသားခဲ့သူ ချင်းပညာရေး ရှေ့ဆောင်မှ သုတေသီ ဆလိုင်း မျိုးချစ်ကို ဧရာဝတီ သတင်းထောက် လဲ့လဲ့မှ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ဒီအစီရင်ခံစာကို ထုတ်ရတဲ့ ရည်ရွယ်ချက်နဲ့ ဒီထဲမှာ ဘယ်လိုအချက်တွေ ထည့်သွင်းထားလဲဆိုတာ သိပါရစေ ဆရာ။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဗမာစာကိုပဲ ရုံးသုံး ဘာသာစကားအဖြစ် သတ်မှတ်တယ်။ ပဋိပက္ခတွေ ထူပြောနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီသင်ရိုး ညွှန်းတမ်းတွေ၊ လူမျိုး တမျိုးကိုပဲ အခြေပြုတဲ့ သင်ရိုးညွှန်းတမ်းကို သင်ပေးခြင်းက ကျနော်တို့ ပြောပြောနေတဲ့ ရင်ကြားစေ့ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကဏ္ဍတွေ ဘယ်လိုမျိုးတွေ သက်ရောက်မှု ရှိသလဲ ဆိုတဲ့ဟာကို လေ့လာချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။
ပြီးတော့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မယ်လို့ ပြောတဲ့အချိန်မှာ ဒီသင်ခန်းစာတွေကို ပြန်ပြောင်းလဲဖို့ အတွက် ဘယ်လိုမျိုးတွေ အကြံပြုချက်တွေ ရနိုင်မလဲဆိုတဲ့ စဉ်းစားချက်တော့ ရှိပါတယ်။
မြန်မာစာဘာသာရပ် သင်ခန်းစာကို ၃ ပိုင်း ခွဲလေ့လာကြည့်ရင် စာပေနဲ့ ဗဟုသုတက ၄၅ ရာခိုင်နှုန်းပဲ ရှိတယ်။ အဲဒါ တွေက အတန်းလိုက် မြန်မာစာ ဘာသာရပ်အားလုံးပေါ့။ ပြီးတော့ ဗမာရဲ့ယဉ်ကျေးမှုကို ဇောင်းပေးထားတာက ၅၀ ရာ ခိုင်နှုန်းလောက် သွားတွေ့တယ်။ ၁၀ တန်းမှာ ဆိုရင် အမျိုးသားရေး လှုံ့ဆော်တဲ့ စာက သင်ရိုး ညွှန်းတမ်းမှာ ၅ ရာခိုင် နှုန်းလောက် ပါနေတယ်။
သမိုင်းမှာ ဆိုရင်တော့ ကျနော်တို့ အဓိက တွေ့ရတာက ဗမာတွေရဲ့သမိုင်းက ပိုများနေတယ်လို့ တွေ့ရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံ သမိုင်းလို့ ဖော်ပြထားတဲ့ ဗမာလူမျိုးတွေရဲ့ မင်းဧကရာဇ် အကြောင်းတွေ ပဲဖြစ်ပြီး ဗမာလူမျိုးတွေရဲ့သမိုင်းကို အတန်းတိုင်းမှာ ၅၀ မှ ၉၀ ရာခိုင်နှုန်းအထိ ထည့်သွင်းထားတာကို တွေ့ရတယ်။
ကျနော်တို့ သင်ရိုး ညွှန်းတမ်းတွေကို လေ့လာတွေ့ရှိရတဲ့အခါမှာ စိတ်ဝင်စားစရာ ကောင်းတာတွေက သင်ရိုးညွှန်းတမ်းတွေရဲ့ မာတိကာတွေမှာဆိုရင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး လိုဟာမျိုးတွေ၊ အမျိုးသား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ချစ်မြတ်နိုးဖို့ ဆိုတာတွေ။ ဥပမာ ဇာတက ဝတ္ထုမှာဆိုရင် ဒီဝတ္ထုက မြန်မာ့ယဉ်ကျေးမှု အဆောက်အအုံ အုတ်မြစ် ဖြစ်တယ်။ ကျောင်းသူကျောင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တ ပုံသွင်းရာမှာ အဲဒီ ဝတ္ထုတွေကို ထက်မြက်တဲ့ လက်နက်သဖွယ် အသုံးပြုလို့ ရတယ် ဆိုတာမျိုးအထိ ရေးတာဖြစ်ပါတယ်။
သမိုင်းဘာသာရပ်မှာ ဆိုရင် ပြည်ထောင်စု စိတ်ဓာတ်လိုဟာမျိုးတွေ၊ လွတ်လပ်ရေးကို ကာကွယ်လိုစိတ် ဖြစ်လာအောင်အထိ အမျိုးသားရေး ရှင်သန်ထက်မြက်ရေးလို ဟာမျိုးတွေပေါ့။ အဲဒါတွေ သူတို့ ထည့်တယ်။ လွတ်လပ်ရေးကို တန်ဖိုး ထားဖို့ အဲဒါမျိုးတွေ ထည့်တာပေါ့။
အဲဒီတော့ ကျနော်တို့က ဒီလိုဟာတွေ ထည့်တာ နိုင်ငံရေး အဓိက ရည်ရွယ်ချက်၂ ခု ရှိမယ်လို့ ယူဆတယ်။ တခုက ခေတ်အဆက်ဆက် အစိုးရတွေရဲ့ အမျိုးသားရေး တည်ဆောက်ချင်တဲ့ စံတန်ဖိုးတွေကို သူတို့က အသုံးချချင်တယ်။ အဲဒီ စံ တန်ဖိုးတွေက အမျိုးဘာသာ သာသနာဆိုတဲ့ တပြည်ထောင် အမျိုးသား နိုင်ငံတော်ကို တည်ထောင်ချင်တဲ့ဘက်ကို တော်တော်ယိမ်းတယ်လို့ ကျနော်တို့ ပြောချင်တယ်။ အဲဒီဟာအတွက် ဒီသင်ရိုး ညွှန်းတမ်းကို အသုံးပြုတယ်လို့ ကျနော် ထောက်ပြချင်ပါတယ်။
နောက်တခုက လူမျိုးပေါ့။ အဲဒီ စံတန်ဖိုးတွေကို အကောင်အထည် ဖော်တဲ့အခါမှာ အမျိုးသား လက္ခဏာဆိုတာ အကောင်အထည် ဖော်ချင်တယ်။ ဒီတော့ ကျနော်တို့ မြန်မာနိုင်ငံလိုမျိုး လူမျိုးများတဲ့ ဘာသာများတဲ့ နိုင်ငံမှာ အမျိုးသား နိုင်ငံတော် တည်ထောင်လို့ မရဘူး။
တည်ထောင်လို့ မရပေမယ့် သူတို့က အမျိုးသား နိုင်ငံတော်ကို တည်ထောင်ချင်တယ်။ အမျိုးသား လက္ခဏာကို ဖြစ်စေချင်တယ်။ ဘာသာစကား တခုတည်းကိုပဲ ဇောင်းပေးထားတာကို ကျနော်တို့ မြင်ရတယ်။ ယုံကြည်မှုလို့ ပြောရင်လည်း ဦးနု လက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာဆိုသလို သတ်မှတ်ခဲ့တာ ရှိတယ်။ တခုချင်း တခုချင်း အစိုးရလုပ်တဲ့ဟာကို ပြန်ကြည့်တဲ့အခါမှာ တကယ့်ကို အမျိုးသား နိုင်ငံတော်ကို ပုံသွင်းနေတာ မြင်ရတဲ့အခါမှာ စိုးလည်း စိုးရိမ်စရာ ကောင်းတယ်လို့ သုံးသပ်လို့ ရပါတယ်။
တဖက်မှာ အဲဒီလို တင်ပြပြီးတော့ တဖက်မှာ တိုင်းရင်းသားတွေကို ပိတ်ပင်တာမျိုးတွေ ရှိတယ်။ ဥပမာ ဘာသာစကားတို့၊ ယဉ်ကျေးမှုတို့ တဖက်မှာ အဲဒီလိုမျိုး ပိတ်ပင်တော့ ပိုပြီးတော့ သူတို့ရဲ့ အမျိုးသားနိုင်ငံတော် တည်ထောင်ချင်တဲ့ စိတ်က ပိုခိုင်မာစေတယ်လို့ တိုင်းရင်းသားတွေဘက်က ထောက်ပြချင်တယ်။
မေး။ ။ ငြိမ်းချမ်းရေးနဲ့ ကျောင်းသင်ရိုးညွှန်းတမ်းက ဘယ်လို ပတ်သက်ဆက်နွယ်မှု ရှိပါသလဲ။
ဖြေ။ ။ အဲဒါက တိုက်ရိုက် ပတ်သက်တယ်လို့ ပြောလို့ရတယ်။ သာမာန်အားဖြင့် ပြောရင်တော့ ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်ပြီး တိုက်နေတာကိုပဲ လူတွေက မြင်ကြတယ်။ အဲဒါတွေက မငြိမ်းချမ်းမှုကို ဖြစ်စေတဲ့ အကြောင်းအရင်း ဖြစ်တယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှု နောက်ခံမတူတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကြာတဲ့အထိ ငြိမ်းချမ်းရေး မရတာက အချင်းချင်း ယုံကြည်မှု ကင်းမဲ့နေလို့ ဖြစ်တယ်။ အပြန်အလှန် နားလည်မှု အား နည်းနေတယ်။ အဲဒီတော့ ရင်းနှီးချစ်ခင်မှုတွေ ပျောက်ဆုံးကုန်တယ်။
ငြိမ်းချမ်းရေး ဆိုတာ နားလည် ရင်းနှီးမှုအပေါ်မှာသာ အခြေခံတာ ဖြစ်တယ်။ ဒါကြောင့် ဒီလိုနားလည်မှု ချစ်ခင်မှုတွေကို ကျောင်းနေ အရွယ်ကတည်းက စတင် ပျိုးထောင်ပေးရမယ်။ အထူးသဖြင့် ကျောင်းသား လူငယ်တွေရဲ့ စိတ်ထဲမှာ ပြည် ထောင်စု စိတ်ဓာတ် ဖြစ်စေမယ့် သင်ခန်းစာ၊ သင်ရိုးညွှန်းတမ်းတွေ ဖြစ်သင့်တယ်။
လက်ရှိ ကျောင်းသင်ရိုး ညွှန်းတမ်းတွေမှာပါတဲ့ အထူးသဖြင့် မြန်မာစာနဲ့ မြန်မာ့သမိုင်း ဘာသာရပ်တွေက မြန်မာနိုင်ငံမှာ တွေ့ကြုံဖြေရှင်းနေရတဲ့ ပဋိပက္ခတွေနဲ့ များစွာ ပတ်သက် ဆက်နွယ်နေပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ သက်ရောက်မှု ရှိတယ်။
ဘာလို့လဲဆိုတော့ ကျောင်းပညာရေးနဲ့ သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းချက်တွေက ခေတ်အဆက်ဆက် ခေါင်းဆောင်တွေ အလိုကျ နိုင်ငံရေး စနစ်၊ လူမျိုးရေးဝါဒတွေကို သွတ်သွင်းတဲ့ သင်ခန်းစာတွေကြောင့် ဖြစ်တယ်။ ဒီသင်ခန်းစာတွေက ပြည်ထောင်စုထဲမှာ နေထိုင်နေတဲ့ လူမျိုးတွေကြား၊ ကိုးကွယ်တဲ့ ဘာသာတွေကြားမှာ နားလည်မှု လွဲတာ၊ ကွဲပြားမှုတွေကို လက်မခံနိုင်တာ စတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးကြီး ဝါဒါကို သွတ်သွင်း ခံရတာကြောင့် ဒါဟာ ဆိုးကျိုးဖြစ်စေပါတယ်။
နောက် ဒီသင်ရိုးညွှန်းတမ်းမှာ ပြဋ္ဌာန်းထားတဲ့အရာတွေ အကုန်လုံးက လူမျိုး တမျိုးကိုပဲ အခြေခံတယ်။ အဲဒီလို လူမျိုး တမျိုးတည်းကို ဗဟိုပြုတဲ့ သင်ရိုးညွှန်းတမ်းတွေကြောင့် လူမျိုးတွေနဲ့ ဘာသာကြားမှာ အပြန်အလှန် နားလည်လက်ခံမှု၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မဖြစ်လာသလို ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာသာ အကောင်းဆုံး ဆိုတဲ့ စိတ်ထားတွေ ဖြစ်ပေါ်ပြီး သံသယတွေ ဖြစ်လာတဲ့အခါ မျိုးချစ်စိတ်တွေကြား ရိုက်ခတ်မှုက ပဋိပက္ခ အသွင် ဖြစ်လာတယ်။
စစ်အစိုးရ လက်ထက် သူတို့ရဲ့ အာဏာကို လှုပ်ခတ်စေနိုင်တာက ပညာရေးဖြစ်တဲ့အတွက် စာသင်သားတွေကို လွတ်လပ်တဲ့ အတွေးအခေါ်တွေ ပါဝင်တဲ့ ပညာမျိုး တတ်မြောက်စေဖို့ မဟုတ်တော့ပဲနဲ့ စာသင်သားတွေ ကြောက်ရွံ့ စိတ်ရှိဖို့၊ အမိန့် လိုက်နာတတ်စေဖို့ စတဲ့ ဝါဒ ရိုက်သွင်းတဲ့ သင်ခန်းစာတွေအဖြစ် ပြဋ္ဌာန်းထားတာ တွေ့ရတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဘာသာရေးနဲ့ လူမျိုးရေး ပြဿနာတွေ၊ စစ်ရေးပဋိပက္ခ ဖြစ်ပေါ်မှု တွေက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပညာရေးရဲ့ သက်ရောက်မှု ရှိပါတယ်။
ဘာလို့လဲဆိုတော့ နိုင်ငံသားတွေရဲ့ အတွေးအခေါ်တွေ လူ့ကျင့်ဝတ်တွေက ပညာရေးကနေ တဆင့် ဖြစ်လာတာ ဖြစ်တဲ့အတွက် ဆယ်စုနှစ်ပေါင်းများစွာ သင်ကြားလာတဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးက အခုအခါ ကြောက်တတ်လာဖို့ သင်ကြားပေးလိုက်တာ မျိုးတွေလည်း ကျနော်တို့ တွေ့နေရတယ်။
မေး။ ။ ပညာရေး သင်ရိုးညွှန်းတမ်းတွေရဲ့ သက်ရောက်မှု ဘယ်အပိုင်းတွေက ငြိမ်းချမ်းရေးကို မဖြစ်စေတာလဲ။ ဘာကြောင့်ပါလဲ ဆရာ။
ဖြေ။ ။ ပညာရေး သင်ရိုးညွှန်းတမ်းမှာ ဘာကို ဇောင်းပေးသလဲ ဆိုတော့ ဥပမာအားဖြင့် ၂ ခု နှိုင်းယှဉ်ကြည့်မယ်။ သမိုင်းမှာ ဆိုရင် မြန်မာနိုင်ငံကို ပုဂံကနေ စတယ်လို့ ရေးတယ်။ တနေရာမှာကျတော့ ၁၉၄၇ ပင်လုံစာချုပ်ကြောင့် ဖြစ်လာတယ်လို့လည်း ပြောထားတယ်။ အဲဒီမှာတင် နားလည်မှုက ဒီ၂ ခုကြားမှာ ကွာနေတယ်လို့ မြင်တယ်။ အဲဒီတော့ ကျနော်တို့ တိုင်းရင်းသားတွေ ခံယူထားတဲ့ သမိုင်းတွေနဲ့ ဗမာက သင်ကြားတဲ့ သမိုင်းတွေက ကွဲလွဲမှုတွေ ရှိတယ်။
နောက်တခုက ထပ်ပြောနိုင်တာတော့ သင်ကြားတဲ့ သင်ခန်းစာတွေပေါ့။ ဒီလိုဟာတွေကို တိုင်းရင်းသားတွေက ဗမာမှု ပြုတယ်လို့ ခံစားရတယ်။ ဘာလဲဆိုတော့ တိုင်းရင်းသားတွေရဲ့ သမိုင်းတွေ၊ ဘာသာစကားတွေ သင်ခွင့် မရဘဲနဲ့ ဥပမာ ပြောမယ်ဆိုရင် ဗမာလူမျိုး တခုရဲ့ သမိုင်းတွေ၊ စံတန်ဖိုး၊ ခံစားသက်ဝင်မှု အလင်္ကာ၊ ကဗျာတွေကိုပဲ ရိုက်သွင်းနေတာက ကျနော်တို့ကို ဗမာမှု ပြုတယ်လို့ တိုင်းရင်းသား တော်တော်များများက ခံစားရတယ်။
ဒီခံစားချက်က ရေရှည်မှာ ကျနော်တို့ မြန်မာနိုင်ငံ အတွက်လည်း မကောင်းဘူး။ ဒီဟာကို ခံစားနေရတဲ့ တိုင်းရင်းသားတွေ စိတ်ထဲမှာ မယုံကြည်မှုတွေ ဘယ်လောက်အထိ ရှိနိုင်မလဲဆိုတဲ့ဟာကို ကျနော်တို့ မှန်းဆလို့တောင် မရဘူး။ အဲဒါတွေက ပိုပြီး ပြင်းထန်လာရင် ငြိမ်းချမ်းရေး မဖြစ်စေဘဲနဲ့ ပဋိပက္ခ အသွင်ဆောင်တဲ့ လူမျိုး ဝါဒတွေ၊ ဘာသာဝါဒတွေက ပိုပြီးတော့ အားကောင်းလာစေနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်။
တဖက်မှာက ဒီသင်ရိုး ညွှန်းတမ်းတွေက ကျနော်တို့ တိုင်းရင်းသားတွေ အတွက် ခြိမ်းခြောက်မှုတွေ ဖြစ်နေတယ်လို့ မြင်ရတဲ့ အပိုင်းတွေ အများကြီး ရှိနေတယ်။ ကျနော်တို့ ဘာသာစကားကို မသင်ရတဲ့ အချိန်မှာပဲ မြန်မာစာကို အလွတ် ကျက်နေရတဲ့ ဖြစ်စဉ်မျိုးတွေက ကျနော်တို့ကို လူမျိုးပျောက်အောင် လုပ်နေသလားဆိုတဲ့ သံသယတွေကို ဖြစ်လာစေတယ်။
မေး။ ။ လက်ရှိမှာ တိုက်ပွဲတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူမျိုးရေး ပဋိပက္ခတွေတွေက လက်ရှိ ပညာရေးသင်ရိုး ညွန်းတမ်းတွေနဲ့ ဘယ်လို သက်ဆိုင်နေသလဲ။
ဖြေ။ ။ အဲဒါက ပညာရေးနဲ့ ငြိမ်းချမ်းရေးက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပတ်သက် ဆက်နွယ်မှု ရှိတယ်လို့ ကျနော် ဖြေချင်တယ်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးကို ကျနော်တို့ ပြောမယ်ဆိုရင် မငြိမ်း ချမ်းတဲ့ အကြောင်းအရင်းကို ကျနော်တို့ အရင် ရှာရမှာဖြစ်ပါတယ်။
မငြိမ်းချမ်းတဲ့ အကြောင်းကို ရှာရင် ဒီနိုင်ငံကို တည်ထောင်တဲ့ စံတန်ဖိုးတွေ ကျနော်တို့ ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ စံတန်ဖိုးတွေကို ကျနော်တို့ လေ့လာတဲ့ အခါမှာ ဒီစံတန်ဖိုးတွေက အားလုံး ပါဝင်ရေး မဟုတ်ဘဲနဲ့ သီးသန့် တဦးထဲ အတွက် ဖြစ်နေတယ်။ ဖြစ်နေတာက ဒီလူမျိုးတွေ အားလုံးအတွက် အကျုံးမဝင်တဲ့ဟာ၊ လူမျိုးတမျိုး အတွက် စံတန်ဖိုး တွေကို နိုင်ငံရဲ့ စံတန်ဖိုး အနေနဲ့ အစားထိုးလိုက်တဲ့အခါမှာ အဲဒီမှာ အကျုံးမဝင်တဲ့ တိုင်းရင်းသားတွေအမြင်မှာက ဒါ ပြဿနာ ဖြစ်လာပြီ။
အဓိက ငြိမ်းချမ်းရေး လုပ်ရတဲ့ အကြောင်းအရင်းကလည်း အဲဒီဟာကြောင့်ပဲဖြစ်တယ်။ အဲဒီဟာတွေက ပညာရေးမှာ အများကြီး ပတ်သက်လာတယ်။ ဘယ်လို ပတ်သက်သလဲ ဆိုတော့ မြန်မာစာကို သင်တာက စာသင်သူတွေရဲ့ စိတ်ပိုင်း ဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာကို သွတ်သွင်းတာ ဖြစ်တယ်။ သမိုင်းကတော့ သူတို့ ပြောပြောနေတဲ့ သမိုင်းတွေက မှန်ကန်ပါ တယ်ဆိုတာကို သက်သေထူခြင်း ဖြစ်တယ်လို့ ကျနော်ပြောချင်တယ်။
နောက် ဖက်ဒရယ်နဲ့ ပတ်သက်ပြီး အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း အထူးတလည် ဆွေးနွေးကြလိမ့်မယ်လို့ ကျနော်မြင်တယ်။ ဖက်ဒရယ်ရရင် သင်ရိုးညွှန်းတမ်း ကိစ္စတွေ၊ ဒီကိစ္စတွေအတွက် ပြည်ထောင်စုအစိုးရ က ဂိုက်လိုင်း လောက်ပဲ ပေးပြီးတော့ သက်ဆိုင်ရာလူမျိုးတွေ အကောင်းဆုံး ဆိုတာတွေကို ကိုယ့်ဘာသာ ရေးဆွဲပိုင်ခွင့်ရှိတယ်လို့ ထင်တယ်။
အိန္ဒိယမှာဆိုရင် သူတို့ရဲ့ တရားဝင်ရုံးသုံး ဘာသာကိုတောင်မှ ကိုယ့်ဘာသာကိုယ် သတ်မှတ်လို့ရတယ်။ သူတို့ ပညာရေး ကို ဘယ်လို ဘာသာစကားနဲ့ သင်တယ်ဆိုတာကို လုပ်ပိုင်ခွင့်ရှိတယ်။ ဒါတွေက ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ပေါ့။
ဒီပညာရေးသင်ရိုးညွှန်းတမ်းတွေကလည်း ဖက်ဒရယ်ကို တကယ်တမ်း သွားချင်ရင် ဗဟိုကပဲ ချုပ်ကိုင်နေတာမျိုး မဖြစ် သင့်ဘူး။
အခုဖြစ်နေတာက အစိုးရက ဗဟိုချုပ်ကိုင်မှု အရမ်းကြီးနေတယ်လို့ မြင်တယ်။ ပညာရေးပိုင်းမှာရောပေါ့။ ဆရာ ခန့်ထားမှု တွေ၊ အဲဒါတွေက ဖက်ဒရယ်လို့ ပြောနေတဲ့ ခေါင်းဆောင်တွေအနေနဲ့ လက်တွေ့မှာ ဒီပညာရေး အပိုင်းမှာပဲ ဖြစ်ဖြစ် အရင် ဆုံး ဖက်ဒရယ်ကို အားပြုစေမယ့်အရာတွေကို တဖြည်းဖြည်းချင်း လက်တွေ့ လျော့ချလိုက်သင့်တယ်လို့ ကျနော်ကတော့ ပြောချင်တယ်။
အဲဒါမှလည်း ယုံကြည်ချက်ဆိုတဲ့ အပြန်အလှန် ယုံကြည်မှုတွေ ပိုတိုးလာပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ရှေ့တိုးနိုင်မယ် လို့ ကျနော်ကတော့ မြင်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ဖို့ အတွက် သင်ရိုးညွှန်းတမ်းက ဘယ်လို ပုံစံမျိုးတွေ ဖြစ်သင့့်ပါသလဲ။
ဖြေ။ ။ ယုံကြည်မှုတွေ ရှိလာအောင် ဒီသင်ရိုးညွှန်းတမ်းတွေရဲ့ ရည်ရွယ်ချက်ကို ပြန်ပြင်ဖို့ လိုတယ်။ ကမာ္ဘမှာလည်း Education for peace ဆိုတာ ရှိတယ်။ ငြိမ်းချမ်းရေးကို ဇောင်းပေးပြီးတော့ အပြန်အလှန် ယှဉ်တွဲ နေထိုင်ရေးကို အကျိုးပြုဖို့ သင်ရိုးညွှန်းတမ်းတွေ အများကြီး ပြဋ္ဌာန်းထားတာတွေ ကမာ္ဘပေါ်မှာ ရှိပါတယ်။ အဲဒီအတွက် ကျနော်တို့ မြန်မာနိုင်ငံလိုမျိုး ထိလွယ်ရှလွယ် ဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေရှိတဲ့ တိုင်းပြည်မှာ အထူးသဖြင့် ဒီပညာ ရေးက ကျနော်တို့အတွက် အခွင့်အလမ်းတခုလို့ ပြောချင်တယ်။
ဒီပညာရေး သင်ရိုး ညွှန်းတမ်းတွေကို ကျနော်တို့ ပြင်ဆင်ခြင်းအားဖြင့် ချဉ်းကပ်နိုင်တယ်။ ဥပမာအားဖြင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး တို့ကို ပိုပြီးဖြစ်နိုင်စေတဲ့ သင်ခန်းစာမျိုးတွေပဲ သင်ကြားပေးသင့်တယ်။
ပြီးတော့ တဖက်မှာလည်း ဒီသင်ရိုးညွှန်းတမ်းတွေက ကျနော်တို့ အလွတ်ကျက်ပြီး ဖြေတာမျိုးမဟုတ်ဘဲ ကိုယ်ရဲ့ အတွေး အခေါ်ကို ပိုပြီး ဇောင်းပေးတဲ့ ပြဋ္ဌာန်းချက်မျိုးတွေ များများ ဖြစ်လာဖို့က ပိုပြီးတော့ အပြန်အလှန် နားလည် လက်ခံမှုတွေ ဖြစ်လာစေမယ်လို့ ကျနော် ယုံကြည်တယ်။
မေး။ ။ လက်ရှိ ကျောင်းသင်ရိုး ညွှန်းတမ်းက ပညာတတ်အောင် သင်ပေးတဲ့ စနစ်လား ဒါမှမဟုတ် နာခံတတ်အောင် သင်ပေးတဲ့ ပညာရေးလား။ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေး အားနည်းချက်ထဲမှာက သင်ရိုးညွှန်းတမ်း အားနည်းတယ်။ ပြီးတော့ အဲဒီ သင်ရိုးညွှန်းတမ်းကို အကောင်အထည် ဖော်တဲ့နေရာ၊ သင်ကြားပေးတဲ့ ပုံစံလည်း အားနည်းတယ်။ ဥပမာ သင်ကြားတဲ့ ပုံစံမှာ A မမှန်ရင် B မှန်နိုင်ဆိုတဲ့ အဖြစ်မျိုးကို မရိုက်သွင်းဘဲနဲ့ မသင်ပေးဘဲနဲ့ A မှ A ပဲ မှန်တယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ ကျနော်တို့ကို ကြောက်တတ်အောင် သင်ပေးတယ်။ ကျနော်တို့ကို နာခံတတ်အောင် သင်ပေးတယ်။
အဲဒီလို သင်ပေးတဲ့အခါမှာ လူတွေရဲ့ နေ့စဉ် လူမှုဝန်းကျင်ထဲမှာ အရမ်း ကြောက်တတ်လာတယ်။ အဲဒီလိုကြောက်တတ်မှပဲ လိမ္မာတဲ့ ကျောင်းသား အဲဒီလိုမျိုး စံသတ်မှတ်တယ်။ သူတို့စကားကို တသွေမတိမ်း လိုက်နာမှပဲ၊ တခြား တွေးခေါ်မှုကို စဉ်းစားခြင်း မရှိဘဲ သူတို့ပြောသမျှကို လုံးစေ့ပတ်စေ့ နားထောင်မှ ကျက်မှတ်မှသာ တော်တဲ့ ကျောင်းသားလို့ သတ်မှတ်ကြတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးမှာ လူတချို့က ပညာရချင်လို့ ကျောင်းတက်တာ မဟုတ်ဘဲနဲ့ အောင်လက်မှတ် ရဖို့ ကျောင်းတက်တဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။
မေး။ ။ အရင်တုန်းက မြန်မာပြည်က ဆရာဝန်တွေ ဘယ်နိုင်ငံကိုပဲ သွားအလုပ်လုပ် အလုပ်ပေးချင်ကြတယ်။ အဲဒီလို မြန်မာ့ ပညာရေးစနစ် ကောင်းခဲ့လို့ အရှေ့တောင် အာရှမှာ ရှိတဲ့ နိုင်ငံတချို့ဆိုရင် မြန်မာ့သင်ကြားရေး စနစ်ကို လာပြီး လေ့လာခဲ့ရတယ်လို့ သိရတယ်။ အခုတော့ ဘွဲ့ရပြီး အလုပ်မရှိတဲ့ သူတွေ အများကြီးရှိပဲ။ ခေါ်တဲ့အလုပ်တွေရဲ့ သတ်မှတ်ချက်တွေနဲ့ မပြည့်မီတော့ အလုပ်မရကြဘူး။ ဆိုတော့ အဲဒီ ကောင်းခဲ့တဲ့ ပညာရေး စနစ်ကြီးက ဘယ်အချိန်တုန်းက ဘာကြောင့် ပျက်စီးသွားခဲ့တာပါလဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်ခေတ်က အကောင်းဆုံးပဲ။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကာလမှာဆိုရင် မြန်မာ့ပညာရေးက ထိပ်ဆုံးအပိုင်းမှာ ရောက်သေးတယ်။ အဲဒီလို ထိပ်ဆုံးပိုင်းရောက်တော့ တခြားလူတွေက ရန်ကုန်ကို အထင်ကြီးတယ်။ မြန်မာကို အထင်ကြီးပြီး အလုပ်လာလုပ်တဲ့သူတွေ ရှိသလို ပညာလာသင်တဲ့ သူတွေလည်း ရှိတယ်။
အဲဒီတုန်းက ဘာလို့ အဲဒီလောက်ကြီး ပညာရေး ကောင်းခဲ့သလဲ ဆိုတော့ အင်္ဂလိပ်တွေရဲ့ ပညာရေး ပေါ်လစီကြောင့် ဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့မစ်ရှင်ခေါ်တဲ့ သာသနာပြုကျောင်းတွေလည်း ရှိတယ်။ အဲဒီမှာ စိတ်ဝင်စားစရာက မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ ၂ ခုပဲ သင်ကြားရေး ရှိတယ်လို့ ကျနော်တို့ သိရတယ်။
နောက် ဦးနေဝင်း အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ရဲ့ပညာရေးကို အမျိုးသားရေး လမ်းစဉ်ကို အစားထိုးလိုက်တယ်။ ကျနော်တို့ ဒီပညာရေးက အတွေးအခေါ် ပါတဲ့ ပညာရေးတွေ ဖြစ်ခဲ့သော်လည်း အမျိုးသားရေး ကိစ္စကိုပဲ ထည့်သွင်း ဇောင်းပေးတဲ့ အချိန်မှာ အင်္ဂလိပ်လို မသင်ရတော့ဘူး။ မြန်မာလို အကုန်လုံး ပြောင်းလဲလိုက်တယ်။
အဓိကကတော့ ကြောက်စိတ်ပေါ့။ ဗမာတွေရဲ့ ဘာသာစကားက ပျောက်တော့မယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ကျနော်တို့ အဲဒါကိုပဲ ဇောင်းပေးပြီးတော့ အမျိုးသားရေး လမ်းစဉ်ကိုပဲ ပညာရေးမှာ ဆွဲထည့်သွားတဲ့အချိန်ကနေ စပြီးတော့ တော်တာ်များများ ပျက်စီးသွားတယ်လို့ ပြောလို့ရတယ်။
နောက် ဦးနေဝင်း အာဏာသိမ်းပြီးတဲ့အချိန်မှာ သာသနာပြုကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေကို ပြည်သူပိုင် သိမ်းလိုက်ပြီး အဲဒီကျောင်းတွေမှာ ပညာသင်ပေးနေတဲ့ နိုင်ငံခြားသားတွေကို ပညာရေးကဏ္ဍကနေ ထွက်ခိုင်းတာကြောင့် မြန်မာ့ပညာရေးက ပျက်စီးသွားတာပါ။
အဲဒီ အကျိုးဆက်ကတော့ ကျူရှင်စနစ်တွေ ပေါ်လာတယ်။ အလွတ်ကျက် စနစ်တွေ ဖြစ်လာတယ်။ အဲဒီလိုနဲ့ မြန်မာ့ ပညာရေးက လုံးဝ ခေတ်နောက်ကျတဲ့ အခြေအနေ ရောက်လာတယ်။ အဲဒီအခြေအနေမှာ တက္ကသိုလ် ကျောင်းသားတွေက စစ်အစိုးရကို တွန်းလှန်ဖို့ ပညာရေးက အဓိက ဗဟိုချက် ဖြစ်လာခဲ့တယ်။
ပြီးတော့ တဆက်ထဲမှာ ကျနော့်သုံးသပ်ချက်တခုကတော့ အာဏာ တည်မြဲဖို့အတွက် အာဏာရှင်တွေက ဒီပညာရေးကို အသုံးချခဲ့တယ်လို့ ကျနော့်အနေနဲ့တော့ ငြင်းချက် ထုတ်ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနိုင်ငံကို အုပ်ချုပ်တော့မယ် ဆိုရင် အာဏာရှင်တွေက လုပ်လေ့လုပ်ထ ရှိတာကတော့ ပညာရေးကို သူတို့ ဖျက်ဆီးလိုက်တဲ့အခါမှာ အတွေးအခေါ်နဲ့ ဆိုင်တဲ့ ဆင်ခြင်တုံတရားတွေ၊ ရဲရင့်မှု ဆိုတဲ့ ဒီဟာတွေက ပညာကနေလာတာ ဖြစ်တယ်။
ဒီအသိဉာဏ်တွေကို ရိုက်ချိုး ဖျက်ဆီးပြီးတော့ သူတို့ပြောတာ အမှန်၊ သူတို့ ပြဋ္ဌာန်းတာကိုပဲ လေ့လာ သင်ယူရမယ်ဆိုတဲ့ ကြောက်တတ်အောင် သင်ပေးတဲ့ အခြေအနေတွေရဲ့ သက်ရောက်မှုက ကျနော်တို့တွေ ကြောက်တတ်လာတယ်။ ရဲရင့်တဲ့ အတွေးအခေါ်တွေ မရှိဘူးဆိုရင် သူတို့ပြောတာကို ကျနော်တို့ ပြောရဲ၊ ဆိုရဲ တော်လှန်ရဲတဲ့ စိတ်ဓာတ်တွေ နည်းလာမယ်။ အဲဒီလို နည်းလာမယ်ဆိုရင် အာဏာရှင်တွေရဲ့ အာဏာရမှုက ပိုပြီး ခိုင်မြဲစေတဲ့ အကြောင်းအရာတွေ ဖြစ်တယ်။
ဥပမာ အားဖြင့် ဦးနေဝင်း မဆလခေတ်မှာ ၁၉၇၀ ဝန်းကျင်လောက်မှာ ကျောင်းသား လှုပ်ရှားမှုတွေ အများကြီး ဖြစ်တယ်။ ဦးသန့် အရေးအခင်းဆိုရင် ကျောင်းသူကျောင်းသားတွေ လှုပ်ရှားမှုတွေ ဖြစ်လာတော့ ဆလိုင်း တင်မောင်ဦးဆိုရင် ကျောင်းသားပဲ။ အဲဒါကို ကြိုးစင်ပေးပြီးတော့ သတ်ဖြတ်တာမျိုးတွေကလည်း ပညာရေးနဲ့ အများကြီးဆိုင်တယ်။
နောက်ပိုင်း ပြောနိုင်တာကတော့ ၈၈ အရေးအခင်းပေါ့။ ကျောင်းသားတွေက အာဏာရှင်တွေကို ဝေဖန်ထောက်ပြနေ တော့ ၈၈ မှာ မြန်မာ့ပညာရေးစနစ် ဖျက်ဆီးခံရတာ မဟုတ်ပဲ ပညာရေး အဆောက်အအုံတွေကို ကန့်သတ် ပိတ်ပင်ခံ လိုက်ရတယ်။ ကျောင်းတွေကို မြို့ပြင် လယ်တောတွေထဲ ပို့တယ်။ ကျောင်းသားတွေ အချင်းချင်း ဆက်သွယ်လို့ မရအောင် လုပ်တာပေါ့။ အဲဒီမှာ မြန်မာ့ပညာရေးက ပျက်စီးသွားတာ ဖြစ်တယ်။
မေး။ ။ ဦးနေဝင်း လက်ထက်မှာ အင်္ဂလိပ်စာကို သူငယ်တန်းကနေ စသင်တာ မဟုတ်ဘဲ ၅ တန်းရောက်မှ သင်တာမျိုး၊ အင်္ဂလိပ်စာကို ကျွန်ပညာရေးဆိုပြီး သင်မပေးတာမျိုးတွေ လုပ်ခဲ့တော့ အဲဒါအကျိုးဆက်က အခု ဘာတွေဖြစ်လာလဲ။
ဖြေ။ ။ အဓိကကတော့ အင်္ဂလိပ်တွေ လုပ်ခဲ့တဲ့ ပညာရေးစနစ်ကို ကျနော်တို့က ကောင်းကောင်းမွန်မွန် မထိန်းသိမ်းဘဲနဲ့ အမျိုးသားရေးကို ဇောင်းပေးပြီးတော့ ဒါက ကျွန်ပညာရေး ဖြစ်တယ်။ မကောင်းဘူးဆိုတဲ့ အမြင်မျိုးနဲ့ လုပ်တော့ အင်္ဂလိပ် စာကို လူတွေက မတတ်တော့ဘူး။
အင်္ဂလိပ်စာ မတတ်ရင် အသက်မပါတဲ့ လူသားတယောက်လို ဖြစ်နေတဲ့ အချိန်ကာလမှာ အခုနောက်ပိုင်း ကြည့်လိုက် ကျနော်တို့ နိုင်ငံမှာ အင်္ဂလိပ်စာ တတ်မြောက်မှုက တော်တော်လေးကို အားနည်းသွားပြီ။ အဲဒီတော့ ကျနော်တို့က ကမာ္ဘမှာ မဝင်ဆန့်သလိုဖြစ်သွားတယ်။ မြန်မာပြည်မှာ ဆရာဝန်ဘွဲ့ရတယ်။ နိုင်ငံခြားက လက်မခံဘူ။ ဒါတွေ ဘာဖြစ်လို့လဲ အရည်အချင်း မရှိတဲ့ဟာတွေ အထူးသဖြင့် အင်္ဂလိပ်စာ အားနည်းတဲ့ဟာတွေ အဲဒါတွေရဲ့အကျိုးဆက်ပဲလို့ ပြောလို့ရပါတယ်။
မေး။ ။ တိုင်းရင်းသားတွေ အနေနဲ့ မြန်မာစာသင်တဲ့အခါ သူတို့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ဘုရားဟောဇာတ်တွေ၊ ပါဠိတွေ စတာတွေကို သင်ကြားစေတာက သူတို့ကို အနိုင်ကျင့်သလို ဖြစ်နေသလား။
ဖြေ။ ။ ဟုတ်တယ်။ အဓိကကတော့ ကျောင်း သင်ရိုးညွှန်းတမ်းကို ကြည့်လိုက်လို့ ရှိရင် မြန်မာစာမှာ ၅၀ ရာခိုင်နှုန်း လောက်က ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ စာအုပ်တွေ ဖြစ်နေတယ်။ ရေသည်ပြဇာတ်လို၊ ဇာတက ဝတ္ထု လိုဟာမျိုး တွေ ဒီဟာတွေသည် တိုင်းရင်းသားတယောက် အနေနဲ့ ကြည့်ရင် ခြိမ်းခြောက်မှု တခုလို့ ပြောလို့ရ တယ်။
အင်တာဗျူးတခုမှာ နိုင်ငံရေးသမား ခေါင်းဆောင် တယောက်ပြောတာက တော်တော်လေး ကြောက်ဖို့ ကောင်းတယ်။ လက်နက်နဲ့ လာတိုက်တာထက် ဒီအရာတွေကို ရိုက်သွင်းတာက ပိုကြောက်ဖို့ ကောင်းတယ်လို့ သူက ဖြေတာပေါ့။ ဒီဟာတွေကို သင်ပေးတာက ခွဲခြား ဆက်ဆံမှုထက်တောင်မှ ကျနော်တို့ တိုင်းရင်းသားရဲ့ ဖြစ်တည်မှု တိုင်းရင်းသားရဲ့ ဓလေ့နဲ့ တိုင်းရင်းသားတွေရဲ့ စံတန်ဖိုးတွေ၊ အတွေးအခေါ်တွေက အသုံးမဝင်သလို ဖြစ်သွားတယ်။
ပြောရရင်တော့ ဗမာယဉ်ကျေးမှု၊ ဗမာဘာသာရေးနဲ့ ဆိုင်တဲ့ အတွေးအခေါ်တွေကပဲ ပိုပြီးတော့ ခေတ်မီသွားတယ်ဆိုတဲ့ ပုံစံမျိုးလိုပေါ့။ အဲဒီလိုမျိုး ခံစားချက်တွေရှိတယ်။ ဒီလိုမျိုး လုပ်ခြင်းအားဖြင့် တိုင်းရင်းသားတွေက ကိုယ်ရဲ့လူမျိုး ဖြစ်တည်မှု စံတန်ဖိုးတွေ၊ ကျနော်တို့ရဲ့ ရိုးရာ ယဉ်ကျေးမှုတွေ တဖြည်းဖြည်းနဲ့ မေ့ပျောက်လာပြီလေ။ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် တကယ်လို့ ဒီဟာတွေက ပိုပြီးတော့ လွှမ်းမိုးလာရင် ကျနော်တို့ တိုင်းရင်းသား ဖြစ်တည်ခြင်းဆိုတာ ဘာမှပြစရာ မရှိတော့ဘူး။
အဲဒီလိုမျိုး မရှိတော့ရင် ကျနော်တို့ ပိုက်ဆံဘယ်လောက်ပဲ ချမ်းသာ၊ ချမ်းသာ ဒီတိုင်းရင်းသား ဖြစ်တည်ခြင်းက ပြန်ဝယ်လို့ရတဲ့ ကိစ္စကြီး မဟုတ်ဘူး။ ဆိုတော့ အဲဒါ တော်တော်လေးကို စိုးရိမ်စရာ ကောင်းတယ်လို့ ပြောသွားပါတယ်။ ရှင်းပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေကို အသိအမှတ် မပြုဘူး ဆိုတဲ့ဟာက တော်တော်လေး ပေါ်လွင်စေတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။
You may also like these stories:
အာဏာရှင်မြေယာစီမံခန့်ခွဲမှုမှ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုဆီသို့
ရောဂါနှင့် ဝါဒဖြန့်ချိရေး မြန်မာနိုင်ငံတွင် ရှည်လျားသော သမိုင်းရှိသည်
ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများလည်း အရေးပါသည်
Covid-19 နှင့် ပညာသင်ကြားရေးစနစ် အပြောင်းအလဲ