တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ မေ ၁၀ ရက်မှ သြဂုတ် ၃၀ ရက်အထိ အပစ်ရပ်ဆိုင်းပေးကြောင်း ကြေငြာ ထားသည့် နယ်မြေထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အကျုံးဝင်သော်လည်း ဇွန်လအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသောကြောင့် ရာချီသည့် အရပ်သားများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ကျောက်မဲမြို့နယ်တွင်း ဇွန် ၂၇ ရက်မှ ၂၉ ရက်အထိ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကြား တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေးတင်းမာသဖြင့် အရပ်သား ၇၀၀ ကျော်မှာ ၎င်းတို့ နေထိုင်သည့် ကျေးရွာ ၁၀ ရွာကျော်မှ ထွက်ပြေးလာကြရသည်။
ဇွန်လ ၂၈ ရက်နေ့က ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာအုပ်စု ပန်ကျန်ကျေးရွာနေ လုံးဆုနှင့် ဒေါ်နန်းဆိုင်တို့ ၂ ဦးအား တပ်မတော်က ပစ်ခတ်ခဲ့သဖြင့် အသက် ၆၀ အရွယ် လုံးဆုမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်နန်းဆိုင်မှာ တင်ပါးဆုံ ကျည်ထိမှန် ဒဏ်ရာဖြင့် နောင်ပိန် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ရှမ်းလွှတ်တော် အမတ်များက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံ တင်ပြထားသည်ကိုတွေ့ရသည်။
ထွက်ပြေးလာကြသည့် အရပ်သားများ အနေဖြင့် တောင်ယာလုပ်ငန်းခွင် စတင်သည့် မိုးရာသီ ဖြစ်သည့် အပြင် ပြောင်းဖူး၊ စပါးနှင့် သီးနှံများလည်း စိုက်ပျိုးထားကြသည့် ကာလတွင် ထွက်ပြေးရသဖြင့် စစ်ရေး တင်းမာမှုများ လျော့ကျရန် မျှော်လင့်နေကြရာ ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်မှ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် တွေ့ဆုံကာ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို တွေ့ဆုံ မေးမြန်းထားပါသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်ကတည်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သည်။
ဦးစိုင်းထွန်းဝင်း (ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်)
တိုက်ပွဲက ဇွန်၂၇ ရက်မှာ စဖြစ်တာ။ ၂၈ ရက်မှာ ဒုက္ခသည်တွေက စပြေးလာကြတာပါ။ ကျနော်ထင်တာတော့ RCSS ရဲ့ မူးယစ်တိုက်ဖျက်ရေးကနေ စပြီး ပြဿနာ ဖြစ်တယ်လို့ မြင်ပါတယ်။ အရပ်သားတွေကတော့ တိုက်ပွဲ ဖြစ်ပြီဆိုရင် စိုးရိမ် ကြတယ်။ ၂၀၁၆ မှာလည်း ကြုံခဲ့ဖူးတာတွေကလည်း ရှိတော့ အခုဆိုရင် တတိယအကြိမ်လောက် ရှိပြီ။ အခု စစ်ဘေး ရှောင်တွေက ပန်လော့ဘုန်းကြီးကျောင်းမှာ ၂၀၀ ကျော် ရှိတယ်။ နောင်ပိန်က အောင်ဓမ္မာရုံမှာ ၄၀၀ နီးနီး ရှိပြီ။ အစိုးရ ဘက်က လက်လှမ်းမမီနိုင်တဲ့နေရာမှာ ၄၀ ကျော် ရှိပါတယ်။ အခုကတော့ ဆက်ပြီး ဒီမှာ ခိုလှုံနေရဦးမှာ။ ဒါပေမယ့် မကြာ လောက်ဘူး။ ၄ ရက်၊ ၅ ရက်လောက်ဆိုရင် သူတို့ပြန်နိုင်မှာပါ။
တိုက်ပွဲကြားမှာ သေဆုံးသွားတဲ့သူတွေ ကိစ္စကတော့ ရွာသားတွေ ပြောပြလို့ သိရတာက တပ်မတော်စစ်ကြောင်း က ဝင်လာတယ်။ တံခါးကို ဖွင့်တယ်။ သေနတ်နဲ့ပစ်တယ်။ တယောက်ကတော့ တင်ပါးမှာ ထိမှန်သွားတယ်။ အဲဒါက အမျိုး သမီး၊ နောက်တယောက်ကတော့ တခါတည်း ပွဲချင်းပြီးပါပဲ။ ပန်ကန်စာသင်ကျောင်းမှာ ပြေးခိုနေတုန်း ဖြစ်သွားတာ။
နောက်တယောက် ရိုက်ခံရတာက သူက ပိုးစာခြံထဲမှာ ပိုးမွေးတုန်း ခြံထဲမှာနေတယ်။ နောက်ပြီး သူက ကျွဲကျောင်းတယ်။ ရွာက လူတွေ ထွက်ပြေးသွားတာကို သူမသိလိုက်ဘူး။ နောက်ဆုံး ကျန်ခဲ့တယ်။ တပ်မတော်စစ်ကြောင်းနဲ့တွေ့တော့ သူ့ကို လမ်းပြအနေနဲ့ ခေါ်တယ်။ သူ့ကိုရိုက်နှက်တာ ရှိတယ်။ ဇွန် ၂၉ မှာတော့ ပန်လော့ဘုန်းကြီးကျောင်းကို ရောက်လာ တယ်။ ဘုန်းကြီးကျောင်းမှာ ခဏ ခိုလှုံပြီး ပရဟိတ အသင်းက ကြိုပြီးတော့ ကျောက်မဲ ဆေးရုံကို ပို့ထားတာပေါ့။
ဇွန် ၂၈ ရက် နေ့လည်ပိုင်းမှာ ဆိုရင်လည်း ရွာသားတွေက အကူအညီတောင်းလာတာ ရှိတယ်။ ဟဲကွီက လူ ၂ ယောက်နဲ့ ကား ၁ စီးကို လမ်းခုလတ်မှာ ခေါ်ဆောင်ပြီး လိုက်ပို့ခိုင်းတာ။ ရွာသားတွေက ကျနော်တို့ကို အကြောင်းကြားလာတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကိုစိုင်းထွန်းဉာဏ်က စကခ ကို လှမ်းအကြောင်းကြားတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေး ပိုင်းကိုလည်း လှမ်းအကြောင်းကြားတယ်။ အကြောင်းကြားတဲ့ အချိန်မှာ ပါသွားတဲ့သူကို ပြန်စိစစ်ပေးမယ်လို့ ပြောတယ်။ ဇွန် ၂၉ ရက် မနက်မှာတော့ ပြန်လွတ်လာကြပါတယ်။
အရိုက်ခံရတဲ့ သူတွေရဲ့ကိစ္စကတော့ တခါတည်း လုပ်ငန်းက ပြီးပြတ်သွားတာ မဟုတ်ဘူး။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ ညှိနှိုင်းဖို့ရှိပါတယ်။ ဒါက လူ့အခွင့်အရေးချိုးဖောက်တာတွေ ပါလာနိုငိတယ်။ အဲဒါတွေကို ကျနော်တို့ ပြန်ဆွေးနွေးရဦးမှာပါ။ ပြည်သူတွေ ထိခိုက်တဲ့ ကိစ္စကို ဖော်ပြသွားဖို့ တင်ပြသွားဖို့ ရှိပါတယ်။
တကယ်ဆိုရင် RCSS နဲ့က NCA လက်မှတ်လည်း ထိုးထားတယ်။ တပ်မတော်ကလည်း အပစ်ရပ်ကြေငြာ ထားတယ်။ အောက်ခြေနဲ့ အပေါ်က နားလည်မှု လွဲတယ်လို့ ကျနော်မြင်တယ်။ အခုဖြစ်နေတာကလည်း အောက်ခြေက ဖြစ်နေ ကြတာ။ အပေါ်ကတော့ ဒါမျိုးဖြစ်လာရင် ဆွေးနွေးရုံပဲရှိတာ။ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ဆွေးနွေးမယ်။ အောက်ခြေ ကတော့ ထုံးစံအတိုင်း ဖြစ်နေတာလို့ လေ့လာ သုံးသပ်ရတယ်။ ကျနော်တို့ကတော့ ဘယ်အဖွဲ့အစည်းမဆို အပေါ်နဲ့ အောက်ကို နားလည်မှု မလွဲစေချင်ဘူး။ ဖြစ်လာရင် ပြည်သူတွေက အရမ်းထိခိုက်နစ်နာတာ။
နောက်တခုက အားပြိုင်မှုလို့ ကျနော်က မြင်တယ်။ တဖက်နဲ့ တဖက် အဖွဲ့အစည်းတွေကြားမှာ အားပြိုင်တာတွေနဲ့ ဒီဘက်ကလည်း ငါ့အဖွဲ့ငါရှိတယ်။ တဖက်ကလည်း ငါ့အဖွဲ့ ငါရှိတယ် ဆိုတာမျိုးက နားလည်မှုတွေ လွဲကြတယ်လို့ပဲ သုံးသပ်ချင်ပါတယ်။ တဖက်က ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲဖို့ သွားနေတဲ့ အချိန်မှာ အောက်မှာက နားလည်မှု လွဲပြီး အပစ်အခတ်တွေဖြစ်နေတယ်လို့ပဲ ပြောချင်ပါတယ်။
စစ်ဘေးရှောင်တွေကတော့ ချက်ခြင်းရောက်လာရတော့ စီစဉ်ထားနိုင်တာ မရှိတော့ နီးစပ်ရာ ပြည်သူတွေက ဆန်၊ ဆီတွေပို့ပေးတာနဲ့ စားကြတယ်။ ဝိုင်းပြီး ကူညီဆောင်ရွက်ကြတာပေါ့။ အဓိက ကတော့ လိုအပ်တာက စားဖို့ သောက်ဖို့က အခက်အခဲရှိပါတယ်။
ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေး (ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) )
ဇွန် ၃၀ မှာတော့ ငြိမ်သွားပြီ။ ညှိနှိုင်းမှုကတော့ လောလောဆယ်တော့ ကျောက်မဲ ဆက်ဆံရေးရုံး တာဝန်ခံ ကနေပြီးတော့ ဖုန်းနဲ့ပဲ လှမ်းညှိတာပဲ ရှိလိမ့်မယ်။ တပ်မတော်နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေရောပေါ့။ တခြားညှိနှိုင်းမှုတော့ လောလောဆယ်တော့ မရှိသေးဘူး။
တိုက်ပွဲဖြစ်ရတာက ၂၄ ရက်နေ့တုန်းက ကျောက်မဲ ဆက်ဆံရေးရုံး တာဝန်ခံကနေပြီးတော့ သက်ဆိုင်ရာ တပ်မတော် ဘက်ကို လှမ်းပြီး အကြောင်းကြားထားတယ်။ ဇွန် ၂၆ ရက်မှာ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ကျနော်တို့ RCSS ထိန်းချုပ်ရာ နယ်မြေနှင့် ဖမ်းဆီး ရမိထားသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးဖို့ အခမ်းအနား ဆောင်ရွက်မယ်။
အဲဒါ ကြောင့် ၂၅ ရက်နေ့မှာ RCSS တပ်ဖွဲ့တွေ လုံခြုံရေး ယူပေးဖို့ ရောက်ရှိနေပါတယ်ဆိုတဲ့ အကြောင်းကို တပ်မတော်ကို လှမ်းပြီး အကြောင်းကြားထားတာပေါ့။ တပ်မတော်ကနေ လှုပ်ရှားမှုတွေ ရှိရင် ထိတွေ့မှုတွေ တိုက်ပွဲတွေ ဖြစ်မှာစိုးလို့ ကြိုတင် အကြောင်းကြားထားတာပေါ့လေ။ ၂၄ ရက်မှာ အကြောင်းကြားထားတာနဲ့ ၂၅ ရက်ကျတော့ ခလရ ၂၅၆ နဲ့ လှုပ်ရှားသွားလာရင်းနဲ့ RCSS နဲ့ တိုးမိရော။ ခဏတဖြုတ် တိုက်ပွဲငယ်လေး ဖြစ်သွားတာပေါ့။ သိပ်မကြာဘူး။ ၅ မိနစ်လောက်ပဲ။
၂၅ ရက်နေ့ ညနေပိုင်းကျတော့ ကျောက်မဲဆက်ဆံရေးရုံး တာဝန်ခံကနေ နောက်ထပ်တခါ တပ်မတော်ဘက်ကို လှမ်းပြီး အကြောင်းကြားပြန်တယ်။ လှုပ်ရှားမှုတွေ နည်းနည်းလျော့ပေးပါ။ ကျမတို့ အကြောင်းကြားထားသလို RCSS တပ်ဖွဲ့ဝင် တွေ မူးယစ်ဆေးဝါး မီးရှို့ ဖျက်ဆီးရေး အခမ်းအနားကို လုံခြုံရေးယူပေးဖို့ ရောက်ရှိနေတာမို့ အခမ်းအနားကို ပြန်ဖျက် ဖို့လည်း မဖြစ်နိုင်ဘူး။
ခင်ဗျားတို့ ဆက်လက် တောနင်းနေမယ်ဆိုရင် မလွှဲမရှောင်သာ တိုက်ပွဲဖြစ်နိုင်တယ်လို့ နောက်ထပ် တခါ အကြောင်း ပြန်ကြားတယ်။ အဲဒါက ၂၅ ရက် ညနေနော်။ ၂၆ ရက်နေ့ရောက်တော့ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး တွေကို မီးရှို့ ဖျက်ဆီးတဲ့ အခမ်းအနားကို အောင်အောင်မြင်မြင်ပဲ ဆောင်ရွက်နိုင်ခဲ့တယ်။ ပြည်သူလူထုတွေလည်း အများ ကြီး လာတယ်။ အဲဒီတော့ ၂၆ ရက် က တိုက်ပွဲလည်း မဖြစ်ဘူး။ ပြဿနာလည်း မဖြစ်ဘူး။
၂၇ ရက်နေ့ကျတော့ အခမ်းအနားလည်း ပြီးသွားတာကို လုံခြုံရေး ယူပေးတဲ့ တပ်ဖွဲ့ဝင်တွေက ကိုယ့်နေရာကိုယ်၊ ကိုယ်စီ ပြန်သွားကြတာပေါ့။ ပြန်သွားတော့ တပ်မတော်ဘက်က နောက်ထပ် တောနင်းလှုပ်ရှားတော့ တိုက်ပွဲ နောက်တခါ ပြန်ဖြစ် တယ်။ ဒါပေမယ့် တိုက်ပွဲငယ်လေးတွေပဲ ခဏလေးတွေပဲ။ ပြီးသွားရော။
၂၈ ရက်နေ့ကျတော့ ခလရ ၁၀၁၊ ခလရ ၂၅၆၊ ခလရ ၁၄၇၊ ခလရ ၂၂ နဲ့ ခလရ ၂၃ ဆိုတဲ့ ပူးပေါင်း တပ်ရင်းတွေ အင်အား ၁၀၀ ကျော်ခန့်က ဆက်လက်လှုပ်ရှားတာပေါ့။ အဲဒီမှာ RCSS နဲ့ ၃ ကြိမ်လောက် တိုက်ပွဲငယ် ဖြစ်ခဲ့တယ်။ အဲဒီတော့ ၂၇ ရက်တုန်းက ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲငယ်က တပ်မတော်ကနေပြီးတော့ ရွာသားတွေကို ဖမ်းဆီးပြီးတော့ လမ်းပြခိုင်း၊ ရိုက်နှက်တာ ရှိတော့ ထွက်ပြေးကြတာ။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
JMC ကနေပဲ တဆင့် ညှိနှိုင်းရမှာပေါ့။ တိုက်ပွဲ ဖြစ်တာ ထိတွေ့မှု ဖြစ်ပွားတိုင်းကတော့ အဲဒီကနေ တဆင့် လုပ်ပါတယ်။ ကျောက်မဲဘက်မှာတော့ အရပ်သား သေဆုံးတာတော့ မသိဘူး။ မနေ့က (ဇွန် ၃၀) တော့ နေ့လည် ၁ နာရီခွဲမှာ ၁၅ မိနစ်လောက် RCSS အင်အား ၂၅ ယောက်လောက်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ သူတို့ဆီက ခဲယမ်းတချို့ သိမ်းဆည်း ရမိတာ ရှိတယ်။ ဖြစ်စဉ်ကတော့ ဒီလောက်ပဲရှိတယ်။
( လမ်းပြအဖြစ်ခေါ်သွားပြီး ရိုက်ခံရတာလည်း) မသိဘူး။ မသိဘူးဆိုတာ ဒါနဲ့ ပတ်သက်ပြီး အောက်ခြေက မတင်ပြ တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နယ်မြေကျော်လွန်တာကို လက်မခံဘူးဆိုတာကတော့ ဒီဟာတော့ မမှန်ပါဘူး။ သိတာကတော့ RCSS/SSA နဲ့က တချို့ဟာတွေက ပြောပြီးသား ရှိတယ်ဆိုတာ သိရတယ်။ သူတို့ရဲ့ နယ်မြေက ရှမ်း တောင်ပိုင်းမှာပဲရှိတာကိုး။ အခု သူတို့က ရှမ်းမြောက်ပိုင်းထိ ရောက်လာတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ အဲဒါကြောင့် သူတို့ SSPP နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာတွေ ဖြစ်ခဲ့တာပေါ့။ RCSS နဲ့ ကျနော်တို့ ညှိနှိုင်းမှုတွေကလည်း ရှိပါတယ်။ ကျနော် နောက်မှ ပြောပါမယ်။
ဦးစိုင်းမောင် (တပ်မတော်စစ်ကြောင်းက လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်ခံရသူ)
ကျနော်က ကျွဲကျောင်းနေတာ ဆန်ကုန်တော့ ရွာထဲကို ဆန်လာယူရင်း ပေါ်တာ ဆွဲခံရတာ။ ကျနော့်ကို လမ်းပြ ဆိုပြီး ခေါ်သွားတာ။ ဘာမှ မဖြစ်ဘူးဆိုပြီး ခေါ်သွားပြီး ပန်ကန်ကို ရောက်တော့ လူ ၂ ယောက်ကို ပစ်ချလိုက်တယ်။ သူတို့ ပစ်တာ ရွာကို ပစ်တာ။ ကျနော်လည်း မသိဘူး။ သူတို့က ခေါ်သွားလို့ သွားပို့တာ။ ဟိုမှာ ရောက်တော့ သူတို့ ပစ်လိုက်လို့ လူသေသွားပြီ။ အဲဒီမှာ ကျနော့်ကို ရိုက်တာပဲ။ ကျနော်လည်း အရိုက်ခံရပြီး မေ့သွားတယ်။ ကျနော်ထလာတော့ သူတို့ မရှိတော့ဘူး။
ကျနော့်ကို ဟဲကွီရွာထဲကနေ ခေါ်သွားတာ။ ကျနော်လည်း သူတို့ကို ကောင်းကောင်းပြောတယ်။ ကျနော်က ကျွဲ ကျောင်းသူပါ ။ ထမင်းဆာလို့ ဆန်ကုန်လို့ အိမ်မှာ လာယူတာပါ။ မင်းတို့အိမ်က လူတွေ ဘယ်ရောက်သွားလဲ ဆိုတော့ ကျနော်လည်း မသိဘူး။ ကျနော်က တောထဲမှာပဲ နေတာ။ ရွာက လူတွေ ကြောက်ပြီး ထွက်ပြေးသွားတာလည်း ကျနော် မသိဘူး။ သူတို့က မင်းမသွားနဲ့ ဆိုပြီး ခေါ်ထားတယ်။
နောက်ပြီး ကျနော့်ကို လမ်းပြ လိုက်ပို့ဆိုတော့ လိုက်ပို့တာ ပန်ကန် ရောက်တော့ သူတို့က လူကို ပစ်လိုက်တာ။ ပစ်ပြီး သူတို့က ပုန်းတယ်။ အဲဒီမှာ ဟိုဘက်က စစ်သားက မရှိပါဘူး။ သူတို့က လူ(အရပ်သား)အိမ်ကို ပစ်တာပါ။ သေပြီ ဆိုတော့ ကျနော့်ကို ပြောတယ်။ မင်းပြောတော့ လူမရှိဘူးဆိုတဲ့။ ကျနော်လည်း မသိဘူး။ ကျွဲကျောင်းတာ။ ကျနော့်ကို ရိုက်တယ်။ ကျနော့်လက်ကို နောက်ပြန်ကြိုးတုပ်ထားတာ။ ချည်ထားပြီး ရိုက်တာ။ ကျနော့်ကို စပြီး လမ်းပြလုပ်ဖို့ ခေါ်လာတည်းက ကြိုးက တုပ်ထားတာ။ နောက်ပြီး ရိုက်လို့ ကျနော် မေ့ပြီး ကျန်နေခဲ့တာ နိုးလာတော့ ဘုန်းကြီးကို တွေ့တယ်။ ဘုန်းကြီးက ကျနော့်ကို ခေါ်လာလို့ ကျနော် ဆေးရုံရောက်လာတာ။
သူတို့က ကျနော့်ကို ဘာလို့ ရိုက်လဲ မသိဘူး။ ကျနော်က လမ်းမပြရင်လည်း တမျိုးပေါ့။ အခုက လမ်းလည်း ပြတယ်။ ကျနော့်ကို ပြန်လွှတ်ရမှာလေ။ မလွှတ်ပေးဘဲ ကြိုးတုပ်ပြီး ရိုက်တာ။ ဘာနဲ့ ရိုက်လဲ ဘယ်လို လုပ်ကြလဲ မသိဘူး။ ရိုက်ခံ ရတာနဲ့ ကျနော်က မေ့သွားတာပဲ။ ကျနော်နိုးလာတော့ စစ်ကြောင်းတွေ ဘယ်သူ့ကိုမှ မတွေ့တော့ဘူး။ ကျနော့် ကိုလည်း ကြိုးဖြည်ပေးခဲ့တယ်။ အဲဒီမှာ ဘုန်းကြီးနဲ့တွေ့တော့ ပစ်ခံရတဲ့ လုံးဆု ဆိုတဲ့သူက သေပြီတဲ့။ ဦးစိုင်းမောင်မလား။ လာဆိုပြီး ခေါ်လာခဲ့တာ။ ကျနော်အခု ခေါင်းတွေ ပါးတွေ တအားနာတယ်။ မတ်တပ်ထရင်လည်း မူးနေတာ။ ကျနော် ဘာမှလည်း မသိတော့ဘူး။
အရိုက်ခံရတဲ့အပေါ်လည်း ကျနော် ဘာမှ မပြောလိုတော့ပါဘူး။ ကိုယ့်ဘာသာကိုယ်ဖြစ်တာပဲ နေပါစေတော့။ သူတို့ မလုပ် သင့်ဘူး။ စဉ်းစားကြည့်ပါ။ လမ်းပြဆိုလို့ ပြတာကို ရိုက်တယ်။ အဓိပ္ပာယ်မရှိဘူး။ ဘာလို့ အပြစ်မရှိပဲ ရိုက်တာလဲ။ သူတို့ ပစ်လိုက်လို့ သေသွားတာကလည်း ကျနော့် ဦးလေးတော်တယ်။ ကျနော့်အမျိုးတွေပဲ။ သူတို့က မလုပ်သင့်တာကို လုပ် တယ်။ ဒီမှာ စစ်သားရှိလား မေးတယ်။ ကျနော်တို့က စစ်သားကို လိုက်ရှာနေတာလည်း မဟုတ်ဘူး။ တောင်သူတွေမို့ ထမင်းစားဖို့ အလုပ်လုပ်နေရတာ။ လမ်းပြခေါ်လို့ ပြတာပါပဲ။ ကျနော် မပြောတတ်တော့ဘူး။ သူတို့က သေနတ် ကိုင်တာ ကိုး။ ကျနော့်ကို ရိုက်တော့လည်း ကျနော်ပဲ ခံရတာပေါ့။
ဒေါ်နန်းမွမ်းဆိုင် (ကျည်ဆန်ထိမှန်ထားသည့် စစ်ဘေးရှောင်ဒုက္ခသည်)
ကျမက မမြင်ဘူး။ သူများတွေ ပြောတာ စစ်ကြောင်းတွေ လာပြီတဲ့။ အဲဒီမှာ သူတို့က လှမ်းပစ်တာ။ ကိုယ့်အိမ်မှာ ကိုယ်နေ နေတာကို ပစ်ခံရတာ။ ကျမလည်း ထွက်ပြေးတာပဲ အဝေးကို။ စစပြေးတုန်းက ပစ်ခံရတာကို မသိဘူး။ အဝေးကို ရောက်မှ ပစ်ခံရမှန်း သိတာ။ အခု ရွာကို ပြန်ရမယ်ဆိုလည်း ကြောက်တယ်။ ဒါပေမယ့် မပြန်ရင်လည်း အိမ်က ဇာတိက ရွာဆိုတော့ ဘယ်လိုမှ မပြောတတ်ဘူး။
အခုလို ပစ်ခံရလို့လည်း စစ်သားတွေကို ဘယ်လိုမှ မမြင်ရဲပါဘူး။ ဘာမှလည်း မပြောချင်ပါဘူး။ သူတို့က သေနတ်နဲ့ ဆိုတော့ နိုင်လည်း မနိုင်ဘူး။ ကြောက်တာ တခုပဲ သိတယ်။ သူတို့ကို မုန်းလည်း မမုန်းပါဘူး။ ကျမတို့မှာ အခု ပြေးလာ ရတော့ အခက်အခဲ ဖြစ်တယ်။ ကျည်ထိတော့ ဆေးဖိုးဝါးခလည်း ကုန်တာပေါ့။ ကျမတို့က အေးအေးဆေးဆေးပဲ နေချင် ပါတယ်။
ဦးစိုင်းသန်းမောင် (ဟဲကွီကျေးရွာ အုပ်ချုပ်ရေးမှူး)
စဖြစ်တာက ကျနော်တို့ ရွာထဲကို တပ်တွေက ဝင်လာတယ်။ အဲဒီတုန်းက ဇွန် ၂၆ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ဆိုပြီး တော့ မူးယစ်ဆေးဝါးတွေကို မီးရှို့တာ RCSS ဘက်က။ အဲဒီမှာ တပ်က ဝင်လာတာ တောထဲတောင်ထဲမှာ သေနတ်တွေ ပစ်ပြီး တက်လာတာ။ သူတို့ တက်လာတော့ ရွာသားတွေက ကြောက်ပြီး ပြေးကြတာပေါ့။ နောက်ပြီး သူတို့က ပန်လော့ ဘက်က တဖွဲ့ဝင်လာတယ်။ နောက်ပြီး တောင်ခြေဘက်ကလည်း တဖွဲ့ ဝင်လာတယ်။ RC လူတွေကလည်း များနေတယ် ဆိုတော့ ကျနော်တို့လည်း ကြောက်ကြတာ။ သေနတ်သံတွေလည်း ကြားတယ်။ လမ်းရှင်းပြီး ဝင်လာတော့ ပိုပြီး ကြောက် ကြတာ။
သူတို့ ပြောတာတော့ တောထဲမှာ တိုက်ပွဲဖြစ်နေကြတာတဲ့။ ဟိုက ပစ်၊ ဒီက ပစ်နဲ့။ ကျနော်တို့ကတော့ နောင်ပိန်ကို ရောက်လာကြတာ။ ကျနော့်အုပ်စုထဲ ပါတဲ့ ပန်ကျင်ဆို ပစ်ခံရတာ ရွာထဲ။ ပစ်တာလည်း ရွာသားတွေပြောတာတော့ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲနဲ့ တဖက်သတ် လာပစ်တာတဲ့။ သူတို့ပန်ကျင်ရွာမှာ သေနတ်သံကြားတော့ ကြောက်တာပေါ့။ ပြေးပြီး စာသင်ကျောင်းထဲ သွားပုန်းတာ ပစ်ခံရတာ။ ဖြစ်တာကတော့ ဇွန် ၂၈ ရက်၊ မနက် ၈ နာရီလောက်မှာ အဲဒီလို ဖြစ်တာပါ။
အစိုးရကို ပြောချင်တာက မြန်မြန်လေး နှစ်ဖက်လုံး ငြိမ်းချမ်းရေး ရအောင် လုပ်ပေးပါလို့ ပြောချင်တယ်။ ကျနော်တို့ ပြည်သူတွေက ငြိမ်းချမ်းရေးရဖို့ အရမ်းတောင့်တနေတယ်။ RCSS နဲ့က အပစ်ရပ် လက်မှတ်တွေ ထိုးထားတာလည်း ကျနော်တို့သိပါတယ်။ အခုလို ပြန်ဖြစ်နေတာတွေက တဖက်လုပ်တာကို တဖက်က မကြိုက်လို့ အခုလို ဖြစ်ကြတာလား။ မသိဘူး။
ကျနော်တို့က အခုလည်း ရွာကို ပြန်ချင်တယ်။ ဒီက ဧည့်ခံကျွေးမွေးတဲ့ တာဝန်ခံတွေက စောင့်ဦး၊ နောက်ရက်မှ ပြန်တဲ့။
ကျနော်တို့က တိုက်ပွဲကြောင့် အခုလို တခါတခါ ပြေးလာရရင် ဒုက္ခက များတယ်။ အခက်အခဲကလည်း များတယ်။ ကျွဲ၊ နွား၊ ကြက်တွေက နောက်မှာ ကျန်ခဲ့တာ။ ဝက်တွေ ဘဲတွေ ထားခဲ့ရတာ။ ဒီအချိန်ကလည်း စိုက်ပျိုးချိန်ဆိုတော့ ခက်ခဲတယ်။ ၂၀၁၆ တုန်းကလည်း တိုက်ပွဲဖြစ်တုန်းကလည်း စိုက်ပျိုးချိန်ပဲ။ အခုလည်း ဒီအချိန်ပဲ ဖြစ်နေတယ်။ ခက်ခဲတယ်။
ဦးမောင် (စစ်ဘေးရှောင်ဒုက္ခသည်၊ ဟဲကွီရွာ၏ ရပ်မိရပ်ဖ)
ကျနော်တို့ရွာက လူတွေ ပြေးလာတာက ပြိန်းနင်မှာ စစ်သားတွေ လာပြီတဲ့။ ဟိုဘက်ကလည်း လာတော့ မတတ်နိုင်တော့ ဘူး ပြေးကြရတာပဲ။ သေနတ်ဖောက်သံကလည်း ကြားပြီဆိုတော့ ကျနော်တို့လန့်တယ်။ တချို့လည်း တုန်ပြီး ကားပေါ် တက်တာ။ ကျနော်က ဇွန် ၂၉ ရက်မှ ဒီကို ရောက်လာတာ။ ဘုန်းကြီးက ကားနဲ့ လာကြိုမှ လိုက်လာတာပါ။ ကျနော်က ရွာကလူတွေကို ပြေးဖို့ ပြောပြီး ရွာမှာ ကျနော်တယောက်တည်း ရွာစောင့် အဖြစ် ကျန်ခဲ့တာ။
ကျနော်က တယောက် တည်း ကျန်ခဲ့တာ။ ရွာကို အာမခံရမယ်လေ။ လူလုံးဝ မရှိရင် မကောင်းလို့လေ။ တချို့ကလည်း ဗမာစကား မပေါက်ဘူး ဆိုတော့ ပြောမှားရင် မကောင်းလို့။ ဟိုရွာမှာလည်း သေတာ ဆိုတော့ ဘယ်လောက် နစ်နာလဲ။ ကျနော်က ကြောက်တော့ ကြောက်ပေမယ့် ဗမာစကား ပေါက်တော့ နေခဲ့တာ။ ကလေးတွေ ဘာတွေ စကားပြောမှားရင် တရွာလုံး နာမှာ ကြောက်လို့ လေ။ သူတို့က ရွာထဲ ဝင်လာတော့ ကောင်းကောင်းမွန်မွန်တော့ ပြောပါတယ်။ ဗမာစစ်သားတွေကလေ။ သူတို့က ဇွန် ၂၉ ရက်၊ မနက် ၇ နာရီမှာ အကုန် ပြန်ထွက်သွားကြတယ်။
ကျနော်တို့က ရှမ်းစစ်သားတွေ အပစ်ရပ်ထားတာလည်း မသိပါဘူး။ ကျနော်တို့က အိမ်ဝိုင်းထဲပဲ နေတော့ စစ်သားတွေ သွားလာတာလည်း မသိပါဘူး။
ကျနော်တို့က တိုက်ပွဲကို မဖြစ်စေချင်ဘူး။ တောင်းပန်လို့မှ မရတာကိုး။ မတတ်နိုင်တော့ သူတို့ ဖြစ်ရင် ကျနော်တို့က ကိုယ့်ဘာသာကိုယ် ရှောင်ထွက်သွားရုံပဲပေါ့။ ဘာမှ မတတ်နိုင်ဘူး။ တိုက်ပွဲကို မဖြစ်စေချင်ဘူး လုံးဝကို မဖြစ်စေချင်ဘူး။ တိုက်ပွဲဖြစ်တာကို ကျနော်တို့ မကြိုက်ဘူး။ တိုက်ပွဲဖြစ်ရင် ကျနော်တို့ တော်တော်ကို ဒုက္ခဖြစ်လို့ပါ။
စပါးကျိတ်ချင်လည်း မကျိတ်ရ။ ပြောင်းစိုက်ချင်လည်း မစိုက်ရနဲ့ စပါးမျိုးတွေ ကျဲထားတာလည်း ရေလောင်း ရမလား။ ရေရှိသေးရဲ့လားဆိုတာတောင် သွားကို မကြည့်ရဲတော့တာ။ အဲဒါကြောင့် တိုက်ပွဲဖြစ်တာ မကြိုက်ဘူး။ အခုလည်း ဘယ် နေ့ ပြန်ရမလဲဆိုတာ မသိဘူး။ သူများကိုလည်း ပြောထားတယ်။ ဘယ်သူမှ မပြန်နဲ့ဦး။ အစိုးရရဲ့ ကယ်ဆယ်ရေး မှာလည်း ရွာသားတွေက ဘယ်လောက် ရှိတယ်ဆိုတဲ့ စာရင်းရော နာမည်ရောက ဟိုမှာ အကုန်ရောက်နေပြီ။ အဲဒီဘက်က ပြန်လို့ ရပြီဆိုမှ ပြန်ကြလို့ ပြောထားတယ်။
ကျနော်တို့ပြေးလာတော့လေ ဘာမှ မသယ်လာနိုင်ဘူး။ ကျနော်ဆိုလည်း ဒီကို လာတော့ တံခါးတွေပါ မပိတ်ဘူး။ အကုန် ဖွင့်ထားခဲ့တာ။ အသက်ကပဲ အရေးကြီးတယ်ဆိုပြီး လာတာ။ သူများက ဝင်လာပြီး ကျနော်တို့ ပစ္စည်းယူရင်လည်း နှမြော လည်း မတတ်နိုင်ဘူး။
ဦးစိုင်းလျန်း (နောင်ပိန် စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ဝင်)
အမှန်ဆို မဖြစ်သင့်ဘူး။ ငြိမ်းချမ်းရေးကာလလေ။ NCA လက်မှတ်လည်း ထိုးထားတဲ့ အဖွဲ့လည်း ဖြစ်တယ်။ နိုင်ငံတော် ကလည်း ထိုးထားတာပဲ။ လက်နက်ကိုင် တဖွဲ့တည်းက ထိုးထားတာလည်း မဟုတ်ဘူး။ နှစ်ဖက်လုံးက ထိုးပြီးမှ ငြိမ်းချမ်း ရေး ဖြစ်လာတာလေ။ သူတို့ မူ သူတို့ စည်းကမ်းတွေ ရှိတာပဲ။ ဘယ်သူချိုးဖောက်တယ်ဆိုတာ ကာယကံရှင်တွေက သိမှာ ပေါ့။ ကျနော်တို့ လူထုကတော့ ဘယ်ဖြစ်စေချင်မလဲ။ အခုချိန်က စိုက်ပျိုးတဲ့ အချိန်လေ။ တကယ်လို့ စိုက်ပျိုးတဲ့ အချိန်မှာ မစိုက်ဖြစ်ရင် တနှစ်လုံး ဒုက္ခရောက်ပြီ။ တောင်သူတွေမှာ ဘာစီးပွားမှ မရှိဘူး။ စိုက်မှ စားရမယ့် သူတွေ။ အခုလို တိုက်ပွဲ ဖြစ်တော့ ဒုက္ခရောက်တာပေါ့။
အခုတော့ အခြေအနေငြိမ်စ ပြုလာပြီလို့တော့ ကြားတယ်။ ရှင်းရှင်းပြောမယ်ဗျာ။ တပ်မတော် မရှိရင် ဘာမှ ပြေးစရာ မလိုဘူး။ တပ်မတော်ကို ကြောက်လို့ ပြေးတာပဲ။ ရှမ်းက ရှမ်းနဲ့ နေနေတာပဲ။ တပ်မတော်သာ အကုန်ထွက်ရင် အိမ်ကို ပြန်လို့ရပြီ။ ဒါပွင့်ပွင့်လင်းလင်း ပြောတာဗျာ။ အစိုးရကို ပြောချင်တာ အခုဖြစ်တဲ့ ပုံစံ၊ NCA ထိုးထားတဲ့ အဖွဲ့နဲ့ သွားဖြစ် တယ်။ သူတို့ NCA စာချုပ်ထဲမှာ ပါထားတဲ့ ကတိတွေ အမျိုးမျိုးရှိမှာပဲ။ ဘယ်သူက ချိုးဖောက်တယ်၊ မချိုးဖောက်ဘူး ဆိုတာ နိုင်ငံတော်က သိတယ်။
အခုလို ချိုးဖောက်မှုမျိုး မဖြစ်အောင် ရှောင်သင့်တာပေါ့။ ရှောင်စေချင်ပါတယ်။ အဲဒါမှ ပြည်သူလူထုကို ကူညီရာရောက်မှာပါ။ မဟုတ်ဘဲ တောထဲ ဝင်ချင်သလို ဝင်လာ၊ တောထဲ လာတိုက်။ တောထဲက လူက လည်း မြို့ပေါ် ဝင်တိုက်ရင် အချိန်မရွေး အခါမရွေးဆို လူထုကို ဒုက္ခပေးတာပဲ။ သူတို့လည်း ဘာမှ အကျိုးမထူးဘူးလေ။ အောက်လက်ငယ်သားတွေပဲ ဒုက္ခရောက်ကြတာပဲ။ အဲဒါပဲ ပြောချင်ပါတယ်။
You may also like these stories:
ပြည်ထောင်စု စိတ်ဓာတ် ဖြစ်စေမယ့် သင်ရိုးညွှန်းတမ်းတွေ ဖြစ်သင့်တယ်
လိင်အမြတ်ထုတ်ကြောင်း တိုင်ကြားခံရတဲ့ ရဲရာထူးခန့်ချုပ် ဖြစ်ရပ်အပေါ် အမြင်များ
စိန်ခေါ်မှုအားလုံးကို ကျော်လွှားနိုင်ဖို့ အချိန်ယူရပါတယ်